News @ M-Media

Blog

  • သူတို့ အကြိုက် (ကာတွန်း)

    သူတို့ အကြိုက် (ကာတွန်း)

    From CarToon WaiYan  FB

    ဘာသာပေါင်းစုံပါဝင်ခဲ့တဲ့ မန္တလေးက မွတ်စလင်မ်တို့ ဝါကျွတ် အီးဒ်မိတ်ဆုံစားပွဲ  အစီအစဉ်ကို ဦးဆောင်ခဲ့သူ ဦးအောင်ဇော်ဝင်း နှင့် M-Media တွေ့ဆုံမေးမြန်းချက်မှ

    “ရခိုင်ဒေသမှာ ပြဿနာတွေစဖြစ်ပြီးတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲလုပ်မယ်ဆိုပြီးစီစဉ်ခဲ့တယ်။ Oriental House မှာပါပဲ။ အဲဒီတုန်းကလည်း တော်တော်များများကိုဖိတ်ပြီးစီစဉ်ပြီးခါမှ ကျွန်တော်တို့ကို မလုပ်ပါနဲ့ဆိုပြီး တားခံရတယ်။ အဲဒါက ပထမအကြိမ်က။ ဒါကတော့ ဒုတိယအကြိမ်ပါ။

    ကျွန်တော်တို့ကလည်း တစ်ပတ်ကြိုပြီးတင်တာရယ်၊ သူတို့ကိုယ်တိုင်က ပင့်သံဃာစာရင်း လျာထားပေးတဲ့အတိုင်း ပင့်သံဃာတွေ ပင့်ခဲ့ပါတယ်။ သံဃာတွေပင့်ပြီးခါမှ မနေ့ကနေ့လည်ပိုင်းမှာမှ ကျွန်တော်တို့ကို ပါမစ်ချမပေးဘူးလို့ပြောပါတယ်။

    အဓိက ငြင်းပယ်တဲ့အကြောင်းပြချက်က ကျွန်တော်တို့တင်တဲ့စာမှာ မိတ်ဆုံစားပွဲလို့ တင်ထားတဲ့အတွက် သံဃာတော်များနဲ့ မအပ်စပ်ဘူးလို့ အကြောင်းပြပါတယ်။

    ဘာသာပေါင်းစုံပါဝင်ခဲ့တဲ့ မန္တလေးက မွတ်စလင်မ်တို့ ဝါကျွတ် အီးဒ်မိတ်ဆုံစားပွဲ 

  • ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်

    ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်

    သြဂုတ်၊ ၂၅၊ ၂၀၁၂

    ဗွီအိုအေ ၊မြန်မာပိုင်း

    ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြသူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ဒုက္ခ ရောက်နေသူတွေကို ပထမအဆင့် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ က ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

    ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြရတဲ့ ဒုက္ခသည်တွေအတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အဖွဲ့ဝင် ၈ ဦးပါတဲ့ ပထမအသုတ် အကူအညီပေးရေး အဖွဲ့ဟာ တကိုယ်ရည် သန့်ရှင်းရေး အသုံးဆောင် ပစ္စည်းတွေ၊ စောင်နဲ့ အ၀တ်အထည်တွေ အပါအ၀င် ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဒီကနေ့ မနက်မှာပဲ ဂျကာတာမြို့တော် လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပထမအဆင့် အကူအညီတွေကို ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Budi Adiputro က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

    “အခု ပထမအဆင့် ဒီ သုံးလ အတွင်းမှာ ပဋိပက္ခထဲမှာပါတဲ့ ဘယ် ဘက်ကိုမှ ဘက်လိုက်ခြင်းမရှိတဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အစားအစာနဲ့ အကူအညီတွေ လုံလုံလောက်လောက် ရဖို့အတွက် ကနဦးအဆင့် အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။”  

    ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ဒီလထဲမှာပဲ သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် ခုလို အကူအညီပေးရေး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် အားစိုက် ကြိုးပမ်းခဲ့တဲ့အကြောင်းလည်း မစ္စတာ Budi Adiputro က ပြောပါတယ်။

    Indonesian Red Cross (PMI) chairman Jusuf Kalla checks humanitarian aid headed to Myanmar’s Rohingnya minority before leaving Halim Perdana Kusuma Airport in East Jakarta on Saturday.
    The Jakarta Post, Jakarta | World | Sun, August 26 2012

    “ကျနော်တို့ မြန်မာပြည်က ပြန်ရောက်လာကတည်းက ဒီကိစ္စကို အားစိုက် ကြိုးပမ်းနေခဲ့တာပါ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ လွတ်လပ်ရေးနေ့ နဲ့ အစ္စလာမ်တို့ရဲ့ အထွဋ်အမြတ် အစ်နေ့ကလည်း ဒီလထဲမှာ ကျရောက်တာပါ။ ဒီလို အလုပ်ရှုပ်နေတဲ့ကြားကပဲ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးအနေနဲ့ ကုန်တင် လေယာဉ်တစီးနဲ့ အကူအညီတွေကို ရန်ကုန်မြို့ကို တိုက်ရိုက်ပို့ပေးခဲ့တာက သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ကူညီပေးရေး လုပ်ငန်းတွေကို ကျနော်တို့ စတင် ဆောင်ရွက် သွားချင်တယ် ဆိုတာကို ပြသတဲ့ သဘောပါ။ ခုလို ပထမဆင့် အကူအညီတွေ ပေးပို့ခြင်းအားဖြင့် မြန်မာအစိုးရနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကပါ ဒီလို လုပ်ဆောင်တာဟာ စစ်မှန်တဲ့ ချဉ်းကပ်မှုလို့ ယူဆစေချင်ပါတယ်။ ဒီလိုပဲ အကူအညီပေးတဲ့ တခြား နိုင်ငံတွေလည်း ရှိပါတယ်။ ရခိုင်ဒေသတွင်း ဒုက္ခရောက်နေသူတွေအတွက် တူရကီနိုင်ငံကလည်း အကူအညီပစ္စည်းတွေ ပေးပို့ခဲ့တာပါ။”

    ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး အစီအစဉ်တွေကို ဦးဆောင်လုပ်ကိုင်ဖို့ အတွက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်း၊ လက်ရှိ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျုဆက်ဖ် ကာလား (Jusuf Kella) ကိုလည်း အင်ဒိုနီးရှား သမ္မတက အထူး သံတမန်အဖြစ်နဲ့ ခန့်အပ်ထားပါတယ်။ မစ္စတာ ကာလားနဲ့ အဖွဲ့ဟာ ဒီလ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာခဲ့တာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ သာမကပဲ ရခိုင်တိုင်းရင်းသားတွေကိုလည်း အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေကတည်းကစလို့ ဖြစ်ပွားလာခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ဒီလထဲမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေအနေနဲ့ စုံစမ်းစစ်ရေး ကော်မရှင်ကို သတင်းအချက်အလက် ပေးပို့နိုင်ကြောင်းတဲ့ အကြောင်းလည်း ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေ အတော်များများ ပျက်စီးခဲ့သလို ခန့်မှန်းချေ လူ ၇ သောင်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

  • ကျွန်ပ်တို့အတွက် အတုယူစရာ အိန္ဒိယနိုင်ငံ စာနယ်ဇင်းကောင်စီ

    ကျွန်ပ်တို့အတွက် အတုယူစရာ အိန္ဒိယနိုင်ငံ စာနယ်ဇင်းကောင်စီ

    သြဂုတ်-၂၆-၂၀၁၂

    M-Media


    ဘာသာရေးလူမှုရေး အဓိကရုဏ်းများ ဖြစ်ပွားလေ့ရှိတဲ့အိန္ဒိယနိုင်ငံရဲ့စာနယ်ဇင်းကောင်စီက တိကျတဲ့လမ်းညွှန်မှုများ ပေးထားတာကိုလေ့လာတွေ့ရှိ ရပါတယ်။
    အဲဒီလမ်းညွှန်ချက်များမှာ
    သတင်းများမှာ ဘာသာလူမျိုး ဇာတ်နိမ့် ဇာတ်မြင့်ဖေါ်ပြတာနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းလိုက်နားဖို့သတ်မှတ်ထားပါတယ်။

