News @ M-Media

Blog

  • မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင် အားဂုဏ်ပြုပွဲပြုလုပ်

    မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သော စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင် အားဂုဏ်ပြုပွဲပြုလုပ်

    မိမိအသက်ကိုပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအားကယ်တင်နိုင်ခဲ့သူစက်ခေါင်းမှူးလက်ထောက်ဦးဌေးနိုင်အား ရန်ကုန်မြို. အစ္စလာမ်ဓမ္မဗိမာန်(Islamic Center Of Myanmar) နှင့် ၁၄၈၆ ကြိမ်မြောက်တမန်တော်နေ့ကျင်းပရေးဗဟိုကော်မတီ တို့အသီးသီး ဂုဏ်ပြုခဲ့ကြကြောင်းသိရှိရသည်။

    ရန်ကုန်မြို.အစ္စလာမ်ဓမ္မဗိမာန်(Islamic Center Of Myanmar)က စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်အားဆုတော်ငွေကျပ်(၁၀) သိန်း ကိုမေလ (၁၂) ရက် အစ္စလာမ်ဓမ္မဗိမာန် တွင်ကျင်းပ သည့် တမန်တော်နေ့အခမ်း အနားကြီးတွင်ထိုက်တန် စွာချီးမြှင့်ခဲ.သည်။

    ၁၄၈၆ ကြိမ်မြောက်တမန်တော်နေ့ကျင်းပရေးဗဟိုကော်မတီ က မေလ (၂၀) ရက် က ယုဇနဂါးဒင်းဟိုတယ် တွင်ကျင်းပ သည့် တမန်တော်နေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကြီးတွင် ဆုတော်ငွေကျပ် (၅) သိန်းကိုထိုက်တန် စွာချီးမြှင့်ခဲ.သည်။

    ယင်း ဂုဏ်ပြုဆုတော်ငွေကို ဗဟိုကော်မတီကိုယ်စား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ မှချီးမြှင့်ခဲ့ပါတယ်။

    ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အ၀င်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။အဆိုပါရထားလမ်း တံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။ အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥသြဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။ အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။ အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။

    ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။

    အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။

    ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၆၂ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအ၀င် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။

    ကိုယ်ရေးအကျဉ်း

    အမည်    –    ဦးဌေးနိုင်
    မိဘအမည်    –    ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်
    မွေးသက္ကရာဇ်    –    ၁၅-၉-၁၉၇၃
    မွေးရပ်    –    ပုသိမ်မြို့၊  ဧရာဝတီတိုင်းဒေသကြီး။
    ရာထူး    –    စက်ခေါင်းမှူးလက်ထောက်(၁)။
    တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊

     

    မောင်လျှောက် (ရွှေမြယာ)

  • မန်းတက္ကသိုလ် မွတ်စလင်မ်အသင်းနှင့်နိဗ္ဗာန်ဆော် အဖွဲ့ တို့မှ အရိုးကုဆေးရုံသို့ သောက်သုံးရေလှူဒါန်း

    မန်းတက္ကသိုလ် မွတ်စလင်မ်အသင်းနှင့်နိဗ္ဗာန်ဆော် အဖွဲ့ တို့မှ အရိုးကုဆေးရုံသို့ သောက်သုံးရေလှူဒါန်း

    University Muslim Fellowship (Mandalay) – UMF ၊ တက္ကသိုလ် မွတ်စလင်မ် မိတ်သဟာ အသင်း (မန္တလေး) နှင့် နိဗ္ဗာန်ဆော် အဖွဲ့ တို့ ပူးပေါင်းပြီး မန္တလေး အရိုးအထူးကု ဆေးရုံ ကြီးကို နေ့စဉ် သောက်သုံးရေသန့်များ သွားရောက် လှုဒါန်းလျှက် ရှိပါသည်။

    အဆိုပါ ရေသန့် လှုဒါန်းမှု တစ်နေ့တာအတွက် ၉၀၀၀ ကျပ်ခန့် ကုန်ကျပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် ကူညီ ဆောင်ရွက်နိုင်ပါသည်။

    အသေးစိတ် သိရှိလိုပါက အောက်ပါ လိပ်စာများသို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

    ကိုနေလ (နိဗ္ဗာန်ဆော် ရုံးခန်း) ဖုန်း 02-60849

    ကိုခင်မောင်ထွန်း                  ဖုန်း 09-1010655

    ကိုခင်မောင်ညွန့် (ရာပြည့် ဆေးဆိုင် ) ဖုန်း 09-402578183

    ကိုညီညီဇော်  (မွတ်စလင်မ်ရိပ်သာ)         ဖုန်း 09-402559808 တို့တွင် ဆက်သွယ် စုံစမ်းနိုင်ကြပါသည်

  • ပေါင်မြို့နယ်ရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ် ရရှိရေးအတွက် အကူညီပေးရေးကော်မတီ ဖွဲ့စည်း

    မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ အစည်းအဝေးကို  ပေါင်မြို့နယ် မုတ္တမမြို့ရှိ  မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ ဘာသာရေးအဖွဲ့ခွဲ မုတ္တမမြို့  မ .မ.လ  အဖွဲ့ခွဲရုံးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

    ထိုအစည်းအဝေးသို့ ပေါင်မြို့နယ်အတွင်ရှိ ဗလီ(၇)လုံးမှ ဂေါပကအဖွဲ့ဝင်များ မ.မ.လ အဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ အစ္စလာမ်သာသနာရေးရာ ကောင်စီမှ တာဝန်ရှိသူများ  အိုလမာသာသနာ ပညာရှင်များ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

    ကူညီပေးရေးအဖွဲ့ခေါင်ဆောင် မ.မ.လအဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်မြင့်မှ  အမှာစကားပြောကြားနေပုံ

    ကူညီပေးရေးကော်မတီမှ  ပြန်ကြားရေးမှူးကိုကြည်ဝင်းမှ  ပြန်ကြာရေးဆိုင်ရာများကိုတင်ပြနေပုံ

     

    ကူညီပေးရေးကော်မတီမှတာဝန်ခံကိုအောင်ကျော်ထွေးမှ နိုင်ငံသာစိစစ်ရေးကဒ်ရရှိရန်လိုအပ်သည်များကိုတင်ပြနေပုံ     

  • အတိတ်ကိုအနာဂတ်ခရီးမှာသယ်သွားမယ်ဆိုရင်

    အလိမ္မာ

    ပြောတယ် ပြောပါတယ် စာဖတ်ပါ စာဖတ်ကြပါလို့ … ဖတ်တယ်ဖတ်တယ်နဲ့ ဘာဖတ်သလဲတော့မမေးနဲ့ … အင်း … အများတကာ ရေးသမျှစာကိုတွေ့ကရာဖတ်တာတော့ ဟုတ်ပါပြီ။ ဥာဏ်လေးတော့ချဲ့တွေးဦးမှပေါ့နော့။ ခုတော့ အွန်လိုင်းတက် ဘလော့တကာလှည့် ဖေ့ဘွတ်တကာပတ်လို့ ဆဲရေးတိုင်းထွာနေလိုက်ကြထှာဆိုတာမြန်း … တော်သေး … အွန်လိုင်းပေါ်စာချတာ အသံမထွက်လို့ … ရေးသမျှစာ ချသမျှကော့မန့် အသံနဲ့သာထုတ်ပေးရင် မြန်မာပြည်အနှံ့ ဆဲလုံးသံတညံညံနဲ့ ကျက်သရေတက်နေဦးမှာပ … အင်း … အရပ်ရှစ်မျက်နှာက သူတော်ကောင်း မိကောင်းဖခင်သားတို့သမီးတို့ရေ … စိတ်တော့မရှိနဲ့ ပြောချင်တာက စာနဲ့ဆဲတာလဲ စိတ်စေရာမို့ ပါးစပ်ကပြောသလို အပြစ်ဖြစ်တယ်ဆိုတာလေး ဥာဏ်ချဲ့တွေးစေချင်။ စာမတတ်ဘွဲ့ရ သို့ပေတည့် စာတော့ချတတ်ကြပါတယ်။ ငါတလုံးထပ်လို့ တဗြန်းဗြန်းနဲ့ဆဲနေလိုက်ထှာမြန်း ဘယ်လိုကျောင်းပြီးခဲ့လဲ မေးစရာကိုမလိုအောင် တော်ကြတတ်ကြပါပေတယ်။

    ခုလိုပြည်တွင်းအပြောင်းအလဲတွေကြောင့် ပြည်ပနိုင်ငံခြားသားတွေ မြန်မာပြည်အရေး အာရုံစိုက်လို့ စိတ်ဝင်စားနေကြချိန်မှာ မြန်မာ့အဆင့်ကို ဒီလိုနည်းနဲ့တော့ မပြကြပါနဲ့လားလို့ပြောရင် ၀ိုင်းတုတ်ကြဦးမယ်။ အသံမထွက်ပဲ ပြောချင်တာလေးတော့ ပြောကြည့်ဦးမယ်။ စာဖတ်တဲ့အခါ ပါးစပ်ပိတ်ပြီး အသံကျယ်ကျယ်အော်ဖတ်တာနဲ့ ပါးစပ်ဖွင့်ပြီး အသံတိတ်ဖတ်တာ ဘယ်ဟာပိုထိရောက်မယ်ထင်ပါသလဲရှင်။ ဟုတ်ကဲ့။ စမ်းကြည့်ပေါ့နော့။ ဘယ်လိုဖတ်ဖတ် ဘယ်လိုနားလည်လည် ဖတ်တာကော နားလည်တာကော တုံ့ပြန်တာကော ကိုယ်ကိုယ်တိုင်က လုပ်ဆောင်နေတာမို့ ငါဆိုတာကြီးက ဘယ်လိုလူလဲ သိအောင်အရင်လုပ်ကြည့်ပါ့လားနော်။ ဥပမာ ကိုယ်ရေးနေတဲ့ ဆဲရေးတိုင်းထွာ စာတွေကို မှန်ကြီးကြီးရှေ့မှာ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်ပြီး ရွတ်ကြည့်တာမျိုးပေါ့။ အဲ့လူဟာ အများတကာ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာမြင်ချစ်ခင်စရာကြီးဖြစ်လာမှာအမှန်ပဲ။

    ဟိုးတလောက မကြာခဏဆိုသလို ကြုံကြုံကြိုက်ကြိုက် တိုက်ဆိုင်လိုက်ထှာမြန်း ပြောရဦးမယ်။ အသံတော့မထွက်ရဲသေးဘူး။ နိုင်ငံခြားသား အသိမိတ်ဆွေတွေက ကိုယ့်မြန်မာနိုင်ငံအကြောင်း ကိုယ်ကြွားလေသမျှနားထောင်နေရရှာသကိုးလေ။ မတင်းတိမ်နိုင်တော့ ဘာလုပ်တယ်မှတ်လဲ။  ဖေ့ဘွတ်ပေါ်တက် တွေ့သမျှမြန်မာစာတွေ အကြောင်းလိုက်ကူးပြီး ဂူဂဲလ်မှာ မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ အလိုအလျောက်ဘာသာပြန်ပေးနိုင်မယ့် အပျော့ထည်တွေရှာနေတာ … ဘာသာပြန်ပြီး လေ့လာမလို့တဲ့လေ။ အောင်မြက်လေး ဘုရားဘယ်နှစ်ကြိမ်တလိုက်မိသလဲတောင်မသိတော့ဘူး။ မျက်နှာလဲမပျက်အောင် ထိန်းရသေး။ ထရန်စလိပ်တာမရှိပါစေနဲ့ မပေါ်သေးပါစေနဲ့ ဆုတောင်းလိုက်ရထှာ ရင်တွေ ခုန်လဲခုန် တုန်လဲတုန်။ ဟင်းးးးးး။ ဒါက သာမာန်လူတွေနော်။ တကယ့်မြန်မာ့အရေးကို ရဆာ့ခ်ျ လုပ်နေတဲ့နိုင်ငံခြားသားတွေအတွက်တော့ မြန်မာစကား မြန်မာစာကို ကိုယ်တိုင်ကိုယ်ကျတတ်အောင်လုပ်ပြီးတကြောင်း ဘာသာပြန်ငှားပြီး တသွယ် ဒါတွေဒါတွေကို ဘာတွေဘာတွေလဲဆိုတာ သိနေကြတယ်ဆိုတာ သိစေချင်စမ်းလှတယ်။ ဖြစ်ချင်တော့ ဥာဏ်ကိုချုံ့ပြီး ပုဆိုးခြုံကြားကပြနေတာ မျက်နှာမမြင်လို့ ဘယ်သူဘယ်ဝှာမသိကောင်းပါဘူးဆိုပေသည့် ဒါတွေဒါတွေဟာ နိုင်ငံတနိုင်ငံရဲ့ အခြေခံလူ့ အဆင့်အတန်း လူ့အကျင့်စရိုက် လူ့ကျင့်ဝတ်တွေကို ကိုယ်စားပြုနေတယ်ဆိုတာ ဥာဏ်ကိုချဲ့ပြီး သိမြင်ခံစားစေချင်စမ်းလှတယ်။ တကယ်ပါ။ တကယ်ပါ။ အဟုတ်ပါ။ စေတနာနဲ့ ချစ်လို့ပါလို့။

