News @ M-Media

Blog

  • မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

    မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်

    ‘ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ မကယ်တင်ဘူးဆိုရင် ကျွန်တော် လူသားမဆန်တဲ့သူ”

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၆၂ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအ၀င် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ပွားခဲ့စဉ်ကို ထိုသူသုံးဦးအနက်မှ မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ စက်ခေါင်းမှူး လက်ထောက် ဦးဌေးနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး – စတင်ဖြစ်ပွားမှု တွေ့ကြုံစဉ်က မြင်ကွင်းအခြေအနေကို သိပါရစေ။

    ဖြေ – စတွေ့တယ်ဆိုတာလည်း ကျွန်တော်တို့က မော်လမြိုင်ကနေ ရန်ကုန်ကို ညပြန်လာတဲ့ ရထားလေ။ အဲဒီတော့ ဒါးပိန်ဘူတာအ၀င် မိုင်၂၄/၁ နဲ့ မိုင် ၂၃/၂၄ ကြားမှာရှိတဲ့ တံတား အမှတ် (၂၈)။ အဲဒီတံတားပေါ်မှာ အမြဲတမ်းလည်း ခရီးသည်တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဘူတာတစ်ခုကို ချဉ်းကပ်ဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော်တို့မီးရထားနဲ့ ပတ်သက်တဲ့ စက်ခေါင်းမောင်းနဲ့ ပတ်သက်တဲ့ အချက်ပြတွေကို တိတိကျကျလိုက်နာရပါမယ်။ အချက်ပြတွေ အကုန်လုံးRight အနေအထားမှာရှိတဲ့အတွက် ကျွန်တော့် စက်ခေါင်းမောင်းမှူးကလည်း သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်တာပဲ။ အဲဒီအချိန် မှာ တံတားပေါ်မှာ ခရီးသွားလေး၊ ငါးယောက်တွေ့လိုက်ရတယ်။ ကျွန်တော်တို့က သတိပေးဥသြဆွဲတယ်။ ရထားမောင်းလာတဲ့အချိန် တံတားရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ မြေးအဘွားနှစ်ဦးကို တွေ့လိုက်ရတယ်။ သူ တို့ဆုံးဖြတ်ချက်က တံတားကိုဆက်ပြီး ကူးပြေးတော့မလိုလို လုပ်ကြတယ်။ အမယ်အိုကြီးက လူမမယ် ကလေးတစ်ယောက်ပါတော့ ရှေ့ကို မပြေးတော့ဘဲ နောက်ကြောင်းပြန် လှည့်ပြေးလို့ရှိရင် နီးမယ်လို့ သူတွေးထင်လိုက်တယ် ထင်တယ်။ နောက် ပြန်လှည့်ပြေးရင်လည်း ပေ ၅၀ ကျော်လောက် ကျန်မှာပေါ့။ အဲဒီလိုအနေအထားမှာ ကျွန်တော့်စက်ခေါင်းမောင်းမှူးက စက်ရှိန်ကို လျှော့ချလိုက်ပြီ။ နောက်ဆုံးသတိထားပြီး မလွတ်တော့တဲ့အချိန်မှာ အရေးပေါ်ဘရိတ်ကို ဆွဲချလိုက်တယ်။ အရေးပေါ် ဘရိတ်ဆွဲလိုက်တာနဲ့ နောက်မှာပါလာ တဲ့ခရီးသည်တွေ၊ တွဲတွေ၊ ၀န်ချိန် တွေဟာ တွန့်ခေါက်လျော့ရဲ ဆုံးရှုံးပျက်စီးနိုင်တယ်။ တော်တော်ကို ဂရုစိုက်ပြီး ထိန်းသိမ်းရတယ်။

    မေး – အဲဒီအချိန်မှာ တံတားပေါ်က မြေးအဘွားနှစ်ဦးရဲ့ အခြေအနေကို သိပါရစေ။

    ဖြေ – ဆရာက သူ့အပိုင်းအခြားနဲ့ သူထိန်းသိမ်းပေမယ့် ဒီမြေးအဘွား နှစ်ယောက်က မလွတ်တော့ဘူး။ အဲဒီမှာ အမေကြီးကထိုင်ချလိုက်ပြီး မြေးမလေးကို ကောက်ဖက်ထားတယ်။ ဒါပေမယ့် ဘရိတ်ဖမ်းရပ်လို့ရမယ့် အကွာအဝေး မဟုတ်တာကြောင့် အန္တရာယ် နဲ့နီးကပ်နေတယ်။ အရေးပေါ်ဘရိတ် ကို လိုအပ်တဲ့ပမာဏအတိုင်း သုံးစွဲ ကိုင်တွယ်ထားပေမယ့် အကွာအဝေး က အမယ်အိုကြီးမြေးအဘွားရဲ့ အနေအထားနဲ့ လျှပ်တစ်ပြက်လောက်ပဲရှိတာမို့ အချိန်မီ ရထားရပ်တန့်သွားဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးသေချာပေါက် ရထားတိုက်ခံရမယ့် အနေအထားကို ရောက်သွားပြီ။ တအား ကြောက်လန့်နေပြီး လူတစ်ယောက် ရဲ့နောက်ဆုံး သေငယ်ဇောအချိန်ပဲ။ ကိုယ့်ကိုဝင်တိုက်တော့မယ့် အစီးအနင်းကြီးတစ်ခုကို မြင်တွေ့နေရတဲ့။ မိမိအသက် ဆုံးရှုံးရတော့မယ်ဆိုတာ သိနေတဲ့လူတစ်ယောက်ရဲ့ သေငယ်ဇောနဲ့ ကြောက်နေတဲ့ပုံမျိုးဘဲ။ ဒီအချိန်မှာ အမယ်အိုကြီးရဲ့ အသက်အရွယ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိတရား၊ ၀န်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတဲ့ သူရဲ့မြေးမလေးနဲ့ သူလွတ်မြောက်အောင် ပြေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ တံတားအောက် ကို ခုန်ချဖို့ဆိုတာလည်း တံတားအမြင့်က ၁၂ ပေနဲ့ ၁၄ ပေကြားမှာရှိတယ်။ အောက်မှာရေစီးနေတယ်။ ဒီအသက်အရွယ်နဲ့ မိန်းမသားတွေ ခုန်မချနိုင်ဘူး။

