News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)

    ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)

    ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးတိုးတက်မှုကနေ ဘာသင်ခန်းစာယူနိုင်မလဲ? (မြန်မာစာတမ်းထိုး)Video Source – World Economic Forum (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်သည်)

  • ကိုဗစ်ကူးစက်မှုအတွက် မြန်မာများကို အပြစ်တင်ခြင်းမှာ မှားယွင်းသည်ဟု ဘန်ကောက်ပို့စ်ရေး

    ကိုဗစ်ကူးစက်မှုအတွက် မြန်မာများကို အပြစ်တင်ခြင်းမှာ မှားယွင်းသည်ဟု ဘန်ကောက်ပို့စ်ရေး

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    ဒီဇင်ဘာ ၂၀ ရက်နေ့က မဟာချိုင်တွင်တွေ့ရသည့် မြန်မာလုပ်သားများ

    -မဟာချိုင်က လတ်တလော ကိုဗစ်အကြီးအကျယ်ကူးစက်မှုအတွက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို အပြစ်တင်နေတာမျိုးဟာ ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘဲ၊ ရ​ွှေ့ပြောင်းလုပ်သားတွေ အန္တရာယ်မကင်းသ၍ ထိုင်းပြည်သူတွေလည်း အန္တရာယ်ကင်းမှာမဟုတ်ဘူးလို့ ဘန်ကောက်ပို့စ်က ဆောင်းပါးတစ်ခုမှာ ထိုင်းအာဏာပိုင်တွေကို ထောက်ပြထားပါတယ်။

    မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်တဲ့ မဟာချိုင်က ပင်လယ်စာစျေးမှာ ကိုဗစ်ကူးစက်မှု အကြီးအကျယ်ဖြစ်နေတာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တွေ့ခဲ့ရတာပါ။ အဲဒီနောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြစ်တင်ပြောဆိုခဲ့သလို၊ ထိုင်းဆိုရှယ်မီဒီယာမှာလည်း မြန်မာနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ ပြန့်နှံခဲ့ပါတယ်။

    မြေပြင်မှာ မြန်မာနိုင်ငံသားတွေကို ကားပေးမစီးတာ၊ အလုပ်ပေးမလာတာလို ခွဲခြားဆက်ဆံမှုတစ်ချို့ ဖြစ်ခဲ့ပါတယ်။

    နိုဝင်ဘာလတုန်းက မဟာချိုင်မှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အင်တာဗျူးရာမှာ အလုပ်သမားတွေ နေထိုင်ရာနေရာနဲ့ လုပ်ငန်းခွင်မှာ ကိုဗစ်အန္တရာယ်ကင်းရှင်းရေးကို ဘယ်သူကမှ အလေးထားလုပ်ပေးတာမျိုး မရှိတာကို တွေ့ရကြောင်း ဘန်ကောက်ပို့စ်က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

    အလုပ်သမားတွေမှာ အကာကွယ်ဝတ်စုံတွေ ဝတ်စရာမရှိသလို၊ အလုပ်လုပ်ရတဲ့နေရာ ကျဉ်းတဲ့အတွက် ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းလည်း မလိုက်နာနိုင်ကြပါဘူး။

    မဟာချိုင်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရွေ့ပြောင်းလုပ်သား ၂၇၅၇၈၂ ဦးရှိပြီး မြန်မာနိုင်ငံက ၂၄၃၆၁၇ ဦး၊ လာအိုက ၁၃၂၀၀ ဦး၊ ကမ္ဘောဒီးယားက ၉၆၄၀ ဦးနဲ့ အခြားနိုင်ငံတွေက ၉၃၁၇ ဦး ရှိနေပါတယ်။ ကိုဗစ်ကူးစက်မှုတွေ့ပြီး ဇန်နဝါရီ ၃ ရက်နေ့အထိ မြို့ကို လော့ဒေါင်းလုပ်ထားတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

