News @ M-Media
Blog
  • ဓားစာခံဖြစ်သွားတဲ့ ရခိုင်ပြည်
    L. နေတောင်
    Photo: VOA
    အခုရခိုင်ပြည်မှာဖြစ်နေတဲ့ အရေးအခင်းကို အစအဆုံးစောင့်ကြည့်လေ့လာနေတဲ့ မြန်မာပြည်သူတယောက်အနေနဲ့ ကောက်ချက်ဒီလိုချပါတယ်။ အရင် ကတော့ ရခိုင်တွေဟာ ရိုဟင်ဂျာမုန်းတိုင်း မြန်မာတပြည်ကို ပြသနာတွေခေါ် သွင်းလာတယ်လို့  မြင်မိပေမဲ့  ပြီးခဲ့တဲ့ အပါတ်က စတဲ့ အဖြစ်အပျက် တွေ ကြည့်ပြီး ဗြောင်းပြန်မြင်တယ်။ ပြည်မက လူတွေမက်တဲ့ အမိနိုင်ငံတော်ကြီးဆိုတဲ့ အိမ်မက်အတွက် ရခိုင်ပြည်က သွေးနဲ့  သိက္ခာနဲ့ ရင်းပြီး ပေးဆပ်လိုက် ရတာလို့ ။
    အခုဆိုရင် ပြည်တွင်းမြန်မာသတင်းဌာနတွေက ဘယ်လောက်ပဲ တဖက်သတ် ရခိုင်ဖက်လိုက်ပြီး သတင်းရေးရေး နိုင်ငံတကာမှာ ရခိုင်တွေက သိက္ခာ ကျသထက်ကျသွားပြီ။ အရင်တုန်းက အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်လို့ပဲ သိကြတယ်၊ အခုတတော့ လူမျိုးဘာသာအစွန်းရောက် (racist) တွေလို့ အခေါ်ခံကြရပြီ။ ရခိုင်ပြည်သူတွေလဲ သေတဲ့လူသေ၊ အိုးအိမ်မဲ့ဖြစ်လို့ ဖြစ်၊ မိသားစုတွေဆုံးရှုံးက၊ ပိုင်ဆိုင်ပစ္စည်းတွေဆုံးရှုံးကြ။
    ဒီလိုပါပဲ ဘင်္ဂလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲခေါ်ခေါ် ရခိုင်ပြည်မှာ ကာလကြာရှည်စွာနေလာခဲ့တဲ့လူတွေလည်း ခံစားဆုံးရှုံးကြရပြီ။ အရင်ကတည်းက အဆင်မ ပြေတဲ့ အိမ်နီးချင်းတွေ ခုတော့ ရန်သူတွေဖြစ်ကုန်ပြီ။ အခုပြသနာတွေပြီးရင် ရခိုင်နဲ့  ရိုဟင်ဂျာတွေ ဘေးချည်းယှဉ်ပြန်နေကြရအုံးမယ်။ ကဲ ဒီ လူမျိုးနှစ် မျိုးရဲ့  ဆက်ဆံရေး အဆင်ပြေပါ့မလား။ သူ့ ငါသတ် ငါ့သူသတ်ဖြစ်ပြီးမှ အမုန်းတရား ဘေးထားပြီး ဖွံ့ ဖြိုးရေးအတွက် ငြိမ်းချမ်းရေးအတွက် လက်တွဲကြ ပါလို့ ဆိုလာ ရင် လက်တွေ့ ကျပါအုံးမလား။
    အဓိက ထောက်ပြချင်တာ ထောက်ပြရရင်
    အခုကိစ္စကို မဖြစ်ဖြစ်အောင် ဆွပေးတာ ဘယ်သူတွေလဲ။
    မြန်မာပြည်က မြို့ ကြီးမှာနေတဲ့လူတွေ၊ နိုင်ငံခြားမှာ မိုးလင်းမိုးချုပ် မကြောင့်မကျ မတောင့်မတျနရတဲ့လူတွေ၊ သတင်းထောက် သတင်းစာ ဂျာနယ် ဆိုပြီး ငွေရှာနေတဲ့လူတွေ။ မျိုးချစ်စိတ်တွေ၊ တိုင်းပြည်အတွက်တွေ၊ အချုပ်အခြာအာဏာတွေ တွင်တွင်ပြောနေကြတယ်။ မြန်မာပြည်ကြီးကို ကုလား လက်အောက်မရောက်အောင် ကာကွယ်ရမယ်ဆိုတဲ့ မျိုးချစ်အာဂတွေ။ တကယ်တမ်း သတ်လားဘာလားဖြစ်တော့ ဘယ်သူခံရလဲ။ ရခိုင်ပြည်သူတွေ ပါပဲ။ နေ့ သတ်ခံရမလား ညသတ်ခံရမလားမသိတဲ့ ဘ၀၊ အစားအသောက်ပျက်ပြီး ဘယ်ခါငတ်မလဲ မသိတဲ့ဘ၀၊ ပျက်ဆီးသွားတဲ့ အိုးအိမ်တွေအတွက် ဘယ်ခါမှ အစားပြန်ရမလဲမသိတဲ့ဘ၀။ မိသားစုထဲက သေသွားပြီဆိုရင်တော့ ထာဝရ ဆုံးရှုံးမှုပါပဲ။ သွေးရဲသံရဲ၊ သေသံ ကြောက်သံ ငြီးတွားသံတွေကို ခြောက်ခြားဖွယ် ရင်ဆိုင်နေရတာတွေက ရခိုင်ကပြည်သူတွေပါပဲ။
    ကဲ တိုင်းပြည်ကို ကာကွယ်ပါဆိုပြီး ပြသနာဖြစ်အောင် တတွင်တွင်အော်နေတဲ့ ပြည်မနဲ့  နိုင်ငံခြားကလူတွေက အချိန်တန်ရင် ရေခဲရေသောက်၊ ထမင်း ၀အောင်စားပြီး၊ အိပ်မောကျနေလောက်ပြီ။ နိုင်ငံခြားမှာနေတဲ့လူတွေအတွက် အနစ်နာဆုံးကတော့ အိပ်ရေးပျက်ရုံလောက်ပေါ့။ အမှန်တကယ် ပေး ဆပ်လိုက်ရတာကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေပါပဲ။
    ဆွပေးတဲ့ သတင်းမီဒီယာတွေကို ကြည့်ပါ။ ပြည်မကလူတွေပါပဲ။ ရခိုင်ပြည်နယ်ရဲ့နေ့တဓူဝ ကိစ္စတွေနဲ့ ကောင်း ကျိုးဆိုးကျိုးကို ထိရောက် ခံစားမှုမ လိုတဲ့ မြို့ နေအလယ်အလတ် လူတန်းစား ဗမာ (သို့ ) မြန်မာတွေပါပဲ။ ရခိုင်ပြည်သွေးစွန်းတဲ့ သတင်းတွေအတွက် ဂျာနယ်စောင်ရေတိုးသလို ပေါ်ပျူလာ တွေလည်းဖြစ်ကုန်လေရဲ့ ။
    အွန်လိုင်းမှာ တက်တက်ကြွကြွဖြစ်နေတဲ့ သာမန်ပြည်သူအများစုကတော့ ကွန်ပျူတာရှေ့ ထိုင်ပြီး ချကြလေကွာ ဆိုပြီး အားမာန်တွေသွင်းပြီး တိုင်းပြည်ကို ကာကွယ်နေကြလေရဲ့။ သူတို့ အတွက် ဆုံးရှုံးမှုကတော့ အင်တာနက် ဖိုးလောက်ပါပဲ။
    သူတို့ ကြားချင်တာ ဖြစ်ချင်တာကို ရခိုင်ပြည်သူတွေက သွေးနဲ့ ရင်းပြီး ပေးနေကြရပြီ။ သူတို့ ပြောတဲ့ တိုင်းပြည်ကို ကာကွယ်ကြပါဆိုတာကို ရခိုင်ပြည် သူတွေရဲ့  အသက်နဲ့ သိက္ခာနဲ့ ကာကွယ်ပေးနေရပြီ။
    အမျိုးဘာသာ သာသနာကို ကာကွယ်ပါဆိုပြီး တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ဒုက္ခပေးလာတဲ့အစိုးရ လှုပ်ဆော်မှုတွေ ကိုတော့ ပြောစရာတောင်မလိုပါ။
    မြန်မာပြည်ရဲ့  အချုပ်အခြာအာဏာ၊ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့  ရခိုင်ပြည်မှာ လူသတ်ပွဲ၊ သွေးရေချိုး ပွဲနဲ့ မှဖြစ်မှာလား။ တရုတ်အစိုးရကို မြစ်ဆုံထိုးပေးလိုက်တာ၊ ထားဝယ်ဆိပ်ကမ်းအတွက် နှစ်ပေါင်း ၃၀-၄၀ နိုင်ငံ ခြားကိုအပြီးပေးလိုက်တာ၊ ရွှေဂတ်စ်ပရောဂျက်အတွက် နိုင်ငံခြား ကုမ္ဗဏီတွေကို နယ်မြေတွေ လွဲပေးလိုက်တာ၊ ဒါတွေက နယ်မြေနဲ့  အချုပ်အခြာအာဏာကိုထိပါးတာပဲမဟုတ်ဘူးလား။
    ဘုန်းကြီးတွေကို ၂၀၀၇ တုန်းက အကြမ်းဖက်တုန်းကကျတော့ ဘာသာသာသနာကို စော်ကားဖျက်ဆီးတာပဲ မဟုတ်ဘူးလား။ နယ်စပ်တွေမှာ တင်မက မြို့ ကြီးတွေမှာပါ နိုက်ကလက်တွေဖွင့်ပြီး မိန်းကလေးတွေကစ သောက်စားမူးယစ် ပျက်ဆီးနေတာတွေကြတော့ အမျိုးသားရေးကို ထိပါးတာမဟုတ် ဘူးလား။
    ဒါတင်မကဘူး မြန်မာအ၀ှမ်းမှာဖြစ်နေတဲ့ အလုပ်သမားဆန္ဒပြမှု၊ တောင်သူလယ်သမားတွေဆန္ဒပြမှု၊ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုတွေ အားလုံးအခု ငြိမ် သွားပြီ။ ဒါပေမဲ့ ရခိုင်ပြည်သူတွေ အသက်လုပြေးနေကြရပြီ။
    ရခိုင်ပြည်နယ်က ချင်းပြည်နယ်ပြီးရင် အဆင်းရဲဆုံးပြည်နယ်လို့ ဖတ်ဖူးပါတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ ဖြိုးရေး လည်းမရှိဘူးလို့ ပြောကြတယ်။ မမြင်မ ရှင်းတဲ့ အိမ်နီးချင်းတွေ ဒီလောက်ဖြစ်ပြီးမှ ငြိမ်းချမ်းကြပါအုံးမလား။ ဒါ ကြောင့် အချက် ၂ ချက်တောင်းဆိုချင်ပါတယ်။
    –       အဓိကရုဏ်းဖြစ်အောင် အမျိုးသားရေးလှုံ့ ဆော်နေတဲ့ ပြည်တွင်းပြည်ပ ပြည်သူများ ရခိုင်ပြည်သူများ မျက်နှာထောက်ပြီး ငြိမ်းချမ်းရေးအတွက် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လက်တွဲကြဖို့ ကြိုးစားကြပါ။
    –       အဓိကရုဏ်းဖြစ်အောင် မောင်းခတ်ပေးနေတဲ့ လူတွေ၊ သတင်းဌာနတွေ၊ အစိုးရဌာန (သို့ )အရာရှိတွေ ကို စုံစမ်းဖော်ထုတ်ကြပါ။
    –       ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး စိတ်ဓာတ်ပျင်းထန်နေတဲ့ အသိများ မိတ်ဆွေများကို နှီးစပ်ရာ ထိန်းပေးကြပါ။
    ရခိုင်ပြည် အမြန် အေးချမ်းပါစေ။
  • ရခိုင်အရေးနှင့်ပတ်သက်ပြီး ဘာသာပေါင်းစုံအဖွဲ့ ရခိုင်လူမှုရေးအဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့တို့ ပူးပေါင်း ကြေငြာချက် ထုတ်ပြန်
    Credit – ရန်ကုန်တိုင်းမ်
    သာသနာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ တို့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ အမြန်ဆုံးတည် ငြိမ်အေး ချမ်းမှုရရှိစေရန်နှင့် အခြားဒေသများသို့ ပြန့်ပွားမှု မရှိစေရန် မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ ရခိုင်လူမှုရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ MIS အဆောက်အဦးတွင် တွေ့ဆုံဆွေးနွေးကြပြီးအောက်ပါ အတိုင်း သဘောတူ ညီချက်များ ရရှိ လက်မှတ်ရေးထိုးကြပါသည်။၁.ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများသည် ဘာသာရေးကို အကြောင်ြး ပု၍ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ဘဲ ပြစ်မှု ဆိုင်ရာ ပြဌာန်းချက်များ ကျူးလွန်ဖောက်ဖျက်သည့် ကိစ္စရပ်များေ ပ်ါမူတည်၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
    ၂. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ အားလုံးသည် ယနေ့ထက်တိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် အစဉ်လာကောင်းကို ထိန်းသိမ်းလျက်ရှိပါသည်။
    ၃. ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ကို အဆုံးသတ်နိုင်ရေးအတွက် လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်။
    ၄. မြန်မာနိုင်ငံအတွင်း အခြားဒေသများသို့ ပဋိပက္ခများ ပြန့်နှံ့ရောက်ရှိ သွားခြင်း မရှိစေရန် အတွက် ၀ိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်သွားမည် ။
    ၅. ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ဖြစ်ပွားနေသော မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်လှုပ်ရှားဆောင်ရွက်နေမှုများကို ပြင်းထန်စွာရှုံချသည်။
    ၆.ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးဒုက္ခရောက်နေကြသည့် ပြည်သူအားလုံးကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းပါသည်။
    ၇. ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အရေးကိစ္စများ အေးချမ်းငြိမ်သက်စေရန် အခြားဒေသများသို့ ပြန့်နှံခြင်း မရှိစေရန် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့တစ်ဖွဲ့ကို ဘာသာပေါင်းစုံညီညွှတ်ရေး အဖွဲ့ ရခိုင်လူမှု အဖွဲ့အစည်း များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များ မီဒီယာများမှ ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာ အာဏာ ပိုင်အဖွဲ့များနှင့် လက်တွဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
  • အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်းများ အတွက်လည်း အကူအညီ လိုအပ်လျှက်ရှိ
    အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်းများ အတွက်လည်း အကူအညီ လိုအပ်လျှက်ရှိ
    ဇွန် (၁၄)ရက် ၊ ၂၀၁၂ခုနှစ်။
    Photo- မြစ်မခ
    ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများဒုက္ခသည်စခန်းများနည်းတူ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်စခန်း များအတွက်လည်း အစားအသောက်နှင့်အ၀တ်အထည်ပစ္စည်းများ အကူအညီလိုအပ်လျက်ရှိကြောင်း သိရှိ ရသည်။“ရန်ကုန်က သူဌေးတွေ နဲ့ဝန်ကြီးချုပ်တွေ လာပြီး (၂၄)ပြည်ဝင် အိတ်(၄၀)၊မာမီးခေါက်ဆွဲထုပ် ဖာ(၃၀) လောက် လာချပေးသွားတယ်။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်က ဒုက္ခသည်တွေများတော့ အစားအသောက်ကမဖူလုံဘူး” ဟု စစ်တွေမြို့ ၊ အောင်မင်္ဂလာ ရပ်ကွက်နေ အစ္စလာမ်ဘာသာကိုးကွယ်သူ ကိုအာဘူးရှည်က ပြောသည်။
    စစ်တွေမြို့တွင် အစ္စလာမ်ဘာသာဝင်အချို့၏ နေအိမ်မီးလောင်ကျွမ်းခြင်းကြောင့်  ဒုက္ခသည်များအား သဲချောင်း၊  ရွာဟောင်းနှင့် သက်ကတင်ဈေး စသည့် နေရာ(၃)ခုတွင် အစိုးရဒုက္ခသည် စခန်းပြုလုပ်ပေးထား သည်။
    “အစိုးရက ထောက်ပံ့ပေးတာတော့ရှိတယ် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကို ဒုက္ခသည်စခန်း (၃)ခုမှာ ထားထားတယ်။“ဟု ကိုအာဘူးရှည်က ဆက်ပြောသည်။
    အချို့သော အစ္စလာမ်ဘာသာဝင်များမှာ အ၀တ်အစားလဲလှယ်ရန်     အ၀တ်အစားမရှိခြင်းနှင့် အစားအသောက် အခက်အခဲဖြစ်နေခြင်းကြောင့်   မိမိရပ်ရွာရှိ နေအိမ်သို့ ပြန်လိုကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသည်။
    “ဒုက္ခသည်စခန်း ရောက်သွားတဲ့လူဆို လုံချည်လဲဝတ်စရာ ဘာမှမပါလို့ဆိုပြီး ငိုယိုတဲ့လူနဲ့ နေအိမ်ဆုံးရှုံးလို့ အရှုးတစ်ပိုင်းလိုဖြစ်နေ တဲ့လူနဲ့အဲ့ဒီလိုမျိုးတွေ ကြုံနေရလို့  ကိုယ့်နေရပ်ကို ပြန်လာချင်လို့ လှမ်းပြောလိုက်တဲ့ လူတွေရှိတယ်” ဟု စစ်တွေမြို့ စက်ရုံစုရပ် ကွက်နေ   အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။
    ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း ရပ်ရွာများရှိ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် သွားရောက်နေထိုင်ရပြီး အစားအသောက်နှင့်   ဆေးဝါးများလိုအပ်နေသကဲ့သို့ နေအိမ်များမီးလောင်ရာတွင် အ၀တ်အစားများပါသွား ခြင်းကြောင့် အ၀တ်အထည်များ လိုအပ်လျက် ရှိကြောင်းကိုလည်း သိရှိရသည်။
    “နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားနေရတာပေါ့ အခုအချိန်ထိတော့ စားရေးသောက်ရေးကတော့ ဒုက္ခ ရောက်နေတုန်းပေါ့ လွယ်လွယ်အဆင်ပြေမဲ့ ကိစ္စမှ မဟုတ်သေးတာ” ဟု စစ်တွေမြို့ ဓည၀တီရပ်ကွက်နေ ရခိုင်တိုင်းရင်းသူ မချိုချိုဝင်းက ပြောသည်။
    ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေဖြင့်လည်း လူမျိုးခွဲခြားခြင်းမရှိဘဲ တက်နိုင်သမျှ ဒုက္ခရောက်ပြည်သူ များအားလုံးအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ဟုဆိုထားသည်။
    “ကျွန်တော်တို့ ကူညီခဲ့တဲ့ နေရာတွေရှိပါတယ်၊ ဒါပေမဲ့ လူတော်တော်များတော့ အပြည့်အစုံတော့ မကူညီနိုင်သေးဘူးပေါ့ ဒါပေမဲ့ လူမျိုးမခွဲခြားဘဲ ဒုက္ခရောက်သူတွေ အားလုံးကို ကူညီဖို့အစီအစဉ်ရှိပါတယ်” ဟုရခိုင်တိုင်းရင်းသားများ    တိုးတက်ရေးပါတီမှ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
    ရန်ကုန်မှ ၀န်ကြီးချုပ်များနှင့် လူမှုကူညီရေးအသင်းများမှလည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ဆန်အိတ်များ စားသုံးကုန်ခြောက်  များ၊   အ၀တ်အထည်များ လာရောက်လှူဒါန်းမှုများရှိသော်လည်း ရခိုင်တိုင်းရင်းသားများနှင့်  အစ္စလာမ် ဘာသာဝင်များအတွက် လုံလောက်မှု မရရှိသေးပေ။
    မြစ်မခ မီဒီယာမှ ကူးယူဖော်ပြပါသည်။
  • တစ်ခုခုတော့ မှားနေပြီ
    တစ်ခုခုတော့ မှားနေပြီ
    အောက်က စာပိုဒ်နှစ်ပိုဒ်နှင့် လက်ခုပ်သံတွေကို ဖတ်ကြည့်ပါ။ တစ်ခုခုတော့ မှားနေပြီလို့ မထင်ဘူးလားဗျာ။ရခိုင်ပြည်နယ် ဖြစ်နေတဲ့ကိစ္စနှင့် ကျနော်တို့ ရှင်းလင်းတဲ့နေရာမှာ ကျနော်တို့ရဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ အနောက်တံခါး ကျိုးပြီလို့ ကျနော်က ပြောချင်ပါတယ်။ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်းရခိုင်အမျိုးသားတွေ ကာကွယ်စောင့်ရှောက်နေတဲ့ အနောက်တံခါးကြီး ကျိုးပြီ။ ကျနော်တို့ ရခိုင်တိုင်းရင်းသားများဖြစ်တဲ့ မြို၊ ကမီး၊ သက်တွေ စောင့်ရှောက်နေတဲ့ နေထိုင်နေတဲ့ အနောက်တံခါးကြီး ကျိုးသွားပါပြီ ခင်ဗျ။
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
    တစ်ခုခု မှားနေပြီလို့ မထင်သေးရင် အောက်မှာ ဥပမာ သုံးခုကို ဆက်ဖတ်စေချင်ပါတယ်။
    ၁။ ကျနော်တို့ အမိမြန်မာနိုင်ငံတော်ကြီး ထီးကျိုး စည်ပေါက် ကျွန်သဘောက်ဘဝ ရောက်ခဲ့ရတယ်။
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
    ၂။ ကျုပ်တို့ မွန်နိုင်ငံတော်ကြီး ပျက်သုဉ်းခဲ့ရတယ်။
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
    ၃။ ငါတို့ အဖရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတယ်။
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
    ဒါတွေကတော့ လက်ခုပ်တီးစရာ မဟုတ်ဘူးဆိုတာ ရှင်းလှပါတယ်။
    တစ်ကယ်တော့ အနောက်တံခါးကြီး ကျိုးသွားပါပြီလို့ ရခိုင်ဒီမိုကရေစီအဖွဲ့က ဦးလှမြင့်က ၂၀၁၂ခု ဇွန်လ(၁၁)ရက်နေ့တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ဒို့ရိုးရာစားသောက်ဆိုင်မှာ ကြီးမှူးကျင်းပသော လက်ရှိရခိုင်ပြည်အခြေအနေ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တဲ့ အခါမှာ တက်ရောက်တဲ့ ပရိသတ်က ဝမ်းနည်း ကြေကွဲကြသင့်ပါတယ်။ ဘာကြောင့် တံခါးကြီးကျိုးသွားတာကို ပရိသတ်က လက်ခုပ်သြဘာ ပေးနေကြတာလဲ။ အထူးသဖြင့် ရခိုင်ရွာတွေ မီးရှို့ခံ၊ ရခိုင်တွေ အသတ်ဖြတ်ခံ၊ အနိုင်ကျင့်ခံ၊ ရခိုင်တွေ သောင်းနှင့်ချီ ဒုက္ခသည်အဖြစ် ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံဆင်းရဲဒုက္ခရောက်နေပြီး ပြည်တွင်း၊ ပြည်ပက အလှူငွေများ ကောက်ခံထောက်ပံ့နေရတဲ့ အခါမျိုးမှာ တံခါးကြီး ကျိုးသွားတာကို လက်ခုပ်သံ တစ်ဖြောင်းဖြောင်းနှင့် ကြိုဆိုလိုက်တာက တစ်ခုခုတော့ မှားနေပြီလို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီးအပါအဝင် တက်ရောက်ကြတဲ့ ခေါင်းဆောင်ကြီးများ မထင်မိကြဘူးလားဗျာလို့ မေးလိုက်ချင်ပါတယ်။
    ရှင်းရှင်းပြောရရင် အခု ရခိုင်ပြည်မှာ ဘင်္ဂါလီတွေ အစုလိုက် အပြုံလိုက် ခိုးဝင်နေတာကြောင့် တားဆီးရင်းဖြစ်ရတာပါဆိုတဲ့ ဥပဒေမဲ့ အဓိကရုဏ်းတွေကို လုံးဝ ဘဝင်မကျပါ။ GDP ဘီလျှံတစ်ရာကျော်ရှိပြီး မြန်မာပြည်ထက် အပုံကြီး ပိုတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒက်ရှ်က ဘင်္ဂါလီတွေက GDP ဘီလျှံငါးဆယ်ကျော်သာရှိပြီး ပြည်တွင်းစစ်တွေအပြင် မတည်မငြိမ်ဖြစ် နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို ပေါ်တာဆွဲခံ၊ အရိုက်ခံ၊ အဆဲအနှိမ်ခံဖို့၊ သူ့သမီး၊ သူ့မယား အနိုင်ကျင့်ခံရဖို့ ခိုးဝင်လာနေကြတယ်ဆိုတာက သဘာဝ ကျပါရဲ့လား။
    အရင်ကာလကတည်းက တရားမဝင် ဝင်နေခဲ့တဲ့ ဘင်္ဂါလီတွေရှိရင် စိစစ်အရေးယူပြီး ပြန်မောင်းထုတ်လိုက်ပါ။ အခုဝင်လာနေတာရှိရင်လည်း တားဆီးပါ။ ဖမ်းပါ။ မောင်းထုတ်ပါ။ နောင်ဝင်လာမှာကိုလည်း အခုတည်းက ကြိုတင်စီစဉ် ကာကွယ်ပါ။ မြန်မာပြည်မှာ မြန်မာတိုင်းရင်းသားတွေ အပြင် ဘယ်နိုင်ငံခြားသားမှ လွှမ်းမိုးလာမှာကို ကျနော်တို့လည်း မကြိုက်တာမို့ အနောက်ဖက်တံခါးကြီးကို ကာကွယ်နေတဲ့ ရခိုင်အမျိုးသားများကို အလေးအမြတ်ပြုပါတယ်။ ပူပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ မြန်မာမွတ်စလင်များက အချိန်မရွေး အဆင်သင့်ရှိပါတယ်။ သို့သော် ဘင်္ဂလားဒက်ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင်ပြည်က မွတ်စလင်တွေတောင် ကိုယ့်ရပ်မြေဖြစ်တဲ့ မြန်မာပြည်ကို လုံခြုံမှုမရှိလို့ မပြန်ရဲပါဘူးဆိုပြီး UNHCRနှင့် ဘင်္ဂလားဒက်အစိုးရကို အာခံငြင်းဆန်နေတဲ့ အချိန်မျိုးမှာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား ဘင်္ဂါလီတွေက ပေါ်တာအဆွဲခံဖို့ မြန်မာပြည်ထဲ အစုလိုက် အပြုံလိုက် တရားမဝင် ခိုးဝင်နေပါတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို အကာအကွယ်(Pretext)ယူပြီး ရခိုင်ပြည်နယ်တွင် လက်ရှိ တရားဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မျိုးဖြုတ်ဖို့ အကွက်ဆင်လာခြင်း ဖြစ်တယ်ဆိုရင်တော့ . . . .
    ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီး၊ ဦလှမြင့်၊ ဦးကျော်မြင့်တို့ ခင်ဗျာ။ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပါပြီ။
    မေလ (၂၈)ရက် မသီတာထွေးကို ဘင်္ဂါလီ မွတ်စလင် သုံးယောက်က မုဒိန်းကျင့် သတ်တဲ့ နောက်နေ့ (၂၉)ရက်မှာ နစကအရာရှိက မောင်းတောမှာ မွတ်စလင်အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှု ဖြစ်ပွါးခဲ့တယ်။ သွားတိုင်တာတောင် အရေးယူဟန် မတူပါဘူး။ ဘယ်မီဒီယာကမှလည်း ဗုဒ္ဓဘာသာ နစက က မွတ်စလင်အမျိုးသမီးကို မုဒိန်းကျင့်တယ်လို့ မဖေါ်ပြပါဘူး။ ဂျာမဏီမှာ တစ်ချိန်က ဂျူးတွေကို တိရစ္ဆာန်လို သဘောထားသလို သဘောထားနေကြပြီ တူပါတယ်။ ပြစ်မှုကျူးလွန်သူကို လူမျိုး မရွေး၊ ဘာသာ မရွေး ဥပဒေအရ ထိရောက်စွာ အရေးယူရမှာပါ။ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးသူများကို ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် ထိရောက်စွာ အရေးယူရပါမယ်။
    မြန်မာပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးလို့ သတ်မှတ်ခဲ့ဘူးတယ်။ နောက် ဗိုလ်ချုပ်မှူးကြီး စောမောင်က သူဖြုတ်ချင်တာ ဖြုတ်ပြီး ဒီမိုကရေစီ အစိုးရအဆက်ဆက်နှင့် မဆလ(၂၆)နှစ်လုံးလုံး နိုင်ငံခြားသားတွေလို့ဆိုခဲ့တဲ့ ကိုးကန့်တရုပ်တွေကို တိုင်းရင်းသားဖြစ်စေသတည်းဆိုပြီး တိုင်းရင်းသား (၁၃၅)မျိုး သတ်မှတ်လိုက်တယ်။ အခု ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးအပါအဝင် ဖြုတ်ချင်တာ ဖြုတ်ပြီး တိုင်းရင်းသား (၁၀၁)မျိုး ဖြစ်စေသတည်း လုပ်ပြန်တယ်။ ဇိုမီးတွေက ကန့်ကွက်တော့ တိုင်းရင်းသား (၁၀၂)မျိုး ဖြစ်စေသတည်းဆိုပြီး ဇိုမီးကို ပြန်ထည့်ပြန်တယ်။ နောက်ကန့်ကွက်သူတွေ ပေါ်လာရင်လည်း ပေါ်လာသလို ထပ်ပြင်အုံးမဲ့သဘော ဖြစ်နေတယ်။ ဘယ်မှာလဲ မူ။ ရှက်ရမှန်းလည်း သိကြဟန် မတူဘူး။
    တိုင်းရင်းသား သတ်မှတ်မှုတွေ မှန်သမျှကို အစိုးရတွေကသာ မိမိသဘောနှင့် တစ်ဖက်သတ် ထင်သလို သတ်မှတ်ခဲ့တာ ချည်းဖြစ်ပြီး ပြည်သူလူထု၏ သဘောထား တောင်းခံမှု တစ်ခါဘူးမှ မရှိခဲ့ဘူး။ ဒါကြောင့် အင်မတန်နည်းတဲ့ လူနည်းစုဖြစ်တဲ့ ချင်းအမျိုးသား တစ်မျိုးထဲကို လူမျိုးကွဲ ငါးဆယ်ကျော်ဖြစ်ခဲ့ရတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ် မဖြစ် ကျနော်တို့ မြန်မာမွတ်စလင်တွေရဲ့ သဘောထားက ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံ၏ သဘောထားနှင့် ထပ်တူဘဲ ဖြစ်တယ်။ သို့သော် အစိုးရလုပ်သူက သူထင်သလို တိုင်းရင်းသား ဖြစ်စေဆို ဖြစ်လိုက်၊ ပယ်စေဆို ပယ်လိုက်ဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒါဟာ အမျိုးသားရေး၊ တိုင်းပြည် အချုပ်အခြာ၊ လုံခြုံရေး၊ တိုင်းပြည်အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေတာမို့ သမိုင်းပညာရှင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရသာ ဖြစ်သင့်တယ်။ အထူးသဖြင့် စစ်အာဏာရှင် (သို့မဟုတ်) စစ်အာဏာရှင် တစ်ပိုင်း အစိုးရများက ဖြစ်စေ၊ ပယ်စေဆိုတိုင်း ဖြစ်လိုက်၊ ပယ်လိုက် မဖြစ်သင့်ဘူး။
    တစ်ဖန် လူမျိုး (၁၀၁)မျိုးလို့ ဘာလို့ သတ်မှတ်ရတာလည်းဆိုတာကို ဆန်းစစ်ဖို့လိုပြန်ပါတယ်။ (၁၀၁)ပါးသော ထီးဆောင်းမင်းတို့က ပဏ္ဍာကြို့ရတဲ့ မဟာသမ္မတမင်း၊ စကြာဝဋေးမင်း လုပ်ချင်လို့ တမင် ပုံစံသွင်းနေတာလားဆိုတာ သံသယဖြစ်စရာပါ။ ဒီလိုစီမံချက်မျိုးနှင့် မဟာလူမျိုးကြီးဝါဒကို အသက်သွင်းဖို့ ရည်ရွယ်ချက်က နောက်ကွယ်မှာရှိနေရင်တော့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် အင်မတန်အန္တရာယ်ကြီးပါတယ်။
    နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဦး(မှူးဇော်)က ရိုဟင်ဂျာအကြမ်းဖက်သမားတွေ လက်နက်ကိုင် ကျူးကျော်ဖို့ လာနေပြီလို့ သူ့ဖေ့စ်ဘွတ်ကနေပြီး ဖွလိုက်ပါတယ်။ ဘင်္ဂလားဒက်နှင့် ဒီလောက်ဆက်ဆံရေး ကောင်းနေတဲ့အချိန်မှာ ဒီသတင်း မှန် မမှန်၊ မှန်ရင်လည်း ဘင်္ဂလားဒက်အစိုးရနှင့် ပူးပေါင်းကိုင်တွယ်ရမည့်အစား မှူးဇော်က လူသားချင်း စာနာမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောနဲ့လို့ဆိုပြီး လူထုကို တာဝန်မဲ့ သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်။ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကျော်နေတဲ့ သမ္မရုံးက ညွှန်ကြားရေးမှူးဆိုတဲ့ ကြီးမားတဲ့ နိုင်ငံ့ဂုဏ်ဆောင် တာဝန်ကြီးကို ဂရုမထားဘဲ သူ့ကိုယ်သူ မော်စကိုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားစစ်ဗိုလ်ကလေးလို ထင်ရာရေးပြီး ကိုယ်လွတ်ရုံးလို့ ရမယ်လို့ ထင်နေဟန်တူတယ်။ ကျနော်တို့ ခေါင်းဆောင်အချို့ကလည်း ပြသနာကို မြင်တဲ့အခါ တစ်ကွက်၊ နှစ်ကွက်၊ အလွန်ဆုံး ငါးကွက်လောက်ဘဲ ကြိုမြင်တတ်သူတွေဖြစ်ပြီး ဆယ်ကွက် အကွက်နှစ်ဆယ်ကို မမြင်တတ်တော့ သူတို့ဆင်တဲ့ အကွက်ထဲဝင်ပြီး သွေးဆူကာ ဆော်ကြ၊ ချကြ၊ သတ်ကြဖြစ်ကုန်တယ်။ ရခိုင်ပြည်သားတွေဖြစ်တဲ့ ရခိုင်နှင့် မွတ်စလင်တွေ အချင်းချင်းချကြတော့ နှစ်ဖက်စလုံး အထိနာကြတဲ့အပြင် ရခိုင်ပြည်ရဲ့ ဂုဏ်သတင်း၊ လုံခြုံရေး၊ စီးပွါးရေး လာရောက်မြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။
    အနှစ်နှစ်ဆယ်ကျော် ငြိမ်းချမ်းခဲ့တဲ့ ကချင်မှာလည်း ဒီမိုကရေစီအစိုးရဆိုသူ တက်လာမှဘဲ တစ်နှစ်ကျော်ကြာ စစ်ဖြစ်နေပြီး ဒုက္ခသည်က သိန်းဂဏန်းတောင် ကျော်ပြီဆိုတော့ တိုင်းပြည်မတည်ငြိမ်အောင်၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်မဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေသူများ ရှိနေသလားလို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘန်ကောက် ကမ္ဘာ့စီးပွါးရေး ညီလာခံမှာ Reckless Optimism လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးခဲ့ပါသလဲ။ နိုင်ငံရေးအပြောင်းအလဲတွေကို လုပ်ခဲ့တယ်ဆိုတဲ့ ရုရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်အပါအဝင် အာဖရိကနိုင်ငံအများအပြားမှာ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးအမြတ်ကို လူထုက အရိုးအရင်းတောင် အနိုင်နိုင် စုပ် ဆင်းရဲတွင်း နက်နေဆဲဖြစ်ပြီး၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဆက်လက်ထားရှိကာ Cronyism လို့ခေါ်တဲ့ လက်တစ်ဆုပ်စာ လူလည်အုပ်စုသစ်တစ်ခုနှင့် အစိုးရဟောင်း၊ စနစ်ဟောင်းကလူတွေ ပူးပေါင်းပြီး ခံစား၊ စံစား၊ ခွစားသွားမှာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုမြင်လို့ဖြစ်တယ်။ အခုဆိုရင် ကချင်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ်မြေအသိမ်းခံရမှုတွေ၊ မီဒီယာ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီရေး၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးစတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအကုန် နောက်တန်းကိုရောက်သွားပြီး ဒီမိုကရေစီစနစ်မှာ မလိုလားအပ်ဆုံးဖြစ်တဲ့ မာရှယ်လောကိုတောင် လူထုက တောင့်တပေးရတဲ့ ဘဝမျိုးကို ရောက်သွားပါပြီ။ စာရင်းချုပ်ရင် ဒေါ်စုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆု လက်ခံမဲ့ နိုင်ငံခြားခရီးစဉ်ကိုပါ ထိခိုက်နိုင်တဲ့ ခဲတစ်လုံးနှင့် ငှက်အကောင်နှစ်ဆယ်လောက်ရသွားသလို ကြက်တွေပန်းတော့ ယာလည်းညက်ပြီး ဒိုင်က ပြန်စားမဲ့ ဇာတ်ကွက်ကို ကိုယ်က အလိုတူအလိုပါ ဝင်ကပေးနေသလို ဖြစ်နေပါပြီ။
    အခြေအနေတွေ ပြန်တည်ငြိမ်လာပြီဆိုရင် မှူးဇော်အနေနှင့် လက်နက်ကိုင် ရိုဟင်ဂျာအကြမ်းဖက်သမားတွေ အစုလိုက် အပြုံလိုက် ဝင်လာနေပါတယ်ဆိုပြီး လူထုကို လှုံ့ဆော်ခဲ့တဲ့ မိမိစွပ်စွဲချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လိုပါလိမ့်မယ်။ မပြနိုင်ရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးမှုကြောင့် သူကော၊ သူ့ဖေ့စ်ဘွတ်ကော သွေးစွန်းသွားပြီ ဖြစ်တယ်။ သမ္မတရုံး ညွှန်ကြားရေးမှူးကိုယ်တိုင်က တိုင်းပြည် မတည်ငြိမ်အောင် လှုံ့ဆော်မှုကြီးလည်းဖြစ်ပါတယ်။ အခုလို ကိုယ့်တိုင်းသူပြည်သားအချင်းချင်း အပြန်အလှန် မီးရှို့၊ အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာအောင် လှုံ့ဆော်ပေးနေတဲ့ နောက်ကွယ်က (Mastermind)အင်အားစုတွေဟာ အသုံးချခံ လက်တွေ့ပြစ်မှု ကျူးလွန်နေသူတွေထက် ပိုအပြစ်ကြီးပါတယ်။
    တရားဥပဒေစိုးမိုးရေးဆိုတာ တိုင်းပြည်ကို လူက အုပ်ချုပ်တာ မဟုတ်ရပါဘူး။ မူက အုပ်ချုပ်ရမှာပါ။ ပါတီစုံဖြစ်တိုင်း ရွေးကောက်ပွဲတွေရှိတိုင်း ဒီမိုကရေစီနိုင်ငံ မဖြစ်လာပါဘူး။ ပါတီစုံ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပနေတဲ့ အာဏာရှင်နိုင်ငံတွေ ရိုက်သတ်လို့တောင် မကုန်ပါဘူး။ မူ(Principle) ပေါ်မှာ မရပ်ဘဲ လူကြိုက်များရေးကို နေရာအတွက် လျှောက်လုပ်မဲ့သူတွေ များလာရင်တော့ ကျနော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်နိုင်ငံသာ ဖြစ်သွားပါလိမ့်မယ်။
    လက်ရှိခေါင်းဆောင်များသည် မူပေါ်မှာ ကြံ့ကြံ့ခံ ရပ်မလား။ လူကြိုက်များတာ လိုက်လုပ်မလားဆိုတာ မိမိဖာသာ မေးခွန်းထုတ်ကြဖို့ လိုပါပြီ။
    ပြည်သူ့လွှတ်တော် ဥက္ထဌကြီး သူရဦးရွှေမန်းက ကျနော်တို့ထဲမှာ မပြောင်းလဲလိုသူတွေ ရှိနေပါတယ်။ သူတို့အင်အားက အင်မတန် ကြီးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် ခေါင်းဆောင်များအနေနှင့် မူပေါ်မှာ ကြံ့ကြံ့ခံရပ်ပြီး ဒီမိုကရေစီအုတ်မြစ်ကို အခိုင်အမာ ချမှတ်မလား။ ငါးပွက်ရာ ငါးစာချ၊ လူကြိုက်များ ပေါ်ပြူလာဖြစ်မဲ့လမ်းကို လျှောက်ရင်းနှင့် သဘောထားတင်းမာသူများနှင့် လက်တွဲမိပြီး အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီနိုင်ငံတည်ထောင်ပြီး တိုင်းပြည်ကို လမ်းလွှဲ ချောက်ချလိုက်ကြမလားဆိုတာက ယနေ့ ကျနော်တို့အားလုံးအတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အနာဂတ် လမ်းကြောင်းကို ပုံဖေါ်ခြင်းဖြစ်ပါတယ်။
    ဒီအတိုင်းဆို တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ ထင်တယ်ဗျာ။
    အောင်တင်
    ဇွန် (၁၂)၊ ၂၀၁၂
    မှတ်ချက်။ ။ ဒီစာရေးတဲ့အခါ ခင်ဗျားကို ဘက်ပေါင်းစုံက ဝိုင်းတိုက်ကြမယ်ဆိုပြီး မိတ်ဆွေအချို့က မရေးဖို့ တားတယ်။ ကျနော်လည်း သိပ်ရေးချင်လှလို့တော့ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက “လူကြိုက်များတိုင်း တိုင်းပြည် ချောက်ထဲကျမဲ့လမ်းကို လိုက်မလုပ်နိုင်ဘူး” ဆိုတဲ့ စကားကို ဦးထိပ်ထားပြီး တိုင်းပြည်အတွက်၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုအတွက် အင်မတန် ရေးသင့်တယ် ထောက်ပြသင့်တယ်လို့ ယုံကြည်လို့ မှားနေတဲ့ လမ်းချောကို မလိုက်ဘဲ ကြမ်းပြီး အန္တရာယ်များနိုင်တဲ့ လမ်းမှန်၊ လမ်းကြမ်းကို ရွေးလိုက်ခြင်းဖြစ်ပါတယ်။ အချက်အလက်နှင့် ဆင်ခြင်တုန်တရားကို အခြေခံတဲ့ တုန့်ပြန် ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။ ကျနော် မရေးတာကို အရေးလုပ်၊ ကျနော် မပြောတာကို အပြောလုပ်ပြီး ရိုင်းပြစွာ ဆွေးနွေးတာမျိုးကိုတော့ မကြိုဆိုပါ။
    {ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါတယ်}
  • ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”
    ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”
    ဇော်လွင်မိုး
    ငြိမ်းချမ်းမှုသော့နဲ့ စစ်ကိုပိတ်လိုက်ပါ
    ထမင်းရည်ချောင်းခြား အလှုနဲ့ 
    ထမင်းရည်ပူလောင်နေတဲ့  မြို့ လေးရေ…
    မင်းသတင်းဟာ တခါတခါ
    ရပ်ဝေးမြေခြား သတင်းစာတွေထဲမှာ
    ကိုယ်ပျောက်နေတတ်တယ်နော်….။
    ကိုယ်မီးကိုယ်ခတ်
    ကိုယ်အကြောင်းကိုယ်တင်ဆက်
    သတင်းတွေဖတ်ရတာ
    စမ်းသပ်ခန်းထဲက
    တိရစ္ဆာန်တစ်ကောင်လို
    မျက်လုံးတွေ ငေးကြောင်လို့ ….။
    အပြစ်မဲ့ပေးဆပ်နေကြတာများ သွေးချောင်းတွေစီးလို့ …
    လူသားမဆန်လိုက်ပုံများ ….
    သွေးကိုသွေးနဲ့ လဲကြတယ်…
    သတင်းတွေလဲမှားတယ်
    အတင်းတွေလဲများတဲ့ ရခိုင်အရေး ကျွန်တော်ရင်လေးမိတယ်ဗျာ…
    တော်ပြီ
    ရပ်တော့
    လူထုသွေးတွေလဲခြေဆေးပြီးပြီဗျာ.…။