News @ M-Media

Blog

  • အာရဗီ အခြေခံသင်တန်း ဖွင့်လှစ်မည်။

    အာရဗီ အခြေခံသင်တန်း ဖွင့်လှစ်မည်။

     

     

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)၏ နွေရာသီရက်တို အာရဗီအခြေခံအရေး/အဖတ်/အပြောသင်တန်းကို မကြာခင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

    အာရဗီစာပေနှင့် သဒ္ဒါကို စိတ်ပါဝင်စားသူ မြန်မာ မွတ်စလင်မ်လူငယ်များအတွက် နွေရာသီအာရဗီအခြေခံအရေး၊ အဖတ်၊အပြောသင်တန်းကို နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများဖြင့် အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်တယ်လို့ မမလ အဖွဲ့ မှ သင်တန်းရေးတာရတာဝန်ခံက ပြောကြားပါတယ်။

    စတင်မည့်နေ့     – 7-4-2012(စနေနေ့)

    သင်တန်းကာလ – ၃-လ

    သင်တန်းနေ့ရက် – စနေ+တနင်္ဂနွေ

    သင်တန်းအချိန်  – နံနက် (83း0)မှ (12း00)

    သင်တန်းနေရာ  – အမှတ်(194/196)၊ 4-လွှာ၊ ဗိုလ်ဆွန်ပက်လမ်း(အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊

    ဖုံးအမှတ်         –  241212, 252799

  • နားထောင်တတ်ပါစေ။

    ဟိုတလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာနယ်တစ်စောင် အင်တာဗျူးကို ဖတ်လိုက်ရသည်။ အဲဒီထဲက အန်တီစု ပြောသွားတဲ့ စကားလေး တစ်ခွန်းကို မှတ်မှတ်ရရ မှတ်မိနေသည်။ အန်တီစုပြောသွားတာက တဖက်နဲ့ တဖက် ပြသနာတစ်ခု ကို ဖြေရှင်းတော့မယ်ဆိုရင် နှစ်ဘက်စလုံးက နားထောင်တတ်ဖို့လို တယ်ဆိုတဲ့ စကားလေးပါ။ သူပြောတဲ့ နားထောင်တတ်ဖို့လိုတယ်ဆိုတာ နားထောင်ရုံထောင်နေတာ မျိုးမဟုတ်ပဲ တဖက် ကပြောတာကို နားလည်တတ်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ ပြော တာလို့ ထင်ပါသည်။ အန်တီစု က ဆက်ပြောသေးတယ်။ ဒီကလူတွေဟာ သိပ်နား မထောင်တတ်ကြဘူးတဲ့။ ဘာလို့လဲ ဆိုတော့ ပညာရေး စနစ်ကြောင့်တဲ့။ အစတုန်းက တော့ သူပြောတာကို သိတ်နားမလည်ဘူးဗျ။ နားမထောင်တတ်တာနဲ့ ပညာရေးစနစ် နဲ့ ဘာဆိုင်လို့လဲ ပေါ့။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူပြောတာ ဟုတ်တယ်ဗျ။ ဆရာ ဆရာမ တွေဟာ ကျတော်တို့ပြောတာတွေကို နားထောင်လေ့မရှိကြဘူး။ သူတို့ပြောတာကို ပဲ ကျတော်တို့က နားထောင် ခဲ့ကြရတာမို့လား။ ဥပမာ ဆိုပါတော့ ဗျာ။ ဘုရင့်နောင်အကြောင်း ကျတော်တို့ သမိုင်းမှာ သင်တယ်။ ဆရာမ က ကျတော်တို့ကို ဘုရင့်နောင်အကြောင်း ရှင်းပြတယ်ပေါ့။ ဒါပေမယ့် ကျတော်တို့ ဘုရင်နောင်ကို ဘယ်လိုမြင်လဲ၊ ဘုရင့်နောင်အကြောင်းကို သင်ရတဲ့ အတွက် ဘယ်လို သင်ခန်းစာတွေရလဲ။ ဒါတွေကို ကျတော်တို့ ပြောခွင့်မရသလို ဆရာ၊ ဆရာမ တွေကလည်း မမေးပါဘူး။ ကြာတော့ ကျတော်တို့ကလည်း ကိုယ့်အမြင်ကို ထုတ်ဖော်ပြော ရကောင်းမှန်းတောင်မသိတော့ဘူး။ ဆရာမ ရှေ့ က အော်ပေးတဲ့ မှတ်စုကိုလိုက်ရေးမယ်။ အိမ်ပြန်ရောက်ရင် အဲဒါကို အလွတ်ကျက်မယ်။ စာမေးပွဲမှာ ပါလာရင် ၏ သည် မလွဲ ပြန်ရေးလိုက်မယ်။ တကယ်လို့များ ