News @ M-Media

Blog

  • နေတိုးတို့ အာဖဂန်တွင် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား မိသားစုဝင် ၈ ဦးသေဆုံး

    နေတိုးတို့ အာဖဂန်တွင် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား မိသားစုဝင် ၈ ဦးသေဆုံး

    ဘီဘီစီ သတင်းစဉ်
    မေလ ၂၇ ရက်၊ ၂၀၁၂
    နေတိုး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်အရှေ့ဘက်ခြမ်း၊ ပတ်က္တီးယားနယ်ရှိ မိသားစု တစ်ခုမှ မိသားစုဝင်  ယောက်တိတိ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြား လိုက်သည်။

    စနေနေ့က နေတိုး၏လေကြောင်း တိုက်ခိုက်မှုကြောင့် ဂူရဒါ ဆာရီးယားခရိုင်၊ ဆူရီခေးလ်ရွာမှ လင်နှင့်မယားဖြစ်သူအပါအဝင် ကလေး ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီသို့ ပြောကြားသည်။

    နေတိုးကမူ သူတို့အနေဖြင့် စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တုန့်ပြန်သည်။ ထိုသတင်းမထွက်လာ မီကမူ နေတိုးက စနေနေ့တွင် မိမိတို့စစ်သား ၄ ဦး အာဖဂန်ဗုံးကွဲမှုတစ်ခု ကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    တာလီဘန်နှင့် အဆက်အဆံလုံးဝမရှိ

    ပတ်က္တီးယားနယ် ပြောရေးဆိုခွင့်ရှိသူ ရူဟုလ်လာ ဆမူးန်ကမူ ထိုသို့ အရပ်သားများသေဆုံးမှုမှာ နေတိုး၏ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ သည်။ ထို့ပြင်သူက “(သေဆုံးခဲ့တဲ့ မိသားစုထဲက ဖခင်ဖြစ်သူဟာ) တာလီဘန် ဒါမှမဟုတ် ဘယ် အကြမ်းဖက်အဖွဲ့နဲ့မှ အဆက်အဆံမရှိပါဘူး” ဟု ပြောကြားသည်။

    နေတိုး၏ ပြောခွင့်ရပုဂ္ဂိုလ် လက်ထောက်ဗိုလ်မှူး ဂျင်မီကန်းမင်းက နေတိုးအနေဖြင့် အာဖဂန်နစ္စ တန်နိုင်ငံ၊ ပတ်က္တီးယားနယ်ရှိ အစိုးရသူပုန်များအား စနေနေ့ညက လေကြောင်းမှ ထိုးစစ်ဆင်ခဲ့ ကြောင်းကိုမူ အတည်ပြုပြောကြားခဲ့သည်။ သူက မဟာမိတ်တို့အနေဖြင့် အရပ်ဘက်ပြည်သူများ သေဆုံးခဲ့ကြောင်း သတင်းရရှိထားကြောင်းနှင့် ထိုသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထည့်သွင်းပြော ကြားသည်။

    ဘီဘီစီသတင်းထောက် ဘီလားဆာဝေးအဆိုအရ အာဖဂန်ရှိ ဂူရဒါ ဆာရီးယားခရိုင်မှာ နေတိုးနှင့် အမေရိကန်တို့အား တိုက်ခိုက်နေသည့် ဟက္ကာနီသူပုန်များ(Haqqani network) ၏ ခြေကုပ်စခန်း တစ်ခုဖြစ်ပြီး ထိန်းချုပ်မရနိုင်သည့်အနေအထားတွင် ရှိသည်ဟု သတင်းပေးပို့သည်။

    နေတိုးအနေဖြင့် သူတို့၏ စစ်သား ၄ယောက် သေဆုံးရခြင်းသတင်းအသေးစိတ်ကို မထုတ်ပြန်သလို ဓားစာခံအရပ်သားများသေဆုံးရခြင်းကိုလည်း နုတ်ဆိတ်နေသေးသည်။

    သို့သော် ယူကေကာကွယ်ရေးဝန်ကြီးဌာနကမူ စနေနေ့က သေဆုံးခဲ့သော စစ်သားများစာရင်းတွင် ဗြိတိသျှစစ်သား ၁ ဦးပါဝင်ကြောင်း ဘီဘီစီသို့ အတည်ပြုပြောကြားခဲ့သည်။

    တော်ဝင် ဝဲလ်ရှ် စစ်ကြောင်းမှ ဗြိတိသျှစစ်သားတစ်ဦးသည် နဟဲရေဆာရာဂ်ျနယ်တွင် ဗုံးပေါက်ကွဲခဲ့ ရာ၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။

    ယခုလအစောပိုင်းက အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက နေတိုးအား သူတို့၏တိုက်ခိုက်မှုများ ကြောင့် အရပ်သားများသေဆုံးနေကြောင်း၊ သို့ကြောင့် မိမိအနေဖြင့် အမေရိကန်တို့နှင့် သဘောတူ ထားသည့် မဟာဗျူဟာရေးဆိုင်ရာ စာချုပ်ကို ယုံကြည်မှုအားနည်းအောင် ပြုနေရာရောက်ကြောင်း သတိပေးခဲ့သည်။

    ၂၀၁၄ တွင် နေတိုးစစ်ဆင်ရေးပြီးနောက် နေတိုးနိုင်ငံများနှင့် အာဖဂန်တို့အကြား ၁၀ နှစ်တာ စစ်ရေးအရပူးပေါင်းဆောင်ရွက်မျှများပြုလုပ်ရန်လည်း သဘောတူထားကြသည်။

    Source: http://www.bbc.co.uk/news/world-asia-18224875

  • ဂျာမန်အများစုက အစ္စရေးကို ရန်လိုသူဟုမြင်

    ဂျာမန်အများစုက အစ္စရေးကို ရန်လိုသူဟုမြင်

    မေလ ၂၆ ရက် ၂၀၁၂။ ဘင်ဂျမင် ဝိန်ထဲလ်။
    ဂျေရုစလင်မ် ပို့စ်သတင်းစာ။

    ဘာလင် : ဂျာမနီရှိ ဂျူးပင်မကောင်စီ(Central Council of Jews) ခေါင်းဆောင် ဒေါက်တာဒီရက် တာ ဂရောင်းမန်းက စောင်ရေအများအပြားထုတ်ဝေသည့် ဘိုင်းသတင်းစာသို့ ဂျာမန်အများစု (၅၉ ရာခိုင်နှုန်း)က အစ္စရေးကို ရန်လိုသည့်နိုင်ငံအဖြစ် ဖော်ပြနေသည့် စစ်တမ်းတစ် ခုအပေါ် ဝမ်းနည်း စိုးရိမ်မိသည်ဟု ကြာသပတေးနေ့က ပြောကြားသွားသည်။ ထို့ပြင်သူက နာဇီ ခေတ်တွင် ဂျူးများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စရပ်တွင် ဂျာမန်တို့၌တာဝန်မရှိ ဟူသည့် စစ်တမ်း ဖော်ပြချက်ကိုလည်း ဝမ်းနည်းစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
    စတန်းမဂ္ဂဇင်းက ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ကောက်ယူခဲ့သည် စစ်တမ်းတွင် အန္တီအစ္စရေးအရေအ တွက် ကျယ်ပြောစွာပါဝင်နေသည်ဖြစ်၍ ဂရောင်းမန်းကို အခက်တွေ့သွားစေသည်။
    “ဂျူးအမျိုးသားတိုင်းပြည်နဲ့ပတ်သတ်ပြီး သူတို့အမြဲလိုလိုရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုများအတွက် နားလည်စာနာမှုနှင့် (အဲဒါတွေနဲ့ပတ်သတ်ပြီး) အေးအေးစက်စက်တုန့်ပြန်မှုလျော့နည်းရေးတို့ကို ကျွန်တော်ဆန္ဒရှိနေတယ်” ဟု ဂရောင်းမန်းက ပြောကြားသည်။ မေလ ၂၈ မှ ၃၁ အတွင်း၊ ဂျာမန် သမ္မတအသစ်ဖြစ်သည့် ဂျိုအာချင်မ် ဂေါက်၊ အစ္စရေးသို့မသွားမီ ဖော်ဆာဟုခေါ်သော စစ်တမ်း ကောက်ယူရေးအေဂျင်စီမှ စတန်းမဂ္ဂဇင်းအတွက် စစ်တမ်းကောက်ယူပေးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
    နာဇီတို့ ဂျူးများကို အစုလိုက်အပြုံလိုက်စီရင်ခဲ့ခြင်းအပေါ် ဂျာမနီတွင်တာဝန်မရှိဟူသည့်ဘက်မှ ထောက်ခံခဲ့သူ ဂျာမန်လူမျိုး ၆၀ ရာခိုင်နှုန်းရှိနေကြောင်း စတန်းမဂ္ဂဇင်းစစ်တမ်းက ဖော်ပြသည်။ ၃၃ ရာခိုင်နှုန်းကမူ ဂျာမနီတွင် တာဝန်ရှိကြောင်း မဲပေးခဲ့ကြသည်။
    ဂရောင်းမန်းက “တကယ့်ကိုပါပဲ၊ ဒီရလဒ်က ကျွန်တော့ကို ဝမ်းနည်းစေရုံတင်မက စိုးရိမ်စိတ်လည်း ကြီးထွားစေပါတယ်။ ဂျာမန်နဲ့ အစ္စရေးတို့ဟာ ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းစွာ အတူ တကွရှိရေးစတဲ့ စစ်မှန်တဲ့ အသိုက်အဝန်းတန်ဖိုးတွေကို ပူးပေါင်းဆောင်ရွက် နေကြတဲ့အကြောင်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်တို့ပြုလုပ်ကြရမယ်” ဖြည့်စွက်ပြောကြားခဲ့သည်။
    စတန်းမဂ္ဂဇင်းစစ်တမ်းက အစ္စရေးသည် အခြားသူများအရေးအတွက်မစဉ်းစားဘဲ သူ၏အရေးကိုသာ ထုတ်ဖော်တင်ပြလေ့ရှိသည် ဆိုသည့်အဆိုဘက်မှလည်း ဂျာမန် ၇၀ ရာခိုင်နှုန်းထောက်ခံခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၀၉ က ပြုလုပ်ခဲ့သည့် အလားတူစစ်တမ်းနှင့်နှိုင်းယှဉ်လျှင် ယခုစစ်တမ်းမှာ အခြားသူများ၏အရေးကိစ္စများကို လျစ်လျူပြုပြီး အစ္စရေးတို့က သူတို့လုပ်ချင်ရာလုပ်သည်ဟု ယူဆသော ဂျာမန်လူမျိုးအရေအတွက် ၁၁ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းလည်း သိရ သည်။ 
    ဂျာမန်လူမျိုးအများစု ၆၅ ရာခိုင်နှုန်းက လွတ်လပ်သည့်ပါလစ္စတိုင်းနိုင်ငံထူထောင်ရေးကို အသိ အမှတ်ပြုသင့်ကြောင်း အရေးဆိုထားသည်။
    သတင်းအရင်းအမြစ် – www.jpost.com/International/Article.aspx?id=271494
  • အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    အစ္စလာမ်မှ သင်ကြားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ထုတ်ဝေရန် မလေးရှားတွင် ထုတ်ဝေရန်ရှိ

    ဂေဟဗေဒစနစ်ကာကွယ်ခြင်း အရေးကြီးပုံနှင့်ပက်သက်၍ အစ္စလာမ်၏ သင်ကြားမှုများကို မီးမောင်းထိုးပြထားသည့် စာအုပ်တစ်အုပ်ကို မလေးရှားနိုင်ငံတွင် ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။ ထိုစာအုပ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့်ပက်သက်၍ အစ္စလာမ်သာသနာ့ရှုထောင့်မှ တင်ပြထားပြီး ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များ၊ တမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) ၏ ဟဒီဆ်းတော်များကို တိုက်ရိုက်ကိုးကားမည်ဖြစ်သည်။

    “ဒီစာအုပ်ကို မွတ်စလင်တွေအတွက် ရည်ညွှန်းချက်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကူညီနိုင်တဲ့ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ အတွက်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တွေ၊ တမန်တော်မြတ်(ဆွ)ရဲ့ ဟဒီးဆ်တော်တွေနဲ့ အချက်အလက်ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ ဒီစာအုပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေသူ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်မှာပါ။” ဟု Institute of Islamic Understanding Malaysia (IKIM)၏ ဒါရိုက်တာဖြစ်သူ မွတ်စ်တာဖါ ဟာဆန် (Mustapha Hassan) က Malaysia Star သတင်းစာသို့ မေလ ၂၁ ရက်၊ တနင်္လာနေ့က ပြောကြားခဲ့သည်။

    မလေးရှားနိုင်ငံရှိ World Wide Fund for Nature (WWF) မှ စီစဉ်လျက်ရှိသော အဆိုပါစာအုပ်ကို လာမည့် ဇူလိုင်လတွင် ထုတ်ဝေနိုင်မည်ဖြစ်သည်။ မွတ်စလင်များအား ရည်ညွှန်းခြင်းဖြစ်ပြီး အထူးသဖြင့် အီမာမ်များ၊ ပညာရှင်များနှင့် အစ္စလာမ့်ဓမ္မဆရာများအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကဏ္ဍတွင် ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ မွတ်စ်သာဖာ၏ပြောဆိုချက်အရ အဆိုပါစာအုပ်ထုတ်ဝေခြင်းသည် အစဉ်အမြဲပြောင်းလဲနေသော ကမ္ဘာကြီးကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အစ္စလာမ်နှင့် မွတ်စလင်များအဖို့ သုတေသနလုပ်ငန်းများလုပ်ဆောင်ရန် IKIM ၏ ဆောင်ရွက်ချက်ဖြစ်သည်။

    “အစ္စလာမ်ရဲ့သင်ကြားမှုနဲ့ စပ်ဆက်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ သားရိုင်းတိရစ္ဆာန်တွေရဲ့ ကဏ္ဍတွေ၊ ပြဿနာတွေကို ကျွန်တော်တို့ အလေးထားချင်ပါတယ်။” ဟူ မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်ထုတ်ဝေရန် ပြင်ဆင်သည့်အနေဖြင့် IKIM ၏ စာရေးဆရာများသည် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်များအား WWF Malaysia မှ ထိန်းသိမ်းစောင့်ရှောက်ထားသည့် Perak ပြည်နယ် Gerik ခရိုင်နှင့်၊ Terengganu ပြည်နယ် Setiu ခရိုင်တို့ရှိ the Belum-Temengor Forest Complex များသို့ သွားရောက်လေ့လာခဲ့သည်။

    “နေရာနှစ်ခုစလုံးကတော့ နိုင်ငံရဲ့ အဓိကအမှတ်အသားဖြစ်တဲ့ မလေးကျားနဲ့၊ ပင်လယ်လိပ်အပါအ၀င် ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်တွေရဲ့ ဗိမာန်တွေပါပဲ။ ကျွန်တော်တို့ ထုတ်ဝေမယ့် စာအုပ်မှာ အလေးပေးဖေါ်ပြသွားမှာပါ။” ဟု မွတ်စ်တာဖာက ဆိုသည်။

    အဆိုပါစာအုပ်သည် သားရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပက်သက်၍ အစ္စလာမ်၏သင်ကြားမှုများကို မီးမောင်းထိုးပြရန် အားထုတ်လုပ်ဆောင်နေမှု၏ တစိတ်တပိုင်း ဖြစ်လေသည်။

    “၂၀၀၈ ခုနှစ်က Terengganu ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ ဗလီပေါင်း ၄၂၈ လုံးကို ‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။’ ဆိုတဲ့ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာ ဟောကြားစေခဲ့ပြီး၊ ဒါဟာ WWF-Malaysia၊ IKIM နဲ့ ဒေသတွင်းအဖွဲအစည်းတွေရဲ့ ပူးပေါင်းအားထုတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ Kelantan ပြည်နယ်Jeli မြို့မှာလည်း ပြည်နယ်အီမာမ်က ပေးပို့တဲ့ ‘ကာကွယ်စောင့်ရှောက်မှုလိုအပ်နေသော တိရစ္ဆာန်များ’ ခေါင်းစဉ်နဲ့ သောကြာနေ့ တရားဒေသနာဟောကြားခြင်းကိုလည်း ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပြီး၊ ရှေ့ဆောင်ဆရာတော်တွေနဲ့ အစ္စလာမ့်ဓမ္မဆရာတွေ ပူးပေါင်းပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း Perak မှာ ကျင်းပပြီးဖြစ်ပါတယ်။”ဟု WWF-Malaysia၏ အကြီးတန်းအရာရှိ Dato’ Dr. Dionysius Sharma က WWF ၀ဘ်ဆိုဒ်သို့ ပြောကြားသည်။

    WWF-Malaysia (World Wildlife Malaysia) သည် မလေးရှားနိုင်ငံဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းပေါင်း ၇၅ ခုကျော်တွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။ ၁၉၇၂-မှစ၍ ကျား၊ ပင်လယ်လိပ်များကဲ့သို့ ပျောက်ကွယ်လုနီးပါး တိရိစ္ဆာများအား စုဆောင်းထိန်းသိမ်းခြင်းလုပ်ငန်း၊ မြစ်များ၊ ပင်လယ်များနှင့်၊ ကုန်းမြင့်ဒေသရှိ သစ်တောများ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်း စသည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ဆောင်ခဲ့သော အဖွဲ့လည်းဖြစ်သည်။

    မူရင်းကိုးကားသတင်း-http://ww2.onislam.net/english/news/asia-pacific/457186-malaysian-book-highlights-green-islam.html

    ဘာသာပြန်-ဝေဇင်

  • အီရန် နူးအစီအစဉ်တွင် မည်သည့် သံသယဖြစ်စရာ အလှည့်အပြောင်းမှ မတွေ့ဟု အိုင်အေအီးအေဆို

    အီရန် နူးအစီအစဉ်တွင် မည်သည့် သံသယဖြစ်စရာ အလှည့်အပြောင်းမှ မတွေ့ဟု အိုင်အေအီးအေဆို

    မေလ-၂၅ရက်။      ။သောကြာနေ့တွင် အိုင်အေအီးအေအကြီးအကဲ အမာနိုက အိုင်အေအီးအေဘုတ်အဖွဲ့သို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ကြောင်း နိုင်ငံတကာ အစ္စလာမ်မစ် သတင်းအေဂျင်စီ (အိုင်အာရ်အင်အေ)က ဖော်ပြသည်။


    အိုင်အေအီးအေ အကြီးအကဲ ယူကီးရ အမာနို

    ထိုအစီရင်ခံစာတွင် စုံစမ်းစစ်ဆေးမှုများအရ အီရန်နူးအစီအစဉ်၌ တစ်စုံတစ်ရာ အလှည့်အပြောင်း မတွေ့ရကြောင်း တင်ပြထားသည်။ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အီရန်၏ အိုင်အေအီးအေ ကိုယ်စားလှယ် အလီအက်ဆ်ဂဲရ် စုလတားနီးယားက “အမာနိုရဲ့အစီရင်ခံစာအရ အီရန်အက်တမ်မစ် နည်းပညာ(နူးကလီးယား) ဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ယူရေနီယံသန့်စင်မှုလုပ်ငန်းတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း အနေအထားမှာ ရှိနေတယ်ဆိုတာ နောက်ထပ် သက်သေတစ်ရပ်ဖြစ်ပါတယ်။ ဒါ့ပြင်အီရန်ကလည်း အိုင်အေအီးအေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သက်သေပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

    ဗီယင်နာတွင် ဇွန်လ၌ကျင်းပမည့် အိုင်အေအီးအေ အုပ်ချုပ်ရေးဘုတ် အဖွဲ့အစည်းအဝေးတွင် အီရန်နူးအရေး နောက်ဆုံးအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။အိုင်အေအီးအေ လက်ထောက်အထွေထွေ ဒါရိုက်တာနှင့် လုံခြုံရေးဌာန အကြီးအကဲ ဟာမန်းနက်ကာယက်စ်၊ ပေါ်လစီပိုင်းဆိုင်ရာ လက်ထောက်အထွေထွေဒါရိုက်တာ ရာဖာရဲလ် မာရီယာနို ဂရော့ဆီတို့နှင့်အတူ ကုလသမ္မဂ၊ နူးကလီးယားအေဂျင်စီ အကြီးအကဲပါဝင်သော အဖွဲ့နှင့် အီရန်၏ စီနီယာ ကိုယ်စားလှယ်များ တီဟီရန်တွင် တွေ့ဆုံခဲ့ကြသည်။ ပီ ၅+၁ အုပ်စုဟုအမည်ရသည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှ၊ အမေရိကန်နှင့် ဂျာမန်တို့ပါဝင်သောအဖွဲ့နှင့် အီရန်ကိုယ်စားလှယ်များ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ဘက်ဂဒက်၌ ကဏ္ဍခွဲ နှစ်ကြိမ်ပါဝင်သော အစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်း PRESS TV သတင်းက ဖော်ပြထားသည်။နှစ်ဘက်စလုံးက လာမည့် ဇွန် ၁၈ နှင့် ၁၉ တို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူထားကြသည်။

    သတင်း – http://www.presstv.ir/detail/2012/05/25/243097/amano-no-diversion-iran-nprogram/

     

  • မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းတွင် ဘတ်စ်ကားတိမ်းမှောက် မြန်မာ ၂ ဦးသေဆုံး

    မလေးရှားနိုင်ငံ ပီနန်းမြို့တွင် မြန်မာအများစု စီးနင်းလာသော ခရီးသည်တင်ယာဉ်ဟာ အမြင့်ပေ ၁၀မီတာ (ပေ၃၀) ခန့်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားမှုကြောင့် မြန်မာလူမျိုး ၂ဦးသေဆုံးပြီး ၄၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကွယ်လွန်သူဟာ  ဦးအောင်ကျော်(ခ) အဗ္ဗဒွလ် ဂျတ်ဗါး (Abdul Jatba)  ၄၇နှစ် ဖြစ်ပြီး ဘတ်စ်ကား ထဲကနေ အပြင်ကို လွင့်စင်ကျသွားခဲ့တာပါလို့ သိရပါတယ်။ တခြား ကွယ်လွန်သူကတော့ မည်သူဖြစ်မှန်းယခုထိ အမည်နှင့်တကွ မသိရသေးပါ၊ ထိုသူဟာ ယာဉ်အပျက်အစီးများ ထဲက ထုတ်ပြီးမှ ဒဏ်ရာများနဲ့ ဆုံးပါးသွားတာလို့သိရပါတယ်။ ဒီဖြစ်ရပ်မှာ ဘတ်စ်ကား ခေါင်းမိုးတစ်ခုလုံး ပြုတ်ထွက်သွားပါတယ်။

    ပီနန်းမှ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ.မှ ချောက်ထဲပြုတ်ကျ ပျက်ဆီးနေတဲ့ ဘတ်စ်ကားအား စစ်ဆေးကြည့်ရှု.နေကြစဉ်။

     ဘာလစ်ပူလော (Balik Pulau) ရဲဌာန မှ အကြီးအကဲ မိုဟမ္မဒ် ဟာတာ မိုဟမ္မဒ် ဇိန် (Mohd Hatta Mohd Zain) က ဘတ်စ်ကားထဲမှာ ကားမောင်းသမား ၂ဦးအပါအဝင် လူစုစုပေါင်း ၄၆ဦး စီးနင်းလိုက်ပါခဲ့ပြီး မြန်မာလူမျိုးများဟာ ဒီမှာ ကျင်းပတဲ့ ဘာသာရေးအစီအစဉ်တစ်ခုကို သွားနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ည ၈ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၃ဦးဟာ အရေးပေါ် အခြေအနေမှာရှိပြီး တခြားသူများက သာမန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

    လေထန်ပြီး ရှုပ်ထွေးနေတဲ့ ထွန်းစာဒွန်းလမ်းမကြီး (Jalan Tun Sardon) မှာ မနေ့ည ၈ နာရီမှာ တောင်စောင်းကနေ ယာဉ်အဆင်းတွင်  ကားမောင်းသမားက အရှိန်မထိန်းနိုင်ခဲ့ပါဘူး။ ရဲများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးသမားများ၊ အရပ်ဘက်ကူညီကယ်ဆယ်ရေးသမားများက ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ အလင်းရောင်နဲပါးမှုကြောင့် နှောင့်နှေးခဲ့ကြပါတယ်။

    မီးသတ်သမားများဟာ ကျဉ်းမြောင်းလွန်းတဲ့ တောင်စောင်းမှာ ကြိုးတွေချပြီး ကယ်တင်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဘာလစ်ပူလော ဆေးရုံကို ပို့ပေးကြပါတယ်။ အချို.ကို ပီနန်း ဆေးရုံကြီးကို လွဲပြောင်းပို့ပေးခဲ့ကြပါတယ်။

    ဘတ်စ်ကားအနောက်ဘက်မှာ ထိုင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ထိန်ဝင်း (၃၀နှစ်)က ဘတ်စ်ကားဟာ တိမ်းစောင်းသွားတာကို သိလိုက်ရပြီးတော့ အော်ကြ၊ ညည်းတွားကြတဲ့ အသံတွေပါ တဆက်ထဲ ကြားလိုက်ရတယ်

    “နောက်သိလိုက်ရတာက ဘတ်စ်ကားက တိမ်းမှောက်သွားပြီး လူတိုင်းက ထွက်ပေါက်ကို ကြောက်လန့်တကြား ရှာနေကြတယ်”  လို့ ဆိုပါတယ်။ သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး အရေပြားမှာ အညိုအမည်းတွေစွဲသွားခဲ့ပါတယ်။

    တခြားခရီးသည်တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ် ရှုအိုက်ဘ် (Mohd Shuib) ကတော့ တစ်ခုခု မီးလောင်သလို အနံမျိုးကို အရင်ရလိုက်တယ်။ ”သိပ်မကြာခင်ပဲ ဘတ်စ်ကား ဓါတ်မီးတိုင်နဲ့ တိုက်ပြီး တိမ်းမှောက်သွားတော့တာပဲ” လို့ဆိုပါတယ်။

    ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ညွှန်မှူး အတ်ဇမီ တာနတ် (Azmi Tanat) က မနေ့က ည ဂ နာရီ ၅ မိနစ်လောက်မှာ သူတို့ အကူအညီတောင်းတဲ့ ဖုန်းဆက်သတင်း ရရှိခဲ့ပြီး ၁၀ မိနစ်အကြာမှာ ဖြစ်ပွားရာနေရာကို ပထမ မီးသတ်ကား ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    source: http://thestar.com.my/news

    ကွာလာလမ်ပူမှ အကူညီပေးမည့် သူများမှာ ညတွင်းချင်း ပီနန်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါတယ်။