News @ M-Media

Blog

  • တစ်ခုခုတော့ မှားနေပြီ

    တစ်ခုခုတော့ မှားနေပြီ

    အောက်က စာပိုဒ်နှစ်ပိုဒ်နှင့် လက်ခုပ်သံတွေကို ဖတ်ကြည့်ပါ။ တစ်ခုခုတော့ မှားနေပြီလို့ မထင်ဘူးလားဗျာ။ရခိုင်ပြည်နယ် ဖြစ်နေတဲ့ကိစ္စနှင့် ကျနော်တို့ ရှင်းလင်းတဲ့နေရာမှာ ကျနော်တို့ရဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ အနောက်တံခါး ကျိုးပြီလို့ ကျနော်က ပြောချင်ပါတယ်။ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်းရခိုင်အမျိုးသားတွေ ကာကွယ်စောင့်ရှောက်နေတဲ့ အနောက်တံခါးကြီး ကျိုးပြီ။ ကျနော်တို့ ရခိုင်တိုင်းရင်းသားများဖြစ်တဲ့ မြို၊ ကမီး၊ သက်တွေ စောင့်ရှောက်နေတဲ့ နေထိုင်နေတဲ့ အနောက်တံခါးကြီး ကျိုးသွားပါပြီ ခင်ဗျ။

    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

    တစ်ခုခု မှားနေပြီလို့ မထင်သေးရင် အောက်မှာ ဥပမာ သုံးခုကို ဆက်ဖတ်စေချင်ပါတယ်။

    ၁။ ကျနော်တို့ အမိမြန်မာနိုင်ငံတော်ကြီး ထီးကျိုး စည်ပေါက် ကျွန်သဘောက်ဘဝ ရောက်ခဲ့ရတယ်။

    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

    ၂။ ကျုပ်တို့ မွန်နိုင်ငံတော်ကြီး ပျက်သုဉ်းခဲ့ရတယ်။

    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

    ၃။ ငါတို့ အဖရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတယ်။

    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

    ဒါတွေကတော့ လက်ခုပ်တီးစရာ မဟုတ်ဘူးဆိုတာ ရှင်းလှပါတယ်။

    တစ်ကယ်တော့ အနောက်တံခါးကြီး ကျိုးသွားပါပြီလို့ ရခိုင်ဒီမိုကရေစီအဖွဲ့က ဦးလှမြင့်က ၂၀၁၂ခု ဇွန်လ(၁၁)ရက်နေ့တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ဒို့ရိုးရာစားသောက်ဆိုင်မှာ ကြီးမှူးကျင်းပသော လက်ရှိရခိုင်ပြည်အခြေအနေ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တဲ့ အခါမှာ တက်ရောက်တဲ့ ပရိသတ်က ဝမ်းနည်း ကြေကွဲကြသင့်ပါတယ်။ ဘာကြောင့် တံခါးကြီးကျိုးသွားတာကို ပရိသတ်က လက်ခုပ်သြဘာ ပေးနေကြတာလဲ။ အထူးသဖြင့် ရခိုင်ရွာတွေ မီးရှို့ခံ၊ ရခိုင်တွေ အသတ်ဖြတ်ခံ၊ အနိုင်ကျင့်ခံ၊ ရခိုင်တွေ သောင်းနှင့်ချီ ဒုက္ခသည်အဖြစ် ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံဆင်းရဲဒုက္ခရောက်နေပြီး ပြည်တွင်း၊ ပြည်ပက အလှူငွေများ ကောက်ခံထောက်ပံ့နေရတဲ့ အခါမျိုးမှာ တံခါးကြီး ကျိုးသွားတာကို လက်ခုပ်သံ တစ်ဖြောင်းဖြောင်းနှင့် ကြိုဆိုလိုက်တာက တစ်ခုခုတော့ မှားနေပြီလို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီးအပါအဝင် တက်ရောက်ကြတဲ့ ခေါင်းဆောင်ကြီးများ မထင်မိကြဘူးလားဗျာလို့ မေးလိုက်ချင်ပါတယ်။

    ရှင်းရှင်းပြောရရင် အခု ရခိုင်ပြည်မှာ ဘင်္ဂါလီတွေ အစုလိုက် အပြုံလိုက် ခိုးဝင်နေတာကြောင့် တားဆီးရင်းဖြစ်ရတာပါဆိုတဲ့ ဥပဒေမဲ့ အဓိကရုဏ်းတွေကို လုံးဝ ဘဝင်မကျပါ။ GDP ဘီလျှံတစ်ရာကျော်ရှိပြီး မြန်မာပြည်ထက် အပုံကြီး ပိုတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒက်ရှ်က ဘင်္ဂါလီတွေက GDP ဘီလျှံငါးဆယ်ကျော်သာရှိပြီး ပြည်တွင်းစစ်တွေအပြင် မတည်မငြိမ်ဖြစ် နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို ပေါ်တာဆွဲခံ၊ အရိုက်ခံ၊ အဆဲအနှိမ်ခံဖို့၊ သူ့သမီး၊ သူ့မယား အနိုင်ကျင့်ခံရဖို့ ခိုးဝင်လာနေကြတယ်ဆိုတာက သဘာဝ ကျပါရဲ့လား။

    အရင်ကာလကတည်းက တရားမဝင် ဝင်နေခဲ့တဲ့ ဘင်္ဂါလီတွေရှိရင် စိစစ်အရေးယူပြီး ပြန်မောင်းထုတ်လိုက်ပါ။ အခုဝင်လာနေတာရှိရင်လည်း တားဆီးပါ။ ဖမ်းပါ။ မောင်းထုတ်ပါ။ နောင်ဝင်လာမှာကိုလည်း အခုတည်းက ကြိုတင်စီစဉ် ကာကွယ်ပါ။ မြန်မာပြည်မှာ မြန်မာတိုင်းရင်းသားတွေ အပြင် ဘယ်နိုင်ငံခြားသားမှ လွှမ်းမိုးလာမှာကို ကျနော်တို့လည်း မကြိုက်တာမို့ အနောက်ဖက်တံခါးကြီးကို ကာကွယ်နေတဲ့ ရခိုင်အမျိုးသားများကို အလေးအမြတ်ပြုပါတယ်။ ပူပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ မြန်မာမွတ်စလင်များက အချိန်မရွေး အဆင်သင့်ရှိပါတယ်။ သို့သော် ဘင်္ဂလားဒက်ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင်ပြည်က မွတ်စလင်တွေတောင် ကိုယ့်ရပ်မြေဖြစ်တဲ့ မြန်မာပြည်ကို လုံခြုံမှုမရှိလို့ မပြန်ရဲပါဘူးဆိုပြီး UNHCRနှင့် ဘင်္ဂလားဒက်အစိုးရကို အာခံငြင်းဆန်နေတဲ့ အချိန်မျိုးမှာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား ဘင်္ဂါလီတွေက ပေါ်တာအဆွဲခံဖို့ မြန်မာပြည်ထဲ အစုလိုက် အပြုံလိုက် တရားမဝင် ခိုးဝင်နေပါတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို အကာအကွယ်(Pretext)ယူပြီး ရခိုင်ပြည်နယ်တွင် လက်ရှိ တရားဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မျိုးဖြုတ်ဖို့ အကွက်ဆင်လာခြင်း ဖြစ်တယ်ဆိုရင်တော့ . . . .

    ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီး၊ ဦလှမြင့်၊ ဦးကျော်မြင့်တို့ ခင်ဗျာ။ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပါပြီ။

    မေလ (၂၈)ရက် မသီတာထွေးကို ဘင်္ဂါလီ မွတ်စလင် သုံးယောက်က မုဒိန်းကျင့် သတ်တဲ့ နောက်နေ့ (၂၉)ရက်မှာ နစကအရာရှိက မောင်းတောမှာ မွတ်စလင်အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှု ဖြစ်ပွါးခဲ့တယ်။ သွားတိုင်တာတောင် အရေးယူဟန် မတူပါဘူး။ ဘယ်မီဒီယာကမှလည်း ဗုဒ္ဓဘာသာ နစက က မွတ်စလင်အမျိုးသမီးကို မုဒိန်းကျင့်တယ်လို့ မဖေါ်ပြပါဘူး။ ဂျာမဏီမှာ တစ်ချိန်က ဂျူးတွေကို တိရစ္ဆာန်လို သဘောထားသလို သဘောထားနေကြပြီ တူပါတယ်။ ပြစ်မှုကျူးလွန်သူကို လူမျိုး မရွေး၊ ဘာသာ မရွေး ဥပဒေအရ ထိရောက်စွာ အရေးယူရမှာပါ။ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးသူများကို ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် ထိရောက်စွာ အရေးယူရပါမယ်။

    မြန်မာပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးလို့ သတ်မှတ်ခဲ့ဘူးတယ်။ နောက် ဗိုလ်ချုပ်မှူးကြီး စောမောင်က သူဖြုတ်ချင်တာ ဖြုတ်ပြီး ဒီမိုကရေစီ အစိုးရအဆက်ဆက်နှင့် မဆလ(၂၆)နှစ်လုံးလုံး နိုင်ငံခြားသားတွေလို့ဆိုခဲ့တဲ့ ကိုးကန့်တရုပ်တွေကို တိုင်းရင်းသားဖြစ်စေသတည်းဆိုပြီး တိုင်းရင်းသား (၁၃၅)မျိုး သတ်မှတ်လိုက်တယ်။ အခု ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးအပါအဝင် ဖြုတ်ချင်တာ ဖြုတ်ပြီး တိုင်းရင်းသား (၁၀၁)မျိုး ဖြစ်စေသတည်း လုပ်ပြန်တယ်။ ဇိုမီးတွေက ကန့်ကွက်တော့ တိုင်းရင်းသား (၁၀၂)မျိုး ဖြစ်စေသတည်းဆိုပြီး ဇိုမီးကို ပြန်ထည့်ပြန်တယ်။ နောက်ကန့်ကွက်သူတွေ ပေါ်လာရင်လည်း ပေါ်လာသလို ထပ်ပြင်အုံးမဲ့သဘော ဖြစ်နေတယ်။ ဘယ်မှာလဲ မူ။ ရှက်ရမှန်းလည်း သိကြဟန် မတူဘူး။

    တိုင်းရင်းသား သတ်မှတ်မှုတွေ မှန်သမျှကို အစိုးရတွေကသာ မိမိသဘောနှင့် တစ်ဖက်သတ် ထင်သလို သတ်မှတ်ခဲ့တာ ချည်းဖြစ်ပြီး ပြည်သူလူထု၏ သဘောထား တောင်းခံမှု တစ်ခါဘူးမှ မရှိခဲ့ဘူး။ ဒါကြောင့် အင်မတန်နည်းတဲ့ လူနည်းစုဖြစ်တဲ့ ချင်းအမျိုးသား တစ်မျိုးထဲကို လူမျိုးကွဲ ငါးဆယ်ကျော်ဖြစ်ခဲ့ရတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ် မဖြစ် ကျနော်တို့ မြန်မာမွတ်စလင်တွေရဲ့ သဘောထားက ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံ၏ သဘောထားနှင့် ထပ်တူဘဲ ဖြစ်တယ်။ သို့သော် အစိုးရလုပ်သူက သူထင်သလို တိုင်းရင်းသား ဖြစ်စေဆို ဖြစ်လိုက်၊ ပယ်စေဆို ပယ်လိုက်ဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒါဟာ အမျိုးသားရေး၊ တိုင်းပြည် အချုပ်အခြာ၊ လုံခြုံရေး၊ တိုင်းပြည်အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေတာမို့ သမိုင်းပညာရှင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရသာ ဖြစ်သင့်တယ်။ အထူးသဖြင့် စစ်အာဏာရှင် (သို့မဟုတ်) စစ်အာဏာရှင် တစ်ပိုင်း အစိုးရများက ဖြစ်စေ၊ ပယ်စေဆိုတိုင်း ဖြစ်လိုက်၊ ပယ်လိုက် မဖြစ်သင့်ဘူး။

    တစ်ဖန် လူမျိုး (၁၀၁)မျိုးလို့ ဘာလို့ သတ်မှတ်ရတာလည်းဆိုတာကို ဆန်းစစ်ဖို့လိုပြန်ပါတယ်။ (၁၀၁)ပါးသော ထီးဆောင်းမင်းတို့က ပဏ္ဍာကြို့ရတဲ့ မဟာသမ္မတမင်း၊ စကြာဝဋေးမင်း လုပ်ချင်လို့ တမင် ပုံစံသွင်းနေတာလားဆိုတာ သံသယဖြစ်စရာပါ။ ဒီလိုစီမံချက်မျိုးနှင့် မဟာလူမျိုးကြီးဝါဒကို အသက်သွင်းဖို့ ရည်ရွယ်ချက်က နောက်ကွယ်မှာရှိနေရင်တော့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် အင်မတန်အန္တရာယ်ကြီးပါတယ်။

    နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဦး(မှူးဇော်)က ရိုဟင်ဂျာအကြမ်းဖက်သမားတွေ လက်နက်ကိုင် ကျူးကျော်ဖို့ လာနေပြီလို့ သူ့ဖေ့စ်ဘွတ်ကနေပြီး ဖွလိုက်ပါတယ်။ ဘင်္ဂလားဒက်နှင့် ဒီလောက်ဆက်ဆံရေး ကောင်းနေတဲ့အချိန်မှာ ဒီသတင်း မှန် မမှန်၊ မှန်ရင်လည်း ဘင်္ဂလားဒက်အစိုးရနှင့် ပူးပေါင်းကိုင်တွယ်ရမည့်အစား မှူးဇော်က လူသားချင်း စာနာမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောနဲ့လို့ဆိုပြီး လူထုကို တာဝန်မဲ့ သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်။ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကျော်နေတဲ့ သမ္မရုံးက ညွှန်ကြားရေးမှူးဆိုတဲ့ ကြီးမားတဲ့ နိုင်ငံ့ဂုဏ်ဆောင် တာဝန်ကြီးကို ဂရုမထားဘဲ သူ့ကိုယ်သူ မော်စကိုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားစစ်ဗိုလ်ကလေးလို ထင်ရာရေးပြီး ကိုယ်လွတ်ရုံးလို့ ရမယ်လို့ ထင်နေဟန်တူတယ်။ ကျနော်တို့ ခေါင်းဆောင်အချို့ကလည်း ပြသနာကို မြင်တဲ့အခါ တစ်ကွက်၊ နှစ်ကွက်၊ အလွန်ဆုံး ငါးကွက်လောက်ဘဲ ကြိုမြင်တတ်သူတွေဖြစ်ပြီး ဆယ်ကွက် အကွက်နှစ်ဆယ်ကို မမြင်တတ်တော့ သူတို့ဆင်တဲ့ အကွက်ထဲဝင်ပြီး သွေးဆူကာ ဆော်ကြ၊ ချကြ၊ သတ်ကြဖြစ်ကုန်တယ်။ ရခိုင်ပြည်သားတွေဖြစ်တဲ့ ရခိုင်နှင့် မွတ်စလင်တွေ အချင်းချင်းချကြတော့ နှစ်ဖက်စလုံး အထိနာကြတဲ့အပြင် ရခိုင်ပြည်ရဲ့ ဂုဏ်သတင်း၊ လုံခြုံရေး၊ စီးပွါးရေး လာရောက်မြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။

    အနှစ်နှစ်ဆယ်ကျော် ငြိမ်းချမ်းခဲ့တဲ့ ကချင်မှာလည်း ဒီမိုကရေစီအစိုးရဆိုသူ တက်လာမှဘဲ တစ်နှစ်ကျော်ကြာ စစ်ဖြစ်နေပြီး ဒုက္ခသည်က သိန်းဂဏန်းတောင် ကျော်ပြီဆိုတော့ တိုင်းပြည်မတည်ငြိမ်အောင်၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်မဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေသူများ ရှိနေသလားလို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘန်ကောက် ကမ္ဘာ့စီးပွါးရေး ညီလာခံမှာ Reckless Optimism လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးခဲ့ပါသလဲ။ နိုင်ငံရေးအပြောင်းအလဲတွေကို လုပ်ခဲ့တယ်ဆိုတဲ့ ရုရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်အပါအဝင် အာဖရိကနိုင်ငံအများအပြားမှာ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးအမြတ်ကို လူထုက အရိုးအရင်းတောင် အနိုင်နိုင် စုပ် ဆင်းရဲတွင်း နက်နေဆဲဖြစ်ပြီး၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဆက်လက်ထားရှိကာ Cronyism လို့ခေါ်တဲ့ လက်တစ်ဆုပ်စာ လူလည်အုပ်စုသစ်တစ်ခုနှင့် အစိုးရဟောင်း၊ စနစ်ဟောင်းကလူတွေ ပူးပေါင်းပြီး ခံစား၊ စံစား၊ ခွစားသွားမှာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုမြင်လို့ဖြစ်တယ်။ အခုဆိုရင် ကချင်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ်မြေအသိမ်းခံရမှုတွေ၊ မီဒီယာ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီရေး၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးစတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအကုန် နောက်တန်းကိုရောက်သွားပြီး ဒီမိုကရေစီစနစ်မှာ မလိုလားအပ်ဆုံးဖြစ်တဲ့ မာရှယ်လောကိုတောင် လူထုက တောင့်တပေးရတဲ့ ဘဝမျိုးကို ရောက်သွားပါပြီ။ စာရင်းချုပ်ရင် ဒေါ်စုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆု လက်ခံမဲ့ နိုင်ငံခြားခရီးစဉ်ကိုပါ ထိခိုက်နိုင်တဲ့ ခဲတစ်လုံးနှင့် ငှက်အကောင်နှစ်ဆယ်လောက်ရသွားသလို ကြက်တွေပန်းတော့ ယာလည်းညက်ပြီး ဒိုင်က ပြန်စားမဲ့ ဇာတ်ကွက်ကို ကိုယ်က အလိုတူအလိုပါ ဝင်ကပေးနေသလို ဖြစ်နေပါပြီ။

    အခြေအနေတွေ ပြန်တည်ငြိမ်လာပြီဆိုရင် မှူးဇော်အနေနှင့် လက်နက်ကိုင် ရိုဟင်ဂျာအကြမ်းဖက်သမားတွေ အစုလိုက် အပြုံလိုက် ဝင်လာနေပါတယ်ဆိုပြီး လူထုကို လှုံ့ဆော်ခဲ့တဲ့ မိမိစွပ်စွဲချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လိုပါလိမ့်မယ်။ မပြနိုင်ရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးမှုကြောင့် သူကော၊ သူ့ဖေ့စ်ဘွတ်ကော သွေးစွန်းသွားပြီ ဖြစ်တယ်။ သမ္မတရုံး ညွှန်ကြားရေးမှူးကိုယ်တိုင်က တိုင်းပြည် မတည်ငြိမ်အောင် လှုံ့ဆော်မှုကြီးလည်းဖြစ်ပါတယ်။ အခုလို ကိုယ့်တိုင်းသူပြည်သားအချင်းချင်း အပြန်အလှန် မီးရှို့၊ အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာအောင် လှုံ့ဆော်ပေးနေတဲ့ နောက်ကွယ်က (Mastermind)အင်အားစုတွေဟာ အသုံးချခံ လက်တွေ့ပြစ်မှု ကျူးလွန်နေသူတွေထက် ပိုအပြစ်ကြီးပါတယ်။

    တရားဥပဒေစိုးမိုးရေးဆိုတာ တိုင်းပြည်ကို လူက အုပ်ချုပ်တာ မဟုတ်ရပါဘူး။ မူက အုပ်ချုပ်ရမှာပါ။ ပါတီစုံဖြစ်တိုင်း ရွေးကောက်ပွဲတွေရှိတိုင်း ဒီမိုကရေစီနိုင်ငံ မဖြစ်လာပါဘူး။ ပါတီစုံ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပနေတဲ့ အာဏာရှင်နိုင်ငံတွေ ရိုက်သတ်လို့တောင် မကုန်ပါဘူး။ မူ(Principle) ပေါ်မှာ မရပ်ဘဲ လူကြိုက်များရေးကို နေရာအတွက် လျှောက်လုပ်မဲ့သူတွေ များလာရင်တော့ ကျနော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်နိုင်ငံသာ ဖြစ်သွားပါလိမ့်မယ်။

    လက်ရှိခေါင်းဆောင်များသည် မူပေါ်မှာ ကြံ့ကြံ့ခံ ရပ်မလား။ လူကြိုက်များတာ လိုက်လုပ်မလားဆိုတာ မိမိဖာသာ မေးခွန်းထုတ်ကြဖို့ လိုပါပြီ။

    ပြည်သူ့လွှတ်တော် ဥက္ထဌကြီး သူရဦးရွှေမန်းက ကျနော်တို့ထဲမှာ မပြောင်းလဲလိုသူတွေ ရှိနေပါတယ်။ သူတို့အင်အားက အင်မတန် ကြီးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် ခေါင်းဆောင်များအနေနှင့် မူပေါ်မှာ ကြံ့ကြံ့ခံရပ်ပြီး ဒီမိုကရေစီအုတ်မြစ်ကို အခိုင်အမာ ချမှတ်မလား။ ငါးပွက်ရာ ငါးစာချ၊ လူကြိုက်များ ပေါ်ပြူလာဖြစ်မဲ့လမ်းကို လျှောက်ရင်းနှင့် သဘောထားတင်းမာသူများနှင့် လက်တွဲမိပြီး အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီနိုင်ငံတည်ထောင်ပြီး တိုင်းပြည်ကို လမ်းလွှဲ ချောက်ချလိုက်ကြမလားဆိုတာက ယနေ့ ကျနော်တို့အားလုံးအတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အနာဂတ် လမ်းကြောင်းကို ပုံဖေါ်ခြင်းဖြစ်ပါတယ်။

    ဒီအတိုင်းဆို တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ ထင်တယ်ဗျာ။

    အောင်တင်
    ဇွန် (၁၂)၊ ၂၀၁၂

    မှတ်ချက်။ ။ ဒီစာရေးတဲ့အခါ ခင်ဗျားကို ဘက်ပေါင်းစုံက ဝိုင်းတိုက်ကြမယ်ဆိုပြီး မိတ်ဆွေအချို့က မရေးဖို့ တားတယ်။ ကျနော်လည်း သိပ်ရေးချင်လှလို့တော့ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက “လူကြိုက်များတိုင်း တိုင်းပြည် ချောက်ထဲကျမဲ့လမ်းကို လိုက်မလုပ်နိုင်ဘူး” ဆိုတဲ့ စကားကို ဦးထိပ်ထားပြီး တိုင်းပြည်အတွက်၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုအတွက် အင်မတန် ရေးသင့်တယ် ထောက်ပြသင့်တယ်လို့ ယုံကြည်လို့ မှားနေတဲ့ လမ်းချောကို မလိုက်ဘဲ ကြမ်းပြီး အန္တရာယ်များနိုင်တဲ့ လမ်းမှန်၊ လမ်းကြမ်းကို ရွေးလိုက်ခြင်းဖြစ်ပါတယ်။ အချက်အလက်နှင့် ဆင်ခြင်တုန်တရားကို အခြေခံတဲ့ တုန့်ပြန် ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။ ကျနော် မရေးတာကို အရေးလုပ်၊ ကျနော် မပြောတာကို အပြောလုပ်ပြီး ရိုင်းပြစွာ ဆွေးနွေးတာမျိုးကိုတော့ မကြိုဆိုပါ။

     

    {ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါတယ်}

  • ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”

    ”သွေးစွန်းနေတဲ့ ရခိုင်ပြည်”

    ဇော်လွင်မိုး

    ငြိမ်းချမ်းမှုသော့နဲ့ စစ်ကိုပိတ်လိုက်ပါ
    ထမင်းရည်ချောင်းခြား အလှုနဲ့ 
    ထမင်းရည်ပူလောင်နေတဲ့  မြို့ လေးရေ…
    မင်းသတင်းဟာ တခါတခါ
    ရပ်ဝေးမြေခြား သတင်းစာတွေထဲမှာ
    ကိုယ်ပျောက်နေတတ်တယ်နော်….။

    ကိုယ်မီးကိုယ်ခတ်
    ကိုယ်အကြောင်းကိုယ်တင်ဆက်
    သတင်းတွေဖတ်ရတာ
    စမ်းသပ်ခန်းထဲက
    တိရစ္ဆာန်တစ်ကောင်လို
    မျက်လုံးတွေ ငေးကြောင်လို့ ….။

    အပြစ်မဲ့ပေးဆပ်နေကြတာများ သွေးချောင်းတွေစီးလို့ …
    လူသားမဆန်လိုက်ပုံများ ….
    သွေးကိုသွေးနဲ့ လဲကြတယ်…
    သတင်းတွေလဲမှားတယ်
    အတင်းတွေလဲများတဲ့ ရခိုင်အရေး ကျွန်တော်ရင်လေးမိတယ်ဗျာ…
    တော်ပြီ
    ရပ်တော့
    လူထုသွေးတွေလဲခြေဆေးပြီးပြီဗျာ.…။

     

  • မီဒီယာက ခင်ဗျားတို့ကို ဘာတွေချ မပြဘူးလဲ

    မီဒီယာက ခင်ဗျားတို့ကို ဘာတွေချ မပြဘူးလဲ

    မြန်မာပြည်က လူထုအုံကြွမှု: မီဒီယာက ခင်ဗျားတို့ကို ဘာတွေချမပြဘူးလဲ

    By Jun 12, 2012
    သတင်းအရင်းအမြစ် – http://asiancorrespondent.com/84146/burma-riots-what-the-media-isnt-telling-you/

    မြန်မာပြည်အနောက်ပိုင်းမှာ ဖြစ်နေတဲ့ လူမျိုးရေးပြဿနာများဟာ တဖြည်းဖြည်းကြီးထွားနေပါတယ်။ သော့ချက်ကျတဲ့ အချက်များကိုတော့ မီဒီယာတွေက စုစည်းဖော်ပြပေးခြင်းမရှိဘူး။ ၀ါဒဖြန့်မှုကို ပုဂ္ဂလခံစားချက်က မီးစာထိုးပေးနေတဲ့ ဒီလိုအခြေအနေမျိုးမှာ(သတင်းတွေကို) မှန်မမှန်အကဲဖြတ်နိုင်ဖို့ ခက်ခဲနေပါတယ်။ အဆက်အသွယ်ကလည်း အရမ်းခက်ခဲနေသလို ပြဿနာကလည်း မီးဟုန်းဟုန်းတောက်သလို ကြီးထွားနေတာကြောင့်လဲ ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို စားပွဲဝိုင်းမှာဆွေးနွေးဖို့ ထိုက်တန်ပါတယ်။

    (မြန်မာပြည်က) လူတွေအနေနဲ့ သတင်းပေးဖြန့်ချိဖို့ ဆန္ဒမရှိဖြစ်နေတဲ့ကိစ္စကတော့ ဒီလိုပြဿနာဖြစ်နေတဲ့နိုင်ငံဆီမှာ ဆူဆူညံညံနဲ့မနှစ်မြို့ဖွယ်ရာ လူမျိုးရေးခွဲခြားမှုတွေ ရှိနေခြင်းဆိုတဲ့အကြောင်း ပဲဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်များနဲ့ ရခိုင်များက တာဝန်ကြီးကြီးမားမား ယူပေးရမယ်။ [ဘာကြောင့်လဲဆိုရင် သူတို့(ဗုဒ္ဓဘာသာဝင်များနဲ့ ရခိုင်များ)က မီဒီယာတွေဆီမှာ ကိုယ်ပိုင်အမြင်တွေကို ချပြနိုင်ခွင့်ပိုရနေတယ်ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ]

    ဒီကိစ္စဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရှေ့ပြေးခေါင်းဆောင်၊ နိုင်ငံတွင်းက အပြောင်းအလဲအင်အားများဆိုတဲ့ လူတွေဆီမှာတောင် ထင်သာမြင်သာဖြစ်နေပါပြီ။ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ကိုကိုကြီးက မွတ်စလင်မ်လူနည်းစု ရိုဟင်ဂျာတွေရှိနေတာနဲ့ပတ်သတ်ပြီး သူတို့တွေဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနေပါတယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ကျွန်တော့် သူငယ်ချင်းက သူအီးမေးလ်တစ်စောင်ရကြောင်း၊ အဲဒီမေးလ်မှာ အရင်ကနိုင်ငံရေးအကျဉ်းသားတစ်ဦးက “အနောက်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကို ယုံကြည်ရင်တော့ ကျွန်တော်တို့ဆီက ရိုဟင်ဂျာတွေကို လာခေါ်သွားကြပါတော့လားဗျာ” လို့ ရေးသားထားပါတယ်လို့ ပြောပြပါတယ်။

    ဒီပြဿနာမှာ လုံခြုံရေးတာဝန်ရှိသူတွေရဲ့အခန်းကဏ္ဍကိုလည်း သတင်းတွေမှာ ဖော်ပြခြင်းမရှိပါ။ ဒါနဲ့ပတ်သတ်ပြီး အီးယူပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ မနေ့က ကြေငြာချက်မှာ အခုလိုပြောသွားပါတယ်။ “လုံခြုံရေးအင်အားတွေက ဒီခက်ခဲတဲ့လူမျိုးရေးပြဿနာကြီးကို သင့်တော်တဲ့နည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်ဖြေရှင်းနေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။” ။ ဒါပေမယ့် ဒီယုံကြည်ချက်ကတော့ ဒေသဆိုင်ရာ ပြည်တွင်းသတင်းများရဲ့ လက်တွေ့မျက်နှာပြင်မှာတော့ အစပ်အဟပ်မတည့်ဖြစ်နေပါတော့တယ်။

    ကျွန်တော်ကို အနည်းဆုံးလူလေးဦးက ဒီလိုသတင်းပေးပါတယ်။ ရဲတွေက ရခိုင်တွေ မွတ်စလင်အိမ်များကို မီးရှို့တဲ့အခါ ဘေးကနေ ရံပေးပြီး လိုက်ပါနေကြတယ်လို့ပါ။ တခြားသတင်းတော်တော်များများမှာလည်း ရဲတွေက မွတ်စလင်လူအုပ်များကို တိုက်ရိုက်ပစ်ခတ်နေတယ်လို့ ဆိုတာပေါ်ထွက်လာခဲ့ပါတယ်။  (ဒီနေရာမှာ ကောင်းကောင်းသဘောပေါက်ရမှာက မြန်မာ စစ်တပ်သို့မဟုတ် ရဲတပ်တွေထဲမှာ မွတ်စလင်မ်များတာဝန်ထမ်းဆောင်ခွင့် မရှိပါ။ ဒီလိုသဘာဝမျိုးဖြစ်နေတဲ့ ပြဿနာမှာ ဒီ(အမှုထမ်းခွင့်မရတဲ့ကိစ္စ)ကလည်း အရေးပါမှုတစ်ခုပါပဲ။) အင်ဂျီအိုဝန်ထမ်းတစ်ဦးက မနေ့ညက သူ့မိသားစုလိုဖြစ်နေတဲ့ အရင်ကနိုင်ငံရေးသမားဖြစ်ခဲ့ဖူးသူ သူငယ်ချင်းကို ရက်သတ္တပတ်ပေါင်းများစွာ ဖမ်းဆီးထားပြီး အခုသတ်ပြစ်လိုက်ကြပြီလို့ ပြောပါတယ်။ ဒီသတင်းကို ဘင်္ဂါလားဒေ့ရှ်မှာ ရိုဟင်ဂျာတစ်ယောက် မြန်မာရဲဘက်က ပစ်ခတ်မှုကြောင့် သေဆုံးပြီဆိုပြီး အေဖက်ဖ်ပီက တင်ပြထားပါတယ်။

    ကုလအနေနဲ့ကလည်း ဒီပြဿနာရပ်မှာ ထင်ရှားတဲ့မေးခွန်းထုတ်လောက်ဖွယ် ရာဇ၀တ်မှုမျိုးကို နိုင်ငံတော်ဘက်က သူတွေကိုယ်တိုင်ကျူးလွန်ခြင်းမျိုး တွေ့မှတစ်စုံတစ်ရာ ဆောင်ရွက်နိုင်မှာပါ။ တကယ့်တမ်းတော့ ကွင်းဆင်းနေတဲ့ ဂျာနယ်လစ်နည်းနည်းပါးပါးလေး ဒါမှမဟုတ် စိစစ်လေ့လာနေသူနည်းနည်းလေးလောက်နဲ့တော့ ဒီလိုလူသေမှုတွေမှာ ဘယ်သူက တာဝန်ရှိနေလဲဆိုတာ ထောက်ပြဖို့ခက်ခဲနေပါတယ်။ ခုထိတော့ ရာနဲ့ချီသေဆုံးခဲ့ပြီလို့ ကောင်းကောင်းပြောနိုင်ပါတယ်။ ကုလကလည်း ဒီဒေသက တာဝန်ခံတွေကို ဖယ်ရှားပြစ်လိုက်ပါပြီ။ ဒါပေမယ့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ စိစစ်လေ့လာသူများကို နိုင်ငံတွင်းပေးဝင်ဖို့ တောင်းဆိုနေပါပြီ