    ၁။ လူတစ်ဦး၏အပြုအမူများ လုပ် ဆောင်ချက်များ(အထူးသဖြင့်အဆိုး မြင်စေမဲ့ မကောင်းတဲ့သတင်းများ)နဲ့ ပတ်သက်ပြီး ရေးသားရာမှာ ကိုးကွယ်တဲ့ ဘာသာလူမျိုးဇာတ်နိမ့်ဇာတ်မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့ သတိပြုရန်။

    ၂။ပြစ်မှုများတွင်စွပ်စွဲခံရသူ သိုမဟုတ် နစ်နာသူ၏မျိုးနွယ်လူမျိုး ဘာသာကို ရည်ညွှန်းရေးသားမပြုရန်။
    ၃။စကားလုံးများကိုသုံးစွဲရာတွင် ဓမ္မဓိဌာန်ကျကျရေးသားရန် လှုံ့ဆော်ရာရောက် အသုံးအနှုန်းများကိုရှောင်ရှားရန် ဒါအပြင်commual dispute လိုခေါ်တဲ့လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ပဋိပက္ခနဲ့ပတ်သက်ပြီး သတင်းရေးတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်။
    (က) ပဋိပက္ခများနှင့်ပတ်သက်ပြီးရေးရာတွင် သတင်း အချက်အလက်များကို ခိုင်မာအောင်အတည်ပြုပြီးမှရေးသားရန် ရေးသားရာတွင်ငြိမ်ချမ်းမှုကိုရှေးရှုသော အသုံးအနှုန်းများသာ သုံးစွဲရန် ဖြစ်ပြီးဖြစ်စဲ ပဋိပက္ခကိုပိုမိုကျယ်ပြန့် အောင် လှုံ့ဆော်သည့် သဘောမဖြစ်ရ၊
    (ခ) ဥပဒေစိုးမိုးရေးကိုသံသယဖြစ်စေပြီး ပဋိပက္ခကိုမိမိဘာသာဖြေရှင်းမှရမည်ဟုထင်မြင်စေသည့်ရေးသားမှုမျိုး မပြုလုပ်ရ၊
    (ဂ) စာနယ်ဇင်းများသည်ငြိမ်းချမ်းရေး တည်ဆောက်သူဖြစ်စေရန် လှုံ့ဆော်သူ ပြသနာကိုမီးမွှေးပေးသူ မဖြစ်စေရ၊
    (ဃ) စာနယ်ဇင်းများသည်လူမျိုးရေး ဘာသာရေးကွဲပြားခြားနားမှုများကို ပပျောက်စေပြီးသဟဇာတဖြစ်မှု အပြန်အလှန်နားလည်မှုများကိုတည်ဆောက်ပေးရန်ဖြစ်သည်     ထိုကဲ့သို့တာဝန်ရှိမှုနှင့် လွတ်လပ်စွာထုပ်ဖေါ်ပြောဆိုခွင့်ကို ဟန်ချက်ညီညီကျင့်သုံးရန် သတ်မှတ်ထားပါသည်။

    မန္တလေးအလင်းဂျာနယ်အတွဲ၂
    အမှတ်၇ စာအချပ်ပို(ဂ)မှ

    From – Javed Ansari FB

  • စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး

    စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး

    သြဂုတ်-၂၆-၂၀၁၂
    M-Media

    စစ်တွေတွင် အကြမ်းဘက်တိုက်ခိုက်ခြင်းခံခဲ့ရသော မွတ်စလင်မ်မိသားစု တစ်စု မှ အဖြစ်အပျက်များ ပြန်လည်ပြောပြစဉ်

    Interview With Rohingya အပိုင်း(၁)

    ဖြေ ။ (ယောက်ျား)    ကျောက်နီမော်မှာဖြစ်တဲ့ ကိစ္စနဲ့ဖြစ်တယ်လို့ပြောတယ် သူတို့က ငါတို့ရခိုင်တွေကို မင်းတို့မွတ်စ်လင်မ်တွေဒီလိုလုပ်တယ်ဆိုပြီးတော့ အဲဒီလိုခုတ်တာ။ ဒီနေရာမှာ ကျွန်တော်တို့မြို့ထဲမှာနေတာ ကျွန်တော်တို့ ဘိုးဘင်ဘောင်ဆက်ထဲက အဲဒီမှာမြို့ထဲမှာနေတာ။ အဲဒီမှာရခိုင်တွေမရှိဘူး မွတ်စ်လင်မ်နေရာတွေပဲ အဲဒီမှာ ရခိုင်တွေမရှိဘူး နောက်တော့မှရခိုင်တွေ နည်းနည်းပြန်ဝင်လာကြတာ။ မွတ်စ်လင်မ်တွေကျတော့ တစ်ခြားဒီမှာ လူနှိမ်မှု၊ ဖိနှိပ်မှုတွေရှိတော့ ကျွန်တော်တို့ မွတ်စ်လင်မ်တွေက ရန်ကုန်ကိုသွားကြ နိုင်ငံခြားကိုသွားကြသလိုပဲ သွားကြတယ်။ ကျွန်တော်တို့ရွာနာမည်က မွတ်စ်လင်မ်လိုခေါ်ရင် ရိုဟင်ဂျာပါရာလို့ခေါ်တယ်။ ဒီလို ရွာလုံးကျွတ်ခေါ်ရင်တော့ ဈေးဟောင်းမောလိပ်လို့ခေါ်တယ်။ အဲဒီမှာကျွန်တော်တို့ ရပ်ကွက်ဖြစ်လာတော့ ကျောက်တလင်းရပ်ကွက်ရယ် ရူပတောင် ရပ်ကွက်ရယ် မောလိပ်ရပ်ကွက်ရယ်ဆိုပြီးတော့ အပိုင်းသုံးပိုင်း ပိုင်းသွားတယ်။ အဲဒီမှာ အဲဒီလိုအိမ်ခြေ ၁၂၀ လောက်ရှိတဲ့နေရာ အဲဒီလိုဖိနှိပ်မှုတွေရှိလာတော့ လူတွေကမနေတော့ဘူး။

    တစ်ဖြည်းဖြည်း တစ်ဖြည်းဖြည်း ရခိုင်တွေကိုပဲရောင်းပြီးတော့ စိတ်ချရတဲ့နေရာ၊ လုံခြုံမှုရှိတဲ့နေရာကိုပြောင်းသွားကြတယ်။ ခဏခဏဒီလိုပဲ သူတို့ပြဿနာဖြစ်လိုလာလို့ရှိရင် အဲဒီမှာပဲကျွန်တော်တို့ကို လူနည်းစု ဖိနှိပ်မှုတွေအများကြီးလုပ်တယ်။ တစ်ခြားကျွန်တော်တို့အခုဖြစ်နေတဲ့အချိန်မှာ ရဲစခန်းကိုကျွန်တော်တို့ အခေါက်တစ်ရာလောက်ဖုန်းဆက်တယ်။ အဲဒီမှာ ဘယ်သူနဲ့ဖြစ်လဲ၊ ဘယ်သူတွေတက်လာတာလဲ၊ ဘယ်သူတွေလုပ်လဲ၊ ရခိုင်တွေလား? မွတ်စ်လင်မ်တွေလား? အဲဒီလိုမေးတယ်။ မေးတော့ ရခိုင်တွေတက်လာတာ။ အဲဒီလိုဆိုအရေးမကြီးဘူးဆိုပြီး ဖုန်းချလိုက်တယ်။ အဲဒါက အများကြီးပဲ အဲဒီလိုပြောတာ။

