News @ M-Media

Blog

  • နိုင်ဂျီးရီးယားတွင် ရေဘေးဒုက္ခသည် ခရစ်ယာန်များကို မွတ်စလင်များမှဦးဆောင်ပြီး ကူညီ

    နိုင်ဂျီးရီးယားတွင် ရေဘေးဒုက္ခသည် ခရစ်ယာန်များကို မွတ်စလင်များမှဦးဆောင်ပြီး ကူညီ

    သြဂုတ်၊ ၂၂၊ ၂၀၁၂

    M-Media

    Source: http://www.onislam.net

    အဘူဂျာ။ ။နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Jos မြို့တွင် ဆိုးရွားသော ရေလွှမ်းမှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။ ထိုဒေသရှိ ရေဘေးသင့် ခရစ်ယာန် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို မွတ်စလင်ကျောင်းသားများက ဦးစီးဆောင်ရွက်လျက်ရှိသည်။

    “အသားအရောင်၊ အယူဝါဒမရွေး လူသားတိုင်းအပေါ်မှာကျေပွန်ရမယ့် ကျွန်တော်တို့ရဲ့တာဝန်တွေကို ဖြည့်ဆည်းခြင်း၊ ရမ်ဇာန်လမြတ်ရဲ့အနှစ်သာရနဲ့ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ဒုက္ခသည်တွေကို ကူညီရန် အစ္စလာမ်သာသနာရဲ့ဆော်အော်မှု စတာတွေကြောင့် Jos မြို့ရဲ့ ရေဘေးသင့်ဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆက်သွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။” ဟု နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း (Muslim Students Society of Nigeria (MSSN)) ခေါင်းဆောင် Abdulhakeem Ogunmuyiwa က OnIslam.net သို့ ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် နိုင်ရာ (နိုက်ဂျီးရီးယားသုံးငွေ) ၁ သိန်း ငါးထောင်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ဆရာဝန်များအပါအ၀င် စေတနာ့ဝန်ထမ်းများကိုလည်း စေလွှတ်ခဲ့သည်။

    “ကျောင်းသားတွေဖြစ်တဲ့အတွက် ပိုက်ဆံအိတ်ကသေးပါတယ်။ (၀င်ငွေနည်းပါတယ်။) ဒါပေမယ့် ပိုက်ဆံ၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ ကျွမ်းကျင်မှု စတဲ့ ကျွန်တော်တို့မှာ ရှိတဲ့အရာတွေကို ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ထဲက တချို့ဆိုရင် သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ စေတနာ့ဝန်ထမ်း လုပ်ပေးကြပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေအတွက် ဒီလို ကူညီဆောင်ရွက်ပေးနိုင်တာကိုပဲ ကျွန်တော်တို့ အရမ်းကြည်နှုးမိပါတယ်။ ” ဟု Ogunmuyiwa က ဆိုသည်။ Plateau ပြည်နယ် Jos မြို့တွင် ယခုသီတင်းပတ်အစောပိုင်းက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့သည်။ နိုက်ဂျီးရီးယား ကြက်ခြေနီအသင်း၏ အဆိုအရ လူပေါင်း ၁ သောင်းကျော် ရွှေ့ပြောင်းခဲ့ရသည်။

    နိုက်ဂျီးရီးယားနိုင်ငံသည် နှစ်စဉ် မိုးရာသီကို ကြုံတွေ့ရပြီး လွန်ခဲ့သော သုံးပါတ်ခန့်က အဆိုပါပြည်နယ်တွင်ပင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကာ အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။

    နိုက်ဂျီးရီးယား မွတ်စလင်ကျောင်းသားများအသင်း(MSSN) ကို Lagos မြို့တွင် ၁၉၅၄ ခုနှစ်က စတင်ဖွဲစည်းခဲ့သည်။ နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အနောက်အာဖရိကနိုင်ငံများရှိ ကျောင်းများတွင်လည်း အဖွဲ့ခွဲများရှိသည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့မွတ်စလင်လူငယ်များအဖွဲ့ကြီး (World Assembly of Muslim Youths) သို့ ၀င်ရောက်ခဲ့သည်။

    ဝေဇင်

  • အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    အစ္စလာမ့် အေးရိပ်ဆာယာသို့(၇)- အွန်လိုင်းပေါ်က သက်ဝင်မှု

    သြဂုတ်၊ ၂၃၊ ၂၀၁၂

    M-Media

    ဂျူလိုင်ရဲရင့်

    အွန်လိုင်းပေါ်က သက်ဝင်မှု(Embracing Islam In Cyberspace)

    A Colllection of Stories on Why  They Embrace Islam TMR  ( The Muslim Reader ) 2010 – 2011 , Singapore

    အွန်လိုင်းပေါ်က အစ္စလာမ့်သွေးစည်းမှုကို စတင်နှစ်သက်ခံစားမိရာမှ မုစ်လင်မ်သစ်လွင်ဖြစ်လာခဲ့သော အဖီယဟ် ကီကို ၀ါတာနာဘေး

         ဂျပန်နိုင်ငံ မြို့ငယ်လေးတစ်ခုကနေ ကြီးပြင်းလာသူဖြစ်လို့ အစ္စလာမ့်အကြောင်း ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ ဂျပန်နိုင်ငံမှာ မုစ်လင်မ်လူဦးရေ လေးထောင်ကျော်ရှိနေပေမယ့် တကယ့်ကို လူနည်းစုလေးပါ (အများအားဖြင့် မုစ်လင်မ်သစ်လွင်တွေ ဖြစ်ကြပါတယ်)။ အစ္စလာမ်ကို ကျွန်မရှာဖွေတွေ့ရှိခြင်း နဲ့ ကျွန်မရဲ့အစ္စလာမ့်သက်ဝင်မှုဟာဖြင့် တမူထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီ ဟိဒါယဟ် (လမ်းညွှန်တရား)က စက်မှုနည်းပညာပစ္စည်းတစ်ခုဖြစ်တဲ့ ကွန်ပျူတာကနေတဆင့် ရောက်ရှိလာလို့ပါဘဲရှင်။

    သူလိုကိုယ်လို ပုံသေဘ၀မှသည် …..

    ဘယ်မုစ်လင်မ်တစ်ဦးတစ်ယောက်ကိုမှ ကောင်းကောင်းကန်းကန်း မတွေ့ဆုံဖူးပေမယ့် မုစ်လင်မ်တွေကိုကြည့်ပြီး အစ္စလာမ်ဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ဂရိမှာ ကျွန်မ သုံးနှစ်နီးနီး အလုပ်လုပ်ယင်း နေထိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မဘ၀က အဲ့ဒီက လူတွေအတိုင်း ပုံသေကားချပ်ဖြစ်လို့နေခဲ့တယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ညစဉ်ညတိုင်း သောက်စားလိုက် ကခုန်လိုက်နဲ့ ဘဲပေါ့။  ”  သက်တမ်းတိုတိုလေးထဲမှာ ပျော်သာပျော်  ” ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ပြုနေခဲ့တာလေ။

    နောက်ပိုင်းမှာကျတော့ ကံဆိုးမိုးမှောင်ကျပါလေရော။ ကျွန်မရည်းစား စီးပွားပျက်ပြီး မွဲတေသွားတယ်။ သူက ကျွန်မရဲ့ အကြွေးဝယ်ကဒ်ကိုယူသုံးယုံတင်မကသေးဘူး – ငွေချေးပေးဖို့တောင်းဆိုတဲ့အထိ ဖြစ်လာတယ်။ ကျွန်မတို့နှစ်ယောက်စလုံး ငွေခန်း သလောက်ဖြစ်လာတော့ ကျွန်မ သူ့ကို လုံးဝ မကူညီနိုင်တော့ဘူး။ သူမပြောပေမယ့် ကျွန်မသိတယ် – သူ အကြွေးပုံကြီးထဲ နစ်ဝင်နေပြီ ဆိုတာကိုလေ။

    မိခင်ကိုပြုစုဖို့ ပြည်တော်အပြန်

                   တစ်ချိန်တည်းမှာဘဲ ဂျပန်မှာရှိတဲ့ ကျွန်မမိခင်ဟာ ၀ဲဖက်ကျောက်ကပ်ကို အကြီးစားခွဲစိပ်ကုသမှုကိစ္စ ပေါ်လာခဲ့တယ်။

    မေမေဟာ ကျွန်မအပေါ်စိုးရိမ်စိတ်နဲ့ အမြဲမပြတ်ငိုကြွေးနေခဲ့တာသိရတော့ ကိုယ့်ကိုယ်ကို ပြစ်တင်လို့မဆုံးနိုင်တော့ပါဘူး။ အဲ့ဒါ  ကျွန်မကြောင့်ပေါ့ ……….။  ကျွန်မရဲ့အလုပ်အကိုင်နဲ့ ရည်းစားကိုစွန့်ခွါလို့ မွေူးရပ်မြေ မတ်ဆုယာမားမြို့ဆီ မိဘများနဲ့အတူနေဖို့ အပြေးပြန်ခဲ့ပါတယ်။ နှစ်လတိုင်တိုင် ကျွန်မဖေဖေအတွက် မနက်စာပြင်ဆင်ကူညီပေးခဲ့တယ် – ဆေးရုံမှာရှိတဲ့ မေ့မေ့ကိုပြုစုဖို့ မသွားသေးခင်အချိန်လေးမှာပေါ့။

    လေသံသဲ့သဲ့နဲ့ မေမေ့ ညည်းသံကို ကျွန်မလေ ခုထက်ထိ ကြားယောက်နေဆဲပါ။  ”  ကီကိုရယ်၊ မေမေ့ ခင်းနှီးတွေကို လဲလှယ်ပေးနေရလို့ သမီးလက်တွေ ပေကျံကုန်ပြီ၊ မေမေ စိတ်မကောင်းဘူးကွယ် ” တဲ့လေ။ ဆေးရုံထဲမှာ – မေမေ့ရှေ့မှာ ကျွန်မ မျက်ရည်တစ်စက်မှ မကျစေခဲ့ပါဘူး။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ တစ်ကိုယ်တည်းရှိနေချိန်မှာတော့ မေမေ့ဖြစ်အင်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ယင်း ငိုကြွေးနေမိတယ်။ ဘုရားသခင်က ကျွန်မအပေါ် ဒုက္ခတွေရောက်စေ – ဖြစ်စေတာက ကျွန်မကို လမ်းမှန်ဆီ ရောက်သွားစေတဲ့အကြောင်း အဲ့ဒီတုန်းက ဘယ်နားလည်ပါ့မလဲ။ မေမေပြန်ကျန်းမာလာပြီး အိမ်ပြန်ရောက်တဲ့အခါ ကျွန်မလေ အကောင်းဆုံး ပြုစုနေထိုင်ခဲ့တယ်။ ကျွန်မအပေါ် ထာဝစဉ်အချစ်ပိုတဲ့မေမေက ကျွန်မကို ဂျပန်ပြင်ပမှာ  အလုပ်တစ်ခု ထပ်ရှာဖို့ အားပေးတိုက်တွန်းရှာပါတယ်။

    တိုကျိုမှာဘဲ အလုပ်ဝင်ပြီ

    လစဉ်လတိုင်း မိဘတွေကို ပြန်ကြည့်နိုင်ဖို့အတွက် တိုကျိုမြို့က ဂျပန်ဘောလုံးအသင်းမှာ အလုပ်တစ်ခု ဇောက်ချ လုပ်ကိုင်လိုက်ပါတယ်။ အဲ့ဒီကာလမှာဘဲ အင်တာနက် ချက်တင်လိုင်းကနေတစ်ဆင့် စင်္ကာပူက မုစ်လင်မ်တစ်ဦးနဲ့ ကျွန်မ သိကျွမ်းခဲ့ ပါတယ်။ မုစ်လင်မ်ဆိုတာ ဘယ်လိုမျိုးလဲ – ကျွန်မ မသိခဲ့တော့ သိချင်စိတ် ပြင်းပြလာခဲ့တယ်။ အစ္စလာမ်အကြောင်းဖော်ပြတဲ့ ဂျပန် ဘာသာ ၀က်ဘ်ဆိုဒ် တစ်ခုကို ရှာဖွေလေ့လာဖြစ်တယ်။ အဲ့ဒီဆိုဒ်ရဲ့ ပင်မစာမျက်နှာ  Home Page  ကို ဖန်တီးပုံဖော်ထားသူဟာ ကျွန်မတို့ဇာတိမြို့ငယ်က အိမာမ်တစ်ပါးဖြစ်နေလို့ အလွန်ဘဲ စိတ်ဝင်စားသွားရတယ်။ အဗူ မုဟ်ဒီ စုလိုင်မာန် ဟမနာကာ တဲ့လေ။

    အဲ့ဒီဆိုဒ်ထဲကအဖွဲ့ဝင်တွေနဲ့ ကျွန်မက စတင်ပြီး အပြန်အလှန် ဆက်သွယ်ပါတော့တယ်။ ဆိုဒ်ထဲမှာ ဆောင်းပါးတွေ၊ အစ္စလာမ်နဲ့ပတ်သက်တဲ့ မေးခွန်း/ပြသနာ နဲ့ သတင်းဖော်ပြချက်တွေ – အစုံပါဝင်နေပါတယ်။ အဗူ မုဟ်ဒီကိုယ်တိုင်လည်း ကမ္ဘာတစ်လွှားက ဂျပန်လူမျိုးမုစ်လင်မ်အမျိုးသားအမျိုးသမီးတွေနဲ့ အွန်လိုင်းပေါ်ကနေ ပြောဆိုဆွေးနွေးတယ်၊ မုစ်လင်မ်သစ်လွင် တွေရဲ့ မေးမြန်းမှုများကို ဖြေဆိုကူညီပေးလေ့ရှိတယ်လေ။ ဒီလိုလျှို့ဝှက်ဆက်သွယ်မှုနဲ့ မုစ်လင်မ်မိတ်ဆွေသစ် အများအပြား ရလာတယ်။ စအူဒီအာရေဗျ၊ အင်ဒိုနီးရှား၊ အီဂျစ်၊ ဆီးရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ အို – ကမ္ဘာအနှံ့က လူတွေဘဲ ဆိုပါတော့။ ချက်တင်ရွန်းမ်မှာ တွေ့ရတဲ့ ဒီမုစ်လင်မ်တွေဟာ ကျွန်မအပေါ် ဆွဲဆောင်နိုင်လွန်းလှပေတယ်။ သူတို့ဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့ကြတယ်၊ နွေးထွေးမှုရှိတယ်၊ ပြီးတော့ ရိုးသားကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်ဦးကိုတစ်ဦး တစ်ကြိမ်တစ်ခါမျှ မမြင်မတွေ့ဖူးကြသည့်တိုင်အောင် အချင်းချင်း အထူးခင်မင်ရင်းနှီးသွားပါရောလား။

     

    ကွာလာလမ်ပူက သူငယ်ချင်း
    သူတို့ရဲ့အဖွဲ့ထဲမှာ ကျွန်မ စိတ်ချမ်းသာလိုက်တာရှင်။ ဂရိမှာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀သာယာမှုနဲ့ ကွာလွန်းမက ကွာခြားလိုက်လေခြင်း။ အဲ့ဒီနောက် စင်္ကာပူကခေါ်တဲ့ အလုပ်တစ်ခု ကျွန်မ ရသွားတယ်။  မေမေကတော့ ကျွန်မအတွက် ၀မ်းသာလိုက်တာလွန်ပါလေရော။ အခုအချိန် ကျမှ ပြန်စဉ်းစားမိတယ် – အဲ့ဒါဟာ ကျွန်မအဖို့ အားလုံးအတွက် အခွင့်အလမ်းပွင့်သွားစေခဲ့တာလေ။ ကျွန်မ မုစ်လင်မ်တွေနဲ့သိကျွမ်းပြီး အစ္စလာမ်ကိုရှာဖွေနေခဲ့စဉ်က ကျွန်မဟာ မိဘတွေအပေါ် အပြစ်ပြု မိနေသလိုမျိုး ခံစားနေခဲ့ရတယ်။ နောက်ဆုံးမှာ ကျွန်မအနေနဲ့ မုစ်လိမဟ် ( အစ္စလာမ်သာသနာဝင် အမျိုးသမီး ) ဖက်လှည့်သွားရေးအတွက် အလ္လာဟ်အရှင်မြတ် ( SWT ) ရဲ့ အစီအမံတစ်ရပ်ဘဲလို့ ဆိုရမှာပါ။ စင်္ကာပူကနေမပြန်ခင် နှစ်လအလိုမှာတော့ ယှဟာဒဟ်ကို ကြေငြာဖို့ ကျွန်မ အရံသင့် ဖြစ်သွားခဲ့ပါပြီ။

    ဒီလိုခြေစုံပစ်ဝင်ရောက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မရဲ့အပြစ်အားလုံး ခွင့်လွှတ်ခံရရေးအတွက်ဖြစ်ပါတယ်။ ဒါ့ပြင် အစ္စလာမ်က ကျွန်မကို သိက္ခာရှိတဲ့အမျိုးသမီး ဖြစ်လာစေ တာလည်း ပါတာပေါ့။ အစ္စလာမ်မှာက ကျွန်မ သိချင်တဲံအရာတိုင်းအတွက် အဖြေ ရှိနေကြတယ်။ ကျင့်ကြံဖို့လည်း လွယ်ကူတယ်လေ။ ဒါကြောင့် ကျွန်မ လုပ်သင့်တဲ့အရာနဲ့ စတင်အပ်တဲ့အချိန်ကို ရွေးချယ်လိုက်ပါတယ်။ အလ္လာဟ်အရှင်မြတ် (SWT) က ကျွန်မရဲ့ ရည်ရွယ်ချက်တိုင်းကို သိရှိနေတော်မူလေတော့ ကျွန်မရဲ့လုပ်ဆောင်မှုမှန်သမျှ အလ္လာဟ့်အတွက် ဖြစ်ရပါတော့မယ်လေ။

