News @ M-Media
Blog
  • ရုရှား၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှု
    ရုရှား၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှု
    ဇူလိုင် ၁၉ ရက် ၂၀၁၂
    BBC News
    ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးသွားပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ရုရှနိုင်ငံခေါင်းဆောင် ဗလာဒီမာပူတင်အား တာတာစတန်ဒေသ မွတ်စလင်ခေါင်းဆောင် Mufti Ildus Fayzov နှင့် (၂၀၁၁ခုနှစ်) တွေ့ဆုံစဉ်
    တာတာစတန်ဒေသ၏ မြို့တော်ကာဇန်၌ ရေဒီယိုအသံလွှင့်ရုံမှအပြန် စီးနင်းလာသောကား ပေါက်ကွဲမှုကြောင့် ဓမ္မသတ်မှူးချုပ် Mufti Ildus Fayzov ဒဏ်ရာရရှိခဲ့သည်။ ထိုအချိန်၌ပင် ယခင် ဒု-ဓမ္မသတ်မှူးချုပ် Valiulla Yakupov မှာ မိမိအိမ်အနီး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကွယ်လွန်သေဆုံးသွားခဲ့သည်။
    ရုရှားနိုင်ငံ၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှုများ အများအပြားရှိပြီး ယခုဖြစ်ပွါးရာ တာတာစတန်ဒေသသည် မွတ်စလင်အများစု နေထိုင်ရာဒေသဖြစ်ပြီး အေးချမ်းတည်ငြိမ်သည့် ဒေသတစ်ခုဖြစ်သည်။
    မောင်လှငွေ
    ကိုးကား
    http://www.bbc.co.uk/news/world-europe-18900049
  • မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး
    မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး
    ဇူလိုင် ၂၂ရက်၊ ၂၀၁၂
ှSource: http://www.channelnewsasia.com
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)က ပြုပြင်ပြောင်းလဲရေးဝါဒီအတိုက်အခံများသို့ “အလွန်အမင်းလွတ်လပ်မှုဟာ မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံအဖို့ အန္တရာယ်တစ်ရပ်ဖြစ်”ကြောင်း ပြန်လှန်ပြောကြားလိုက်ပါတယ်။
    ရာမသွာန်ဥပုတ်လ မစတင်မီ မွတ်စလင်ဘာသာရေးအကြီးအကဲ ၁၀၀၀၀-ကျော် တက်ရောက်လာတဲ့ စုံတွေ့ပွဲတစ်ခုမှာ မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲအတွက် ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ”ကြောင်းလည်း ပြောကြားပါတယ်။
    “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်”  ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ လာမည့်နှစ်ဦးပိုင်းမှာ ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး လက်ရှိအာဏာရအစိုးရဘက်လိုက် ဥပဒေများကို ပြုပြင်ရန်လိုကြောင်း အတိုက်အခံများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