    (မိန်းမ)   ဒီလိုလုပ်တာ ကျွန်မတို့ကို အကြိမ် ၄ ကြိမ်ရှိပြီ။
    (ယောက်ျား)  အများကြီးပဲလုပ်တာ။
    (မိန်းမ)    ၈၅ရယ်၊ ၂၀၀၀ရယ်၊ နောက်ပြီး ၂၀၀၄ရယ်၊ အခု၂၀၁၂ ဒီ ၂၀၁၂ကတော့ ပိုပြီးထူးခြားသွားတာ။ အရင်တုန်းကလုပ်တာလိုမျိုးထင်ပြီးတော့ အိမ်ပေါ်ကနေကျွန်မတို့ လုံးဝမဆင်းခဲ့ရဘူး။ အရင်လိုမဟုတ်ဘူးလို့ ကျွန်မတို့နေခဲ့တာ။ အရင်ထက်ထူးဆန်းရင် ဒီလိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင် ကျွန်မတို့ကြိုတင်ပြီးတော့ ရွှေ့ပြောင်းလာမှာပါ။ အဲတော့လာလို့မရလိုက်ဘူးလေ ကျွန်မတို့ ဒီတိုင်းပဲ အိမ်ပေါ်မှာပဲ ကျွန်မတို့နေခဲ့ရတာ။ ဘယ်လိုလုပ်နေခဲ့ရလဲဆိုတော့ ကျွန်မတို့နေတဲ့နေရာမှာ ဗလီကရှိနေတယ်ဆိုတော့ ဗလီကိုထားပြီးတော့ ကျွန်မတို့ကျောခိုင်းပြီးတော့ ဘယ်နေရာမှမထွက်ချင်ဘူးဆိုပြီးတော့ ဗလီပေါ်မှာပဲနေခဲ့တာ။ အခုကျွန်မတို့ ဒီလိုအိမ်တွေပျက်ဆီးသွားတယ်။ နောက်ပြီးတော့ အိုးအိမ်တွေပျက်ဆီးတယ်။ ပစ္စည်းဥစ္စာတွေဒီလောက်ဆုံးရှုံးတာ ကျွန်တို့ အဲဒီလောက်မနှမြောဘူး။ ကျွန်မလုံးဝ နှမြောတာက ကုရ်အာန်စာအုပ်တွေနဲ့ ဗလီတစ်လုံးကိုပဲ အဲတာကိုအရမ်းသတိလည်းရတယ်။ စိတ်လည်းမကောင်းဘူး။ ဒီလိုကုရ်အာန်စာအုပ် အိမ်ပေါင်းမြောက်များစွာမှာရှိတဲ့ ဗလီမှာရှိတဲ့စာအုပ်တွေကို သူတို့ဘယ်လိုလုပ်တာလဲဆိုတာ မသိဘူး  အရမ်းကိုဝမ်းနည်းမိတယ်။

    မေး ။     ။ အခုလက်ရှိပေါ့ ဒဏ်ရာရတယ်လို့ကျွန်တော်ကြားရတယ်။

    ဖြေ ။     ။ (မိန်းမ)  ဒဏ်ရာရတာကတော့ ကျွန်မတို့မိသားစုထဲမှာ အကုန်လုံး ၅ ယောက်ပါ။ ကလေး ၃ ယောက်ကတော့ သဲချောင်းမှာနေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဟိုဘက်ကလေးခေါ်သွားတယ်။ သူ့ကိုခေါ်လို့မရဘူး။ သူက ဟိုဘက်မှာကျန်ခဲ့တယ်။
    (ယောက်ျား) ဒီမှာ ဦးခေါင်းခွံကိုထုပြီးတော့ ဒီမှာပါ တြိဂံပုံ။ ကျွန်တော်ကသတိရှိတယ်။ ဖြစ်တာက တစ်ခြားလူတွေမဟုတ်ဘူး အနီးနားကလူတွေပဲ ကိုယ်နဲ့ရင်းနှီးတဲ့လူတွေက ဘာမှမလုပ်ဘူး နည်းနည်းမသိတဲ့လူတွေကလာပြီးတော့ရိုက်တယ်။ မင်းတို့မွတ်စ်လင်မ်တွေ ငါတို့မောင်းတောမှာ မီးရှို့လိုက်တယ်။ ငါတို့ရခိုင်တွေကို သတ်တယ်ဆိုပြီးတော့ ရခိုင်တွေကိုရိုက်တယ်ဆိုပြီးတော့ အဲဒီလိုလုပ်တာ။နောက်ကျွန်တော်တို့ ၁၁ နာရီ တနင်္ဂနွေနေ့ လဆန်း (၁၀)ရက်နေ့ ၆လပိုင်း ၁၀ ရက်နေ့ ၁၁ နာရီကျော်ကျော်လောက်မှာ ဗလီကိုခဲတွေနဲ့ပေါက်တယ်။ တစ်အားပေါက်တာပဲ လူတွေအများကြီး အဲဒီမှာ (ရ ဝ တ )နဲ့ စိန်ဗွီဒီယိုမှာလုပ်တဲ့ ကောင်လေးတွေပါတယ်။ သူ့နာမည်က ဘယ်လိုလဲ ဆိုတော့ စိုးဝင်းကျော် စိုးဝင်းကျော်နဲ့ အဖွဲ့ နောက်ပြီးတော့ အဲဒီက ကျောက်တလင်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးလှဝေကဘယ်လိုပြောလဲဆိုတော့ “ဝေ့ မီးမရှို့နဲ့ မီးမရှို့နဲ့ လူကိုအသေမရိုက်နဲ့”
    (မိန်းမ)  မီးမရှို့နဲ့ဆိုတာ သူတို့အိမ်နဲ့ ကျွန်မတို့အိမ်က ကပ်လျက်ဖြစ်နေတယ်။ အဲဒါကြောင့် ကြောက်ပြီးတော့ မီးမရှို့နဲ့လို့ တားနေတာ။ ကျန်တဲ့ဟာတော့မဟုတ်ဘူး။
    (ယောက်ျား)     အရင်ဆို ကျွန်တော်တို့ ဈေးဟောင်းမောလိပ်ရပ်ကွက်မှာ အိမ်ခြေ (၁၂၀) လောက်ရှိတယ်။ ရောင်းရောင်းပြီးတော့ အခု (၃၆) အိမ်ပဲရှိတယ်။
    (မိန်းမ)    နောက်ပြီးတော့ ကျွန်မနားနဲ့ကြားတာ ၁၀နာရီခွဲလောက်မှာ ကျွန်မတို့အုပ်ချုပ်ရေးမှူး ဦးလှဝေနဲ့ နောက်ပြီးတော့ စီးပွားရေးပိုင်ရှင် သူတို့ ပြောတာ အဲဒီစီးပွားရေးပိုင်ရှင်က ကိုယ့်ဘက်ကလာတဲ့လူတွေကိုယ်ထိန်း သူ့ဘက်ကလာတဲ့လူတွေကိုလည်း ထိန်းပေးပါလို့ပြောတယ်။ အဲဒါတောင်မှ အုပ်ချုပ်ရေးမှူးက နာမခံဘူး။ လက်မခံဘူး။ လာတဲ့အချိန်မှာသူက လုံးဝအဲဒီနားမှာမရှိပဲပျောက်သွားတယ်။ အိမ်မှာပဲသွားပုန်းနေတယ်။ သွားပုန်းနေတော့ ကျွန်မတို့ဒီလောက်လုပ်တာ သူဘာတစ်ခုမှဝင်မပြောဘူး။ နောက်ပြီးတော့ ကျွန်မတို့က
    အဲဒီခဲနဲ့ပေါက်တဲ့အချိန်မှာ ကျွန်မတို့အိမ်နောက်ဖေးအိမ်လေးမှာ အခန်းထဲမှာအကုန်လုံးအောင်းနေပြီး ပုန်းနေကြတယ်။ ပုန်းနေတဲ့ အချိန်မှာ ကျွန်မတို့အခန်းကို ဟိုကနေ ဓားနဲ့ထိုး ဒီကနေဓားနဲ့ထိုး ကျွန်မတို့အလယ်တည့်တည့်မှာပဲ အကုန်လုံးစုပြီးနေလိုက်တယ်။ နောက်အဲဒီအခန်းကနေပြီးတော့ နမာဇ်ဖတ်တဲ့အခန်းကနေ ဒီဘက်အခန်းကို ပြတင်းပေါက်ကိုဖောက်တယ်။ ဖောက်တော့ ပြတင်းပေါက်နှစ်ဖက်က တစ်ဖက်ပွင့်သွားတော့ မျက်နှာကိုလုံးဝမပြခဲ့ဘူး။ နောက်ဘက်တစ်အိမ်ကို ကူးသွားတယ်။ ကူးပြီးတော့ ကျွန်မမျက်နှာကိုမြင်တော့ သူကဘာပြောလဲဆိုတော့ “အရီး အရီးတဲ့ ကျွန်တော်မပါဘူးတဲ့ ကျွန်တော့် အပေါင်းအဖော်သူငယ်ချင်းတွေခေါ်လာလို့ ကျွန်တော်ပါလာတာပါတဲ့ ကျွန်တော် ဘာတစ်ခုမှမလုပ်ဘူးဆိုပြီး ကျွန်မတို့ ဒီဘက်အိမ်က ပြတင်းပေါက်ကနေမြင့်တဲ့ အုတ်တံတိုင်းကနေ ကျွန်မတို့ ခုန်ဆင်းပြီးတော့ ကျွန်မတို့အဲဒီနားမှာ စုလိုက်သေးတယ်။
    (ယောက်ျား)    အဲဒီလိုပြောတာက စိုးဝင်းကျော်ပါ။
    (မိန်းမ)        စုပြီးတော့ ကျွန်မတို့ကလေးတွေကို အကုန်လုံးကြိုးနဲ့ချည်တယ်။ ဘာတစ်ခုမှမလုပ်ဘူး ဘာတစ်ခုမှမလုပ်ဘူးဆိုပြီးတော့။ နောက်ပြီးတော့ ကျွန်မအိမ်ရှင်ကိုမေးတယ်။ ဘယ်မှာလဲတဲ့ ခေါ်လိုက်ပါဦးတဲ့ မခေါ်ပဲနေလိုက်မယ်ဆိုရင် ကျွန်တော်တို့ပြန်ဝင်လာတဲ့ အခါတွေ့လို့ရှိရင် အသက်နဲ့ထပ်မှာမဟုတ်ဘူးဆိုပြီးတော့ အဲဒီလိုပဲနောက်ရှာပြီးတော့ ကျွန်မခေါ်လာတယ်။
    (ယောက်ျား)    ကျွန်တော်နဲ့ အတူပုန်းနေတဲ့ မိန်းမနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ကိုထားပြီးတော့ ကျွန်တော်သွားလိုက်မယ်ဆို ပြီးသွားတော့ ထွက်တာနဲ့ကျွန်တော့်ကို သံတုတ်နဲ့ သံပိုက်လုံးနဲ့ ကျွန်တော့်ကိုရိုက်တာ။ လက်ကျိုးသွားတယ်။ လက်ကဆန့်လို့မရဘူး အခု ကွေးထားတော့လေ တစ်ခါတစ်လေကျရင်ကျွန်တော်က ခေါင်းကလည်းမူးနေသလိုဖြစ်တယ်။ ကျွန်တော်တို့ဖြစ်စဉ်က ဒီလိုပါ။ ကျွန်တော်တို့ကို ၁၂ နာရီလောက်မှာ ဝိုင်းပြီးတော့အဲဒီလို လုပ်တယ်။ လုပ်တော့ ကျွန်တော်တို့အကုန်လုံးကို အဲဒီလိုဖမ်းပြီးတော့ အပြင်ကို ထွက်ပြီးတော့ ရိုက်တဲ့လူရိုက်တယ်။ အထဲမှာပုန်းနေတဲ့လူက ပုန်းနေတယ်။ အဲတော့ ကျွန်တော်တို့ကအပြင်ကိုထွက်လာတော့ ရိုက်တယ် ရိုက်ပြီးတော့ အကုန်လုံးခေါင်းကိုရိုက်တယ်။ ရိုက်ပြီးတော့ အကုန်လုံးခေါ်လာပြီးတော့ ကြိုးနဲ့တုတ်တယ်။ ချောင်းနားမှာ ကျွန်တော်တို့ကိုခေါ်သွားတယ်။

    Interview With Rohingya အပိုင်း(၂)

    (ယောက်ျား)        အဲဒီလို ကျွန်တော်တို့အကုန်လုံး (ရ ဝ တ )ရုံးခေါ်ရမယ်ဆိုပြီးမင်းတို့ကိုဒီဘက်မှာခေါ်သွားမယ်ဆိုပြီ့းအဲဒီမှာကတစ်ခြားဗုဒ္ဓဘာသာအုပ်စုရခိုင်အုပ်စုတွေများတယ်။ အဲဒီတော့ ကျွန်တော်တို့သွားပြီး ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ဆုံးပြီ။ ကျွန်တော်တို့ ကလေမာဟ်တွေဘာတွေ ဖတ်နေတယ်။ သမီးတွေဘာတွေ ကျွန်တော့်မိသားစု အကုန်လုံးအဲဒီမှာပါတယ်။ ဒီ စိုးမိုကျော်နဲ့ စိုးမင်းကျော် ၂ယောက်ပဲ မပါဘူး။ ကျွန်တော့်သား စိုးဟိန်းကျော်ဆိုလည်း ခေါင်းကိုသံတုတ်နဲ့ ရိုက်တာ ခေါင်းကလှုပ်လို့မရဘူး။  ဆေးဝါးကုသမှုကလည်း ဘာမှမရဘူး။ အကြီးစားခွဲစိတ်ကုသမှုတွေ ကျွန်တော်တို့ကံကောင်းတာက ကျွန်တော်တို့ကို အဲဒီလိုခေါ်သွားတော့ ချောင်းနားမှာ ကျွန်တော်တို့ကိုထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့ ကားနဲ့လာတဲ့လူတွေက ကျွန်တော်တို့ကို ” ဟေး ဒီလူတွေကို ဘာလုပ်ဖို့ထားတာလဲ ရှင်းလိုက်တော့တဲ့ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်က အဲဒီမှာ မင်းတို့မောင်းတောမှာ ငါတို့ရခိုင်တွေကို အကုန်လုံးရှင်းလိုက်တယ်ပေါ့။” ကျွန်တော့်ဆိုင်မှာ အမြဲလက်ဖက်ရည်သောက်နေတဲ့ ရခိုင်လေးတစ်ယောက်က အဲဒီလိုမလုပ်ပါနဲ့ ဒီလောက်လူအုပ်စုကြီးကို ဘယ်လိုရိုက်မလဲ အဲဒီလိုဆိုပြီးတော့ ကျွန်တော်တို့ကို ရဲစခန်းကိုပို့ပေးပါတယ်။ ဒါဖြစ်စဉ်အမှန်ပဲ။

    (ယောက်ျား)   ရဲစခန်းမှာ လမ်းမှာသွားတော့

    (မိန်းမ)     ကျွန်မကိုရိုက်တယ်။ လူကြီးပိုင်းပဲ အသက် ၅၀ကျော်ပြီ အရပ်ပုပုလေးသူကကျွန်မကိုရိုက်တဲ့အချိန် သားလေးကိုဖက်ထားတယ်။ သားက အရပ်ရှည်တော့သူ့ကို ဘာမှလုပ်လို့မရဘူး။ ကျွန်မကိုသူက သံပြားပြားလေးနဲ့ ဟေးတဲ့နင်တို့တဲ့ ငါတို့ရခိုင်တွေကိုတဲ့ မောင်းတောမှာတဲ့ ငါတို့ရခိုင်တွေကိုကုလားတွေရိုက်တယ်တဲ့။ အဲဒါကြောင့်နင်တို့ကို ငါတို့ရိုက်တယ်ဆိုပြီး ကျွန်မကို တစ်ချက်ခုတ်လိုက်တာ နဖူးမှာ သွေးတွေအကုန်လုံးစီးလာတယ်။

    (ယောက်ျား)    အဲဒီနောက်ကျွန်တော်တို့ အဲဒီကလမ်းလျှောက်ပြီးတော့ ကြောက်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်တွေအုပ်စုတွေ များနေတော့ ဒါပေမယ့် အကုန်လုံးသိကြတဲ့ လူတွေပဲ ကျွန်တော်တို့ရှိတဲ့ အချိန်မှာတောင်မရှိဘူးအဲဒီလူတွေ နောက်မှရောက်လာတာကြတာပဲ။ အဲဒီလူတွေတောင်မှ ကျွန်တော်တို့ကိုတော့ဘာမှမလုပ်ဘူး။ တရုတ်တွေရှိတယ်။ အဓိကလူမျိုးခြားတွေရှိလို့ ကျွန်တော်တို့ကိုအဲဒီလိုမလုပ်ဘူးလို့ထင်တယ်။ အဲဒီကနေပတ်ပြီးတော့ ကျွန်တော်တို့ ရဲစခန်းကိုရောက်တယ်။ရဲစခန်းမှာ ဘာဖြစ်လဲဆိုတော့ အဲဒီက အရာရှိတစ်ယောက်က ခင်ဗျားတို့ ဒီလိုဖြစ်မှာကိုမသိဘူးလားတဲ့ ရှောင်ပုန်းမနေဘူးလားတဲ့။ ကျွန်တော်တို့ဘယ်လိုသိမလဲ ကျွန်တော်တို့ ဒီလိုတစ်ခါမှမဖြစ်ဘူး။ အဲဒီလိုပြောတော့ စခန်းမှူးက ကျွန်တော်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်တယ်။ နောက်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်တို့ အနာရတဲ့လူတွေကို ဆေးရုံပို့တယ်။ ဆေးရုံပို့တော့ ကျွန်တော်တို့ကိုထောင်ကားနဲ့ပို့တယ်။ ထောင်ကားနဲ့ပို့ပြီးတော့ ဟိုမှာရောက်တော့ သေသေချာချာလုပ်ပေးပါတယ်။ ကျွန်တော်တို့ကိုခေါ်သွားတယ် ခေါ်သွားပြီးတော့ အဲဒီမှာ အဆောင်မှာမျက်စိဆေးကုဆောင်မှာ ကျွန်တော်တို့ကိုထားပါတယ်။ ထားတော့ ဒီလိုပဲ စိုနေတာပဲ အကုန်လုံးအဲဒီမှာ အဲဒီလိုပဲချပြီးတော့ အဲဒီလိုပဲဆေးကုတာပါ။ နောက်ဘာမှထွေထွေ ထူးထူးမရှိပါဘူး။ ဆရာဝန်ကတော့ ဒေါက်တာ သိန်းထက်အောင် (ခွဲစိတ်ပါရကူ) သူကတော့ ခင်ဗျားတို့ဘယ်သူမှ သူ့ကိုမချုပ်နဲ့ဆိုပြီးတော့ သူကကျွန်တော့်ကိုချုပ်ပေးပါတယ်။ ပြီးတော့ အဲဒီမှာ ရခိုင်အမျိုးသား ဦးနေဝင်းက အဲဒီမှာ ဆရာဝန်နဲ့နေတဲ့ကောင်လေးက သူကထမင်းတွေဘာတွေ သုံးလေးရက်မှာ ထမင်းနည်းနည်း ထမင်းနဲ့ လက်ဖက်ရည်သုံးခွက်လောက်ဝေပေးပါတယ်။ ကျွန်တော်တို့ သုံးရက်နေတဲ့အချိန်မှာ။ ဖြစ်တာက တနင်္ဂနွေနေ့ အဲဒီမှာ ကျွန်တော်တို့ အင်္ဂါနေ့ ညနေ ၆ နာရီကျော်မှာ ကျွန်တော်တို့ သေးချောင်းမှာလာပို့ပါတယ်။ ချုပ်ရိုးကတော့မဖြည်ရသေးဘူး။

    (မိန်းမ)     လုံခြုံရေးပါတော့ပါတယ်။ ကျန်တာ ကျွန်တို့ဘက်ကနေ ဘယ်သူမှမပါဘူး။ ကားထဲမှာပဲ ကားမောင်းတဲ့လူ တစ်ယောက်တည်းပါတယ်။ စစ်တပ်ကပါ။ ကျန်တာမပါဘူး။ ဒီတိုင်းပဲ ကျွန်မတို့ကို ချခဲ့တာ။

    မေး   ။     ။ ဘယ်နားမှာ ချပေးခဲ့တာလဲ?
    ဖြေ (မိန်းမ)    ကျွန်မတို့ကို သေးချောင်းတံတား မကျော်ခင်လေးမှာ

    မေး။      ။ ဒါဆိုအဝေကြီးပဲပေါ့။ အဲဒါဘာလဲ လမ်းလျှောက်လာခဲ့ရတာလား?
    ဖြေ (မိန်းမ)  ဆွေမျိုးတွေဆီကို လမ်းလျှောက်လာတာ။ ပထမတော့ ကားနဲ့လာပြီးမှ နောက်တော့ လမ်းလျှောက်လာတာလေ။
    (ယောက်ျား)       အဲဒီမှာ ကျွန်တော်တို့ဆေးကုသပေးပါတယ်။ အဲဒီမှာ ဆန်နီဆိုတဲ့ လူပျိုလေးတစ်ယောက်ကျန်ခဲ့ပါတယ်။ အသက်လေးဆယ်ကျော်လောက်ရှိမယ်။
    (မိန်းမ)   အသက် ၅၀ ပါ။ ၅၂ လောက်ရှိမယ်။
    (ယောက်ျား)   နောက်ပြီးမှကျွန်တော်တို့က လုံးဝသတိမရဖြစ်နေတဲ့အချိန်မှာ သူကညနေမှဝင်လာတာ။

    မေး။       ။ ဘယ်ရွာ ဘယ်ရွာ ဘိုင်တို့က ဘယ်ရွာ ဘယ်ရွာက
    ဖြေ (မိန်းမ)    ကျောက်တလင်းရပ်ကွက်ကပါ။
    မေး။     ။ သြော် ကျောက်တလင်းကလား?
    (ယောက်ျား)  အင်း
    (မိန်းမ)    သူကညနေဘက်မှ ဝင်လာတာ။

    မေး။         ။ ဩော် ဟိုအမွှာပူးကလေးဆုံးသွားတယ်ဆိုတဲ့ နေရာ အဲဒီနေရာလား?
    (ယောက်ျား)   ဟုတ်တယ်။  သူ သူ့မောင်။
    (မိန်းမ)       ကျွန်မ မောင်လေး အရင်းပါ။

    (ယောက်ျား)    ခင်အောင်မြင့် (ခေါ်) နူရ်ဟမ် သူက ၄၂ နှစ်လောက်ရှိမယ်။ ကလေးလေးတစ်ယောက်နဲ့