    မွတ်စလင်မ်တွေကို ဒီလူသတ်မှုများမှာ နောက်ကွယ်က တာဝန်ရှိနေတယ်ဆိုတဲ့ဟာမျိုး လူထူစစ်ဆင်ရေး (PR campaign) တစ်ခုခုရှိနေတယ်လို့ ထင်ရတာပဲ။ [ဆိုလိုတာက (အဲဒီ စစ်ဆင်ရေးဟာ) မွတ်စလင်မ်အုပ်စုတွေက ရပ်ကြည့်နေပေမယ့် အပြစ်မကင်းသူတွေဖြစ်တယ်၊ပြည်နယ်တ၀ှမ်းက မီးရှို့ဖျက်ဆီးမှုများမှာ ပါဝင်နေကြသူတွေဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြုလုပ်နေဖို့ပါ။] ဥပမာတစ်ခုကတော့ မွတ်စလင်မ်လူသေအလောင်းကို ခေါင်းရိတ်ပေးတယ်၊ သင်္ကန်းဆင်ပေးပြီး ဘုန်းကြီးပုံစံ ဖန်တီးပေးနေခြင်းများပါပဲ။ “သူတို့မီဒီယာတွေက ဒီလုပ်ကြံပုံတွေကို ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးအလောင်းတွေ၊ သူတို့ကို မွတ်စလင်မ်တွေကသတ်တာဆိုပြီး ကမ္ဘာကိုပြသပါလိမ့်မယ်” လို့ သတင်းရင်းမြစ်တစ်ခုက ရေးသားထားပါတယ်။

    မြန်မာပြည်မှာ အရင်ကတည်းကရှိနေတဲ့ အန္တီမွတ်စလင်မ်အဖျားဝေဒနာအရ ဆန်းစစ်မယ်ဆိုရင်တော့ အင်တာနက်ကြီးဟာ ဆဲရေးတိုင်းထွာမှုတွေ ခါးသီးမှုတွေနဲ့ လျှော်ဖွတ်ခံနေရပါတော့တယ်။ ကျွန်တော်မနေ့က ရေးသားခဲ့တဲ့ အလ်ဂျဇီးယားက ဆောင်းပါးမှာတင် မှတ်ချက်ကွန်မန့်ပေါင်း ၁၅၀ ရှိနေပါပြီ။ ဒါက အငြင်းအခုန်က ဘယ်လိုတာသွားနေသလဲဆိုတာနဲ့ပတ် သတ်ပြီး ကောင်းမွန်လှတဲ့ ပြတင်းလေးပါပဲ။ ဒါပေမယ့် အခြေခံနည်းနာများ၊ အချက်အလက်များကို အခြေခံတဲ့ အငြင်းအခုန်မျိုး မရှိဘူးဆိုတာကတော့ လုံးဝထင်ရှားနေပါတယ်။ မှတ်ချက်ပေးသူများထဲမှာ မြန်မာပြည်က အခက်အခဲတွေနဲ့ ကြင်လည်ဖူးသူတွေ ပါနေတာတောင် မှတ်ချက်အများစုကတော့ ကွယ်ဝှက်နေတဲ့ပြဿနာရပ်ကို ထက်ထက်မြက်မြက်ဖြည်မထုတ်ဘဲ သူတို့ရဲ့ အတွင်းအဇ္ဈတကို ဖော်ပြနေသလိုပါပဲ။

  • လူမျိုးတုန်း သတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား …

    လူမျိုးတုန်း သတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား …

    နေဘုန်းလတ်

    ဇွန်လ- ၂၀၁၂

    Photo-Google

    ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ဘာသာ၊နိုင်ငံသား၊အသားအရောင်၊လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ ”Us and Them” ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။

    ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့်

    လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်နိုင်ချေများပါတယ်။

    ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိကစွမ်းအားကတော့ –

    • လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေကိုကျော်လွန် သွားတဲ့၊
    • အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊
    • ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစားခွဲခြားခြင်းကိုသာအားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။

    အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေရှာဖွေလာရပြီး … အဲဒီ့အချက်ကိုက လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိကစွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေများများလုပ်ပြီး အချင်းချင်းနွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။

    အမျိုးအစားခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာမရှိသေး ပါဘူး။

    သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်လာတဲ့ … အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။

    အုပ်စုတစ်ခုခုက အခြားအုပ်စုတစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခုကပ်လိုက်ပါတယ်။

    1. အသားအရောင်ကိုလိုက်ပြီးဖြစ်စေ၊
    2. အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊
    3. မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီးဖြစ်စေ

    အခြားသူများကို အုပ်စုတစ်စုထဲ သွတ်သွင်းလိုက်ပြီး …

    သူတို့ဟာ ဂျူးတွေပဲ၊ သူတို့ဟာ ဂျစ်ပစီတွေပဲ၊ သူတို့ဟာ နီဂရိုးတွေပဲ စသည်ဖြင့် တံဆိပ်တစ်ခုကပ်လိုက်ခြင်းအားဖြင့် … ခွဲခြားမှုဟာပိုပြီး ပီပြင်ထင်ရှားလာပါတယ်။

    နာဇီတွေအုပ်စိုးစဉ်ကာလက ဂျူးတိုင်းကို အ၀ါရောင်ကြယ်ပုံတံဆိပ်တပ်ခိုင်းထားတာမျိုး၊ ကမ္ဘောဒီယားမှာ ခမာနီတွေအုပ်စိုးစဉ်ကာလက အရှေ့ပိုင်းဇုံမှာရှိတဲ့ လူတွေကိုအပြာ ရောင်လည်စည်းစီးပေးထားတာမျိုးတွေ ဟာ ထင်ရှားတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အခုပြောသွားပြီးဖြစ်တဲ့ အမျိုးအစားခွဲခြားခြင်းနဲ့ အမည်တပ်တံဆိပ်ကပ်ခြင်း နှစ်ခုဟာ လူသားတွေလုပ်လေ့လုပ်ထရှိတဲ့အလုပ်ဖြစ်ပြီး

    လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့လုပ်ရပ်မျိုးတွေလုပ်ဆောင်ခြင်း (Dehumanization) ဆိုတဲ့ နောက်တစ်ဆင့်ကို ဦးမတည်သေးသရွေ့တော့ မျိုးတုန်းသတ်ဖြတ်ခြင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။

    အမည်အမှတ်တံဆိပ်တပ်ခြင်းတွေ ပပျောက်ဖို့ကတော့ မုန်းတီးမှုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေကို တရားဥပဒေအရကို တားမြစ်ဖို့လိုပါတယ်။

