News @ M-Media

Blog

  • ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသို့ အိတ်ဖွင့်ပေးစာ

    သို့

    သက်ဆိုင်ရာ တာဝန်ခံအယ်ဒီတာများ

    •  Eleven Media Group
    •  7Days News Journal
    • The Voice Journal
    • မြန်မာတိုင်း(မ်)
    • DVB သတင်းဌာန
    • ဧရာဝတီ သတင်းဌာန
    • မဇ္ဈိမ သတင်းဌာန
    • ဘီဘီစီမြန်မာဌာန
    • ဗီအိုအေ မြန်မာဌာန
    • လွတ်လပ်သောအာရှအသံမြန်မာဌာန (RFA)
    • သစ်ထူးလွင် (Myanmar News Now)

    အကြောင်းအရာ။   ။ ဖားကန့်နှင့် ကမ္မမြို့တွင် အစ္စလာမ့် ဆုတောင်းဝတ်ပြုဆောင်များ ဖျက်ဆီးခဲ့ခြင်းအပေါ် ဥက္ခာပြုခြင်းနှင့် ပတ်သက်၍။

    ရက်စွဲ – ဧပြီ ၂၄၊ ၂၀၁၂

    ဧပြီလ ၁၂ ရက်နေ့ နှင့် ၁၄ ရက်နေ့ အတွင်း ဖားကန့် နှင့် ကမ္မရှိ အစ္စလာမ်ဘာသာ ဆုတောင်းဝတ်ပြုဆောင်များ ကို ဒေသခံများက ဖျက်ဆီးဖြိုချခဲ့သည့် အဖြစ်အပျက်နှင့်  မြန်မာမွတ်စလင်မ် ပြည်သူတို့ ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား ဖျက်ဆီးခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များနှင့် ပက်သက်သည့် သတင်း အကြောင်းအရာများကို ပြည်သူ့နားမျက်စိသဖွယ် အားကိုးခြင်းခံ ယူထားသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ အရေးပေး၊ သတင်း ယူဖေါ် ပြခဲ့ခြင်းများ မတွေ့ရသည့်အတွက် ကျွန်ုပ်တို့ MMSY မီဒီယာမှ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိကြာင်း အသိပေးလို ပါသည်။

    ကမ္မနှင့် ဖားကန့်  ဖြစ်ရပ် ၂ ရပ်လုံးမှာ “ခိုက်ရန်ဖြစ်ပွားမှု”၊ “ဓားပြမှု” လုံးဝမဟုတ်ခဲ့ဘဲ အကြမ်းဖက်လိုသည့် ရည် ရွယ်ချက်ဖြင့် လူစုလူဝေးအင်အားအသုံးပြုကာ တရားဥပဒေမဲ့ တဖက်သက် အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ ခြင်းဖြစ် သည်။

    မကွေးတိုင်းကြီးဒေသ ကမ္မမြို့နယ်တွင် လူဦးရေ ၃၀၀ ခန့် က ခုခံမဲ့ မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုများအား အင်အားသုံး အကြမ်းဖက်ဖျက်ဆီးခြင်း၊ ၀တ်ပြုဆုတောင်းကျောင်းဆောင်အား တရားမဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် NLD ပါတီဝင်များအပါအ၀င် လူဦးရေ ၁၅၀ ခန့်က အစ္စလာမ် ဘာသာဆုတောင်းဝတ် ပြုဆောင်ကို လူစုအင်အားသုံးကာ လုံးဝဖြိုချခဲ့ခြင်းဖြစ်သည်။

    ဤဖြစ်စဉ်များဖြစ်ပွားစဉ် ဒေသအာဏာပိုင်များက တရားဥပဒေနည်းအရ ထိန်းသိမ်း ဆောင်ရွက်ရမည့်အစား အကြမ်းဖက်ဖျက်ဆီးနေသည့်လူများကိုပင် လုံခြုံရေးချထားပေးခဲ့ကြောင်း ကြောက်ရွံ့စိတ်ပျက်ဖွယ် ကြားသိရ သည်။ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲတွင် ရှေ့ တန်းမှ ရပ်တည်နေသည့် သတင်း ဌာနများ သည်လည်း တမြေတည်းနေ တရေတည်းသောက် မြန်မာမွတ်စလင်မ် ပြည်သူများ ဥပဒေမဲ့ အကြမ်းဖက်ခံရချိန် တွင် ဥပက္ခာပြု လျစ်လျူရှုခဲ့သည်ဟု ယုံကြည်မိသည်။

    ဤဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းပျံနှံ့ ပါက ပိုမိုအခြေအနေဆိုးရွားသွားနိုင်သဖြင့် သတင်းများရေးသားထုတ် ပြန်ခြင်းမရှိဟု အစောပိုင်းတွင် ယူဆခဲ့သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများတွင် သတင်းမှားများ၊ မြန်မာပြည်သူ ဘာသာမတူသူ အချင်းချင်း အမုန်ပွားစေရန် ဆဲဆိုရေးသားခြင်းများ၊ ကိုယ်ပိုင်သတင်းဆိုဒ်များတွင် အချက်အလက်မှားများဖြင့် ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းနှင့် ရှုထောင့်များဖြင့် ရေးသားထားသည့် သတင်းများပျံနှံ့ လာသည့်တိုင် ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသည်

    (၁) ဘာသာရေး အဓိကရုဏ်းမဖြစ်စေရန်၊ ဘာသာရေးနှင့်လူမျိုးရေးအခြေပြုမုန်းတီးမှု မဖြစ်ပွားစေရန် သတင်း ဖေါ်ထုတ် ကြားနေရေးသား ဖြန်ဖြေပေးမှု မရှိခြင်း၊

    (၂) မြန်မာမွတ်စလင်မ်ပြည်သူများ ဥပဒေမဲ့အကြမ်းဖက် အတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သတင်းအမှန်အား ပြည် သူများသို့  ချပြရန်ပျက်ကွက်ခဲ့ခြင်းတို့ကို သတိပြုမိသည်။

    သတင်းမီဒီယာဆိုသည်မှာ သဘောသဘာဝအရ အစွန်းကင်းမဲ့ ကြားနေဖြစ်ရမည်ဖြစ်သော်လည်း မြန်မာသတင်း မီဒီယာများမှာမူ ဒီမိုကရေစီ စနစ်စတင်ကျင့်သုံးနေသည့်ယနေ့အချိန်တွင်ပင် ရှေးရိုးစွဲဗီဇမဖျောက်ဖျက်နိုင်သေးဘဲ မဇ္ဈိမပဋိပဒါလမ်းကို ကျောခိုင်းသကဲ့သို့ ဖြစ်နေ မြင်နေသည်မှာ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့်သာမက ဗုဒ္ဓ ဟောတရားစစ် တရားမှန်များနှင့်ပါ ဆန့်ကျင်နေကြောင်း တွေ့ရှိရသည်။

    အထက်ဖေါ်ပြပါ အဖြစ်အပျက်များ မတိုင်ခင် ယခင်ကတည်းက မြန်မာပြည်နေရာအချို့တွင် အလားတူ အဖြစ်အ ပျက်ကဲ့သို့ ဖြစ်ခဲ့၊ ရှိခဲ့သည်ကို သိရှိရသော်လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် စာနယ်ဇင်းသ တင်းရေးရာ အကျပ်အတည်းများကြောင့် ဖေါ်ပြနိုင်ခဲ့ခြင်း မရှိဟု နားလည်ပေးခဲ့သည်။ ယခုအခါ သတင်းစာနယ် ဇင်း မီဒီယာများအဖို့ ယခင်ကထက် ပွင့်လင်းစွာ ပြောဆိုရေးသား ဖေါ်ပြနိုင်နေပြီးဖြစ်ပါလျက်နှင့် အထက်ပါ အဖြစ် အပျက်ကဲ့သို့ ဥပေဒမဲ့၊ အကြမ်းဖက်ခြင်း၊ ဘာသာရေးအခြေပြု ခွဲခြားဖိနှိပ်ခြင်း၊ လူ့အ ခွင့်အရေး အသက်အိုးအိမ် စည်းစိမ် ထိပါးခြင်းများကို  အရေးပေး၊ ဖေါ်ထုတ်၊ သတင်းမှန်တင်ပြခြင်းများ မပြုလုပ်၊ မဆောင်ရွက်ခြင်းမှာ သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေသည်။

    မြန်မာသတင်းဌာနများသည် ဥပဒေမဲ့၊ အာဏာအသုံးချ၊ အကြမ်းဖက်ခြင်းများကို မျက်ကွယ်ပြု လုံခြုံရေးပေးသည့် အာဏာပိုင်အဖွဲ့ များနှင့် အတူတူပင် ဖြစ်သည်ဟု မိမိတို့ ဖက်မှ မယူဆသည့်အလျောက်  အနာဂတ်တွင် မင်း မဲ့စရိုက်ဆန်စွာပြုမူခြင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုး အိုးအိမ်စည်စိမ်ထိပါးခြင်း များအား တိုင်းပြည်၏ စတုတ္တ မဏ္ဍိုင် ပီသစွာဖြင့် လူမျိုးရေး၊ ဘာသာရေး ဘက်လိုက်ခြင်းကင်းစွာဖြင့် အမှန်တရား ဖက်မှရပ်တည်ပြီး ဖော်ထုတ်ပေးရန်၊ နစ်နာသူများအတွက် တရားမျှတမှု ရှိအောင် သတင်းမှန်များဖော်ထုတ် ပေးရန် မြန်မာမွတ်စလင်မ် ပြည်သူများ ကိုယ်စား လေးလေးနက်နက် တောင်းဆိုမေတ္တာရပ်ခံပါသည်။

    မြန်မာနိုင်ငံသား တမြေတည်းသား အားလုံး၏ နေ့စဉ်ဘ၀လုံခြုံရေး၊ အကျိုးစီးပွားတည်တံ့ဖွံ့ဖြိုးရေးများအတွက် သတင်းအချက်အလက်များ၊ အင်အားဖြည့်စွက်ရန် လိုအပ်လာပါက ကျွန်ုပ်တို့ MMSY မီဒီယာ အနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

     

    MMSY မီဒီယာ (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ မီဒီယာ)

    URL: – http://news.mmsy.info

    Contact: [email protected]

  • ဂျာမန်အစ္စလာမ် ညီလာခံမှ သဘောတူညီမှုရလဒ်များကို ဂျာမန်ပြည်ထဲရေးဝန်ကြီး ကျေနပ်အားရ

    ဂျာမနီ နိုင်ငံ၊ မြို့တော်ဘာလင်မှာ ကျင်းပခဲ့တဲ့ အစ္စလာမ့် ညီလာခံကမှ ထွက်ပေါ်လာတဲ့ သဘောတူညီမှု့ ရလဒ်တွေ ဟာ ကျေနပ်စရာ ကောင်းတယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး ဟန်စ်ပီတာဖရက်ဒရစ် ကပြောကြားပါသည်။ ဒီညီလာခံမှ လူဦးရေလေးသန်း လောက်ရှိတဲ့ ဂျာမနီမွတ်စလင်မ်တွေ အားလုံး စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဖို့ သဘောတူညီမှု့ ရခဲ့တာဖြစ်ပါသည်။

    တက်ရောက် လာကြသူတွေအားလုံးဟာ အဓိကဆွေးနွေးချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု့ ရခဲ့ကြတယ် လို့ ၀န်ကြီးက ညီလာခံ ခေတ္တနားချိန်မှာ ပြောကြားသွားကြောင်း Deutche Welle မှ သတင်းပို့ပါသည်။

    အတင်းအကျပ် လက်ထပ်ပေးမှု့တွေ၊ ဒေသတွင်းအကြမ်းဖက်မှု့တွေဟာ ဘာသာရေးအဆုံးအမကြောင့် မဟုတ်ဘဲ ဖြစ်ပေါ် နေတဲ့ နိုင်ငံရဲ့ အယူအဆတွေနဲ့ ယဉ်ကျေးမှု့ အစဉ်အလာတွေကြောင့်သာဖြစ်ကြောင်း ကိုလည်း ဒီညီလာခံကနေ သဘောတူခဲ့ ကြတယ်လို့ ၀န်ကြီးက ဆက်လက်ပြောကြားသွားပါသည်။

    ပြည်ထဲရေးဝန်ကြီးရဲ့ အခုလို အပြုသဘောဆောင်တဲ့ မှတ်ချက်ဟာ သူ့ရဲ့ ဂျာမနီ မွတ်စလင်မ် အသိုင်းအ၀ိုင်းအပေါ်မှာ ထားတဲ့ သဘောထားပြောင်းလဲလာတာလို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမနီမွတ်စလင်မ်တွေဟာ ဂျာမနီနဲ့မပတ်သက်ဘူး လို့ ပြီးခဲ့တဲ့ နှစ်က ၀န်ကြီး ပြောခဲ့ဘူးပါတယ်။ ဒီလိုပြောခဲ့တာကြောင့် မနှစ်တုန်းက ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါသည်။

    ဂျာမန်အစ္စလာမ် ညီလာခံကို  ၂၀၀၆ ခုနစ်က စပြီးနှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး မွတ်စလင်မ် ခေါင်းဆောင်တွေနဲ့ ဂျာမနီ အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှု့တွေပြုလုပ်နိုင်ရန် အလို့ငှာ ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

  • ကံမသတင်း နောက်ဆက်တွဲ အင်တာဗျူး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံစာပို့

    ကံမသတင်း နောက်ဆက်တွဲ အင်တာဗျူး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံစာပို့

    မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နေ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ကျောင်းတော်၊ အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ ဥပဒေမဲ့ ဖျက်ဆီး လုယက်ခံရမှုနှင့် ပတ်သက်ပြီး ထိုလုယက်ဖျက်ဆီးသူတို့၏ ဘက်တော်သားများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေစိုးမိုးမှုကို မလေးစားမလိုက်နာသော သူအချို့တို့မှာ စာနာမှုကင်းမဲ့စွာဖြင့် ခံစားခဲ့ရသူများကိုပင် တရားခံများသဖွယ်လုပ်ကာ သားပုပ်လေလွင့် သတင်းများ ဖြန့်ဝေလျက် ရှိနေပေသည်။

    ဖျက်ဆီးခံတို့အနက်မှာ တစ်ဦးဖြစ်သူ ဒေါ်ဝါဝါ၏ မောင်လည်းဖြစ်သူ ကိုဌေးလွင်က “ကျွန်တော်တို့ မြို့မှာ မွတ်စလင်မ်အိမ်ခြေက နည်းပါတယ်။ နှစ်စဉ် အစ္စလာမ့်ဘာသာရေးဆိုင်ရာ အခါကြီး ရက်ကြီးပွဲတော်တွေဆိုရင်လည်း မွတ်စလင်မ်တွေအပြင် ကျန်တဲ့ မွတ်စလင်မ် မဟုတ်တဲ့ အိမ်နီးချင်းတွေနဲ့ အားလုံးကိုပါ အလှူပစ္စည်းတွေ ဝေငှပေးတာပါ။ ဝေငှပေးတဲ့အထဲမှာ အဲ့ဒီနေ့တွေက မွတ်စလင်မ်မိသားစုတွေနဲ့ ဗလီကို တိုက်ခိုက်တဲ့ သူတွေ တောင်ပါသေးတယ်။” ဟု M-Media ကို ဝမ်းနည်းညှိုးငယ်စွာဖြင့် ရင်ဖွင့်သွားခဲ့ပါသည်။

    ကိုဌေးလွင်က ဆက်ပြောပြသည်မှာ “လာဖျက်ဆီးတဲ့နေ့က လူအုပ်နဲ့လာပြီး ခဲတွေနဲ့ ဝိုင်းထု၊ ပြီးတော့ ရဲဒင်းတွေ ပုဆိန်တွေနဲ့ အိမ်ထဲ အတင်းဝင် ဖျက်ဆီးပြီး ပစ္စည်းတွေ သယ်ကြတာ။ လူအုပ်အများကြီးက  ရဲဒင်းတွေ ပုဆိန်တွေ နဲ့ဆိုတော့ အိမ်နီးချင်းတွေရော ဘယ်သူမှ မတားရဲ မကူရဲကြဘူး။”

    “အိမ်နီးချင်းတွေမပြောနဲ့ အစ်မ့ဝါဝါအိမ်ကို ဖျက်တုန်းကဆို ခြံထဲမှာ ရှိတဲ့ ကပ်လျက်အိမ်က သူတွေကတောင် တံခါးမဖွင့်ပေးရဲကြဘူး၊ ကြောက်လန့်နေကြလို့လေ။”

    ဒေါ်ဝါဝါ့ ခြံထဲတွင် အိမ်နှစ်လုံးရှိကြောင်း၊ တစ်လုံးတွင် ဒေါ်ဝါဝါနှင့် မိသားစုနေထိုင်ပြီး ကျန်တစ်လုံးကို လူမှုရေးအဖွဲ့အစည်းတစ်ခုကို ငှားထားကြောင်းသိရပါသည်။

    မွတ်စလင်မ်တို့၏ အိမ်များနှင့် ဆိုင်များကို ဖျက်ဆီးအပြီးတွင် ဗလီကျန်သေးတယ်ဆိုကာ ထွက်သွားကြပြီး ဗလီကို သွားရောက် ထုနှက်ဖျက်ဆီးကြခြင်းဖြစ်သည်ဟု ကိုဌေးလွင်က ပြောပြပါသည်။

    လူများအနေဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခြင်းမရှိသော်လည်း ခဲများနှင့် ထုစဉ် ခိုက်မိခြင်းများ ရှိကြောင်း သိရပါသည်။

    နိုင်ငံတော်နှင့် စာဖတ်ပရိသတ်ပြည်သူတို့ အပေါ် မရိုးသားသော မီဒီယာများမှ ရေးသားဖြန့်လွှင့်နေသော ဒေါ်ဝါဝါ၏ မောက်မာမှုကြောင့်၊ သာမန် လုယက်မှု၊ ဓားပြမှုသက်သက်စသည့် အမျိုးမျိုးသော သတင်းအမှားများနှင့် လက်တွေ့အထက်ပါဖြစ်ရပ်မှာ အရှေ့အနောက်သဖွယ်ဆန့်ကျင်နေပါသည်။   ထိုအပြင် ပြည်တွင်း ပြည်ပမှ မီဒီယာကြီးများမှာ ဖြစ်စဉ်သတင်းအမှန်ကို တင်ပြရန် ပျက်ကွက်ခဲ့ပြီး၊ နိုင်ငံတော်၏ စတုတ္တမဏ္ဍိုင်ဖြစ်သော ပြည်တွင်းပြည်ပ မီဒီယာကြီးများ၏ ရပ်တည်ချက်မှာ ဗုဒ္ဓဘာသာသာမဟုတ်သော တခြားလူနည်းစု အစ္စလာမ်၊ ခရစ်ယာန်၊ဟိန္ဒု ဘာသာများကို သက်ဝင်ယုံကြည်သူများ၊ လူနည်းစု တိုင်းရင်းသားများနှင့် ပတ်သက်သည့် ဖိနှိပ်ခံရမူသတင်းများကို ထိန်ချန် ဘက်လိုက်ရေးသားမူများရှိသည်ဟုပင် သံသယဝင်စရာများဖြစ်ပေါ်နေပေသည်။

    ဒေါ်ဝါဝါ့အိမ်သာမက ကျန်မွတ်စလင်မ်ကိုးဦးတို့၏ အိုးအိမ်နှင့် ဆိုင်များကို ဖျက်ဆီးခြင်း၊ ထိုမျှမက ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးခြင်းနှင့် ရဲစခန်းကို အကြောင်းကြားသော်လည်း လာရောက်မတားဆီး မကူညီခြင်း၊ တစ်ရက်လုပ်ရပ်မဟုတ်ဘဲ ကျန်ရက်များတွင်ပါ ဆက်လက် ဖျက်ဆီးခြင်းစသည့် အချက်များမှာ ရှင်းလင်းထင်ရှားလှပေသည်။

    ထို့ပြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။

    ကိုဌေးလွင်တို့ အနေဖြင့်လည်း မိမိတို့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် ဆုံးရှုံးနစ်နာမှုများအတွက် တရားမျှတသော အရေးယူမှု ရရှိနိုင်ရန် သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ စာပို့ အကြောင်းကြား တိုင်ကြားရန် စီစဉ်နေကြောင်း သိရပါသည်။

    မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ အစိတ်အပိုင်းဖြစ်သော M-Media  အနေဖြင့်လည်း အဆိုပါ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်ဆိုးများနှင့်ပတ်သက်ပြီး ခံစားရသူများကို ကူညီကာကွယ်မှု ပေးကြပါရန်နှင့် ကြိုးကိုင်လှုံ့ဆော်သူနှင့် လုယက်ဖျက်ဆီးသူစသော ဥပဒေမဲ့ ကျူးလွန်သူများအားလုံးတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့် တကွ တာဝန်ရှိသူအားလုံးတို့ကို လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

  • အစ္စလာမ့်နည်းလမ်းကျ ဘဏ်လုပ်ငန်းဟူသည် မွတ်စလင်မ်လူထု အတွက်ပဲမဟုတ်

    အစ္စလာမ့်နည်းလမ်းကျ ဘဏ်လုပ်ငန်းဟူသည် မွတ်စလင်မ်လူထု အတွက်ပဲမဟုတ်

    Islamic ဆိုသော စကားလုံးသည် မွတ်စလင်မ် လူထုကိုရည်ညွှန်းသော်လည်း Islamic Banking and Finance မှာမူမတူညီကွဲပြားသောကိစ္စဖြစ်သည်။ ၄င်းသည်လူတစ်ဦးချင်းစီ၏ တန်ဖိုး၊ လူ့အဖွဲ့စည်းတစ်ခုစီ၏ တန်ဖိုးပေါ်တွင် အခြေခံထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်းတစ်ခုဖြစ်သည်။ ယခုလက်ရှိငွေကြေးဆိုင်ရာ လိုအပ်ချက်များနှင့် အလွန်သင့်တော်သောကြောင့် မွတ်စလင်မ်နှင့် မွတ်စလင်မ်မဟုတ်သူများထံမှ အလွန်အမင်းအားပေးထောက်ခံမှုကို ရရှိနေပါသည်။ မကြာမှီကပင် ပုပ်ရဟန်းမင်းကြီး၏ သတင်းစာဖြစ်သော L’Osservatore Romano တွင် Islamic Banking and Finance ၏ကောင်းသောအချက်များကို ချီးကျူးရေးသားခဲ့ပြီး အနောက်နိုင်ငံမှ ဘဏ်များကိုလည်း Islamic Banking and Finance ၏နည်းလမ်းများကိုအသုံးပြု၍ ယခုကဲ့သို့စီးပွားရေး မတည်မငြိမ်ဖြစ်နေချိန်တွင် ၄င်းတို့၏ ဖောက်သည်များထံမှ ယုံကြည်မှုပြန်လည်ရယူရန် အားပေးထားသည်။

    ပုပ်ရဟန်းမင်းကြီးသာမက အောင်မြင်နေသောသောပညာရေးတက္ကသိုလ်များတွင်လည်း Islamic Banking and Finance ကို ဦးစားပေးဘာသာရပ်အနေနှင့် သင်ကြားပို့ချနေကြပြီဖြစ်သည်။ ဟားဗတ်တက္ကသိုလ်သည် ၁၉၉၄-၁၉၉၅ ခုနှစ်ကတည်းက Islamic Finance Project ကိုစတင်ခဲ့ပြီး ကမ္ဘာတဝှမ်းမှ ထိပ်တန်း တက္ကသိုလ်များကလည်း ပါဝင်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာမှ အစိုးရအများစုကလည်း Islamic Banking and Finance  ၏အားသားချက်များစွာမှ အကျိုးအမြတ်ရဖို့ အားထုတ်ကြိုးပမ်းလာကြပါသည်။ အင်္ဂလန်၊ လူဇင်ဘတ်၊ မြောက် အိုင်ယာလန်၊ ဂျာမနီ၊ ဗာမြူဒါ၊ ပြင်သစ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ မောလ်ဒိုက်၊ တူရကီ၊ စင်္ကာပူ၊ ဂျပန်၊ သြစတေးလျ နှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသည် Islamic Banking and Finance ကိုလက်တွေ့အကောင်ထည်ဖော်နေသော နိုင်ငံများအဖြစ် လူသိများလာပါသည်။

    လူဇင်ဘတ်၊ ဘာရိန်း နှင့် မလေးရှား နိုင်ငံတို့တွင် Islamic Banking and Finance ကို တိုးချဲ့အကောင် အထည်ဖော်လျက်ရှိသည်။ သတိပြုရန် အချက်တစ်ခုရှိပါသည်။ လူဇင်ဘတ်နိုင်ငံ၏၀င်ငွေသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်ခဲ့သော်လည်း မလေးရှားနိင်ငံက ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်ဖို့ ပိုမြန်ပါသည်။ အဓိက အကြောင်းရင်းမှာ လူဇင်ဘတ်နိုင်ငံတွင် မွတ်စလင်လူဦးရေမှာ အနည်းငယ်သာရှိပါသည်။ မွတ်စလင်လွမ်းမိုးသောနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ အစ္စလာမ္မစ်ဘဏ်များတွင် မွတ်စလင်မဟုတ်သူအကောင့်ပိုင်ရှင် ၄၀ရာခိုင်နှုန်းရှိနေသောကြောင့်ဖြစ်သည်။ စီးပွားရေး အကျိုးအမြတ်များစွာရရှိသောကြောင့် ၄င်းတို့နိုင်ငံများရှိ မွတ်စလင်မ် လူဦးရေကို ထည့်မတွက်ဘဲ Islamic Banking and Finance တွင်ဦးဆောင်နိုင်သော ပင်မနိုင်ငံများဖြစ်ဖို့ နည်းလမ်းမျိုးစုံကို ကြိုးစားရှာဖွေလာကြသည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်မ် မဟုတ်သူပညာရှင်များက Islamic Banking and Finance ကို တခဲနက်ထောက်ခံလာသကဲ့သို့ ၄င်း၏အရေးပါမှုနှင့် အကျိုးကျေးဇူးများးသည် သူ၏နာမည်ထက်ပို၍ ကျယ်ပြန့်သည်မှာ သံသယမရှိ သိသာထင်ရှားလှသည်။

    မကြာသေးခင်ကဖြစ်ခဲ့သော ကမ္ဘာ့စီးပွားရေးပျက်ကပ်တွင် အစ္စလာမ်မစ်ဘဏ်များမှာ ဆုံးရှုံးမှုမရှိဘဲ ရပ်တည်နိုင်ခဲ့သည့်အတွက် ကမ္ဘာက သတိထားမိခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် Islamic Banking and Finance  သည်ကမ္ဘာ့စီးပွားရေး၏ ယုံကြည်စိတ်ချရသော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှ အသုံးပြုလျက်ရှိသည်။ နှစ်စဉ် ၂၀ရာခိုင်းနုန်းမှ ၃၀ ရာခိုင်နှုန်းအထိတိုးတက်လျက်ရှိသည်။

    မွတ်စလင်မ်လူဦးရေ သန်း၁၅၀ ရှိပြီး မွတ်စလင်မ်တို့၏ အိမ်ဟုတင်စားနိုင်သော အိန္ဒိယနိုင်ငံကို Islamic Banking and Finance ကိုအသုံးမပြုသေးသော အကြီးမားဆုံးဈေးကွက်အဖြစ်မြင်လာကြသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက Islamic Banking and Finance  တွင် အိန္ဒိယလူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းမျိုးစုံ ( အထူးသဖြင့် စီးပွားရေး) မှရင်းနှီးမြုပ်နှံမှုများရှိပြီး အကျိုးကျေးဇူးများ ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် လူထုအတွင်းနှင့် နိုင်ငံရေး ကြိုးကိုင်သူအချို့မှာ သတိမပြုမိဘဲရှိနေကြသေးသည်။ အစ္စလာမ့်နည်းလမ်းအရ ငွေကြေးစီမံခန့်ခွဲမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်နေသော Kerala ပြည်နယ်အစိုးရမှ လိုအပ်သောရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်မှုစတင်လိုက်သည်နှင့် Oman နိုင်ငံတစ်ခုတည်းမှ ရူပီး ၁၀၀ဘီလီယံကို အရေးကြီးသော ဖွံဖြိုးတိုးတက်မှုလုပ်ငန်းများ ဥပမာ လမ်း၊တံတား၊စွမ်းအင်နှင့် ရေပေးဝေရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် သတင်းအချက်အလက်ဆိုင်ရာနည်းပညာရပ်များ၊ ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်း၊လေယဉ်ကွင်း၊ မီးရထားလမ်းနှင့် သယ်ယူပို့ဆောင်ရေး၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး အစရှိသည့် လုပ်ငန်းများတွင် မြုပ်နှံသွားမည်ဟု ကမ်းလှမ်းမှုရရှိခဲ့သည်။ ၄င်းသည် အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများကို တံခါးဖွင့်ပေးမည့် ကောင်းမွန်သော တိုးတက်မှု ဖြစ်သကဲ့သို့ လူထု၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတရားနှင့် မသက်ဆိုင်သော၊ နိုင်ငံသားတိုင်းအတွက် အကျိုးရှိစေမည့် သင့်တင့်သော ဘဏ်လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးစေသည်။