    လူဦးရေ ၂၈-သန်းရှိ မလေးရှားနိုင်ငံမှာ မလေးလူမျိုး မွတ်စလင် ၆၀-ရာခိုင်နှုန်းရှိပြီး ကျန်မှာ တရုတ်လူမျိုးနဲ့ မွတ်စလင်မဟုတ်သူ အိန္ဒိယလူမျိုးများဖြစ်ကြပါတယ်။
    မောင်လှငွေ
    ကိုးကား http://www.channelnewsasia.com/stories/afp_asiapacific/view/1214491/1/.html
  • MMSY လူငယ်များ၏ ဒုတိယပရောဂျက် (ရမဿွန် လက်စွဲ) Android application အခမဲ့ဖြန့်ချီ
    MMSY လူငယ်များ၏ ဒုတိယပရောဂျက် (ရမဿွန် လက်စွဲ) Android application အခမဲ့ဖြန့်ချီ
    MMSY Android group ၏ ဒုတိယ ပရောဂျက်ဖြစ်သော Ramadhan Handbook (ရမဿွန် လက်စွဲ) ကို Google Play တွင် ဖြန့်ချီ
    ဇူလိုင် ၂၂ ရက်၊ ၂၀၁၂၊
    M-Media News
    ရန်ကုန်။
    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ဒုတိယမြောက် ပရောဂျက် အဖြစ် “Ramadhan Handbook” application ကို ထပ်မံပြီး အခမဲ့ ထုတ်ဝေလိုက်ပါသည်။ ၄င်း application သည် Android ဖုန်း/tablet အသုံးပြုသော မြန်မာမွတ်စလင်မ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊မြန်မာဖောင့် ကို app အတွင်း ထည့်သွင်း (embed) လုပ်ထားသည့်အတွက် ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း application တွင်မြန်မာစာဖြင့် ဖတ်၍ ရမည်ဖြစ်သည်။ လမြတ်ရမ်ဇာန်၊ ရိုဇဟ်ဥပုသ်၊ အိသိကားဖ်၊ တရာဝီဟ်နမာဇ်၊ ကဒရ်ညဥ့်မြတ် စသည်တို့နှင့် သက်ဆိုင်သည်များကို လက်လှမ်းမှီသမျှ ကျမ်းကိုးများမှ ကောက်နှုတ်တင်ပြထားသည်။
    App Screenshots
    အဆိုပါ application အတွင်းပါဝင်သော အခန်းကဏ္ဍများမှာ –(၁) လမြတ်ရမဿွာန်နှင့် ရိုဇာဟ် ဥပုသ်ဆိုင်ရာ ထူးမြတ်မှုများ
    (၂) ဝါချည်ခြင်းနှင့် ဝါဖြေခြင်း
    •  ရိုဇဟ်ထားရန် နီယသ်ပြုခြင်း
    •  စဲဟ်ရီ ဝါချည်ခြင်း
    •  အိဖ်သာရီ ဝါဖြေခြင်း
    (၃) ရိုဇဟ်ဥပုသ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ
    •  ရိုဇဟ်စောင့်ထိန်းရာမှ ခွင့်လွှတ်ချက်ရှိသူများ
    •  ရိုဇာဟ် ပျက်စေသော အရာများ
    •  ကဿွာရိုဇဟ်များ၏ မတ်စ်အလဟ်များ
    •  ရိုဇဟ်၏ ကသ်သွာနှင့် ကဖ်ဖာရဟ်၏ မတ်စ်အလဟ်များ
    •  ဖစ်ဒ်ယဟ်နှင့် ၎င်း၏ မတ်စ်အလဟ်
    •  ကိုးထားသော ရိုဇဟ်များနှင့် ၎င်း၏ မတ်စ်အလဟ်
    •  ရိုဇဟ်ကို မကရူဟ်ဖြစ်စေသော/မဖြစ်စေသော အချက်များ
    •  အမျိုးသမီးများနှင့် ပတ်သက်သည့် မတ်စ်အလဟ်များ
