News @ M-Media

Blog

  • သမုဒ္ဒရာတလျှောက်က အစ္စလာမ်သာသနာ

    သမုဒ္ဒရာတလျှောက်က အစ္စလာမ်သာသနာ

    ပစိဖိတ်သမုဒ္ဒရာ(Pacific Ocean)တစ်ဝိုက်ရှိ သို့မဟုတ် ဩစတေးလျနိုင်ငံ(Australia)နှင့် အနီးတစ်ဝိုက်ရှိ သို့မဟုတ် အာရှတိုက်နှင့် အမေရိကတိုက်ကြား သမုဒ္ဒရာအတွင်းရှိသော နိုင်ငံများကိုစုပေါင်းပြီး Oceania လို့ခေါ်ပါတယ်။ ဩစတေးလျနှင့် နယူးဇီလန်(New Zealand)တို့ကတော့ အများသိနိုင်ငံတွေဖြစ်ပြီး ကျန်ကျွန်းနိုင်ငံငယ်များကို

    ၁။ ဩစတီးလရှား(Australasia)

    ၂။ မယ်လနီးရှား(Melanesia)

    ၃။ မိုက်ကရိုနီးရှား(Micronesia) နှင့်

    ၄။ ပိုလီနီရှား(Polynesia) ဆိုပြီး ခွဲခြမ်းထားပါတယ်။

    A Mosque in Arncliffe, Australia.
    Photo-wiki

    ဩစတေးလျနိုင်ငံမှာ အစ္စလာမ်ဘာသာက ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာပြီးနောက် တတိယလူဦးရေ အများဆုံးဖြစ်ပါတယ်။ ဩစတေးလျနိုင်ငံမှာ မွတ်စလင်ဦးရေ ၃၅၀၀၀၀-ခန့်ရှိပြီး နယူးဇီလန်နိုင်ငံမှာတော့ ၄၀၀၀၀-ခန့်ရှိပါတယ်။

    • ဖီဂျီနိုင်ငံ(Fiji)မှာ ၆၅၀၀၀-ခန့်၊
    • နယူးကယ်လေဒိုးနီးယား(New Caledonia)မှာ ၆၅၀၀-ခန့်၊
    • ပါပူဝါနယူးဂီနီ(Papua New Guinea)မှာ ၂၀၀၀-ခန့်၊
    • ဆော်လမွန်ကျွန်းစု(Solomon islands)မှာ ၄၀၀-ခန့်၊
    • ဗာနူအာတူ(Vanuatu)မှာ ၂၀၀-ခန့်၊
    • တွန်ဂါ(Tonga)မှာ ၁၀၀-ခန့်အသီးသီးရှိကြောင်း

    စာရင်းဇယားများအရသိရပြီး ကျန်ကျွန်းကလေးများမှာလည်း အနည်းငယ်စီရှိပါတယ်။

    ကိန်းဂဏန်းတွေသေးလို့တော့ စာဖတ်သူ စိတ်မပျက်သွားပါနဲ့။ ဖီဂျီနိုင်ငံရဲ့ စုစုပေါင်းလူဦးရေဟာ ၉-သိန်းခန့်သာရှိပြီး ပါပူဝါနယူးဂီနီ(၇-သန်းခန့်)ကလွဲရင် ကျန်နိုင်ငံတွေရဲ့ လူဦးရေဟာ ၃-သိန်း၊ ၄-သိန်းခန့်သာ ရှိကြတာပါ။

    ဩစတေးလျမြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ရှိနိုင်ငံများကို မယ်လနီးရှား(Melanesia) (အမှတ်-၂)ဟုခေါ်ပြီး ဒေသခံတိုင်းရင်းသားထောင်ပေါင်းများစွာ အစ္စလာမ် သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း ၂၀၀၇-ခုနှစ်ထုတ် ပစိဖိတ်မဂ္ဂဇင်း(Pacific Magazine)ပါ Green Moon Rising အမည်ရှိဆောင်းပါးမှာ ဖော်ပြထားရှိပါတယ်။

    ဂွါတာနာမိုအကျဉ်းထောင်(Guantanamo Bay)မှ လွတ်မြောက်ခွင့်ရရှိခဲ့တဲ့ ‘ဝီဂါ တရုတ်မွတ်စလင်’ (Uyghurs) အချို့ကို အမေရိကန်အစိုးရ သဘောတူညီချက်နဲ့ ပြန်လည်နေရာချပေးခဲ့တဲ့ ပုလောကျွန်း(Palau) နိုင်ငံမှာလည်း မွတ်စလင်ဦးရေ ၄၀၀-ခန့်ရှိကြောင်း သိရှိရပါတယ်။ ပုလောကျွန်းရဲ့ စုစုပေါင်းလူဦးရေ ၂-သောင်းခန့်သာရှိတာပါ။

    ၁၇-ရာစုအစောပိုင်း နယူးဂီနီ(New Guinea)နိုင်ငံက တရုတ်၊ မလေးအင်ပါယာတို့နဲ့ စတင်ကုန်သွယ်မှုပြုချိန်မှစပြီး ဒီ နိုင်ငံများကို အစ္စလာမ် သာသနာ ရောက်ရှိခဲ့တယ်လို့ ပြောနိုင်ပြီး ၁၉-ရာစုရောက်မှသာ စတင်ထိတွေ့ပျံ့နှံ့ကြောင်းပါ။ ၁၈၇၉-ခုနှစ်မှာ ဖီဂျီနိုင်ငံသို့ ရေလမ်းခရီးဖြင့် မွတ်စလင်များ ကန်ထရိုက်ယာယီလုပ်သားများအဖြစ်ရောက်ရှိခဲ့ခြင်းပါ။

    ဆော်ဒီအာရေဗျနှင့် မလေးရှားမှ မွတ်စလင် အဖွဲ့အစည်းများကလည်း ဤဒေသမှာ ကြိုးကြိုးပမ်းပမ်း သာသနာပြုနေကြလျက်ရှိပြီး ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း နယူးကယ်လေဒိုးနီးယားနိုင်ငံသို့ ယခင်ပြင်သစ်ကိုလိုနီ မွတ်စလင်နိုင်ငံများမှ ပြောင်းရွှေ့အခြေချမှုများလည်းရှိသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ မယ်လနီးရှားဒေသရှိ တိုင်းရင်းသားတို့၏ ရှေးရိုးရာမှာလည်း အစ္စလာမ်သာသနာကဲ့သို့ ‘ရှုရာအတိုင်ပင်ခံအဖွဲ့’ အစရှိသော ဆင်တူသော အစဉ်အလာများရှိနေပေသည်။

    ဆူနာမီဖြစ်ပွါးပြီး ဆော်လမွန်ကျွန်းစုသို့ International Muslim Aid Organisation က စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများ ရောက်ရှိပေးပို့ခဲ့ခြင်းအပေါ်လည်း ကျွန်းသားတို့က အလွန်ပင်လေးစား ကျေးဇူးတင်ခဲ့သည်။

    မလေးရှားနိုင်ငံ ကွာလာလမ်ပူ အစ္စလာမ်တက္ကသိုလ်တွင် Pacific Islam Training Course ဟူ၍ဖွင့်လှစ်ထားရှိပြီး ဤဒေသရှိ  အစ္စလာမ်သာသနာလေ့လာလိုသူများအား အကူအညီဖြစ်စေခဲ့သည်။

    လင်းယုန်နက် (ခြင်္သေ့မြို့တော်)

    References:

    http://en.wikipedia.org/wiki/Oceania

    http://en.wikipedia.org/wiki/Islam_in_Oceania

    http://intellibriefs.blogspot.sg/2007/08/pacific-spread-of-islam-in-melanesia.html

     

  • အာဇာနည်ကျေးဇူးအောက်မေ့ပွဲ အခမ်းအနား ကျင်းပပြုလုပ်

    အာဇာနည်ကျေးဇူးအောက်မေ့ပွဲ အခမ်းအနား ကျင်းပပြုလုပ်

    ဂျူလိုင် ၁၉၊ ၂၀၁၂

    M-Media News

    မန္တလေး၊
    သတင်း – ပြည့်ပြည့်

    မေတ္တာ Campaign နှင့် Myanmar Muslim Education & Cultural Society တို့ပူးပေါင်းပြီး အာဇာနည်ကျေးဇူးအောက်မေ့ပွဲအခမ်းအနားကို မနေ့က ဂျူလိုင်လ (၁၉)ရက် (၆၅)နှစ်မြောက်အာဇာနည်နေ့တွင် မန္တလေးမြို့ ကီးမားတင်ဝင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း အခမ်းအနားကို အစီအစဉ် ၉-ရပ်ဖြင့်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

    မြ၀တီဆရာတော် အရိယာဘိဝံသမှ ညီညွတ်ရေးတရားဟောကြား

     

    အခမ်းအနား တက်ရောက်လာသူများ
    အလွမ်းဂျူလိုင် ခေါင်းစဉ်ဖြင့် ဦးဘုန်း(ဓါတု)မှ ဟောပြောစဉ်

    အစီအစဉ်(၁)အရ နေ့လည် ၂-နာရီမှာ အစီအစဉ်စတင်ကြောင်းကြေငြာပြီး၊ အစီအစဉ်(၂)အရ ကိုကျော်မိုးအောင်မှ အဖွင့်နှုတ်ဆက်ခွန်းဆက်စကားပြောကြားပြီး ၎င်းနောက် အစီအစဉ်(၃)အရ တက်ရောက်လာသူအားလုံးမှ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ငြိမ်သက်စွာဖြင့် တစ်မိနစ် အလေးပြုခဲ့ကြောင်း၊ အစီအစဉ်(၄)အရ အာဇာနည်ကိုးဦး၏ အထုပ္ပတ္တိကို ဦးသန်းဇော်မြင့်၊ ပသီဝိုင်းဝတ်ရည်မြင့်နှင့် ကိုပြည့်ဖြိုးအောင်တို့မှ ဖတ်ကြားခဲ့ကြပြီး အစီအစဉ်(၅)အရ မြ၀တီဆရာတော် အရိယာဘိဝံသမှ ညီညွတ်ရေးတရားဟောကြားခဲ့ပြီး အစီအစဉ်(၆)အရ အလွမ်းဂျူလိုင် ခေါင်းစဉ်ဖြင့် ဦးဘုန်း(ဓါတု)မှ ဟောပြောခဲ့ပြီး၊ အစီအစဉ်(၇)အရ ဦးမောင်မောင်ကြီး(မန်း)မှ အာဇာနည်စိတ်ဓါတ်ခေါင်းစဉ်ဖြင့် ပြောဟောခဲ့ကြောင်းနှင့် အစီအစဉ်(၈)အရ မောင်လာနာဦးချစ်ရွှေမှ ဆုမွန်ဒုအာတောင်းခံပြီး အစီအစဉ်(၉)အရ အခမ်းအနားပြီးဆုံးကြောင်း ကြေညာ၍ ညနေ ၅-နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ယင်းအခမ်းအနားသို့ NLD၊ ဗကသအဖွဲ့၊ မြောက်ပိုင်း AB အဖွဲ့ နဲ့ အခြားလူမှုရေးအဖွဲ့များမှ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူ ၂၀၀ ခန့် တက်ရောက်တယ်လို့ သတင်းရရှိပါတယ်။

  • ၂၀၁၂ ရမဒွန်အကြို ကမ္ဘာတလွှား မြင်ကွင်းစုံ

    ၂၀၁၂ ရမဒွန်အကြို ကမ္ဘာတလွှား မြင်ကွင်းစုံ

    အာဖရိက

    နိုက်ဂျီးရီးယား   

         နိုက်ဂျီးရီးယားနိုင်ငံတွင် မွတ်စလင်များသည် နိုင်ငံ့လူဦးရေ၏  ၅၅ မှ ၆၅% အထိရှိသည်။ နိုင်ငံ၏ ဦးဆောင် ဘာသာရေးအဖွဲ့ဖြစ်သော ဂျမအ်သုန(အ်)စ် ရိလ်အစ္စလာမ် (JNI) မှ ရမဒွန်အဝင် လကြည့်ခြင်းနှင့်ပတ်သက်ပြီး အွမ္မသ်ညီညွတ်ရေးအတွက် ကြိုတင်ပြင်ဆင်နေကြသည်။ ဇူလိုင်လဆန်းပိုင်းကတည်းက ရမဒွန်အကြို တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရန် စီစဉ်နေကြသည်။

    ထိုဆွေးနွေးပွဲတွင် လကြည့်ခြင်းနှင့်ပတ်သက်သော ဓမ္မသတ်များကို မွတ်စလင်ပညာရှင်များမှဆွေးနွေးတင်ပြကြမည်ဖြစ်ပြီး ရမဒွန်လအတွင်း ကုရ်အာန်အကျယ်ဖွင့် တရားပွဲများအတွက် စည်းမျဉ်းများ၊ တရားပွဲများအတွင်း အွမ္မသ်အတွင်း အငြင်းပွားဖွယ်များကို ရှောင်ရှားပြီး ကုရ်အာန်၊ ဟဒီးသ်နှင့် ထင်ရှားသော ပညာရှင်များ၏ သွန်သင်ချက်များနှင့်အညီ ဟောပြောရေးစသည့်အရေးကိစ္စများကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။

     

     

    အာရှ

    ပါကစ္စတန်

    ပါကစ္စတန်နိုင်ငံတွင်လည်း နိုင်ငံ၏ အင်အားအကြီးဆုံးအစ္စလာမ့်လှုပ်ရှားမှုအဖွဲ့ကြီးတစ်ခုဖြစ်သော ဂျမ်မအ်သိအစ္စလာမိမှ သစ်လွင်မွတ်စလင်မ်များ၊ အခြေခံလူတန်းစားနှင့် အလုပ်တစ်ဖက် အမျိုးသမီးများအတွက် ရမဒွန်အကြိုအစီအစဉ်များကို ကျင်းပပေးနေပြီဖြစ်သည်။ ထိုအစီအစဉ်များကို ရမဒွန်မတိုင်မီ သုံးပတ်အကြိုလောက်တွင် စတင်လေ့ရှိပြီး နှစ်စဉ်ကျင်းပလာသည်မှာ ဆယ်စုနှစ်တစ်စုပင် ကြာခဲ့ပြီဖြစ်သည်။ အစီအစဉ်များတွင် ပို့ချချက်သင်ခန်းစာများ၊ လေ့လာသင်ယူရေးစကားဝိုင်းများ၊ ကျန်းမာရေးဆိုင်ရာဆွေးနွေးချက်များစသည့် အစီအစဉ်မျိုးစုံပါဝင်သည်။ အဓိကရည်ရွယ်ချက်မှာ ကုရ်အာန်နှင့် စွန္နာက ပြောပြနေသော ဆွီယာမ်(ဥပုသ်သီလ) ဆောက်တည်ခြင်း၏ နှစ်ဘဝနှစ်ဌာနဆိုင်ရာ အကျိုးကျေးဇူးများနှင့် အရေးကြီးပုံကို သိရှိနားလည်စေရန်၊ ဆွီယာမ်ဆောက်တည်ရန်အတွက် စိတ်နှင့်နာမ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားစေရန်ဖြစ်သည်။ အမျိုးသမီးများအတွက် အထူးအစီအစဉ်များတွင် အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းပို့ချချက်များပါဝင်သည်။

    လုပ်စရာများဖြင့် ပြည့်ကြပ်နေသော ပုံမှန်တစ်နေ့တာအတွင်း အလုပ်တစ်ဖက်အတွက်ပြင်ဆင်ရင်း မိမိတို့မိသားစုအတွက် မနက်ဝါအဝင်နှင့် ညနေဝါအထွက်အတွက် ပြင်ဆင်ပေးခြင်းနှင့် ညပိုင်း ဝတ်ပြုခြင်းဆိုင်ရာများလည်း ရှိနေရာ သူမတို့အတွက် ထိုပို့ချချက်များမှာ အလွန်ကျေးဇူးများလေသည်။ နိုင်ငံ၏ ပထဝီအနေအထားအရ ယခုနှစ်တွင် ရမဒွန်လမြတ်သည် ပူအိုက်သော ရာသီအတွင်း ကျရောက်မည်ဖြစ်ရာ အစားအသောက်ပိုင်း ဆိုင်ရာ ရွေးချယ်မှုများအပါအဝင် ရှောင်ရန်ဆောင်ရန်များကို ဆွေးနွေးပေးမည့် ကျန်းမာရေးပို့ချချက်များလည်း ပါဝင်ပေသည်။ မိမိတို့ဘဝတစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ဆီယာမ်ဆောက်တည်ကြမည့် သစ်လွင်မွတ်စလင်မ်များအတွက် ထိုအစီအစဉ်များမှာ အလွန်ကို အရေးပါလှပေသည်။

     ဒူဘိုင်း

    ဒူဘိုင်းတွင်လည်း အစ္စလာမ့်ညီနောင်ရင်းဝါဒနှင့် ညီညွတ်ခြင်းကို ပေါ်လွင်စေမည့် ထောင်ပေါင်း များစွာသော အလုပ်သမားများအတွက် စုပေါင်းဝါဖြေပွဲနှင့် အစ္စလာမ့်ပို့ချချက်များပါဝင်မည့် ရမဒွန်ဖိုရမ်ကြီးတစ်ခုကို စီစဉ်လျက် ရှိသည်။ ထိုရမဒွန်ဖိုရမ်ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်ဆိုလျှင် ၁၁ ကြိမ်မြောက်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ဖိုရမ်၏ အဓိက ပို့ချချက်မှာ “ကရုဏာ လေငြင်းကလေးများ”ဖြစ်သည်။ ဖိုရမ်ကို ခရီးသွားလုပ်ငန်းနှင့် ဈေးကွက်စီးပွားရေးဌာနမှ ကြီးမှူးပြီး ကမ္ဘာတလွှားမှ နာမည်ကျော် မွတ်စလင်မ်ပညာရှင်များထံမှ အစ္စလာမ့်စစ်မှန်သော သွန်သင်ချက် တိုက်ရိုက်ပို့ချမှုများက ယခုနှစ်ဖိုရမ်ကို ထူးကဲအောင်မြင်စေမည်ဖြစ်သည်။ ဖိုရမ်ကို ဇူလိုင်လ ၂၄ မှ သြဂုတ်လ ၄ ရက်နေ့ထိ ၁၂ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။ နိုင်ငံခြားသားအလုပ်သမားများအတွက် အရဗီဖြင့်မဟုတ်သော ပို့ချချက်များကိုလည်း စီစဉ်ထားပေးသည်။

    အလုပ်သမားများအတွက် ပြိုင်ပွဲများအပြင် အစ္စလာမ့်ကရုဏာတရား သင်ကြားမှုနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်နှင့် စာရွက်များ၊ စီဒီခွေများနှင့် ကက်ဆက်ခွေများ ဖြန့်ဝေမှုများလည်း ရှိမည်ဖြစ်သည်။

    ရမဒွန်အစီအစဉ်အတွက် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်သော “ကောင်းမြတ်သော ခရီးသွားအဖွဲ့”အမည်ရှိ အစီအစဉ်လည်းပါမည်ဖြစ်သည်။ ထိုအစီအစဉ်မှာ အဖွဲ့များသည် ဒူဘိုင်းတဝိုက် ကျောင်းများ၊ တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရရုံးများသို့ လှည့်ပတ်သွားရောက်ကာ အစ္စလာမ့်စာအုပ်များ၊ လက်ကမ်းစာစောင်နှင့် အခွေများကို ဝေပေးမည်ဖြစ်သည်။ ယခုနှစ်တွင် ထူးခြားသည် မှာ ကျောင်းသားကလေးများမှ အစ္စလာမ့်တေးကဗျာများ စုပေါင်းရွတ်ဆိုခြင်းအစီအစဉ် ပါဝင်လာခြင်းဖြစ်သည်။

    အင်ဒိုနီးရှား

    ကမ္ဘာပေါ်တွင် မွတ်စ်လင်မ်ဦးရေ အများဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုလုပ်ငန်းသည် ရမဒွန်လမြတ် ကျရောက်လာသည်နှင့် ပြန်လည်ကောင်းမွန်လာ ဟန်ရှိနေသည်။ ဥရောပ၏ အကြွေးကပ်နှင့် တရုတ်၏ စီးပွားရေးအနည်းငယ်ကျခြင်းတို့ကြောင့် ကျဆင်းနေသော အင်ဒို၏ စားအုန်းဆီတင်ပို့မှုလုပ်ငန်းသည် ရမဒွန်လတွင် မွတ်စလင်မ်များနှင့် အခြားနိုင်ငံများ၏ ဝယ်လိုအားကို ဖြည့်ခြင်းဖြင့် ခေါင်းမော့ရန် စောင့်ဆိုင်းနေသည်။ အိန္ဒိယနှင့် အခြားနိုင်ငံတွင် ပွဲတော်ရာသီများရှိပါက ဝယ်လိုအားတက်လေ့ရှိပြီး ထိုဝယ်လိုအားသည် ဥရောပစီးပွားရေးပျက်ကပ်ဖြစ်နေစေကာမူ ဈေးနှုန်းကို အတိုင်းအတာတစ်ခု အထိ အထောက်အကူပြုနိုင်ပေသည်။

    ဖိလစ်ပိုင်

    ဆယ့်သုံးရာစုကတည်းက အစ္စလာမ်သာသနာရောက်ရှိ စည်ပင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံမှ မွတ်စလင်မ်များအတွက် ရမဒွန်လမြတ်က ရိုးရှင်းမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ထိန်းချုပ်နိုင်မှုနှင့် စွန့်လှူခြင်းများကို ယူဆောင်ပေးလိမ့်မည်။    “ရမဒွန်က ရှိသူရော မရှိသူပါ ဆွီယာမ်စောင့်ထိန်းကြတာကြောင့် ကိုယ်ချင်းစာစိတ်ကို ဖြစ်ထွန်းစေပါတယ်” “ရိုးရိုးရှင်းရှင်း ရှင်သန်နေထိုင်ဖို့ကိုလည်း သတိရစေပါတယ်” “အစ္စလာမ်က ဖြုန်းတီးခြင်းကို တားမြစ်ထားပြီး အလယ်အလတ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ သွန်သင်ပါတယ်”

    ဟု ၃၇နှစ်အရွယ်ရှိ ရှေ့နေ့တစ်ဦးဖြစ်သူ Tomawis က သူ့အတွေ့အကြုံနဲ့ အမြင်ကို မျှဝေလိုက်ပါသည်။ ဖိလစ်ပိုင် မွတ်စ်လင်မ်များအတွက် ရမဒွန်လမြတ်သည် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်မှုရရှိရန်အတွက် အခွင့်အလှမ်းတစ်ရပ်ဖြစ်သလို မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်ရန်လည်း အခွင့်အရေးဖြစ်သည်။ ရမဒွန်အတွင်း မိသားစုနှင့် သိုက်သိုက်ဝန်းဝန်းနေထိုင်ရန်ကြိုးစားနေသော အသက် ၃၅နှစ်ရှိ အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်သူ ကလေးသုံးယောက်မိခင် Jehannieက ပြောပြသည်မှာ “ကလေးတွေကလည်းပဲ ရမဒွန်ကို မျှော်နေကြတယ်လေ။ သူတို့ ဆွီယာမ် အရမ်းဆောက်တည်ဖူး ကြည့်ချင်ကြတယ်”  အချို့ ဖိလစ်ပိုင်များကတော့ ရမဒွန်ရောက်လျှင် အလုပ်ချိန်ကို ပြောင်းလဲယူကြသည်။ “အလုပ်ချိန်က ညဆိုတော့ ပုံမှန် ထမင်းစားချိန်အစား မနက် စဟူရ်ဝါ ထမင်းစားချိန်ကို ပြောင်းယူတယ်လေ” ဟု ၃၂ အရွယ် Rogelio က ဆိုပါသည်။

     မြောက်အမေရိက

    ကနေဒါ

    ကနေဒါလူမျိုး ရှေ့နေ ဇီယာဒ်မိယာဦးဆောင်သော ပရဟိတလုပ်အားပေးတစ်စုသည် ရမဒွန်မတိုင်မီ “သုံးဆယ် လှူပါ” အမည်ဖြင့် အလှူရံပုံငွေတစ်ခုကို စတင်လိုက်သည်။ ရံပုံငွေ၏ ရည်ရွယ်ချက်မှာ ရမဒွန်ကာလအတွင်း တိုရန်တိုမြို့တွင်း အမှန်တကယ်ဆင်းရဲသူများကို ဘာသာလူမျိုးမခွဲခြားဘဲ ကျွေးမွေးလှူဒါန်းရန် ဖြစ်သည်။ ရံပုံငွေအဖွဲ့မှာ တစ်နေ့ တစ်ဒေါ်လာနှုန်းဖြင့် ရက်သုံးဆယ်ဆက်တိုက်လှူဒါန်းရန် မွတ်စလင်မ်ရော ဘာသာခြားများကိုပါ ဆော်သြထားသည်။ မိယာသည် နေ့တိုင်းကော်ဖီသောက်မည့်ပိုက်ဆံကို တစ်နှစ်ပတ်လုံးစုဆောင်းပြီး ရမဒွန်လမြတ်ရောက်တိုင်း လိုအပ်နေသူများကို လှူဒါန်းလာသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ထိုအလှူပုံစံမှ ယခုရံပုံငွေလုပ်ရန် အကြံရခဲ့ခြင်းဖြစ်သည်။ ထိုအလှူရံပုံငွေကို ယခုနှစ်တွင်စတင်ပြီး နှစ်တိုင်းလုပ်သွားမည်ဖြစ်သည်။ “အစ္စလာမ်က ကျွန်တော်တို့ကို သင်ကြားပေးတာက ကမ္ဘာကြီးမှာ ကျွန်တော်တို့ချည်းမဟုတ်ဘူးဆိုတာနဲ့ ကျွန်တော်တို့တွေဟာ အချင်းချင်းအပြန်အလှန်ဆက်နွယ်မှီခိုနေကြရတယ်ဆိုတာကိုပါပဲ”ဟုပြောကြရင်း “ဒါဟာ ကနေဒါရဲ့ ပရောဂျက်ပါ၊ ရမဒွန်ကလည်း ကနေဒီယန်းတွေရဲ့ အစိတ်အပိုင်းဖြစ်နေပါပြီ”လို့ မိယာက သူ့အမြင်ကို ပြောကြားပါသည်။

     

    ဥရောပ

    လန်ဒန်

       လန်ဒန်မှ မွတ်စလင်မ်အဖွဲ့အစည်းများကတော့ ၂၀၁၂ အိုလံပစ်ပွဲတော်လာ မွတ်စလင်မ်အားကစားသမားများအတွက် အိဖ်သာဝါဖြေပွဲများကို ဗလီကြီးများတွင် စီစဉ်ပေးနေရင်း ဘာသာခြားညီနောင်တို့အား ရမဒွန်၏ အနှစ်သာရနှင့် တန်ဖိုးများကို မျှဝေနိုင်မည့် ရမဒွန်ပွဲတော်အစီအစဉ်ကိုပါ ဖော်ဆောင်နေလျက်ရှိသည်။

    ရမဒွန်ပွဲတော်ကို ဇူလိုင် ၁၈ တွင် ကြေငြာနိုင်ရန် စီစဉ်လျက်ရှိပြီး လန်ဒန်အခြေစိုက် လူမှုအဖွဲ့အစည်းများ၏ လူအသိုင်းအဝန်းကြား ယဉ်ကျေးမှုနှင့် ထုံးတမ်းများကြား လူတန်းစားများအကြား ဘာသာတရားများအကြား အပြန်အလှန်လေးစားမှုကို ဖော်ဆောင်မည့် ညီညွတ်ရေးအတွက် အမှန်းတရားများဆန့်ကျင့်သည့် ၂၀၁၂၏ နာရီများ ဆောင်ရွက်မှုကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေမည်။

    ပွဲတော်၏ အစီအစဉ်နှင့် လှုပ်ရှားမှုများတွင် “ကျွန့်တော့်ဆီမှာ ညနေစာစားပါ” ဆိုသည့် မိသားစုအလိုက် ဘာသာတူ ဘာသာခြား မိတ်ဆွေသူငယ်ချင်းများဖြင့် မိမိတို့အိမ်တွင် အိဖ်သာစုပေါင်း ဝါဖြေစားသောက်ကြခြင်းမှ ဘဏ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရဌာနများတွင်ပါ စုပေါင်းဝါဖြေပွဲများ အထိပါဝင်ပေမည်။ အိမ်ခြေမဲ့ကာ ဒုက္ခအတိရောက်နေသူများနှင့်အတူ အိဖ်သာစုပေါင်းစားသောက်ခြင်း စားစရာ ထမင်းဘူးများပေးကမ်း လှူဒါန်းခြင်း အစီအစဉ်များလည်းပါဝင်သည်။ ထိုလှုပ်ရှားမှုများတွင် ရင်းနှီး ခင်မင်ခွင့်ရကြခြင်း၊ အတား အဆီးများကို လျော့ချနိုင်ခြင်းနှင့် အပြန်အလှန် စကားပြောဆိုခွင့်ရခြင်း စသည့်အကျိုးရလဒ်များရှိပေမည်။

    ထို့ပြင် ရံပုံငွေထောင်ခြင်းများ၊ ပို့ချချက်များ၊ တွေ့ဆုံဆွေးနွေးပွဲနှင့် စကားဝိုင်း အစီအစဉ်များလည်း ပါရှိပေသည်။ အလားတူပုံစံမျိုးဖြင့် ရမဒွန်ပွဲတော် အစီအစဉ်များကို နယ်သာလန်နော်ဝေ နှင့် ဘယ်လ်ဂျီယံ နိုင်ငံများတွင်လည်း ပြုလုပ်သွားပေမည်။

     

    ဂျော်ဂျီယာ

     ဂျော်ဂျီယာမွတ်စ်လင်မ်များအတွက် ရမဒွန်လမြတ်မှာဆိုဗီယက်လက်အောက်မှာရှိကတည်းကပင် အလွန်ထူးခြားအရေးပါလှပါသည်။ ရမဒွန်လအတွင်း ဂျောဂျီယာမွတ်စ်လင်မ်များအတွက် အလိုအပ်ဆုံးအရာကတော့ စဟူရ်နှင့် အိဖ်သာရ်အချိန်များ၊ ဆွလာဟ်အချိန်များပါသော ရမဒွန်ပြက္ခဒိန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်တိဘ်လိစ်တွင် ဗလီတစ်လုံးတည်းသာ ရှိပြီး အများစုကြီးမှာ ရှေးရိုးစွဲခရစ်ယာန်ဖြစ်သောကြောင့် အာဇန်သံကြားနိုင်ရန်မလွယ်ကူခြင်း၊ အလုပ်ချိန်ပြောင်းခြင်းနှင့် အနားပေးခြင်းများ မရှိသောကြောင့်ဖြစ်သည်။

    ဗလီသို့လာရောက်ရန် ဝေးသောကြောင့် ပုံမှန်ငါးကြိမ်ဆွလာသ်တွင် လူနည်းလေ့ရှိပြီး ဂျုမုအ်သောကြောနေ့တွင်မူ ပုံမှန်မလာနိုင်သူများပါ လာရောက်ဝတ်ပြုကြသည်။ သို့သော် ရမဒွန်လတွင်မူ အုပ်စုလိုက် အဖွဲ့လိုက် ဗလီသို့ လာရောက် ဝါဖြေကြလေ့ရှိသည်။ ဂျော်ဂျီယာမျိုးနွယ်စုနှင့် မိစ်ခိတီယန်းတခ့်များမှာ စွန္နီဟနီဖီကျောင်းတော် နောက်လိုက်များဖြစ်ကြပြီး အဇာဘိုင်ဂျာနီများမှာ ရှီအာများဖြစ်ကြသည်။

    “ကျွန်တော်တို့အားလုံး ရှေ့ဆောင်အီမာမ်တစ်ဦးတည်းရဲ့ နောက်ကလိုက်ပြီး အတူတူဝတ်ပြုကြပါတယ်။ ကျွန်တော်တို့တွေက မွတ်စ်လင်မ်တွေပဲလေ။ စွန္နီတွေရော ရှီအာတွေပါ ဒီဗလီအတွက် အတူတကွ ဝိုင်းလှူထားကြတာပါ။ ဒီမှာပဲ အတူတကွ ဆွလာသ်ဝတ်ပြုကြတယ်”ဟု ဂျော်ဂျီယာမွတ်စ်လင်မ်တို့၏ ညီညွတ်ခြင်းကို ဂုဏ်ယူစွာဖြင့် စာဘူရ်တလ ဗလီအုပ်ချုပ်ရေးမှူး ဟာဂျီ Tahamaisက ပြောပြပါသည်။

    အခြားမွတ်စ်လင်မ်အသိုင်းအဝန်းများကဲ့သို့ပင် စွံပလွန်သီးသည် ဂျော်ဂျီယာမွတ်စ်လင်မ်များအကြားတွင် ရေပန်းစားလှသည်။ စွံပလွန်သီးဖြင့် ဝါဖြေသည့် တမန်တော်မြတ်ကြီး၏ စွန္နာကို ဂုဏ်ယူစွာဖြင့် ကျင့်သုံးကြသည်။ သို့သော် ဝေးလံသော ဒေသများတွင်မူ စွံပလွန်သီးအစား မက်လဝဟ်ဆိုသည့် အာရဗ်ချိုချဉ်တစ်မျိုးကို စားသုံးကြရသည်။ စွံပလွန်သီးများကို နိုင်ငံအတွင်း အနည်းငယ်သာ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး အများစုမှာ ဆော်ဒီ၊ အီရန်၊ ပါကစ္စတန်နှင့် ကာတာတို့မှ တင်သွင်းရသည်။ ယခုနှစ်တွင်မူ ဆော်ဒီမွတ်စ်လင်မ်အချို့တို့မှ စွံပလွန်သီးများနှင့် အခြားပစ္စည်းများကို ပေးလှူမည်ဖြစ်ကြောင်း သိထားရသည်။ ရမဒွန်လတွင် အီရန်နှင့် တူရကီစတိုင်လ် စားသောက်ဆိုင်များတွင် အရသာကောင်းမွန်သော အီရန်နှင့် တူရကီရိုးရာစားသောက်ဖွယ်ရာများကို အထူးဈေးနှုန်းများ အလွယ်တကူဝယ်ယူစားသောက်နိုင်ပေသည်။ အချို့စားသောက်ဆိုင်များသည် စဟူရ်ဝါဝင်ထမင်းစားသောက်ချိန်အထိဖွင့်ထားပေးပြီး မိသားစုမရှိသော ကျောင်းသားလူငယ်များအဆင်ပြေစေရန်ဖြစ်သည်။

    ရုရှား

     

     

    ရုရှားမွတ်စ်လင်မ်တို့အတွက် ရမဒွန်လကတော့ စိတ်မချမ်းမွေ့ဖွယ်ရာ များကြားမှ ရောင်ခြည်တမ်းလေး မျှော်လင့်ချက်လေး ဖြစ်မည်မှာ အသေအချာပင်။ ရမဒွန်လမြတ်တွင် အရှင့်ထံတော်ပါး၌ သီးသန့်တောင်းရန် ဒိုအာများ ရင်ထဲတွင် အပြည့်ရှိနေကြမည်။

    ရုရှားလွတ်တော်သည် အစ္စလာမ့်ငြိမ်းချမ်းရေး တရားများဖြင့် ပြည့်နေသော အစ္စလာမ့် ဂန္တ ဝင်စာအုပ်ကောင်းများကို အကြမ်းဖက်လှုံ့ဆော်မှုများပါသည်ဟု တစ်ဖက်သတ်ဆုံးဖြတ်ကာ ဖတ်ရှုခြင်း ထုတ်ဝေခြင်း လက်ဝယ်ထားရှိခြင်းတို့ကို ပိတ်ပင်ခဲ့သည်။

    ထိုကိစ္စတွင် အစ္စလာမ်သာသနာအားဆန့်ကျင်ခြင်းတွင် နာမည်ကြီးလှသည့် အစွန်းရောက် ရှေးရိုးစွဲ ခရစ်ယာန် တရားဟောဆရာများပါဝင်နေသည်။ မွတ်စ်လင်မ်တို့ဖက်မှ ဥပေဒေကြောင်းဖြင့် လျှောက်ထားကာကွယ်နေသော ရုရှားမွတ်စလင်မ်ရှေ့နေမှာလည်း ရုတ်တရက် ပျောက်သွားခဲ့သည်။

     

    ရှေးရိုးစွဲခရစ်ယာန် အစွန်းရောက် တရားဟောဆရာ Yuriy Maximov
    မွတ်စ်လင်မ်ရှေ့နေ Rustem Valiullin

    ပိတ်ပင်ခံရသည့် စာအုပ်များတွင်

    • ကိုယ်တော်မြတ်(ဆွ)၏ အတ္ထုပ္ပတ္တိစာအုပ်များ၊
    • ဟဒီးသ်ကျမ်းတော်များ၊
    • ဟဒီးသ်ကူဒူစီများ၊
    • အီမာမ်ဂဇ္ဇာလီသခင်၏ စာအုပ်များ၊
    • တူရကီပညာရှင်များဖြစ်သော စအီးဒ်နူစ်ရီသခင်၊
    • ၂၀ရာစု၏ တွေးခေါ်ပညာရှင်ဟု ကျော်ကြားသော ဖသွလ်လာဟ်ဂုလမ်နှင့် အခြားနာမည်ကျော်ပညာရှင်များ၏ စာအုပ်များပါဝင်သည်။

     

     

     

    Ref: OnIslam

  • ဘာတံဆိပ်တပ်တပ် ကျမ တောင်ကြီးသူပါ

    နှင်းနှင်း (တောင်ကြီး)

     

    အမြင့်ပေ (၄၇၁၂) ပေ ရှိတဲ့ တောင်ကြီးမြို့မှာ လူဖြစ်ခွင့်ရတဲ့အတွက်ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူမိပါတယ်။ တောင်ပေါ်သူလို့အခေါ်ခံရတိုင်းလည်း ဝမ်းသာပီတိဖြစ်ရပါရဲ့။

    မြန်မာပြည်အထက်ပိုင်းအောက်ပိုင်းဒေသတွေ အလည်သွားတဲ့အခါတိုင်းလည်း တောင်ကြီးသူဆိုပြီး ချစ်ခင်မူ တွေ ပိုတတ်ကြတာကို တွေ့မြင်ရပြန်တော့လည်း တောင်ကြီးမြို့မှာမွေးပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင် ရပြန်ရော။ ပိုတယ်လို့ ပြောရင်ပြောမလားဘဲ။ ဒါပေမဲ့ တောင်ကြီးသူ တောင်ကြီးသားတွေ ရင်ထဲမှာ ဒီလို ခံစားချက်လေးတွေကိုယ်စီရှိနေကြမယ်ဆိုတာကတော့ ဧကန်မလွဲပါဘဲ။ နိုင်ငံခြားရောက်တော့ ကိုယ့်ရဲ့ မွေးရပ်တောင်ကြီးမြို့ကို ပိုပြီး အလွမ်းပိုခဲ့ရတယ်။

    နှစ်စဉ်ကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ မွေးရပ်မြေမှာနေခဲ့စဉ်တုံးက သွားလာခဲ့တဲ့နေရာတွေ၊ ရိုးရာစား သောက်ဖွယ်တွေကို တမ်းတလွမ်းရတာကလည်း တမျိုးတဖုံ။ တခါတလေ ကိုယ်တိုင်လုပ်စားမှ စားရမဲ့ ဟင်း ထုပ်၊ ငါးထမင်းနယ် အစရှိတဲ့ ရှမ်းပြည်အစားအစာတွေလုပ်စားတိုင်း သူငယ်ချင်းမိတ်ဆွေတွေကို စားပါအုံး ဒါဒို့ ရှမ်းအစားအစာဆိုပြီး ကျွေးမွေးဧည့်ခံရတာလည်း ကျမအတွက် တောင်ကြီးကို အလွမ်းပြေစေပါတယ်လေ။ ဘန်ကောက်မှာနေတုံးကဆိုရင် ကယားပြည်နယ်ကလာတဲ့ မိတ်ဆွေတယောက်နဲ့စကား ပြောဖြစ်ပြန်တော့လည်း “ စိတ်ချမ်းသာလိုက်တာ တောင်ကြီးသံဝဲဝဲလေး အခုမှဘဲကြားရတယ်” တဲ့။

    ဒါနဲ့ဘဲ တောင်ကြီးသူဖြစ်ရတာကို အမြဲဂုဏ်ယူနေတဲ့ ကိုယ့်အတွက် မပိုပါဘူးလို့ မှတ်ချက်ချမိပါတယ်။ ဟုတ် ပါတယ်၊ ကျမရဲ့မွေးရပ်မြေ တောင်ကြီးမြို့ ကို တကယ်ချစ်တာပါ။ ကျမရဲ့မွေးခြင်း မောင်နှမတွေ ဝမ်းကွဲတွေ ဆွေမျိုးတွေအားလုံးနီးပါးက တောင်ကြီးဇာတိတွေဖြစ်ကြတယ်။ ရွာဟောင်း ဘော်ဆိုင်းဇာတိပေါ့။ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဓနုလူမျိုးပါ။ အမေနဲ့ သူ့မောင်နှမတွေအချင်းချင်းတွေ့ရင် အခါးရေ (သို့) ရေနွေးဂျမ်း တ အိုးနဲ့ စကားလက်ဆုံကျပြီး ဓနုသံဝဲဝဲနဲ့ ပြောဆိုရီမောနေတာတွေကလည်း သူတို့နဲ့ဝေးနေတဲ့အချိန်မှာ ပိုပြီး ကျမအတွက် အမှတ်ရစေပါတယ်။ အခုဆိုရင်ကျမ နိုင်ငံခြားရောက်တာ ၁ဝ စုနစ်တခုကို ကျော်ခဲ့ပါပြီ။ ဘယ်လောက်ဘဲ ကိုယ့်ဇာတိမြေနဲ့ဝေးကွာနေပေမဲ့ ရင်ထဲကလွမ်း မောမူတွေကတော့လျော့မသွားပါဘူး။

    တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ အချိန်ရောက်ရင်လည်း အင်တာနက်မှာ ကြိုးစားပမ်းစား ရှာဖွေကြည့်ရတာ အလုပ်တခုဖြစ်သလို အိုးစည်သံနားထောင်ရရင်လည်း စိတ်ထဲမှာပျော်ရွင်ကြည်နူးရပါသေး တယ်။ ဒါကတော့ တောင်ကြီးကိုချစ်တဲ့သူတိုင်း မွေးရပ်မြေကိုချစ်တဲ့သူတိုင်းပေါ့လေ။

    နိုင်ငံခြားမှာ တောင်ကြီးသူ တောင်ကြီးသား တယောက်ယောက်ကိုတွေ့မိရင်လည်း သွေးသားရင်းနဲ့ဆုံတွေ့ရ သလိုခံစားမိပါတယ်။ တခါတလေ သူငယ်ချင်းတွေနဲ့ဆုံလို့ ကာရာအိုကေ ဆိုကြရအောင်ဆိုပြီး စိတ်ကူးပေါက် မိကြရင်တောင် ကျမအတွက် အရင်ဆုံး ရွေးချယ်မိတဲ့သီချင်းကတော့ စိုင်းဆိုင်မောဝ်ရဲ့ ရှမ်းပဲပုတ်ပါဘဲ။

    ကျမကရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးမှာနေတယ်ဆိုပေမဲ့ ရှမ်းတော့မဟုတ်ပါဘူး။ ဓနုလူမျိုးပါ။ တောင်ကြီး မှာ ဓနုနဲ့ ပအိုဝ်းက ပိုများတော့ ရှမ်းစကားလဲမပြောဖြစ်ပါဘူး။ နိုင်ငံခြားရောက်တော့ လူမျိုးပေါင်းစုံ ကရင် ကချင် ချင်း ကယား ဗမာတွေနဲ့လည်း တွေ့ရတယ်။

    သူတို့လည်း သူတို့အသံဝဲဝဲလေးတွေနဲ့ ချစ်စရာကောင်းပါတယ်။ တခါတလေ သူဘာပြောလည်းကိုယ်မသိ ကိုယ်ဘာပြောလည်းသူမသိနဲ့ ကြုံခဲ့ရတာတွေလည်း အကြိမ်ပေါင်းမနည်းပါဘူး။ နောက်ပိုင်းတော့ ကိုယ်ပြောတာ သူတို့နားလည်အောင် ပြင်ပြီးပြောဖြစ်တယ်။

    ဥပမာ – ကျမတို့က ကိုယ့်မြို့မှာ သုံးနှုန်းပြောဆိုနေကြတဲ့အတိုင်း “ဟုတ်ကြောင်းမဟုတ်ကြောင်း” “ဟုတ်ကြောင်း မုတ်ကြောင်း” (ဟုတ်လားမသိ မဟုတ်လားမသိ) တို့ ၊ “ဘာရီးတုံး” (ဘာကြီးလဲ) တို့ဆိုပြီးနောက်ဆုံးစကားမှာ “တုံး”ဆိုပြီး ထည့်ပြောတာတို့ ၊ “စားဝါးအုံး” (စားသွားအုံး) ဆိုပြီး တောင်ပေါ်သံနဲ့ ပြောလေ့ရှိတယ်။ ဒါကိုလည်းပြင်ရတယ်။ သူတို့နားမလည်နိုင်မဲ့ တခြားစကားလုံးတွေကိုလည်း ပြင်ရပြန်သေးတယ်လေ။ “အဲဟာ”လို့ သုံးတဲ့နေရာမှာ “အဲဒါ” လို့ပြင်ရတယ်။ တခါတလေ ကိုယ်ပြောတာ နားမလည်တဲ့ မျက်နှာရိပ်ကို တွေ့ရင် ၂ ခါလောက်ပြန်ပြောရတယ်။ ဒါပေမဲ့ ကျမစိတ်မညစ်ပါဘူး ပျော်ပါ တယ်။ ကျမအသံတောင်ကြီးသံမို့ (မလို့ ) သူတို့နားမလည်တာလေ။

    ကျမတို့ အိမ်ပါတ်ဝန်းကျင်မှာဆိုရင် ဓနုတွေကများတယ်။ အမေတို့နဲ့အတူ ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင်လို့ ပြောရင် မမှားပါဘူး။ သူတို့ တွေကတော့ ဗုဒ္ဒဘာသာဝင်တွေပါ။ သီတင်းကျွတ်ဆိုရင် မုန့်ဆီကြော်လာပို့ ကြ တယ်။ တပို့တွဲဆိုရင် ထမနှဲလာပို့ကြတယ်။ သင်္ကြန်ဆိုရင် ကင်ပေါင်းကျော်တို့ ကောက်ညုင်းနဲ့လုပ်တဲ့ ယာကု တို့လာပို့ကြတယ်။ လာပို့နေကျအိမ်ကလာမပို့သေးရင်တောင် ကျမတို့မျှော်နေမိတယ်။ သူတို့လည်းဒီလိုပါဘဲ ကျမတို့ အိဒ် ပွဲတော်ရောက်မဲ့နေ့ကိုမျှော်တတ်ကြတယ်။

    ကျမတို့ပွဲတော်ရောက်ရင် ဒီလိုဘဲ အိမ်ပေါက်စေ့ မုန့်လိုက်ပို့ရတယ်။ အိမ်မှာလည်း လာစားဖို့ဖိတ်ခေါ်ကြတယ်။ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကိုးကွယ်တဲ့ဘာသာမတူပေမဲ့ အိမ်နားနီးချင်း ဆွေမျိုးရင်းတွေလိုပါဘဲ။ အရေး အကြောင်းကြရင် စည်းလုံးကြတယ်၊ ကူညီဖေးမကြတယ်။ တခါတလေကြတော့ အဲဒီလိုတဦးနဲ့တဦး လူမျိုး ဘာသာမခွဲခြားဘဲ နွေးထွေးတဲ့ ချစ်ခင်မူလေးတွေနဲ့နေခဲ့ကြတာကို တမ်းတမိရင် အမိမြေကို အရမ်းလွမ်းမိပါ တယ်။

