News @ M-Media

Blog

  • စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၃)

    သြဂုတ်၊ ၂၉၊ ၂၀၁၂

    M-Media

    စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၁)
    စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး (၂)

     

     

    မေး။      ။   ဟို ဘယ်မှာနေလဲ မသိဘူး?
    ဖြေ။       ။   ကျွန်မတို့ ဈေးဟောင်း မောလိပ်ပါ။

    မေး။       ။   သြော် ဟုတ်။
    ဖြေ။       ။   ရူပတောင်ရပ်ကွက် ဈေးဟောင်းမောလိပ်။

    မေး။       ။   သြော် အိမ်တွေကဘာလဲ? မီးရှို့ခံရတာလား?
    ဖြေ။      ။   မီးရှို့ခံရတာ မဟုတ်ဘူး။ ဖြိုပလိုက်တာပါ။ အိမ်ကလုံးဝ ဖျက်စီးပလိုက်တာပါ။

    မေး။      ။   လာဖြိုတဲ့လူတွေက ရပ်ကွက်ထဲကလူတွေပဲလား?
    ဖြေ။       ။   ရပ်ကွက်ထဲကလူတွေလည်း ပါ,ပါတယ်။ ရပ်ကွက်ထဲကလည်း ပါတယ်။ တစ်ခြားရပ်ကွက်တွေကလည်းပါ,ပါတယ်။

    မေး။       ။   နောက်ပြီးတော့ အဲဒီမှာ လာတဲ့အခါရဲပါလား?
    ဖြေ။        ။   ရဲမပါပါ။

    မေး။       ။   ရဲမပါဘူး?
    ဖြေ။      ။   မပါပါ။

    မေး။      ။   ပြီးတော့ အဲဒါဆိုရင် အဲကနေပြီးတော့ အဲတော့ အိမ်တွေဖြိုတော့ သူတို့ကဘာလဲ အတင်းပဲဖယ်ခိုင်းတာလား?
    ဖြေ။      ။   အတင်းဖယ်ခိုင်းပါတယ။် ကျွန်မတို့ကို အိမ်ထဲမှာရှိတဲ့လူတွေ အကုန်လုံးထွက် သူတို့ ဓားတွေနဲ့ လှံနဲ့လာကြပါတယ်။ လာပြီးတော့ သူတို့က ထွက်ပါ။ ထွက် အခုထွက် ချက်ချင်းထွက်လာ ထွက်လာဆိုပြီးတော့ ကျွန်မတို့ကို ခဏဆိုထိုင်လိုက် ခဏဆိုရပ်လိုက် အဲဒီလိုလုပ်ပြီးတော့ ကျွန်မတို့ခြေထောက်မှာ ဖိနပ်ကလေးယူမယ်ဆိုတာတောင် ကျွန်မတို့ကိုယူခွင့်မပေးဘူး။ ခင်ဗျားတို့နဲ့ ဒီဖိနပ်စီးဖို့ လူစားမျိုးတွေမဟုတ်ပါလို့ ပြောတယ်။

    မေး။      ။   သြော် အဲဒါဘယ်မှာပြောတာလဲ? အိမ်ရှေ့မှာပြောတာလား?
    ဖြေ။       ။    အိမ်ရှေ့မှာပြောတာပါ။ ကျွန်မတို့ကို အိမ်ရှေ့က ထုတ်ပြီးတော့ လမ်းပေါ်မှာ ရပ်ထားပါတယ်။ လမ်းကြားမှာ