    အနာဂတ်ခရီးမှာ အတိတ်ဘယ်လိုဖျောက်ဖျောက် အရိပ်လောက်တော့ လိုက်ပါနေဦးမယ်ဆိုတာ မမေ့ပါနဲ့။ အရပ်ရှစ်မျက်နှာက သူတော်ကောင်း ဆဲဆဲသမျှအကောင်းမှတ်နေတဲ့ မိကောင်းဖခင်သားသမီးအပေါင်းတို့လဲ လူ့တစ်ယောက်ချင်းစီမှာ တန်ဖိုးကိုယ်စီရှိကြတာမို့ မသိချင်ယောင်ဆောင်ထားပြီး ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်ချမပစ်လိုက်ကြပါနဲ့လို့။ တကယ်ပါ အဟုတ်ပါ။ စေတနာနဲ့ တန်ဖိုးလဲထားလို့ပါလို့။ အနာဂတ်ကိုဦးဆောင်မယ်ဆိုလဲ ခေါင်းဆောင်ကောင်း သို့မဟုတ်လို့  နောက်လိုက်မယ်ဆိုလဲ နောက်လိုက်ကောင်း ဖြောင့်ဖြောင့်လေးသွားစေချင်လို့ပါ။ ကားယားကြီးနဲ့ ဆဲရလွန်းလို့ ပါးစပ်ကြီးပြဲပြီး ကန့်လန့်ကြီးဖြစ်နေရင် အလှသမားတွေကြား ကြည့်ရဆိုးနေပါ့မယ်။ အမှားပါရင်ခွေးလွတ် အဲ့လေ ဟောင်သံတွေအကြားများတော့ မှားတောင်မှားသွားတယ် … ခွင့်လွတ်ပါလို့။ နော့ နော် နော။

  • ကိုယ့်သာသနာကို ကိုယ်တိုင်တကယ်ချစ်ပါသလား ?

    ဂျူလိုင်ရဲရင့်

    အခုတစ်လော Online ပေါ်မှာရော၊ ပတ်ဝန်းကျင်မှာပါ ဘာသာရေးပုတ်ခတ်မှုတွေ၊ ဖြေရှင်းမှုတွေ တအုံတကျင်းဖြစ်လာတာတွေ့ရကြားရပါတယ်။ ပုတ်ခတ်လှုံ့ဆော်နေကြတဲ့သူတွေကို ဒီနေရာကနေ ကျွန်တော် မေးခွန်း တစ်ခုမေးကြည့်ချင်ပါတယ်။ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပေါ်လာတာကိုမြင်ချင်နေ ကြလို့လားခင်ဗျာ ? Online ပေါ်မှာ လူလုံးမပြဘဲ ဟစ်မေးမေးနေတာ မဟုတ်ဘူးနော်။ အပြင်လောကမှာ အဲ့ဒီလို အစွန်းရောက်နေတဲ့ ( ခပ်ကြမ်းကြမ်းဆိုရယင် သွေးဆူနေတဲ့) သူတွေကို တွေ့ကြုံတိုင်း ကျွန်တော် ဒီလိုဘဲ မေးမြန်းကြည့်တယ်။ ဟုတ်တိပတ်တိ အဖြေမပေးနိုင်ကြဘူးဗျ။ တစ်ချို့ကျတော့ပြောတယ် – ၀ံသာနု ရက္ခိတတရား ဆိုတဲ့ စကားလုံး  သုံးလာကြပါတယ်။ မေးတာတစ်ခြားဖြေတာ တစ်လွဲဖြစ်နေပေမယ့် ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ သြ၀ါဒဖြစ်တဲ့ မဇ္ဈိမပဋိပဋာလမ်းကြောင်းကနေ စဉ်းစားကြည့်တာပါ။

    ကမ္ဘာပေါ်မှာရောက်ရှိလာကြတဲ့ လူသားတိုင်းဟာ (ကျွန်တော်အပါအ၀င်ပေါ့) မိမိဟာ ဘာလူမျိုးဖြစ်ရမယ်လို့ ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး လူဖြစ်လာရတာမှ မဟုတ်လေဘဲ။ မိဘက မြန်မာဆို သားသမီးက အလိုလိုနေယင်း မြန်မာဖြစ်ရတာ – လူမျိုးမတူယင် ကပြားဖြစ်လာရတာ။ပြီးတော့ရွေးချယ်ပိုင်ခွင့်မရှိတဲ့ ကံတရားအတိုင်း လူဖြစ်လာကြတဲ့နောက် ဘာလူမျိုးပါလို့ဆိုပြီး သတ်မှတ်ခံရတယ် မဟုတ်ပါလား ? ဆိုပါစို့။ အင်္ဂလန်ပြည်က အင်္ဂလိပ်စစ်စစ် တစ်ဦးဟာမြန်မာပြည်မှာ လာနေပြီး မိမိကိုယ်ကို မြန်မာလူမျိုးပါလို့ သတ်မှတ် ကြွေးကြော်နေရင် ရယ်စရာကြီးဖြစ်နေမှာပေါ့။ ပြီးတော့ ဒီလူဟာ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို လက်ခံလိုက်တာနဲ့ မြန်မာလူမျိုးဖြစ်မလာသလို၊ ဗမာလူမျိုးတစ်ဦးက ခရစ်ယာန် ဘာသာဖက် ပြောင်းသွားတာနဲ့ အင်္ဂလိပ်လူမျိုးလဲ ဖြစ်မသွားပါဘူး။ ဘာပဲဖြစ်ဖြစ် လူမျိုးက လူမျိုးပါဘဲ။ ဘာသာတရားက ဘာသာတရားပါဘဲ။ ကျွန်တော်တို့ကိုယ်၌က မကွဲမပြား ဖြစ်နေပါတယ်။ ပြီးတော့ ဘယ်လူမျိုးကိုဘဲကြည့်ကြည့်၊ ကိုယ့်အမျိုးကို ချစ်မြတ်နိုးသူရှိသလို လူမျိုးခြားကိုမှ အထင်ကြီး တာတွေလည်း ရှိနေတာဘဲ။ သူ့အကြောင်းနဲ့သူပါ။ ချစ်ခြင်းဖြစ်စေ၊ မုန်းခြင်းဖြစ်စေ စိတ်မှာသာ တည်တာပါ။ မိမိရဲ့စိတ်ကိုတောင် အစိုးမရနိုင်တာ တခြားသူတွေကလည်း သူ့စိတ်နဲ့သူ သူ့သဘော သူဆောင်နေပါလိမ့်မယ်။ ဘယ်လိုလူမျိုးဟာ ဘယ်ဘာသာတရားအောက်မှာဘဲရှိရမယ် ဆိုတဲ့ သတ်မှတ်ချက် လောကမှာ မရှိပါဘူး။ လူမျိုးတူပေမယ့် ဘာသာကွဲတာ၊ ဘာသာတူပေမယ့် လူမျိုးကွဲတာ မမြင်ချင်အဆုံးဘဲ မဟုတ်လား။ ဒီသဘာဝတရားအပေါ် ကျွန်တော်တို့ ဘာကြောင့် အလိုမကျဖြစ်နေဦးမှာလဲ?

