News @ M-Media

Blog

  • စဥ့်ကိုင်မြို့နယ် တဘက်ဆွဲတောင်ပိုင်းနေ အစ္စလာမ် ဘာသာဝင်များ နိုင်/ကဒ်ရရှိရန် ခက်ခဲဆဲ

    မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်တဘက်ဆွဲကျေးရွာနေ မြန်မာတိုင်းရင်းသားအစ္စလာမ်ဘာသာ ၀င်များမှာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများရရှိရန် အခက်အခဲဖြစ်နေကြောင်း ၄င်းတို့ထံက သိရှိရသည်။

    တဘက်ဆွဲကျေးရွာမြောက်ဘက်ပိုင်းတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများနေထိုင်ပြီး ထိုအပိုင်းတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင်များကိုမူ ကျေးရွာအထိ လာရောက်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ထုတ်ဝေ ပေးခဲ့သည်။

    ခေတ်အဆက်ဆက်တွင် ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများထုတ်ဝေပေးမှုတွင် တိုင်းရင်း သားမြန်မာမွတ်စလင်များ နေထိုင်သော တဘက်ဆွဲတောင်ပိုင်းကို ဗုဒ္ဓဘာသာဝင်များ နေထိုင်သော တဘက်ဆွဲ မြောက်ပိုင်းထက် ပိုမိုငွေကြေးကောက်ခံမှုများရှိခဲ့ပြီးမှတ်ပုံတင်ရရှိရန်မှာမူ မလွယ်ကူ ကြောင်း သိရသည်။

    “ပြီးခဲ့တဲ့ နှစ်လပိုင်းထဲမှကို သုံးကြိမ်လာလုပ်ပေးတယ် နှစ်ကြိမ်သုံးကြိမ်လာလုပ်ပေးတာတောင်မှ ကျနော်တို့ တောင်ပိုင်းကို လာလုပ်ပေးတာမရှိဘူး ကွက်ချန်ပစ်ခဲ့တယ် ” ဟု တဘက်ဆွဲတွင်နေထိုင် သည့်မြန်မာမွတ်စလင်တစ်ဦးက ပြောကြားသည်။

    နိုင်ငံသားစိစစ်ရေးကဒ်ပြားများပြုလုပ်ရာတွင် အစ္စလာမ်ဘာသာကို ကိုးကွယ်သော တိုင်းရင်းသား မြန်မာမွတ်စလင်များ ကို ဗမာလူမျိုးအဖြစ် အသိအမှတ်မပြုခြင်း ၊ အန္ဒိယ ၊ ပါကစ္စတန်လူမျိုးအဖြစ် ရေးသွင်းခြင်းစသဖြင့် အနိုင်အထက်ပြုကျင့်မှုများကို လ၀ကများမှပြုလုပ်ကြောင်းသိရသည်။

    “ အိန္ဒိယဗမာလို့ အရေးခံရတာတော့ ကျနော်တို့ အတော်ခံစားရတယ် ၊ အစိုးရက ဥပဒေထုတ်ပြန် ထားတာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးသည် ဒီဟာကို အသိအမှတ် ပြုလက်ခံတယ်လို့ ဆိုထားသောလဲ အစ္စလာမ်ဘာသာကို လက်ခံထားတဲ့ ကျနော်တို့ တစ်တွေ အခွင့် အရေးတွေဆုံးရှုံးနေတယ်လို့ပြောခြင်တယ်” ဟု ထိုသို့ဖြစ်ပေါ်နေခြင်းမှာ တဘက်ဆွဲကျေးရွာ တစ်ရွာတည်းတင်မဟုတ်ပဲ မြန်မာပြည်အနှံ့တွင် ဖြစ်ပျက်နေခြင်းဖြစ်ကြောင်း မန္တလေးတွင်နေထိုင် သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

    “ မှတ်ပုံတင်ကျပျောက်မှာတောင် ကြောက်နေရတယ် ၊ ကျနော့်သမီးဆို ယာယီလုပ်ပြီးနေ နေရတယ် ဒါတောင် ဆယ်တန်းဖြေတုန်းကမို့လို့ ၊တက္ကသိုလ်ရောက်တာတောင် မှတ်ပုံတင်မရသေးဘူး ” ဟု မန္တလေးမြို့အောင်မြေသာစံ မြို့နယ် အတွင်းနေထိုင်သည့် မြန်မာမွတ်စလင်တစ်ဦးကပြောသည်။

     

    မင်းမင်းလတ်(မန္တလေး-မြစ်မခ)
    ဧပြီ(၂၄)ရက်၊၂၀၁၂ခုနှစ်။

    Shwe Myitmakha Media Group မှ ကူးယူဖော်ပြပါသည်။

     

  • ကိုယ်ကျိုးရှာ စီးပွားရေးသမားများ၏ ဘာသာရေးမှိုင်းတိုက် တိုင်းပြည်မီးလောင်တိုက်သွင်းမှု့

    သောင်းထိုက်

    မကွေးတိုင်း ကမ္မတွင် ဧပြီ ၁၃ ရက်နေ့ က မွတ်စ်လင်မ်ဆုတောင်းဝတ်ပြုဆောင်ကို ဖျက်ဆီးပြီး အိမ်များကိုလည်း ၀င်ရောက်ဖျက်ဆီးကာ ပစ္စည်းများကို တရားဥပဒေမဲ့ လုယူသွားကြသည်။ အိမ်များကိုရွေးချယ်ဖျက်ဆီးခြင်း၊ ဆုတောင်းဝတ်ပြုဆောင်ကိုဖျက်ဆီးခြင်းဖြစ်၍ ဤအဖြစ်အပျက်သည် ဘာ သာရေး ပြသနာကဲ့သို့ဖြစ်လာသည်။ အမှန်မှာ ဤကိစ္စသည် စီးပွားရေးသမားအချင်းချင်း ပြိုင်ဆိုင်ရာမှာ ကြံ့ဖွံ့အမတ်နှင့် သူ၏ကျောထောက်နောက်ခံ စီးပွားရေးသမားများက  ပြည်သူများအား ဘာသာရေးမှိုင်းတိုက်ကာ ကိုယ်ကျိုးစီးပွားရှာခြင်းသာဖြစ်သည်။