    မေး။      ။   သြော်. . . . .
    ဖြေ။       ။  ရပ်ထားပြီးတော့ ကျွန်မတို့ကို အဲဒီလိုပြောတယ်။ ပြောပြီးတော့ ဆွဲပြီးတော့ ကျွန်မတို့ကို လမ်းကြားကြားတွေကယူပြီးတော့ ရဲစခန်းတွေ ပို့ပါတယ်။ ရဲစခန်းကနေပြီးတော့ ရဲစခန်းမှာ ရောက်တာနဲ့ ကျွန်မတို့ကို ခဏဆိုထိုင်လိုက် ခဏဆိုရပ်လိုက် ကျွန်မတို့ကို စာရင်းယူမယ်ဆိုပြီးတော့ နောက်ပြီးတော့  အာ..ဒီလူတွေကို စာရင်းယူစရာမလိုဘူးဆိုပြီးတော့ ထောင်ကားခေါ်လာတယ်။ ခေါ်လာပြီးတော့ ကျွန်မတို့ကို ထောင်ကားပေါ်ကို တက်. . အခုတက် အကုန်လုံးတက် အဲဒီလိုဆိုပါတယ်။ ဆိုပြီးတော့ အဲဒါနဲ့ ကျွန်မတို့အကုန်လုံး ကို ထောင်ကားပေါ်မှာ တက်ရပါတယ်။ တက်ပြီးတော့ ကျွန်မတို့ ထောင်ကားနဲ့ ခေါ်သွားပြီး ကျွန်မတို့ကလည်း ဟာ. . . ကလေးတွေက ငိုလိုက်. . အော်လိုက် သမီးတွေက အော်လိုက်. . တစ်ခြားလူတွေလည်း အဲဒီလို ရပ်ကွက်ထဲကလူတွေလည်း အများကြီးပါ,ပါတယ်။
    ကျွန်မတို့ တစ်ရပ်ကွက်လုံးက လူတွေပါပြီးတော့ ကျွန်မတို့အကုန်လုံးကို ခေါ်ပြီးတော့ အဲဒီရဲစခန်းကနေပြီးတော့ ထောင်ကားပေါ်မှာတင် ပြီးတော့ ကျွန်မတို့ကို. . . ဟိုး. . . အောင်မင်္ဂလာရပ်ကွက် လေးခွဲဆုံမှာ အဲဒီမှာ ဆင်း. . ဆင်းခိုင်းတယ်။  ဆင်းခိုင်းပြီးတော့ နင်တို့အကုန်လုံး ဒီလမ်းကြားထဲဝင်သွားလိုက် အောင်မင်္ဂလာရပ်ကွက်ထဲကို ဝင်သွားလိုက် အောင်မင်္ဂလာရပ်ကွက်ထဲကို ဝင်သွားလိုက် အဲဒီမှာပဲနေတော့ နေရမယ်ဆိုပြီးတော့ အဲဒီမှာ အဲဒီလောက်ပဲ ကျွန်မတို့ကို. . .

    မေး။      ။  အဲတော့ အောင်မင်္ဂလာရပ်ကွက်ကနေပြီးတော့  ဘယ်လိုလုပ်ဒီရောက်လာတာလဲ?
    ဖြေ။      ။   အောင်မင်္ဂလာရပ်ကွက်ထဲမှာ  ကျွန်မတို့က အဲဒီမှာ အောင်မင်္ဂလာရပ်ကွက်ထဲမှာ ကျွန်မတို့ ဟိုဟာ. . . ရောက်ရောက်ချင်း ကျွန်မတို့ကို ဦးရွှေလှဆိုတဲ့လူက ကျွန်မတို့ကို သူတို့အိမ်ပေါ်တင်ထားပါတယ်။ တင်ထားပြီးတော့ အဲဒီမှာ တစ်ညအိပ်တယ်။ သူတို့လည်း ကျွေးမွေးပါတယ်။ ကျွေးမွေးပြုစုပြီးတော့ ကျွန်မတို့ နောက်နေ့ကျရင် ကျွန်မတို့ကို နောက်တစ်အိမ်ကလာပြီးတော့ ခေါ်သွားတယ်။ လာ ခေါ်တော့ ကျွန်မတို့အဲဒီအိမ်မှာ နေပြီးတော့မှ  ဒီလိုမီးရှို့တယ် ဟိုဟာ နာဇီကို မီးရှို့နေ့မှာပဲ နာဇီကိုမီးရှို့ပြီးတော့ မီးရှို့ပြီးတော့ အဲ. .  မီးရှို့တယ် မီးရှို့တယ်ဆိုတာနဲ့ အကုန်လုံးလူတွေထွက်ကြပါ။ အကုန်လုံးအော်ပြီးတော့  အဲဒီမှာတစ်ခါ နောက်ပြီးတော့ ဟို နောက်လမ်း ကနေပြီးတော့ ဟိုဟာ ရခိုင်တွေအော်ပြီးတော့ လာပြီးတော့ အဲဒီမှာ ဟို. . . .  ကုန်သည်ရပ်ကွက် ကုန်သည်လမ်းကြား အဲဒီလမ်းကြားကို မီးရှို့ပါတယ်။ အဲဒီမှာ ဒီမိုကရေစီဈေးဆိုတာ တစ်ခုရှိပါတယ်။ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာ. . .

    မေး။      ။   သြော်. . . .  ဟုတ်ပြီလေ
    ဖြေ။      ။   ဟုတ်ကဲ့ အဲဒီမှာ အကုန်လုံးမီးရှို့ပလိုက်တယ်။ မီးရှို့နေလို့မှ ဒီဘက်ကို မီးက ဒီဘက်ကိုနည်းနည်းလေး ကျောင်းနားထိရောက်နေပါပြီ။ မီးအရှိန်က အရမ်းကြီးလာတယ်။ ကြီးလာတော့ အဲဒီမှာ သူတို့. . လူတွေကအကုန်လုံးထွက်ပြေးကြတယ်။ ဟိုပြေး ဒီပြေးဟိုပြေး ဒီပြေးနဲ့ နောက်အိမ်ကြီးတစ်လုံးရှိတယ် အဲဒီမှာ. . အဲဒီအိမ်ကြီးက သူတို့က ဟာ. . . လူတွေအကုန်လုံး ဒီကို ကျွန်တော်တို့အိမ်ကို ဝင်ကြပါ ဝင်ကြပါ ကျွန်တော်တို့အိမ်မှာ လာကြပါ။ မီးအရှိန်ကပြင်းလာပါပြီ ဆိုပြီးတော့ သူတို့လည်း ကြောက်ပြီး လန့်ပြီးတော့ ပြေးနေတာ။  ပြေးနေတုန်းမှာ နောက်မှ ရေတွေ အကုန်လုံးဟိုဟာလုပ်ပြီးမှ နောက်မှရေတွေလာတယ်။ စစ်တပ်တွေလာတယ်။ လာပြီးတော့ မီးကိုငြိမ်းပလိုက်ပါတယ်။ ငြိမ်းပလိုက်တော့ မီးငြိမ်းသွားတော့ အဲဒီအခါမှ ကျွန်မတို့ကို နောက်တစ်အိမ်ကိုခေါ်သွားတော့ ကျွန်မတို့ နောက်တစ်အိမ်မှာ သွားနေလိုက်ပါတယ်။  အဲဒီမှာ ၁၀ ရက်လောက်နေပြီးတော့မှ နောက်မှတစ်ခါ ပြန်ပြီးတော့ ကျွန်မတို့ကို. . .  ကျွန်မတို့မှာ ဒီကျွန်မယောက်ျားဟိုဟာက. . .  ဦးမောင်က အာ. . . ဒီလိုဆိုရင် ဒီမှာနေလို့မဖြစ်ဘူး။  ဒီမှာလည်း အရမ်းစိုးရိမ်ရတယ်။ တစ်ထိတ်ထိတ် တစ်လန့်လန့်နဲ့ ခဏဆိုရင် ဟိုကလာတယ် ဒီကအော်တယ် ဒီက ဟာဘယ်နေရာကဆူနေလည်း ညအိပ်နေရင်း အိပ်နေရင်းနဲ့  ဟိုမှာ မီးရှို့ထားတယ် နောက်တစ်အိမ်ကို. . .  အဲဒါနဲ့  ကျွန်မတို့က မနေရဲလို့ ဒီဘက်ကိုလာမယ်ဆိုပြီးတော့ အဲဒီလုံထိန်းတွေကို အကူညီတောင်းပြီးတော့ ကျွန်မတို့ကို လုံထိန်းတွေနဲ့ ကျွန်မတို့ကိုကားတစ်စီးငှားပြီး ကျွန်မတို့ဒီကိုရောက်လာပါတယ်။

    မေး။      ။   သြော်. . . အဲဒီမှာ သူများတွေဆီကနေ ကျွန်တော်တို့ကြားတာပေါ့နော်
    ဖြေ။      ။   ဟုတ်ကဲ့ပါ။

    မေး။       ။   မွတ်စ်လင်မ်တွေက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ကြားတယ်။
    ဖြေ။       ။ မဟုတ်ပါဘူး။  ကိုယ့်အိမ်ကိုယ် ဘယ်လိုမီးရှို့ပါ့မလဲ? ကိုယ့်အိမ်ကိုယ် မီးမရှို့ပါ။ သူတို့က မွတ်စ်လင်မ်ဟန်ဆောင်ပြီးတော့ ဟိန္ဒူရယ် နောက်ပြီးတော့ မရာမကြီး လို လူမျိုးရှိပါတယ်။ အဲဒါတွေကို သူတို့က မီးရှို့ခိုင်းပြီးတော့ သူတို့က မွတ်စ်လင်မ်လိုလုပ်ပါတယ်။  သူတို့က မွတ်စ်လင်မ်နဲ့ ရုပ်ဆင်တာကိုး. . . ရုပ်ချင်းဆင်တော့ သူတို့ကမွတ်စ်လင်မ်ရှို့တယ်လို့ လုပ်ကြပါတယ်။ သူတို့က လုပ်ဇာတ်တွေ အများကြီးပါ,ပါတယ်။