    မေး။     ။  အင်း….
    (ယောက်ျား)    လူတစ်ယောက်စ တွေ့တာနဲ့
    (မိန်းမ)    တစ်ယောက်ချင်းတွေ့တာနဲ့ အပြီးပဲအဲဒါ လုံးဝအသက်တောင်မထားဘူး။
    (မိန်းမ)    အဲဒီလိုမျိုးအဲဒီနေရာမှာ ပြဿနာဖြစ်တဲ့အချိန်မှာ ချက်ချင်းပဲဆုံးသွားတာ ၃ ယောက် ကျွန်မမောင်လေး တစ်ယောက် အမရဲ့ သားမက်တစ်ယောက် နောက်ပြီးတော့ ကျွန်မတို့မှာ အကိုဝမ်းကွဲတော်မယ့်တစ်ယောက် မောလိပ်ရပ်ကွက်၊ ကျောက်တလင်း ရပ်ကွက် အဲမှာ ၆ လပိုင်း ၁၀ ရက်မှာ ၃ ယောက်ချက်ချင်း ဆုံးတာပါ။ နောက်ကျန်တဲ့နှစ်ယောက်ကကျတော့ ဆန်နီကကျတော့ ဆေးရုံပေါ်မှာဆုံးတယ်။ နောက်တစ်ယောက်ကျတော့ ကျော်စင်ထူး သူက ၁၂ ရက်နေ့က ဆေးရုံက ကျွန်မနဲ့အတူတူဆင်းလာပြီးတော့ ဒီမှာပဲ ၁၈ ရက်နေ့ကဆုံးတာပဲ။ အကုန်လုံး ရွာဆိုရင် စုစုပေါင်း ၅ ယောက်။

    မေး ။      ။ ကျွန်တော်မေးစရာလေး တစ်ခုရှိတာပေါ့နော်။
    ဖြေ (မိန်းမ)    ရပါတယ်။

    မေး။          ။ ဇာတ်လမ်းကတော့ ဖြစ်တဲ့ပြဿနာသိသွားပြီပေါ့နော်။ တကယ်လို့များပေါ့ အခုအခြေအနေနည်းနည်းလေးပြန်ပြီးအေးချမ်းတည်ငြိမ်လို့ရှိရင် ဒီကျောက်တလင်းရပ်ကွက်မှာ အရင်နေခဲ့တဲ့နေရာမှာ ပြန်ပြီးနေချင် တဲ့စိတ်ရှိလား.?
    ဖြေ (ယောက်ျား)      ကိုယ့်နေရာကိုယ်နေရမှာပေါ့။ ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ.? ကျွန်တော်တို့ မွေးဖွားရာဒေသပဲ။ ကျွန်တော်တို့ အခွင့်အရေးရှိတယ်လေ။ လူ့အခွင့်ရေးရှိတယ်လေ ကျွန်တော်တို့မှာ ဗမာပြည်မှာ လူ့အခွင့်ရေးမရှိဘူးဆိုရင်  ကျွန်တော်တို့နေလို့မရဘူးပေါ့။ ဒါပဲရှိတယ်။ ကျွန်တော့်အဖေမှာလည်း မှတ်ပုံတင်ရှိတယ်။ ကျွန်တော့်အမေမှာလည်း မှတ်ပုံတင်ရှိတယ်။ အမျိုးသားမှတ်ပုံတင်ရှိတယ်။ ဒါသူတို့က အလိုလိနှိမ်ချတာ မွတ်စ်လင်မ်ဖြစ်လို့ ဒါပဲရှိတယ်။ နောက်ဘာမှမရှိဘူး။ ကျွန်တော်တို့နေတဲ့ နေရာမှာရခိုင်တွေမရှိဘူး အရင်တုန်းက
    (မိန်းမ)    ဘာမှမဆိုင်တဲ့ ပြဿာနဲ့ အသက်ဆုံးရှုံးရတာ။

    မေး။      ။ အခြေနေအေးချမ်းတည်ငြိမ်ပြီဆိုရင်တော့ မိမိနေရာမှာ မိမိပြန်နေချင်တဲ့ ဆန္ဒရှိလား?
    ဖြေ (ယောက်ျား)    ရှိတာပေါ့။
    (မိန်းမ)    ရှိတယ်။

    မေး။          ။ အင်း ကျေးဇူးအများကြီးတင်ပါတယ်။

  • ဘာသာပေါင်းစုံပါဝင်ခဲ့တဲ့ မန္တလေးက မွတ်စလင်မ်တို့ ဝါကျွတ် အီးဒ်မိတ်ဆုံစားပွဲ

    ဘာသာပေါင်းစုံပါဝင်ခဲ့တဲ့ မန္တလေးက မွတ်စလင်မ်တို့ ဝါကျွတ် အီးဒ်မိတ်ဆုံစားပွဲ

    M-Media
    August 25, 2012 11:00 pm MST
    သတင်း/ဓါတ်ပုံ- ပြည့်ပြည့်

    မန္တလေး – အစ္စလာမ်ဘာသာဝင်များ၏ ၀ါကျွတ်အီးဒ်အထိမ်းအမှတ် မိတ်ဆုံစားပွဲကို အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဦးစီး၍ ဘာသာပေါင်းစုံပါဝင်သော မိတ်ဆုံစားပွဲကို ဒီနေ့ ၂၅.၈.၂၀၁၂ ရက် မနက် ၁၀-နာရီတွင် ဘုရားကြီး အလယ်တိုက်၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


    ယင်းမိတ်ဆုံအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ပါဝင်ခဲ့ကြပါသည်။ မန္တလေးမြို့ လေးပြင်လေးရပ် ဘုန်းတော်ကြီးကျောင်းတိုက်များမှ နာယကတိုက်အုပ်ဆရာတော်များကို ဆွမ်းဆက်ကပ်ပြီး တက်ရောက်လာသော ဘာသာပေါင်းစုံမှ မိတ်ဆွေများကို ဧည့်ခံကျွေးမွေးခဲ့ပါသည်။

    အခမ်းအနားစစခြင်းတွင် … ဘာသာပေါင်းစုံမှ မိမိဘာသာတရားအလိုက် ငြိမ်းချမ်းစွာဖြင့် ၁-မိနစ်ခန့် ဆုတောင်းခဲ့ကြပြီး၊ အခမ်းအနားဦးဆောင်ကျင်းပသူ ဦးအောင်ဇော်ဝင်းမှ အီးဒ်မိတ်ဆုံအခမ်းအနားကျင်းပရခြင်းအကြောင်းကိုပြောပြပါသည်။ မူလ ကျင်းပရန်နေရာ Oriental House တွင် စီစဉ်ထားသော်လည်း ကျင်းပခွင့်မရခဲ့သည့် အတွက် နေရာရွှေ့လိုက်ရကြောင်း၊ ယခင်နှစ်များက ဘာသာဝင်များအချင်းချင်းသာ မိတ်ဆုံစားပွဲကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဘာသာပေါင်းစုံမှပါဝင်ရန် စီစဉ်လိုက်ရကြောင်း၊ ဘာသာကွဲသော်လည်း နားလည်မှုရှိကြရင် ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းသာယာဝပြောရန်အတွက် ရည်ရွယ်၍ ယနေ့အခမ်းအနား အစီအစဉ်ကို ပြုလုပ်ရကြောင်းပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး၊ မန္တလေးမြို့တော်ငြိမ်းချမ်းရေးအနေဖြင့် ဘာသာပေါင်းစုံမှ ငြိမ်းချမ်းရေးစကား၊ ဆုတောင်းများ ရွတ်ကြပါသည်။