    (၄) ဝါချည်/ဝါဖြေ နိယသ် နှင့် အခြားဒိုအာများ
    (၅) တရာဝီဟ် နမာဇ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ
    (၆) ကဒရ်ညမြတ်
    (၇) သတ်စ်ဗီးဟ် နမာဇ်
    (၈) အိအ်သိကာဖ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ တို့ဖြစ်ကြပါသည်
    Ramadhan Handbook (ရမဿွန် လက်စွဲ) Android app ကို Google Play Store မှ တိုက်ရိုက် ဒေါင်းလုတ်လုပ်နိုင်ပြီး Play Store အသုံးပြု၍မရပါက ဤနေရာမှ  ဒေါင်းလုတ်လုပ်၍ သွင်းနိုင်ပါသည်။
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်-http://www.mediafire.com/?lwz6v31b8qemji7
    Android အသုံးမပြုသောသူများအတွက် http://apps.mmsy.info/ramadan/ တွင် အလွယ်တကူ ဖတ်ရှုနိုင်ပါသည်။ဤ “ရမဿွာန်လက်စွဲ” application သည် ရမဿွာန်လနှင့် သက်ဆိုင်သော ကောင်းနိုးရာရာ စာပေများကို လက်လှမ်းမှီသလောက် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။
    ကျမ်းကိုးများကို သက်ဆိုင်ရာ ကဏ္ဍအောက်တွင် ဖော်ပြထားသည်။ ဤ application သည် MMSY မိသားစုဝင်များ စုပေါင်းဆောင်ရွက်နေသော ပရောဂျက်များမှ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ မြန်မာမွတ်စလင်မ်များ ရမဿွာန်လနှင့် သက်ဆိုင်သော ကျမ်းကိုးများကို အလွယ်တကူ မှီငြမ်းနိုင်ရန်အလို့ငှါ လက်လှမ်းမှီသမျှ စုစည်းထုတ်ဝေခြင်းဖြစ်ပါ၍ မူရင်းစာအုပ်ရေးသားသူ/ဖြန့်ချီသူများထံ တစ်ဦးချင်း လိုက်လံ ခွင့်မတောင်းနိုင်သည်ကို နားလည်ပေးစေလိုပါသည်။
    အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပါက (သို့) ဝေဖန်အကြံပြုလိုပါက [email protected] သို့ အီးမေးလ်ပို့ဆက်သွယ်နိုင်ပါသည်။
  • “ဒီနည်းလမ်းပဲရှိတယ်” ဆိုတာမျိုးက လက်ခံနိုင်စရာမဟုတ်
    “ဒီနည်းလမ်းပဲရှိတယ်” ဆိုတာမျိုးက လက်ခံနိုင်စရာမဟုတ်
     ဘန်ကောက်ပို့စ်
    အယ်ဒီတိုရီရယ်
    ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂
    Source: http://www.bangkokpost.com/opinion/opinion/303354/only-solution-unacceptable
    နောက်ဆုံးမှာတော့ မြန်မာသမ္မတသိန်းစိန်က သူ့ရဲ့ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်အတွက် ရက်စွဲသတ်မှတ်လိုက်ပါပြီ။ တနင်္ဂနွေနေ့မှာဆိုက်ရောက်လာပြီး သုံးရက်ကြာနေထိုင်မယ့် ထိုင်းနိုင်ငံအနောက်ဘက်က အိမ်နီးချင်းနိုင်ငံရဲ့ခေါင်းဆောင်ကို ထိုင်းနိုင်ငံက ကြိုဆိုပါလိမ့်မယ်။
    ဒါပေမယ့် (ဦး)သိန်းစိန်ရဲ့ ဒီအလည်အပတ်ခရီးစဉ် အကြိုကိစ္စတွေကတော့ ရှုပ်ထွေးပွေလီနေခဲ့တယ်လို့ အနည်းဆုံး ပြောနိုင်တာပါပဲ။ သူ့အနေနဲ့ ဒီကိုလာဖို့ နှစ်ကြိမ်ပြင်ဆင်ခဲ့ပေမယ့် အဲဒီနှစ်ကြိမ်လုံး ဒီကို ရောက်မလာခဲ့ပါ။
    ခရီးစဉ်နှောင့်နှေးနေရခြင်းကတော့ စိတ်ဝင်စားစရာပါ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာစေတာက နှစ်နိုင်ငံလုံးက ဒီနှောင့်နှေးကြန့်ကြာနေမှုမှာ ကိစ္စတစ်စုံတစ်ရာ မှားယွင်းနေလို့ မဟုတ်ဘူးဆိုတာမျိုး ဖြစ်ပေါ်လာဖို့ ဖုန်းဖုန်းဖိဖိကြိုးပမ်း အားထုတ်နေကြလို့ပါ။ (ဦး)သိန်းစိန်ရဲ့ခရီးစဉ်နှောင့်နှေးနေရခြင်းမှာ ရှင်းလင်းတဲ့ အကြောင်းပြချက်တစ်ရှိပါတယ်။ (မြန်မာ) အရာရှိ အရာခံများအကြား လျှို့ဝှက်ချက်ကတော့ ကျော်ကြားတဲ့အတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည်ကို (ထိုင်းနိုင်ငံက) နွေးထွေးစွာ ကြိုဆိုခဲ့ကြတော့ တင်းမာတဲ့ အကြောင်းပြချက်တွေ (သူတို့အကြားမှာတင်) ဖြစ်နေခဲ့ခြင်းပါပဲ။
    အတိတ်က ဘယ်လိုရှိခဲ့ပါစေ၊ လွန်ခဲ့တဲ့ ရှစ်လအတွင်း အထင်ကြီးစရာတိုးတက်ပြောင်းလဲဆောင်ရွက်ချက် များကို ပြုလုပ်ခဲ့တဲ့ အစိုးရခေါင်းဆောင် (ဦး)သိန်းစိန်ကတော့ ထိုင်းနိုင်ငံကို လာရောက်ပါတော့မယ်။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံဖို့ရာ တန်းစီနေကြပါပြီ။ ပြီးခဲ့တဲ့တပတ်က ဂျင်နရယ် အီလက်ထရစ်ကုမ္ပဏီက မြန်မာပြည်ကို အိတ်စ်ရေး(X ray) စက်ကြီးတွေရောင်းချလိုက်ခြင်းဖြင့် အမေရိကန်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။
    ဒါပေမယ့်လည်း ၄၈ နှစ်တာပတ်လုံး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်အစိုးရကြောင့် နောက်ကျကျန်နေရတဲ့အဖြစ်ကို အမီလိုက်နိုင်ဖို့ကတော့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ခရီးလမ်းရှည်ကြီးကို လျောက်လှမ်းရပါဦးမယ်။ မကြာသေးမီက မြန်မာပြည်အနောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ လူမျိုးစုပဋိပက္ခကတော့ ပြည်ထောင်စုကြီးရဲ့ အခြေခံကျတဲ့ မျက်နှာစာကို လွှင့်ပစ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သမ္မတသိန်းစိန်ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတဲ့ အစိုးရအဖွဲ့တွင်းမှာ စိတ်ပျက်ဖွယ်အကောင်းဆုံးသော မှတ်ချက်များကို မကြာသေးမီက ရေရွတ်ခဲ့ပါတော့တယ်။
    သူက ပြီးခဲ့တဲ့တပတ်လောက်ကပဲ ရခိုင်ပြည်နယ် (ယခင်အာရကန်)မှာ မီလီယံချီရှိနေတဲ့ ရိုဟင်ဂျာများကို ရိုးရှင်းစွာပဲ လက်သင့်မခံနိုင်ပါဘူးလို့ ကုလသမဂ္ဂကို ပြောခဲ့ပါတယ်။ သူတို့ကို (ဒုက္ခသည်)စခန်းတွေမှာထားမယ်၊ ဒါမှမဟုတ် နှစ်ခြိုက်သဘောကျတာကတော့ သူတို့ကို တခြားတနေရာ ပို့ပြစ်လိုက်ဖို့ပါ။ သူတို့က ဗမာလူများစုနဲ့ အမျိုးနွယ်အားဖြင့် ခြားနားပါတယ်။ သူတို့ဘာသာတရားကလည်း မွတ်စလင်မ်ပါ လို့ သူ(ဦးသိန်းစိန်) က ပြောခဲ့ပါတယ်။ ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးထံ သူတို့ကို လွှဲပြောင်းပေးမယ်၊ ဒါမှမဟုတ် သူတို့ကို ခေါ်ယူလိုတဲ့ တတိယနိုင်ငံတစ်ခုမှာ နေရာချပေးမယ်။ (လို့ ဦးသိန်းစိန်က ပြောခဲ့တာပါ။)
    “မြန်မာပြည်က သူ့ရဲ့တိုင်းရင်းသားတွေအတွက်ပဲ တာဝန်ယူပါလိမ့်မယ်။ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊” ဟု ဦးသိန်းစိန်က ပြောခဲ့တယ်လို့ သူ့ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။
    ဒါတွေကတော့ ခက်ထန်တဲ့စကားလုံးတွေမဟုတ်ပါ၊ လက်ခံနိုင်လောက်ဖွယ်ပါပဲ။ ရိုဟင်ဂျာဆိုတာ စစ်အုပ်စုကပဲ တီထွင်ဖန်တီး မိတ်ဆက်ပေးလိုက်တဲ့ စကားလုံးပါ။ သူတို့ (ရိုဟင်ဂျာ)တွေမှာလည်း အခွင့်အရေးရှိပါတယ်။ သူတို့ထဲမှာ တကြိမ်တခါကတော့ မြန်မာပြည်ထဲ ပြောင်းဝင်လာကြသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ တိုင်းပြည် အနောက်ဘက်ပိုင်းမှာ မွေးဖွားခဲ့ကြသူတွေပါ။ ဦးသိန်းစိန်က သူတို့ကို အနှောက်အယှက်ပေးသူတွေလို့ စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် မြန်မာအတွက် အဖြေကတော့ သူတို့ရဲ့ အခြေအနေကို သူတို့ကိုယ်တိုင် လိုက်လျောညီထွေအောင် (လုပ်ယူသွားဖို့ပါ။)
    ဦးသိန်းစိန်ရဲ့ အလည်အပတ်ခရီးစဉ်မှာ ဒီရိုဟင်ဂျာပြဿနာကို တင်ပြပြောဆိုသင့်ပါတယ်။ ထိုင်းနဲ့ အခြားအိမ်နီးချင်းနိုင်ငံများအားလုံးကတော့ ဒီလူမျိုးစုရဲ့ ၀မ်းနည်း ပက်လက်ဖြစ်နေရပုံကို သတိထားမိပါတယ်။ ရိုဟင်ဂျာအများစုက မြန်မာပြည်က သူတို့နေအိမ်ဌာနကို စွန့်လွှတ်ထွက်ပြေးခဲ့ကြပြီး ထိုင်းနိုင်ငံကိုတော့ အခြားတစ်နိုင်ငံကို မကူးနိုင်မီ ကြားခံအဖြစ်အသုံးချကြပါတယ်။ သူတို့ကို ထိုင်းကလည်း ကြိုဆိုမနေပါ။ ကျွန်တော်တို့ (ထိုင်း) တာဝန်ခံတွေအတွက်တော့ ရံဖန်ရံခါ အရှက်ရစရာမျိုးပါပဲ။ ဒါပေမယ့် ဒီပြဿနာအရင်း အမြစ်ကတော့ မြန်မာပြည်မှာ မှီတွယ်နေတာပါ။