    မေး – အဲဒီလိုအခြေအနေမှာ ကယ်တင်လိုက်ရပုံကိုလည်း ဆက်ပြောပေး ပါဦး။ အခုလိုကယ်တင်ဖို့ ဘယ်လိုစိတ်မျိုးနဲ့ လုပ်ဆောင်ခဲ့တာပါလဲ။

    ဖြေ – ကျွန်တော် စက်ခေါင်းမှူးက ထိန်းသိမ်းပေးတဲ့အချိန်မှာ ကျွန်တော် ကဖြစ်မှာစိုးလို့ စက်ခေါင်းပေါ်ကနေ ခေါင်းထွက်ပြီး ‘မယ်’ ‘မယ်’ နဲ့ထွက်အော်ချိန်မှာ ဟွန်းကလည်း ဆွဲထားတယ်။ ဂရုဏာဒေါသနဲ့ အော်နေတယ်။ အဲဒီအချိန်မျာ ကျွန်တော်ခန္ဓာကိုယ်က လက်ကိုင်ဘေးကနေ အပြင်ကိုပတ်ထွက်ပြီး ရထားရဲ့တွဲချိတ် ဆက်ပေါ်မှာ မတ်တပ်ရပ်နေတာ အဆင်သင့်ဖြစ်သွားတယ်။ ကျွန်တော့် စိတ်ရဲ့စေ့ဆော်မှုလို့ ပြောရမလား မသိဘူး။ ဒီအမေအိုကြီး မြေးအဘွား ကို ဘယ်လိုမှမကယ်နိုင်တဲ့ အနေအထားမှာ ဆင်းတွန်းမှရမလဲ ဆိုတဲ့ သဘာဝအလျောက် အတွေးလေး ၀င်သွားတယ်။ အလိုအလျောက်ဘဲ ရထားပေါ် က ဆင်းလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တွန်းဖယ်လိုက်တယ်။ ငါးစက္ကန့်လောက် အတွင်းမှာဘဲ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုန်ဆင်းလိုက်တယ်။ “ဆင်း၊ လှမ်း၊ တွန်း၊ ခုန် ဆင်း”ပေါ့။ မြေးအဘွားနှစ်ယောက် ရေတောထဲကို ကျသွားပြီး ဖက်တွယ်ထားကြတယ်။ ကျွန်တော်က အရှိန် နဲ့ကျောက်ခုံစပ်ကို ကျသွားတယ်။ အကုန်လုံးရေတော ရွှံတောထဲမှာ ရေအနက်က ခန့်မှန်းခြေလေးပေလောက် ရှိမယ်။ ရေမြှုပ်သွားရင်လည်း အနီးဆုံးနေရာမှာရှိတဲ့ ကျွန်တော်က ဆက်ကယ်ရဦးမှာဘဲ။

    မေး – အခုလို သူ့အသက်နှစ်ချောင်း ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက်ရော ဘယ်လိုခံစားရပါသလဲ။

    ဖြေ – ဟာ . . . ပျော်တယ်။ အရမ်း ၀မ်းသာပီတိဖြစ်တယ်။ ဒီအမေအိုကြီးရော မြေးမလေးရော၊ ကျွန်တော် ရော ဘာမှမဖြစ်ပွားတဲ့အခါ၊ ရေထဲက ဆယ်ယူပြီးတဲ့အချိန် ဒီကလေးမလေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မှာ ကျွန်တော့်သားသမီးကို မြင်လိုက်ရသလိုပါဘဲ။ ကျွန်တော်မှာလည်း သားလေးတစ်ယောက်ရှိတယ်။ သက်တူရွယ်တူလောက်ပါဘဲ။ ကျွန်တော့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းဖြစ်ပြီး တော့ စကားလည်းမပြောနိုင်ဘူး။ မျက်ရည်ကျပြီး အသားတွေလည်း တစ်ဆတ်ဆတ်တုန်နေတယ်။ အဲဒီလိုခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ အခုလို ကယ်တယ်နိုင်လိုက်လို့ သူတို့ဘ၀တွေ ပါရမီရှိသလောက် သက်တမ်းစေ့ နေနိုင်သွားတော့မယ် ဆိုတဲ့ အသိဝင်လာတဲ့အခါ အရမ်းကိုပီတိဖြစ်မိတယ်။ ဌာနတွင်းကလည်း ချီးကျူးဂုဏ်ပြုကြလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်။

    မေး – အခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။

    ဖြေ – ကျွန်တော့်အနေနဲ့ သူတို့ကို မသေစေချင်တဲ့စိတ်ဆန္ဒရဲ့ စေ့ဆော်မှုအရ ကယ်တင်နိုင်ဖို့ အခွင့်အရေး ကြုံတဲ့အခါမှာ ကယ်တင်နိုင်လိုက်တာဟာ သူတို့ကုသိုလ်ကံ၊ ကျွန်တော့် ကုသိုလ်ကံ ပါရမီအကြောင်းဆုံလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ၀န်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ စကားလေးတစ်ခုရှိတယ်။ အခုလို ပြန်ပြောတဲ့အချိန်မှာလည်း အရမ်းခံစားရတယ်။ ကျွန်တော်တို့ စက်ခေါင်းမောင်းတွေမှာ လူတွေကို အသားလွတ်တိုက်သွားတယ်။ သေကြေပျက်စီးစေလိုတဲ့ စိတ်လုံးဝမရှိကြပါဘူး။ ကျွန်တော်တို့ လူရယ်လို့ဖြစ် လာရင် ညီအစ်ကို၊ မောင်နှမ၊ မိဘ ဘိုးဘွား အကုန်ရှိကြတာပါပဲ။

    ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

    အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။

    အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။

    အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။

    အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။

    ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။

    အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။

    ကိုယ်ရေးအကျဉ်း

    အမည် – ဦးဌေးနိုင်

    မိဘအမည် – ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်

    မွေးသက္ကရာဇ် – ၁၅-၉-၁၉၇၃

    မွေးရပ် – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။

    ရာထူး – စက်ခေါင်းမှူးလက်ထောက်(၁)။

    တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊

     

    Credit-Weekly Eleven

  • မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    မ.မ.လ ဌာနချူပ်မှ ဦးစီးပြီး မြန်မာမွတ်စလင်မ်များ နဝမအကြိမ်မြောက် စုပေါင်းသွေးလှုဒါန်းပွဲပြုလုပ်မည်။

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်

    (န၀မအကြိမ်မြောက်)
    စုပေါင်းသွေးလှူဒါန်းပွဲ

     

     မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး)အဖွဲ့
    မ-မ-လဌာနချူပ်မှ ကြီးမှူးရ်ျ ပုံမှန်ကျင်းပလျက်ရှိသော န၀မအကြိမ်မြာက်
    စုပေါင်းသွေးလှူဒါန်းပွဲကြီးကို(13.5.2012) တနင်္ဂနွေနေ့ နံနက်(83း0)နာရီတွင်
    ရန်ကုန်ပြည်သူဆေးရုံကြီးအမျိုးသား သွေးလှူဘဏ်တွင် ပြုလုပ်ပေးလှူမည်ဖြစ်ပါရ်ျ
    မွန်မြတ်သော သွေးလှူဒါန်းခြင်းကိုအင်တိုက်အားတိုက်ပါဝင်ကြပါရန်  လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

    ဒါနသရဖူ-သွေးအလှူ
ံ
    မြတ်သည့်ဒါန   –   အစဉ်ပြုက
    ကာလသုံးပါး    –   ရွှင်လန်းစရာ
    မြင့်မြတ်လူသား –  ကယ်တင်ခြင်းမှာ
    လူလိုလူသား     –  ပီသစေရာ
    ပစ္စည်း ဥစ္စာ      –   ပိုလျှံစေကာ
    သဒ္ဓါတရား       –   ပေးကမ်းခြင်းထက်
    ခန္ဓာတည်ရာ     –   နှလုံးသွေးမှ
    ပေးဆပ်ခြင်းမှာ  –   ဒါနသရဖူ
    မြတ်သည့်အလှူ –   မြတ်ပေတကား

    ကိုယ်ခြင်းစာနာတတ်ခြင်းသည်ပင်လျှင် တရားစစ်တရားမှန်ဖြစ်သည်။

    သွေးလှူဒါန်းလိုသူများ  မိမိတို့ဧ။်အမည်စာရင်းကို
    5.5.2012 (စနေနေ့)နောက်ဆုံးထားရ်ျ ဌာနချုပ်ရုံးခန်းသို့
    စာရင်းပေးသွင်းနိုင်ပါသည်။
    အမှတ်-(194/196) အခန်း(4-A) ဗိုလ်ဆွန်ပက်လမ်း၊
    ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
    ဖုန်း  241212-25799

    မှတ်ချက်- လူဦးရေကန့်သတ်ထားခြင်းမရှိပါ။။

    ဆော်သြရေးမှူး
    သွေးလှူးဒါ်းရေးတာဝန်ခံ
    မ-မ-လ ဌာနချူပ်

    ကိုကို သတင်းပေးပို့သည်။

  • မောင်တောမြို့နယ်မှ အစ္စလာမ်ဘာသာဝင်များကို မြိုနယ်အတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် ပြု

     မောင်တောမြို့မှ ဗလီဝတ်ကျောင်းတော်တခု (Photo MMSY)

    မောင်တောမြို့နယ် အတွင်း မှီတင်းနေထိုင်နေကြသော အစ္စလာမ်ဘာသာဝင်များကို ယခုလ ၂၁ ရက်နေ့မှ စပြီး ခရီးသွား လက်မှတ်မလိုဘဲ မြို့နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်သည်။

     

    downtown-maungdow

    ” နစက ကွပ်ကဲရေးမှူးက ခရိုင် အစ္စလာမ်ကောင်စီ ဥက္ကဌ ဒေါက်တာ ဦးထွန်းအောင်နဲ့ ဦးမာမတ်စီဒီ၊ ဦးခင်ဇော်၊ ဦးနုမာကိန်း တို့ကို ဖိတ်ခေါ်ပြီးတော့ ရွာထွက်လက်မှတ်လို့ ပြောတဲ့ ထောက်ခံစာတွေ မလိုဘဲ ခရီးသွားလာလို့ ရပြီလို့ ပြောပါတယ်။ အခုလက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ သက်သေခံ ကဒ်ပြားတွေရယ်၊ တခြား ကိုင်ဆောင်ထားတဲ့ အနီ၊ အဖြူ ကဒ်ပြားတွေနဲ့ သွားလာလို့ ရပြီလို့ ပြောပါတယ်။ မြို့နယ် အတွင်းပေါ့။ နယ်ကျော်ပြီးတော့ မဟုတ်ပါဘူး” ဟု ဒေသခံ မွတ်ဆလင် လူကြီး တစ်ဦးက ပြောသည်။

    ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများကို ခေါ်ယူပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်ကြောင်း သူကဆိုသည်။

    မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်မှ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များမှာ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေခ်ျ့နိုင်ငံနှင့် ကပ်ရပ်တည်ရှိသဖြင့် လူဝင် လူထွက်ကို စိစစ်ရန် လိုအပ်ရာမှ အစ္စလာမ်ဘာသာဝင်များ အပေါ် ခရီးသွားလာရေးနှင့် ပတ်သက်ပြီး ယခုလို ကန့်သတ်ထားရခြင်းကြောင်း လူဝင်မူ ၀န်ကြီးဌာ ၀န်ကြီး ဦးခင်ရီမှ များမကြာမှီက ကျင်းပ ပြုလုပ်ခဲ့သော ပြည်သူ့ လွှတ်တော် အမေးအဖြေ ကဏ္ဍ တစ်ခုတွင် ထုတ်ဖေါ် ပြောကြားခဲ့သည်။

    ” အခု လွတ်လပ်စွာ သွားလာခွင့်ပြုပေးလိုက်ပါပြီ။ မောင်တောမြို့နယ် အတွင်းပေါ့။ ဘာခရီးသွား လက်မှတ်မှ မလိုတော့ပါဘူး။ ရွာထွက်လက်မှတ်ဆိုတာတော့ မရှိပါဘူး။ ခရီးသွားလက်မှတ်ကို သူတို့ ပြောကြာတာ ဖြစ်မှာပါ။ အခု မရှိတော့ပါဘူး” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း အတည်ပြု ပြောကြားသည်။

    နှစ်ပေါင်း ၂၀ ကျော် အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို မောင်တောမြို့နယ် အတွင်း ပိတ်ပင်ထားရာမှ မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် လျော့ပေါ့ပေးရပါသလဲဟု မေးမြန်းရာ ဖုံးလိုင်း မကောင်းသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ ဖြေကြားခြင်းကို မရရှိခဲ့ပါ။

    ” ခုလို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရတဲ့ အတွက် ၀မ်းသာပါတယ်။ အခက်အခဲတွေ ကြားထဲက တစ်ခုတော့ အောင်မြင်မူ ရသွားတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် ပလီတွေ၊ အာရဗီ ကျောင်းတွေ ပြင်ဆင်ခွင့်တော့ မရဘူးပေါ့။ ဒါတွေက ကျန်နေသေးတယ်။ လက်ထပ်ခွင့်လည်း ကျန်နေသေးပါတယ်” ဟု ဒေသခံ မွတ်ဆလင် လူကြီးက ဆက် ပြောသည်။

    မောင်တောမြို့နယ် အတွင်းမှီတင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထဲမှ အများစုမှာ အသက် အရွယ် မတိုင်မှီ အိမ်ထောင် ပြုခြင်း၊ အမျိုးသား တစ်ဦးအနေဖြင့် အမျိုးသမီး သုံးလေးဦးထိ လက်ထပ် ယူခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုလျှင် သက်ဆိုင်ရာ နစက တာဝန်ရှိသူများသို့ လက်ထပ်ခွင့် တင်ပြီးမှ လက်ထပ်ခွင့် ပြုကြောင်း သိရသည်။

    ထိုသို့ ကန့်သတ် ထားချက်အပေါ် တချို့နစက တာဝန်ရှိသူများက မိမိ ကိုယ်ကျိုးအတွက် အသုံးချကာ လက်ထပ်ခွင့် တစ်စောင်ကို ကျပ် သုံးထောင်မှ ကျပ် တစ်သိန်းထိ တောင်းစားကြောင်း သိရသည်။

    မောင်တောမြို့နယ် အတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို မြို့နယ် အတွင်း လွတ်လပ်စွာ ခရီးသွားခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မြို့နယ်ကျော်ပြီး သွားလာမူကို ဆက်လက် ကန့်သတ်ထားဆဲ ဖြစ်ကာ မြို့နယ်ကျော် ပြီး သွားလိုပါက ပုံစံ (၄) နှင့် ခရီးသွား ထောက်ခံချက်ဖြင့် သွားလာရကြောင်း စုံစမ်း သိရှိရသည်။

     

    Credit နိရဉ္စရာ

  • မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    မလေးရောက် ရခိုင် ကလေးငယ်များ ပညာမြင့်မားရေး ဆောင်ရွက်မည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှားနိုင်ငံသို့  အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော ရခိုင် ကလေးငယ်များ၏ ပညာရည် တိုးတက် မြှင့်မားရေး အတွက် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

    ရခိုင်ကလေးငယ်များ ပညာရည် တိုးမြင့်ရေးကို ဧပြီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ရခိုင် လူမူရေး လုပ်ကိုင်နေသူများ အကြား သဘောတူညီမူ ရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူများက ဆိုသည်။


    ” အလုပ်ရုံ ဆွေးနွေးပွဲက မျိုးဆက်သစ် ကလေး လူငယ်များ ပညာမြင့်မာရေး အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ပူချုန်းနေမြေ Arakan Refugee Eduction Centre (AREC) ကျောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေရဲ့ ပညာရည် မြင်းမားရေး အတွက် တိုးမြှင့် လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်လာတဲ့ သူတွေက သဘောတူခဲ့ကြပါတယ်” ဟု ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးရုံှး (ARRC) မှ ဥက္ကဌ ဖြစ်သူ ကိုစိုးထွန်းက နိရဉ္စရာသို့ ပြောသည်။

    ဆွေးနွေးပွဲကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလများ၊ ကျောင်း သားမိဘများ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

    ” ကလေး ပညာရေးကျောင်း ရည်ရှည် တည်တံ့ရေး၊ ကျောင်းဆရာ ဆရာမတွေ အချိန်ပြည့် ပညာသင်ကြားနိုင်ရေး၊ ရခိုင်စာ သင်ကြားရေးနဲ့ ကျောင်းရံပုံငွေ တောင့်တင်းရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း တက်ရောက်လာသူ အသီးသီးဆွေးနွေးခဲ့ကြပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

    (AREC) ကျောင်းတွင် ထူထောင်ကတည်းက ယခုအချိန်ထိ ကလေးငယ်များအား စာသင်ပြနေသူ ကျောင်းဆရာ ကိုသီဟအား ကလေးငယ်များအား စာသင်ရသည့် အခက်အခဲနှင့် ပတ်သက်ပြီး နိရဉ္စရာ မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။

    ” ရခိုင်က လာကြတဲ့  ကလေးတွေက ပညာအရေး အရမ်းညံတော့ နေ့တိုင်းလိုလို သင်တန်းတွေ ပေးပြီး အမြဲ လေ့ကျင့် ပေးရပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိက အားနည်းချက်က အင်္ဂလိပ်စာတော်တော်လေး ညံ့တာကို တွေ့ ရတယ်။ နယ်မြေအသီးသီး၊ အလွာအသီးသီးက လာကြသူ့ တွေမို့  သူတို့ ရဲ့ အားနည်းချက် အားသာချက်တွေကို ကြည့်ပြီး ကျွန်တော်တို့  စာပြရပါတယ်” ဟု သူက ပြောသည်။

    Arakan-Refugee-Eduction-Centre

    ၎င်းပြင် အမျိုးသား ကြင်အန် လက္ခဏာများ မပျောက်ပျက်ရေးနှင့် မျိုးချစ်စိက်ဓါတ် ထက်သန်လာအောင် လေ့ကျင့်ပေးမူများလည်း ပြုလုပ်ပေးရကြောင်း သူက ပြောသည်။

    ” ကျောင်းသားတွေဟာ တချိန်ချိန်မှာ ဒီနိုင်ငံကနေ တတိယ နိုင်ငံ တစ်ခုခုကို ထွက်ခွာသွားကြမယ့် သူတွေ ဖြစ်ကြပါတယ်။ တတိယနိုင်ငံကို ထွက် တဲ့အချိန်မှာ သူတို့  ရဲ့ပညာရေး အဆင့်မြင့်ပြီးသား ဖြစ်နေဖို့ လိုတယ်။ နောက်ပြီး နှောင်တစ်ချိန်မှာ အမျိုးသားရေးကို ဦးဆောင်နိုင်တဲ့ လူတော် လူကောင်းတွေ ဖြစ်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီကျောင်းကိုဖွင်ပြီး ခုလို ပညာ သင်ကြားပေးနေတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    ယခု ဒုက္ခသည် ကျောင်း ရပ်တည်နိုင်ရန်အတွက် အဓိက ရံပုံငွေ ရှိဖို့ အများကြီး လိုအပ်ကြောင်း၊ ရံပုံငွေရှိမှသာလျှင် ကျောင်းသူကျောင်သားများ၏ စားဝတ်နေရေး အဆင်ပြေလာမည် ဖြစ်ကြောင်း၊ သူတို့ ၏ အနာဂတ် ပညာရေးကို ကူညီပံ့ပို့ ရန် အများကြီးလိုအပ်ကြောင်း၊ ပြည်ပရှိ ရခိုင်သူ ရခိုင်သားများနှင့် ဆက်သွယ်ကာ အကူအညီများ ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောကြားသွားသည်။

    Arakan Refugee Eduction Centre (AREC) ကျောင်းတွင် သင်္ချာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ ရခိုင်ဘာသာများကို ဆရာ ဆရာမ လေးဦးက တာဝန်ယူ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။

    (AREC) ကျောင်းတွင် ညအိပ်ညစားကျောင်းသူ ကျောင်းသား ၅၀ ကျော်ရှိပြီး သူတို့၏ စားရေး သောက်ရေးများကို ရခိုင် ဒုက္ခသည်များ ကယ်ဆယ်ရေးရုံှး (ARRC) မှ လစဉ် ကူညီ ပံ့ပိုးပေးနေသည်ဟု သိရသည်။

    အဆိုပါ Arakan Refugee Eduction Centre (AREC) ကျောင်းကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ တွင် ဦးဘခိုင်မောင် ဦးစီးတည်ထောင်ပြီး ယခုအခါ ရခိုင် ဆရာတော်များဖြစ်ကြသည့် ဒေါက်တာ အရှင်ရာဇိန္ဒ (ပူးချုန်း)နှင့် အရှင်ပညာဝံသ (ဆူးဂိုင်းဘလို)တို့မှ ဦးဆောင်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။

     

    Credit နိရဉ္စရာ

  • မန္တလေးတွင် ကြာနီကန် ကဘာရ်စတာန် (သုဿန်ဥယျာဉ်) စုပေါင်းသန့်ရှင်းရေးပြုလုပ်

    ကြာနီကန်ကဘာရ်စတာန်ဥယျာဉ်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မန္တလေးမြို့ရှိ သာရေးနာရေးအဖွဲ့များနှင့် လူငယ်များစုပေါင်းလုပ်အားပေးပြီး ၀ိုင်းဝန်းသန့်ရှင်းမှုကို ဒီနေ့(၂၈.၄.၂၀၁၂-စနေနေ့)မှာ ပြုလုပ်ခဲ့ကြပါတယ်။

    ကျွန်မ ကြာနီကန်ကဘာရ်စတာန်ကိုရောက်တော့ မနက် ၆း၄၅ နာရီရှိပါပြီ။ အဲဒီအချိန်မှာပဲ ဖွဂျေရ်ဆွလာသ် အပြီးမှာ စုပြီးအသီးသီးထွက်လာကြတဲ့ အသင်းက ကားတွေ တစ်စီးပြီးတစ်စီး ကဘာရ်စတာန်ထဲဝင်လာပြီး စုရပ်နေရာမှာ ရပ်လိုက်တာကို ပထမဆုံးမြင်လိုက်ရပါတယ်။စုပေါင်းလုပ်အားပေးသန့်ရှင်းရေးသို့ မန္တလေးမြို့ရှိ လူမှုရေးအဖွဲ့ တို့မှ လူငယ်များဝိုင်းဝန်းလုပ်အားပေးကြပါတယ်။ စုပေါင်းလုပ်အားပေးရာတွင် အဖွဲ့များမှ လူငယ်အင်အား (၂၀၀)ကျော်ပါဝင်ခဲ့ပါတယ်။ လုပ်အားပေးရာနေရာသို့ ရောက်ရှိခဲ့ပြီး လုပ်အားပေးနေစဉ်တစ်ချို့ကို အနည်းငယ်မေးမြန်းခဲ့တာလေးနဲ့ ဓါတ်ပုံများကို ဖော်ပြလိုက်ပါတယ်။ စိန်ပန်းသာရေးနာရေး လူငယ်အဖွဲ့၊ စေတနာမွန်လူမှုရေးအသင်း(စကြာအနောက်ဗလီ)၊ ကျောက်ဗလီလူမှုရေးအသင်း၊ အစ္စလာမ့်ရောင်ခြည်လူမှုရေးအသင်း(လက်ပံဗလီ)၊ စကြာလူမှုရေးအသင်း၊ ဟင်ဒွတ်စ်တာနီလူမှုရေးအသင်း၊ ဈ-လူမှုဆောင်ရွက်ရေး(မြို့သစ်)၊ နိဗ္ဗာန်ဆော်+ဇာဝေယာလူမှုရေးအသင်း၊ အိုးတော်ဗလီလူမှုရေးအသင်း … တို့မှ ပါဝင်ခဲ့ကြပါတယ်။ ကရ်စတာန်ထဲဝိုင်းဝန်းသန့်ရှင်းရေးလုပ်ခဲ့ကြပြီး သစ်ပင်တွေ စိုက်ပျိုးခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။

    လုပ်အားပေးလာရောက်လာသူအားလုံးကို နတ်စ်တာစာ၊ အအေး၊ မုန်၊ ငှက်ပျောသီး အစရှိတာတွေ ကျွေးမွေးတာအပြင် နေ့လည်စာထမင်းပါကျွေးပြီး နေ့လည်ပိုင်းမှာတော့ အားလုံးပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

    xxxxxxxxxx

    မေး – အစ်ကို ဒီနေ့အစီအစဉ်လေးအကြောင်းနည်းနည်းလောက် မေးချင်လို့ပါ။

    ဖြေ – ဟုတ်ကဲ့မေးပါ။

    မေး – ဒါဆို ပထမဆုံးအနေနဲ့ အစ်ကို့နာမည်လေးပြောပြပေးပါလား။

    ဖြေ – ဟုတ်ကဲ့ ကျွန်တော် ကိုအောင်နိုင်ပါ။

    မေး – ဟုတ်ကဲ့ အစ်ကိုက ဘယ်အဖွဲ့နဲ့အတူပါဝင်ပြီး လုပ်အားပေးတာပါလဲ။

    ဖြေ – ကျွန်တော် စိန်ပန်းကပါ။ စိန်ပန်းသာရေးနာရေး လူငယ်အဖွဲ့ခေါင်းဆောင်ပါ။

    မေး – ဟုတ်ကဲ့ ကိုအောင်နိုင်တို့အနေနဲ့ ဒီနေ့လုပ်အားပေးဖို့အတွက်ကို ဘယ်လိုဆက်သွယ်ပြီး ဘယ်လိုပါဝင်ခဲ့တာပါလဲ။

    ဖြေ – ကဘာရ်စတာန်သာယာရေးကော်မတီက ဖိတ်ကြားပြီး အစည်းအဝေးခေါ်တယ်။ သူတို့က ဆက်သွယ်တယ်။ ကဘာရ်စတာန်မှာ ညစ်ပတ်နေတယ်။ အထူးသဖြင့် သစ်ရွက်တွေနဲ့တအားရှုပ်ပွနေပြီး သန့်ရှင်းရေးအတွက် လိုအပ်နေတယ်။ ဒါဆိုရင် ကျွန်တော်တို့ သာရေးနာရေးအသင်းတွေစုပေါင်းပြီး သန့်ရှင်းရေးလုပ်ကြရင် ကောင်းမယ်လို့ပြောကြပြီးကဘာရ်စတာန်စုပေါင်းသန့်ရှင်းရေးအတွက် ၀ိုင်းဝန်းလုပ်အားပေးပြီးလုပ်ဆောင်ကြဖို့ဆုံးဖြတ်လိုက်ကြတာပါ။ လူငယ်အဖွဲ့တွေအနေနဲ့ ဘယ်လိုပါဝင်နိုင်မလဲဆိုတာမေးတော့ အဲဒီနေ့က အစည်းအဝေးတက်ကြတဲ့ အဖွဲ့တွေက တစ်ဖွဲ့ကို လူ-၂၀ လောက်စီပါဝင်ကြမယ်လို့ပြောတယ်။ တချို့အဖွဲ့ကလည်း လူ-၅၀လောက် ပါဝင်ကြမယ်လို့ပြောတယ်။

    မေး – ဒါဆို အစ်ကိုတို့ စိန်ပန်းလူငယ်အဖွဲ့က လူ-၂၀ လာကြတယ်ပေါ့။ ကျန်တဲ့အဖွဲ့တွေကရော ဘယ်လိုလာကြလဲ။

    ဖြေ – ဟုတ်ကဲ့ ကျွန်တော်တို့က လူ-၂၀ ပါဝင်ကြတယ်။ တချို့အဖွဲ့တွေက ၁၅-ယောက်၊ အယောက်-၂၀၊ တချို့ အယောက်-၃၀ ပါဝင်ကြပါတယ်။ စုစုပေါင်းအင်အား ၂၀၀-ကျော်လောက်ရှိပါတယ်။

    မေး – အခု … တစ်ခြား ဘယ်အဖွဲ့တွေ ပါဝင်သေးလဲ။

    ဖြေ – စကြာမြောက်ဗလီ၊ စိန်ပန်းသာရေးနာရေး လူငယ်အဖွဲ့၊ စေတနာမွန်လူမှုရေးအသင်း၊ ကျောက်ဗလီလူမှုရေးအသင်း၊ အစ္စလာမ့်ရောင်ခြည်လူမှုရေးအသင်း၊ စကြာလူမှုရေးအသင်း၊ ဟင်ဒွတ်စ်တာနီလူမှုရေးအသင်း၊ ဈ-လူငယ်၊ နိဗ္ဗာန်ဆော်+ဇာဝေယာလူမှုရေးအသင်း၊ အိုးတော်ဗလီလူမှုရေးအသင်း … ဒါက ကျွန်တော် လှမ်းမြင်သလောက်ပြောတာပါ။

    မေး – ဟုတ်ကဲ့ အစ်ကို့အနေနဲ့ ဒီနေ့ ပါဝင်ခဲ့ရတဲ့လုပ်အားပေးအစီအစဉ်လေးကို ဘယ်လိုများ ခံစားရပါသလဲ။

    ဖြေ – ဒါကတော့ ကိုယ့်သင်္ချိုင်းကိုယ် တန်ဖိုးထားရမှာပဲလေ။ ဒါကြီး ညစ်ပတ်ရှုပ်ပွနေတာမြင်ရင် စိတ်မချမ်းသာပါဘူး။ မွတ်စလင်မ်တစ်ယောက်အနေနဲ့ သင်္ချိုင်းကိုတန်ဖိုးထားပါတယ်။ ပြီးတော့ အခုဒီမှာ အဖွဲ့ပေါင်းစုံပါဝင်တဲ့အတွက် တစ်မြို့တည်းသားတွေ အားလုံးစုစုစည်းစည်းလုပ်ဆောင်နေကြတာတွေ့ရတော့ ၀မ်းသာတယ်။

    မေး – ဒါဆို အခုဒီမှာ လူငယ်တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ စုစည်းလုပ်ဆောင်နေကြတာလေး ရှိတယ်ပေါ့နော်။

    ဖြေ – ဟုတ်ကဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု၊ စုစည်းမှု ပိုလာတယ်လို့ ခံစားရတယ်။

    မေး – ဟုတ်ကဲ့အစ်ကို ကျေးဇူးတင်ပါတယ်။ တစ်ခြားတော့ အများကြီးမမေးတော့ပါဘူး။ အစ်ကိုရော ဘာများပြောချင်ပါသေးလဲ။

    ဖြေ – ကျွန်တော်လည်းဝမ်းသာပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ မန္တလေးမြို့ မွတ်စလင်မ်ထုအနေနဲ့ ကဘာရ်စတာန်ဟာ အားလုံးနဲ့ဆိုင်နေတယ်။ အများပါဝင်သင့်ပေမယ့် လူအများမပါဝင်ကြတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။

    မေး – ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်နော် အစ်ကို။

    ဖြေ – ဟုတ်ကဲ့ပါ ဟုတ်ကဲ့။

    xxxxxxxxxxxxxxxxxxxx

    မေး – အတ်စလာမုအလိုင်ကွမ်း …

    ဖြေ – ၀အလိုင်ကွမ်းစလာမ် …

    မေး – အန်ကယ်လ်ကို ကဘာရ်စတာန်နဲ့ပတ်သက်ပြီး နည်းနည်းလောက်မေးခွင့်ပြုပါ။

    ဖြေ – မေးပါ ရပါတယ်။

    မေး – အန်ကယ်လ်နာမည်လေးတစ်ချက်လောက် ပြောပြပေးပါလား။

    ဖြေ – ကျွန်တော့်နာမည်က ဦးတင်ဝင်း၊ ကီးမားဦးတင်ဝင်းပါ။

    မေး – အန်ကယ်လ်က ဒီကြာနီကန်ကဘာရ်စတာန်မှာ ဘာတာဝန်များယူထားတာပါလဲ။

    ဖြေ – ဥက္ကဋ္ဌပါ။ ကဘာရ်စတာန်သာယာလှပရေးကော်မတီမှာ ဥက္ကဋ္ဌတာဝန်ပါ။

    မေး – ဒီနေ့လုပ်တဲ့အစီအစဉ်လေးကို နည်းနည်းပြောပြပေးပါဦး။ ဘယ်လိုစီစဉ်ပြီး လုပ်ခဲ့ကြသလဲဆိုတာကိုပေါ့။ ဒီမှာ လူငယ်တွေအများစုပါဝင်တယ်ဆိုတော့လေ။

    ဖြေ – ဒီမှာက အမြဲတမ်းတော့သန့်ရှင်းရေးလုပ်ပါတယ်။ ဒါပေမယ့် အခုက နွေရာသီမှာ သစ်ရွက်တွေ ကြွေတော့ သစ်ရွက်ခြောက်တွေနဲ့တအားရှုပ်ပွသွားတယ်။ ဒါဆို ရှင်းလင်းဖို့လည်းလိုတယ်လေ။ ပြီးတော့ မကြာခင်မှာ ရှဗေ့ဗရသ်လည်းရောက်တော့မယ်။ ဒီမှာ ရှုပ်ပွနေရင် ကဘာရ်စတာန်ကို ဇေယာရသ်လာတဲ့လူတွေလည်း စိတ်အနှောက်အယှက်ဖြစ်မယ်။ ဒါကြောင့် အခု ကြိုပြီးတော့သန့်ရှင်းရေးလုပ်တာပါ။ နောက်ပိုင်းမှာ အခုလို စုပေါင်းပြီး တစ်လတစ်ကြိမ်လောက်လုပ်ဖို့လည်း စိတ်ကူးရှိတယ်။

    မေး – ဟုတ်ကဲ့၊ တစ်လတစ်ကြိမ် ပုံမှန်လုပ်ဖို့ပေါ့နော်။

    ဖြေ – ဟုတ်ပါတယ် အမြဲတမ်းပါ။

    မေး – အန်ကယ်လ်တို့ ကဘာရ်စတာန်သာယာလှပရေးအတွက် လုပ်ဆောင်တဲ့အခါ ဘာတွေများလိုအပ်ချက်တွေရှိပါသလဲ။ ရှေ့ဆက်ပြီး ဘာတွေများလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ။

    ဖြေ – ဟိုးအရင် ပထမက မန္တလေးမှာ ဒဖွနာလို့ရတဲ့နေရာတွေ အများကြီးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း မြို့ထဲက ကဘာရ်စတာန်တွေလည်း ပိတ်ခံလိုက်ရတယ်လေ။ အခုဆို အမရပူရတို့ကအစ ဒီမှာလာပြီး ဒဖွနာရတော့ ဒီဘက်အခြမ်းကပြည့်လာပြီဆိုတော့ မြောက်ဘက်ခြမ်းမှာ တိုးချဲ့ရတော့မှာ။ အဲလိုချဲ့ရတဲ့အခါမှာ သင်္ချိုင်းတစ်ခုရဲ့ အင်္ဂါရပ်နဲ့ညီအောင် ရေပိုက်လိုင်းတွေသွယ်ရမယ်၊ မီးတိုင်တွေစိုက်ရမယ်၊ နားနေဆောင်တွေလုပ်ရမယ်၊ လူသွားလမ်း(အုတ်လမ်း)တွေရှိရမယ်။ အဲဒီအတွက်ကို အခုလုပ်ဆောင်နေတာတော့ သိန်း-၃၀၀ လောက်ကုန်နေပြီ။ နောက်ထပ် သိန်း-၁၅၀ လောက်တော့ထပ်လိုမယ်။ အဲဒီအတွက်လည်း ရှာဖွေနေပါတယ်။

    မေး – ဟုတ်ကဲ့ ကဘာရ်စတာန်သာယာလှပရေးအတွက် တခြားစိတ်ဝင်စားသူများရှိလို့ အန်ကယ်လ်တို့နဲ့ ဆက်သွယ်ချင်တယ်ဆိုရင်ရော။

    ဖြေ – ဟုတ်ကဲ့ အန်ကယ်လ်တို့နဲ့ ဆက်သွယ်နိုင်ပါတယ်။ အန်ကယ်ကတဆင့်လည်း ကော်မတီကို ဆက်သွယ်လို့ရပါတယ်။ အန်ကယ့်လိပ်စာက ၃၅-လမ်း၊ ၇၆-လမ်းထောင့်၊ ကီးမားတင်ဝင်း ဆိုရင် အားလုံးသိကြပါတယ်။ ဖုန်းနံပါတ်က (09-2005110) ပါ။ နောက်ပြီးတော့ အတွင်းရေးမှူး ဦးဝလီတင်အောင် (09-43171940) နဲ့ ဘဏ္ဍာရေးမှူး ဦးဘညွန့် (09-402578378) ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

    မေး – ဟုတ်ကဲ့ပါ အန်ကယ်လ်။ အခုဆို ဒီမှာ လူငယ်အဖွဲ့တွေ တော်တော်များများတွေ့ရတယ်နော်။

    ဖြေ – ဟုတ်ပါတယ် အဖွဲ့တွေ တော်တော်များများကလာပြီး လုပ်အားပေးကြပါတယ်။ နှစ်စဉ်လည်း လုပ်အားပေးဖြစ်ကြပါတယ်။

    မေး – ဟုတ်ကဲ့ပါ အန်ကယ်လ်။ အန်ကယ့်လ်အနေနဲ့ တစ်ခြား ဘာများပြောချင်ပါသေးလဲ။ ကဘာရ်စတာန်ကိစ္စနဲ့ပတ်သက်ပြီးတော့ရော နောက်ပြီး ဒီနေ့ အစီအစဉ်လေးအတွက်ရောပေါ့။

    ဖြေ – အခုလို စုံစုံလင်လင်လာပြီးလုပ်အားပေးကြတော့ အရမ်းကိုဝမ်းသာပါတယ်။ နောက်ပြီး အခုလုပ်အားပေးကြသူတွေကို ကျွေးမွေးဧည့်ခံတာတွေအတွက် ကော်မတီက ပိုက်ဆံကို တစ်ပြားတစ်ချပ်မှ မသုံးစွဲပါဘူး။ ကော်မတီဝင်တချို့နဲ့ အခြားအလှူရှင်တချို့ကစိုက်ထုတ်ပြီးတော့ ကျွေးမွေးဧည့်ခံတာအားလုံးဆောင်ရွက်ပါတယ်။

    မေး – ဟုတ်ကဲ့ပါ။

    ဖြေ – သင်္ချိုင်းသာယာလှပရေးအတွက်လည်း အလှူရှင်တွေရဲ့အင်အားက အင်မတန်မှ လိုအပ်ပါတယ်။ ကဘာရ်စတာန်အတွက်က ပုံမှန်ဝင်ငွေမရှိဘူး။ ဖြစ်နိုင်ရင်တော့ ၀န်ထမ်းတစ်ယောက်လောက် ခန့်ထားသင့်ပါတယ်။ ခန့်ထားသင့်တယ်ဆိုတာ ဒီမှာလာပြီးတော့ လှူဒါန်းချင်သူ ဘာညာရှိရင်လည်း လွယ်ကူအောင်လို့ပါ။ အဲဒါလေး စဉ်းစားထားတာတော့ရှိတယ်။ ကြိုးစားနေပါတယ်။

    မေး – ဟုတ်ကဲ့ပါအန်ကယ်လ် အခုလို ပြောပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

    ဖြေ – အခုလို မေးတာအတွက် အန်ကယ်လ်ကလည်းကျေးဇူးတင်ပါတယ် …… ။

    xxxxxxxxxxxxxxxxxxx

    လုပ်အားပေးကြရန် ရောက်လာကြစဉ်နှင့် ပြင်ဆင်နေကြစဉ်

     

     

     

    သန့်ရှင်းရေး စလုပ်ကြစဉ်

     

     

    လုပ်အားပေးကြသူအားလုံးထမင်းစားကြချိန် (အလှူရှင်ရဲ့ ဒံပေါက်ထမင်းဗူး)

    < ကိုယ်တိုင်လည်း ထမင်းစားနေလိုက်လို့ ဓါတ်ပုံနည်းနည်းပဲ ရိုက်လိုက်ရတယ် >

    ရှင်းလင်းပြီးတဲ့ တစ်စိတ်တစ်ပိုင်း

    xxxxxxxxxxxxxxxxxxx

    ကျွန်မမြင်တွေ့ခဲ့ရတဲ့ လုပ်အားပေးအစီအစဉ်လေးကတော့ လူငယ်တွေရော လူကြီးတွေပါ ချွေးဒီးဒီးကျ ပင်ပန်းနေပေမယ့် ပျော်ရွှင်စွာ ၀ိုင်းဝန်လုပ်ဆောင်နေကြတာလေးမြင်ရတော့ ရင်ထဲမှာဝမ်းသာပီတိဖြစ်မိပါတယ်။

    စုစုစည်းစည်းတက်ညီလက်ညီလုပ်အားပေးကြခဲ့သများအားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်မိပါတယ်။

    ကျွန်မပြန်လာတဲ့အချိန်မှာ သိလိုက်ရတာတစ်ခုက စုပေါင်းသန့်ရှင်းရေးလုပ်တာ ဒီနေ့ မပြီးပြတ်တာကြောင့် နောက်တစ်ပတ်ခြားမှာ စုပေါင်းသန့်ရှင်းရေး တစ်ခါပြန်လုပ်မယ်ဆိုတာကို သိခဲ့ရပါတယ်။

    နောက်ပိုင်းလုပ်မယ့် လစဉ်သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်လေးမှာ အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ မန္တလေးမြို့မှ မွတ်စလင်မ်လူငယ်ထုအင်အား ဒီထက်မက ပါဝင်နိုင်ကြပါစေလို့ ဒုအာပြုမိပါတယ် ………

    အခုအစီအစဉ်လေးမှာ ပါဝင်ခဲ့ကြသူများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်မှ ထာဝရကူညီစောင့်ရှောက်တော်မူပါစေ …….. အာမီးန်း ……

     

    ဓါတ်ပုံနှင့် အင်တာဗျူး- ဝိုင်း