News @ M-Media
Blog
  • အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း
    အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း
    ဓါတ်ပုံ The True ဂျာနယ်
    တူမောင်ညို။ ဇွန်လ ၆၊ ၂၀၁၂ 
    မိုးမခ မီဒီယာမှ ကူးယူဖော်ပြပါသည်။
    မေလ ၂၈ ရက်နေ့ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာနေ မ —-  ကို သားမယားပြုကျင့်ပြီး ဓါးနဲ့ထိုးသတ်တာဟာ သိပ်ဆိုးပါတယ်။
    ဇွန်လ ၃ ရက်နေ့က သံတွဲ – တောင်ကုတ် ကားလမ်းဆုံတွင် ရိုးမသစ္စာခရီးသည်တင်မှန်လုံယာဉ်ပေါ်မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုဟာလည်း အလွန်ဆိုးပါတယ်။
    ဇွန် ၅ ရက်နေ့၊ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများ ( ကြေးမုံ၊မြန်မာ့အလင်း၊ NLM) တို့တွင်ဖေါ်ပြခဲ့သော စကားလုံး သုံးစွဲမှုက  ပိုပြီးတော့ဆိုးလွန်းပါတယ်။ ပြဿနာကို ပိုမိုကြီးထွားလာအောင် မီးလောင်ရာ လေပင့်ပေးတဲ့သဘော၊ “ဆွ”ပေးတဲ့ သဘှောဖြစ်ပါ တယ်။ ဒီစကားလုံးအတိုင်းပဲ ရေဒီယိုနဲ့ ရုပ်သံမီဒီယာတွေကနေလည်းလွှင့်ထုတ်ခဲ့ကြပါတယ်။
    အထူးသဖြင့် မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ သတင်းစာ ( ကြေးမုံ၊ မြန်မာ့အလင်း) မှာ သတင်းခေါင်းစဉ်တပ်ပုံ၊ သတင်းရေးသား ဖေါ်ပြပုံ (စကားလုံးအသုံးအနှုန်းနဲ့ အရေးအသား) က အစ ပြဿနာကို ပိုမိုကြီးထွားစေလိုတဲ့ ရည်ရွယ်ချက်ကို အထင်အရှားတွေ့နိုင် ပါတယ်။“မွတ်ဆလင်ကုလား” ဆိုတဲ့ စကားလုံးကတော့ဖြင့် ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့၊ စော်ကားတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
    ဒါ့အပြင် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ပြုမူလုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။
    ဒီရေတိုးသလို ပျံ့နှံ့တိုးများလာနေတဲ့ စက်မှုဇုံများမှာဖြစ်ပွားနေတဲ့  လုပ်ခလစာတိုးမြင့်ပေးရေး အလုပ်သမားဆန္ဒပြမှုတွေနဲ့ ၂၄ နာရီလျှပ်စစ်မီးပုံမှန်ရရှိရေးဆန္ဒပြပွဲတွေမှာ ပြည်သူတွေ အာရုံစူးနေကြတာကို (ဘာသာရေး၊လူမျိုးရေး မုန်းတီးမှုဘက်သို့) အာရုံပြောင်း လဲသွားအောင်တမင်တကာ အစီအစဉ်ရှိရှိ အချိန်ကိုက်ထည့်သွင်းလိုက်တဲ့အချက်ကိုလည်းမဖြစ်မနေ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် (မဆလ)ခေတ်မှာဘဲဖြစ်ဖြစ်၊ (နဝတ-နအဖ) ခေတ်မှာဘဲဖြစ်ဖြစ် အုပ်စိုးသူတွေကိုယ်တိုင်က လှုံ့ဆော် ဖန်တီးပေးခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ ဆက်စပ်စဉ်းစားရမှာလဲဖြစ်ပါတယ်။
    လက်တွေ့မှာ ဒီအသုံးအနှုန်းကြောင့် ဝမ်းနည်းနာကျင်ကာ မခံမရပ်နိုင်ဖြစ်ရတဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူ နိုင်ငံသားများရဲ့ ဆန္ဒပြမှုတစ်ခု ဆူးလေဘုရား လမ်းပေါ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။  သူတို့ဆန္ဒပြတာတရားပါတယ်၊ မှန်ပါတယ်။
    ဆန္ဒပြမှုဖြစ်လာတော့မှ  “ပြည်တွင်းနေ အစ္စလာမ်ဘာသာကိုးကွယ်သူ”လို့ ပြင်ဆင်ဖတ်ရှုပါရန် ဆိုပြီး  “အမှားပြင်ဆင်ချက်” ထည့်ပေးပါတယ်။ တာဝန်ခံမှု တာဝန်ယူမှုဆိုတာ ဒီလောက်နဲ့မလုံလောက်ပါဘူး။
    အနိမ့်ဆုံးအားဖြင့် သက်ဆိုင်ရာသတင်းစာရဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်အနေနဲ့ ဒီစကားလုံး အသုံးအနှုန်းရေးသား ထည့်သွင်း ဖေါ်ပြ မှုအတွက်တာဝန်ရှိကြောင်း ဝန်ချတောင်းပန်ရမှာပါ။ ဒီသတင်းကို တည်းဖြတ်ထည့်သွင်းဖို့ ညွန်ကြားတဲ့ သက်ဆိုင်ရာ အယ်ဒီတာ က လည်းတောင်းပန်ဖို့လိုပါတယ်။  တကယ်တော့ သက်ဆိုင်ရာဌာန တာဝန်ရှိသူညွန်ကြားရေးမှူးချုပ်အနေနဲ့ မိမိရဲ့တာဝန်ယူမှုကို စံပြ ဖေါ်ပြ တဲ့ အနေနဲ့ တာဝန်ကပင် နှုတ်ထွက်သင့်ပါတယ်။
    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ ထည့်သွင်း ပြဋ္ဌာန်းထားတဲ့ အောက်ပါပုဒ်မတွေကို ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ မိမိရဲ့ ဝန်ထမ်းတွေ သိရှိနားလည် သဘောပေါက်ကြီး လက်တွေ့ ကျင့်သုံးဆောင်ရွက်နိုင်ရန် ပညာပေးဖို့လိုအပ်ပါတယ်။ အခုဖြစ်ရပ် အဲဒီလိုအပ် ချက်ရှိနေတာကိုဖေါ်ပြနေတာပါ။ ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရေးဆွဲတဲ့ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်မှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
    ပုဒ်မ ၃၄၇ “နိုင်ငံတော်သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။”
    ပုဒ်မ ၃၄၈ “ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ မည့်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ”
    ပုဒ်မ ၃၆၂ “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ် သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌  နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။
    ပုဒ်မ ၃၆၃ “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။
    အခုတော့ အစိုးရပိုင်နေ့စဉ်ထုတ်သတင်းစာေ တွရဲ့သုံးနှုန်းရေးသားဖေါ်ပြမှုက  ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပြီး ဘာသာသာသနာတစ်ခုနဲ့ အဆိုပါဘာသာကို ကိုးကွယ် ယုံကြည်နေကြသူတွေကို ချိုးနှိမ်၊ ခွဲခြား၊ စော်ကား လိုက်တာ ဖြစ် ပါတယ်။ ဒါ့အပြင် တာဝန်ရှိသူများ အနေဖြင့်  မေလ ၂၈ ရက်နှင့် ဇွန်လ ၃ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အရုပ်ဆိုးအကျည်းတန်လှတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ စုံစမ်းဖေါ်ထုတ်ပြီး ဥပဒနဲ့အညီ အပြစ်ပေးအရေးယူဖို့၊ နစ်နာမှုတွေနဲ့နစ်နာရသူတွေ အတွက် ထိုက်သင့်တဲ့ နှစ်သိမ့် ကူညီမှုတွေကို ပြုလုပ်ဖို့ အထူးလိုအပ်လှပါတယ်။
    ညွန်း
           ၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ (အင်္ဂလိပ်/မြန်မာ) နေ့စဉ်ထုတ်အစိုးရသတင်းစာများ
           ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
           (photo –  Reuters, Burmese Muslim & 88 Generation Student, Ko Mya Aye seen in front of protest crowd, 5th June 2012, Yangon, Downtown)
  • မြန်မာမွတ်စလင်မ် လူငယ်များနှင့် ပြည်သူများသို့  မေတ္ထာရပ်ခံပန်ကြားလွာ
