News @ M-Media

Blog

  • တူရကီ ပညာရေးစနစ်ကို နမူနာယူဖို့ ပါကစ္စတန်ကြိုးပမ်း

    တူရကီ ပညာရေးစနစ်ကို နမူနာယူဖို့ ပါကစ္စတန်ကြိုးပမ်း

    ဘာသာရေးစာသင်ကျောင်းတွေမှာ ဘာသာရေးပညာသာမက ခေတ်ပညာပါ တွဲဖက်သင်ကြားပေးတဲ့ တူရကီ ပညာရေးစနစ်ကို နမူနာ ယူဖို့ပါကစ္စတန်က စီစဉ်နေပါသည်။  ဒီအစီအစဉ်ကို တောင်အာရှမွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့ ပါကစ္စတန်ရဲ့ ကျောင်းတော်စွဲဝါဒပိုင်းဆိုင်ရာ သဘောထားတင်းမာမှုကို လျှော့ချပြီး အစ္စလာမ်က တကယ်လိုလားသော ပညာရေးစနစ်ဆီသို့ ပြန်လည်တည်ဆောက်မည့် အစီအစဉ်အဖြစ်လည်း ရှူ့မြင်ကြပါသည်။

    “သူတို့(တူရကီ) ရဲ့ပညာရေးစနစ်ကို တကယ်အားကျမိပါတယ်။ ကျတော်တို့ သူတို့ဆီကနေ သင်ယူဖို့လိုပါတယ်။ ဒီပညာရေးစနစ်က အဆင့်မြင့်ပညာကို ဆက်လက်သင်ယူမယ့် ကျောင်းသားတွေ ဟာ တက္ကသိုလ်တွေ ကောလိပ်တွေမှာ ကိုယ်သင်ယူမယ့် ဘာသာကို ရွေးချယ်လို့ရပါတယ်။” လို့ Islamic Ideological Council (IIC) ရဲ့အတွင်းရေးမှူး မိုဟမ္မဒ်အီးလီးယက်စ်ခန်း(Mohammad Ilyas Khan)က OnIslam သတင်းဌာနသို့ ပြောကြားပါသည်။

    IIC ကိုယ်စားလှယ်အဖွဲ့ ဟာ တူရကီက Imam Hatip ကျောင်းလို့ လူသိများတဲ့ ဘာသာရေးကျောင်းတွေကို ပြီးခဲ့တဲ့လက သွားရောက်လေ့လာခဲ့ကြပါသည်။ ဒီပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တူရကီပညာရေး ဌာနက တာဝန် ရှိသူတွေနဲ့လည်း တွေ့ဆုံးဆွေးနွေးခဲ့ကြတယ်လို့သိရပါသည်။

    “တူရကီကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းတွေကို နမူနာယူသင်ကြားဖို့အတွက် ကျတော်တို့ကိုတူရကီဘာသာရေး ဥက္ကဌ က ကမ်းလှမ်းထားပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲ လိုက်မယ်ဆိုရင် ကျတော်တို့ ဘာသားရေးကျောင်းက ကလေးတွေအတွက် အခွင့်အရေးတွေပိုရလာမှာဖြစ်ပါတယ်။ အခုကျင့်သုံးနေတဲ့ လက်ရှိစနစ်အရဆိုရင် ဘာသာရေးကျောင်းတွေက ကျောင်းပြီးတဲ့ကလေးတွေဟာ ဗလီရှေ့ဆောင်ဆရာ လုပ်ရင်လုပ် မဟုတ်ရင် ဘာသာရေးကျောင်းတွေမှာပဲ ဆရာပြန်လုပ်။ ဒါပဲရှိပါတယ်။” လို့ ခန်း က ဆက်လက်ပြောကြားပါသည်။

    တူရကီရဲ့ Imam Hatip ကျောင်းတွေဟာ ဘာသာရေးပညာသာမက သိပ္ပံ၊ ၀ိဇ္ဇာ ဘာသာရပ်တွေကိုလည်း တခြား အထက်တန်းကျောင်းတွေမှာသင်သလိုပဲ သင်ကြားပေးပါသည်။ ဒီကျောင်းတွေကို ၁၉၂၀ မှာ မွတ်စလင် အီမာန်တွေကို လေ့ကျင့်ပေးဖို့အတွက် တည်ထောင်ခဲ့တာဖြစ်ပါသည်။ အခုတော့ ဒီကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းမှာ ၄၀% က ဘာသာရေးပညာကို သင်ယူကြရပြီး ၆၀% ကို တခြားဘာသာရပ်တွေ သင်ယူကြ ရပါသည်။

    ၂၀၀၂ မှာ အာဏာရခဲ့တဲ့ Islamist-rooted Justice and Development Party  ခေါင်းဆောင်တွေကို ဒီကျောင်းတွေကနေ မွေးထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၀န်ကြီးချုပ် အာဒိုဂန် (Recep Tayyip Erdogan) နဲ့ သူ့အစိုးရ အဖွဲ့သုံး ပုံတစ်ပုံလောက်ဟာ ဒီကျောင်းထွက်တွေဖြစ်ပါသည်။ ၀န်ကြီးချုပ်ဟာ ဒီကျောင်းက ထွက်ပြီး စီးပွားရေးပညာကို ဆက်လက်ဆည်းပူးခဲ့ ခြင်းဖြစ်ပါသည်။

    အခုတူရကီရဲ့လက်ရှိပညာရေးစနစ်အရ မသင်မနေရအခြေခံကျောင်းမှာ ၈ နှစ်သင်ပြီးမှ Imam Hatip ကျောင်းကို ၀င်ခွင့်ရပါသည်။ ဒါပေမယ့် ဒီသက်မှတ်ချက်ကို ပြင်ဆင်ပြီး ကျောင်းသားအသက် ၁၀ နှစ်လောက်က စပြီး ဒီကျောင်းတွေမှာ ၀င်ခွင်ရဖို့အတွက် ပညာရေးဥပဒေကို ပြင်ဆင်ရန်ကြိုးစားနေပါသည်။

    “တူရကီဘာသာရေးကိုယ်စားလှယ်အဖွဲ့ မကြာမှီမှာ ပါကစ္စတန်ကိုလာဖို့ရှိပါတယ်။ ဒီက ဘာသာရေး ကျောင်းအုပ်တွေနဲ့ တွေ့ဆုံပြီး ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်တွေကို ဆွေးနွေးကြပါမယ်။” လို့  ခန်း က ဆက်ပြောပါသည်။

    ပါကစ္စတန်မှာ မဒရက်စာ ဘာသာရေးကျောင်းပေါင်း ၂၂၀၀၀ ကျော်လောက်ရှိပြီး အများစုက အစဉ်အဆက် သင်လာခဲ့တဲ့ ဘာသာရေး ပညာတွေကိုသာ သင်ကြားကြပါသည်။ အနောက်နိုင်ငံ မီဒီယာတွေကတော့ ဒီကျောင်းတွေဟာ တာလီဘန် တွေအတွက်လူသူစုဆောင်းပေးနေတယ်လို့ စွပ်စွဲကြပါသည်။ ဒီစွပ်စွဲချက်ကို ကျောင်းတွေဘက်က ငြင်းဆိုခဲ့ပါသည်။

    အမေရိကန်ကွန်ဂရက်စုံစမ်းရေးအဖွဲ့ကတော့ ဒီကျောင်းတွေဟာ အာဖဂန်နစ္စတန်မှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ကို တိုက်ခိုက်ဖို့အတွက် လက်နက်ကိုင် တပ်သားတွေ မွေးထုတ်နေတယ်လို့ ပြစ်တင်ခဲ့ပါသည်။ တာလီဘန်ခေါင်းဆောင် မူလာအိုမာ အပါအ၀င် တာလီဘန်ခေါင်းဆောင်ပိုင်းတွေဟာ ပါကစ္စတန်က မဒ်ရက်စာ တွေမှာ ပညာသင်ကြားခဲ့ကြပါသည်။ အဲဒီအချိန်တုန်းကတော့ အာဖဂန်နစ္စတန်ကနေ ရုရှားတွေကို မောင်းထုတ် ဖို့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကိုယ်တိုင်ပဲ ဒီကျောင်းတွေကို ထောက်ပံ့ အားပေးအားမြှောက်လုပ် ခဲ့ကြတာဖြစ်ပါတယ်။

    ပါကစ္စတန်လူမျိုးအများစုကတော့ ဒီကျောင်းတွေဟာ နိုင်ငံတွင်းမှာ ပညာရေးအတွက် အကြီးဆုံး NGO အဖွဲ့အ စည်း အဖြစ်ရှူ့မြင်ကြပါသည်။ ဘာလို့လဲ ဆိုတော့ ဒီကျောင်းတွေဟာ ဆင်းရဲတဲ့ကျောင်းသားတွေအတွက် အခမဲ့ ပညာရေး ဖြစ်လို့ပါ။ နိုင်ငံအစွန်အဖျားမှာနေတဲ့ ဆင်းရဲသားတွေဟာ ဈေးကြီးတဲ့ အခြားကျောင်းတွေကို တက်ရောက်ဖို့ မတက်နိုင်ကြပါဘူး။ ဒါကြောင့် ဒီမဒ်ရက်စာတွေ သာလျှင် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်နေပါသည်။

    ကမ္ဘာ့ဘဏ်ရဲ့စာရင်းဇယားတွေအရ ပါကစ္စတန်လူဦးရေရဲ့ ၃၄% ဟာ ဆင်းရဲနွမ်းပါးမှု့သက်မှတ်ချက်အောက် အောက်မှာ နေကြရပါတယ်။ ပါကစ္စတန်အစိုးရကတော့ ၁၈% နှင့် ၂၀%ကြားမှာ ရှိတယ်လို့ဆိုပါသည်။

    ပါကစ္စတန်တာဝန်ရှိသူတွေကတော့ ဒီလို သင်ရိုးညွန်းတမ်းကိုပြောင်းလဲ လိုက်ခြင်းအားဖြင့် နိုင်ငံတွင်းမှာ ရှိတဲ့ လူတန်းစားခွဲခြားမှု့ကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါသည်။

    Source-www.onislam.net

    ဘာသာပြန်-လူမင်းဟန်

  • တိုင်းပြည် တစ်ခု ကောင်းစားစေဘို့

    တိုင်းပြည် တစ်ခု ကောင်းစားစေဘို့

    တိုင်းပြည်တစ်ခု ကောင်းစားစေဘို့ရာ- တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်။ တိုင်းသူပြည်သားများ အနေနဲ့ မိမိက ဦးဆောင်ဦးရွက် အဖြစ် သတ်မှတ်မယ့်သူကို ခေတ်ကာလအလိုက် သတ်မှတ်တတ်ဘို့ လိုအပ်ပါတယ်။ တိုင်းပြည် တစ်ခုဆိုတာ လူတစ်မျိုးတည်း၊ ဘာသာတစ်ခုတည်း၊ သက်ဆိုင်ရာ ဂိုဏ်းတစ်ခုတည်း၊ အယူအဆတူ သူချည်း နေထိုင်ရာ ဒေသမဟုတ်ပါ။

    လူမျိုးနွယ်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ၊ ဗဟုသုတ ပေါင်းစုံ စုဖွဲ့တည်ဆောက်တဲ့ ဒေသရပ်ဝန်းတစ်ခုမှာ- အတူနေထိုင်ရတဲ့ လူတွေဟာ အချင်းချင်း ညီညွတ်မှု ရှိဘို့လိုပါတယ်။ နားလည်ပေးမှု ရှိဘို့ လိုပါတယ်။ သဘောထား မတူညီဘူး ဆိုတဲ့ အချက်မှာ မမုန်းမိဘို့လိုပါတယ်။

    ဒီအတွက် လူသားတွေရဲ့ အသိပညာဆိုင်ရာ ဖွံ့ဖြိုးမှုများကို အရင်အဦး ပြင်ဆင်ရပါမယ်။ လူမျိုးပေါင်းစုံက သားသမီးများ ပညာသင်ကြားနေတဲ့ စာသင်ကျောင်းများမှာ ဘာသာတစ်ခုခုကို ဇောင်းပေး ပြုမူသင်ကြားတာ မျိုး၊ မျိုးနွယ်စုဆိုင်ရာ အမုန်းပွားစေမယ့် သမိုင်းများကို ထည့်သွင်းသင်ကြားတာမျိုးများကို ပါယ်ဖျက်ပစ်ရပါမယ်။ ဘာသာဆိုင်ရာ အယူအဆများကို အငြင်းပွားနေခြင်းမျိုးကို သေးသိန်စေအောင် ပြုလုပ်ပစ်ရပါမယ်။ ငါသာ မှန်ရမယ်လို့ ပြောဆိုတတ်သူများကို အထင်သေးစရာ လူသားအဖြစ် မြင်မှတ်လာအောင် ပြုလုပ်ပစ်ရပါမယ်။ ဒီလိုမျိုး ဆယ်နှစ်လောက် လေ့ကျင့်လိုက်ရင် “ငါတွေးတာလည်း ဖြစ်နိုင်တယ် (မှန်ရမယ်လို့ မဆိုလို) သူ့ဘက် က သူ့အမြင်နဲ့တွေးတောတာလည်း ဖြစ်နိုင်တယ်-၊ ဒီလို အယူအဆ နှစ်ခုမှာ၊ ဘယ်အရာက ငါတို့ပတ်ဝန်းကျင် လူထုအတွက် အကျိုးဖြစ်ထွန်းစေမလဲ၊ ဖြစ်ထွန်းလာမယ့် အကျိုးတရားက ရေတိုလား- နှစ်ရှည်လများလား၊” စသည်ဖြင့် စတင် စဉ်းစားတဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာနိုင်ပါတယ်။

    စာသင်ကျောင်းရဲ့ အပြင်ဘက်လောကမှာလည်း လူသားတွေကို စိတ်ဓါတ်ပိုင်း ဆိုင်ရာ သွန်သင်ပေးနေတဲ့ ဘာသာရေး လူတန်းစားလောကကို ပြန်လည်ပြုပြင်ရပါမယ်။

    ငါက အရိုအသေပေး တလေးတစား ဆည်းကပ်နေတဲ့ ဘာသာရေးဝန်ဆောင် ပုဂ္ဂိုလ်ဟာ “ဆဲဆို ကြိမ်းမောင်း တတ်သူလား၊ သူတစ်ပါးဘာသာ၊ သူတစ်ပါး အကြောင်း၊ သူတစ်ပါး ဂိုဏ်းတွေကို မလိုမုန်းထား အတင်းပြော တတ်သူလား၊ ကမ္ဘာ့ဗဟုသုတမရှိ ကြားဘူးနားဝများကို လျှောက်ပြောပြီး မျက်လုံးစုံမှိတ် အယူသည်းနေသူလား၊ သူကရော တပည့်တကာများရဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် ဘယ်လို ကူညီပေးသလဲ၊ နှုတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့် ဖြစ်စေ၊ သြဇာအားဖြင့် ဖြစ်စေ ဘယ်လို ဆောင် ရွက်ပေးသလဲ၊” ဆိုတာများကို လူတစ်ဦးချင်းစီက စဉ်းစားဆင်ခြင်ရပါမယ်။ လေးစားယုံကြည်ထိုက်သူ ကို လေးစားယုံကြည်ခြင်းဟာ မင်္ဂလာ ဖြစ်သလို၊ မလေးစားထိုက်သူကို မလေးစားဘဲလျှက် ပစ်ပါယ်စွန့်ခွာခြင်း ဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ တစ်ကယ့်လက်တွေ့ လူမှု အကျိုးပြုတွေကို မပြုလုပ်ဘဲ- ဘုရားစာ တစ်ပိုဒ်ရွတ်ပြယုံ၊ ဘာသာရေးကိုယ်စားပြု ၀တ်ရုံ ခြုံပြယုံနဲ့ ဆည်းကပ်ရိုကျိုးစရာမလိုဘူး၊ ဒီပုဂ္ဂိုလ်ဟာ ဘာသာရေး အရောင်ပြ လုပ်စားနေသူလို့- ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရပါမယ်။ ဒါမှ ဘာသာရေးလောကဟာလည်း သန့်ရှင်းလာမယ်- သန့်ရှင်းမှုများက လူထုကို အရောင်ဟပ်လာမယ်။ ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ မုန်းတီးမှုတွေ ကင်းရှင်းလာမယ်။

    လူထုအနေနဲ့ မိမိရဲ့ ရပ်ကွက်ဒေသ အတွက် ဦးဆောင် ဦးရွက်ပြုမယ့် လူကို ရွေးချယ်တဲ့အခါမှာ ဘယ်လူမျိုး ကြောင့် ဘယ်ပါတီကြောင့် ဘယ်ဘာသာကြောင့် ဆိုတဲ့ အကြောင်းပြချက်များနဲ့ အမုန်းစိတ်၊ မလိုစိတ်များကို မထားသင့်ဘူး။ ဘယ်သူဖြစ်ဖြစ်- အဲ့ဒီ လူဟာ ငါတို့ ရပ်ကွက်၊ ငါတို့ ဒေသ၊ ငါတို့ မြို့ရွာကို ဘယ်လို အကျိုးပြုနိုင် မလဲ၊ သူသာ လူကြီးဖြစ်ရင် ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ။ အလုပ်လက်မဲ့ လူဦးရေ ဘယ်လောက် အတွက် အလုပ်များဘယ်လို ဖန်တီးပေးနိုင်မလဲ၊ ပညာရေးဝန်ဆောင်မှုများ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲ၊ ကျမ္မာရေး ၀န်ဆောင်မှုများ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ၊ လူထုကြား မသင့်မြတ်မှုများကို ဘယ်လို ဖြေဖျောက်ပေးနိုင် မလဲ-၊ ဆိုတဲ့ စံချိန်မျိုးနဲ့ တိုင်းတာပြီး- ခေါင်းဆောင်ရွေးချယ်ရပါမယ်။ ပါတီတစ်ခုခုကို အမုန်းထား နောက်ပါတီ တစ်ခုခုကို အထင်ကြီးပြီး အဲ့ဒီ ပါတီက ကိုယ်စားပြုလိုက်တာနဲ့ ရွေးချယ်လိုက်တာမျိုး၊ ဘာသာတစ်ခုခုကို အထင်သေးပြီး လူများစုကိုးကွယ်ရာ ဘာသာဝင်ထဲက ကိုယ်စားပြုသူကို ရွေးချယ်လိုက်တာမျိုး- ကို အထူး ရှောင်ရမှာ ဖြစ်သလို၊ တစ်တိုင်းပြည်လုံး ကိုယ်စားပြု တည်ဆောက်မယ့် လွှတ်တော်ထဲမှာလည်း ပါတီတစ်ခု တည်းက အကြီးအကျယ် လွှမ်းမိုးသွားစေတာမျိုး မဖြစ်အောင် ပြည်သူဘက်က အကင်းပါးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် အစိုးရဖွဲ့နိုင်တဲ့ အင်အားစုနဲ့ အတိုက်အခံဘက်မှာ ရှိသူဟာ အင်အား မတိမ်းမယိမ်း ရှိနေစေဘို့ လိုအပ်ပါတယ်။ ဒါမှ အစိုးရက သူတို့ ဆုံးဖြတ်လိုရာကို ဘက်ဆွဲ ဆုံးဖြတ်လို့ မရဘဲ မျှမျှတတ စဉ်းစားပေးနိုင်ပါ တယ်။