    ဗုဒ္ဓဘာသာကိုယ်စား တောင်ထီးလင်းတိုက်ဆရာတော်မှ ငြိမ်းချမ်းရေးသြ၀ါဒမြွက်ကြားပြီး၊ ရှေးယခင်ကတည်းက မန္တလေးမြို့တွင် ဘာသာဝင်များညီညွတ်စွာနေခဲ့ကြပုံကိုပြောကြား၍ သူ့လူငါ့လူခွဲရန်မလို၊ ခွဲခြားနေကြလို့သာ ယခုကဲ့သို့ ကိစ္စရပ်များဖြစ်နေတာကြောင့်၊ ဆရာကြီးဦးရာဇတ်အား ပမာထား၍ ငြိမ်းချမ်းရေးသြ၀ါဒမြွက်ကြားခဲ့ပါသည်။

    ခရစ်ယာန်ဘာသာဝင်များကိုယ်စား အထက်ဗမာပြည် မက်သရစ်ဂိုဏ်းချုပ်ဆရာတော် ဦးဇော်ဝင်းအောင်မှ ငြိမ်းချမ်းရေးဒေသနာပြောကြားပြီး၊

    အစ္စလာမ်သာသနာဝင်များကိုယ်စား အစ္စလာမ်ပရမတ္တအဖွဲ့မှ ခလီဖွှဟ် ဦးသိန်းဝင်းအောင်မှ ယခုကဲ့သို့ အားလုံးစည်းလုံးကြတာဝမ်းသာမိကြောင်း၊ ဘုန်းတော်ကြီးများမှလည်း ယခုလို ဆွမ်းဘုန်းပေးကြသည်မှာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုရှိကြလို့သာ ဆွမ်းဘုန်းပေးကြောင်း၊ မေတ္တာရှိပြီး အသိပညာရှိဖို့ အားလုံး ၀ိုင်းဝန်းကြရန်လိုကြောင်း၊ မြန်မာပြည်ကို ချစ်ပြီး နိုင်ငံအေးချမ်းဖို့အဓိကလိုအပ်ကြောင်းပြောကြားပြီး ရခိုင်ဒေသ၊ ကချင်ဒေသ၊ မြန်မာပြည်အေးချမ်းတည်ငြိမ်စွာနဲ့ အေးချမ်းသာယာဝပြောစေဖို့ ဆုတောင်းခဲ့ပါသည်။

    ဘဟာအီသာသနာကိုယ်စား ကိုအောင်ဆက်ဖြိုးမှ ငြိမ်းချမ်းရေးတရားဒေသနာကို ဖတ်ရွတ်ပေးခဲ့ပါသည်။

    “ဘယ်လောက်အခက်အခဲရှိရှိ ၀ိုင်းဝန်းလုပ်ဆောင်ကြပါ” ဟူ၍ ဘုရားကြီးအလယ်တိုက်၌ အခမ်းအနားဖြစ်မြောက်အောင် စီစဉ်ခဲ့သူ ဦးဇာနည်အောင်မှပြောကြားခဲ့ပြီး၊ အခမ်းအနားဖြစ်မြောက်ရေးတွင်ပါဝင်ခဲ့သူ ကိုသိန်းထိုက်အောင်မှလည်း “အစဉ်အလာဆိုတာ ရှိအောင်စဖို့လိုပါတယ်။ အရင်နှစ်က မရှိသေးတာကို ယခုနှစ်စတင်ပါပြီ။ နှစ်စဉ်လည်း ဆက်လုပ်ပါမည်”ဟု ပြောကြားခဲ့ကြပြီး အခမ်းအနားကို ရပ်နားခဲ့ကြကြောင်း သိရပါတယ်။


    အခမ်းအနားကို မန္တလေးမြို့ လေးပြင်လေးရပ်က ထေကြီးဝါကြီး သံဃာတော် ၄၂-ပါးကို ဆွမ်းဆက်ကပ်၍ လှူဖွယ်ဝတ္ထုများလှူဒါန်းပြီး၊ တက်ရောက်ခဲ့သူ လူ ၂၀၀-၀န်းကျင်ခန့် ရှိတယ်လို့ သတင်းရရှိပါတယ်။

     

    မူလက Oriental House တွင် ကျင်းပရန်စီစဉ်ခဲ့ပြီးမှ ယခု ဘုရားကြီးအလယ်တိုက်သို့ပြောင်းရွေှ့ ပြုလုပ်လိုက်ရခြင်းနှင့်ပတ်သက်ပြီး အစီအစဉ်ကို ဦးဆောင်ခဲ့သူ ဦးအောင်ဇော်ဝင်းကို အခမ်းအနားအပြီးတွင် မေးမြန်းရာ ဦးအောင်ဇော်ဝင်းမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

    “ရခိုင်ဒေသမှာ ပြဿနာတွေစဖြစ်ပြီးတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲလုပ်မယ်ဆိုပြီးစီစဉ်ခဲ့တယ်။ Oriental House မှာပါပဲ။ အဲဒီတုန်းကလည်း တော်တော်များများကိုဖိတ်ပြီးစီစဉ်ပြီးခါမှ ကျွန်တော်တို့ကို မလုပ်ပါနဲ့ဆိုပြီး တားခံရတယ်။ အဲဒါက ပထမအကြိမ်က။ ဒါကတော့ ဒုတိယအကြိမ်ပါ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က ကြိုတင်ပြီး စီစဉ်မယ်ဆိုပြီး တစ်ပတ်ကြိုပြီးတော့ စာတင်ပါတယ်။ ပုံမှန်ထုံးစံအရ စာတိုက်က တင်ရတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဒီတစ်ခါက ဆက်သွယ်မိတဲ့ အဆက်အသွယ်ရှိတော့ ပြည်ခိုင်ဖြိုးပြည်သူ့ ဆက်ဆံရေးရုံးကနေတဆင့် သာသနာရေးဝန်ကြီးဆီတင်ခဲ့တယ်။ ကျွန်တော်တို့ကလည်း တစ်ပတ်ကြိုပြီးတင်တာရယ်၊ သူတို့ကိုယ်တိုင်က ပင့်သံဃာစာရင်း လျာထားပေးတဲ့အတိုင်း ပင့်သံဃာတွေ ပင့်ခဲ့ပါတယ်။ သံဃာတွေပင့်ပြီးခါမှ မနေ့ကနေ့လည်ပိုင်းမှာမှ ကျွန်တော်တို့ကို ပါမစ်ချမပေးဘူးလို့ပြောပါတယ်။ ဒီတော့ ကျွန်တော်တို့မှာ အခက်အခဲရှိနေပြီ သူတို့လျာထားပေးတဲ့ ပင့်သံဃာများလည်း ပင့်ထားပြီးပြီ၊ နောက်ပြီး လေးပြင်လေးရပ်မှ ထေကြီးဝါကြီးများကိုလည်း ပင့်ထားပြီးပြီတဲ့အတွက် အခက်အခဲဖြစ်လို့ တတ်နိုင်သမျှစီစဉ်လိုက်တာပါ။ ကျွန်တော်တို့ပုံမှန်တော့ လူ ၆၀၀ ဖိတ်ပါတယ်။ အခု ဒီမှာကတော့ အဲဒီ ဖိတ်ထားတဲ့ လူ ၆၀၀ လုံးကိုတော့ မခေါ်တော့ပဲ ခရစ်ယာန် သာသနာကဘုန်းတော်ကြီး၊ ဗုဒ္ဓဘာသာ သံဃာတော်များနဲ့ တစ်ခြားသော ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကို အကျဉ်းရုံးပြီးတော့လုပ်လိုက်ရပါတယ်။ Oriental မှာကျင်းပခွင့်မရတာကြောင့် ကျွန်တော်တို့ အကြပ်ရိုက်ပြီး မိတ်ဆွေများနဲ့တိုင်ပင်ပြီး နောက်ဆုံးကျတော့ အဆင်ပြေတဲ့ဘုန်းတော်ကြီးကျောင်းမှာပဲ ဆွမ်းကပ်ရင်အဆင်ပြေမယ်ဆိုပြီးတော့ မိတ်ဆွေများနဲ့အတူ ဒီမှာ လာလျှောက်ပါတယ်။ ဆရာတော်ဦးခေမာစာရက အကူအညီပေး ခွင့်ပြုတဲ့အတွက် ဒီမှာပဲ အကျဉ်းရုံးသွားတာပါ။ ပင့်သံဃာများရယ်၊ ခရစ်ယာန်သာသနာများရယ်၊ အစ္စလာမ်ဘာသာဝင်အချို့ရယ်ပဲ ပါဝင်နိုင်ကြပါတယ်။ လူ ၆၀၀ စာ စီစဉ်ထားတာတော့ အားလုံးဖျက်လိုက်ရပါတယ်။”

     

    “စာတင်တာကတော့ ဒီနေ့မတိုင်ခင် တစ်ပတ်ကျော်က စာတင်ခဲ့ပါတယ်။ စာတင်တော့ သာသနာရေးဝန်ကြီးဆီ တိုက်ရိုက်တင်ပါတယ်။ ပြည်ခိုင်ဖြိုးပြည်သူ့ ဆက်ဆံရေးရုံးက အကြံပေးပါတယ်။ မနေ့က အဓိက ငြင်းပယ်တဲ့အကြောင်းပြချက်က ကျွန်တော်တို့တင်တဲ့စာမှာ မိတ်ဆုံစားပွဲလို့ တင်ထားတဲ့အတွက် သံဃာတော်များနဲ့ မအပ်စပ်ဘူးလို့ အကြောင်းပြပါတယ်။ ကျွန်တော်တို့ကလည်း သံဃာတော်တွေကို ဆွမ်းကပ်ရန်ကိစ္စအတွက်ကတော့ ပါမစ်လိုမယ်လို့ မထင်ဘူးပေါ့နော်။ ဒီတော့ လူ ၆၀၀ လောက်ပဲ မိတ်ဆုံစားတာအတွက်ပဲ ပါမစ်တင်လိုက်တယ်။ ဆွမ်းကပ်ဖို့ကတော့ ဆွမ်းပင့်ဖိတ်လွှာသီးခြားနဲ့လုပ်ထားတယ်။ နောက် Oriental House မှာလည်း သံဃာတော်များကို အပေါ်ထပ်မှာ သီးခြားဆွမ်းကပ်ဖို့ စီစဉ်ထားပါတယ်။ အ-ဂါရ၀မဖြစ်အောင် ၀ိဝါဒတရားနဲ့အညီအညွတ်ဖြစ်အောင် စီစဉ်ထားပါတယ်။ သို့သော်လည်း ဘယ်လိုနားလည်မှုလွဲမှားလဲမသိဘူး။ သံဃာတော်တွေ Oriental မှာ လူတွေနဲ့ ရောပြီးတော့ မိတ်ဆုံစားမယ်ဆိုတာ မဖြစ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းပါတယ်။ ဒါပေမယ့် မတားပါဘူး။ ပထမအကြိမ် ငြိမ်းချမ်းရေးဆုတောင်းပွဲလုပ်မယ်ဆိုတုန်းက မလုပ်ဖို့တားပါတယ်။ အခုတစ်ကြိမ်မှာတော့ မတားပါဘူး။ လုပ်ခွင့်မပေးတာပဲရှိတယ်၊ မလုပ်နဲ့လို့ မတားပါဘူး။”

    “ပထမအကြိမ်ဆိုတာ ရခိုင်ဒေသ စပြီး မတည်မငြိမ်ဖြစ်တုန်းက။ ဒီပြဿနာတွေ ပြည်မမှာ မကူးစက်အောင် ဘာသာပေါင်းစုံခေါင်းဆောင်တွေ တွေ့ပြီး ငြိမ်းချမ်းရေးဆုတောင်းမယ်၊ ဘာသာပေါင်းစုံ အပြန်အလှန်နားလည်မှုရှိအောင်လို့ လုပ်ကြမယ်ဆိုပြီး လုပ်ခဲ့တာပါ။ အဲဒါလည်း Oriental မှာပါပဲ။ အားလုံးလူတော်တော်များများ ဖိတ်ပြီးခါမှ ခ.ယ.က က ခေါ်ပြီးတော့ မေတ္တာရပ်တယ်။ သူတို့ ခွင့်မပြုနိုင်ဘူး၊ ဇွတ်လုပ်ရင်တော့ ကျွန်တော်တို့ တာဝန်ယူရမယ်ဆိုပြီးတော့။ မနေ့ကတော့ ဘာမှ လုပ်ပါ မလုပ်ပါနဲ့မပြောဘူး။ လုပ်ပါလို့ ခွင့်ပြုချက်မပေးဘူး။ မလုပ်ပါနဲ့လို့လည်း ကျွန်တော်တို့ကို မတားခဲ့ဘူး။ ခွင့်ပြုမိန့်မပေးဘူးဆိုတာကလည်း မနေ့ကမှပါ။ မနေ့က နေ့လည်ကမှပါ။ အစကတည်းက ပင့်သံဃာစာရင်းကို သူတို့ဘက်ကပဲ ပေးခဲ့ပါတယ်။ ဘယ်သံဃာတွေ ပင့်သင့်ပါတယ်ဆိုတာကိုပါ။”

    “အခုလို စီစဉ်တာက ဘယ်လိုအကျိုးတရားဖြစ်ထွန်းမလဲဆိုတာက အဓိက ကတော့ ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ ဘာသာပေါင်းစုံ ချစ်ခင်ညီညွတ်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်ထွန်းအောင်ပါပဲ။ အဓိကက နိုင်ငံတော်တစ်ဝန်းမှာ ငြိမ်းချမ်းသာယာပြီး အေးချမ်းသာယာအောင်ပါ။ ဘာသာအသီးသီးရဲ့ ဘာသာဝင်တွေကြားထဲမှာ အမုန်းတရားဆိုတာ ဖြစ်မလာပဲနဲ့ ချစ်ခင်ညီညွတ်မှု ငြိမ်းချမ်းသာယာမှု ဖွံ့ဖြိုးတိုးတက်ဖို့ကို ရည်မှန်းတာပါ”

    “လေးပြင်လေးရပ်က ထေကြီးဝါကြီးသံဃာတော် ၄၂-ပါး ပါပါတယ်။ အခုလို ခွင့်ပြုမိန့်မပေးတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်ဆိုတာကတော့ အစိုးရိမ်ကြီးတယ်လို့ပဲ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မှတ်ချက်က တရားဝင်တော့ မဟုတ်ဘူး။ ပြန်ကြားရတာက ပြုလုပ်ခွင့်ပေးလို့ ထူးထူးခြားခြား အကျိုးဖြစ်ထွန်းဖွယ် မရှိဘူး။ ပြုလုပ်ခွင့်ပေးလိုက်လို့ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ဆုံးရှုံးမှုရှိတယ်လို့ ကြားရတယ်။ ပြောရရင်တော့ အစိုးရမ်ကြီးလွန်းတယ်လို့တော့ပြေချင်တယ်။ တကယ်တမ်းကျတော့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လမ်းညွှန်ထားတာက ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေကြားထဲမှာ ရင်းနှီးချစ်ခင်မှု ညီညွတ်မှုလေးတွေ တည်ဆောက်စေချင်တယ်။ ဒါကို ကျွန်တော်တို့က ပြောရရင် နိုင်ငံတော်သမ္မတကြီးရဲ့ဆန္ဒကို ထင်ဟပ်ဖို့ ကျွန်တော်တို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။”