  • အကြမ်းဘက်ဝါဒ ကို အစ္စလာမ့်နည်းလမ်း အသုံးပြုကာ တိုက်ဖျက်မှု့ အင်ဒိုတွင်အောင်မြင်

    အကြမ်းဘက်ဝါဒ ကို အစ္စလာမ့်နည်းလမ်း အသုံးပြုကာ တိုက်ဖျက်မှု့ အင်ဒိုတွင်အောင်မြင်

    သြဂုတ်၊ ၂၇ ရက်၊ ၂၀၁၂

    M-Media

    Source: http://www.onislam.net

    ကိုင်ရို။ ။ အကြမ်းဖက်ဝါဒကိုအမြစ်ဖြုတ်ရန် လက်နက်များသုံး၍ တိုက်ခိုက်ခြင်းသည် မလုံလောက်ဘဲ မွတ်စလင်ပညာရှင်များအကူအညီဖြင့် အကြမ်းဖက်အုပ်စုများတွင် လူငယ်များပါဝင်ခြင်းမှ တားဆီးရန်နည်းလမ်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့မှတွေ့ရှိခဲ့သည်။

    Ansyaad Mbai

    “အကြမ်းဖက်ဝါဒကို တိုက်ခိုက်ရာမှာ ရုပ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော်တို့ ကြီးမားတဲ့ အောင်မြင်မှုရပြီးပါပြီ။ ဒါပေမယ့် အခု အယူအဆတွေကို တွန်းလှန်ရာမှာ အာရုံစိုက်ဖို့လိုအပ်ပါတယ်။” ဟု အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီ၏ အကြီးအကဲဖြစ်သူ Ansyaad Mbai က ၀ါရှင်တန်ပိုစ့်သတင်းစာသို့ သြဂုတ်လ ၂၇ ရက် တနင်္လာနေ့က ပြောကြားခဲ့သည်။

    လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့သော ၂၀၀၂ ဘာလီအပန်းဖြေကျွန်း ဗုံးပေါက်ကွဲမှုနောက်ပိုင်းတွင် အင်ဒိုနီးရှားအစိုးရသည် အကြမ်းဖက်အဖွဲ့များအား နှိမ်နှင်းခဲ့လေသည်။ ၂ နှစ်ကျော်အတွင်း အကြမ်းဖက်သူ ၂၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့သည်။ အများစုမှာ ရဲများနှင့်ရင်ဆိုင်တိုက်ခိုက်ရာ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးစီမံချက်များ အောင်မြင်ခဲ့ကာ လွန်ခဲ့သော ၂ နှစ်ခွဲမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အရပ်သားတစ်ဦးမှ သေဆုံးခြင်းမရှိခဲ့ပေ။

    အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များသည် မွတ်စလင်ပညာရှင် ၅၅၀ နီးပါးရှိသည့် နိုင်ငံတောင်ပိုင်းရှိ ကုရ်အာန်အကယ်ဒမီသို့ သွားရောက်လည်ပတ်ခဲ့ပြီး “အစွန်းရောက်ဝါဒနဲ့ ယှဉ်ပြိုင်ဖို့ တစ်ခုတည်းသောလုပ်နိုင်စွမ်းဟာ အစ္စလာမ်ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။” ဟု Mbai က မွတ်စလင်ပညာရှင်များကို ပြောကြားခဲ့သည်။

    မတူညီသောအမြင်

    သို့ရာတွင် အဆိုပါနည်းလမ်းသစ်ကို အစိုးရအရာရှိတစ်ချို့က ဆန့်ကျင်ပြီး အကြမ်းဖက်ဝါဒ၏နောက်တွင်ရှိသည့် အဓိက ကြောင်းအရင်းမှာ ဘာသာတရားမဟုတ်ဘဲ လူမှုရေးပြဿနာများဖြစ်သည်ဟုဆိုသည်။

    “အကြမ်းဖက်ဝါဒဆိုတာ ဘာသာတရားကြောင့်မဟုတ်ပါဘူး။ တကယ်လို့ အစိုးရက လူတွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးရင် ဒါတွေဟာ ရပ်တန့်သွားမှာပါ။” ဟု Islamist Prosperous Justice Party (PKS) ၏ ဥက္ကဌဟောင်းဖြစ်သူ နူရ် မဟ်မူဒီ အီစမာအီ (Nur Mahmudi Ismail) က ဆိုသည်။

    အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒအကြားတွင် ဆက်စပ်မှုမရှိကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ရှုမြင်လေသည်။

    “ရဲဝန်ထမ်းတွေ ဗလီဝတ်ကျောင်းတော်လာရောက်ပြီး ၀တ်ပြုတာကိုတော့ကြိုဆိုပါတယ်။ ဒါပေမယ့် တရားဒေသနာတွေကို ထိန်းချုပ်တာမျိုးကိုတော့ မကြိုဆိုပါဘူး။” ဟု သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဆူယဒ်ဟာရမာ အလီ (Suryadharma Ali) က ဆိုသည်။

    ဂျီဟတ်ကို မိမိ၏တိုးတက်မှုအတွက် နာမ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုတစ်ခုအဖြစ်ဖေါ်ပြထားပြီး အစွန်းရောက်ဝါဒီများ လိုရာဆွဲအသုံးချသော အခြား အစ္စလာမ့်သွန်သင်ချက်များ၏ အရှိတရားများ ရိုက်နှိပ်ထားသည့် လက်ကမ်းစာစောင်များကို အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေဖြန့်ချီခဲ့သည်။

    ထင်ရာစိုင်းသော မွတ်စလင်ပညာရှင်များကို ထိန်းထားရန် ကြိုးပမ်းခြင်းက ရလဒ်များကို ပြောင်းပြန်ဖြစ်သွားစေလိမ့်မည်ဟု အလီက သတိပေးခဲ့ပြီး အဏာရှင် သမ္မတ ဆူဟာတိုလက်အောက် နှစ်ပေါင်းသုံးဆယ်ကျော် အစ္စလာမ်သာသနာကို နိုင်ငံရေးအရ ထိန်းချုပ်ထားခဲ့သည်ဟု ဆိုသည်။

    “အဲဒါရဲ့ ရလဒ်ကတော့ အစွန်းရောက်အမြင်တွေ သိုသိုသိပ်သိပ် ထိန်းချုပ်မှုမဲ့စွာနဲ့ ကြီးထွား လာတာပါပဲ။” ဟု သူက ပြောကြားသည်။

    အစ္စလာမ်သာသနာအား လိုရာဆွဲ သာသာပြန်ချက်များမှဖြစ်လာသော အကြမ်းဖက်မှုများကို ပေါက်ဖွားစေနိုင်သည့် အယူအဆများကို ချေဖျက်ရန် ကြိုးပမ်းမှုအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီသည် Nahdlatul Ulama (NU) ထံသို့ အကူအညီတောင်းခံခဲ့သည်။ အဆိုပါအဖွဲ့သည် ကမ္ဘာအကြီးဆုံး မွတ်စလင်အဖွဲ့အစည်းများထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

    “အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရာမှာ လုံခြုံရေးအင်အားစုတွေအနေနဲ့ တင်းကြပ်တဲ့ နည်းလမ်းတွေသုံးနိုင်ပါတယ်။ ဒါပေမယ့် အလုံးစုံ အောင်မြင်ဖို့အတွက်ကတော့ အစ္စလာမ့်ခေါင်းဆောင်တွေရဲ့ အကူအညီ လိုအပ်ပါတယ်။” ဟု NU ကို ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့သည့် ဟေဆင် မူဇာဒီ (Haysim Muzadi) က ဆိုသည်။

    မူဇာဒီသည် အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီ နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဒီပွတ် ကုရ်အာန်ကောလိပ်ကျောင်း(Depok Qur’anic college) ထွက်ဖြစ်ပြီး ၂၀၀၂ ခုနှစ် နယူးယောက် Ground Zero သို့ သွားရောက်လည်ပတ်စဉ်က အစွန်းရောက်ဝါဒီများ၏ အန္တရာယ်ကို သတိပြုမိခဲ့သူဖြစ်သည်။