    အိန္ဒိယနိုင်ငံသည် စီးပွားရေး လျင်မြန်စွာတိုးတက်နေသည့် နိုင်ငံများတွင် ပါဝင်ပြီး ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးကို ဦးဆောင်သောနိုင်ငံများတွင် ပါဝင်လာမည်ဖြစ်သည်။ သို့သော် ထိုသို့အောင်မြင်မှုများရရန် အတွက် နိုင်ငံရေးဆိုင်ရာဖွံဖြိုးမှုများ ပြုလုပ်ခြင်း၊ အရည်းအချင်းပြည့်ဝသည့် ပညာရှင်များမွေးထုတ်ခြင်းအပြင် Islamic Banking and Finance နှင့်ပတ်သက်သော ဘာသာရပ်များကို သင်ကြားပေးခြင်းကဲ့သို့ ကြိုတင်ပြင်ဆင်များကို ပြုလုပ်ရမည့် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ စစ်တမ်းများအရ အိန္ဒိယနိုင်ငံသည် နိုင်ငံ၏အဓိကအရေးပါလှသော ပရောဂျက်များကို တည်ဆောက်ရန် ရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ လိုအပ်လျက်ရှိသည်။ အစ္စလာမ်မစ်ဘဏ်လုပ်ငန်းကို စတင်လိုက်ခြင်းဖြင့် ဤလိုအပ်သော ငွေပမာဏကိုအလွယ်တကူရရှိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် လောင်စာဆီထွက်သည့် ကမ်းရိုးတန်းဒေသနိုင်ငံများမှာ သူတို့၏လောင်စာဆီရောင်းချမှုမှ ရရှိသော သန်းပေါင်းများစွာသောငွေများအတွက် ရင်းနှီးမြုပ်နှံရန် ဈေးကွက်အသစ်များရှာဖွေလျက်ရှိသည်။ Islamic Banking and Finance ၏အရေးပါမှုမြင့်မားလာခြင်းနှင့် အဓိကစီးပွားရေုးလုပ်ငန်းများအတွင်းသို့  ထိုးဖောက်ဝင်ရောက်လာမှုမှာ ရှောင်ရှားရန်ခက်ခဲလှသည်။ ယခုအချိန်သည် အိန္ဒိယနိုင်ငံရေးအကြီးအကဲများအတွက် Islamic Banking and Finance ကိုအားပေးထောက်ခံ၍ အကောင်အထည်ဖော်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အခြေခံအုတ်မြစ်များဖွံ့ဖြိုးတိုးတက်လာပါက တစ်ဦးချင်း၏ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်မှုမရှိဘဲ အိန္ဒိယနိုင်ငံသားအားလုံး အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။

    မူရင်းသတင်း >> muslimvillage.com

    Red Alien  မှ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ပါသည်။

  • ဖားကန့်မြို့ ဆိုင်းတောင်ရွာမှ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရသည့် ပုံများ

    ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား  ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊

     

    ဖျက်ဆီးခံရသည့် သတင်းအောင် ဒီနေရာတွင် ဖတ်ပါ။