    အထီးမကျန်တဲ့ လက်ဦး ရမ်ဒွါန်

    ကျွန်မ မုစ်လိမဟ် ဖြစ်ပြီး နှစ်လသမီးအရွယ်မှာ ပထမဆုံး ရမ်ဒွါန်ကို ကြုံကြိုက်ခဲ့ရတယ်။ အိမ်ထဲမှာ ကျွန်မ တစ်ယောက်တည်း ………   ဒါပေမယ့် ကျွန်မ ၀မ်းနည်းအားငယ်မှုကို မခံစားရဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ မုစ်လင်မ်သူငယ်ချင်းတွေအားလုံး အွန်လိုင်းမှာ ကျွန်မနဲ့အတူတူ ရှိနေကြလို့ပါဘဲ။ အစ္စလာမ့်သွေးစည်းမှုက နက်နဲတဲ့ခံစားချက်ကို ဖြစ်ထွန်းလာစေခဲ့ပါတယ်။

    ဒီလို အိခ်ဝါ (ညီနောင်ဖွဲ့ခြင်း)ရဲ့ အနှစ်ရသကို ရရှိစေတဲ့ အင်တာနက်ကိုလည်း ကျေးဇူးတင်မိပါတယ်။ အင်တာနက်ကနေတဆင့် ပထမဆုံး မုစ်လင်မ်မိတ်ဆွေတစ်ဦးကို ဆုံစည်းမိချိန် ကတည်းက ကျွန်မအပေါ် အလ္လာဟ့်ကရုဏာတော် သက်ရောက်လိုက်ပြီဆိုတာ ကျွန်မ သိရှိနားလည် သွားခဲ့ပါတယ်။ အခုဆိုယင် ကျွန်မဆီမှာ ဒုက္ခတစ်ခုခုကြုံလေတိုင်း အလ္လာဟ်အရှင်မြတ်ရဲ့ စမ်းသပ်ချက်တစ်ရပ်လို့ သိနေပြီလေ။ အဲ့ဒီဒုက္ခရဲ့အကျိုးဆက်က ဘာပဲဖြစ်ပါစေ ကျွန်မအတွက် အကောင်းဆုံးတစ်စုံတစ်ရာဖြစ်လာအောင် အလ္လာဟ်အရှင်က စီစဉ်ပေးတော်မူမှာပါ။ မုစ်လိမဟ် တစ်ဦးအဖြစ် ဘ၀ဆောက်တည်ခွင့်ရလို့ ကျွန်မ အလွန်တရာ ကြည်နှူးဝမ်းမြောက်မိပါတယ်။ ပြီးတော့ မုစ်လင်မ်မဟုတ်သူများအပေါ် ကျွန်မရဲ့ ရှာဖွေတွေ့ရှိချက်တွေကို

    ဝေမျှပေးနိုင်ဖို့လည်း မျှော်လင့်လျက်ပါဘဲရှင်။

     

     

    ပုံဖော်ရေးသားတင်ဆက်သူ

    Johari  Abdul  Aziz

    From –  TMR : Vol 19 , No.1 , Pg 28-29

               TMR :   Following  Faith ( 2010 – 2011 ), Pg 39

     


  • အမိမြေ ပူလောင်တာ ရခိုင်တွေကြောင့်လား?

     L. နေတောင်

     

    ဆောင်းပါးမစခင် ကြိုပြောစရာရှိတာတွေကို ကြိုပြီးတော့ပြောထားချင်တယ်။ ဒီဆောင်းပါကို နာမည်ကြီးမြန်မာသတင်းဌာန ၂ ခု စီ အရင်ပို့ ပေမဲ့ ပါမလာတဲ့အတွက် M-Media ကိုပို့ ပါ တယ်။ နယ်စပ်က ကျနော့်အတွေ့ အကြုံအပေါ်အခြေခံပြီး ရခိုင်-ရိုဟင်ဂျာအရေး တင်ပြချင်ပါတယ်။

    နောက်တခုက အမျိုးသမီးတဦး မတရားကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရတယ်ဆိုတော့ ကျနော်က လက်ရှိ ကချင်ပြည်မှာ အမျိုးသမီးတွေ ဒီလိုပြုကျင့်ခံနေရတာနဲ့ ဆက် တွေးပြီး အတော် ကိုယ်ချင်းစာပါတယ်။ ဒေါသလည်းဖြစ်မိတယ်။ သတင်းတွေကို သေချာဖတ်ကြည့်လိုက် တော့ အစ္စလာမ်ဘာသာတွေက ခုလိုလုပ်တယ်ဆိုပြီးရေးထားတော့ ကျနော် ချက်ချင်းတွေးမိတယ်။ ဒါသွေးရိုးသားရိုးဟုတ်ပါ့မလား။ ပြသနာတွေများ ဆက်ဖြစ်လာတော့မလားပေါ့လေ။

    ရခိုင်ပြည်မှာဖြစ်တယ်ဆိုတာရယ် ကျနော်တို့  တိုင်းရင်းသားညီအစ်ကိုလည်းဖြစ်တဲ့ ရခိုင်သတင်း ဌာနတခုက ဒီကိစ္စကို လူမျိုးရေးဘာသာရေးစကားလုံးတွေနဲ့  တသီကြီးဖော်ပြထားထာတွေ့ လိုက်တော့  ဒါဆို ရင်တော့မဟုတ်တော့ဘူး၊ တခုခုတော့ဖြစ်တော့မှာ သေချာတယ်ပေါ့။ သိပ်မကြာပါဘူး။ ခရီးသွား အစ္စလာမ် ၁၀ ယောက် အသတ်ခံလိုက်ရတယ်ဆိုပြီး မြန်မာတနိုင်ငံလုံး ရိုက်ခတ်သွားတယ်။

    ဒီကိစ္စကို ကျနော်ဘယ်လိုမြင်လဲဆိုရင် ရခိုင်တွေဟာ ရိုဟင်ဂျာမုန်းတာနဲ့ တတိုင်းပြည်လုံးကို အပူအပင်တွေ ပြဿနာတွေ တင်ပို့ နေတယ်လို့ မြင်တယ်။ ထင်ရာပြောတာမဟုတ်ပါဘူးခင်ဗျာ၊ အတွေ့ အကြုံတွေအရ မြင်ရာကိုပြောတာပါ။ ဆိုလိုတာက ဒီလိုပါ။