    မြန်မာသမ္မတရဲ့ ထိတ်လန့်တုန်လှုပ်စရာဖွယ် မှတ်ချက်ကတော့ မြန်မာနိုင်ငံက စစ်တပ်ရဲ့ သေနတ်ပြောင်းဝ မှာ ကမ္ဘာလောကနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတာကြောင့် အခုလို ပြောမိတာဖြစ်မယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်ကိုတော့ ကိုယ်ချင်းစာတရား ထားရှိလိမ့်မယ်ဆိုတဲ့ အထင်အမြင်မျိုး နဲ့ မှားမှားယွင်းယွင်း ယိုးစွပ်မှုတွေ မပြုလုပ်ရပါဘူး။ သူကလည်း သူကိုယ်ပိုင်ပြဿနာကို မြန်မာပြည်သူတွေနဲ့အတူ အဖြေရှာနေတာကြောင့် (သူ့ကို ယိုးစွပ်မှုတွေမလုပ်ပဲ သူ့ဟာသူဖြေရှင်းပါစေလေ။) သူရဲ့စကားလုံးတွေက သဘောတူနိုင်ဖွယ်မရှိဘူးဆိုရင်တော့ အဲဒီစကားတွေ အင်အားထွားလာဖို့ ထပ်ပြီးထောက်ပံ့မယ်ဆိုရင် လက်ခံနိုင်စရာမဟုတ်တော့ပါ။
    မြန်မာပြည်ကတော့ ရှည်လျားပြီး မိုက်မှောက်နေတဲ့ ဆူပူသောင်းကျန်းမှုတွေကနေ လွတ်ထွက်လာနေတာပါ။ သူတို့က ကမ္ဘာသစ်ထဲကို (ယခုပုံစံတွေနဲ့) တော်တော်ကလေး ကွဲပြားခြားနားနေတဲ့ လွန်ခဲ့တဲ့အနှစ် ၅၀ လောက်က စံပုံစံနည်းနာတွေသုံးပြီး ၀င်ရောက်လာနေတာပါ။ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာနဲ့ပတ်သတ်တဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှုပါ။ ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမှုပါ။ ခြိမ်းခြောက်မှုပါ။ သူတို့ (အဲဒီမှတ်ချက်စကားတွေ) ကတော့ စိန်ခေါ်မှုမရှိပဲ ရပ်တန့်ရမှာမဟုတ်ပါ။
  • ကျွန်မရင်ထဲက ဆန္ဒလေးတစ်ခု
    ကျွန်မရင်ထဲက ဆန္ဒလေးတစ်ခု
    (ကျွန်မအတွက် အဓိပ္ပါယ်ရှိတဲ့ အမှတ်တရနေ့တစ်နေ့ သို့မဟုတ် ၆၅-နှစ်မြောက် အာဇာနည်နေ့)
     ဇူလိုင်၊ ၁၉ ရက်၊ ၂၀၁၂
    မန္တလေး၊
    အာဇာနည်နေ့အထိမ်းအမှတ် – ကံတက်ကုန်းဘုန်းကြီးကျောင်း
    ကျွန်မအတွက်အဓိပ္ပါယ်ရှိတဲ့နေ့များစွာရှိတဲ့အနက် ၆၅-နှစ်မြောက် အာဇာနည်နေ့လည်း နေ့တစ်နေ့အဖြစ် တိုးဝင်လာခဲ့ပြန်တယ်။
    အာဇာနည်နေ့အထိမ်းအမှတ်အခန်းအနားတွေကို ဟိုးငယ်ငယ်ကသာ လက်တွေ့မြင်သိခွင့်ရပြီး နောက်ပိုင်း လက်တွေ့မြင်တွေ့ခွင့်မရတော့တာ နှစ် ၂၀-ကျော်တိုင်အောင် ကြာခဲ့ပြီလေ။
    အခု ၆၅-နှစ်မြောက် အာဇာနည်နေ့မှာတော့ ဟိုးအရင်က အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်ကြသလိုမြင်ကွင်းမျိုးထိ မရောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀-ကျော်အတွင်း ကွယ်ပျောက်နေတဲ့ အငွေ့အသက်လေးတချို့ကို ပြန်မြင်လိုက်ရတယ်။
    အာဇာနည်နေ့အထိမ်းအမှတ်အခန်းအနားတွေကို သက်ဆိုင်ရာ လုပ်နိုင်ရာ တစ်ပိုင်တစ်နိုင်လေးတွေ လုပ်လာကြတာတွေ့ရတယ်။
    အာဇာနည်နေ့အထိမ်းအမှတ် – ကံတက်ကုန်းဘုန်းကြီးကျောင်း