    တောင်ကြီးမှာ ရှစ်လေးလုံးမတိုင်မှီက တိုင်းပြည်မှာအစိုးရကိုဆန့်ကျင်မူတွေ လမ်းလွဲဖို့အတွက် မူဆလင် ဗုဒ္ဒ ဘာသာအဓိကရုန်းဖြစ်အောင် လုပ်ခဲ့တယ်။ မသိနားမလည်တဲ့ တနေ့လုပ်တနေ့စား အလုပ်သမားတွေ၊ မကြာ သေးခင်ကမှ ဗမာပြည်အလယ်ပိုင်းကနေ တောင်ကြီးကို ပြောင်းလာတဲ့ ဆင်းရဲသား လက်တွန်းလှည်းတွန်း သမား လူစိမ်းတွေကိုအသုံးချပြီး ပြသနာကြီးသထက်ကြီးအောင် လှုံ့ဆော်ဖန်တီးမှု တွေ လမ်းညွန်ပေးသူတွေ ရှိခဲ့လို့ ဘာသာရေး အဓိကရုန်းကြီးကြီးမားမားတခုဖြစ်ခဲ့တယ်။
    အဲဒီအချိန်တုံးက မှတ်မိပါတယ် ဗုဒ္ဒဘာသာကိုးကွယ်တဲ့ ပါတ်ဝန်းကျင်က မိတ်ဆွေတွေ၊ ရပ်ကွက်လူကြီးတွေ က ပြောပါတယ် ဘာမှမပူပါနဲ့ ကျနော်တို့ ကာကွယ်မှာပါ၊ ကျနော်တို့တတွေ ဘိုးစဉ်ဘောင်ဆက်ကတည်းက အတူတကွနေလာကြတာပါဆိုပြီး အားပေးစကားပြောတာ၊ စောင့်ရှောက်ပေးတာ တွေရှိခဲ့သလို နင်တို့ကို ထိ ရင် ငါတို့လည်း နင်တို့ဘက်က ရပ်တည်ပြီးကာကွယ်မယ်လို့ အားရှိပါးရှိပြောတဲ့ အရှေ့ဘက်အိမ်က အဒေါ်ကြီး စကားကိုလည်း အမြဲသတိရလျှက်ပါ။

    ဟော! ကြည့်ပါအုံး ဖြစ်ရပြန်ပြီ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒီမိုကရေစီလမ်းကြောင်းလွဲဖို့အတွက် လာပြန်ပြီ ဘာသာရေးအဓိကရုန်းတွေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးရောက်ခါနီးတိုင်း ဘာသာရေးလူမျိုးရေးအဓိကရုန်းတွေ ဖြစ်ကြပြီ။ တကယ်ဘဲ ကျမတို့နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ကျမတို့လို ကိုယ့်မွေးရပ်မြေကို တန်ဖိုးထားချစ်မြတ်နိုးနေတဲ့သူတွေအပေါ် စာနာနားလည်မှုမထားဘဲ ဓားစာခံအဖြစ် မြေနိမ့်ရာလှံစိုက်လို့ ခုတုံး လုပ်ကြတယ်။ သိတဲ့သူတွေက သိနားလည်ကြပေမဲ့ အချို့ကတော့ လူတစု အဖွဲ့အစည်းတခုရဲ့ လှည့်ကွက်ထဲ ကို မျက်စိစုံမှိတ်ပြီး တံလျှပ်ကိုရေထင်လို့ ပြဿနာတွေဖန်တီးကြတယ်။

    ဘန်ကောက်က အတွေ့အကြုံလေး တခုပြောရမယ်ဆိုရင်လည်း ရှိပါသေးရဲ့။ တနေ့မှာ ဆေးဆိုင်တဆိုင် သွားပြီးဆေးဝယ်တော့ ဆိုင်ရှင်က အင်္ဂလိပ်စကားတော်တော်ပြောချင်ပုံရတယ်။

    ဆိုင်ရှင်နဲ့ကျမအမျိုးသားက စကားတွေဖေါင်ဖွဲ့နေကြတာလေ၊ မကြာပါဘူး ကျမတို့ ကို မြန်မာနိုင်ငံကမှန်း လည်းသိရော ဖမာ့လားဆိုပြီး ဟိုလိုလိုဒီလိုလိုနဲ့ တခြားဘက်ကိုသွားလိုက်တယ်။ ပြီးတော့ သူ့တပည့်နဲ့ဘဲ ဈေးရောင်းလွတ်ထားပေးခဲ့တယ်။ ကျမတို့တော်တော်အံသြမိပါတယ်။ မြန်မာနိုင်ငံကလာတဲ့ လူဆိုရင် ဘာလူ မျိုးဘာဘာသာဘဲကိုးကွယ်ကိုးကွယ် အားလုံးကို ဖမာ့ဆိုပြီး ဝါးလုံးရှည်နဲ့ ဇွတ်ရန်းတော့တာပါဘဲ။ ကျမတို့ ဆို ရင် ပြည်တွင်းမှာတုန်းကလည်း ဘာသာခြားဆိုပြီး ခွဲခြားခံရတယ်။ ပြည်ပရောက်တော့လည်း ဖမာ့ ဆိုပြီးနိမ်ချ ခံရပြန်တယ်။ ဘာဘဲဖြစ်ဖြစ် ဘယ်သူတွေက ဘယ်လိုတံဆိပ်တွေတပ်ကြပါစေ ကျမတို့လိုပြည်တွင်းမှာ မွေး ဖွားကြီးပြင်းလာတဲ့သူတွေ အားလုံးဟာ ဗုဒ္ဓဘာသာကိုးကွယ်တာမဟုတ်တာကလွဲလို့ ဓနု-ရှမ်း ကချင် ကရင် စသဖြင့်အားလုံးတူတူပါဘဲ။

    ဒါကြောင့်မြန်မာနိုင်ငံနဲ့ပါတ်သက်ရင် ထိုင်းက ဖမာ့ဆိုပြီးနိုင်ရင်လည်း မခံချင်သလို အခြားနိုင်ငံတွေက ထိပါး လာရင်လည်း မခံနိုင်တာကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ၊ အစ္စလာမ်ဘာသာကိုးကွယ်တယ့် မြန်မာပြည်သားတွေ၊ ဟိန္ဒူ ဘာသာကိုးကွယ်တဲ့ မြန်မာပြည်သားတွေ အားလုံးဟာ တသွေးထဲတသားထဲပါဘဲ။

    အချို့သောသူတွေက အတူယှဉ်တွဲပြီးတမြေထဲနေ တရေထဲသောက်လာကြတဲ့လူတွ အချင်းချင်းကြားမှာ အမျိုးပျောက်မှာစိုး ကြောက်လှပါတယ် ဆိုတဲ့ဆောင်ပုဒ် တခုသုံးပြီးကိုယ်လိုရာကို ဆွဲနေကြတာကတော့ သွေးစည်း ညီညွတ်မူကို ဖြိုခွဲနေတာနဲ့အတူတူဘဲလို့ ကျမအနေနဲ့သုံးသပ်မိပါတယ်။ ကျမကတော့ အမိမြန်မာ ပြည်ကို တန်ဖိုးထားရသလို တောင်ပေါ်သူဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ကျမလိုဘဲအခြားဒေသ မှာနေထိုင် ကြတဲ့ တောင်ပေါ်သူတွေဘဲဖြစ်စေ မြေပြန့်သူတွေဘဲဖြစ်စေ ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘာသာမ တူလို့  ဘာတံဆိပ်တွေဘဲတပ်ကြပါစေ မျိုးချစ်ပါတယ်ဆိုတဲ့ပုဂိုလ် တွေထက်မသာရင်တောင် သူတို့ထက် မနိမ့်တဲ့ချစ်ခင်တန်ဖိုးထားမူ တွေနဲ့ အတူ အမိမြန်မာပြည်ကို ကာကွယ် စောင့်ရှောက်ကြလိမ့်မယ် ဆိုတာကို တော့ ကျမ ယုံကြည်ပါတယ်။

  • စင်ကာပူရ် လူမျိုး၊ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့

    စင်ကာပူရ် လူမျိုး၊ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့

    (Racial Harmony Day ,Singapore – 21 July )
    ဆောင်းသစ္စာ (စင်ကာပူရ်)

    နှစ်စဉ် ဇူလိုင်လ ၂၁ ရက်နေ့ရောက်တိုင်း စင်ကာပူရ် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို နိုင်ငံတ၀န်း ကျောင်းများ၊ အစိုးရရုံးများ၊ ပုဂ္ဂလိကရုံးများ၊ ရပ်ကွက်အတွင်းရှိ မိသားစု စင်တာများ၌ ပျော်ရွှင်စွာ ကျင်းပကြပါသည်။ ၁၉၆၄ ဇူလိုင် ၂၁ ရက်နေ့၌ ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက် အဓိကရုန်းကို ပြန်ပြောင်းဆင်ခြင် သုံးသပ်သတိရစေရန် ရည်ရွယ်ပြီး ဒီလူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပါသည်။

    စင်ကာပူရ် နိုင်ငံတ၀န်းရှိ ကျောင်းများအားလုံးတွင် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ ကို အထူးတလည် ကျင်းပခြင်းအားဖြင့် ကျောင်းသား လူငယ်အားလုံးအား “ စင်ကာပူရ်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော  လူမျိုး ဘာသာ ကွဲပြားခြားနားသည့် လူများအကြားတွင် မည်သို့မည်ပုံ အေးအတူပူအမျှ ချစ်ကြည်ရေးကို အောင်မြင်စွာ တည်ဆောင်နိုင်ခဲ့ပုံကို” အစဉ်နိုးကြားအမှတ်ရစေပါသည်၊ သင်ခန်းစာရစေပါသည်။ ယနေ့ မြင်ရသော အောင်မြင်သည့် စင်ကာပူရ်နိုင်ငံ အဖြစ် တည်ဆောက်ခဲ့ရာ ခရီးလမ်းတလျှောက် လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးမှုသည့် အလွန်အရေးကြီးပုံ ၊ လူမျိုး ဘာသာ ပေါင်းစုံ ၏ ပြည့်ဝသော ယဉ်ကျေးမှုအမွေအနှစ်များသည် တိုင်းပြည်အတွက် အလွန်အရေးပါပုံတို့ကို အစဉ်အမြဲအမှတ်ရစေရန် ရည်ရွယ်ပါသည်။

    Class photo on Racial Harmony Day 2009
    Photo-http://teckgheepri.edu.sg

    ထိုနေ့၌ စင်ကာပူရ် နိုင်ငံတ၀န်းရှိ ကျောင်းများတွင် ကျောင်းသားများက မိမိတို့လူမျိုးအလိုက် ကိုယ်ပိုင် ရိုးရာဝတ်စုံဝတ်လာစေခြင်း ( စကားချပ်။  မြန်မာကျောင်းသားများ ရှိပါက မြန်မာရိုးရာ ၀တ်စုံဝတ်ဆင်၌ ၀င်ရောက်ဆင်နွှဲခွင့်ရှိပါသည် ၊ ယခုအခါ စင်ကာပူရ်၌ မူလလူမျိုးစုများဖြစ်သော ချိုင်းနီးစ် ၊ မလေး ၊ အိန္ဒိယန်း တမီလ် များသာမက မြန်မာ၊ ဖိလစ်ပင်း၊ ထိုင်း၊ ကို၇ီးယား၊ ဘင်္ဂါလီ၊ ဥရောပသားများ ပါ အခြေချနေထိုင်လာကြပါသည် ) ၊ ရိုးရာ အစားအစာများ အတူတကွ ဖလှယ်၍ စားသုံးခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသခြင်း ဖြင့် ကလေးသူငယ်ကျောင်းသားများ၏ စိတ်ဝယ် “ လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေး “ မည်မျှအရေးကြီးပုံကို စွဲမှတ်အောင်လုပ်ပေးလျက်ရှိပါသည်။

    အချို့သော အစိုးရုံးများ၊ ပုဂ္ဂလိကရုံးများတွင်လည်း အစိုးရ၏ တရားဝင် အစီအစဉ် အဖြစ်သော်၎င်း၊ ကိုယ်ပိုင်အစီအစဉ် အနေဖြစ်သော်၎င်း လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ကို ပျော်ရွှင်စွာကျင်းပကြပါသည်။ ( စကားချပ်: စာရေးသူတို့ ရုံးတွင်လည်း ယခုနှစ်၏  “ လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ (Racial Harmony Day ) “  ကို ကျင်းပရန် ကော်မတီဖွဲ့၍ စီစဉ်လျက်ရှိပါသည်၊ စာရေးသူတို့အနေဖြင့် မြန်မာလူမျိုးကိုယ်စားပြုကာ ပါဝင်ဆင်နွှဲခွင့်ရမည်ဖြစ်ပါသည် )

    လူမျိုး ဘာသာ ပေါင်းစုံ အေးအတူပူအမျှ ချစ်ကြည်ရေးနေ့ ကို ကျင်းပရခြင်း၏ သမိုင်းနောက်ခံ အကျဉ်းချုပ်မှာ – ၁၉၆၄ ခုနှစ်၌ မလေးရှား  လက်အောက်ခံ စင်ကာပူရ် ပြည်နယ်တွင် (ထိုအချိန်က စင်ကာပူရ်နိုင်ငံ အဖြစ်သီးခြား၇ပ်တည်ခြင်းမရှိသေးပါ၊ မလေးရား ပြည်ထောင်စု အတွင်းမှ ပြည်နယ်တစ်ခုအဖြစ်နှင့်သာ ရပ်တည်လျက်ရှိပါသည် ) ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုကြောင့် ဇူလိုင် ၂၁ ရက်နေ့တွင် ဒေသခံ ချိုင်းနီးစ် နှင့် မလေးလူမျိုးများအကြား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားကာ စုစုပေါင်း ၃၆ ဦးသေဆုံးပြီး ၅၅၆ ဦးဒါဏ်ရာရရှိခဲ့ပါတယ်၊

    မော်တော်ကားများ ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခံခဲ့ရပါသည်၊ လူ ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှု တော်တော်များ၏ ဖြစ်လေ့ဖြစ်ထ ပုံစံအတိုင်း နိုင်ငံရေး သွေးထိုး လှုံဆော်မှုများ နောက်ကွယ်မှ ပါဝင်ခဲ့ပါသည်။ ထိုအကြမ်းဖက် အရေးခင်းပြီးနောက် စင်ကားပူရ်ကျွန်း ရှိလူမျိုးစု အသီးသီးမှ ထင်ရှားကျော်ကြားသော ခေါင်းဆောင်များပါဝင်သည့်  ငြိမ်းချမ်းရေးကော်မတီ တစ်ခုကို အလျင်အမြန် ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုကော်မတီ၏ အဓိကလုပ်ဆောင်ချက်မှာ လူများစု ချိုင်းနီးစ် နှင့် ဒေသခံ မလေးများ အကြား ချစ်ကြည်ငြိမ်းချမ်းရေး နှင့် အတူတကွရှင်တွဲနေထိုင်ရေးကို အမြန်ဆုံး ပြန်လည်၍ တည်ဆောက်ရန်ဖြစ်ပါသည်။

    ဤ၀မ်းနည်းကြေကွဲ ဖွယ်ကောင်းသော အဖြစ်အပျက်ဆိုးကြီးကို ထာဝရ သင်ခန်းစာ ရယူပြီး လူမျိုးမတူ ဘာသာရေးယုံကြည်ချက် ကွဲပြားခြားနားသော နိုင်ငံသားများကြား၌ အတူတကွ ထာဝရ ချစ်ကြည်ရင်းနှီးရှင်တွဲနေထိုင်ကာ မခိုမကပ်ဘဲ နိုင်ငံအတွက်ဟူသော စိတ်ဓါတ်ဖြင့်ကြိုးစားခဲ့သောကြောင့် ယခုအချိန်၌ စင်ကာပူ ပြည်သူသမ္မတနိုင်ငံ (Republic of Singapore) ဟု ကမ္ဘာ့အလည်မှာ ၀င့်ကြွားစွာ ရပ်တည်နေနိုင်ခြင်းဖြစ်ပေတော့သည်။

    မှတ်ချက် ။ ။ စင်ကာပူရ် နိုင်ငံ၏ နိုင်ငံတော်သီချင်း နှင့် သစ္စာဓိဌာန် သည်နိုင်ငံ အတွင်းရှိ လူမျိုးမတူ ဘာသာရေးယုံကြည်ချက် ကွဲပြားသူအားလုံးကို တစည်းတလုံးတည်း ၊ သာတူညီမျှ အခွင့်အရေး ရရှိစေရမည်ဟု အဓိပါယ် ဖော်ဆောင်လျက်ရှိပေသည်။

    SINGAPORE NATIONAL PLEDGE

    We, the citizens of Singapore,
    pledge ourselves as one united people,
    regardless of race, language or religion,
    to build a democratic society
    based on justice and equality
    so as to achieve happiness, prosperity and
    progress for our nation.