    (၁) ကျောက်ဖြူတွင် ဖြစ်ပွားသော မတရားပြုကျင့် လူသတ်မှုနှင့် တောင်ကုတ်တွင်ဖြစ်ပွားသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတို့ ကြောင့် အသက် ပေးခဲ့ရသော အပြစ်မဲ့ ပြည်သူများအပေါ် မိမိတို့  MMSY (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ) မှ ဆုံးရှုံးသူ၏မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။
    (၂) ထိုပြစ်မှုနှစ်ခုစလုံးကို တရားဥပဒေများအရ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေးသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ တာဝန်နှင့် ၀တ္တရားဖြစ်သည်။
    (၃) ယခုအချိန်အခါသမယသည် အနာဂတ် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် အလွန်အမင်း အရေးကြီးသော အချိန်အခါဖြစ်သည်။ မြန်မာနိုင်ငံ ရေးအပြောင်းအလဲကာလတိုင်း အစ္စလာမ်ဘာသာဝင်များအား ခုတုံးလုပ် အမြတ်ထုတ်လေ့ရှိရာ ယခုအခါ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်သမား ဆန္ဒ ပြမှုများနှင့် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုများအပါအ၀င် နိုင်ငံရေး အကြပ်အတည်းဖြစ်နေသော အချိန်အခါတွင် တိုင်းပြည်ပြောင်းလဲတိုးတက်ရေးမလို လားသူများသည် အစွန်းရောက် ဗုဒ္ဓဘာသာနှင့် လူမျိုးရေး အစွန်း ရောက်တချို့ ကို အသုံးချကာ  လူမျိုးရေး ဘာသာရေး  ပြသနာများဖြစ်စေရန် လှုံ့  ဆော်နိုင်သောအချိန်ဖြစ်သည်။
    (၄) သို့ ရှိရာ မြန်မာမွတ်စလင်မ်လူငယ်များအပါအ၀င် ပြည်သူများသည် သတိကြီးစွာရှိကြရန် အောက်ပါအချက်အလက်များကို မေတ္တာရပ်ခံအပ်ပါ သည်။
    – အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းသည့် ဘာသာဖြစ်ပြီး မိမိတို့ မြန်မာမွတ်စလင်မ်များမှာ ခွဲခြားဖိနှိပ်ဆက်ဆံမှုများကို နှစ်ပေါင်းများစွာ သီးခံလာသည် ဖြစ်ရာ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ သီးခံခြင်းတရားကို ဆက်လက်ကိုင်ဆွဲထားရန်၊
    – မိမိတို့ ကို အမျိုးမျိုး စော်ကားနှိမ့်ချသူများမှာ အတွေးအခေါ်နည်းပါးသည့် လူမျိုးရေး ဘာသာရေး အစွန်းရောက်တချို့ သာဖြစ်ပြီး၊ အစ္စလာမ်ဘာ သာ သည် အခြားဘာသာများအား စော်ကားခြင်းမပြုရန် အတိအလင်းတားဆီးထားသည့်အတွက် အခြားဘာသာများနှင့် လူမျိုးများကို အွန်လိုင်း တွင်သော်လည်းကောင်း၊ ပြင်ပတွင်သော်လည်းကောင်း ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ ထိခိုက်စေမှုများမှ အထူး ဂရုပြုရှောင်ရှားပေးပါ ရန်၊
    – တိုင်းပြည်အတွက်  နှစ်ပေါင်းများစွာ အနစ်နာခံခဲ့သည့် လူထုခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့ တောင်းပန် ချက်ကို လေးစားပြီး  ပြ ဿနာများကို တရားဥပဒေအရ ဖြေရှင်းရမည်ဖြစ်သည့်အတွက်လည်းကောင်း၊ ပြည်တွင်းမှ အစ္စ လာမ်ဘာသာရေးအဖွဲ့ အစည်းကြီး ၅ ခုမှလည်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းသွားမည်ဟု ထုတ်ပြန်ကြေညာထား ပြီးဖြစ်သည့်အတွက်လည်းကောင်း ပြည်တွင်းရော ပြည်ပတွင်ပါ လူစုလူဝေးများဖြင့် ဆန္ဒပြမှုများ၊ လှုပ်ရှားမှုများကို ရှောင်ကြဉ်ပေးပါရန်၊
    – ယခုလိုအချိန်အခါတွင် မိမိဘက်က မည်မျှမှန်သည် မှားသည်ဆိုစေကာမူ တိုင်းပြည် အနာဂတ်အတွက်ရော လူမျိုးဘာသာရေးများအတွက်ပါ ထောက်ရှု ဆင်ခြင်ရမည်ဖြစ်သောကြောင့် မြန်မာမွတ်စလင်မ်လူငယ်များအနေဖြင့် အမှိုက်ကစ ပြဿဒ် မီးလောင် ဖြစ်စေနိုင်သည့် အပြောအဆို၊ အပြုအမူများ၊ အသွားအလာ အနေအထိုင်များအားလုံးကို အထူးဂရုပြုကြရန်၊ မိမိဘေးပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမှုများအားလုံးကို သတိပြုရှောင်ကြဉ်ရန်
     လေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
    (မှတ်ချက် – ဤငြိမ်းချမ်းရေး မေတ္တာရပ်ခံစာကို ပရင့်ထုတ်ပြီး လက်လှမ်းမှီသလောက် ဖြန့် ဝေပေးရန် မေတ္တာရပ်ခံပါသည်)
    MMSY
    မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ
  • “မျက်ရည်နဲ့ရေးတဲ့ကဗျာ”
    “မျက်ရည်နဲ့ရေးတဲ့ကဗျာ”
    စည်းကမ်းပြည့် ဒီမိုကရေစီတဲ့၊ မိုးလုံးပြည့် အလိမ်အညာကိုယ်စီနဲ့
    ထောင်ခြောက်ဆင် လမ်းခင်းထားတဲ့၊ အစိုးရနဲ့ ခင်ဗျားတို့ပါတီတွေ
    အသက်တွေကိုမြက်တွေလို တန်ဖိုးမထား၊ ပါးပါးလှီးမျိုးဖြုတ်
    ကမ်းကုတ်အောင်ယုတ်ပတ်တဲ့၊ အမျိုးသားရေးဆိုတဲ့လက်နက်ကြောင့်
    အကြောက်တရားအောက်၊ ငါးပါးမှောက်နေရတဲ့ ကျုပ်တို့မွတ်ဆလင်မ်တွေက
    ခင်ဗျားတို့လမ်းစဉ်တွေကို မယုံတော့ဘူး
    ယုံမှတ်လို့ပုံအပ်လိုက်တဲ့၊ ဆန္ဒမဲတွေက
    ကြက်ငှက်လို၊ အသက်ခံနေရတဲ့ကျုပ်တို့သွေးသားတွေရဲ့အဖြစ်ကို
    ဆိတ်ဆိတ်နေထောက်ခံပုံလမ်းစဉ်မျိုးနဲ့၊ ခင်ဗျားတို့အချိုးကိုကြိုသိခဲ့ရင်
    နောက်တစ်ကြိမ်လာမယ့်၊ ရွေးကောက်ပွဲတွေအတွက်
    ကျုပ်တို့ရဲ့ဦးဏှောက်တွေ မနုံတော့ဘူး
    တစ်မြေထဲနေ၊တစ်ရေထဲသောက်ခဲ့သလို
    ကျုပ်တို့လဲအသက်ပေးချစ်တဲ့မြေမှာ၊ ခင်ဗျားတို့လိုပဲမွေးဖွါးခံရတာတောင်
    နိုင်ငံသားဖြစ်ခွင့်မရရှာတဲ့၊ နင်းပြားဘ၀တွေကိုမှ
    မြေနှိမ့်ရာ၊လှံပစ်စမ်းချင်တဲ့
    လက်သရမ်းကွန်းမန့်ပေးယုံကလွဲလို့၊ လူသားအသိပျောက်ရှ
    ထမိန်ချုံကြားထဲကလက်သီးပြကြတဲ့၊ လူ့ငနွားအစွန်းရောက်သမားတွေသိဖို့က
    ဒီမှာဗျ၊ ကျုပ်တို့က
    ခင်ဗျားတို့ရဲ့ သရဲဘောသတ္တိကိုလဲ မဖြုံတော့ဘူး
    သမိုင်းဝင်ဘာသာရေး အဖွဲ့အစည်းများပေမို့၊ ငါတို့ကိုကိုယ်စားပြုလိုငြား
    ရာစုနှစ်တစ်ဝက်ကျော်ကြာ၊ မျှော်ခဲ့တာအသက်ထွက်လုမတတ်ပေါ့
    ဒါပေမယ့်ဗျာ
    ဖါးအော်မှလျှပ်စီးလျှပ်ပြဖေါ်ရတဲ့၊ ခါတော်မှီစစ်ဆင်ရေးမျိုးကို
    မရိုးအောင်တင်ဆက်ပြနေတတ်တ၊ဲ့ ခါဗျားတို့ဇတ်ထုပ်ဟောင်းကိုကြည့်ဖို့
    ကျုပ်တို့ရဲ့ရင်ဘတ်တွေ မခုန်တော့ဘူး
    ဗရမ်းဗတာ သွေးကွဲမှုတွေကြား
    အိုးမည်းကိုကိုယ်တိုင်သုတ်လို့၊ အိမ်ကြက်ခြင်းပြန်ခွပ်မဟဲ့လို့
    ကြွေးကျော်တတ်ရုံကလွဲပြီး၊ အနာဂတ်အတွက်ပြင်ဆင်မထားတဲ့
    ခေါင်းဆောင်ဆိုတဲ့၊ ခင်ဗျားတို့လက်ထဲမှာ
    မွတ်ဆလင်မ်တွေရဲ့၊ အနာဂတ်ကိုထားဖို့အတွက်က
    ကျုပ်တို့ရဲ့နောက်ကျောတွေ မလုံတော့ဘူး
    ပွင့်လင်းတဲ့မီဒီယာတဲ့ ဟားဟား
    အသင့်ခင်းထားတဲ့ စစ်တလင်းတွေကြား
    သတင်းမှားတွေနဲ့၊ တို့တွေကိုသတ်ကွင်းပို့
    ဒင်းတို့ကလက်တို့လို့ အချက်ပြမှတော့
    မင်းတို့လားကျင့်ဝတ် စောင့်ထိန်းတဲ့စတုထ္တမဏ္ဍိုင်ဆိုတာ
    ဒီလောက်တောင်ယိမ်းယိုင် ဖောက်ပြားနေကြတော့
    ကျုပ်တို့ကအမှန်ကိုတွေ့ရှိသွားပြီမို့
    ခင်ဗျားတို့လမ်းကိုလဲ မကြုံတော့ဘူး
    နောက်ဆုံးတော့လဲ၊ သောက်သုံးမကျတာတွေကိုလမ်းခွဲလို့
    တို့အနာဂတ်ကို၊ တို့ကိုယ်တိုင်တည်ဆောက်ယူမှရမယ်ဆိုတာ
    အသက်တစ်ချို့ပေးဆပ်မှ သံမှိုနှက်သလိုခိုင်မာသွားခဲ့ရပြီ
    ဒီတော့လဲ
    တို့လူငယ်တွေညီညွှတ်လို့၊ အရေးတယူဆောင်ရွက်မှ
    တို့မျိုးဆက်တွေအတွက်၊ ပိုကောင်းတဲ့အနာဂတ်ကို
    ပိုင်ဆိုင်ရမယ်ဆိုတာ…………………………
    ဇော်မင်းထွေး
  • မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင်များသို့ ပန်ကြားလွှာ
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ (၅.၆.၂၀၁၂) ညနေ ၅ နာရီတွင် မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။
    ပန်ကြားလွှာအပြည့်အစုံမှာ-
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ
    “(၅.၆.၂၀၁၂) ရက်နေ့ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံသားပြည်သူများ အကြားတွင် သဘောထားကွဲလွဲလျက် ရှိပါသည်။
    ယင်းကိစ္စနှင့် ပတ်သက်၍ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းကြီး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ တင်ပြပြီး တရား ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
    သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”
    အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းအစ္စလာမ်အဖွဲ့အစည်း ၅ခု၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    Credit- ပြည်သူ့ခေတ်ဂျာနယ်
  • ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း
    မြို့တော်ခန်းမရှေ့ မြန်မာမွတ်စလင်မ်များ ဆန္ဒထုတ်ဖော်မှုအား ကိုမြအေးမှ လာရောက်ဖြောင်းဖျပေးစဉ်
    Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။
    မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။
    ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။
    မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။
    ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။
    မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
    ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။
    မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။
    ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။
    မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။
    ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
    မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
    ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။