    ကျနော် နယ်စပ်မှာ အကြာကြီးနေဖူးပါတယ်။ တိုင်းရင်းသားလူငယ်ကိစ္စတွေအများကြီးသွား ဖူးတယ်။ ကျနော်ဘ၀င်မကျတာတခုက ဘာလဲဆိုရင် ရခိုင်တွေဟာ အ မျိုးသားရေးစိတ်ဓာတ် အရမ်းပြင်းထန်တယ်ဗျာ။ တိုင်းပြည်ချစ်စိတ်ထက် ကိုယ့်လူမျိုးရေးတခုတည်းကို အရမ်းရှေ့ တန်းတင်တယ်။ တနိုင်ငံလုံးအတွက် ခြုံပြီး ရိုးရိုးသားသားဝေဖန်တာပါ။ ကျနော်တို့  အစည်းအဝေးတွေလုပ်မယ်ဆိုရင် ရခိုင်တွေက ရိုဟင်ဂျာဆိုတဲ့ စကား ၁ ခွန်းလေးတောင်ပေး မပြောဘူး။ မတော်လို့  အဲ့ဒီစကားလုံးထွက်သွားရင်တောင် ကျနော်တို့ အပြောခံရတော့တာပါပဲ။ ကျနော်တို့ က ဒါဆိုရင် ဘယ်လိုခေါ်ရမလဲဆိုတော့ ဘင်္ဂလီကုလားလို့ ပဲခေါ်တဲ့။ ကုလားဆိုတာ နှိမ်ချပြီးခေါ်မှန်းသိရက်နဲ့ ရခိုင်တွေနဲ့ ဆက်ဆံရေး မပျက်ချင်တော့ အဲ့ဒီလိုပဲလိုက်ခေါ်ကြရတယ်။ လူ့ အခွင့်အရေးဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဝေါ့ရှော့ ကြီးတွေသွားပြီး ရိုဟင်ဂျာဆိုတဲ့ လူတွေခံနေရတာကို မသိကျိုးကျွံပြုကြရတယ်။ ရခိုင်အကြိုက်လိုက်ပြီး ခွဲခြားဆက်ဆံကြရတယ်။

    အစည်းအဝေးမဟုတ်ဘဲ အင်ဖော်မာစကားပြောပွဲလုပ်တာတို့  အလုပ်သင်တန်း ဝေါ့ရှော့တို့ လုပ်လို့  ရိုဟင်ဂျာ လူငယ်တယောက်ယောက်ကိုဖိတ်မိရင်တောင် ရိုဟင်ဂျာကိုထွက်ခိုင်းရင်ထွက် မထွက်ခိုင်းရင် ကျနော်တို့  ကျမတို့ ထွက်မယ်ဆိုပြီး ထွက်သွားကြတယ်။ တခါတလေ အီးမေးပို့ လို့   ရိုဟင်ဂျာ တစ်ယောက်လောက် ပါသွားရင်တောင် သူတို့ ကိုပို့ ရကောင်းလားဆိုပြီး ပြသနာရှာခံရတယ်။

    ကျနော်တို့ က ရိုဟင်ဂျာကို တိုင်းရင်းသားဖြစ်တယ်လို့  ပြောနေတာမဟုတ်ပါဘူး။ ခုနက အလုပ်ရုံဆွေးနွေးပွဲဆိုတာ လည်း တိုင်းရင်းသားဖြစ်ရေး မဖြစ်ရေး မဟုတ်ပါဘူး။ မြန်မာပြည်မှာ တရုတ်တို့ ဘာတို့  သံယံဇာတထုတ်တဲ့ကိစ္စတို့ ၊ ဒုက္ခသည်အခွင့်အရေး၊ အခြေခံလူ့ အခွင့်အရေးတို့ နဲ့ ဆိုင်တဲ့ကိစ္စတို့ ပါ။ ဒုက္ခသည်အရေး စုပေါင်းလုပ်တဲ့နေရာမှာ ရိုဟင်ဂျာဒုက္ခသည်ကိစ္စအတွက် ရိုဟင်ဂျာကို မဆက်သွယ်ရင် ဘယ်သူ့ ကိုဆက်သွယ်ရမလဲခင်ဗျာ။ ကျနော်တို့ လည်း မသွားနိုင်၊ ဘာမှလည်းလုပ်မပေးတတ်။  ဘင်္ဂလားမှာရှိတဲ့ ဒုက္ခသည်ကိစ္စ ရိုဟင်ဂျာကို မခေါ်ရင် ကျနော်တို့  ဘယ်လိုလုပ်ကြမလဲ။

    ဒီလိုကိစ္စတွေမှာတောင် လုံးဝဆက်ဆက်ထိမခံဘဲ။ လူဆိုတဲ့ အခွင့်အရေးလေးတော့ နဲနဲလေးစဉ်းစားသင့်တယ်လို့  ပြောတော့ ဒါဆိုရင် ရိုဟင်ဂျာတွေကို ခင်ဗျားတို့  ပြည်နယ်မှာ ခေါ်ထားပါလားဆိုပြီးတမျိုး၊ အဲ့ဒီကိစ္စဟာ ရခိုင်ပြည်ကိစ္စဖြစ်လို့  ခင်ဗျားတို့  ၀င်မပြောနဲ့ ဆိုပြီးတခါပြောတယ်။

    ဒီလိုဆိုရင် ကျနော်ပြောချင်တယ်ဗျာ။ ရခိုင်-ရိုဟင်ဂျာအရေးက ရခိုင်ပြည်ကိစ္စချည်းဆို ခုဘာဖြစ်လို့ ရခိုင်ပြသနာကို တနိုင်ငံလုံးဆီထိ တင်ပို့ ရတာလဲ။ ရခိုင်ပြည်မှာသတ်တဲ့ကိစ္စ မြန်မာပြည်တခုလုံးပူပန်ရပြီ။ ရခိုင်တွေက ရိုဟင်ဂျာမုန်းတယ်ဆိုပြီး ဘာသာရေးတခုလုံးကို ခြုံပြောတာတွေ၊ ကုလားကုလားဆိုပြီး ခြုံငုံပြောဆိုတာတွေ အမြဲကြားနေရတော့ စိတ်မကောင်းဘူးဗျာ။

    နောက်တခုက — ရခိုင်တွေဟာ ရိုဟင်ဂျာကိုချည်းမဟုတ်၊ ဗမာတွေကိုလည်း အရမ်းမုန်းတယ်။ အစည်းအဝေးတိုင်းမှာ မဟာဗမာလူမျိုးကြီးဝါဒဆိုပြီး ဗမာတွေ ကိုလည်း အကောင်းတစက်မှမမြင်ဘူး။

    တခါက ဘန်ကောက်က ချူလာလောင်ကုန်းတက္ကသိုလ်မှာ ကလေးစစ်သားကိစ္စ နိုင်ငံတကာအစည်းအဝေးလုပ်တော့ အဲ့ဒီမှာလည်း ဗမာတွေ ရခိုင့်နိုင် ငံတော်ကိုဖျက်ဆီးခဲ့တဲ့အကြောင်း၊ ဗမာတွေမကောင်းကြောင်း စကားလုံးကြမ်းကြမ်းတွေနဲ့  ကတုန်ကယင်ထပြောတော့ ကျနော်တို့ တွေ တော်တော် မျက်နှာပူရတယ်။ ဘယ်သွားသွား ဒီလိုကြုံရတော့ မျက်နှာအရမ်းပူရတယ်။ အဲ့လိုမဖြစ်အောင်အကြံပေးတိုင်း ခင်ဗျားနဲ့  ဗမာအမျိုးတော်လားဆိုပြီးတခါ၊ ဒူးမနာသားဆိုပြီးတမျိုး အပြောခံရသေးတယ်။ နောက်ပိုင်းဆို အစည်းအဝေးတွေသွားရင် ကျနော် ဘယ်တိုင်းရင်းသားဖြစ်တယ်ဆိုပြီး ရခိုင်မဟုတ်မှန်း အ စည်းအဝေးတက်သမားတွေသိအောင် ထုတ်ပြောရတဲ့အဆင့်ထိဖြစ်လာတယ်။ တခြားအများကြီးရှိသေးတယ်။ နယ်စပ်မှာ တိုင်းရင်းသား ကိစ္စလှုပ်ရှား နေတဲ့လူ တိုင်းသိပါတယ်။ ကျနော်တို့  ခေါင်းဆောင်တွေကလည်း ကိုယ့်အထုပ်ကိုယ်မရှင်းနိုင်တာတမျိုး၊ ရခိုင်က အုပ်စုတောင့်တော့ သူတို့ နဲ့  ပြသနာမဖြစ်ချင်တာနဲ့  နှုတ် ပိတ်နေရတယ်။

    ဗမာတွေ ကျနော်တို့  တိုင်းရင်းသားတွေကို နှိပ်စက်တာ မှန်ပါတယ်။ ဒါပေမဲ့ ပြောတာဆိုတာမှာ သူ့ နေရာနဲ့ သူပေါ့ဗျာ။ ဗမာစစ်တပ်မကောင်းတိုင်း ဗမာတခုလုံးကို သိမ်းကြုံးပြောနေတာလည်း မဟုတ်သေးဘူး။ ဗမာစစ်တပ်လို့  ပြောပြောနေတဲ့ စစ်တပ်မှာတောင် ချင်းတွေ၊ ရခိုင်တွေ၊ ရှမ်းတွေ၊ ရှိသေးတာပဲ။ မြန်မာပြည်အရှေ့  ပိုင်း တိုင်းရင်းသားဒေသတွေမှာ မုဒိန်းမှုတွေကျူးလွန်တဲ့ထဲမှာ ရခိုင်တပ်တွေ တော်တော်ဆိုးတယ်။ အရင်တုန်းက စစ်တပ်အချင်းချင်းပို့ တဲ့ ကြေးနန်းသတင်းတွေ ခနခနဖတ်ရတယ်။ သတင်းတွေမှာ မုဒိန်းမှုဖြစ်ပြီဆိုရင် ခနနေ ရခိုင်တပ်၊ ခုနေ ရခိုင်တပ်။ ခနခနကြားနေရတာပဲ။ ဆိုလိုတာက မကောင်းဘူးဆိုတဲ့ စစ်တပ်တောင်မှ ဗမာ ဗမာ ခြုံပြောလို့  မရဘူးလို့ ပြောတာပါ။ နောက်ပြီးတော့ ရခိုင်တွေလည်း မုဒိန်းမှုကျူးလွန်တယ်ဆိုတာ ပြောချင်တယ်။ ဒါအမှန်တရားပါပဲ။ မယုံရင် စောင့်ကြည့်ပါ၊ အမှန်တရားကို ထုတ်ဖော်ပြောလို့ ရတဲ့တနေ့ ကြရင် ဒါတွေပေါ်လာပါမယ်။

    နောက်တခုကျနော်ပြောချင်တာက ဘာသာရေး။ ရခိုင်အများစုက ဗုဒ္ဓဘာသာဖြစ်တော့ ရခိုင်အမျိုးသားရေးဝါဒက ဗုဒ္ဓဘာသာမပါရင်မပြီးဘူးဖြစ်နေတယ်။ ရိုဟင်ဂျာကိစ္စပြောရင် ရိုဟင်ဂျာချည်းပြသနာမဟုတ်တော့ဘူး၊ ဗုဒ္ဓဘာသာကို လွမ်းမိုးတော့မှာမလို့ ဆိုပြီး အစ္စလာမ်ဘာသာကိုပါတိုက်တော့တယ်။