    ကျွန်မ မနေ့က ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းမှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကိုမြင်တွေ့ရတာလည်း ကြည်နူးခဲ့ရပါတယ်။ ကံတက်ကုန်းဘုန်းတော်ကြီးကျောင်းက သူငယ်တန်းကနေ အဌမတန်းအထိ ကလေးတွေဟာ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ဓါတ်ပုံလေးတွေ ချိတ်ဆွဲထားတဲ့ ပန်းခွေတွေကိုင်ဆောင်ပြီး အောင်ပင်လယ်တ၀ိုက် စည်းကမ်းရှိရှိ လှည့်လည်ပြီး ကျောင်းဝင်းထဲပြန်ဝင်လာတဲ့ မြင်ကွင်းလေးရယ် လွမ်းသူတွေပန်းခွေတွေချိတ်ဆွဲကြတဲ့မြင်ကွင်းလေးရယ်က ကျွန်မကို မျက်ရည်ဝဲလာစေခဲ့ပါတယ်။ အဲလိုမြင်ကွင်းမျိုး မမြင်ခဲ့ရတာ အလွန်ကို ကြာညောင်းခဲ့ပြီလေ။
    အဲဒီကနေတဆင့် မန္တလေးတိုင်းဒေသကြီးက ဦးစီးကျင်းပတဲ့ အာဇာနည်နေ့အထိမ်းအမှတ် ဆွမ်းကပ် အလှူဒါနပြုပွဲ ပြုလုပ်တဲ့ မြို့တော်ခန်းမဆီ ကျွန်မရောက်ခဲ့ပြန်တယ်။ အဲဒီမှာပဲ ၀ါဆိုဆရာတော်ကြီးက တရားတော်ဟောကြားနေစဉ်မှာပဲ မြို့တော်ခန်းမရှေ့က သြဥဆွဲသံရယ်၊ ကားတွေ ဟွန်းတီးသံတွေရယ်ကို ကြားလိုက်ရစဉ် နာရီကိုကြည့်မိလိုက်တော့ ၁၀-နာရီ ၃၇-မိနစ်မှာ လက်တံလေးတွေက ပြနေတယ်။ ပရိသတ်အားလုံးလည်း တရားနာနေကြတော့ သြဥဆွဲသံတောင် ကြားမိလိုက်ရဲ့လားလို့တွေးမိတယ်။ ဘယ်သူမှတော့ အလေးမပြုလိုက်ကြတော့ဘူးပေါ့။
    နေ့ခင်းပိုင်းမှာတော့ ကီးမားတင်ဝင်း ခန်းမမှာ ပြုလုပ်တဲ့ အာဇာနည်ကျေးဇူးအောက်မေ့ဖွယ် အခမ်းအနားကို ရောက်ပြန်တော့လည်း ကျေနပ်မိပါတယ်။ တက်ရောက် လာကြသူအားလုံးက တစ်မိနစ်ငြိမ်သက်ပြီး ကျဆုံးလေပြီးတဲ့ အာဇာနည် ၉-ဦးကို အလေးပြုခဲ့ကြပါတယ်။
    အသီးသီးပြောကြားသွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေကိုလည်း အားရမိတယ်။ မြ၀တီဆရာတော်ကြီးေ ပြောကြားသွားတဲ့  ညီညွတ်ရေးတရား၊ ဦးဘုန်း(ဓါတု)ရဲ့ မာန် အပြည့်နဲ့ပြောကြားသွားတွေကို နားထောင်ရပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသီချင်းဆိုရင်း နိဂုံးချုပ်မှာ ဗိုလ်ချုပ်မိန့်ခွန်းကို မာန်အပြည့်ပြောသွားတာ နားထောင်ရင်း ကြက်သီးတောင် ထမိပါရဲ့။
    ဒါပေမယ့် ကျွန်မရင်ထဲက ဆန္ဒလေးတစ်ခုတော့ ရှိလာခဲ့တယ်။ မန္တလေးတစ်မြို့လုံးအတိုင်းအတာနဲ့ပြုလုပ်ပြီး လူထုအားလုံးလွတ်လပ်စွာပြုလုပ်နိုင်ကြမယ့် ခြိမ့်ခြိမ့်သဲအာဇာနည်နေ့ အခမ်းအနားကြီးကိုတော့ မကြာခင်ကာလမှာ ကျွန်မမြင်တွေ့လာမယ်လို့ပေါ့ ……….. ။
    အာဇာနည်နေ့အထိမ်းအမှတ် – ကံတက်ကုန်းဘုန်းကြီးကျောင်း
    အာဇာနည်နေ့အထိမ်းအမှတ် – မြို့တော်ခန်းမ(၁)
      အာဇာနည်နေ့အထိမ်းအမှတ် – ကီးမားတင်ဝင်းခန်း