    “အစွန်းရောက်တွေက အမေရိကကိုသာ ခြိမ်းခြောက်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ။ သူတို့ဟာ အစ္စလာမ်ကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ ” ဟု သူကဆိုသည်။

    ဝေဇင်

  • မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ

    မန္တလေးတွင် လ.၀.က သတ်မှတ်ချက်အရ အိန္ဒိယ-ဗမာ များနေ

    မင်းမင်းလတ်(မြစ်မခ)

    မြစ်မခ မှ ကူးယူဖော်ပြပါသည်။

    မန္တလေးမြို့တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်၊ဟိန္ဒူဘာသာဝင်များအား လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန် လည်ပြုလုပ်ခိုင်းပြီး၊  အိန္ဒိယ- ဗမာ ဟု သတ်မှတ်ခြင်းများရှိနေကြောင်း မြို့ခံများက ဆိုသည်။

    အစ္စလာမ်ဘာသာဝင် ဗမာအမျိုးသမီးတစ်ဦး၏မှတ်ပုံတင်အား လူမျိုးအမည်ပြန်လည်ပြင်ဆင်ပြောင်းလဲရန်အတွက် မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးက မှတ်ပုံတင်အသစ်ပြန်လည် ပြုလုပ်ခိုင်းခဲ့သည်ဟု ကာယကံရှင် မတင်တင်ရီက  ဆိုသည်။

    သမီးဖြစ်သူအတွက် မှတ်ပုံတင်သွားရောက်ပြုလုပ်စဉ် ထိုကဲ့သို့ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ပြောကြားခဲ့သည်။

    ” ကျမသမီးအတွက် မှတ်ပုံတင်သွားလုပ်တဲ့အခါ မိဘဖြစ်တဲ့သူက လူမျိုး-ဗမာ၊ ကိုးကွယ်သည့် ဘာသာ- အစ္စလာမ် ဖြစ်နေလို့ လက်သင့်မခံနိုင်ဘူး ၊ ဒါကိုပြန်လည်ပြင်ဆင်ရန် အသစ်ပြန်လျှောက်ပါဆိုပြီး လျှောက်လွှာတစ်စောင်ကို ဦးစီးမှူးလက်မှတ်ထိုးပြီး လုပ်ခိုင်းလိုက်တယ် ´´ဟု ၎င်းက ပြောကြားသည်။

    မတင်တင်ရီသည် ၎င်းအပေါ်ထိုကဲ့သို့ ဆက်ဆံလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် ၎င်း၏မျိုးရိုးသည် ဗမာလူမျိုးစစ်စစ် များဖြစ်ကြောင်းကို မီဒီယာသမားများနှင့်တွေ့ဆုံပြောကြားခဲ့သည်။

    ” အဖိုးက နန်းတွင်း တိုင်းရင်းဆေးသမားတော်ဦးကျော် ၊ အဖွားက စုဖုရားလတ်ရဲ့စာချွန်တော်ဖတ် ဒေါ်ဖွားနှစ် ၊ ကျမတို့ အမျိုးက နန်းတွင်းကို ခြေကန်မွေးလာကြတာ ၊ ကျမတို့က ဗမာလူမျိုးစစ်စစ်သာ ဖြစ်တယ် ၊ အခု အိန္ဒိယ- ဗမာလို့ သတ်မှတ် မယ်ဆိုတာတော့ လုံးဝလက်မခံသလို ၊ အိန္ဒိယ နိုင်ငံသား တွေလဲမဟုတ်တဲ့အပြင် အဲဒီမှာ မိတ်ဆွေတောင် မရှိဘူး” ဟုသူမက ဆက်လက်ပြော ကြားသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်မေးမြန်းရာ ၊ ကာယကံရှင်ဖြစ်သူများမှ ၎င်းတို့သည် အိန္ဒိယနွယ်ဖွားများဖြစ်ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး ဖြစ်သူ ဦးတင်မျိုးအောင်က ပြန်လည်ဖြေကြားခဲ့သည်။