    ဗုဒ္ဓဘာသာကိုကိုင်ပြီးပြောလာဆိုလာတော့ ဗမာအများစု ဗုဒ္ဓဘာသာတွေလည်း ဗုဒ္ဓဘာသာကာကွယ်ရေးတို့ ၊ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာတိုင်း ပြည်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာတတိုင်းပြည်လုံး စည်ပင်ထွန်းကားရေးဆိုပြီး ဗုဒ္ဓဘာသာကို ပရိုမုတ်လုပ်ကြရော။ ဒီနေရာမှာ ကြားထဲက ခံရတာက ဗုဒ္ဓဘာသာမဟုတ်တဲ့ ကျနော်တို့  တိုင်းရင်းသားတွေပါ။ ဗုဒ္ဓဘာသာအကြောင်းပြပြီး ခရစ်ယာန်ဘုရားကျောင်းတွေကို ဖျက်ဆီးတယ်၊ တရားဟောဆရာတွေကိုဖမ်းတယ်၊ နှိပ်စက်တယ်။ ချင်းပြည်နဲ့  ကချင်ပြည်မှာ ဒီလိုတွေ အများကြီး အများကြီး။ ကရင်ပြည်မှာတော့ ပြောမနေတော့နဲ့ပေါ့ဗျာ။ ကချင်ပြည်နယ်မှာ ချရှ်ကိုသိမ်းပြီး စစ်စခန်းဆောက်လိုက်တယ်ဗျာ။ လက်ဝါးကပ်တိုင်တွေ မမြင်ချင်ဘူးဆိုလို့  ကျနော်တို့  ပြည်သူတွေကိုယ်တိုင်ပဲ ကိုယ့်စရိတ်နဲ့ ကိုယ် သွား ဖြုတ်ပေးခဲ့ရတယ်။ ရခိုင်တွေကြောင့် ကျနော်တို့ လည်း ထိခိုက်နေတယ်။

    Photo: Mandalay Gazette

    အခုနောက်ဆုံး လူ ၁၀ ယောက်သတ်မှုကိုလည်း ကြည့်ကြည့်ပါ။ အသတ်ခံရတဲ့လူတွေရဲ့ ဓာတ်ပုံတွေ့ ရတယ်ဗျာ။ မသေမချင်းရိုက်သတ်ထားတာ ခေါင်း တွေဟာပေါက်ပြဲထွက်ပြီး ရစရာမရှိလောက်အောင် ရိုက်ထားတယ်။ ရခိုင် ညီအကိုတွေကိုပြောချင်ပါတယ်ဗျာ – လူသတ်မှုမှာ ဂုဏ်ယူစရာဆိုတာမရှိ ပါဘူးလို့ ။ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုမှာ ဂုဏ်ယူစရာ ဆင်နွဲစရာမရှိပါဘူးလို့ ။ ခုလိုဖြစ်တော့ ရခိုင်အားလုံးရဲ့  သိက္ခာပိုပြီးတော့ ကျဆင်းသွားပြီ။

    ဒါဘာကြောင့်ဖြစ်ရတာလဲ။ ရိုဟင်ဂျာမုန်းတာတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာမုန်း တယ်ဆိုပြီး အင်တာနက်ပေါ်မှာ ဆဲနေဆိုနေတဲ့ စကားလုံးတွေကို သတိထားကြည့်ပါ။ တကယ့် မင်းမဲ့စရိုက်ဆန်ဆန်ပါပဲ။ အပြင်မှာလည်းဒီလိုပါပဲ။

    ရခိုင်တွေက သူ့ လူမျိုးအတွက်ဆိုပြီး လူမျိုးရေးဝါဒတွေကြီးထွားပြီး မဆင်မခြင် တတိုင်းပြည် လုံးကလူတွေကို ရိုဟင်ဂျာမုန်းတီးရေးတင်မက ခုနောက် ဆုံး အစ္စလာမ်ဘာသာဝင်တွေကိုပါ ရန်ရှာတဲ့အထိဖြစ်လာပြီ။ ရိုဟင်ဂျာကို ရန်ရှာတုန်းက ပြသနာက သေးသေးလေးပေမဲ့ အစ္စလာမ်တခုလုံးကို ရန်ရှာရင် ဒါ တတိုင်းပြည်လုံးမှာရှိတဲ့ အစ္စလာမ်ဘာသာတွေကို ရန်သွားရှာလို့ တနိုင်ငံလုံးအတိုင်းအတာဖြစ်သွားပြီ။ ရိုဟင်ဂျာကို အကြောင်းပြပြီး တတိုင်းပြည်လုံးကို အပူလှိုင်းတွေတိုက်ပေးသလိုဖြစ်နေပြီ။ ကျနော်တို့ တိုင်းရင်းသားလူငယ်အတွေကလည်း မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုသာ ရခိုင်တွေကို ဆက်ဆံနေရတာ။ ခုလိုမျိုးထိဖြစ်လာတော့ အောင့်နမ်းရမှာတောင် စိတ်ထဲမကောင်းလှဘူးဗျာ။ သိသိနဲ့  ပါးစပ်ပိတ်ထားရတာ၊ ချိုးဖောက်ခံနေရတာ သိသိနဲ့ မျက် ကွယ်ပြုနေရတော့ လူ့ အခွင့်အရေးဆိုတာပြောဖို့  လိပ်ပြာမလုံတာကြာပြီ။

    ဒီနေရာမှာ ကျနော့်အနေနဲ့  ကျနော့် တိုင်းရင်းသား ညီအကိုမောင်နှမတွေကို တခုပြောချင်ပါတယ်။ ရခိုင်လူသတ်မှုကို သင်ခန်းစာယူပါ။ ရခိုင်တွေကို နိုင်ငံတကာက အရင်တုန်းက အမျိုးသားရေးဝါဒပျင်းထန်သမားတွေလို့ ပဲသိတယ်။ ဗမာတွေကို ကျနော်တို့  မဟာဗဟာလူမျိုးကြီးဝါဒီဆိုပြီး စွပ်စွဲသလို ရခိုင်တွေကိုလည်း နိုင်ငံတကာက လူမျိုးကြီးသမားတွေလို့ ပဲသိတယ်။ ခုတော့ racist (လူမျိုးရေးခွဲခြားတဲ့လူတွေ) လို့ တင်မက  ဒါမှမဟုတ် ခုလို လူသတ်မှုတွေပါဖြစ်တော့ အစွန်းရောက် အကြမ်းဖက်သမားတွေလို့  သတ်မှတ်ကြတော့မှာ။

    ပြီးခဲ့တဲ့ ၂ နှစ် လောက်ကတည်းက အင်တာနက်မှာ လူမျိုးရေးတိုက်ခိုက်တာတွေ ဘာသာရေး တိုက်ခိုက်တာတွေ တွေ့ ရတော့ နဲနဲစိတ်မကောင်းဖြစ်မိတယ်။ ပိုပြီး စိတ်မကောင်းဖြစ်လာရတာတော့ ကျနော်တို့  တိုင်းရင်းသားလူငယ်လေးတွေကပါ သူများနားယောင်ပြီး ဒေါသတွေဖြစ်ပြ၊ မူစလင်တွေကို လိုက်ဆဲကြနဲ့ မြင်ရတော့ လူငယ်တွေခမြာ သူတို့ ရဲ့  တိုင်းပြည်ချစ်စိတ်ကို အလွဲသုံးစားလုပ်ခံနေရပါလားပေါ့။

    ကျနော် ရိုဟင်ဂျာဖက်လိုက်ပြီးပြောတာမဟုတ်ပါ။ ခုဖြစ်တဲ့ရခိုင် ရိုဟင်ဂျာကိစ္စမှာ ရခိုင်ပြည်သူတွေလည်းနာပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ အတိုင်းအဆမဲ့  ပိုနာတယ်၊ လုံခြုံရေးတွေနဲ့ ရခိုင်တွေပေါင်းပြီး အကြီးအကျယ်တိုက်ခိုက်ထားတယ်ဆိုတာတွေ သတင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ အတိအကျရထားတယ်။ ဒါတွေမြင်တော့ ရိုဟင်ဂျာတွေ ဘယ်လောက်ထိခိုက်ပျက်ဆီးသွားတယ်ဆိုတာ ရခိုင်တွေခံရတာထက် အများကြီး အများကြီးဆိုးပါတယ်။

    ဒါကြောင့် တိုင်းရင်းသားတွေရော ဗမာတွေရော ရခိုင်အစွန်းရောက်တစုရဲ့  လူမျိုးရေးဘာသာရေး မှိုင်းမမိပါစနဲ့ လို့  အကြံပေးလိုပါတယ်ဗျာ။ တိုင်းပြည် ငြိမ်းချမ်းဖို့  သွားနေရတဲ့အချိန်မှာ လူတစုရဲ့  မိုက်ကန်းမှုကြောင့် သူခိုးဓားရိုးကမ်းမဖြစ်စေဖို့  လူမျိုးရေး ဘာသာရေး ကိစ္စတွေမှာ ရှောင်ပေးကြပါ။

     

    ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်ဖြစ်သည်။

  • လွှတ်တော်တွင် ဖတ်ကြားမည့် ရခိုင်အရေး သမ္မတသဝဏ်လွှာ ရခိုင်အမတ်များ ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်း

    သြဂုတ်၊ ၂၃ ၊ ၂၀၁၂

    M-Media

    ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ်တွင်ပါဝင်သော နိုင်ငံတော် သမ္မတရုံး၏  သြဂုတ်လ၊ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် ရက်စွဲပါ စာအမှတ် (၁)/၈/ သမ္မတရုံးက ပေးပို့လာသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ရခိုင်အမတ် ဒေါက်တာအေးမောင်နှင့် ဦးဘရှိန်တို့ ကန့်ကွက်မှုကြောင့်  ဖတ်ကြားခြင်းမပြုတော့ဘဲ အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

    မူလအစီအစဉ်အရ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစာတမ်းရဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ – ကနေ ဈ အထိ  အချက် (၁၀) ချက်ပါဝင် ကြောင်းသိရပါတယ်။

    • – ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုကြောင်း၊
    • – နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊
    • -လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်း
    • – နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက်ခြင်း၊
    • -နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည်ခြင်း စသည်ဖြင့်အချက်လိုက် ဖော်ပြထားတယ်လို့  VOA သတင်းပါ ဖော်ပြချက်အရ သိရှိရပါတယ်။

    အလားတူပဲ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပါတီများနှင့် သမ္မတ ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးတွေ့ဆုံစဉ်က ရခိုင်ပြည် အကြမ်းဖက်မှု တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါဝင်ပတ်သတ်မှု့ ကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး လှမင်းက “ဆက်မလုပ်ကြရန်၊ လုပ်ရင်တော့ အရေးယူမည်” ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲမှတ်တမ်းများတွင်ပါရှိခဲ့ကြောင်းသိရှိရပါတယ်။

  • မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်

    မလေးရှားတွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသတ်ခံရ၍ မဟုတ်

    အိဖြူမွန်
    ရန်ကုန်၊ သြဂုတ်-၁၇- ၂၀၁၂

    7Days

    သြဂုတ်လ ၂၃ ရက်ထုတ်၊ 7Days ဂျာနယ် အတွဲ ၁၁ ၊ အမှတ် ၂၄

     

    မလေးရှားနိုင်ငံ စွန်ရိုင်းပတာနီမြို့တွင် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခြင်းမှာ အသက်ခရ၍မဟုတ်ဘဲ ကားမှောက်ခြင်းကြောင့်ဖြစ်ကြောင်း ပီနန်-မလေးရှားနာရေးကူညီမှုအသင်းမှ တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။
    “အသက်ခံရတာမဟုတ်ပါဘူး။ ဟိုက်ဝေးမှာ လော်လီမှောက်တာပါ။ ပီနန်မှာ ရခိုင်ကိစ္စ အရှုပ်အရှင်း မရှိပါဘူးခင်ဗျ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် မလေးရှားနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသော ရခိုင်အမျိုးသားအသတ်ခံရသည်ဟူသော စာသားများနှင့် ဓါတ်ပုံများထွက်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းကပြောကြားခြင်းဖြစ်သည်။
    ဇူလိုင်လ ၂၇-ရက်တွင် လော်လီကားမှောက်မှုကြောင့် မောင်တောမြို့နေ ရခိုင်အမျိုးသားကိုတင်လှိုင်နှင့် မလေးရှားနိုင်ငံသား တရုတ်လူမျိုးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း မတော်တဆဖြစ်ပွားခြင်းကြောင့် အလုပ်ရှင်မှ လျော်ကြေးကိစ္စများတာဝန်ယူပေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    “မဟုတ်မမှန် လူမျိုးရေး လှုံ့ဆော်တာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းကိုတော့ ဘယ်ကမှ ဆက်သွယ်မလာပါဘူး“ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
    ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခများနောက် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်သော ရခိုင်အမျိုးသားများ အသက်ခံရသည့်သတင်းများ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ထွက်ပေါ်ခဲ့သည်