News @ M-Media

Blog

  • ကာဇတ်စတန်၌ ၂၇-ဧက အကျယ်ရှိ  ဗလီဝတ် ကျောင်းတော်သစ်ကြီး ဖွင့်လှစ်

    ကာဇတ်စတန်၌ ၂၇-ဧက အကျယ်ရှိ ဗလီဝတ် ကျောင်းတော်သစ်ကြီး ဖွင့်လှစ်

    ဇူလိုင် ၉ ရက် ၂၀၁၂
    Telegraph

    ကာဇတ်စတန်နိုင်ငံ(Kazakhstan)၊ အတ်စတာနာမြို့ရှိ (Astana)
    ဟဇရသ် စူလတန် (Hazrat Sultan Mosque) ဗလီဝတ်ကျောင်းတော်ကြီး
    Photo-AP

    ကာဇတ်စတန်နိုင်ငံ(Kazakhstan)၌  မြို့တော်သစ် အတ်စတာနာ (Astana) ပြောင်းရွှေ့နှစ်ပတ်လည် ၁၄-နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗလီဝတ်ကျောင်းတော်ကြီး တစ်ခုဖွင့်လှစ်ခဲ့သည်ပြီး အာရှတိုက် အလယ်ပိုင်းဒေသ (Central Asia)တွင် အကြီးဆုံး ဗလီဝတ်ကျောင်းတော်ကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

    ထို ဟဇရသ် စူလတန် (Hazrat Sultan Mosque) ဗလီဝတ်ကျောင်းတော်ကြီးသည် ၂၇-ဧကအကျယ်ရှိ၍ ဘောလုံးကွင်း ၁၈-ကွင်းစာ ကျယ်ဝန်းကာ လူ ၅၀၀၀ ခန့် တပြိုင်နက်တည်း ဝတ်ပြုနိုင်သည်။

    ကာဇတ်စတန်နိုင်ငံသည် အာရှတိုက်အလယ်ပိုင်းဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ၁၉၉၁-ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု (Soviet Union)မှ ခွဲထွက်ခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် မြို့တော်အား အယ်လမာတီ (Almaty)မှ ယခု အတ်စတာနာ (Astana)သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

     

    မောင်လှငွေ

    ကိုးကား

    http://www.telegraph.co.uk/news/worldnews/asia/tajikistan/8813420/Tajikstan-starts-building-one-of-the-worlds-biggest-mosques.html

  • စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    စင်္ကာပူနိုင်ငံသား မြန်မာတစ်ဦး အသက်မပြည့်သူနှင့် ကျူးလွန်မှုကြောင့် အရေးယူခံရ

    ဇူလိုင် ၁၃ ရက်၊ ၂၀၁၂

    File photo of a masked Pyi Kyaw Han in a cap leaving the Subordinate Courts with his lawyer. Pyi, 31, and Louis Lee Lip Kian, 32, both Singaporeans, pleaded guilty to the offence in court to having sex with the Singaporean girl who was not yet 18 at the time of their offences between November and December 2010. — ST PHOTO: ASHLEIGH SIM

    အသက် ၁၈ နှစ် မပြည့်သေးသူ ပြည့်တန်ဆာအမျိုးသမီးဖြင့် ကျူးလွန်မှုကြောင့် လုံခြုံရေးကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သူ စင်္ကာပူနိုင်ငံသား မြန်မာလူမျိုး ‘ပြည်ကျော်ဟန်’ (အသက် ၃၁-နှစ်)နှင့် ဘဏ်အရာရှိဟောင်း ‘လီလစ်ကိယန်’ (အသက် ၃၃-နှစ်)တို့အား တရားရုံးတင် အမှုစစ်ဆေးနေကြောင်း သိရှိရသည်။

    ‘ပြည်ကျော်ဟန်’သည် ၂၀၁၀-ခုနှစ် ဒီဇင်ဘာလ၌ ‘စထရန်း ဟိုတယ်’တွင် အဆိုပါအမျိုးသမီးအား ဒေါ်လာ ၆၅၀ ပေး၍ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး တရားရုံးမှ ဩဂုတ်လ ၂၇-ရက်တွင် အမိန့်ချမီဖြစ်ကြောင်း သိရပါသည်။

    အဆိုပါအမျိုးသမီးငယ်နှင့် ကျူးလွန်ခဲ့သူ စုစုပေါင်း ၄၈-ဦး အရေးယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

     

    ကိုညီမောင်ဦး

    ကိုးကား

    http://www.channelnewsasia.com/stories/singaporelocalnews/view/1213126/1/.html

    http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_821445.html

  • ရိုဟင်ဂျာအရေး သမ္မတဦးသိန်းစိန် အဆိုပြုချက် UNHCR အကြီးအကဲလက်မခံ

    ရိုဟင်ဂျာအရေး သမ္မတဦးသိန်းစိန် အဆိုပြုချက် UNHCR အကြီးအကဲလက်မခံ

    ဇူလိုင် ၁၂ ရက်၊ ၂၀၁၂
    source: http://www.kansascity.com/2012/07/12/3702082/un-refugee-chief-rejects-call.html

    ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးက မြန်မာသမ္မတ ဦးသိန်းစိန် အကြံပြုတင်ပြသော အရှေ့တောင်အာရှနိုင်ငံများတွင် အခြေစိုက်သည့် ရိုဟင်ဂျာများကို တတိယနိုင်ငံများတွင် နေရာချထားရေး နှင့် အခြားစောင့်ရှောက်ကူညီမှုများ ပြုလုပ်ရန်ဆိုသည့်အချက်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

    ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
    Photo: Myanmar President Office website

    ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ မိမိတို့အေဂျင်စီ၏ ကိစ္စမဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။  ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် နေထိုင်သူများဖြစ်ကြပြီး မြန်မာနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသူများဖြစ်ကြသည်။

    သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာပြဿနာအတွက် အဖြေမှာ ၄င်းတို့ကို အခြားနိုင်ငံတစ်နိုင်ငံသို့ ပို့ဆောင်ပစ်လိုက်ရန် သို့မဟုတ် UNHCR မှ ကူညီစောက်ရှောင့်ရန်ဖြစ်ကြောင်း ၄င်း၏ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တွင် ဗုဒ္ဓဟူးနေ့က မစ္စတာ အန်တိုနီယို ဂူတာရက်စ်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

    ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်ရခိုင်များနှင့် မွတ်စလင်မ်ရိုဟင်ဂျာတို့အကြား ပဋိပက္ခကြောင့် လူပေါင်းအနည်းဆုံး ၇၈ ဦးသေဆုံးရပြီး လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရခိုင်များက ရိုဟင်ဂျာများကို နယ်စပ်ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ကျူးကျော်လာသူများဟု သတ်မှတ်ကြသည်။

    သမ္မတဦးသိန်းစိန်ကမူ ထိုသည့်ပဋိပက္ခများအား ရည်ညွှန်း၍ မိမိတို့အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာသော စစ်အုပ်ချူပ်ရေးအပြီး လုပ်ဆောင်နေသည့် ဒီမိုကရေစီနှင့် စီးပွားရေးအသွင်ပြောင်းမှုများ ကို ခြိမ်းခြောက်မှုများပင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    “UNHCR က လုပ်ပေးတဲ့ ပြန်လည်အခြေချနေထိုင်နိုင်ရေး အစီအစဉ်ဆိုတာမျိုးက တနိုင်ငံကနေ အခြားတနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက်ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးအတွက်ပဲ ကျွန်တော်တို့ ဆောင်ရွက်ပေးတာပါ။ (ဒီမြန်မာပြည်က ရိုဟင်ဂျာကိစ္စကတော့) ဒါမျိုးအခြေနဲ့ ဆက်နွယ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။” ဟု အန်တိုနီယို ဂူတာရက်စ် က ပြောကြားသည်။

    ဦးသိန်းစိန်၏ အန်တိုနီယို ဂူတာရက်စ်ကို အကြံပြုရာ၌ သူ့အနေဖြင့် ရိုဟင်ဂျာဒုက္ခသည် မည်မျှရှိကြောင်း စိတ်ထဲ (မမှတ်မိ၍) ရှင်းရှင်းလင်းလင်းမသိကြောင်း ပြောဆိုခဲ့သည်။ ကုလသမဂ္ဂကမူ မြန်မာပြည်တွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈ သိန်းခန့်ရှိကြောင်း ခန့်မှန်းသည်။ ထိုသည့်တွက်ချက်မှုတွင် လွန်ခဲ့သည် ရာစုနှစ်များအလျင်ကတည်းက အခြေချနေထိုင်နေသည့် ဘင်္ဂါလီအနွယ်များပါ ပါဝင်သည်။ ထို့အတူ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာပြည်သို့ ၀င်ရောက်လာခဲ့သူများကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။

    ၁၉ ရာစုအတွင်းက အခြေချနေထိုင်လာခဲ့ကြသည့် ဘင်္ဂါလီများကိုပင် မြန်မာလူထုအများစုကြီးက တရားဝင်အခြေချနေထိုင်သူများအဖြစ် အသိအမှတ်မပြုကြချေ။ ထို ၁၉ ရာစုအတွင်း က မြန်မာပြည်မှာ ဗြိတိသျှတို့၏လက်အောက် ရောက်ရှိနေစဉ်ကာလဖြစ်သည်။

    ဦးသိန်းစိန်က မြန်မာဥပဒေအရ၊ ၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးမတိုင်မီ အခြေချနေထိုင်လာခဲ့သည့် ဘင်္ဂါလီများနှင့် ၄င်းတို့၏သားသမီးများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကြောင်း အန်တိုနီယို ဂူတာရက်စ်အား ပြောကြားခဲ့သည်။ သို့သော် လွတ်လပ်ရအပြီးမှ ၀င်ရောက်လာခဲ့သူများကိုမူ တရားမ၀င်အခြေချနေထိုင်သူများအဖြစ် ဥပဒေက သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်၏ တည်ငြိမ်မှုကိုပါး ပျက်ပြားစေဖို့ ခြိမ်းခြောက်နေသူများအဖြစ် စဉ်းစားကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

    လက်တွေ့တွင်မူ ဘင်္ဂါလီ အဆက်အနွယ်ဖြစ်သူများအနေဖြင့် မြန်မာပြည်၌ နိုင်ငံသားဖြစ်ဖို့ ခဲယဉ်းသည်။ သူတို့အား ဥပဒေပြဌာန်း၍ လှုပ်ရှားမှုများအား ထိန်းချုပ်ခြင်း၊ လက်ထပ်ခွင့်နှင့် သားသမီးယူခွင့်များကို ထိန်းချုပ်ခြင်းများ ပြုလုပ်ထားသည်။

    “မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊” ဟု ဦးသိန်းစိန်က အန်တိုနီယို ဂူတာရက်စ်ကို ပြောကြားခဲ့ကြောင်း ဦးသိန်းစိန်၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

  • ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင် “အရေပြားလှီး မင်္ဂလာပြုခြင်း” တားမြစ်ခြင်းကို မွတ်စလင်နှင့် ဂျူး အတူကန့်ကွက်

    ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင် “အရေပြားလှီး မင်္ဂလာပြုခြင်း” တားမြစ်ခြင်းကို မွတ်စလင်နှင့် ဂျူး အတူကန့်ကွက်

    ဇူလိုင် ၁၂ ရက်၊ ၂၀၁၂
    BBC News

    ဥရောပ၌ မွတ်စလင်များနှင့် ဂျူးများ အတူလက်တွဲ၍ ဂျာမနီနိုင်ငံ ကိုလုန်းမြို့တရားရုံးက ” အရေပြားလှီး မင်္ဂလာပြုခြင်း”အား ပိတ်ပင်တားမြစ်မှုအပေါ် ခုခံကာကွယ်သွားမည်ဟု သတင်းရရှိသည်။

    ” အရေပြားလှီး မင်္ဂလာပြုခြင်း”သည် သာသနာသက်ဝင်ယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် တရားဥပဒေဖြင့်ကာကွယ်ပေးရမည်ကြောင်း ပူးတွဲကြေညာချက်၌ပါရှိသည်။