    လူတစ်ဦးတည်းက ငါ့ အယူအဆ မှန်ရမယ်၊ ငါ ဆုံးဖြတ်တာကို သဘောတူပေးရမယ်- ဆိုတဲ့ လူတစ်ဦးဟာ ဒသနပညာရှင် တစ်ဦး အဖြစ် ရပ်တည်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူဆိုင်ရာ လုပ်ဆောင်မှုများမှာ ၀င်ရောက်စွက်ဖက်လိုစိတ်ကို ဘေးဖယ်ထားရပါမယ်။ အများအကျိုးကို ဆောင်ရွက်ချင်သူဟာ ငါ့တင်ပြချက်ကို လက်မခံရင်လည်း အများသဘောတူ ဆုံးဖြတ်ချက်ကို ပြည့်ပြည့်၀၀ သဘောတူပေးနိုင်တဲ့ အရည်အချင်းများ လိုအပ်ပါတယ်။

    ဒီလို စိတ်နေစိတ်ထားမျိုးတွေ လေ့ကျင့်ယူနေတဲ့ တိုင်းပြည်တစ်ခုအနေဟာ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါ အဆင် ပြေနိုင်မယ်။ ကမ္ဘာ့တိုးတက်ပြောင်းလဲမှုနဲ့ သဟဇာတတည့်မယ်၊ ကမ္ဘာနဲ့ မျက်ခြေပြတ်မှုများ လျှော့လာမယ်၊ ဒီလိုတိုင်းပြည်မျိုးက- ဘယ်လိုမှ အောက်ကျနောက်ကျ ဖြစ်စရာ အကြောင်းမရှိတော့ပါ။

    ဌေးလွင်ဦး

  • အောက်စဖို့တက္ကသိုလ်ရှိ အစ္စလာမ်ဌာနအား ဗြိတိန်နိုင်ငံ၏ တော်ဝင်အဖွဲ့ အစည်းအဖြစ် ချီးမြှင့်

    အောက်စဖို့တက္ကသိုလ်ရှိ အစ္စလာမ်ဌာနသည် ကမ္ဘာအရပ်ရပ်ရှိ ပညာသင်တက္ကသိုလ်များနှင့် ဆက်သွယ်ချိတ်ဆက်ကာ အပြည်ပြည်ဆိုင်ရာတွင် လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မှုများ ကြောင့် ဗြိတိန်နိုင်ငံ၏တော်ဝင်အဖွဲ့အစည်းအဖြစ် ချီးမြှင့်အပ်နှင်းခံရပါတယ်။

    “အမှန်တော့ ဒါဟာကျွန်တော်တို့အတွက် လွန်အရေးပါတဲ့အခိုက်အတန့်ပါပဲ။” လို့ အောက်စဖို့တက္ကသိုလ် အစ္စလာမ်ဌာန (OCIS) ရှိ အမှုဆောင်ဥက္ကဌဖြစ်သူ ဒေါက်တာ ဖာဟမ်း နီဇာမီ(Dr. Farhan Nizami) က မေလ ၁၂ ရက် စနေနေ့၌ ဆော်ဒီအာရေးဗျ သတင်းစာသို့ပေးပို့သော သူ၏မိန့်ခွန်းအတွင်း၌ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီ ၂၅နှစ်တာကာလပတ်လုံး ကျွန်တော်တို့ အစ္စလာမ်ဌာနအပေါ် ထောက်ပံ့ကူညီခဲ့ကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။” လို့လည်းထည့်သွင်းဖော်ပြခဲ့ပါတယ်။

     ထိုဌာနကို ၁၉၈၅ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး အောက်စဖို့တက္ကသိုလ်အတွင်း၌ အမှီအခိုကင်း၍ တသီးတခြားရပ်တည်သော ဌာနတစ်ခုအဖြစ် အသိအမှတ်ပြုကြပါတယ်။

    OCIS ဌာနအတွင်း၌ အစ္စလာမ်သွန်သင်ချက်စည်းမျဉ်းများနှင့်ဆိုင်သော သင်တန်းများ၊ သုတေသနလုပ်ငန်းများအပြင် အစ္စလာမ်ရေးရာ ရိုးရာအနှစ်သာရနင့် ယဉ်ကျေးမှုများနှင့် သက်ဆိုင်သည်တို့ကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများ ဆောက်ရွက်လျှက်ရှိပါတယ်။ အဖွဲ့ဝင်များဟာ အောက်စဖို့တက္ကသိုလ်အတွင်းရှိ အခြားဌာနများတွင် ဆရာများအဖြစ်အမှုထမ်းဆောင်နေကြသူများလည်းဖြစ်ပါတယ်။ OCIS ဟာ အပြည်ပြည်ဆိုင်ရာနှင့် ဖြန့်ကျက်ကာအဆက်သွယ်များရှိမှုများကြောင့် ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ပညာလေ့လာလိုက်စားသူများအတွက် တွေ့ဆုံစည်းဝေးရာနေ တစ်ခုအဖြစ်လည်းရပ်တည်လျှက်ရှိပါတယ်။
    သူကဆက်လက်ပြီး “ကျွန်တော်တို့ဟာ အစ္စလာမ်ရေးရာ ရိုးရာနင့် ယဉ်ကျေးမှုများသာသင်ကြားပေးရုံမကပဲ အောက်စဖို့တက္ကသိုလ်အတွင်းမှာ အတွေးအခေါ်နဲ့ ပညာသင်နှစ်ဆိုင်ရာ ကိစ္စများတွင်ပါ အကူအညီပေးလျှက်ရှိပါတယ်။ နိုင်ငံတကာမှာလည်း အစ္စလာမ်တက္ကသိုလ်များနှင့်ပါ ချိတ်ဆက်ထားလျှက်ရှိပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
    အောက်စဖို့တက္ကသိုလ် တည်ရှိရာ ဗြိတိန်နိုင်ငံတွင် မွတ်ဆလင်လူဦးရေမှာ အနည်းဆုံး ၂.၅သန်းခန့်နေထိုင်လျှက် ရှိပါတယ်။
    တော်ဝင်အဖွဲ့အစည်းအဖြစ် ချီးမြှင့်အပ်နှင်းခြင်းများကို ၁၃ရာစုထဲက စတင်ခဲ့ခြင်းဖြစ်ကာ ဘုရင်၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှနေ၍ စီစစ်ရွေးချယ် သတ်မှတ်ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်တွင်မူ ထိုသို့ ချီးမြှင့်အပ်နှင်းခြင်းများကို လူမူရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ဆောင်ရွက်ကြသော အဖွဲ့အစည်းများ၊ တက္ကသိုလ်ဌာနများသို့ပေးအပ်လေ့ရှိပါတယ်။ အောက်စဖို့တက္ကသိုလ် နှင့် အောက်စဖို့ရှိအချို့သောကောလိပ်များ၊ ဗြိတိန်နိုင်ငံရှိ အချို့နာမည်ရ တက္ကသိုလ်များကိုလည်း ထိုသို့ တော်ဝင်အဖွဲ့အစည်းအဖြစ် ချီးမြှင့်အပ်နှင်း ပြီးဖြစ်ပါတယ်။

    အထင်ကရ အမှတ်တရများ

    အောက်စဖို့တက္ကသိုလ်ရှိ အစ္စလာမ်ဌာနအား ဗြိတိန်နိုင်ငံ၏ တော်ဝင်အဖွဲ့အစည်းအဖြစ် ချီးမြှင့်အပ်နှင်းဟာ မွတ်ဆလင်လူထုအတွက် အစ္စလာမ့်ပညာများကို လေ့လာလိုက်စားဖို့ရာ ပိုမိုတက်ကြွစေရန် တွန်းအားပေးသကဲ့သို့ဖြစ်ပါတယ်။
    ကျွန်တော်တို့ဌာနဟာ ရှေ့လျှောက်လည်း ဆက်လက်ကြိုးစားသွားမှာပါ။ ဒါ့အပြင် ကမ္ဘာမွတ်ဆလင်လူထုကိုလည်း အထူးတလည်အကျိုးပြုသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဒေါက်တာ နီဇာမီက သူ၏မိန့်ခွန်းအတွင်း၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    OCIS ဌာနကို အစ္စလာမ့်ရိုးရာအနှစ်သာရနင့် ယဉ်ကျေးမှုများနှင့် သင်ကြားရန်အတွက်နှင့် သုတေသီနများ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
    ၁၉၈၅ခုနှစ်မှစ၍ ဌာန၏ နာယကဖြစ်သူ မင်းသားချာလ်(Prince Charles)မှ ဦးဆောင်ကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ဌာနအတွင်း၌ နှစ်ကြိမ်တိုင်တိုင် လက်ချာပေးဖူးပြီး ၂၀၀၂ခုနှစ်အတွင်းတွင်လည်း အဆောက်အအုံအသစ်များပြန်လည် တည်ဆောက်ရာ ၃.၂၅ ဟက်တာ ကျယ်ဝန်းသော ဆောက်လုပ်ရေး နေရာသို့လည်း လာရောက်လည်ပတ်ဖူးပါသည်။ သူဟာ အစ္စလာမ္မစ်ဥယျာဉ်အတွက် ဒီဇိုင်းရေးဆွဲရာမှာလည်း အရေးကြီးသောအပိုင်းမှပါဝင်ကူညီခဲ့ပါတယ်။

    မာစတန်လမ်းပေါ်မှာရှိတဲ့ ပေါင်းသန်းပေါင်းများစွာတန်သော အဆိုပါအဆောက်အအုံသစ်ကို ရှေ့နှစ်အကုန်မှာဖွင့်လှစ်နိုင်ဖို့ ရာထားပါတယ်။ ဌာန၏အဆောက်အအုံ အသစ်အတွင်း၌ ဗလီ လက်ချာပေးသည့်အခန်း၊ ဟောခန်းမ စသည်တို့ပါဝင်မည်ဖြစ်ကာ ၂၀၀၄ခုနှစ်အတွင်း၌ဆောက်လုပ်ပြီးစီးရန်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

    မင်းသားချာလ်သည် မွတ်ဆလင်နှင့် ခရစ်ယာန်တို့ကြားပေါင်းကူးဆက်သွယ်ပေးသည့် ဆောင်ရွက်ပေးမှုများနှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို အမြဲတစေ အားပေးခြင်းများကြောင့် လူသိများလေသည်။ သူဟာဘာသာရေး၌ တစ်ဦးကိုတစ်ဦးအပြန်အလှန် လေးစားမှုများရှိအောင် ရပ်တည်ကာကွယ်ပေးလေ့ရှိပြီး မတူသောဘာသာဝင်များအကြား အပြန်အလှန်နားလည်မှုရအောင် ဆောင်ရွက်ပေးလေ့ရှိပါသည်။

    မူရင်းကိုးကားသတင်း >> http://www.onislam.net

    ဘာသာပြန်-Mya Thet Mon

  • အမေရိကန်ရှိ ထောင်အချို့အတွင်း မွတ်စလင်မ် အမျိုးသမီးများ ဟီဂျဘ်ဝတ်ခွင့်ရ

    အမေရိကန်ရှိ ထောင်အချို့အတွင်း မွတ်စလင်မ် အမျိုးသမီးများ ဟီဂျဘ်ဝတ်ခွင့်ရ

    အမေရိကန်နိုင်ငံရှိ မွတ်ဆလင်များအခွင့်အရေးလှုပ်ရှားသူများက မစ္ဇူရီအကျဉ်းထောင်အတွင်း၌ အပြစ်ဒါဏ်ကျအမျိုးသမီးများအား ဟီဂျဘ်ဝတ်ဆင်ဖို့ခွင့်ပြုရန်ဆုံးဖြတ်ချက်အပေါ် ကြိုဆိုလက်ခံကြောင်း ပြောကြားခဲ့ပါသည်။

    “ဒီလိုဘာသာရေးလိုအပ်ချက်တွေ အပေါ်ဝန်ဆောင်မှုမျိုးပေးတာဟာ သူတို့ဖက်က အတော်ပျော့ပျောင်းလာပြီး လိုက်လျှောညီထွေဖြစ်လာတာကြောင့် အကျဉ်းထောင်များရဲ့ လုံခြုံမှုလည်းတိုးတက်လာတဲ့ သဘောပါဘဲ။ ဒီအရေးကိစ္စ‌နဲ့ပတ်သက်ပြီး ပါဝင် ခဲ့ကြတဲ့သူအားလုံးကို ကျွန်တော်တို့ဖက်က ကျေးဇူးအများကြီးတင်ပါတယ်။” လို့ အမေရိကန်-အစ္စလာမ်လှုပ်ရှားသူများအသင်းအမှုဆောင် ဥက္ကဋ္ဌဖြစ်သူ ဖိုင်ဇန် ဆာယိဒ် (Faizan Syed) က ဧပြီလ ၄ရက်နေ့က OnIslam.net ကို ပြောကြားခဲ့ပါတယ်။

    ဒီဆုံးဖြတ်ချက်ရရှိရေးအတွက် ကဲယာစိန့်လူးဝစ် (CAIR-St. Louis)၏ ပြောရေးဆိုခွင့်ရှိသူများက မွတ်ဆလင်အမျိုးသမီးများလုံခြုံမှုနဲ့ပတ်သက်ပြီး တောင်းဆိုခဲ့ရတာဖြစ်ပါတယ်။

    ဒီဆုံးဖြတ်ချက်ရရှိဖို့တောင်းဆိုဖြစ်ခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ ရထားလက်မှတ်မပါဘဲ စီးနင်းမှုကြောင့်ဖမ်းဆီးထိန်းသိမ်းခံရတဲ့ခရီးသည် မွတ်ဆလင်အမျိုးသမီးကို အချုပ်အတွင်း၌ နာရီပေါင်းများစွာစောင့်ဆိုင်းခိုင်းထားစဉ် အတွင်း သူမတို့ရဲ့ ပုဝါများကို အတင်းအကျပ်ချွတ်ခိုင်းတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

    ဆိုဟေးခါတစ်ဘ် (Souhair Khatib) ဆိုသူအမျိုးသမီးဟာ ၂၀၀၆ခုနှစ် ဇွန်လအတွင်း၌ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူမရဲ့ပြောပြချက်အရ ထိုစဉ်က သူမဟာလူမှုရေးလုပ်ငန်းများကို နာရီပေါင်း ၃၀ကြာအောင် လုပ်ခဲ့ရပါတယ်။ ထိုစဉ်အတွင်း၌တွင်လည်း တရားရုံးတော်ကသူမရဲ့ ပုဝါကိုချွတ်ဖို့ဆုံးဖြတ်ချက်ချခဲ့တာလို့ဆိုပါတယ်။

    ဦးခေါင်းနဲ့ လည်ပင်းတို့ကို မိသားစုအရင်းအချာမဟုတ်တဲ့ သူစိမ်းအမျိုးသားတို့ရှေ့မှာ ဖော်ပြခြင်းကို ဘာသာရေးအရတားမြစ်ထားတဲ့အတွက် ခါတစ်ဘ်ဟာ ၂၀၀၀ခုနှစ်မှာချမှတ်ထားတဲ့ ဘာသာရေးနှင့် ရိုးရာဆိုင်ရာ လူမှုခံစားခွင့် အက်ဥပဒေကိုချိုးဖောက်တဲ့ အော်ရင့်ခ်ျနယ်ရုံးများရဲ့ စီရင်ချက်ဆုံးဖြတ်ချက်ဒါဏ်ကို ခံခဲ့ရတာဖြစ်ပါတယ်။

    အမေရိကန်နိုင်ငံအမြင့်ဆုံးတရားရုံးမှ အော်ရင့်ခ်ျနယ်ရုံးရဲ့ သူမ၏ ဦးခေါင်းခြုံလွှာဖယ်ရှားရန် အမိန့်ချမှတ်ခဲ့မှုဟာ သူမရဲ့လူမှုရပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း ထောက်ခံကြေငြာချက်ကို ၂၀၁၁ခုနှစ် အောက်တိုဘာလအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    စိန့်လူးဝစ်ဒေသ တရားရေးဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဟဘ်ဘာစန် (Herb Bernsen ) က “ကဲယာအဖွဲ့ရဲ့ တောင်းဆိုချက်အရ ဘာသာရေးအရလည်းမနစ်နာအောင် လုံခြုံရေးလည်းမထိခိုက်စေမဲ့ ဆုံးဖြတ်ချက်မျိုးရတဲ့အထိ ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

    အဆိုပါအကျဉ်းထောင်မှလည်း တရားခံအမျိုးသမီးဖြစ်သူ ခါတိဘ်အပေါ် ထိုကဲ့သို့သူမပုဝါကိုအတင်းအကျပ်ချွတ်ခိုင်းစေခဲ့မိခြင်းအပေါ် တောင်းပန်ပါကြောင်း စာရေးသားပေးပို့ခဲ့တယ်လို့သိရပါတယ်။ ဒီပေါ်လစီအသစ်ကို အခြားဒေသများရှိ အကျဉ်းထောင်များမှာလည်းသက်ရောက်စေမှာဖြစ်ပါတယ်။

    အမှန်တော့ မွတ်ဆလင်အမျိုးသမီးများရဲ့ ဟီဂျဘ်(ခ)ဦးခေါင်းခြုံလွှာဝတ်ဆင်ခြင်းမှာ ဘာသာရေးအရဝတ်ဆင်ခြင်းဖြစ်ပြီး လူမျိုးရေးအရ ဖက်ရှင်ထွင်ခြင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံတွင် နေထိုင်ကြသူမွတ်ဆလင်ဦးရေမှာ တရားဝင်စာရင်းထုတ်ပြန်ခြင်းမရှိသော်လည်း လက်ရှိတွင် ၇သန်းမှ ၈သန်းအထိရှိကြောင်း သတင်းရရှိပါတယ်။

     

    မူရင်းကိုးကားသတင်း >> http://www.onislam.net

     

  • ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် (မောင်ဆန္ဒ-လယ်ဝေး)

    မတ် ၁၇  ၂၀၁၃

    M-Media

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book –

    (စာအုပ်အမြည်း) ကမန်မျိုးနွယ်စုစတင်ဖြစ်ပေါ်လာပုံ

    `ကမန်´ ဟူသောဝေါဟာရသည် ရှေးရခိုင်ဘုရင် အဆက်ဆက်တို့လက်ထက်ကတည်းကစတင်ခေါ်ဝေါ်သုံး စွဲလာသောရခိုင်ဘုရင့် တပ်မတော်မှ သူရဲကောင်း လေးသည်တော်တပ်ဖွဲ့၏ အမည်နာမတစ်ခုသာဖြစ်သည်။ `ကမန်´ဆိုသည်မှာရခိုင် သုသေသီတို၏ အဆိုအမိန့်များအရ`လေး၊မြားအတက်၌ကျွမ်းကျင်သူ´ `လေးသည်တော် (၀ါ) လေးတော်ပစ်´ ဟူအဓိပ္ပါယ်ရကြောင်းကို ပညာရေးဝန်ကြီးဌာန အဝေးသင်တက္က သိုလ် စတုတ္တနှစ် မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ ရခိုင်မင်းသမီးဧချင်း၊ ပို့ချချက်အပိုဒ် ၃၃ တွင်`ကမန်ဆိုသည်မှာ လေးအတတ်တွင် ကျွမ်းကျင်သော စစ်သည်တော်ကိုခေါ်သည်။ ရခိုင်တပ်မတော်တွင် လေးသည်တော် တပ်ပါသည်ဖြစ်ရာ ၄င်းတပ်တွင် အမှုထမ်းသူများအား ကမန်ဟုခေါ်သည်´ ဟုဖော်ပြထား သည်။

    သမိုင်းသုသေသီတို့၏ အဆိုအရ`ကမန်´ဆိုသည်မှာ သီးခြားလူမျိုးစုမဟုတ်ဘဲရခိုင့်ဘုရင့်တပ်မတော်မှ မျိုးနွယ်စုတစ်ခုအဖြစ် ပြောင်းလဲလာသော ရခိုင်မျိုးနွယ် တစ်ဆက်ပင်ဖြစ်သည်။ သမိုင်းစာအုပ်များ၌`ကမန်သူရဲကောင်းတပ်´တွင် `ရခိုင်တိုင်းရင်းသားများသာ တာဝန်ထမ်းဆောင်ခဲ့ကြသည်´ `ထိုစဉ်အခါက ဘုရင့်တပ်မတော်တွင် လူမျိုးခြားများကိုတာဝန်မပေးခဲ့´ ဟူ၍လည်းကောင်းတွေ့ရှိရသည်။ လက်ရှိကမန်လူမျိုးအများစုမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်လူမျိုးမှ ဆင်းသက်လာသည် အလျောက် ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ဓလေ့စရိုက်များမှာ ရခိုင်တိုင်းရင်းသားများနှင့် ထပ်တူပင်ဖြစ်သည်။

    ရခိုင်ဆရာတော်ဦးဉာဏရေးသည့် ဓည၀တီရာဇ၀င်သစ် နှင့် သတင်းစာဆရာကြီး ယခင်နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးလှထွန်းဖြူရေးသည့်`ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးစုများ´ စာအုပ်တွင်လည်း`ကမန်´ လူမျိုးများသည် ရခိုင်များနှင့် ရိုးရာယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ပုံ၊ စကားအပြောအဆို၊ စိတ်နေစိတ်ထား ရုပ်ရည် ပုံပန်းသဏ္ဌာန် စသည်တို့ကွဲပြားခြားနားမှု မရှိကြောင်းကို ဖော်ပြထားသည်။ ရှားရှူဂျာမင်းသားနှင့် ဆွေမျိုးတစ်စု နိုင်ငံရေးခိုလှုံလာသည့် ခရစ်နှစ် ၁၆၆၀ ပတ်ဝန်းကျင်မှသာ`ကမန်´ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ငနှလုံးမင်း(၁၂၃၄-၃၇) လက်ထက်က တည်းကပင်`ကမန်´ဟူသောဝေါဟာရသည် စတင် ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။

    ရခိုင်ဘုရင်များ လက်ထက် ကမန်တိုင်းရင်းသားများ

    ၁။ငနှလုံးမင်း(၁၂၃၄-၃၇)

    ရခိုင်ရာဇ၀င်များတွင် ဒဿရာဇာမင်းဆက်(၂၂)ဆက်မြောက်ဖြစ်သော ငနှလုံးမင်းလက်ထက်တွင် ကုလားနှင့်သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ ငနုလုံးမင်းသည် ပြည်စိုးကြီးဓမ္မဇေယျကို ရဲမက် ၅၀၀၀၀ ပေး၍ စစ်သူကြီး အင်္ဂါလေးပါးနှင့် ပြည့်စုံသောအမတ် ဆင်ကဲကြီးတို့ကို ကုလားပြည်သို့ချီတက်တိုက်ခိုက်စေရာ ကုလားစစ်တပ်က စစ်တကောင်းမှ ငါးရက်အတွင်း ဆုတ်ခွာရသည်။နောက်တဖန် ဒါကာမြို့မှ ခုခံသော်လည်း စစ်ရှုံး၏။ဘုရင့်အမိန့်အရ ကုလားပြည်တွင် အမတ်ဆင်ကဲကြီးကိုထားခဲ့ပြီး စစ်သူကြီး ဓမ္မဇေယျသည်ကုလားထက်ဝက်ခန့်ကိုသုံ့ပန်းအဖြစ်ခေါ်ဆောင်လာခဲ့သည် ဟူ၍လည်းကောင်း သုံ့ပန်းများကိုခွဲဝေရာတွင်

    `ကမန်လေးသည်တော်များအတွက် သုံးပန်း ၁၀၀၀´ ဟူ၍လည်းကောင်းရခိုင်ရာဇ၀င်သစ်ပထမစာအုပ်၊စ တုတ္တတွဲတွင်တွေ့ရပေသည်။

    ဤအချင်းအရာကား ကမန် ဟူသောဝေါဟာရသည် ၁၂၃၄ ခုနှစ်ဝန်းကျင်ကတည်းကပင်ပေါ်ပေါက်လာ ကြောင်းထင်ရှားသည်။

    ၂။အစ္စလာမ်သာသနာတော်နှင့် စတင်ထိတွေ့ခြင်း

    G.E.Harvey ရေးသည့် Outline of Burmese History တွင် Kaman(Persian)= Bow and Arrow ဟုဖော်ပြထားသည်။ ရခိုင်ပြည်သာများနှင့်သာဖွဲ့စည်းထားသော လေးသည်တော်တပ်သည် အဘယ်ကဲ့သို့ ပါရှန်းအမည်တွင်နေသနည်းဟု မေးစရာရှိသည်။ အကြောင်းမှာ အေဒီ ၇ ရာစုမှ ၁၅ရာစုကြားတွင် ပါရှန်ကုန်သည်၊ အာရပ်ကုန်သည်၊ ရောမကုန်သည်တို့သည်မြန်မာနိုင်ငံအပါအ၀င် ပသျှူးကျွန်းဆွယ်တို့ကို ကူးသန်း ရောင်းဝယ်နေကြပြီဖြစ်သည်။  နိုင်ငံခြားသားများနှင့် ရောင်းဝယ် ဆက်ဆံရာမှ ဘာသာစကား၊ ယဉ်ကျေးမှု၊ အသုံးအနှုန်းများသည်လည်း စိမ့်ဝင်ခဲ့သည်။ ၁၅ ရာစုမှစတင်၍ရခိုင်မင်းများသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော် လည်းအောက်ပါအတိုင်း ပါရှန်းအမည်များကို ခံယူခဲ့ကြောင်းသိရသည်။ ငနုလုံးမင်း(အလီခန်)၊ ဘစောဖြူ(ကလီမာရှား)၊ မင်းဒေါ်လျှာ(မေနုလျှား)၊ ဘစောမင်းညို(မိုဟာာမက်ရှား)၊ မင်းရန်အောင်(နရီရှား)၊ စလင်္ကသူ(ရှိတ် အဗ္ဗဒူလာရှား)၊ မင်းရာဇာ(အီလီယမ်ရှား)၊ မင်းစောအို(ဂျလာလ်ရှား)၊သဇာတ(အလီရှား)၊မင်းဘာကြီး(ဇော ဘောက်ရှား)၊ မင်းဖလောင်း(စကွန်ဒါရှား)၊ မင်းရာဇာ(စွယ်လင်ဆိုလိမ်ရှား)၊ မင်းခမောင်း(ဟူစိန်ရှား)

    ဤသည်ကိုထောက်ရှု၍ပါရှန်ဘာသာစကားနှင့်ပါရှန်လူမျိုးတို့၏ဂုဏ်ရှိန်မှရခိုင်မင်းနေပြည်တောာ်များအပေါ်အတော်အတန်လွှမ်းမိုးမှုရှိခဲ့ကြောင်းသိနိုင်သည်။

    ၃။အစ္စလာမ်သာသနာဆိုက်ရောက်ခြင်း

    ဒုတိယမြောက်ဦးမြို့တည်မင်း(၉)ဆက်ဖြစ်သောမင်းဘာကြီး(၁၅၃၁-၅၃)လက်ထက်တွင်ပါရှန်အင်ပါယာ ဖက်မှ`ကာဒီ´ ဆိုသူဦးဆောင်သောာသံအမက်ကြီးသုံးဦး (ကာဒီ၊မူရှာ၊မောင်နုမျာ) တို့သည်ဘုရင်မင်းမြတ် ထံလာရောက်၍ ဆည်းကပ်ကြသည်။ ထိုသံအမက်သုံးဦးတို့သည် အစ္စလာမ်သာသနာ စည်ပင်ပြန့်ပွားစေခြင်းငှာ`ဗလီ´၀တ်ကျောင်းတော်များကိုမြောက်ဦးမြို့တော်၌ အနှံ့အပြားတည်ဆောက်လျက် ဘာသာရေးဟော ပြောပွဲများကိုနေ့စဉ်နှင့် အမျှကျင်းပပြုလုပ်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် အချို့သောဗုဒ္ဓဘာသာ ၀င်အချို့သည် ယုံကြည်သက်ဝင်လာပြီး အစ္စလာမ်သာသာနာသို့ကူးပြောင်းကိုးကွယ်လာခဲ့ကြ၏။ ထို့ပြင်အိန္ဒိ ယပြည်ဒေလီမြို့မှ အစ္စလာမ်သာသနာပြု တရားဟောဆရာများကိုမှာ ယူခေါ်ဆောင်စေပြိးအစ္စလာမ်တရား များကိုဟောပြောစေခဲ့သည်။ ဤသို့ဖြင့်အစ္စလာမ်ဘာသာသည် ပိုမိုကျယ်ပြန့်ထွန်းကားလာခဲ့သည်။

     

    posted by – Electric