    ဆိုလိုရင်းကို သုံးသပ်တင်ပြပါမည်။

    အွန်လိုင်းတွင် ကော်မန့် ရေးကြသူ အများစုသည် ဖြစ်စဉ်ကို သေချာသဘောပေါက်အောင်ဖတ်ဟန်မတူ။ လူမျိုးအစွဲ၊ ဘာသာရေးအစွဲဖြင့်သာ ရေနစ်သူဝါး ကူထိုးဆိုသကဲ့သို့ အတိုက်ခိုက်ခံရသူများကို အပြစ်တင်ကြသည်။ တိုက်ခိုက်သူများဖက်မှ ၀မ်းသာအားရ အားပေးကြသည်။ သတင်းမီဒီယာပေါက်စများ ကလည်း သတင်းမှားများ လွှင့်ခဲ့ကြသည်။ အချက်အချို့ ကို သေချာပြန်စဉ်းစားကြည့်စေလိုသည်။

    –       တိုက်ခိုက်ခံရသူအများစုသည် နေရင်းထိုင်ရင်း ပစ္စည်းများလုယက်ခံရခြင်းဖြစ်သည်။ အပြစ်တစုံတရာမလုပ်ဘဲ အကြမ်းဖက်ခံလိုက်ရခြင်းဖြစ်သည်။

    –       ကိစ္စရပ်တခုခုအပေါ် အခြေအတင်မကျေမလည်ဖြစ်သဖြင့် တဖက်နှင့်တဖက် အပြန်အလှန်တိုက်ခိုက် ခြင်းမဟုတ်။ လူစုလူဝေးဖြင့် မွတ်စလင်မ်ပြည် သူအိမ်များကို တိုက်ခိုက်လုယက်သွားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရသူများမှာ ခုခံရန်အနေသာ ကြောက်လန့် သဖြင့် တံခါးများပိတ်ကာ ပုန်းအောင်းနေရ သည်။ ဆိုလိုရင်းမှာ တဖက်သက် တိုက်ခိုက်သွားခြင်းဖြစ်သည်။

    ဤဖြစ်စဉ်အား ဥပဒေရှု့ဒေါင့်၊ လူ့ အခွင့်အရေးရှု့ဒေါင့်၊ ဘာသာရေးရှု့ ဒေါင့် မည်သည့်ရှု့ဒေါင့်က ကြည့်ကြည့် တဖက်က တခြားတဖက်ကို တရားသော အကြောင်းပြချက်မရှိ တိုက်ခိုက်ခြင်းဖြစ်သဖြင့် တိုက်ခိုက်သူဖက်က အမှားဖြစ်သည်။ ဓား၊ ပုဆိန် ရဲဒင်း စသည့် လူကိုသေစေနိုင်သည့် လက်နက်များအ သုံးပြုပြီး တိုက်ခိုက်ခဲ့သည့်အတွက် ပိုင်နက်ကျူးလွန်မှု၊ ကြိုတင်ကြံစည်မှု၊ နာကျင်အောင်ကြံစည်မှု၊ လက်နက်ကိုင်ဆောင်မှု၊ လုယက်မှုစသည့် ရာဇ ဝတ်မှုများမြောက်သည်။ ထို့အပြင် တာဝန်ရှိသူများက အရေးယူဟန့်တားခြင်းမပြုဘဲ လက်ပိုက်ကြည့်နေခြင်းကလည်း အားပေးကူညီမှု မြောက်သည်။

    အွန်လိုင်းတွင် ကော်မန့်ရေးသူ မြန်မာပြည်သူ အတော်များများ (အားလုံးမဟုတ်) သည် ဤရာဇ၀တ်မှုကို ရာဇ၀တ်မှုဟုမမြင်နိုင်တော့ဘဲ ဘာသာရေးဟု ပြောလိုက်ယုံဖြင့် ရာဇ၀တ်မှုကျူးလွန်သူများဖက်မှ ရပ်တည်ကြတော့သည်၊ ပွင့်ပွင့်လင်း လင်းထောက်ခံကြတော့သည်။ ဤနေရာတွင်မေးခွန်း မေးစရာ များပေါ်လာသည်။ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် ရာဇ၀တ်မှုမှန်းသိလျက် ထိုရာဇ၀တ်မှုများကို “ငါတို့နဲ့ဘာသာမတူသူများခံရလို့ဆိုပြီး ဘာသာ ရေးခေါင်းစဉ် အောက်ဆွဲသွင်းလိုက်ရုံဖြင့် ရာဇဝတ်မှုကို လျစ်လျူရှုလက်ခံပါသလား”။ “အကြမ်းမဖက်ဝါဒ (non-violence) နှင့်ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်၍ အုပ်စုဖြင့် အုံအုံကြွကြွ ဆူပူခြင်း (mob violence) ကို တရားသောဖြေရှင်းနည်းလို့ လက်ခံပါသလား”။

    ကမ္မမြို့ အဖြစ်အပျက်ကို သေချာလေ့လာကြည့်လျှင် ကြံ့ဖွံ့လွှတ်တော်အမတ်နှင့် စီးပွားရေးသမားတို့မှ ပြည်သူများအား ဘာသာရေးမှိုင်းတိုက်ကာ ကိုယ်ကျိုးစီးပွားရှာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာတွေ့ရသည်။ ဖြစ်စဉ်အကျဉ်းမှာ –

    –       ကမ္မ-ပြည် စက်လှေလိုင်စင်ကို ကြံ့ ဖွံ့ အမတ် ဦးဝင်းနိုင်က လေလံ ၁၃၅ သိန်းဖြင့် ယခင်းကတည်းက လက်ဝါးကြီးအုပ်ထားသည်။ စီးပွားရေး ပွင့် လင်းလာသည့်အတွက် ၂၀၁၂ ဧပြီလ ဈေးပြိုင် လေလံဆွဲပွဲတွင် အစ္စလာမ်ဘာသာကိုးကွယ်သူ ဦးဌေးလွင်နှင့် ဒေါ်ဝါဝါက လေလံအောင်သွားသဖြင့် ကြံ့ ဖွံ့  အမတ် ဦးဝင်းနိုင်နှင့် သူ၏ ကျောထောက် နောက်ခံ စီးပွားရေးသမားများက ဦးဌေးလွင်နှင့်ဒေါ်ဝါဝါတို့ကို မကျေနပ်ရာမှ ပြသနာစသည်။

    –       ကြံ့ ဖွံ့ ဦးဝင်းနိုင်အား ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမား ဦးဝမ်းသည် ကင်းရွာ-ပြည် ကူးတို့  လိုင်းကို ၂၅ သိန်းဖြင့်လေလံဆွဲ ထားပြီး သတ်မှတ်စည်ပင်နယ်နိမိတ်ကျော်ကာ ကံမ္မ-ပြည် ကူးတို့လိုင်းအနီးနား (မွတ်စလင်မ်ဦးဌေးလွင်တို့၏ ကူးတို့ လိုင်းနယ်နိမိတ်) အထိ နယ်မြေ ကျော် ပြေးဆွဲလျက်ရှိသည်။ ယခု ဘဏ္ဍာရေးနှစ်သစ်တွင် ဦးဌေးလွင်တို့ က စက်လှေကူးတို့  ပြေးဆွဲ တော့မည်ဖြစ်ရာ၊ ဦးဝမ်းတို့ နယ်ကျော်ကူးတို့ဆွဲ နေ မှုရပ်ဆိုင်းရမည့် ရက်ကျော်လွန်သော်လည်း  ရက်တိုးတောင်းမှုကြောင့် တိုးပေးခဲ့သည်၊ သို့သော် ထပ်တိုး ရက်ကျော်လွန်သည့် အခါ၊ ကြံ့ဖွံ့ အမတ်ဦး ၀င်းနိုင်က ဦးဌေးလွင်တို့ကို မြို့နယ်အုပ်ချုပ်ရေးရုံးတွင်ခေါ်ကာ ရက်တိုး ပေးရန်ညှိပြန်သည်။ သည်တစ်ကြိမ်တွင် ရက်ညှိရုံမက လေလံကိုပါ လွှဲအပ်ပေး ရန်တောင်းသည်ဟုဆို သည်။ လက်မခံပါက ဘာသာရေးပြသနာ ဖြစ်သွားနိုင်ကြောင်း အမတ်ဦးဝင်းနိုင်က ချိန်းခြောက်သည်ဟု ဆိုသည်။ စည်ပင်ဦးစီး မှူးမှ ဦးဝင်းနိုင်အား ဤသို့လုပ်ပါက ကြံ့ဖွံ့ပါတီသိက္ခာကျနိုင်ကြောင်း၊ ဥပဒေ အတိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောသော်လည်းမရပေ။ ထို့ကြောင့် ၎င်းတို့တောင်းဆိုချက်အတိုင်း အနိုင်ရထားသော ကူးတို့လိုင်း လေလံကို ဦးဝမ်းတို့အား လွဲပြောင်းပေးခဲ့ရသည်။ သို့သော် ဈေးနည်းနည်းဖြင့် ရရမည့် လေလံကို ဦးဌေးလွင် ဒေါ်ဝါ၀ါတို့ကြောင့် ငွေကြေးများစွာကုန်ခဲ့ရသည်ဆိုကာ ဦးဝမ်းတို့မှ မကျေနပ်ဖြစ်ခဲ့သည် ဟုဆိုသည်။

    ဤအခြေခံပေါ်တွင် ဧပြီလ ၁၃ ရက်နေ့ တွင် ကြံ့ဖွံ့အမတ်ဦးဝင်းနိုင်နှင့် ဦးဝမ်းတို့ ပယောဂဖြင့် မွတ်စလင်မ် ပြည်သူအိမ်တချို့ ကို လူအုပ်က ဖျက်ဆီးလု ယက်ကြသည်။ ခံရသူများက သက်ဆိုင်ရာသို့  အကြောင်းကြားခဲ့သော်လည်း အရေးမယူသည့်အပြင် ကာကွယ်မှု လုံးဝ (လုံးဝ) မပေးပါ။ ထိုသို့ကာကွယ် မှုမပေးသည့်အတွက် မီးစိမ်းပြသည်ဟုမှတ်ယူကာ ကူးတို့ ဆိပ်ကမ်းမှ ဆင်းရဲသား အလုပ်သမားများအပါအ၀င် လူအုပ်စုက ၁၄ ရက်နေ့ နှင့် ၁၅ ရက် နေ့ တွင် နေအိမ်များ၊ ဆိုင်ခန်းများ၊ စက်လှေများကို ဆက်လက်ဖျက်ဆီးခဲ့ကြသည်။ ပစ္စည်းများလုယူသွားကြသည်။

    နောက်ပိုင်းတွင် ကြံ့ ဖွံ့ ဦးဝင်းနိုင်နှင့် အပေါင်းအပါတို့ က ဦးဌေးလွင်နှင့် ဆွေမျိုး တော်စပ်သူများထံမှ စီးပွားရေးလိုင်စင်များ ကို သိမ်းယူလိုက်သည်။ ပြသ နာကရှင်းနေသည်၊ ရုတ်ရုတ်သဲသဲ အခြေအနေကိုအသုံးချပြီး ကြံ့ ဖွံ့  ဦးဝင်းနိုင်နှင့် အပေါင်းအပါ စီးပွားရေးသမားများက ဓားပြတိုက်လိုက်ခြင်း (သို့ ) စီး ပွားရေး လက်ဝါးကြီးအုပ်လိုက်ခြင်းပင်။