    ဂျာမန်ဆေးပညာအဖွဲ့က ဆရာဝန်များအား ” အရေပြားလှီး မင်္ဂလာပြုခြင်း ” ပြုလုပ်မပေးရန် မှာကြားထားပြီး ကိုလုန်းမြို့တရားရုံးက ပိတ်ပင်ရန်ဆုံးဖြတ်ခဲ့သော်လည်း ဂျာမနီနိုင်ငံတဝှမ်းလုံးသို့ မသက်ရောက်ကြောင်းသိရသည်။

    ထိုပူးတွဲကြေညာချက်အား ဥရောပ ဂျူးဘုန်းကြီးများစင်တာ (Rabbinical Centre of Europe)၊ ဥရောပ ဂျူးပါလီမန် (European Jewish Parliament)၊ ဥရောပ ဂျူးများအဖွဲ့ (European Jewish Association)၊ ဂျာမနီရှိ တူရကီအစ္စလာမ် သာသနာရေးရာ ယူနီယံ (Germany’s Turkish-Islamic Union for Religious Affairs)၊ ဘရပ်ဆလ်မြို့ (ဘလ်ဂျီယမ်နိုင်ငံ) အစ္စလာမ်စင်တာ (the Islamic Centre Brussels)တို့အပါအဝင် အခြားအဖွဲ့အစည်းခေါင်းဆောင်များက လက်မှတ်ရေးထိုးထားသည်။

    (မှတ်ချက်။     ။ အရေပြားလှီး မင်္ဂလာပြုခြင်း အား Circumcision ဟုခေါ်၍ အစ္စလာမ်ဘာသာဝင်များသာမက ဂျူးများကလည်း လေးစားလိုက်နာကြသည်။)

     

    မောင်လှငွေ

    ကိုးကား – http://www.bbc.co.uk/news/world-europe-18807040

  • ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ

    ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ

    M-Media
    စုစည်းတင်ပြသူ-လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    ရှေးသရောအခါကတည်းက မွတ်စလင်အချို့ ခရီးရောက်ရှိခဲ့သော်လည်း ၁၈၉၅-ခုနှစ် တံခါးဖွင့် စနစ်မကျင့်သုံးမီ ကာလ ဂျပန်ပြည်ဟာ အစ္စလာမ်သာသနာနဲ့ အထိအတွေ့ မရှိသလောက်ပါဘဲ။  ၁၉-ရာစုနှောင်းပိုင်း ဗြိတိသျှ၊ ဒတ်ခ်ျ ရေကြောင်းခရီးများနဲ့အတူ မလေးမွတ်စလင်တို့ စတင်ရောက်ရှိခဲ့ပြီး ၁၈၇၀-ခုနှစ်တဝိုက်မှာ ‘မြတ်တမန်တော် သခင်မိုဟမ္မဒ်’ ရဲ့ အထုပ္ပတ္တိကို ဂျပန်ဘာသာပြန်ဆိုခဲ့ခြင်းဖြင့် ဂျပန်ပြည်သူပြည်သားများဆီသို့ အစ္စလာမ်သာသနာ စတင်ရောက်ရှိ ပြန့်နှံ့စေခဲ့ပါတယ်။ သို့သော်လည်း သမိုင်းရာဇဝင်၊ ယဉ်ကျေးမှု့ တစ်ရပ်အနေဖြင့်သာ လူသိများခဲ့ပြီး သက်ဝင်ယုံကြည်မှုအားဖြင့် အလွန်နည်းပါးခဲ့ပုံပါပဲ။

    တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်

    တူရကီနိုင်ငံ အစ္စတန်ဘူမြို့သို့ ဂျပန်အိမ်ရှေ့မင်းသား ‘ကိုမတ်စု အခီဟီတို’ သံတမန် ဆက်သွယ်လာရောက်မှုကို ပြန်လှန်ဂုဏ်ပေးအလေးပြုခြင်းငှါ ၁၈၉၀-ခုနှစ်မှာ ‘တူရကီအော်တိုမန်အင်ပါယာ’က ဂျပန်ပြည်သို့ ‘အာတုဂရုလ’ အမည်ရှိ စစ်ရေယာဉ်တစ်စီးစေလွှတ်ခဲ့သော်လည်း ၁၈၉၀-ခုနှစ် စက်တင်ဘာလ ၁၆-ရက် ညနေပိုင်း ‘ဝါကာယာမဒေသ’ ကမ်းရိုးတမ်းမှာ မုန်းတိုင်းမိပျက်စီးခဲ့ပါတယ်။

    ပထမဆုံး ‘ဟဂ်ျ’ပြုခဲ့တဲ့ ဂျပန်မွတ်စလင်လာမယ့်’ကိုတာရို ယာမာအိုက’ ဟာ ၁၉၀၉-ခုနှစ်မှာ အိန္ဓိယနိုင်ငံ ဘုံဘေမြို့မှာ ရုရှားနိုင်ငံဖွားဂျပန်အမျိုးသား စာရေးဆရာ ‘အဗဒူ

    တိုကျိုမြို့မှ ဗလီဝတ်ကျောင်းတော်

    ရာရှီးဒ် အေဗရာဟင်’ ဆိုသူနဲ့တွေ့ရှိခဲ့ပြီး အစ္စလာမ်သာသနာ့ဘောင် အတွင်းဝင်ရောက်ကာ ‘အိုမာရ် ယာမာအိုက’ အမည်ခံယူခဲ့ပါတယ်။ တကယ်တော့ သူဟာ ရုရှာ-ဂျပန်စစ်ပွဲ (၁၉၀၄-၁၉၀၅) စတင်ကတည်းက ‘မန်ချူးရီးယား’သို့ ထောက်လှမ်းရေး အဖြစ်ရောက်ရှိနေခဲ့သူပါ။

    အလားတူ အချိန်ကာလတဝိုက်မှာပဲ ‘ဘွန်ပါချိရို အာရိဂါ’ဆိုသူ ဂျပန်လူမျိုးတစ်ဦးဟာလည်း ကုန်သည်အဖြစ် အိန္ဓိယနိုင်ငံသို့ရောက်ရှိစဉ် ဒေသခံမွတ်စလင်များထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး အစ္စလာမ် သာသနာ့ဘောင်အတွင်း ဝင်ရောက်ကာ ‘အာမက် အာရိဂါ’ အမည်ခံယူခဲ့ပါတယ်။

    ၁၈၉၂-ခုနှစ်မှစ နှစ်ပေါင်း ၂၀-ခန့် တူရကီနိုင်ငံ အစ္စတန်ဘူမြို့၌ ကုန်သည်အဖြစ်အခြေချနေထိုင်ခဲ့သူ ‘ယာမာဒါ တိုအာဂျိရို’ဆိုသူကလည်း အစ္စလာမ်သာသနာ့ဘောင် အတွင်:ဝင်ရောက်ခဲ့ပြီး ‘အဗဒူ ခါလေ’ အမည်ခံကာ ဂျပန်ပြည်မပြန်မီ မက္ကာမြို့သွား ‘ဟဂ်ျ’ပြုခဲ့ပါတယ်။

    ဂျပန်နိုင်ငံဟာ ၁၉၁၇-ခုနှစ် အောက်တိုဘာ တော်လှန်ရေးဖြစ်ပွါးပြီးနောက် ရုရှားနဲ့ အာရှအလယ်ပိုင်းဒေသမှ ရာပေါင်းများစွာ ‘တူရကီ-တာတာမွတ်စလင်’ ဒုက္ခသည်များနဲ့ စစ်ပြေးများကို ခိုလှုံခွင့်ပြုခဲ့ပါတယ်။ စစ်တမ်းများအရ ၁၉၃၈-ခုနှစ်မှာ ဂျပန်ပြည်အနှံ့ ခိုလှုံခွင့်ရရှိခဲ့သူ မွတ်စလင် ၆၀၀-ဦးခန့်နဲ့ အခြား ဂျပန်ပိုင် ကိုလိုနီဒေသများမှာတော့ ထောင်ပေါင်း များစွာရှိခဲ့ပြီး ဂျပန်လူမျိုးအချို့ ၄င်းတို့ထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး အစ္စလာမ် သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

    ၁၉၃၅-ခုနှစ်မှာ ‘ကိုဘေး ဗလီဝတ်ကျောင်းတော်’ကို တည်ဆောက်ခဲ့ပါတယ်။ ‘တိုကျို ဗလီဝတ်ကျောင်းတော်’ကို ၁၉၀၈-ခုနှစ်မှာ စတင်စီမံချက်ချခဲ့ပြီး ၁၉၃၈-ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရှေ့ဆောင်ဗလီ ဆရာတော်များကတော့ ‘အဗ်ဒူ ရာရှီးဒ် အေဗရာဟင် (၁၈၅၇-၁၉၄၄)’ နဲ့ ‘အဗ်ဒူဟေး ကော်ဘန်ဂလီ (၁၈၈၉-၁၉၇၂)’ တို့ဖြစ်ပါတယ်။

    ကိုဘေးမြို့မှ ဗလီဝတ်ကျောင်းတော်

    တိုကျိုမြို့၌ ‘အဟာလူဘိုက်သ် အစ္စလာမ်ဌာန’ (Ahlulbayt Islamic Centre) တည်ရှိပြီး  ရှေ့ဆောင်ဗလီဆရာတော်ကတော့ ‘ရှိုက် အေဗရာဟင် စာဝါဒါ’ ဖြစ်ပါတယ်။ ၁၉၃၀-ခုနှစ်မှာ ပထမဦးဆုံး မွတ်စလင်အဖွဲ့အစည်း ‘ဂျပန်ပြည်လုံးဆိုင်ရာ မွတ်စလင်အဖွဲ့’ (Greater Japan Muslim League) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

    ဒီကာလတလျှောက် ဂျပန်အာဏာပိုင်များက ပညာရှင်များ၊ မွတ်စလင်ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး အစ္စလာမ်ဘာသာရေးရာ စာအုပ်များ၊ ဂျာနယ်များ ၁၀၀-ကျော်ထုတ်ဝေခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်ပွဲကာလဖြစ်ပြီး သာသနာပြုခြင်းထက် အနောက်တိုင်းဝါဒများကို တန်ပြန်တိုက်ခိုက်လိုတဲ့ သဘောထားပါ။ ဂျပန်အစိုးရထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ‘ရှူမေ အိုကာဝါ’ ဆိုသူဟာ အစ္စလာမ်သာသနာ့ ပညာရှင်တစ်ဦးဖြစ်ပြီး သူ့တပည့်တစ်ဦးဖြစ်တဲ့ ‘တိုရှိဟီကို အိဆူဇူး’ အနဲ့အတူ ‘ကျမ်းတော်မြတ် ကုရ်အာန်’ ဂျပန်ဘာသာပြန်အပြင် အခြားသော မွတ်စလင်စာပေအမြောက်အများ ရေးသားပြုစုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ပြည်ရှုံးနိမ့်သွားရာမှာ စစ်နိုင်မဟာမိတ်တို့က ‘ရှူမေ အိုကာဝါ’ အား စစ်ရာဇဝတ်သားအဖြစ် ဖမ်းဆီးအကျဉ်းချတာခံခဲ့ရပြီး  ‘ကျမ်းတော်မြတ် ကုရ်အာန်’ ဂျပန်ဘာသာပြန်ကို ထောင်တွင်းမှာပဲ ပြီးစီးနိုင်ခဲ့တာ အံ့မခမ်းပါပဲ။ နောက်ပိုင်း ထောင်မှလွတ်မြောက်ပြီး ၁၉၅၇-ခုနှစ်မှာ မွတ်စလင်အဖြစ် ကွယ်လွန်ခဲ့ပါတယ်။

    မှတ်သားစရာတစ်ခုက ဒုတိယကမ္ဘာ စစ်ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများသို့စေလွှတ်ခြင်းခံရတဲ့ ဂျပန်စစ်သားများကို ဖမ်းမိတဲ့အခါ အသတ်မခံရအောင် “La ilaha illa Allah” ဆိုနည်းသင်ပေးပါတယ်။ မှတ်တမ်းများအရ ဒေသခံများကလည်း သူတို့ကိုဖမ်းမိတဲ့အခါ မသတ်တဲ့အပြင် ကောင်းမွန်စွာဆက်ဆံကြတယ်လို့ သူတို့လွန်စွာအံ့ဩရတယ်လို့ စစ်ပြန်များကပြန်ပြောကြပါတယ်။

    ဒုတိယကမ္ဘာ စစ်ကာလ ဂျပန်တို့ တရုတ်ပြည်နဲ့ အရှေ့တောင်အာရှနိုင်ငံများကို သိမ်းပိုက်ရောက်ရှိခဲ့ခြင်းဟာ အစ္စလာမ်သာသနာနဲ့ ပိုမိုထိတွေ့စေခဲ့ပါတယ်။ အချို့စစ်သားများ အစ္စလာမ်သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်ပြည်ပြန်ရောက်တဲ့အခါ ၁၉၅၃-ခုနှစ်မှာ ‘ဆွာဒစ် အီမာအိဇူမိ’ ဆိုသူရဲ့ ဦးဆောင်မှုနဲ့ ‘ဂျပန်မွတ်စလင်အဖွဲ့’ (Japan Muslim Association) ကိုတည်ထောင်ခဲ့ပါတယ်။ စတင်တဲ့အခါ အဖွဲ့ဝင် ၆၅-ဦးရှိပြီး ၆-နှစ်အကြာ ‘ဆွာဒစ် အီမာအိဇူမိ’ ကွယ်လွန်တဲ့အချိန်မှာ အဖွဲ့ဝင် နှစ်ဆတိုးရှိလာပါပြီ။ ၎င်းနောက် အဖွဲ့အား ‘အိုမာရ် မိတ’ ဆိုသူက ဦးဆောင်ခဲ့ပါတယ်။ သူဟာ တရုတ်ပြည်၌ ဂျပန်ပိုင် မန်ချူး မီးရထားကုမ္ပဏီမှာ တာဝန်ထမ်းဆောင်ရင်း တရုတ်မွတ်စလင်များထံမှ အစ္စလာမ်ဘာသာအား လေ့လာသိရှိခဲ့ပြီး ‘ပီကင်းမြို့’ မှာ သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့သူပါ။ စစ်အပြီး ဂျပန်ပြည်ပြန်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်ကာလနောက်ပိုင်း ပထမဦးဆုံး ‘ဟဂ်ျ’ပြုနိုင်ခဲ့ကာ မွတ်စလင်တစ်ဦးအနေဖြင့် ပထမဦးဆုံး ‘ကျမ်းတော်မြတ် ကုရ်အာန်’ အကျယ်အဖွင့်ကျမ်းကို ဂျပန်ဘာသာပြန်ဆိုနိုင်ခဲ့သူလည်းဖြစ်ခဲ့ပါတယ်။ (အလ်ဂျဇီရာ ရုပ်သံမှ “Road to Hajj – Japan” အမည်ဖြင့် ဂျပန်ပြည်အစ္စလာမ်သာသနာအကြောင်း တင်ဆက်ထားရှိပါတယ်။)

    ၁၉၈၂-ခုနှစ်မှာ မွတ်စလင်ဦးရေ ၃၀၀၀၀ ကျော်ရှိပြီး တဝက်ခန့်ဟာ ဂျပန်လူမျိုး မွတ်စလင်တွေဖြစ်ပါတယ်။ ၂၀၀၀-ခုနှစ်မှာ ဂျပန်လူမျိုးမွတ်စလင် ၆၃၅၅၂-ဦး ရှိပြီး အခြားအာရှသား မွတ်စလင်ဦးရေ ၇၀၀၀၀-၁၀၀၀၀၀ ကျော်ရှိပါတယ်။ ဂျပန်အစိုးရက ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ပြီး စာရင်းဇယား မထားရှိတဲ့အတွက် အတိအကျ ပြောဆိုရန်ခက်ခဲပြီး ဂျပန်နိုင်ငံရဲ့ သန်းရာချီတဲ့ လူဦးရေနဲ့စာရင် အလွန်အင်အားနည်းတာတော့ အမှန်ပါပဲ။ နိုင်ငံအနှံ့ သီးသန့်ဗလီဝတ်ကျောင်းတော် ၃၀-ကျော်ခန့်ရှိပြီး အခြားဝတ်ပြုရန်ကျောင်း ၁၀၀-ကျော်ရှိပါတယ်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    References:http://en.wikipedia.org/wiki/Islam_in_Japan