    ” ကလေးတွေကို လာလုပ်တဲ့အခါကျတော့ သူတို့ကိုယ်တိုင် အိန္ဒိယ- ဗမာပါလို့ဝန်ခံ ထွက်ဆိုချက်တွေ ပေးတယ်။ ကလေးတွေတောင်မှာ အိန္ဒိယ- ဗမာ  ဖြစ်နေပြီ သူတို့ကိုင်ထားတဲ့ဟာတွေကြတော့ ရှေ့နောက် မညီတော့ဘူးလေ ၊ အဲဒီတော့ ပြန်ထုတ်ပေးဖို့ရာအတွက် ကျနော်တို့က ပြန်လျှောက် ခိုင်းတာ ” ဟု ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့သည်။

    ဆက်လက်ပြီး ၎င်းက ထိုကဲ့သို့ဖြစ်နေရခြင်းမှာ ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲပြုလုပ်ခါနီးတွင် တစ်တိုင်းပြည်လုံး မှတ်ပုံတင်လုပ်ခြင်း ပမာဏများပြား၍ စီစစ်မှုအားနည်းခဲ့သောကြောင့်ဖြစ်ပြီး ၊လက်ရှိလွှတ်တော်တွင် ထိုကိစ္စများကိုဆွေးနွေးသင့်ပြီး အနာဂတ်တွင် တိကျသည့် မူဝါဒများ ပေါ်ထွက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာယကံရှင်များက အိန္ဒိယနွယ်ဖွားများအဖြစ် ၀န်ခံထွက်ဆိုခဲ့သည်ဟု ဦးစီးမှူး၏ ပြောကြားချက်ကို ကာယကံရှင်ဖြစ်သူ မတင်တင်ရီမှ ငြင်းဆိုခဲ့ပြီး ထိုကဲ့သို့ ပြောဆိုခိုင်းခြင်းကြောင့်မှတ်ပုံတင်ဆက်မလုပ်နိုင်ကြောင်းကိုလည်း သိရသည်။

    ကျမတို့ အိန္ဒိယနွယ်ဖွားအဖြစ် မ၀န်ခံခဲ့ပါဘူး ၊ အဲဒီလိုဝန်ခံခိုင်းလို့ ကျမတို့လျှောက်လွှာကို ပြန်တောင်းတဲ့ အချိန်ကြတော့ ဦးစီးမှူးလက်မှတ်ပါနေလို့ ပြန်မပေးနိုင်ဘူး ၊ လုပ်ချင်တဲ့အချိန်ပြန်လာခဲ့ပါ မပျေက်စေရပါဘူး ဆိုပြီး သိမ်းထားလိုက်တယ်”  ဟု မတင်တင်ရီမှ ပြောဆိုခဲ့သည်။

     

    အလားတူဖြစ်ရပ်များအား မန္တလေးမြို့တွင်းတွင် ဖြစ်ပျက်မှုများပြားနေပြီး သမီးတော်ဈေး (ပြည်ကျော်ဈေး)အနောက်တွင်   နေထိုင်သည့် ပြည်ကြီးပျော်ဘွယ်အနောက်နေ ပုဏ္ဍားလူမျိုးစုအများစုကိုလည်း အိန္ဒိယ-ဗမာဟု ထည်သွင်းထားကြောင်း ပုဏ္ဍားစုတွင်နေထိုင်သူများက ဆိုသည်။

  • ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်

    ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်

    သြဂုတ်၊ ၃၁၊ ၂၀၁၂

    မဇ္ဈိမ

    မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

    “အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။

    အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီပေးအပ် ကူညီဖို့ ဖြစ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

    ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့်မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။

    အဆိုပါ အကူအညီ ငွေကြေးများအား CARE Australia က စီမံခန့်ခွဲမည် ဖြစ်ပြီး လိုအပ်နေသူများအား လူမျိုးစွဲ အုပ်စုစွဲ မထားဘဲ ပေးအပ်ကူညီ သွားမည်ဟု ဝန်ကြီး ဘော့ဘ်ကား က ဆိုသည်။

    အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးရန်အတွက် မြန်မာအစိုးရက လွတ်လပ်သည့် ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ခြင်း ကိုလည်း Bob Carr က ကြိုဆိုလိုက်သည်။

    “မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ အကြောင်းကို သမ္မတ ဦးသိန်းစိန်နဲ့ ဇွန်လမှာ စကားပြောဆိုခဲ့ တုန်းက ကျနော် တိုက်ရိုက် ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကိုလည်း အဲဒီအရေးကို မြန်မာအစိုးရနဲ့ ဆက်လက် ပြောဆိုဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။

    ရခိုင်ပြည်နယ် အတွင်းရှိ၊ အိုးအိမ်စွန့်ခွာပြေးခဲ့ရသော ဒုက္ခသည်များအား အခြေခံ အစားအစာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အကူအညီများ ထပ်မံ ပေးအပ် ကူညီရန် အတွက်လည်း သြစတြေးလျ က နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့သည်။

  • အစ္စလာမ့် အေးရိပ်ဆာယာသို့ (၈)- ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ

    အစ္စလာမ့် အေးရိပ်ဆာယာသို့ (၈)- ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ

    သြဂုတ်၊ ၃၁၊ ၂၀၁၂

    M-Media

    Daniel Streich

    ကမ္ဘာတစ်ဝှမ်းတွင် ဂယက်ရိုက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည့် ဆွစ်ဇလန်နိုင်ငံ မီနာရသ်ပိတ်ပင်ရေး လှုပ်ရှားမှုတွင် အဓိကဦးဆောင်သူ တစ်ဦးဖြစ်ခဲ့သော ဆွစ်ပြည်သူပါတီဝင် နိုင်ငံရေးသမား ဒီနီရယ်စထရစ်သည် (၂၀၀၅ )ခုနှစ် တွင် အစ္စလာမ့် အေးရိပ်ဆီ ကူးပြောင်းခဲံသည်ဟု သိရသည်။

    သူသည်ဆွစ်ဇလန်ရှိ ဗလီများကို သော့ခတ် ပိတ်ပင်နီုင်ရန်နှင့် မီနာရာပိတ်ပင်ရေး လူထုဆန္ဒခံယူနိုင်ရန် ပထမဆုံး ဦးဆောင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည်။

    ဒီနီရယ်၏ လူသိ ရှင်ကြား အစ္စလာမ်အေးရိပ် ကူးပြောင်းကြောင်း ကြေငြာခဲ့ခြင်းကြောင့် ဆွစ်နိုင်ငံရေး လောကတွင် သာမက မီနာရာပိတ်ပင်ရေး ကြိုးပမ်းမှုကိုပါ ငလျင်အသေးစား သဖွယ် ရိုက်ခတ်ခဲ့သည်။

    ဆွစ်ဇလန် နိုင်ငံ တစ်ဝှမ်း မွတ်စလင် မုန်းတီးရေးများကို မျိုးစေ့ချပြန်နှံစေခဲ့သူ ဒီနီရယ်သည် ယခုအခါ ဆွစ်ဇလန်နိုင်ငံ၏ ပဉ္စမမြောက် ဗလီ ဆောက်လုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ သူသည်အစ္စလာမ်၏ ကြီးမြတ်သည့် အနှစ်သာရကို မြည်းစမ်း မိလိုက်သောအခါ မီနာရသ်ပိတ်ပင်ရေးကို ဥပဒေကြောင်းအရ လက်ခံနိုင်ဖွယ် ဖြစ်လာအောင် စွမ်းဆောင် ကြိုးပမ်းရမည့်အစား ဘာသာရေးဆိုင်ရာ သဘောထားကြီးမှု၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်ရေးတို့ကို လှုံဆော်သူ ဖြစ်လာခဲ့သည်။

    သူ၏အစ္စလာမ့် အေးရိပ်ခိုလာခြင်းနှင့် ပတ်သက်ပြီး ဆွစ် အခြေစိုက် လူမှု ကယ်ဆယ် ရေး အဖွဲ(OPI) အကြီးအကဲ အဗ္ဗူလ်မဂျစ်အလ်ဒအီက ဥရောပသားများသည် အစ္စလာမ် အပေါ် သိလိုစိတ်ပြင်းပြနေကြောင်း၊ ဒီနီရယ် ကဲ့သို့ သော သူအချို့သည် အစ္စလာမ်နှင့် အကြမ်းဖက် ၀ါဒ၏ ဆက်စပ် နေမှုကို လေ့လာသိရှိလိုကြကြောင်း ပြောပြသည်။

    ဒီနီရယ်သည် အစ္စလာမ်အား အခက်ကြုံသွား စေရန် ကြံစည်ခဲ့သ်ာလည်း အစ္စလာမ်အကြောင်း ကျမ်းမြတ် ကုရ်အာန်မှ လေ့လာလိုက်ခွင့်ရလိုက်ကာ အစ္စလာမ် အပေါ် နားလည် ကျင့်သုံးသူ တစ်ယောက်အဖြစ် ရောက်ရှိ ခဲ့သည်။