    ဤဖြစ်စဉ်ကိုကြည့်ပါက ကြံ့ ဖွံ့  ဦးဝင်းနိုင်သည်

    (က) ကြံ့ဖွံ့ လွှတ်တော်အမတ်ဟူသော အာဏာကိုသုံးကာ အချိန်မရွေး ဘာသာရေး အဓိကရုဏ်းကို ဖန်တီးနိုင်စွမ်းရှိသည် ဟု ယုံကြည်ထားသူဖြစ် ကြောင်း၊ ထိုယြုံကည်ချက်ကို လက်တွေ့ဖန်တီးပြသလိုက်ကြောင်း ပေါ်လွင်သည်။

    (ခ) လွှတ်တော်အမတ်တစ်ဦးဖြစ်ပါလျှက် ဥပဒေနည်းလမ်းအတိုင်း ဆောင်ရွက်ခြင်းကို လျစ်လျှူရှု့ပြီး ပုဂ္ဂလိက စီးပွားရေးအတွက် ဥပဒေပြင်ပမှ ဒုစရိုက် ဆန်ဆန်လုပ်ခဲ့သည်။

    ဒီမိုကရေစီစနစ်နှင့် ပတ်သက်ပြီး အရေးကြီးသည့်အချက်တစ်ချက် ထောက်ပြပါမည်။

    အစိုးရရုံးများသည် တိုင်းပြည်ဘဏ္ဍာဖြင့် လှည်ပတ်နေသည့် ပြည်သူ့ ရုံး (အင်္ဂလိပ်အခေါ် Public Office) ဖြစ်သည်။ နိုင်ငံ အကျိုးစီးပွားနှင့် အများပြည် သူကိစ္စရပ်များအတွက် ထူထောင်ထားခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် အများပြည်သူပိုင်သော အုပ်ချုပ်ရေးနေရာဖြစ်သည်။ ပြည်သူ့ ရုံးအား ပုဂ္ဂိုလ်ရေး ကိစ္စများအတွက်၊ ကိုယ်ကျိုးစီးပွား (သို့ ) ပုဂ္ဂလိက စီးပွားအတွက် အသုံးပြုခွင့်မရှိပေ။ ထိုနည်းတူ အမတ်များ၊ ၀န်ကြီးများနှင့် ၀န်ထမ်းများသည် ရာထူး အာဏာများကို ပုဂ္ဂိုလ်ရေးအတွက်၊ ကိုယ်ကျိုးစီးပွားအတွက်၊ တစုံတယောက်၏ အကျိုးစီးပွားအတွက် အသုံးပြုခွင့် လုံးဝမရှိပေ။ ရုံးနှင့် အာဏာကို ပုဂ္ဂိုလ် ရးအတွက် သုံးပါက နိုင်ငံရေးချစားမှု (Corruption) မြောက်သည်။

    ကြံ့ ဖွံ့ ဦးဝင်းနိုင်လုပ်ပုံမှာ မြို့ နယ်ရုံးနှင့် သူ၏ အာဏာကို စီးပွားရေးအတွက် အသုံးချခဲ့ရုံမက ရာဇ၀တ်နည်းလမ်းများပါ သုံးခဲ့သည်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေး ချစားမှုနှင့် Public Accountability (ခေါ်) ပြည်သူလူထု တာဝန်ခံမှုဆိုင်ရာနှင့် ပတ်သက်ပြီး အရေးယူခံထိုက်သည်။

    အွန်လိုင်းပေါ်မှပရိသတ်များသည် ဤအခြေခံကိုဖြစ်စဉ်ကိုမြင်လျှက် သဘောထား မှန်မှန်ကန်ကန်ဖြင့် သုံးသပ်သင့်ကြသည်။ ကိုယ်ကျိုးစီးပွားသမားများ ၏ မှိုင်းတိုက်မှုအောက်တွင် ဘာသာရေးအစွဲ လူမျိုးရေးအစွဲ ဖြင့်သာ ပြဿနာရပ်ကိုချဉ်းကပ်ပါမူ၊ သို့မဟုတ် မျက်စေ့မှိတ်၍ မတရားသည့် ဘက်လိုက် အော်ပေးမည်ဆိုလျှင်၊ ထို့ပြင် ပြဿနာတရပ်ရပ်ကို ဖြေရှင်းရာမှာ လူများစုလူအုပ်စုဖြင့် အနိုင်ကျင့်(mob violence) ဖြေရှင်းခြင်းနှင့်သာ ဖြေရှင်းကြမည် ဆိုလျှင် တိုင်းပြည်တွင် တရားဥပဒေ၏ အခန်းကဏ္ဍက ဘာလဲဟု မေးစရာဖြစ် တော့သည်။

    တဖန် လူများစု လူအုပ်စုဖြင့် အနိုင်ကျင့်ဖြေရှင်းရေး သဘောထား (Attitude) များကိန်းအောင်း အမြစ်တွယ်နေပါမူ ကောင်းသောလက္ခဏာမဟုတ်ပေ။ အခန့်မသင့်ပါက တိုင်းပြည်တွင်း ကြီးမားသော ပြဿနာ မလွှဲမသွေ ပေါ်ပေါက်လာနိုင်သည်။ ယနေ့လူနည်းစု မွတ်စလင်မ်များအပေါ် အနိုင်ကျင့်တိုက် ခိုက်သည်။ ပြီးလျှင် လူနည်းစု ခရစ်ယာန်များကိုအနိုင်ကျင့်တိုက်ခိုက်မည်။ နှောင်တွင် လူနည်းစု လူမျိုးစုများကိုတိုက်ခိုက်ကြမည်။ မတိုက်ခိုက်ဘူးထား ဦးတော့ ရှေ့ကဖြစ်ခဲ့ဖူးသည့် အတွေ့ အကြုံများကြောင့် သံသယများရှိနေမည်သာ။ ထို့ကြောင့် လူအုပ်ဖြင့်အနိုင်ကျင့်ဖြေရှင်းနည်းသည် တိုင်းပြည် အေး ချမ်းသာယာမှုကို အဟန့်အတားဖြစ်စေသကဲ့သို့ ၊ လူအုပ်ဖြင့်အနိုင်ကျင့်ဖြေရှင်းခြင်းအလေ့အထရှိခဲ့ခြင်း ကြောင့် ဖြစ်ရှိလာသော စိုးရိမ်စိတ် သံသယစိတ် များသည်လည်း တိုင်းပြည်အေးချမ်းသာယာရေး၊ တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးကို အဟန့် အတားဖြစ်စေပါသည်။