    မိမိလူမျိုးကို တကယ်ချစ်ယင် လူမျိုးကိုဘဲကြည့်သင့်တယ်။ ဘာသာတရားလို့ဆိုလာယင် ဘာသာတရားရဲ့မျက်နှာတစ်ခုထဲ ကြည့်သင့်ပါတယ်။ လူမျိုးနဲ့ဘာသာ ရောထွေးပြီဆိုယင် မိမိကိုယ်တိုင် ရောထွေးမှုပြသနာထဲ ခုန်ဆင်းနေတာပါဘဲ။ အဲ့လိုလူစားတွေကို ကြည့်လိုက်ပါဦး။ ကိုယ့်ဘာသာသာသနာရဲ့ ကောင်းကျိုးကိုရော ကိုယ့်လူမျိုးရဲ့ကောင်းကျိုးကိုပါ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တော့ဘဲ မျောက်သစ်ကိုင်းလွတ် ဖြစ်ကုန်တာ လက်တွေ့မြင်ရမှာပါ။ ဒီတော့ သူတို့ရဲ့ ကြွေးကြော်မှု၊ ပုတ်ခတ်မှု။ လှုံ့ဆော်မှုတွေရဲ့နောက်ကွယ်မှာ ဘာတွေကို အကြောင်းခံထားသလဲ၊ တကယ့်ရည်ရွယ်ချက် အမှန်က ဘာလဲလို့ ကျွန်တော်တို့မြင်အောင်ကြည့်ဖို့ လိုအပ်လာပါပြီ။ အဲ့ဒီအခြေအနေကနေ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အကျိုးတရားက ဘာလဲ …. မုန်းတီးရွံရှာမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အငြိုးအာဃာတတွေ၊ပြသနာတွေ၊ မတည်ငြိမ်မှုတွေ အဆုံးသတ်မှာတော့ ရန်ပွဲတွေ၊ စစ်ပွဲတွေဖက် ဦးတည်သွားတာဘဲ မဟုတ်လားဗျာ။ မလိုလားအပ်တဲ့ အဓိပ္ပါယ်မဲ့ အဓိကရုဏ်းတွေဖြစ်လာတဲ့ အခါ မိမိချစ်ပါတယ်ဆိုတဲ့ မိမိလူမျိုးတွ၊ မိမိဘာသာဝင်တွေ အနည်းနဲ့အများ ထိခိုက်နစ်နာစေတာ – သွေးချောင်းစီးစေတာကလွဲလို့ တခြားဘာ အကျိုးအမြတ်ရှိပါသေးသလဲ။ ရှိပါတယ်လို့ ဇွတ်ပေငြင်းနေသူတွေကို အဲ့ဒီအကျိုးအမြတ်တွေကို ဖော်ပြခိုင်းကြည့်ပါ။ ဒီလောက်ဆိုယင် ဆင်ခြင်တုံတရား ရှိသူတိုင်း ရိပ်စားသိမြင်နိုင်ပါပြီနော်။ မိမိအမျိုးသား/ လူမျိုးအပေါ်ကောင်းကျိုးဆောင်ရွက်နိုင်စွမ်း မရှိရင်တောင်မှ လူထုကြားထဲ ပူလောင်မှုကို သွတ်သွင်းဖြန့်ချိတာမျိုး ရှောင်ကြဉ်ဖို့၊ တားဆီးဖို့ လိုအပ်ပါတယ်။ ၀ံသာနုရက္ခိတရဲ့ အနိမ့်ဆုံးအခြေခံသဘောက မတိုးတက်ယင်နေ – ငြိမ်းချမ်းတည်ငြိမ်နေရမယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။

    ဘာသာရေးကိစ္စမှာလဲ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံး ဥပမာတစ်ခုပေးလိုပါတယ်။ ကျွန်တော်က (မှန်မှန်မှားမှား အကြောင်း တစ်ခုခုကြောင့်) လူတစ်ဦးကို မအေနှမကိုင်တုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်တယ်ဆိုပါစို့။ နံပါတ်တစ် – ကျွန်တော်သည် မငြိမ်းချမ်းသူ၊ ပူလောင်သူလို့ ပေါ်လွင်သွားပါတယ်။ နံပါတ်နှစ် – ကျွန်တော်သည် မိုက်ရိုင်းသူ၊ စော်ကားတတ်သူအဖြစ် ထင်ရှားသွားပါတယ်။ နံပါတ်သုံး – အဆဲခံရသူဟာ မိမိလိုလူစားဖြစ်နေတယ်ဆိုယင် သူက ကျွန်တော့်ကို မအေနှမ ကိုင်တုပ်ပြီးပြန်ဆဲမှာ မုချပါဘဲ။ ဒီတော့တွေးကြည့်နိုင်ပါတယ်။ သူတစ်ပါးရဲ့ မအေနှမကို သွားထိခိုက်တာဟာ မိမိရဲ့မအေနှမကိုပြန်ဆဲခိုင်းလိုက်တာနဲ့ မတူပေဘူးလား ? ကိုယ့်မိခင်အပေါ် တကယ်ချစ်တဲ့သူဟာ ကိုယ့်မိခင်ကို တစ်ပါးသူက ဆဲဆိုလာအောင် ဘယ်တော့မှ မဖန်တီးပါဘူး။ အလားတူဘဲ တစ်ပါးသူရဲ့ ဘာသာတရားနဲ့လူမျိုးရေးကို သွားပြီး ထိခိုက်စော်ကားယင် မိမိရဲ့သာသနာ၊ မိမိရဲ့လူမျိုးအပေါ် ထိခိုက်စော်ကား ပုတ်ခတ်ခံရမှုတွေ အနည်းနဲ့ အများဆိုသလို ပြန်သက်ရောက် တတ်ပါတယ်။ မိမိရဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခု၊ စာတစ်ပုဒ်ဟာ မိမိရဲ့ သာသနာ၊ မိမိရဲ့လူမျိုးဆီကိုပြန်ပြီး မကောင်းကျိုး သက်ရောက်စေတာနဲ့ မတူပေဘူးလား ? လက်သီးလက်မောင်းတန်းပြနေယုံမျှနဲ့ ၀ံသာနုစိတ်၊ သာသနာချစ် စိတ်ရှိတယ်လို့ အမည်မတပ်နိုင်ပါဘူး။ လူတွေ ချီးမွှမ်းလာအောင်၊မြှောက်စားလာအောင်ဆွေ့ဆွေ့ခုန်  သည်းသည်းလှုပ်ပြနေတာထက် လက်တွေ့ကျတဲ့အဖြေ တစ်ခုထုတ်နိုင်ဖို့ ပိုပြီးအလေးထားသင့်ပါတယ်။ ကျွန်တော် မေးပါရစေ – ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်ပါသလား ?