    ဂိုဏ်းကဏ္ဍတစ်ခုခုကိုကိုယ်စားပြုတဲ့ အ၀တ်အစားတွေ ဝတ်ဆင်ခြင်းကိုလဲ ကန့်သတ်သင့်ပါတယ်။ ပြဿနာတစ်ခုရှိတာက ဥပဒေအရကန့်သတ်တားမြစ်ခြင်း တွေဟာ လူကြိုက်များနေတဲ့ ယဉ်ကျေးမှုဆိုင်ရာအင်အားတွေရဲ့ ထောက်ပံ့မှုမျိုးကိုမရတဲ့ အခါ အရာမထင်တတ်ပါဘူး။ ဥပမာအားဖြင့် … ဟူတူ၊ တွတ်စီ စတဲ့စကားလုံးတွေဟာ … ၁၉၈၀ခုနှစ်အထိ ရဝမ်ဒါဘာသာစကားအရ တားမြစ်ကန့်သတ်ထားပေမယ့် … အများကလက်ခံသုံးစွဲ ခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။

    တတိယအဆင့်ဖြစ်တဲ့ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်း (Dehumanization) ဖြစ်စဉ်ကတော့ အားကြီးတဲ့ အုပ်စုက အားနည်းတဲ့ အုပ်စုရဲ့ လူသားဖြစ်တည်မှုကို ငြင်းဆန်ချင် လာရာကနေ စပါတယ်။

    အမျိုးအစား ခွဲခြားပြီး အမည်တံဆိပ်တစ်ခုခုတပ်လိုက်တဲ့ အစုအဖွဲ့လေးတွေကို

    • တိရစ္ဆာန်တွေ၊
    • ရောဂါသည်တွေ၊
    • အဆင့်နိမ့်သူတွေ နဲ့ တတန်းတစားတည်းထားလိုက်ပြီး …
    • လူသားအဖြစ်ကနေ ယုတ်လျော့သူတွေအဖြစ် သတ်မှတ်လိုက်ကြပါတယ်။

    လူဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းဟာ … သာမာန်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထက် အများကြီးပိုဆိုးပါတယ်။ အဲဒီ့အဆင့်မှာဆိုရင် …

    • အမုန်းတရားကိုတိုးပွားစေတဲ့ ၊
    • ဒေါသကိုလှုံ့ဆော်ပေးတဲ့ဝါဒဖြန့်စာတွေ၊
    • ပုံတွေ၊
    • အသံလွှင့်မှုတွေကို ခပ်များများသုံးလေ့ရှိပါတယ်။

    ဒီလိုအချိန်မျိုးမှာ … လူထုအနေနဲ့ မြင်ရကြားရသမျှတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တွေကိုဦးတည်တဲ့ လှုံ့ဆော်မှုတွေလား၊ အမှန်တကယ် လူထုကို ကာကွယ်စောင့်ရှောက်လိုစိတ်နဲ့ ပြောတာတွေလားဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ …

    1. လှုံ့ဆော်မှုတွေကို တန်ပြန်ချေဖျက်ပစ်နိုင်တဲ့ စည်းစနစ်ကျသော၊
    2. ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်သော ကာကွယ်မှု၊
    3. သတင်းထုတ်ပြန်မှုတွေအားနည်း တာကိုတွေ့ရပါတယ်။
    4. လှုံ့ဆော်မှုတွေ တောက်လျှောက်လုပ်နေတဲ့ အမုန်းတရားတိုးပွားစေသော ဝါဒဖြန့်မှုတွေကို အမြန်ဆုံးတားမြစ်ကန့်သတ်နိုင်ဖို့အရေးကြီးပါတယ်။
    5. အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊
    6. ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။

    အမျိုးအစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်း၊

    လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းစတဲ့ အဆင့်တွေနောက် မှာတော့

    မိမိတို့ မဟုတ်သော အခြားအုပ်စုကို နှိပ်ကွပ်ဖျက်သိမ်းပစ်လိုတဲ့ အစုအဖွဲ့တစ်ခုခုက … နောက်လာမယ့်အဆင့်တွေကို လုပ်နိုင်ဖို့အတွက် … အခိုင်အမာဖွဲ့စည်းခြင်း (Organization) ဆိုတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။များသောအားဖြင့် … လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစိုးရတစ်ရပ်ရပ် (သို့မဟုတ်) အကြမ်းဖက်အုပ်စု တစ်ခုခုက စုစည်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန် ဖို့အတွက် တိုက်ခိုက်ရေးအစုအဖွဲ့လေးတွေဖွဲ့ပြီး လေ့ကျင့်ပေးတာမျိုး၊ လက်နက်တပ်ဆင်ပေးတာမျိုးတွေ ကိုစတင်ဆောင်ရွက်ပါတယ်။

    နောက်ပြီး … လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲပါတယ်။

    ဒီလိုအဆင့်မျိုးကို ကာကွယ်ဖို့ကတော့ … အဲဒီ့လိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးဖို့ပဲဖြစ်ပါတယ်။ အုပ်စုများခွဲထုတ်ခြင်း (Polarization) လို့ခေါ်တဲ့ဖြစ်စဉ်မှာတော့ …

    အစွန်းရောက်တွေက အမုန်းတရားကို တိုးပွားစေတဲ့ ဝါဒဖြန့်မှုတွေ ကိုသုံးပြီး အုပ်စုတွေအများကြီးဖြစ်အောင် ခွဲထုတ်လိုက်ပါတယ်။

    အချို့နိုင်ငံတွေမှာဆိုရင် …

    • လူမျိုးခြားမယူရ၊
    • လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ ဥပဒေတွေတောင်ထုတ်ပြန်လေ့ ရှိပါတယ်။

    အစွန်းရောက်သမားတွေဟာ …ကြားအမြင်ရှိသူတွေကိုလည်း ပစ်မှတ်အဖြစ် သတ်မှတ်ပါတယ်။

    ဒါကြောင့် …

    ကြားအမြင်ရှိသူတွေကိုကာကွယ်ခြင်း၊
    အစွန်းမရောက်သော သမာသမတ်ကျတဲ့အမြင်မျိုးတွေကို များများပြန့်နှံ့စေခြင်းနဲ့
    လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီခြင်းအားဖြင့် …

    အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်နိုင်ပါတယ်။

    အစွန်းရောက်သမားတွေဟာ …

    ပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုခုကို သူတို့ရဲ့ကွဲပြား ခြားနားမှုတွေကို အကြောင်းပြု ခွဲခြားရွေးထုတ်(Identification)ပြီး သတ်ဖြတ်ရမယ့် စာရင်းကိုပါ ရေးဆွဲလေ့ရှိပါတယ်။

    ကျူးလွန်ခံကြရတော့မယ့် လူအုပ်စုဟာ တံဆိပ်တစ်ခုခုကပ်ခံရတာမျိုး၊ တစ်နေရာရာကို အတင်းပို့ခံရတာမျိုးတွေဖြစ်လာပါတယ်။

    နာဇီတွေဂျူးလူမျိုးတွေအားလုံးကို …

    • ချွေးတပ်စခန်းတွေဆီပို့တာမျိုး၊
    • ဂတ်တိုလို့ခေါ်တဲ့ သီးခြားရပ်ကွက်တွေဆီပို့တာမျိုး၊
    • စားနပ်ရိက္ခာခေါင်းပါးပြီး ငတ်ပြတ်သေသွားနိုင်တဲ့ နေရာတွေဆီ အင်အားသုံးပို့ဆောင်တာမျိုးတွေဟာခွဲခြားရွေးထုတ်ခြင်း (Identification) ရဲ့လက္ခဏာတွေဖြစ်ပါတယ်။

    အဲဒီ့နောက်မှာတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာလျှင်လျှင်မြန်မြန်တရားဝင် စတင်လာပါတော့တယ် …။ ဒီဖြစ်စဉ်ကို သတ်ဖြတ်သူတွေဘက်ကတော့ သူတို့ရဲ့ ပစ်မှတ်သား ကောင်တွေကို လူအဖြစ်မသတ်မှတ်တော့တာကြောင့် အမြစ်ဖြတ်ချေမှုန်းခြင်း (Extermination) လို့အမည်တပ်ကြပါတယ်။

    အဲဒီ့လိုအဖြစ်အပျက်မှာ ကျူးလွန်ခံရတဲ့သူတွေဘက်က ရှိတဲ့အားနဲ့ ပြန်ပြီးတုံ့ပြန်တာမျိုးတွေဖြစ်လာတဲ့အခါ အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာပြီး နှစ်ဦးနှစ်ဖက် လူမျိုးတုံးသတ်ဖြတ်ခြင်း သံသရာထဲကို ကျရောက်သွား နိုင်ပါတယ်။

    နောက်ဆုံးအဆင့်အနေနဲ့တော့ … (Denial) လို့ခေါ်တဲ့ ငြင်းပယ်ဖုံးကွယ်ခြင်းအဆင့်ဖြစ်ပါတယ်။

    ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်စဉ်တွေ အပြီးမှာ ကျူးလွန်သူတွေတိုင်းလိုလိုပြုလုပ်တတ် ကြတဲ့အဆင့်ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေရဲ့ အသက်မဲ့ခန္ဓာတွေကို –

    • ကျင်းကြီးတွေတူးပြီး မြှုပ်နှံခြင်း၊
    • မီးရှို့ဖျက်စီးခြင်း၊
    • အထောက်အထားတွေကို ဖြောက်ဖျက်ခြင်း၊
    • မျက်မြင်သက်သေများအား ခြိမ်းခြောက်နှုတ်ပိတ်ခြင်း တွေကိုပြုလုပ်လေ့ရှိပါတယ်။
    • နောက်ပြီး … သူတို့ဟာ သူတို့တွေ ပြစ်မှုကျူးလွန်ခဲ့ကြတယ်ဆိုတာကို ငြင်းဆန်တတ်ကြပြီး …
    • အမြဲလိုလို အကျူးလွန်ခံရသူတွေအပေါ် ပြစ်တင်ပြောဆိုတာမျိုး တွေလုပ်တတ်ပါတယ်။
    • ကျူးလွန်သူအများစုဟာ … ပြဿနာကိုအမြဲရှောင်လွှဲပြီး
    • အခြားသူတွေအပေါ်ပုံချဖို့ကြိုးစားတတ်ကြပါတယ်။

    ကျနော်တို့တိုင်းပြည်မှာ အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ … လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်လား …?

    ဦးတည်နေတယ်ဆိုရင်လည်း –

    အဲဒီ့လိုမဖြစ်ရအောင် ကျနော်တို့တွေဘယ်လိုကာကွယ်ကြမလဲ ?

    ကျနော်တို့နိုင်ငံအနေနဲ့ အထက်မှာရေးထားတဲ့ အဆင့်တွေထဲက ဘယ်အဆင့်ကိုရောက်နေပြီလဲ ဆိုတာလေးကို အားလုံးဝိုင်းစဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ဘယ်သူကမှ ဘယ်သူ့ကို အပြီးသတ်ချေမှုန်းပစ်ဖို့မလိုအပ်ဘူးလို့ ကျနော်ယူဆပါတယ်။ ကိုယ့်လူမျိုးကို ချစ်ကြောင်း သေချာစေဖို့ ကျနော်တို့တွေ အခြားလူမျိုးတွေကို မုန်းတီးပြနေဖို့လဲ မလိုပါဘူး။

    အခုလောလောဆယ် ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံမှားယွင်းရင်ဖြစ်ဖြစ်၊

    ပြဿနာရဲ့ အချိန်ကြာမြင့်လာပြီး အခြားသောဒေသတွေကိုပါ ပြန့်ပွားဆိုးဝါးလာရင်ပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

    ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် …

    မြန်မာနိုင်ငံသား အမြောက်အများသေကြေပျက်စီးခြင်းနဲ့အတူ
    ကမ္ဘာမှာ မြန်မာနိုင်ငံ သိက္ခာကျပါလိမ့်မယ်။

    • ကျနော်တို့တွေအားလုံး ဘာပဲလုပ်လုပ် … ကိုယ့်လုပ်ရပ်တစ်ခုခုဟာ တိုင်းပြည်ကို
    • အန္တရာယ်တစ်ခုခုဆီတွန်းပို့နေတဲ့လုပ်ရပ်မျိုးဖြစ်နေမလား၊

    တိုင်းပြည်ကို အန္တရာယ်မကျရောက် အောင် ကာကွယ်တဲ့လုပ်ရပ်မျိုးလား ဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်ကြပါစေ။

    ပြီးတော့ … ကိုယ်ရေးသမျှ၊ ကိုယ်ပြောသမျှ၊ အွန်းလိုင်းပေါ်မှာ ကိုယ်တင်သမျှတွေကိုလည်း တာဝန်ယူတတ်ကြပါစေ။

    ကျေးဇူးတင်ပါတယ်။

    Gregory H.Stanton, President, Genocide Watch ရဲ့ 8 Stages Of Genocide ကို ကိုးကားပါသည်

    http://www.nayphonelatt.com/2012/06/genocide.html မှကူးယူဖော်ပြပါသည်။

  • ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

    ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ်နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး

    2012-06-12 (RFA)
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာနက ဖော်ပြပါတယ်။

    Photo courtesy of UN Multimedia.org မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယားဟာ သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

    ဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာ အရေးပေါ်အခြေအနေ ကြေညာရတဲ့အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတွေနဲ့ အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက် သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေအကြောင်း ဆွေးးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က နယူယောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။