    ထို့ကြောင့် တိုင်းပြည်တိုးတက်စေလိုသည့်စိတ်ရှိသူတိုင်း မည်သည့်မှိုင်းတိုက်မှုအောက်တွင်မပါစေဘဲ တရားဥပဒေ နှင့်အညီ တရားဥပဒေဘောင်အ တွင်းမှ ဆောင်ရွက်စေလိုသော ဆောင်ရွက်တတ်သော စိတ်ထားများ လေ့ကျင့် မွေးမြူနိုင်ရန် လိုအပ်ပါသည်။

    (မှတ်ချက် – ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် သုံးသပ်ချက်များသာဖြစ်သည်။)

  • ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသို့ အိတ်ဖွင့်ပေးစာ

    သို့

    သက်ဆိုင်ရာ တာဝန်ခံအယ်ဒီတာများ

    •  Eleven Media Group
    •  7Days News Journal
    • The Voice Journal
    • မြန်မာတိုင်း(မ်)
    • DVB သတင်းဌာန
    • ဧရာဝတီ သတင်းဌာန
    • မဇ္ဈိမ သတင်းဌာန
    • ဘီဘီစီမြန်မာဌာန
    • ဗီအိုအေ မြန်မာဌာန
    • လွတ်လပ်သောအာရှအသံမြန်မာဌာန (RFA)
    • သစ်ထူးလွင် (Myanmar News Now)

    အကြောင်းအရာ။   ။ ဖားကန့်နှင့် ကမ္မမြို့တွင် အစ္စလာမ့် ဆုတောင်းဝတ်ပြုဆောင်များ ဖျက်ဆီးခဲ့ခြင်းအပေါ် ဥက္ခာပြုခြင်းနှင့် ပတ်သက်၍။

    ရက်စွဲ – ဧပြီ ၂၄၊ ၂၀၁၂

    ဧပြီလ ၁၂ ရက်နေ့ နှင့် ၁၄ ရက်နေ့ အတွင်း ဖားကန့် နှင့် ကမ္မရှိ အစ္စလာမ်ဘာသာ ဆုတောင်းဝတ်ပြုဆောင်များ ကို ဒေသခံများက ဖျက်ဆီးဖြိုချခဲ့သည့် အဖြစ်အပျက်နှင့်  မြန်မာမွတ်စလင်မ် ပြည်သူတို့ ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့အား ဖျက်ဆီးခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များနှင့် ပက်သက်သည့် သတင်း အကြောင်းအရာများကို ပြည်သူ့နားမျက်စိသဖွယ် အားကိုးခြင်းခံ ယူထားသော ပြည်တွင်း၊ ပြည်ပသတင်း ဌာနများမှ အရေးပေး၊ သတင်း ယူဖေါ် ပြခဲ့ခြင်းများ မတွေ့ရသည့်အတွက် ကျွန်ုပ်တို့ MMSY မီဒီယာမှ စိတ်မကောင်းခြင်းကြီးစွာဖြစ်မိကြာင်း အသိပေးလို ပါသည်။

    ကမ္မနှင့် ဖားကန့်  ဖြစ်ရပ် ၂ ရပ်လုံးမှာ “ခိုက်ရန်ဖြစ်ပွားမှု”၊ “ဓားပြမှု” လုံးဝမဟုတ်ခဲ့ဘဲ အကြမ်းဖက်လိုသည့် ရည် ရွယ်ချက်ဖြင့် လူစုလူဝေးအင်အားအသုံးပြုကာ တရားဥပဒေမဲ့ တဖက်သက် အဓမ္မ ၀င်ရောက် ဖျက်ဆီးခဲ့ ခြင်းဖြစ် သည်။

    မကွေးတိုင်းကြီးဒေသ ကမ္မမြို့နယ်တွင် လူဦးရေ ၃၀၀ ခန့် က ခုခံမဲ့ မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုများအား အင်အားသုံး အကြမ်းဖက်ဖျက်ဆီးခြင်း၊ ၀တ်ပြုဆုတောင်းကျောင်းဆောင်အား တရားမဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် NLD ပါတီဝင်များအပါအ၀င် လူဦးရေ ၁၅၀ ခန့်က အစ္စလာမ် ဘာသာဆုတောင်းဝတ် ပြုဆောင်ကို လူစုအင်အားသုံးကာ လုံးဝဖြိုချခဲ့ခြင်းဖြစ်သည်။

    ဤဖြစ်စဉ်များဖြစ်ပွားစဉ် ဒေသအာဏာပိုင်များက တရားဥပဒေနည်းအရ ထိန်းသိမ်း ဆောင်ရွက်ရမည့်အစား အကြမ်းဖက်ဖျက်ဆီးနေသည့်လူများကိုပင် လုံခြုံရေးချထားပေးခဲ့ကြောင်း ကြောက်ရွံ့စိတ်ပျက်ဖွယ် ကြားသိရ သည်။ မြန်မာပြည် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲတွင် ရှေ့ တန်းမှ ရပ်တည်နေသည့် သတင်း ဌာနများ သည်လည်း တမြေတည်းနေ တရေတည်းသောက် မြန်မာမွတ်စလင်မ် ပြည်သူများ ဥပဒေမဲ့ အကြမ်းဖက်ခံရချိန် တွင် ဥပက္ခာပြု လျစ်လျူရှုခဲ့သည်ဟု ယုံကြည်မိသည်။

    ဤဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းပျံနှံ့ ပါက ပိုမိုအခြေအနေဆိုးရွားသွားနိုင်သဖြင့် သတင်းများရေးသားထုတ် ပြန်ခြင်းမရှိဟု အစောပိုင်းတွင် ယူဆခဲ့သည်။ သို့ သော် ဖေ့စ်ဘွတ်ခ်နှင့် ဆိုရှယ်မီဒီယာများတွင် သတင်းမှားများ၊ မြန်မာပြည်သူ ဘာသာမတူသူ အချင်းချင်း အမုန်ပွားစေရန် ဆဲဆိုရေးသားခြင်းများ၊ ကိုယ်ပိုင်သတင်းဆိုဒ်များတွင် အချက်အလက်မှားများဖြင့် ထိခိုက်နစ်နာစေသည့် အသုံးအနှုန်းနှင့် ရှုထောင့်များဖြင့် ရေးသားထားသည့် သတင်းများပျံနှံ့ လာသည့်တိုင် ပြည်တွင်း/ပြည်ပမှ မြန်မာသတင်းဌာနကြီးများ၊ ဂျာနယ်မီဒီယာများသည်

    (၁) ဘာသာရေး အဓိကရုဏ်းမဖြစ်စေရန်၊ ဘာသာရေးနှင့်လူမျိုးရေးအခြေပြုမုန်းတီးမှု မဖြစ်ပွားစေရန် သတင်း ဖေါ်ထုတ် ကြားနေရေးသား ဖြန်ဖြေပေးမှု မရှိခြင်း၊

    (၂) မြန်မာမွတ်စလင်မ်ပြည်သူများ ဥပဒေမဲ့အကြမ်းဖက် အတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သတင်းအမှန်အား ပြည် သူများသို့  ချပြရန်ပျက်ကွက်ခဲ့ခြင်းတို့ကို သတိပြုမိသည်။

    သတင်းမီဒီယာဆိုသည်မှာ သဘောသဘာဝအရ အစွန်းကင်းမဲ့ ကြားနေဖြစ်ရမည်ဖြစ်သော်လည်း မြန်မာသတင်း မီဒီယာများမှာမူ ဒီမိုကရေစီ စနစ်စတင်ကျင့်သုံးနေသည့်ယနေ့အချိန်တွင်ပင် ရှေးရိုးစွဲဗီဇမဖျောက်ဖျက်နိုင်သေးဘဲ မဇ္ဈိမပဋိပဒါလမ်းကို ကျောခိုင်းသကဲ့သို့ ဖြစ်နေ မြင်နေသည်မှာ ဒီမိုကရေစီ၏ စံချိန်စံညွှန်းများနှင့်သာမက ဗုဒ္ဓ ဟောတရားစစ် တရားမှန်များနှင့်ပါ ဆန့်ကျင်နေကြောင်း တွေ့ရှိရသည်။

    အထက်ဖေါ်ပြပါ အဖြစ်အပျက်များ မတိုင်ခင် ယခင်ကတည်းက မြန်မာပြည်နေရာအချို့တွင် အလားတူ အဖြစ်အ ပျက်ကဲ့သို့ ဖြစ်ခဲ့၊ ရှိခဲ့သည်ကို သိရှိရသော်လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအခြေအနေနှင့် စာနယ်ဇင်းသ တင်းရေးရာ အကျပ်အတည်းများကြောင့် ဖေါ်ပြနိုင်ခဲ့ခြင်း မရှိဟု နားလည်ပေးခဲ့သည်။ ယခုအခါ သတင်းစာနယ် ဇင်း မီဒီယာများအဖို့ ယခင်ကထက် ပွင့်လင်းစွာ ပြောဆိုရေးသား ဖေါ်ပြနိုင်နေပြီးဖြစ်ပါလျက်နှင့် အထက်ပါ အဖြစ် အပျက်ကဲ့သို့ ဥပေဒမဲ့၊ အကြမ်းဖက်ခြင်း၊ ဘာသာရေးအခြေပြု ခွဲခြားဖိနှိပ်ခြင်း၊ လူ့အ ခွင့်အရေး အသက်အိုးအိမ် စည်းစိမ် ထိပါးခြင်းများကို  အရေးပေး၊ ဖေါ်ထုတ်၊ သတင်းမှန်တင်ပြခြင်းများ မပြုလုပ်၊ မဆောင်ရွက်ခြင်းမှာ သတင်းစာနယ်ဇင်းကျင့်ဝတ်နှင့် အမှန်တရားကို မျက်ကွယ်ပြုထားသကဲ့သို့ ဖြစ်နေသည်။

    မြန်မာသတင်းဌာနများသည် ဥပဒေမဲ့၊ အာဏာအသုံးချ၊ အကြမ်းဖက်ခြင်းများကို မျက်ကွယ်ပြု လုံခြုံရေးပေးသည့် အာဏာပိုင်အဖွဲ့ များနှင့် အတူတူပင် ဖြစ်သည်ဟု မိမိတို့ ဖက်မှ မယူဆသည့်အလျောက်  အနာဂတ်တွင် မင်း မဲ့စရိုက်ဆန်စွာပြုမူခြင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးနှင့် ပြည်သူ့အကျိုး အိုးအိမ်စည်စိမ်ထိပါးခြင်း များအား တိုင်းပြည်၏ စတုတ္တ မဏ္ဍိုင် ပီသစွာဖြင့် လူမျိုးရေး၊ ဘာသာရေး ဘက်လိုက်ခြင်းကင်းစွာဖြင့် အမှန်တရား ဖက်မှရပ်တည်ပြီး ဖော်ထုတ်ပေးရန်၊ နစ်နာသူများအတွက် တရားမျှတမှု ရှိအောင် သတင်းမှန်များဖော်ထုတ် ပေးရန် မြန်မာမွတ်စလင်မ် ပြည်သူများ ကိုယ်စား လေးလေးနက်နက် တောင်းဆိုမေတ္တာရပ်ခံပါသည်။

    မြန်မာနိုင်ငံသား တမြေတည်းသား အားလုံး၏ နေ့စဉ်ဘ၀လုံခြုံရေး၊ အကျိုးစီးပွားတည်တံ့ဖွံ့ဖြိုးရေးများအတွက် သတင်းအချက်အလက်များ၊ အင်အားဖြည့်စွက်ရန် လိုအပ်လာပါက ကျွန်ုပ်တို့ MMSY မီဒီယာ အနေဖြင့် တတ်အားသရွေ့ ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

     

    MMSY မီဒီယာ (မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ မီဒီယာ)

    URL: – http://news.mmsy.info

    Contact: [email protected]

  • ဂျာမန်အစ္စလာမ် ညီလာခံမှ သဘောတူညီမှုရလဒ်များကို ဂျာမန်ပြည်ထဲရေးဝန်ကြီး ကျေနပ်အားရ

    ဂျာမနီ နိုင်ငံ၊ မြို့တော်ဘာလင်မှာ ကျင်းပခဲ့တဲ့ အစ္စလာမ့် ညီလာခံကမှ ထွက်ပေါ်လာတဲ့ သဘောတူညီမှု့ ရလဒ်တွေ ဟာ ကျေနပ်စရာ ကောင်းတယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး ဟန်စ်ပီတာဖရက်ဒရစ် ကပြောကြားပါသည်။ ဒီညီလာခံမှ လူဦးရေလေးသန်း လောက်ရှိတဲ့ ဂျာမနီမွတ်စလင်မ်တွေ အားလုံး စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဖို့ သဘောတူညီမှု့ ရခဲ့တာဖြစ်ပါသည်။

    တက်ရောက် လာကြသူတွေအားလုံးဟာ အဓိကဆွေးနွေးချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု့ ရခဲ့ကြတယ် လို့ ၀န်ကြီးက ညီလာခံ ခေတ္တနားချိန်မှာ ပြောကြားသွားကြောင်း Deutche Welle မှ သတင်းပို့ပါသည်။

    အတင်းအကျပ် လက်ထပ်ပေးမှု့တွေ၊ ဒေသတွင်းအကြမ်းဖက်မှု့တွေဟာ ဘာသာရေးအဆုံးအမကြောင့် မဟုတ်ဘဲ ဖြစ်ပေါ် နေတဲ့ နိုင်ငံရဲ့ အယူအဆတွေနဲ့ ယဉ်ကျေးမှု့ အစဉ်အလာတွေကြောင့်သာဖြစ်ကြောင်း ကိုလည်း ဒီညီလာခံကနေ သဘောတူခဲ့ ကြတယ်လို့ ၀န်ကြီးက ဆက်လက်ပြောကြားသွားပါသည်။

    ပြည်ထဲရေးဝန်ကြီးရဲ့ အခုလို အပြုသဘောဆောင်တဲ့ မှတ်ချက်ဟာ သူ့ရဲ့ ဂျာမနီ မွတ်စလင်မ် အသိုင်းအ၀ိုင်းအပေါ်မှာ ထားတဲ့ သဘောထားပြောင်းလဲလာတာလို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမနီမွတ်စလင်မ်တွေဟာ ဂျာမနီနဲ့မပတ်သက်ဘူး လို့ ပြီးခဲ့တဲ့ နှစ်က ၀န်ကြီး ပြောခဲ့ဘူးပါတယ်။ ဒီလိုပြောခဲ့တာကြောင့် မနှစ်တုန်းက ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါသည်။

    ဂျာမန်အစ္စလာမ် ညီလာခံကို  ၂၀၀၆ ခုနစ်က စပြီးနှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး မွတ်စလင်မ် ခေါင်းဆောင်တွေနဲ့ ဂျာမနီ အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှု့တွေပြုလုပ်နိုင်ရန် အလို့ငှာ ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

  • ကံမသတင်း နောက်ဆက်တွဲ အင်တာဗျူး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံစာပို့

    ကံမသတင်း နောက်ဆက်တွဲ အင်တာဗျူး နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံစာပို့

    မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နေ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ကျောင်းတော်၊ အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ ဥပဒေမဲ့ ဖျက်ဆီး လုယက်ခံရမှုနှင့် ပတ်သက်ပြီး ထိုလုယက်ဖျက်ဆီးသူတို့၏ ဘက်တော်သားများနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေစိုးမိုးမှုကို မလေးစားမလိုက်နာသော သူအချို့တို့မှာ စာနာမှုကင်းမဲ့စွာဖြင့် ခံစားခဲ့ရသူများကိုပင် တရားခံများသဖွယ်လုပ်ကာ သားပုပ်လေလွင့် သတင်းများ ဖြန့်ဝေလျက် ရှိနေပေသည်။

    ဖျက်ဆီးခံတို့အနက်မှာ တစ်ဦးဖြစ်သူ ဒေါ်ဝါဝါ၏ မောင်လည်းဖြစ်သူ ကိုဌေးလွင်က “ကျွန်တော်တို့ မြို့မှာ မွတ်စလင်မ်အိမ်ခြေက နည်းပါတယ်။ နှစ်စဉ် အစ္စလာမ့်ဘာသာရေးဆိုင်ရာ အခါကြီး ရက်ကြီးပွဲတော်တွေဆိုရင်လည်း မွတ်စလင်မ်တွေအပြင် ကျန်တဲ့ မွတ်စလင်မ် မဟုတ်တဲ့ အိမ်နီးချင်းတွေနဲ့ အားလုံးကိုပါ အလှူပစ္စည်းတွေ ဝေငှပေးတာပါ။ ဝေငှပေးတဲ့အထဲမှာ အဲ့ဒီနေ့တွေက မွတ်စလင်မ်မိသားစုတွေနဲ့ ဗလီကို တိုက်ခိုက်တဲ့ သူတွေ တောင်ပါသေးတယ်။” ဟု M-Media ကို ဝမ်းနည်းညှိုးငယ်စွာဖြင့် ရင်ဖွင့်သွားခဲ့ပါသည်။

    ကိုဌေးလွင်က ဆက်ပြောပြသည်မှာ “လာဖျက်ဆီးတဲ့နေ့က လူအုပ်နဲ့လာပြီး ခဲတွေနဲ့ ဝိုင်းထု၊ ပြီးတော့ ရဲဒင်းတွေ ပုဆိန်တွေနဲ့ အိမ်ထဲ အတင်းဝင် ဖျက်ဆီးပြီး ပစ္စည်းတွေ သယ်ကြတာ။ လူအုပ်အများကြီးက  ရဲဒင်းတွေ ပုဆိန်တွေ နဲ့ဆိုတော့ အိမ်နီးချင်းတွေရော ဘယ်သူမှ မတားရဲ မကူရဲကြဘူး။”

    “အိမ်နီးချင်းတွေမပြောနဲ့ အစ်မ့ဝါဝါအိမ်ကို ဖျက်တုန်းကဆို ခြံထဲမှာ ရှိတဲ့ ကပ်လျက်အိမ်က သူတွေကတောင် တံခါးမဖွင့်ပေးရဲကြဘူး၊ ကြောက်လန့်နေကြလို့လေ။”

    ဒေါ်ဝါဝါ့ ခြံထဲတွင် အိမ်နှစ်လုံးရှိကြောင်း၊ တစ်လုံးတွင် ဒေါ်ဝါဝါနှင့် မိသားစုနေထိုင်ပြီး ကျန်တစ်လုံးကို လူမှုရေးအဖွဲ့အစည်းတစ်ခုကို ငှားထားကြောင်းသိရပါသည်။

    မွတ်စလင်မ်တို့၏ အိမ်များနှင့် ဆိုင်များကို ဖျက်ဆီးအပြီးတွင် ဗလီကျန်သေးတယ်ဆိုကာ ထွက်သွားကြပြီး ဗလီကို သွားရောက် ထုနှက်ဖျက်ဆီးကြခြင်းဖြစ်သည်ဟု ကိုဌေးလွင်က ပြောပြပါသည်။

    လူများအနေဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခြင်းမရှိသော်လည်း ခဲများနှင့် ထုစဉ် ခိုက်မိခြင်းများ ရှိကြောင်း သိရပါသည်။

    နိုင်ငံတော်နှင့် စာဖတ်ပရိသတ်ပြည်သူတို့ အပေါ် မရိုးသားသော မီဒီယာများမှ ရေးသားဖြန့်လွှင့်နေသော ဒေါ်ဝါဝါ၏ မောက်မာမှုကြောင့်၊ သာမန် လုယက်မှု၊ ဓားပြမှုသက်သက်စသည့် အမျိုးမျိုးသော သတင်းအမှားများနှင့် လက်တွေ့အထက်ပါဖြစ်ရပ်မှာ အရှေ့အနောက်သဖွယ်ဆန့်ကျင်နေပါသည်။   ထိုအပြင် ပြည်တွင်း ပြည်ပမှ မီဒီယာကြီးများမှာ ဖြစ်စဉ်သတင်းအမှန်ကို တင်ပြရန် ပျက်ကွက်ခဲ့ပြီး၊ နိုင်ငံတော်၏ စတုတ္တမဏ္ဍိုင်ဖြစ်သော ပြည်တွင်းပြည်ပ မီဒီယာကြီးများ၏ ရပ်တည်ချက်မှာ ဗုဒ္ဓဘာသာသာမဟုတ်သော တခြားလူနည်းစု အစ္စလာမ်၊ ခရစ်ယာန်၊ဟိန္ဒု ဘာသာများကို သက်ဝင်ယုံကြည်သူများ၊ လူနည်းစု တိုင်းရင်းသားများနှင့် ပတ်သက်သည့် ဖိနှိပ်ခံရမူသတင်းများကို ထိန်ချန် ဘက်လိုက်ရေးသားမူများရှိသည်ဟုပင် သံသယဝင်စရာများဖြစ်ပေါ်နေပေသည်။

    ဒေါ်ဝါဝါ့အိမ်သာမက ကျန်မွတ်စလင်မ်ကိုးဦးတို့၏ အိုးအိမ်နှင့် ဆိုင်များကို ဖျက်ဆီးခြင်း၊ ထိုမျှမက ဗလီဝတ်ကျောင်းတော်ကို ဖျက်ဆီးခြင်းနှင့် ရဲစခန်းကို အကြောင်းကြားသော်လည်း လာရောက်မတားဆီး မကူညီခြင်း၊ တစ်ရက်လုပ်ရပ်မဟုတ်ဘဲ ကျန်ရက်များတွင်ပါ ဆက်လက် ဖျက်ဆီးခြင်းစသည့် အချက်များမှာ ရှင်းလင်းထင်ရှားလှပေသည်။

    ထို့ပြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။

    ကိုဌေးလွင်တို့ အနေဖြင့်လည်း မိမိတို့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုနှင့် ဆုံးရှုံးနစ်နာမှုများအတွက် တရားမျှတသော အရေးယူမှု ရရှိနိုင်ရန် သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ စာပို့ အကြောင်းကြား တိုင်ကြားရန် စီစဉ်နေကြောင်း သိရပါသည်။

    မြန်မာမွတ်စလင်မ်ပြည်သူတို့ ၏ အစိတ်အပိုင်းဖြစ်သော M-Media  အနေဖြင့်လည်း အဆိုပါ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်ဆိုးများနှင့်ပတ်သက်ပြီး ခံစားရသူများကို ကူညီကာကွယ်မှု ပေးကြပါရန်နှင့် ကြိုးကိုင်လှုံ့ဆော်သူနှင့် လုယက်ဖျက်ဆီးသူစသော ဥပဒေမဲ့ ကျူးလွန်သူများအားလုံးတို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတကြီးနှင့် တကွ တာဝန်ရှိသူအားလုံးတို့ကို လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။