News @ M-Media

Blog

  • အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၏ ဇစ်မြစ်ဖြစ်

    အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၏ ဇစ်မြစ်ဖြစ်

    ထူးဒီဇင်ဘာ

    “ခု ဖေ့စ်ဘွတ်မှာ ရေးနေကြတဲ့ ကော်မန့် တွေကို သေချာ သတိထားဖတ်ကြည့်ပါ။ ယောင်္ကျားတွေက လိင်စကားလုံး ရင့်ရင့်သီးသီး တွေ သုံးပြီး အကြမ်းဖက်စကားလုံးတွေပြောနေကြတာ။ … အဲ့ဒီစိတ်ဓာတ် အဲ့ဒီအပြောအဆို အဲ့ဒီအမူအကျင့်တွေဟာ ယောင်္ကျားတွေက အ မျိုးသမီးတွေအပေါ် ထစ်ခနဲဆို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်၊ ငါတို့ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်ဓာတ်၊ အမျိုးသမီးတွေကို သူတို့ အတွက် လိင်ပစ္စည်း (Sexual Object) အနေနဲ့ သာသဘောထားတဲ့စိတ်ဓာတ်တွေဟာ Gender-based violence ရဲ့  လက္ခဏာတွေပါပဲ။ ခုဖေ့စ်ဘွတ်မှာ အဲ့ဒီလို ဆဲဆိုကြိမ်းမောင်းနေတဲ့ မြန်မာယောင်္ကျားတွေရာပေါင်းများစွာတွေ့ ရတော့ ကျမတို့  မြန်မာပြည်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုနှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့ ဖြစ်စေ လူသိရှင်ကြား မရှက်မကြောက် ကျူးလွန်ဖို့  ၀န်မလေးတဲ့ ယောင်္ကျားသားတွေအရမ်းကာရော များနေပါလားဆိုပြီး ရှက်ရမှာလား စိုးရိမ်ရမှာလားတောင် မသိတော့သလိုခံစားရတယ်။”

    ဓာတ်ပုံ – UN

    ရမ်းဗြဲမှာ မတရားပြုကျင့်ခံရပြီး အသက်ဆုံးရှုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအကြောင်း ကြားရတာ အတော့်ကို စိတ်မကောင်းဖြစ်မိပါ တယ်။ ဒါဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေ လုံ ခြုံမှုမရှိဘူးဆိုတာ နောက်ထပ်သက်သေတခုပါပဲ။

    ကျမအနေနဲ့  မသီတာထွေးအပေါ် မိန်းကလေးချင်း ကိုယ်ချင်းစာမိတယ်။ တော်တော်လည်း ၀မ်းနည်းသ လို မတရားပြုကျင့်တဲ့လူတွေကိုလည်း ဒေါသ ဖြစ်မိတယ်။ သတင်းတွေဖတ်ရတာ စိတ်ထဲ အသက်ရှု ကြပ် လှတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယောင်္ကျားတချို့ တုန့်ပြန်ပြောဆိုနေတဲ့ မတော်တရော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စကားလုံးတွေကို တွေ့ ရပြန်တော့ စိတ်မချမ်းသာလှဘူး။ မဆိုင်တဲ့ လူ ၃ ယောက် ဓာတ်ပုံ တင်ပြီး ၀ါဒဖြန့် တဲ့  ပိုစ့်တွေ အပေါ် မြန်မာပြည်သူတွေ သေချာမစဉ်းစားပဲ ၀ိုင်းဆဲကြတာတွေ့ တော့ သူများ မြောက်ပေးတိုင်း မလုပ်သင့်တာ လုပ်မိကြမှာလည်း စိုးတယ်။ ဒါကြောင့် အမျိုးသမီး တယောက်အ နေနဲ့ အမျိုးသမီးအခွင့်အရေးရှုထောင့်ကနေ ဆွေးနွေးလိုတယ်။ ကျမကို မုန်းချင်တယ်ဆိုရင်မုန်းနိုင်တယ်။ ဒါပေမဲ့ ကျမ ပြောမဲ့ အမြင်ဟာ အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေရဲ့ အမှန်တရားပါပဲ။

    ဖေ့စ်ဘွတ်ကော်မန့် တွေမှာ မပြစ်မရှိတဲ့လူတွေကို အထင်မမြင်မလွဲမှားအောင် ၀င်ပြောပေးတဲ့လူတွေကို ဘင်္ဂလီတွေထိလို့  နာတာလားဆိုပြီးပြောတာတွေ့ တော့ အနာတခြား ဆေးတခြားဖြစ်မှာစိုးတဲ့အတွက် ဒီ ဆောင်းပါး ရေးရခြင်းပါ။ ကျမကိုယ်တိုင်လည်း ဗမာနဲ့ တိုင်းရင်းသားစပ်တဲ့အတွက် တရားမ၀င် ဘင်္ဂလီ တွေ မြန်မာပြည်ထဲခိုးဝင်တာကို ဆန့် ကျင်ပါတယ်။ ဒါပေမဲ့ စွပ်စွဲခံရတဲ့ လူ ၃ ယောက်ကြောင့် မပြစ်မရှိတဲ့ လူတွေနဲ့ သူတို့ ဘာသာကိုပါ ခါးသီးစွာ ဆဲဆိုတာတွေအတွက် ရင်လေးလှပါတယ်။

    အမျိုးသမီးအခွင့်အရေးရှုထောင့်က ကြည့်တော့ အခုဖြစ်တဲ့ကိစ္စတွေမှာ ပြောနေကြတာဟာ အခြေခံပြဿ နာဖြစ်တဲ့ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးတွေကို အမျိုးသားတွေက အနှိမ်ကျင့်ချင်တိုင်း ကျင့်နေတဲ့အကြမ်းဖက်မှုဆိုတာ လုံးဝပျောက် သွားပြီး နိုင်ငံရေးတို့ ၊ စစ်ရေးတို့ ၊ ခုမသီတာထွေးအမှုမှာဆိုရင် လူမျိုးရေး ဘာသာရေးပြသနာလိုဖြစ်သွားတယ်။ အမှန်က အမျိုးသမီးတွေကို အမျိုး သားတွက အနိုင်ကျင့်တဲ့ ပြဿနာပါ။ ပြဿနာ အရင်းအမြစ်က Gender problem  ဖြစ်တယ်။

    ဘာကြောင့် ဒီလိုပြောတာလဲမေးရင် နစ်နာတဲ့လူတွေကိုကြည့်ပါ။ အမျိုးသား ယောင်္ကျားတွေ ကျူးလွန်တာခံရတဲ့ အမျိုးသမီးချည်းရယ်။ ဥပမာ

    – အခုနောက်ဆုံး ကချင်ပြည်မှာဖြစ်သွားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကချင်အမျိုးသမီးတွေကို ဗမာစစ်သားတွေက အုပ်စုလိုက် မုဒိန်းကျင့်တဲ့ ကိစ္စ (ရည်ညွန်းမှာကြည့်ပါ) ။

    – မတရားပြုကျင့်ခံရတဲ့ ရှမ်းအမျိုးအမီး ၁၇၃ ယောက်အကြောင်း License to Rape အစီရင်ခံစာ (ရည်ညွန်း)

    – ကရင်အမျိုးသမီးတွေ မတရားပြုကျင့်ခံရတဲ့အကြောင်း Shattering the Silence အစီရင်ခံစာ (ရည်ညွန်း)

    – ၂၀၁၀ တုန်းက မတရားကျင့်ခံရတဲ့ ၁၈ နှစ်အရွယ် ရိုဟင်ဂျာ ကောင်မလေး အမှု (ရည်ညွန်း)

    – မွန်ပြည်နယ်မှ ၈ တန်းကျောင်းသူအမှု (ရည်ညွန်း)

    – ဗမာအမျိုးသမီးတွေလည်း အန္ထရယ်မကင်းပါဘူး (ရည်ညွန်း၊ ချောက်သတင်း)

    ဒီအမှုတွေသာ Gender အမှုမဟုတ်ဘဲ နိုင်ငံရေး စစ်ရေး လူမျိုးရေးချည်းဆို ဘာဖြစ်လို့  ဗမာအမျိုးသမီးတွေက တိုင်းရင်းသားအမျိုးသမီးတွေကို နှိပ်စက်တာမဟုတ်လဲ။ အဲ့ဒီလိုပဲ ယောင်္ကျားအချင်းချင်း လိင်ပိုင်းဆိုင်ရာ စော်ကားတာမဟုတ်ဘဲ တဖက်ကယောင်္ကျားတွေက တခြားဖက်က အမျိုး သမီးတွေကို ဘာကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရတာလဲ။ နိုင်ငံရေး လူမျိုးရေးပါတယ်ဆိုပေမဲ့ အဓိကက ယောင်္ကျားတွေက အားသာတိုင်း အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ပြဿနာပါ။

    တိုတိုတုတ်တုတ်ပြောရရင် ယောင်္ကျားတွေက အမျိုးသမီးတွေကို နှိမ်ထက်စီးနှင်းလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါပဲ။ Gender-based Violence သို့ မဟုတ် Sexual Violence  ဖြစ်တယ်။

    ဒါပေမဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး လူမျိုးရေး အကြောင်းပြချက်တွေဆွဲထည့်လိုက်တော့ ပြဿနာရဲ့  အမှန်တကယ်အရင်းအမြစ်ဖြစ်တဲ့ Gender-based violence ဆိုတာ မှေးမှိန် ပျောက်သွားရော။ ယောင်္ကျားတွေရဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ညင်ဆိုးကိုလည်း သတိပြုဖြေရှင်းရကောင်းမှန်း အလေးမထားမိတော့ဘူး။ ဒါအရေးကြီးတဲ့ အချက်ပါ။

    ခု ဖေ့စ်ဘွတ်မှာရေးနေကြတဲ့ ကော်မန့် တွေကို သေချာသတိထားဖတ်ကြည့်ပါ။ ယောင်္ကျားတွေက လိင်စကားလုံးရင့်ရင့်သီးသီးတွေသုံးပြီး အကြမ်း ဖက် စကားလုံးတွေပြောနေလိုက်ကြတာ။ စကားလုံးကို သည်းခံပါ၊ မပြောမပြီး မတီးမမြည်မလို့ ပြောရမှာပါ။ ဟိုဟာလုပ်သတ်မယ်ဆိုပြီးတနည်း၊ တ  -ီး  -ီး  တ  -ိုး  -ိုး တသွင် တွင်တွင်ကြီးဆဲ နေလိုက်ကြတာ။ အဲ့ဒီအပြင် မြန်မာအသံလွင့်ဌာနတစ်ခုက အမျိုးသမီးငယ်တယောက်ကိုလည်း တလောတုန်းက မ ဟုတ်ကဟုတ်ကပုံဆွဲလိုဆွဲ၊ သားမယားစကားလုံးတွေနဲ့ တဖုန်ဆဲဆိုကြတာ မဖတ်ရဲ မကြည့်ရဲလောက်အောင်ပါပဲ။ ကျမရိုဟင်ဂျာကိုဆန့် ကျင်ပေမဲ့ သ တင်းထာက်အမျိုးသမီးကို နှမချင်းမစာ သားမယားစကားလုံးတွေနဲ့ ဆဲဆိုတာကိုတော့ အမျိုးသမီးချင်း စာနာမိတယ်။ ရှိပါသေးတယ် မြန်မာသတင်းဌာ နတွေကို မိန်းကလေးလိုကာတွန်းဆွဲထားပြီး ရိုဟင်ဂျာကုလားတယောက်က သားမယားပြုကျင့်နေတဲ့ပုံတွေကြောင့် ဖေ့စ်ဘွတ်မတက်ရဲလောက်အောင် ဖြစ်မိပါတယ်။ အဲ့ဒီစိတ်ဓာတ် အဲ့ဒီအပြောအဆို အဲ့ဒီအမူအကျင့်တွေဟာ ယောင်္ကျားတွေက အမျိုးသမီးတွေအပေါ် ထစ်ခနဲဆို လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်လိုက်မယ်ဆိုတဲ့ စိတ်ဓာတ်၊ ငါတို့ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်ဓာတ်၊ အမျိုးသမီးတွေကို သူတို့ အတွက် လိင်ပစ္စည်း (Sexual Object) အနေနဲ့  သာ သဘောထားတဲ့စိတ်ဓာတ်တွေဟာ Gender-based violence ရဲ့  လက္ခဏာတွေပါပဲ။ ခုဖေ့စ်ဘွတ်မှာ အဲ့ဒီလို ဆဲဆိုကြိမ်းမောင်းနေတဲ့ မြန်မာယောင်္ကျားတွေရာပေါင်းများစွာတွေ့ ရတော့ ကျမတို့ မြန်မာပြည် မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုနှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့ ဖြစ်စေ လူသိရှင်ကြား မရှက်မကြောက် ကျူးလွန်ဖို့  ၀န်မလေးတဲ့ ယော င်္ကျားသားတွေအရမ်းကာရော များနေပါလားဆိုပြီး ရှက်ရမှာလား စိုးရိမ်ရမှာလားတောင် မသိတော့သလိုခံစားရတယ်။

    ဖေ့ဘွတ်မှာပြောနေတဲ့ ဘင်္ဂလီကုလားတွေက မြန်မာအမျိုးသမီးတွေကို စော်ကားတယ်ဆိုတဲ့ ဖီလင်ကို  ဗမာနဲ့ တိုင်းရင်းသားစပ်တဲ့ ကျမ ကောင်း ကောင်းနားလည် ခံစား သဘောပေါက်ပါတယ်။ ဒါပေမဲ့ လူမဆန်တဲ့ ဒုစရိုက်မှုကျူးလွန်တဲ့ လူ ၃ ယောက်ကြောင့်ဆိုပြီး ကျန်တဲ့ ယောင်္ကျားတွေ Gender-based violence စကားပြောတာ၊ တခြား ကိုယ်ထိလက်ရောက်ဖြစ်မဲ့ကိစ္စတွေကို ကျမအပါအ၀င် ဘယ်အမျိုးသမီးကမှ မလိုလားပါဘူး။ မယုံ ရင် မိခင်တွေကိုမေးကြည့်ပါ။ အများစုက စိတ်အေးအေးထားပြီးဖြေရှင်းဖို့ ၊ ခိုက်ရန်ဖြစ်ပွားတာမလုပ်ဖို့ ပဲ ပြောပါလိမ့်မယ်။ ဒါ အမျိုးသမီးအများစု၊ မိခင် အများစုရဲ့  ငြိမ်းချမ်းရေး စိတ်ဓာတ်ပါ။

    ဒါကြောင့် ဒီ ယောင်္ကျားတွေကျူးလွန်တဲ့  Gender-based violence ကို တခြား ဘာအကြောင်းပြချက်တွေမှ မလွှမ်းမိုးဘဲ ပြသနာအရင်းကို ဖြေရှင်းချင် တယ်ဆိုရင် အဲ့ဒီလို စကားလုံး အသုံးအနှုန်းတွေနဲ့  ယောင်္ကျားတွေရဲ့ ရန်က အစ၊ အပြင်မှာ ဇနီးသားသမီးတွေနဲ့ မိသားစုကို ဆဲဆိုနေတဲ့ ယောင်္ကျားတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ယောင်္ကျားတွေကိုလည်း သတိထားရင်ဆိုင်ရမယ်။  အမျိုးသမီးတွေကို သူတို့ ရဲ့  လိင်ပစ္စည်း (sexual object) သဖွယ် သဘောထားပြုမူဆက်ဆံတာကို အမျိုးသမီးအားလုံး စုပေါင်းဆန့် ကျင်တိုက်ဖျက်ရမယ်။

    အဲ့ဒီလိုမဟုတ်ဘဲ Gender-based violence ကို တွင်တွင်ပြောနေတဲ့ ယောင်္ကျားတွေနဲ့ သူတို့  လိင်အကြမ်းဖက်လိုမှု ဥာဉ်ဆိုးကို ပစားပေးထားပြီး အဓိ က အရင်းခံမဟုတ်တဲ့ ကိစ္စတွေနဲ့  ဖုံးလွမ်းခွင့်ပေးရမယ်ဆိုရင် အနာတခြား ဆေးတခြားဖြစ်နေမှာပါပဲ။ ကျမတို့  အမျိုးသမီးများအားလုံး သေချာစဉ်းစား သင့်ပါတယ်။ ငါတို့ ရဲ့ မိန်းကလေးတွေကာကွယ်တယ်ဆိုပြီး ကျမတို့  နာမည်သုံးပြီးတော့ Gender-Based Violence နဲ့  Sexual Violence ကို အတွန့်  ရှည်စေမဲ့ ယောင်္ကျားတွေရဲ့  စိတ်ဓာတ်၊ အပြောအဆိုနဲ့  အပြုအမူကို ဂရုပြုတိုက်ဖျက်ရပါမယ်။

    ဒေသပေါင်းစုံ တိုင်းရင်းသားပေါင်းစုံမှ အမျိုးသမီးများအားလုံး ယောင်္ကျားများ၏ ဖိနှိပ်ညှင်းဆဲမှုရန်မှ ကင်းဝေးနိုင်ပါစေ။

    ရည်ညွန်း

    ကချင်ပြည်တွင် အုပ်စုဖြင့် မုဒိန်းကျင့်မှု

    – (၁)http://kachinlandnews.com/?p=21797

    – (၂) http://kachin-news.blogspot.be/2012/05/burma-soldiers-gang-rape-women-in.html

    – (3) http://www.chiangraitimes.com/news/7222.html

    Kachin Raped, Killed by Burmese Troops

    – http://www.dvb.no/news/kachin-raped-killed-by-burmese-troops/16214

    – Karen Women’s Organization, Report “Shattering Silences”, 2004 [PDF, 2MB]

    ရှမ်း

    -LICENCE TO RAPE€ The Burmese military regime

    ကရင်

    http://www2.irrawaddy.org/article.php?art_id=15799

    ချောက်

    http://www.thettantvillage.org/talks/5565658

    မွန်ပြည်နယ်

    http://www.demowaiyan.org/2012/05/blog-post_06.html

  • ခိုလှုံခွင့် တောင်းခံနေရသည့် ဒုက္ခသည်များ အရေးတွင် အစ္စလာမ့်ဥပဒေနှင့် နိုင်ငံတကာ ဥပဒေတို့ ထပ်တူညီမျှနေ

    ခိုလှုံခွင့် တောင်းခံနေရသည့် ဒုက္ခသည်များ အရေးတွင် အစ္စလာမ့်ဥပဒေနှင့် နိုင်ငံတကာ ဥပဒေတို့ ထပ်တူညီမျှနေ

    မေလ ၁၆ ရက် ၂၀၁၂
    မူရင်းရေးသားသူ – ရိုက်တာသတင်းထောက် မုဟမ္မဒ်အစ္စမေးလ်
    ကုလသမဂ္ဂ ရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ အင်ဒိုနီးရှားနိုင်ငံတာဝန်ခံ မယ်နြူ ရယ် ဂျော်ဒေါင်းက ရီဖျူဂျီခေါ် ခိုလှုံခွင့်တောင်းခံနေကြရသော ဒုက္ခသည်များအပေါ်မှာ ဆုံးဖြတ်တဲ့ နိုင်ငံတကာဥပဒေနဲ့ အစ္စလာမ်မစ်ဥပဒေတို့အကြား တူညီမှုများရှိနေတယ်လို့ ယုံကြည်ကြောင်း အင်ဒိုအခြေစိုက် ရီပတ်ဘလီကာ အွန်လိုင်းက ဖော်ပြပါတယ်။
    မယ်နြူရယ် ဂျော်ဒေါင်းက ပရောဖက်ဆာ အဟ်မဒ်အဘူအလ်ဝဖာရေးသားတဲ့ “The Right to Asylum between Islamic Shari’ah and International law” ဆိုတဲ့ စာအုပ်အပေါ်မှာ ဗုဒ္ဓဟူးနေ့ က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
    ဂျော်ဒေါင်းက ထိုစာအုပ်ရှိ အခန်းနံပါတ် ၆ တွင်ဖော်ပြထားသော နိုင်ငံတကာဥပဒေနှင့် အစ္စလာမ်မစ် ဥပဒေတို့၏ တူညီချက်များကို ကရုဓမ္မပြုပြီး “ဒီဟာက ကျွန်တော်တို့အားလုံး ဘယ်နည်းဘယ်ပုံ အလုပ်အတူတူလက်တွဲလုပ်နိုင်ကြမလဲဆိုတာကို ပြသနေတာပါ။” ဟု ပြောကြားခဲ့သည်။ တူညီချက် တစ်ခုမှာ non-refoulement ခေါ် အခြားနိုင်ငံများတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား သူတို့ဘ၀ အသက်ရှင်ရေးအတွက် အန္တရာယ်ရှိသည့် မိမိတို့ကိုယ်ပိုင်နိုင်ငံများထံ ပြန်လွှတ်ခံနေရခြင်း အား အကာအကွယ်ပေးသည့် ဥပဒေဖြစ်သည်။ ဤသဘောထား ဥပဒေကို အစ္စလာမ်က ပထမဦးစွာ ပြဌာန်းခြင်းလည်းဖြစ်သည်။
    ထို့ပြင် ဂျော်ဒေါင်းက ဤသို့နေရာရွှေ့ပြောင်းခိုင်းခြင်း၏ ရလဒ်မှာ ဆူပူသောင်းကျန်းမှု၊ ဆင်းရဲမွဲ တေမှု၊ လူ့အခွင့်အရေးအပြန်အလှန်ချိုးဖောက်မှု၊ ညှဉ်းပမ်းမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ဖြစ် ကြောင်း၊ UNHCR အနေဖြင့် ခိုလှုံ ခွင့်တောင်းခံနေရသည့် ဒုက္ခသည်များကိုသာ ကူညီနေသည် မဟုတ်ပဲ နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ) ကိုပါ ကူညီထောက်ပံ့နေကြောင်း ရှင်းပြ သည်။
    ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များနှင့် နိုင်ငံအတွင်း အပြောင်းရွှေ့ခံ ဒုက္ခသည် (အိုင်ဒီပီ)တို့ မတူသည့်အချက်မှာ အိုင်ဒီပီများသည် နိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်သူများ မဟုတ်ဘဲ နိုင်ငံအတွင်း မှာတင် ရွှေ့ပြောင်းခံနေရသည့် သူများကိုဆိုလိုသည်။ ဂျော်ဒေါင်းက နေ့စဉ် ၂၀၀ မီလီယံပမာဏ ရှိသော လူများမှာ နေရာရွှေ့ပြောင်းခြင်းခံနေရပြီး (၂၆ သန်း ) မှာမူ မိမိတို့ကိုယ်ပိုင် နိုင်ငံတွင်းမှာတင် နေရာရွှေ့ပြောင်းခံနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။
    အစ္စလာမ်မစ်ဥပဒေသည် ပြဿနာအများအပြားကို ဖြေရှင်းပေးထားသည်။
    ခိုလှုံခွင့်တောင်းခံနေရသည့် ဒုက္ခသည်များဆိုင်ရာ ကုလသမ္မဂ မဟာမင်းကြီးရုံး၏ ပံပိုးမှုဖြင့်ရေးသား ထုတ်ဝေခဲ့သော “The Right to Asylum between Islamic Shari’ah and International law” ဆိုသည့်စာအုပ်တွင် အစ္စလာမ်မစ်ဥပဒေက ပြဿနာအများအပြားအတွက် အဖြေထုတ်ပေးထား ကြောင်း သက်သေပြထားသည်။ ထို့ပြင် ယင်းစာအုပ်က ခိုလှုံခွင့်တောင်းခံနေရ သည့် ဒုက္ခသည်များ ကို အကာအကွယ်ပေးရေး၌ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံတကာဥပဒေတို့ကို နှိုင်းယှဉ်ပြထားသည်။

    State Islamic University of Syarif Hidayatullah ၏ ဥပဒေနှင့် ရှရီယာဌာန၊ ပါမောက္ခချုပ် ဖြစ်သူ၊ မုဟမ္မဒ် အမင် ဆူမာက “ဒီစာအုပ်က တကယ့်ကို လက်တွေ့ဆန်ပါတယ်။ ခိုလှုံခွင့်တောင်းခံ နေရတဲ့ ဒုက္ခသည်တွေရဲ့ အခွင့်အရေးကို မီးမောင်းထိုးပြထားပါတယ်။” ဟု ပြောကြားခဲ့သည်။

    Inline images 1

    အာဖဂန်နစ္စတန်၊ ကာဘူးလ်မြို့က အပြောင်းရွှေ့ခံ ဒုက္ခသည်မိသားစုများ နေထိုင်ရာနေရာတစ်နေရာ

    ဤသို့သော နှိုင်းယှဉ်ချက်များရေးသားထားသည့် ဖော်ပြပါစာအုပ်မှာ အစ္စလာမ်မစ်ဥပဒေနှင့် နိုင်ငံ တကာဥပဒေတို့၏  ခိုလှုံခွင့်တောင်းခံ နေရသည့် ဒုက္ခသည်များအတွက် အချိုးညီမျှတနေသည့် သတင်းအချက်အလက်များကို ထုတ်နုတ်ပေးထားသည်။ ထိုဥပဒေနှစ်ခု၏ ခြားနားချက်တစ်စုံတစ်ရာ ကိုမျှ ဖော်ပြထားခြင်းမရှိပေ။
    ယင်းစာအုပ်ကို မူရင်းအာရဗစ်နှင့် ရေးသားထားခြင်းဖြစ်ပြီး အင်္ဂလိပ်နှင့် ဘဟာဆာ ဘာသာစကား များဖြင့် ဘာသာပြန်ထားပြီးဖြစ်သည်။ ထိုစာအုပ်သည် အစ္စလာမ်ဥပဒေအနေဖြင့် နိုင်ငံတကာဥပဒေ အတွက် ကြီးမားသောတန်ဖိုးတစ်ခုအနေဖြင့် ရှိနေကြောင်းကိုလည်း ဖော်ပြသည်။  မုဟမ္မဒ် အမင် ဆူမာက “ရှရီယာဥပဒေရဲ့ အသိပညာကြွယ်ဝပုံကို နိုင်ငံတကာက ဒီစာအုပ်အားဖြင့် မြင်တွေ့နိုင် ပါတယ်။” ဟု ဖြည့်စွက်ပြောကြားသည်။
    ထိုစာအုပ်ကို www.unhcr.org/4a9645646.pdf တွင် ဖတ်ရှုနိုင်ပါသည်။
    Source :http://en.republika.co.id/berita/en/islam-in-archipelago/12/05/21/m442x6-unhcr-islam-and-international-law-share-common-ground-on-refugee-rights
  • ကိုမြအေးပြောတဲ့ လယ်သမားအရေး

    ကိုမြအေးပြောတဲ့ လယ်သမားအရေး

    ရွှေနံ့သာ လယ်သမားများနဲ့ ကိုမြအေး ( ဓာတ်ပုံ- Mya Aye's facebook)

     “လယ်သမားဆိုတာ တိုင်းပြည်ရဲ့ကျေးဇူးရှင်တွေဖြစ်တယ် တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ ထမင်းရှင်တွေလည်းဖြစ်တယ်..လယ်သမားတွေရဲ့ အရေးဟာ ကျွန်တော်တို့တွေရဲ့ အရေးဖြစ်တယ်..” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြောဆိုတာပါ။

    မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ရွှေနံ့သာရွာက လယ်ယာမြေ လက်လွတ်ဖြစ်ခဲ့ရတဲ့ လယ်သမားများ အရေးနဲ့ ကိုမြအေးဆက်ပြောထားတာ ကတော့—-


    “ဘယ်တုန်းကမှ လယ်မစိုက်ဘူးတဲ့ ကုဋေကြွယ်သူဌေးကြီး တစ်ယောက်ကို သီးစားချပြီး လယ်မြေတွေကို လုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ အမြီးမောက်မတည့်တဲ့ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်။

    လယ်မြေတွေ အပေါ်မှာ ဓါးမ ဦးချလုပ်ကိုင်လာတဲ့ မွန်လူမျိုးတွေအများစုဖြစ်တဲ့ လယ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ သောကတွေ ပူဆွေးမှုတွေ မျက်ရည်တွေကို အရောင်းအဝယ်လုပ်ဖို့ အဲ့ဒီ ကုဋေကြွယ် သူဌေးကြီးကို ခွင့်ပြုလိုက်တာဘဲဖြစ်တယ်။

    လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့်ရှိရမယ်။ ကိုယ်မြေပေါ်ကို ကိုယ်ဖာသာကို စိုက်ပျိုးပြီး ရုန်းကန် ရှာဖွေ စားသောက်နေရတဲ့ အဲဒီ ရွှေနံ့သာစံပြကျေးရွာက လယ်သမားတွေရဲ့ လယ်လုပ်ပိုင်ခွင့်ကို ပြန်ပေး ပါ။

    အေးချမ်းစွာရှာဖွေ နေထိုင်စားသောက်ခွင့်ဟာ လယ်သမားတွေလဲ ရသင့်ပါတယ်။ ဆန်တစ်စေ့ ဘယ်လိုဖြစ် လာတယ်ဆိုတာကို ဘာမှမသိတဲ့ လူတစ်ယောက်က လယ်မြေတွေကို မတရားသိမ်းပိုက်ပြီး လယ်လုပ်ခွင့် ရတယ်ဆိုတာဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ လယ်သမားတွေ ရဲ့အနာဂတ် အတွက် ဘယ်လိုမှ ကောင်းနိုင်မှာမဟုတ်ဘူး။

    ပြီးတော့ အဲဒီသူဌေးကြီးဟာ မွန်လူမျိုးဖြစ်တယ်လို့ကြားဖူးပါရဲ့ … ဒါဆိုရင် မွန်လူမျိုးအချင်းချင်း ဘာဖြစ်လို့ မငဲ့ညာ မထောက်ထားနိုင်တာလဲ။ အဲ့ဒီလိုအဖြစ်တွေဟာ အစိုးရနဲ့ လယ်သမားတွေအကြား တိုင်းရင်းသားနဲ့ အစိုးရအကြား အထင်အမြင်လွဲမှားမူတွေ သံသယပွားမူတွေသာလျှင် ဖြစ်ပေါ်စေမှာဖြစ်တယ်။

    တိုင်းပြည်ငြိမ်းချမ်းရေး ရဖို့ဆိုရင် အစိုးရအနေနဲ့ နေရာတိုင်းမှာ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမူကို ဖော်ဆောင်ပေး နိုင်ဖို့ လိုလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ၇၀% ဖြစ်တဲ့ လယ်သမားတွေရဲ့ဘဝ လယ်သမားသားသမီးတွေ ရဲ့ ဘဝ မြင့်တက်လာဖို့ တရားမျှတမူတွေရရှိဖို့ ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားများကတော့ လယ်သမားတွေ ရှေ့က ရပ်တည်နေမှာဘဲ။ ပြီးတော့ ကြိုးစားနေဦးမှာပါဘဲ။

    Credit- http://blog.irrawaddy.org/2012/06/blog-post_1679.html

  • နိရဉ္စရာ သတင်းဌာန၏ လူမျိုးဘာသာပုံသွင်း လှုံ့ဆော်မှု (Racial Profiling) အား ကန့် ကွက်အကြောင်းကြားစာ

    ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂

     

    သို့ 

    အယ်ဒီတာ၊

    နိရဉ္စရာ သတင်းဌာန

     

    နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉  ရက်နေ့  ထုတ်ပြန်သည့်

    1. ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
    2. ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုညတွင်းချင်း ဖမ်းမိ

    ခေါင်းစဉ်ပါ သတင်း နှစ်ပုဒ်သည် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ သည့်အတွက် Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ဖြစ်၍ မိမိတို့  အထူးကန့် ကွက်သည်။

    ရာဇ၀တ်မှုသတင်းအား လူမျိုးရေးဘာသာရေးကိစ္စအသွင်ဖြင့် ရေးသားဖော်ပြထားသည့်အတွက်  မီဒီယာကျင့်ဝတ် ချိုးဖောက်ခြင်းဖြစ်သည်။

    ရာဇ၀တ်မှုကျူးလွန်သူများသည် လူမျိုးတိုင်းဘာသာတိုင်းတွင်ရှိသည်။ နစ်နာသူများသည်လည်း လူမျိုးတိုင်း ဘာသာတိုင်းတွင်ရှိသည်။ လူမျိုးဘာ သာခြားကို ကျူးလွန်သကဲ့သို့  လူမျိုးတူဘာသာတူချင်း ကျူးလွန်ခြင်းလည်းရှိသည်။

    ဗမာစစ်တပ်က တိုင်းရင်းသား အမျိုးသမီးများအား မတရားပြုကျင့်သောအခါ ဗမာဗုဒ္ဓဘာသာက ကျူးလွန်သည်ဟု ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ကြပါ။ ထိုနည်းတူ ၂၀၁၀ ဇန်န၀ါရီလတွင် မုဒိန်းပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးအမှုကို သတင်းပို့ ရာတွင် ကျူးလွန်သူ၏ လူမျိုးနှင့် ဘာသာကို မဖော်ပြခဲ့ဘဲ နစက ၀န်ထမ်းဟုသာ ဖော်ပြကြသည်။

    ရာဇ၀တ်မှုသည် ကျူးလွန်သူများနှင့်သာဆိုင်ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူရမည် ဖြစ်သည်။ သို့ ရှိရာ လူမျိုး၊ ဘာသာနှင့် ပူးတွဲဖော်ပြခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြသနာများပေါ်ပေါက်စေရန် တွန်းအားပေးရာရောက်သည်။

    ရာဇ၀တ်မှုသတင်းအား လူမျိုးရေး ဘာသာရေး သတင်း အသွင်ရောက်စေသည့် အထက်ပါ သတင်းနှစ် ပုဒ်အား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့်၊ နောက် နောင်တွင်လည်း ရာဇ၀တ်မှု ကျူးလွန်သူများအား လူမျိုးရေး၊ ဘာသာရေးတို့ ဖြင့် ယှဉ်တွဲခြင်းမပြုရန် လေးစားစွာ တိုက်တွန်းအကြောင်း ကြားအပ်သည်။

     

    M- Media (http://www.m-mediagroup.com)

    မြန်မာမွတ်စလင်မ်သတင်း (myanmarmuslim.net)

    ဆက်သွယ်ရန် – [email protected]

     

    မိတ္တူ


    အယ်ဒီတာနှင့် တာဝန်ရှိသူများ

    –       ဘီဘီစီ (မြန်မာပိုင်း)                                  – မဇ္ဈိမ

    –       ဘီအိုအေ (မြန်မာပိုင်း)                               – မြန်မာတိုင်မ်း

    –       အာအက်အေ (မြန်မာပိုင်း)                         – Eleven Media

    –       ဒီဗွီဘီ                                                          – The Voice

    –       ဧရာဝတီ                                                     – 7 Days News

  • အမျိုးသမီးများကို စော်ကားမှုအား လူမျိုးဘာသာ အခြေခံဖြင့် လှုံ့ဆော်တင်ပြခြင်း (Racial Profiling)

    အမျိုးသမီးများကို စော်ကားမှုအား လူမျိုးဘာသာ အခြေခံဖြင့် လှုံ့ဆော်တင်ပြခြင်း (Racial Profiling)

    မြတ်ဦး

    အမျိုးသမီးများကိုစော်ကားမှုအား လူမျိုးဘာသာအခြေခံဖြင့်လုံ့ ဆော်တင်ပြခြင်းသည်  တရားဥပဒေစိုးမိုးရေးလား၊ စနစ်ဆိုးသက်ဆိုးရှည်ရေးလား။

    မြန်မာအစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း ဘာသာရေး ပြသနာများဖန်တီးကာ နိုင်ငံရေး အာရုဏ်လွဲပေးလျက်ရှိ သည်။  ပြည်သူများက အစိုးရကို ဆန့် ကျင်လာပြီဆိုလျှင် မငြိမ်မသက်ဖြစ်လာပြီဆိုလျှင် ဘာသာရေးပြသနာ မီးထွန်းရှာကာ အာရုဏ်လွဲပေးလျက်ရှိ ရာ ယခုအချိန်တွင် မြန်မာအစိုးရသည် ပြည်သူများ လျှပ်စစ်မီးရရှိရေးဆန္̕ဓပြမှုများ အပြင် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နေမှုများအပေါ် အခဲ မကျေမှုများနှင့် ပတ်သက်ပြီး အကျပ်တွေ့ နေဟန်ရှိသည်။ သို့ ရှိရာ လူမျိုးရေး ဘာသာရေး ပြသနာများ အစပေးလာမည်ကို အထူးသတိထားရန်လို သည်။

    အစိုးရ လုပ်ထုံးလုပ်နည်းတခုမှာ မြန်မာအမျိုးသမီးများအား ကုလားများ စော်ကားသွားသည်ဆိုသည့် သတင်းဖြန့် ကာ အစပျိုးပေးတတ်သဖြင့် ယခု သမယတွင် ဤကဲ့သို့  အဖြစ်များကို အထူးဂရုပြုရမည်။ ဂရုပြုရမည့် နည်းလမ်းတွင် ရာဇ၀တ်မှုပေါ်လာပါက ရာဇ၀တ်မှုကို ရာဇ၀တ်မှုကဲ့သို့ သာ သတင်း များတွင်ဖော်ပြဆွေးနွေးရမည်။ လူမျိုးရေး ဘာသာရေးများ ဆွဲချိတ်၍ ပြည်သူများအား လှုံ့ဆော်၍ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်လာပါက အစိုးရ ထောင်ချောင်မိသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဆွဲချသူများလည်းဖြစ်ပေမည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏ ၂၀၀၇ ခုနှစ် ဆောင်းပါးဖြင့် ပြန်လည် ဆွေးနွေးတင်ပြလိုသည်။

    Photo: thejuriexpert.com

    အမျိုးသမီးများအား မတရားပြုကျင့်မှုသည် လူမျိုးတူ ဘာသာတူများအချင်းချင်းအတွင်း၌ဖြစ်တတ်သကဲ့သို့ လူမျိုးမတူ၊ ဘာသာမတူသူများမှပြုကျင့် သည်လည်းဖြစ်တတ်သည်။ ဘာသာလူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီးတဦးဦး သို့ မဟုတ် တစ်စုကိုမတရားပြုကျင့်သည်ဆိုလျှင် ထိုပြု ကျင့်မှုမှာ ရာဇဝတ်မှုဖြစ်၍ ရာဇဝတ်ဥပဒေများအရ အရေးယူရမည်။ ထိုပြစ်မှုများကို ကိုယ်ကျင့်တရား အလွန်ယုတ်ညံ့သူများကသာ ကျူးလွန်တတ်ကြ သည်။

    ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ အစိုးရက အရေးမယူဘဲ လျစ်လျူရှုနေလျှင် အစိုးရအားတိုက်တွန်းနိုးဆော်ရပေ မည်။ သို့ ရာတွင် မြန်မာသတင်းများတွင် ရာဇ၀တ်မှုများကို ဘာသာလူမျိုးများဖြင့် ဖော်ပြလေ့ရှိသည်ကို သတိပြုမိသည်။

    ဒီလူမျိုး ဒီဘာသာဝင်တွေက ဒီလိုမတရားပြုကျင့်နေပါသည်လို့  ဖော်ပြခြင်းသည် လျော်ကန်မှုမရှိပေ။ တလွှဲဆံပင်ကောင်းရာကျသည်။ အမျိုးသမီးများ အား မတရားပြုကျင့်ခြင်းသည် ကျူးလွန်သူလူတစ်ဦးတစ်ယောက်နှင့်သာဆိုင်သည့် ကိစ္စဖြစ်သည်။ လူတစ်မျိုးလုံးနှင့်မဆိုင်၊ သူကိုးကွယ်သည့်ဘာသာ နှင့်လည်း မသက်ဆိုင်ပေ။ သူ့ ပြစ်မှုကြောင့် လူမျိုးရေး ဘာသာရေး ပြသနာများလည်း မဖြစ်သင့်ပါ။ ကျူးလွန်သူကိုသာ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူရမည်။

    မြန်မာနိုင်ငံအတွင်းတွင် ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူလေ့ရှိသည်မှာငြင်းကွယ်၍မရပါ။ မြန်မာပြည်တွင် ဗမာလူမျိုးသည် လူများစုဖြစ်သည်။ အ စိုးရဝန်ထမ်းများမှာလည်း ဗမာအများစုဖြစ်သည်။ သို့သော် အမျိုးသမီးများကို မတော်မတရားကျူးလွန်သူသည် ဗမာဖြစ်နေပါက ဗမာလူမျိုးဖြစ်သည်ဆို ကာ လူမျိုးပေါ်အခြေခံ၍ အရေးမယူပါ။ လူမျိုးအခြေခံရအလည်း လျစ်လျူမရှုပါ။ ထို့ကြောင့် လူမျိုးအမည် ဘာသာအမည်ကိုင်ပြောခြင်းသည် ရာဇဝတ်မှု အား လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီသို့ ဦး တည့်ပေးရာရောက်ပါသည်။ တကမ္ဘာလုံးက ဝိုင်းတိုက်နေသည့် Racism ကျူးလွန်ခြင်းဖြစ်သည်။

    Racism သည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တရားမျှတ ရေးတို့ကို အဟန့်အတားဖြစ်စေသည်။ Anthropology (မနုသဗေဒ) (သို့ ) Political Psychology (နိုင်ငံရေး စိတ်ပညာ) ရှုထောင့်မှကြည့်လျှင် လူမျိုးတစ်မျိုး (သို့မဟုတ်) ဘာသာတစ်ခု အား မုန်းတီးသည့်စိတ်ဖန်တီးခြင်းသည် ထိုလူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းကိုသာ မုန်းတီးစေသည်သာမက၊ အခြားလူမျိုးများနှင့် ဘာသာများအ ကြားတွင်ပါ မုန်းတီးစိတ်ကိုဖန်တီးတတ် သည့်သဘာဝရှိသည်။ အဘယ်အကြောင့်ဆိုသော် ဖန်တီးပေးလိုက်သောစိတ်သည် “လူမျိုးမုန်းတီးစိတ်” ဖြစ် သည့်အတွက် မည်သည့်လူမျိုးအပေါ်တွင်မဆို ထိုစိတ်ကျရောက် တတ်သည်။ ထိုစိတ်သည် မိမိနှင့် မတူသည့်အုပ်စုတိုင်း (differences)  အား စိမ်းကားသည့်စိတ်၊ မရင်းနှီးသည့်စိတ်၊ ရွံမုန်းသည့်စိတ်၊ မယုံကြည် ချင်သည့်စိတ်၊ မုန်းတီးစိတ် ၊ နှင့် မပူးပေါင်းဖယ် ခွာလိုသည့်စိတ် များကိုဖန်တီးပေး သည်။

    Photo: Glocal Prov

    လူ့အဖွဲ့အစည်းထဲတွင် ထိုမုန်းတီးစိတ်များ ကိန်းအောင်းလာသည့်အခါ တိုင်းရင်းသားများ၊ ပြည်သူများကြားတွင် ညီညွတ်မှု နှင့် ရင်းနှီးနားလည်မှု၊ သည်းခံတတ်မှုတို့ ကို ဖျက်ဆီးစေတတ်ပါသည်။

    ဘာသာရေးမုန်းတီးမှုကိုဖန်တီးခြင်းသည် ဖိနှိပ်သူများအာဏာတည်မြဲရေး အတွက် အရေးပါသည့်  မဟာဗျူဟာအား အထောက် အကူပြုရာရောက်စေ သည်။ မြန်မာစစ်အစိုးရ ဆက်ဆက်တွင် ဘာသာရေးမုန်းတီးမှုဖန်တီး၍ အမြင်ကျဉ်း အစွန်းရောက်သူများ၏စိတ်တွင်း၌ မွတ်စလင်၊ ခရစ်ယာန်နှင့် တရုတ်မုန်းတီးရေးစိတ်ကို Reserve အဖြစ် သိုမှီးထားသည်။ နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း (သို့မဟုတ်) အစိုးရ၏ အာဏာကို ထိပါး မည့် နိုင်ငံရေးမငြိမ်သက်မှုပေါ်လာတိုင်း ထိုသိုမှီးထားပေးသော ဘာသာရေးမုန်းတီး စိတ်ကိုထုတ်သုံးကာ ပြည်သူများ၏ နိုင်ငံရေးအာရုံကို ဘာသာရေး ပဋိပက္ခဖက်သို့ အာရုံလွဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု အားကျဆင်း သွားစေခဲ့သည်။ ဥပမာများ အမြောက်အများ ရှိပြီးဖြစ် သည်။  ၁၉၈ရ ငွေသိမ်းနောက်ပိုင်း ကုလား-ဗမာ အဓိကရုဏ်းများ၊ ဒီပဲယင်းအပြီး ဘာသာရေးအဓိကရုန်း ဖန်တီးပေးခဲ့ခြင်းများမှာ သာဓကများဖြစ်သည်။ ယခုအခါ လျှပ်စစ်မီးဆန္ခပြနေမှုများနှင့် ပတ်သက်၍ အစိုးရအကျပ်ရိုက်နေပုံထောက်၍ သတိထားသင့်သည်။

    နိဂုံးချုပ်ရလျှင် မိမိတို့၏တိုက်တွန်းနိုးဆော်ချက်၊ အသိပေးကြေညာချက်များသည် တိုင်းပြည် ငြိမ်းချမ်းတော့မည့်ဆဲဆဲတွင် လှည့်ဖျားခံလိုက်ရပြီး အစိုးရအလိုကျ နိုင်ငံရေးအာရုံလွဲပေးသည့်အဖြစ်မှ အထူးသတိပြု ရှောင်ရှားရမည်။ ရာဇ၀တ်မှုများ ကြုံလာပါက ရာဇ၀တ်မှုမဖြစ်သာ တင်ပြပြောဆိုပြီး လူမျိုးဘာသာများချိတ်ဆွဲတင်ပြပြောဆိုခြင်းဖြင့် လူမျိုးဘာသာပြသနာမသွင်သို့ မရောက်စေရန် အထူးဂရုပြုရမည်။

    မှတ်ချက်။ ဤဆောင်းပါးပါအချက်နှင့် အမြင်များသည် စာရေးသူ၏ အမြင်များသာဖြစ်သည်။