    လော့ဒေါင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား တော်တော်များများဟာ အစားအသောက်နဲ့ နေ့စဉ် အခြေခံလိုအပ်ချက်တွေရဖို့ အခက်အခဲရှိနေပြီး နှစ်နိုင်ငံစလုံးက အကူအညီပေးရေးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေနဲ့ မြန်မာအစိုးရတို့က အကူအညီတွေ ပေးနေပါတယ်။ အလုပ်မရှိ၊ ဝင်ငွေမရှိတာကြောင့် အလုပ်သမားတွေမှာ စိတ်ဖိစီးမှုတွေလည်း ရှိနေပါတယ်။

    ထိုင်းအစိုးရက မြေပြင်ဆေးရုံနှစ်ခု ဆောက်နေပေမယ့် နေထိုင်၊ အလုပ်လုပ်ခွင့်အထောက်အထား မရှိတဲ့အတွက် ကိုဗစ်စစ်ဆေးတာ၊ သွားရောက်ကုသတာတွေလုပ်ရင် အဖမ်းခံရမှာကို မြန်မာလုပ်သားတွေက စိုးရိမ်နေပါတယ်။ ဆမွတ်ဆာခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဒီလို ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    မဟာချိုင်က ဒီကူးစက်မှုဟာ ထိုင်းနိုင်ငံတစ်ဝှမ်းကို ပြန့်နှံ့သွားပါတယ်။ ဒီကိစ္စမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ပြစ်တင်ပြောဆိုခဲ့တဲ့ ပရာယွတ်က နောက်ပိုင်းမှာ လေသံပြောင်းသွားခဲ့ပြီး လတ်တလောဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကနေ ကူးစက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

    ဘန်ကောက်ပို့စ်က ဆောင်းပါးမှာ တိုင်းပြည်ထဲကိုဝင်လာတဲ့ နိုင်ငံခြားသားတွေတင်မဟုတ်ဘဲ၊ နိုင်ငံရပ်ခြားက ပြန်လာတဲ့ ထိုင်းတွေလည်း ကိုဗစ်သယ်လာတာကို ထောက်ပြထားပါတယ်။

    မဟာချိုင်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်တွေကို စနစ်တကျ ပြန်လုပ်ပေးပြီး၊ မသမာမှုတွေကို အရေးယူအပြစ်ပေးဖို့ ထိုင်းအစိုးရက စီစဉ်ဆောင်​ရွက်နေပေမယ့် မြန်မာလုပ်သားတွေရဲ့ နေထိုင်မှုနဲ့ အလုပ်လုပ်ကိုင်မှု အခြေအနေတွေကို ပိုပြီး အန္တရာယ်ကင်းအောင် လုပ်ပေးဖို့၊ မြန်မာလုပ်သားတွေ ထိုင်းကျန်းမာရေးစနစ်ကို လက်လှမ်းမီအောင် လုပ်ဆောင်ပေးဖို့ အလွန်အရေးကြီးတယ်လို့လည်း ဒီဆောင်းပါးမှာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေ အန္တရာယ်ကင်းမှ ထိုင်းပြည်သူတွေ အန္တရာယ်ကင်းနိုင်မယ်လို့လည်း ထည့်သွင်း သတိပေးထားပါတယ်။

    Ref : Bangkok Post

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာ

    မန်စီးတီးပွဲ ရပ်ဆိုင်းမှုအတွက် အဲဗာတန်က ဖြေရှင်းချက်တောင်း

    မနေ့က ပရီးမီးယားလိဂ်ပွဲအတွက် မန်စီးတီးအသင်းက ပေးပို့တဲ့ သတင်းအချက်အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ဖို့ အဲဗာတန်က ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

    အသင်းမှာ ကိုဗစ်အကြီးအကျယ် ဖြစ်နေမှုကြောင့် အဲဗာတန်နဲ့ပွဲကို ရပ်ဆိုင်းဖို့ မန်စီးတီးက ပွဲမကစားမီ နာရီပိုင်းအလိုမှာ ပရီးမီးယားလိဂ်ကို အကြောင်းကြားခဲ့တာပါ။ ဂါဘရီယဲလ် ဂျီးဆက်စ်၊ ကိုင်လီဝေါလ်ကာနဲ့ အသင်းဝန်ထမ်း ၂ ဦး ကိုဗစ်ဖြစ်နေပေမယ့် နယူးကာဆယ်နဲ့ ၂၆ ရက်နေ့ပွဲပွဲကို မန်စီးတီးက စားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်စည်းမျဉ်းအရ အဓိကကစားသမား ၁၄ ဦး ကိုဗစ်ဖြစ်မှ ပွဲကို ရပ်ဆိုင်းခွင့်ပေးရမှာ ဖြစ်ပါတယ်။

    ဒီကိစ္စအတွက် အဲဗာတန်က ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး မိမိတို့အနေနဲ့ အများပြည်သူရဲ့ကျန်းမာရေးကို အလေးထားပေမယ့် ဘာ့ကြောင့် ပွဲကိုရပ်ဆိုင်းခဲ့လဲဆိုတာ တိတိကျကျ သိချင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကိုဗစ်ဒဏ်ခံနေရသည့် ဘရာဇီးလ်တွင် နေးမာက နှစ်သစ်ကူးပါတီ လုပ်မည်

    ပီအက်စ်ဂျီတိုက်စစ်မှူး နေးမာတစ်ယောက် ဘရာဇီးလ်က သူ့ရဲ့စံအိမ်မှာ လူ ၁၅၀ ပါဝင်မယ့် နှစ်သစ်ကူးပါတီလုပ်ဖို့ စီစဉ်နေပါတယ်။

    ဘရာဇီးလ်ဟာ အမေရိကတိုက်မှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့နိုင်ငံဖြစ်ပြီး သေဆုံးမှုကတော့ အမေရိကန်ပြီးရင် အများစုပါ။ နေးမာရဲ့ အခုပါတီကို လူ ၅၀၀ ရောက် လာမယ်လို့ သတင်းတွေထွက်ပေမယ့် ပါတီကို ပူးတွဲလုပ်မယ့် Mangaratiba ကုမ္ပဏီက ငြင်းဆိုပြီး ပါတီအတွက် သက်ဆိုင်ရာဌာနတွေက ခွင့်ပြုချက် ရယူထားသလို၊ လာရောက်သူတွေအားလုံး ကိုဗစ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာစေဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    တောင်အမေရိက နိုင်ငံတစ်ချို့မှာ ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့တဲ့တစ်ပတ်က စထိုးနေပေမယ့် ဘရာဇီးလ်မှာတော့ ဖေဖော်ဝါရီလမှ ကာကွယ်ဆေးရမှာပါ။

    အာဆင်နယ်နည်းပြအဖြစ် မြန်မြန်အသားကျခဲ့ဟု အာတီတာဖွင့်ဟ

    အာဆင်နယ်နည်ပြဘ၀ဟာ ထင်ထားတာထက် မြန်မြန် အသားကျသွားတယ်လို့ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အသင်းကိုစရောက်ပြီး FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုနှစ်မှာတော့ အာဆင်နယ်ဟာ ၁၅ ပွဲကစားပြီး ၅ ပွဲသာအနိုင်ရကာ ပရီးမီးယားလိဂ်မှာ အဆင့်၁၅ ရောက်နေပါတယ်။

    ကစားသမားတွေရဲ့ အရည်အချင်းဟာ မိမိမျှော်လင့်ထားတာထက် ပိုကောင်းခဲ့ပြီး၊ ပြင်ဆင်ထားတာတွေလည်း အောင်မြင်ခဲ့ကြောင်း၊ လူငယ်ကစားသမားတွေ အသင်းမှာ အရေးပါလာတာကို ပိုတွေ့လာရမှာဖြစ်ကြောင်း အာတီတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဝီဂါမွတ်စလင်များ ညှင်းပမ်းခံရသည့် အထောက်အထားများကို ဂျပန်က အမေရိကန်ကိုပေး

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    -တရုတ်အစိုးရက ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဂျပန်က အမေရိကန်နဲ့ ​ယူကေတို့ကို ပေးအပ်ခဲ့တယ်လို့ ဂျပန်-အမေရိကန် ဆက်ဆံရေး တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့မှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုအတွက် ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်က တရုတ်အပေါ် ဝေဖန်မှုတွေ၊ ပိတ်ဆို့မှုတွ​ေကျယ်ကျယ်​ပြန့်ပြန့်လုပ်ခဲ့တာဟာ ဂျပန်ထောက်လှမ်းရေးက ပေးအပ်တဲ့ အချက်အလက် အထောက်အထားကြောင့်လည်းပါတယ်လို့ ဒီရင်းမြစ်က ဆိုပါတယ်။

    ​တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုကို တွန်းလှန်ရေး ရည်ရွယ်ပြီး ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေတဲ့ အထူးအဖွဲ့ Five Eyes ထဲဝင်ဖို့ ဂျပန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်နေပေမယ့် နောက်ကွယ်မှာ ထောက်လှမ်းရေးအချက်အလက်တွေ မျှဝေနေတယ်ဆိုတာ အခုသတင်းက ဖော်ပြနေပါတယ်။

    Five Eyes အဖွဲ့မှာ ဩစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။

    ရှင်ကျန်းပြည်နယ်က ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင် လူမျိုးစု အနည်းဆုံး ၁ သန်းလောက်ကို အကျဉ်းစခန်းတွေထဲမှာ ပိတ်လှောင်ထားပြီး တရုတ်ဇာတ်သွင်းနေတယ်လို့ ကုလနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    ဗြိတိန်နဲ့ အမေရိကန်တို့က တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် ဂျပန်ကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ပဲ ထုတ်ပြန်ပါတယ်။

    တရုတ်ဟာ ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကလည်း တိုးတက်လာပါတယ်။ ၂၀၂၀ နွေရာသီမှာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဂျပန်နိုင်ငံကို ပထမဆုံး သွားရောက်ဖို့ စီစဉ်ထားပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။

    EF: Kyodo News

  • ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုအတွက် ၄၈ ဦးကို ဖမ်ဆီးထားဟု အီရန်ထုတ်ပြန်

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုအတွက် ၄၈ ဦးကို ဖမ်ဆီးထားဟု အီရန်ထုတ်ပြန်

    ဒီဇင်ဘာ ၂၉၊ ၂၀၂၀
    M-Media

    -တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ လုပ်ကြံခံရမှုမှာ ပါဝင်တယ်လို့ ယူဆရသူ အနည်းဆုံး ၄၈ ဦးကို ဖမ်းဆီးထားတယ်လို့ အီရန်တရားရေးဌာနရဲ့ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ပါတယ်။

    ဆိုလိုင်မာနီဟာ ဇန်နဝါရီလက အီရတ်မှာ အမေရိကန်ရဲ့လုပ်ကြံမှုကို ခံခဲ့ရတာပါ။ ဒီကိစ္စကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး အီရန်ကလည်း အီရတ်က အမေရိကန်စစ်စခန်းအချို့ကို ဒုံးကျည်တွေနဲ့ တုန့်ပြန် တိုက်ခိုက်ခဲ့ပါတယ်။

    အီရန်လူ့အခွင့်အရေးကောင်စီရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ၄၈ ဦးကို ဖမ်းဆီးထားကာ တရားစွဲဆိုရေး လိုအပ်တာတွေ လုပ်ဆောင်နေကြောင်း၊ လုပ်ကြံမှုမှာ ပါဝင်တဲ့ နိုင်ငံတွေထံကနေ ဒီလူတွေရဲ့ အချက်အလက်တွေ၊ အထောက်အထားတွေ တောင်းထားကြောင်း ဖော်ပြခဲ့ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီဟာ အီရန်ရဲ့အင်အား အရှေ့အလယ်ပိုင်းတစ်ခွင် ဖြန့်ကျက်မှုမှာ အဓိကကျခဲ့ပြီး၊ အီရတ်နဲ့ ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းသုတ်သင်မှုမှာလည်း အရေးပါခဲ့ပါတယ်။

    ဆိုလိုင်မာနီကို လုပ်ကြံမှုအတွင်း အီရတ်၊ အစ္စရေးနဲ့ တစ်ခြားနိုင်ငံတစ်ချို့ ပူးပေါင်းပါဝင်ခဲ့ပြီး နောက်ဆုံးရအချက်အလက်တွေအရ ဂျာမနီလည်း ဒီကိစ္စမှာ ပါဝင်တယ်လို့ ကောင်စီတာဝန်ရှိသူ အလီ ဘက္ကရီ ကာနီက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV