News @ M-Media
Blog
  • ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)
    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)
    မတ် ၁၇  ၂၀၁၃
    M-Media
    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book –
    (စာအုပ်အမြည်း) ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ
    `ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့် တပ်မတော်မှ သူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏ အမည်နာမတစ်ခုသာဖြစ်သည်။ `ကမန်´ဆိုသည်မှာရခိုင် သုသေသီတို၏ အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´ `လေးသည်တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန အဝေးသင်တက္က သိုလ် စတုတ္တနှစ် မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန်ဆိုသည်မှာ လေးအတတ်တွင် ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။ ရခိုင်တပ်မတော်တွင် လေးသည်တော် တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်သည်´ ဟုဖော်ပြထား သည်။
    သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုးနွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။ သမိုင်းစာအုပ်များ၌`ကမန်သူရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါက ဘုရင့်တပ်မတော်တွင် လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။ လက်ရှိကမန်လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်လူမျိုးမှ ဆင်းသက်လာသည် အလျောက် ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့် ထပ်တူပင်ဖြစ်သည်။
    ရခိုင်ဆရာတော်ဦးဉာဏရေးသည့် ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး ယခင်နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှထွန်းဖြူရေးသည့်`ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ´ စာအုပ်တွင်လည်း`ကမန်´ လူမျိုးများသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို၊ စိတ်နေစိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန် စသည်တို့ကွဲပြားခြားနားမှု မရှိကြောင်းကို ဖော်ပြထားသည်။ ရှားရှူဂျာမင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ် ၁၆၆၀ ပတ်ဝန်းကျင်မှသာ`ကမန်´ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ငနှလုံးမင်း(၁၂၃၄-၃၇) လက်ထက်က တည်းကပင်`ကမန်´ဟူသောဝေါဟာရသည် စတင် ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။
    ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ
    ၁။ငနှလုံးမင်း(၁၂၃၄-၃၇)
    ရခိုင်ရာဇ၀င်များတွင် ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သော ငနှလုံးမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး၍ စစ်သူကြီး အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို ကုလားပြည်သို့ချီတက်တိုက်ခိုက်စေရာ ကုလားစစ်တပ်က စစ်တကောင်းမှ ငါးရက်အတွင်း ဆုတ်ခွာရသည်။နောက်တဖန် ဒါကာမြို့မှ ခုခံသော်လည်း စစ်ရှုံး၏။ဘုရင့်အမိန့်အရ ကုလားပြည်တွင် အမတ်ဆင်ကဲကြီးကိုထားခဲ့ပြီး စစ်သူကြီး ဓမ္မဇေယျသည်ကုလားထက်ဝက်ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည် ဟူ၍လည်းကောင်း သုံ့ပန်းများကိုခွဲဝေရာတွင်
    `ကမန်လေးသည်တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်းရခိုင်ရာဇ၀င်သစ်ပထမစာအုပ်၊စ တုတ္တတွဲတွင်တွေ့ရပေသည်။
    ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက်လာ ကြောင်းထင်ရှားသည်။
    ၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း
    G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)= Bow and Arrow ဟုဖော်ပြထားသည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော လေးသည်တော်တပ်သည် အဘယ်ကဲ့သို့ ပါရှန်းအမည်တွင်နေသနည်းဟု မေးစရာရှိသည်။ အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာရပ်ကုန်သည်၊ ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င် ပသျှူးကျွန်းဆွယ်တို့ကို ကူးသန်း ရောင်းဝယ်နေကြပြီဖြစ်သည်။  နိုင်ငံခြားသားများနှင့် ရောင်းဝယ် ဆက်ဆံရာမှ ဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်ဝင်ခဲ့သည်။ ၁၅ ရာစုမှစတင်၍ရခိုင်မင်းများသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း ပါရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။ ငနုလုံးမင်း(အလီခန်)၊ ဘစောဖြူ(ကလီမာရှား)၊ မင်းဒေါ်လျှာ(မေနုလျှား)၊ ဘစောမင်းညို(မိုဟာာမက်ရှား)၊ မင်းရန်အောင်(နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊ မင်းစောအို(ဂျလာလ်ရှား)၊သဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊ မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ(စွယ်လင်ဆိုလိမ်ရှား)၊ မင်းခမောင်း(ဟူစိန်ရှား)
    ဤသည်ကိုထောက်ရှု၍ပါရှန်ဘာသာစကားနှင့်ပါရှန်လူမျိုးတို့၏ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။
    ၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း
    ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ) တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည် အစ္စလာမ်သာသနာ စည်ပင်ပြန့်ပွားစေခြင်းငှာ`ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌ အနှံ့အပြားတည်ဆောက်လျက် ဘာသာရေးဟော ပြောပွဲများကိုနေ့စဉ်နှင့် အမျှကျင်းပပြုလုပ်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အချို့သောဗုဒ္ဓဘာသာ ၀င်အချို့သည် ယုံကြည်သက်ဝင်လာပြီး အစ္စလာမ်သာသာနာသို့ကူးပြောင်းကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟောဆရာများကိုမှာ ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။ ဤသို့ဖြင့်အစ္စလာမ်ဘာသာသည် ပိုမိုကျယ်ပြန့်ထွန်းကားလာခဲ့သည်။
    posted by – Electric
  • အစ္စလာမ့်နည်းကျ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဂျာမနီတွင် စမ်းသပ်လုပ်ဆောင်
    ဂျာမနီနိုင်ငံသည် အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် နှစ်အတော်ကြာ တွန့်ဆုတ်နေခဲ့ပြီးနောက် ကမ္ဘာတ၀ှမ်း အလွန်အကျိုးအမြတ်ဖြစ်ထွန်းနေသာ အစ္စလာမ့်နည်းကျ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြင့် ဥရောပစီးပွားရေးနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်လာသည်။
    “အစ္စလာမ့်နည်းကျ ငွေကြေးလည်ပတ်မှုလုပ်ငန်းဟာ လူတိုင်းအတွက်ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်း ဒီလိုရင်းနှီးမြှုပ်နှံမှုကို လုပ်ကြသူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေမဟုတ်ပါဘူး။” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Global University of Islamic Finance ၏ ဥက္ကဌဖြစ်သူ ဒါဝူဒ် အဗ္ဗဒူလာ (Daud Abdullah) က Deutsche Welle (ဂျာမနီနိုင်ငံရှိ ရုပ်မြင်သံကြားဌာန) သို့ ပြောကြားခဲ့သည်။ မက်လောက်စရာတိုးတက်မှုများနှင့်အတူ ဥရောပနိုင်ငံများတွင် အစ္စလာမ့်နည်းကျ ငွေကြေးလည်ပတ်မှုလုပ်ငန်းများ အောင်မြင်နေသော်လည်း ရှရီအာ နှင့်လိုက်လျောညီထွေမှုရှိသော ထိုလုပ်ငန်းများအတွက် နိုင်ငံ၏ဥပဒေများကို ဆီလျော်အောင်ပြင်ဆင်ရန် ဂျာမနီနိုင်ငံက စောင့်ကြည့်နေခဲ့သည်။  သို့ရာတွင် မလေးရှားအခြေစိုက်ဖြစ်ပြီး၊ အစ္စလာမ့်နည်းကျ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထူထောင်ရန် ဂျာမနီနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ရထားသော CIMB-Principal က ထိုလုပ်ငန်းကို စတင်မိတ်ဆက်ခဲ့ပြီးနောက်တွင် ထိုသဘောထားများမှာ ပြောင်းလဲသွားခဲ့သည်။
    “ကျနော် i-word အသစ်တခုကို မျှဝေချင်ပါတယ်။ iPad, iPhone, inflation (ငွေကြေးဖောင်းပွခြင်း) တွေမဟုတ်ပါဘူး။ (Islamic Banking) အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းပဲဖြစ်ပါတယ်။” ဟု CIMB-Principal ၏ စီအီးအိုဖြစ်သူ နော်ရီဖါ ကမ်ဆို (Noripah Kamso) က မကြာသေးခင်က ဖရန့်ဖတ်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အစ္စလာမ်က မွတ်စလင်များအား ကာလရှည်ချေးငွေများမှ အကျိုးအမြတ်ပေးခြင်း၊ ယူခြင်းကဲ့သို့ အတိုစားခြင်းကို တားမြစ်ထားပြီး အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းများသည် ၀က်သား၊ အရက်၊ လောင်းကစားခြင်းလုပ်ငန်း၊ လိင်မှုကိစ္စနှင့်ပက်သက်ဆက်နွယ်သောလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ စစ်လက်နက်ကိရိယာများရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ခြင်းနှင့် ထိုမှရရှိသော အကျိုးအမြတ်များကို လက်ခံခြင်းတို့ကို မပြုလုပ်ရချေ။
    အစ္စလာမ့်နည်းကျ ရင်းနှီးမြှုပ်နှံမှုစနစ်တွင် ထည့်ဝင်ငွေများကို မည်ကဲ့သို့ အသုံးပြုနေခြင်း၊ ကွပ်ကဲရေးဘုတ်အဖွဲ့နှင့် နိုင်ငံအာဏာပိုင်များ၏ ကြီးကြပ်မှုအောက်၌ရှိသော လုပ်ငန်းများ၏ အခြေအနေကို ရင်းနှီးမြှုပ်နှံထားသူများမှ သိရှိနိုင်ခွင့်ရှိသည်။
    ထို အစ္စလာမ့်နည်းကျ ငွေကြေးလည်ပတ်မှုလုပ်ငန်းကို ဂျာမနီနိုင်ငံအတွင်းရှိသော မွတ်စလင်လူဦးရေ ၄ သန်းနီးပါးနှင့် အခြား မွတ်စလင်မဟုတ်သူများကိုပါ ပစ်မှတ်ထားလုပ်ကိုင်ခြင်းဖြစ်သည်။
    “ဂျာမနီနိုင်ငံက မွတ်စလင်အများစုဟာ ဒုတိယနှင့်၊ တတိယမျိုးဆက်(လူငယ်လူရွယ်)များဖြစ်ကြပြီး သူတို့တွေမှာ အလုပ်အကိုင်ကောင်းတွေလည်း ရှိကြပါတယ်။” ဟု ကမ်ဆိုက ဆိုသည်။ စီးပွားရေးလုပ်ငန်းများ၏ လေ့လာမှုများအရ ဂျာမန်မွတ်စလင် ၂၃ ရာခိုင်နှုန်းက ၎င်းတို့၏ငွေကြေးများအား အစ္စလာမ့်နည်းကျ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများတွင် ထည့်ဝင်လိုကြသည်။ CIMB-Principal ၏ ဒုတိယအဆင့်မှာ မွတ်စလင်မဟုတ်သော ရင်နှီးမြှုပ်နှံသူများအား ပစ်မှတ်ထားလုပ်ဆောင်ရန်ဖြစ်ပြီး ထိုသူတို့၏ အစ္စလာမ့်နည်းကျ လုပ်ငန်းများနှင့်ပက်သက်၍ အတွေ့အကြုံနည်းခြင်းက ခက်ခဲသော စမ်းသပ်မှုဖြစ်သည်။ “ဂျာမနီမှာရှိတဲ့လုပ်ငန်းတွေက အစ္စလာမ်နဲ့ နှီးနွှယ်တဲ့ ရင်းနှီးမြှပ်နှံမှုပုံစံတွေ၊ ရန်ပုံငွေတွေကို ဖြစ်နိုင်သလောက် လုပ်နေကြပါတယ်။ ဒါပေမယ့် အာရပ်နိုင်ငံတွေမှာသာဖြစ်ပြီး ရေနံကရတဲ့ဒေါ်လာတွေကို သူတို့ဆီမှာ ရှယ်ယာဝင်လာဖို့ပါ။”ဟု CIMB-Principal ၏ မန်နေဂျာဖြစ်သူ ကရင်မ် ဇာအဇူ (Karim Zaazou) ဆိုသည်။
    အစိုးရ၏ စစ်တမ်းကောက်ယူမှုအရ ဂျာမနီနိုင်ငံတွင် မွတ်စလင်ဦးရေ ၃.၈ သန်းမှ ၄.၃ သန်းအထိရှိပြီး ဂျာမနီလူဦးရေ ၈၂ သန်း၏ ၅ ရာခိုင်နှုန်းဖြစ်သည်။
    စိတ်ချရသော ရင်းနှီးမြှုပ်နှံမှု
    အကျိုးအမြတ်များပြားသော အစ္စလာမ့်နည်းကျ ငွေးကြေးလည်ပတ်မှုလုပ်ငန်းက ဂျာမန်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိလိမ့်မည်ဟု ဘဏ်လုပ်ငန်းရှင်များက ယုံကြည်ကြလေသည်။ “တကယ်လို့ အစ္စလာမ့်နည်းကျ လုပ်ငန်းတွေမှာ လူတွေက ပိုပြီး ရင်းနှီးလာကြပြီဆိုရင် ကမ္ဘာကြီးမှာ (စီးပွားရေးနှင့်ပက်သက်ပြီး) ဘာပြဿနာမှ ရှိမှာမဟုတ်တော့ပါဘူး။ နိုင်ငံတွေ အကြွေးနွံနစ်စေတာကလွဲလို့ ဘာအကျိုးအမြတ်မှမပေးတဲ့ စွန့်စား ရင်းနှီးမြှုပ်နှံတာမျိုးတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။” အဗ္ဗဒူလာက ထပ်လောင်းပြောကြားသည်။
    အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းသည် ကမ္ဘာ့ငွေကြေးလုပ်ငန်းနယ်ပယ်တွင် အလျင်အမြန်ကြီးထွားလာလျက်ရှိသည်။ အစ္စလာမ့်နည်းကျငွေကြေးလုပ်ငန်းများ၏ ပထမအကြိမ် တိုးတက်မှုမှာ ၉/၁၁ တိုက်ခိုက်မှုအပြီးတွင်ဖြစ်သည်။ အာရပ်လူမျိုးမြောက်များစွာသည် အမေရိကန်နိုင်ငံရှိ ၎င်းတို့၏ငွေများအား ထုတ်ယူကာ မလေးရှားနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်ဟု အဗ္ဗဒူလာကဆိုသည်။ နိုင်ငံတကာငွေကြေးအကြပ်အတည်းကာလတွင် အစ္စလာမ့်နည်းကျလုပ်ငန်းများမှ အကျိုးအမြတ် မြောက်များစွာဖြစ်ထွန်းခဲ့ပြီး ထိုကာလသည် ဒုတိယအကြိမ် တိုးတက်မှုဖြစ်သည်။ The Dow Jones Islamic Market Titans Index က ဥရောပ၊ အမေရိကန်နှင့် အာရှဒေသတို့တွင် လွန်ခဲ့သော ငါးနှစ်ကျော်မှစ၍ ၂ နှစ်ဆဖြစ်လာသော အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်းကြီး ၁၀၀ ကို စစ်တမ်းကောက်ယူခဲ့လေသည်။ ရှရီအာနှင့်သင့်လျော်သော စီးပွားရေးပုံစံများကို နိုင်ငံပေါင်း ၅၀ တွင် ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငွေကြေးလုပ်ငန်းတွင် အလျင်အမြန်တိုးတက်လာသော ကဏ္ဍများထဲမှ တစ်ခုဖြစ်သည်။
    ယခုအခါ ကမ္ဘာတ၀ှမ်း အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းပေါင်း ၃၀၀ နီးပါးရှိပြီး ဒေါ်လာ ၁.၆ ထရီလီယံ (ယူရို ၁.၂ ထရီလီယံ) ပမာဏခန့် ရင်းနှီးမြှပ်နှံထားပြီးဖြစ်သည်။
    source: http://www.onislam.net
    ဘာသာပြန်- ဝေဇင်
  • မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား
    မမေးလည်းဖြေ (၂) – အာဖဂန်မှာ ရုပ်ပွားတော် ဖျက်တာ မြန်မာမွတ်စလင်မ်တွေလား
    နေမျိုး
    အာဖဂန်က တာလီဘန်တွေ ဗုဒ္ဓရုပ်ပွားတော်ကို လောင်ချာနဲ့  ထုဖျက်ဆီး လိုက်တာနဲ့ပတ်သက်ပြီး မြန်မာပြည်က မွတ်စလင်မ်တွေကို တဖက်သက် စွပ် စွဲဆဲဆိုနေတာ အများအသိပါပဲ။ တာလီဘန်တွေ စစ်သွေးကြွပြီး ထင်ရာစိုင်း တာ မြန်မာပြည်က မွတ်စလင်မ်တွေရဲ့ အပြစ်လား။ သူတို့ ကို ကျနော်တို့  က လုပ်ခိုင်းတာလား။ ကျနော်တို့ ကိုယ် စား သူတို့ လုပ်ပေးခဲ့တာလား။
    တာလီဘန်နဲ့ မြန်မာမွတ်စလင်မ် ဘာမှမဆိုင်ဘူး။ လူမျိုးမတူဘူး ဘာသာစ ကားလည်းမတူဘူး။ ဆွေ မျိုးတွေ လည်းမဟုတ်ဘူး။ နိုင်ငံရေးခံယူ ချက် လည်းမတူဘူး။ ယဉ်ကျေးမှုခြင်းလည်းမတူဘူး။ တာလီဘန်တွေ သွေးအေး စစ်ပွဲဒဏ်ကြောင့် ပါဝါလုကြရင်း ဘာသာရေး အစွန်းရောက်တွေဖြစ် ပြီး ထင်ရာစိုင်းတာ မိုင်ရာပေါင်းများစွာက ကျနော်တို့  အပြစ်လား။ တာလီဘန်တွေ ကိုမွေးပေးခဲ့တဲ့ CIA ကို သာ အပြစ်မတင်သင့်ဘူးလား။ မဆီမဆိုင် မြန်မာမွတ်စလင်မ်တွေကို ထိုင်ဆဲနေမဲ့အစား တာလီ ဘန်ကိုသာ သွားမတိုက်သင့်ဘူးလား။
    တာလီဘန်တွေ အဲ့ဒီရုပ်ပွားတော်ဖျက်ဆီးတုန်းက ကျနော်တို့ တွေကန့် ကွက်ခဲ့ တယ်။ ကမ္ဘာအနှံ့ က မွတ်စလင်မ် တွေလည်း ဆန္ဓပြခဲ့တယ်။ အခုလည်း ဗုဒ္ဓ ဘာသာကိုစော်ကားတဲ့ ကိစ္စတွေရှိလာရင် မွတ်စလင်မ်တွေ ကန့် ကွက် တယ်။ Rude Buddha ဆိုတဲ့ ဗုဒ္ဓကို တဏာသမားအနေနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်း (ဒီမှာ) ကို မွတ်စလင်မ်တွေ ကန့် ကွက်ခဲ့တယ် (ဒီမှာဖတ်ပါ)။ ရွေဝါရောင်တုန်း ကလည်း သံဃာတော်တွေကို မွတ်စလင်မ်တွေ ၀ိုင်းရံခဲ့တယ်။
    ကဲ ဒါနဲ့ သူတို့ လည်း အစ္စလာမ်ဘာသာဝင်တွေပဲဆိုတာနဲ့  သူတို့ လုပ်သမျှ ကျနော်တို့ တာဝန်၊ ကျနော်တို့ အ ပြစ်ဖြစ်သွား ရောလား?
    ဒီလိုဆို မေးမယ်။ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးအခင်းတုန်းက ဘုန်းကြီးတွေအကြမ်းဖက်ခံရတဲ့ကိစ္စ အတွက်   မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိလား။ အဲ့ဒါ လူမျိုးတူ ဘာသာတူ စကားတူ ဒေသတူချင်းတွေပဲ။
    နောက်တခု — စစ်အစိုးရခေတ်တုန်းက တိုင်းရင်းသားဒေသတွေမှာ ရွာမီးရှို့ ၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာသားတွေ မောင်းထုတ် အကုန်လုပ်တယ်။ အခုလဲ ကချင်ဒေသမှာဖြစ်နေတုန်းပါပဲ။
    ဒီကိစ္စ ၂ ခုလုံးအတွက် မြန်မာပြည်က ဗမာတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေအားလုံး အပြစ်ရှိလား။ အပြစ်ပေးမယ်ဆို ရင် ဗမာဗုဒ္ဓဘာသာတိုင်း အပြစ်ခံကြရမှာ လား။ စဉ်းစားကြပါ။ မြန်မာတွေ ခေါင်းဒီလောက်မတုံးပါဘူး။
    အစ္စလာမ်က ဘာသာမတူရင်သတ်ဆိုတဲ့ အမိန့် ရှိတယ်လို့  တလွဲစပင် မပြောပါနဲ့ ။ မမေးလည်းဖြေ ပါမယ်။ အစ္စလာမ်မှာ ကျူးကျော်စစ်၊ ကိုယ်ကစ မတရားလုပ်တာကို လုံးဝ (လုံးဝ) ခွင့်မလွတ်ဘူးဆိုတာ အတိအလင်း မိန့် ထားပါတယ်။ နံပတ် (၃) မှာ ဆက်ဖတ်ပါ။
    [မှတ်ချက် – စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်]
  • ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာ
    ငါ့လူမျိုး
    ငါ့ဘာသာ
    ငါ့သာသနာ
    ငါချစ်တာပေါ့ …
    ငါလဲ လူပဲ
    ဒီမြေမှာမွေး ..ဒီရေသောက်လို့ …
    ဒီအမိမြေမှာ  လူလားမြောက်ခဲ့တာပဲ …
    မင်းတို့ ချစ်သလို ငါလဲ ငါ့တိုင်းပြည်ကိုငါချစ်တယ် ….
    ဒီအချိန်က
    ငါ  ငါ ချင်းဆန္ဒပြရမဲ့အချိန်မဟုတ်ဘူး …..
    ငါ  ငါ ချင်း သတ်ဖြတ်ရမဲ့အချိန်မဟုတ်ဘူး ….
    ငါ  ငါ ချင်းပေါင်းစည်း
    တစ်လှေတည်းစီး တစ်ခရီးတည်းသွားရမဲ့ အချိန် ….
    သူငယ်ချင်းရယ် ..
    မင်းနဲ့ငါက ပန်းတိုင်တစ်ခုတည်းကို ပစ်မှတ်ထားတာပါ ….
    ဘာကြောင့်မို့ ကျောခိုင်း လှော်နေကြမလဲ …
    ပုပ်နေတဲ့ ငါးခုံးမကို ပဲ ဖယ်ချလိုက်စမ်းပါ
    သူ့အပုပ်နံ့နဲ့
    ငါ့တို့စိတ်တွေညစ်နွမ်းမခံပါနဲ့ .. သူငယ်ချင်း
    ငါ ငါချင်းပေါင်းလို့ ဖြစ်လာမဲ့ငါတို့တစ်တွေ
    လက်ကိုမြဲမြဲတွဲလို့
    ငါ ဆိုတဲ့မာန်စွဲနဲ့ ခေါင်းမော့ရင်ကော့လို့
    မင်း သီကြူးချင်တဲ့အခါ …
    မအေးသေးတဲ့ စစ်ဒဏ်တွေကြားက
    သူတို့ မျက်နှာ မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ …
    ပညာရည် မပြည့်ဝလို့ အသိဥာဏ်ချို့တဲ့ရှာတဲ့
    ငါတို့ထဲက ငါတို့ လေးတွေကို မင်းမြင်ယောင်ကြည့်လိုက်စမ်းပါ ….
    မိတကွဲဖတကွဲနဲ့ ညှိုးငယ်နေရှာတဲ့ သူတို့မျက်နှာတွေ
    မင်း အသိထဲ ခပ်ရေးရေးလေး တွေးကြည့်လိုက်စမ်းပါ….
    မင်းထမင်းဝနေပေမယ့် …သူတို့မှာ ဆန်ရှာမရဘူး သူငယ်ချင်း
    မင်းအဲကွန်းအောက်မှာ ပညာသင်ရပေမယ့်
    သူတို့မှာ ကကြီးကခွေးမရေးတတ်ရှာဘူးသူငယ်ချင်း …..
    သူတို့ အနာဂတ်တွေ အမှောင်ကနေ လင်းလာဖို့
    ဆောင်ကြဉ်းပေးရမှာ ငါတို့တာဝန် …
    မင်းမှတ်မိလားသူငယ်ချင်း ….
    ငါတို့ငယ်ငယ်က ကျောင်းတက်ရင်း
    နိုင်ငံတော်သီချင်းကို အတူတူ သံပြိုင် သီဆိုဖူးတယ် …
    အဲ့ဒီအချိန်တုန်းက  …
    မင်းနဲ့ငါနဲ့တစ်သွေးတည်းတစ်သားတည်းပါ သူငယ်ချင်း
    ကိုယ်မလိုတဲ့အရာကို လက်ညှိုးထိုးပြီး
    မာန်မဲ  ရန်ဆောင်နေရုံနဲ့ တော့
    ငါတို့ရဲ့ မျှော်လင့်ချက်တွေ လင်းလက်မလာနိုင်ဘူး သူငယ်ချင်း
    မလိုချင်တဲ့အရာကို ရအောင်တားဖို့
    ငါတို့စိတ်ဓာတ်တွေ ခိုင်မာနေဖို့လိုအပ်တယ် …
    ငါတို့ထင်းစည်းပြေကို မီးမွှေးဖို့ စောင့်နေကြတဲ့
    မင်းသူတို့ကို မြိန်ရည် လျှက်ရည်နဲ့
    ပွဲတော်တည်ခွင့်ပေးမလို့လား သူငယ်ချင်း ….
    နွားကွဲလို့  ကျားဆွဲခံရတာတွေ
    ကျောချမှဓားပြမှန်းသိတာတွေ ငါတို့ခံရဖူးပါတယ်သူငယ်ချင်း …
    သိသိရက်နဲ့ ကျော့ကွင်းထဲ တမင်ဆင်းပြိး
    ငါတို့လည်ပင်းကို ငါတို့ကိုယ်တိုင် ကြိုးကွင်းစွတ်မလို့လား
    သူငယ်ချင်း …..
    ငါတို့နိုင်ငံဟာ သာလာယံဇရပ်မဟုတ်ကြောင်း
    သက်သေပြဖို့ မင်းထိုးထိုးနေတဲ့
    လက်ညှိုးတစ်ချောင်းနဲ့တော့မလုံလောက်ဘူး သူငယ်ချင်း …
    ငါတို့ကြားက အပေါက်တွေကို
    ငါတို့ကိုယ်တိုင် ဖာထေးဖို့လိုအပ်တယ် …
    မင်းနဲ့ငါကြားက လစ်ဟာမှုမှာ
    မလိုအပ်ဘဲလဲ မုန်တိုင်းဆန်သွားနိုင်တယ် သူငယ်ချင်း
    အမြင့်ရောက်လာရင်တော့ လေတိုက်ခံရမှာပဲ သူငယ်ချင်း
    လေဆိုးလေညစ်အတွက်နဲ့တော့ …
    မင်းနဲ့ငါ တိတ်တိတ်လေး စိတ်ဝမ်းမကွဲကြေး….
    ငါတို့ကိုင်တဲ့လှော်တက်နဲ့
    မျက်နှာမူရာ အရပ်ဆီကို
    တက်ညီလက်ညီလှော်ခတ်လို့ …
    ငါတို့ သွားမဲ့ပန်းတိုင်ကို ..လှမ်းကိုင်နိုင်အောင် .
    ဘာအကြောင်းကြောင့်မှ စိတ်ဝမ်းမကွဲဘဲ
    မင်းနဲ့ငါ ရဲ့ လက်တွေ မြဲမြဲ တွဲထားကြပါစို့လား သူငယ်ချင်း…..
    စူးရှအိမ် ( ၁၆.၁.၂၀၁၁ ။ တနင်္လာနေ့ ။ ၃း၁၈)
  • နိုင်ဂျီးရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့မွတ်စလင်မ် အဖွဲ့မှ ဦးဆောင်လျှက်ရှိ
    အာဖရိက၏ လူဦးရေးထူထပ်ဆုံးတိုင်းပြည်တစ်ခုဖြစ်သော နိုက်ဂျီးရီးယားနိုင်ငံ၏ ပညာရေးပရောဂျက်များနှင့် လူမှုရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့များအား နိုင်ငံ့မွတ်ဆလင် ဦးသျှောင်အဖွဲ့အစည်းမှ ကမကထပြုဦးဆောင်လုပ်ကိုင်လျှက်ရှိနေကြပေသည်။
    “ကျွန်တော်တို့အဖွဲ့အစည်းက နိုင်ငံအတွင်းရှိ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းတွေမှာ အစ္စလာမ်ရဲ့ သင်ကြားပြသမှုတွေဖြစ်တဲ့ သာတူညီမျှရေးနဲ့ ငြိမ်းချမ်းရေးတွေကို ဖော်ဆောင်ရင်း စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ဂျူမအက် သာဝူနီ မွတ်ဆလင်မီးန် (Jama’at Ta’awunil Muslimeen – TAWUN) မှဥက္ကဋ္ဌဖြစ်သူ အယ်ဟဂ်ျ ဒါဝတ် အင်းမ်ရာမ် မိုလစန် (Alhaji Daood Imran Molaasan)က OnIslam.net သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    သူကဆက်လက်ပြီး
    “ကျွန်တော်တို့ ဒီ TAWUN မွတ်ဆလင်အဖွဲ့အစည်းဟာ နိုက်ဂျီးရီးယားနိုင်ငံအတွင်းမှာ စည်းလုံးမှုမပြိုကွဲအောင်နဲ့ အမျိုးသားစုတွေကြားဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ဒီအဖွဲ့အစည်းဟာ  နိုက်ဂျီးရီးရားနိုင်ငံ အနောက်တောင်ခြမ်း အိုစွန်းပြည်နယ် (Osun) အတွင်းမှာ မွတ်ဆလင်လူ့အသိုင်းအဝိုင်းများအတွင်းမှာ အဓိကကျတဲ့နေရာက ရပ်တည်လျှက် ရှိနေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အမျိုးသမီးများနဲ့ လူငယ်များအတွက် ပရောဂျက်များလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်”
    လို့ပြောကြားခဲ့ပါသေးတယ်။
    မစ္စတာ မိုလက်စန်သည် ၎င်းတို့၏မွတ်ဆလင်အဖွဲ့အစည်းမှ နိုက်ဂျီးရီးယားလူထုအတွက် လုပ်ကိုင်ပေးလိုသော ပရောဂျက်များစွာကိုလည်း တင်ပြခဲ့သူဖြစ်ပါတယ်။
    TAWUN အဖွဲ့အစည်းမှ အမျိုးသမီးများ၏ ဘဝမြင့်တက်စေရန်အတွက် အမျိုးသမီးစွမ်းအားမြှင့်တင်ရေးဗဟိုဌာနများ ထူထောင်ရန်ဆောင်ရွက်နေပြီး ၎င်းဌာနများမှ အမျိုးသမီးထု၏ လွတ်လပ်ခွင့်ကိုပါဖန်တီးပေးရန်ရည်ရွယ်လျှက်ရှိသည်။ အထူးသဖြင့် အမျိုးသမီးများ ဘဝကိုမြှင့်တင်ရန်အတွက် အရေးအဖတ်သင်တန်းများ၊ နည်းပညာပိုင်းဆိုင်ရာသင်တန်းများ၊ ကွန်ပြူတာသင်တန်းများ၊ ငွေကြေးဆိုင်ရာစီမံခံ့ခွဲမှုသင်တန်းများအပြင် စီးပွါးရေးလုပ်ငန်းများအတွက်လည်း ငွေကြိုထုတ်ချေး သွားဖို့အစီအစဉ်များလည်းရှိကြောင်းသိရှိရပါတယ်။
    “ကျွန်တော်တို့က အခမဲ့ပညာသင်ကြောင်းများ၊ စာကြည့်တိုက်များ ကိုငွေကြေးချို့တဲ့သော မွတ်ဆလင်များနှင့် မွတ်ဆလင်မဟုတ်သူများအတွက်ပါ ရည်ရွယ်ပြီးတည်ဆောက်ခဲ့တာပါ” လို့ သူကထပ်မံဖြည့်စွက်ပြောကြားပါတယ်။
    “တကယ်တော့ ဒီအဖွဲ့အစည်းဟာ ချို့တဲ့သူများကို ကူညီဆောင်မခြင်းများနဲ့၊ နိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်မှုများကြောင့် လူအများကသိကြပါတယ်။” လို့ မစ္စတာ မိုလက်စန်က OnIslam.net ကိုသတင်းပေးခဲ့ပါတယ်။
    “ကျွန်တော်တို့ နိုင်ငံနဲ့မြို့ပြစီမံကိန်းများအတွက်လည်း ပရောဂျက်တွေအများကြီးလုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းရေးရရှိဖို့နဲ့ အချင်းချင်းအတွင်းမှာ သွေးမကွဲဖို့လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့အစည်းတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပြုလုပ်ပေးဖို့နဲ့ နိုင်ငံရဲ့အခြေခံလိုအပ်ချက်များအပေါ် ဖြည့်ဆည်းနိုင်ဖို့ ကူညီထောက်ပံ့ တွန်းအားပေးသွားမှာပါ။”
    ဘိုကိုဟာရမ်မဟုတ်သူတွေ
    ၎င်းတို့ရဲ့မွတ်ဆလင်အဖွဲ့အစည်းအနေနဲ့ လုံခြုံရေးအဖွဲ့အစည်းများရဲ့ ၎င်းတို့အား ဘိုကို ဟာရမ်တွေ (Boko Haram) လို့စွတ်စွဲမှုတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။
    မစ္စတာ မိုလက်ဆန်က OnIslam.net ကိုဆက်လက်ပြောကြားရာတာကတော့ “အဲ့ဒီလုပ်ရပ်ဟာ အေးချမ်းတဲ့တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်စေရုံသာမက အစိုးရနဲ့ရော အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ပါ တွဲစပ်လုပ်ကိုင်နေတဲ့ ကျွန်တော်တို့အဖွဲ့အစည်းအပေါ်အမြင်နဲ့ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တွေကို ထိခိုက်စေပါတယ်။ အာမခံနိုင်တာကတော့ လုံခြုံရေးအဖွဲ့တွေရဲ့ ခြိမ်းခြောက်စွတ်စွဲမှုတွေဟာ ခေါင်းဆောင်ကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။”
    အစောပိုင်းတုန်းက ပြည်နယ်လုံခြုံရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာ TAWUN ဟာနိုင်ငံကို ဘိုကို ဟာရမ် မွတ်ဆလင်နိုင်ငံဖြစ်အောင်ဆောင်ရွက်နေတယ်လို့ စွတ်စွဲထားခဲ့တာပါ။
    “စဉ်းစားကြည့်ရုံနဲ့တင် ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆိုက်ဘာကဖေးတွေထောင်ပြီး လူထုပြန်လည်ထူထောင်ရေးတွေလုပ်နေပြီး ဆန်းသစ်တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေဖြစ်ပွါးအောင်လုပ်နေတဲ့ ကျွန်တော်တို့အဖွဲ့ကဖြစ်နိုင်စရာမရှိပါဘူး”
    ဘိုကိုဟာရမ်ဆိုတာ ဟူဆ (Hausa) စကားဖြစ်ပြီး အပြည့်အစုံကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ ၎င်းအယူအဆထဲမှာပဲ “အနောက်တိုင်း ပညာရေးသည် အပြစ်ကျူးလွန်ခြင်း” ဖြစ်ပြီး အာဖဂန်နစ္စတန်ရဲ့ တာလီဘန်တွေက အထူးပြုသတ်မှတ်ထားပါသေးတယ်။ စစ်ဖက်ဆိုင်ရာတွေကတော့ အဆိုပါတိုက်ခိုက်ရေးအဖွဲ့တွေဟာ တိုက်ခိုက်ရေးကာလအတွင်းကပဲ အဖွဲ့ဝင်တွေဒါဏ်ရာရမှု၊ ဖမ်းဆီးခံရမှု၊ စီးပွါးရေးအထောက်အပံ့ပြတ်တောက်ခြင်းတွေကြောင့် ပြိုလဲသွားပြီလို့ဆိုပါတယ်။ ၎င်းတို့ဟာ ၂၀၀၉တုန်းက နိုင်ငံမြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ပစ်ခတ်မှု၊ ဗုံးခွဲမှုတွေအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဘိုကိုဟာရမ်တွေဟာ ခရစ်ယန်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။
    TAWUN က ခေါင်းဆောင်က သူ့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်သည် နိုက်ဂျီးရီးယားပြည်သူတွေကို ဝန်ဆောင်မှုတွေပေးရန်သာဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေလူတန်းစားဖြစ်နေတဲ့ မွတ်ဆလင်တွေဖြစ်ကြောင်း အလေးအနက်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
    မိမိတို့အဖွဲ့အစည်းက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ၊ ကိုယ်ထူကိုယ်ထဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကောင်းမွန်တဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းဖြစ်စေဖို့ ကောင်းကျိုးဖြစ်ထွန်းစေကြောင်း အိုစွန်းပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အိုယင်လိုလာ (Oyinlola)က ၂၀၀၅ခု ဒီဇင်ဘာ ၁၄ရက်နေ့က အယ်လ် ကုရ်ဒက်စ် အစ္စလာမ္မစ်သတင်းထုတ်ပြန်ရေးဌာနမှာ ပြုလုပ်တဲ့ပွဲမှာ ပြောကြားခဲ့တယ်လို့ မစ္စတာ မိုလက်စန်က ပြောပြပါတယ်။
    “တကယ်လို့ ကျွန်တော်တို့ဟာ ဘာသာရေးအစွန်းရောက်တွေဆိုရင် ခရစ်ယာန်ဘာသာဝင် ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းဟာ ကျွန်တော်တို့ရဲ့အစီအစဉ်ကို တက်ရောက်မှာ မဟုတ်ပါဘူး။” လို့ ဖြည့်စွက်ပါတယ်။
    မူရင်းကိုးကားသတင်း >> http://www.onislam.net
    ဘာသာပြန်- Mya Thet Mon နှင့် သန့်စင်ဖြိုး