    ဘာသာတရားနဲ့ပတ်သက်လို့ နောက်ထပ်အတွေးလေးတစ်ခု တင်ပြချင်ပါတယ်။ ကျွန်တော်တို့တစ်တွေ (အများစု)က လူတွေရဲ့ရုပ်လုံး – Figure of People နဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရ – Essence of Religions ကို ခွဲခွဲခြားခြား မမြင်တတ်ကြဘူး။ ပြသနာအများစု အဲ့ဒီက စတာပါ။ လူတစ်ဦးဟာ ဘယ်သာသာဝင်ဆိုလိုက်တာနဲ့ အဲ့ဒီ ဘာသာတရားရဲ့ကိုယ်စားပြုသူဖြစ်မသွားပါဘူး။ များသောအားဖြင့် လူကသပ်သပ် မူကသပ်သပ် ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ လူနဲ့မူ တစ်ထပ်တည်းကျတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ အလွန်နည်းပါးပါတယ်။ သက်ဆိုင်ရာဘာသာတရားရဲ့ ပရိယတ္တိတွေ၊ သာသနာ့ အဆုံးအမတွေကို ထဲထဲဝင်ဝင်လေ့လာလိုက်စားပြီး ကျင့်သုံးနေကြသူဆိုလို့ မဆိုစလောက်ပါဘဲ။

    ဒါကြောင့် ဘာသာတရားတစ်ခုခုကို ခံယူထားတဲ့ လူတစ်ဦး/တစ်စုတစ်ဖွဲ့ လုပ်ဆောင်တာကိုကြည့်ပြီး အဲ့ဒီဘာသာတရားက အဲ့ဒီလို သွန်သင်ထားတာဘဲလို့ ကောက်ချက်ချလို့ရနိုင်ပါ့မလား။ လူကိုကြည့်ပြီး ဘာသာတရားကို မုန်းတီးတာဟာ သဘာဝ မကျဘူးဖြစ်နေပါတယ်။ ဒါ့ပြင် လူတစ်ဦး/တစ်စုတစ်ဖွဲ့ရဲ့ ဆိုးသွမ်း မိုက်ရိုင်းတဲ့အပေါ် သူတို့ရဲ့ လူမျိုး၊ သူတို့ရဲ့ ဘာသာဝင်အားလုံး ဒီအတိုင်းပါဘဲဆိုပြီး သိမ်းကျုံးယူဆလိုက်လို့ မရစကောင်းပါ။ မကောင်းမှုကို ညွှန်ပြတဲ့ဘာသာတရားဆိုလို့ တစ်ခုမှ မ၇ှိကြပါဘူး။ ထို့နည်းတူ ဘာသာတရားတိုင်းရဲ့ ကျမ်းဂန်ထဲမှာ အခြားဘာသာသာသနာတွေအပေါ် မကောင်းမြင်တယ် – ရှုတ်ချထားတယ်လို့ထင်မြင်ရတဲ့ ဖော်ပြမှုတွေ ဧကန်ဆတ်ဆတ် တွေ့နိုင်ကြပါလိမ့်မယ်။ အမှန်ကတော့ ကိုယ့်သဘော ကိုယ်ဆောင်နေကြခြင်းဘဲ ဖြစ်ပါတယ်။

    ခေတ်ကာလတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံဒေသတိုင်း၊ ဘာသာတရားတိုင်းမှာ ကောင်းသူ ဆိုးသူ ရှိနေကြတာချည်းပါဘဲ။ မတူညီတဲ့ ကမ္ဘာ့ဘာသာတရားအသီးသီးကိုလေ့လာကြည့်ယင် တူညီတဲ့ အခြေခံ ပန်းတိုင်တစ်ခုထဲဆီ ရှေ့ရှုနေတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အနှစ်သာရကတော့ ငြိမ်းချမ်းရေးတဲ့။ အပြန်အလှန် နားလည်မှု မရှိရင် ဘယ်သောအခါမှ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါဘူး။ ငြိမ်းချမ်းမှုနဲ့ ပူလောင်မှုကလည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ပြိုင်နက်တည်း ယှဉ်တွဲမရှိနိုင်ပါဘူး။ တစ်ခုကို ဆုပ်ကိုင်ယင် နောက်တစ်ခုကို လက်လွှတ်ရမှာ သေချာပါတယ်။ ကျွန်တော်တို့ ဘာရွေးကြမလဲ ?

    ဘယ်အသိုင်းအ၀ိုင်းမှာမဆို မြင့်မြတ်တဲ့သူတွေရှိကြတယ်၊ ယုတ်ညံ့တဲ့သူတွေလဲ ရှိတယ်။ သမမျှတအောင် နေထိုင်ဆက်ဆံသူတွေ ရှိကြသလို အစွန်းရောက်နေသူများလည်း ရှိနေတာပါဘဲ။ မျက်စေ့ တစ်ဖက်လပ်နေသူဟာ မြင်ကွင်းတစ်ဖက်ဘဲ ရှိတတ်ပါတယ်။ မျက်မှန်စိမ်းတပ်ပြီး လိုက်ကြည့်နေသမျှ တစ်လောကလုံးကို အစိမ်းရောင်ဘဲ မြင်နေရမှာပါ။ အစွဲကို ချွတ်နိုင်ပါမှ အတွေးအမြင်ကြည်လင်ပါမယ်။ အမြင်ကြည်လင်ပါမှ ပကတိတရားကို တွေ့ရပါမယ်။ ရွှေနဲ့မစင်ဟာ ရံဖန်ရံခါမှာတော့ အရောင်အသွေး ခပ်ဆင်ဆင်ဖြစ်တတ်ပါတယ်။ အရောင်တူတိုင်း အမျိုးအစား၊ အရည်အသွေး၊ အဆင့်အတန်း မတူညီနိုင်ပါဘူး။ ကွဲကွဲပြားပြား မခွဲခြားတတ်ယင် မခွဲခြားတတ်သူရဲ့ အပြစ်သာလျှင် ဖြစ်ပါလိမ့်မယ်။

    သူတစ်ပါးအိမ်က မီးသီးမီးချောင်းတွေကို ခဲနဲ့လိုက်ပစ်နေလို့ ကိုယ့်အိမ်ကမီး ပိုမလင်းသွားပါဘူး။ ကိုယ့်အိမ်ထဲမှာ အလင်းရောင် ပိုပြီးထိန်ထိန်သာချင်ယင်တော့ မီးအားမြှင့်စက်တပ်ဆင်အသုံးပြုတာက အကောင်းဆုံးနည်းလမ်းပါဘဲ။ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကိုယ်တိုင်က တကယ်ချစ်တယ်ဆိုယင် တစ်ပါးသောလူမျိုး၊ တစ်ပါးသောသာသနာကို ထိခိုက်အောင်လုပ်ပြီး အင်အား မဖြုန်းတီးပစ်ပါနဲ့လို့ မီးမောင်းထိုးပြ လိုက်ရပါတယ်။သွေးဆာနေတဲ့ လူတွေအကြား ရွှေပြည်အေး တရားဟောပြတာ မဟုတ်ပါဘူး ခင်ဗျ။ ပူလောင်တဲ့ သွေး အစား အေးချမ်းတဲ့ ရေကြည် ကို သောက်သုံးဖို့ တိုက်တွန်းလိုက်ခြင်းသာ ဖြစ်ပါကြောင်း။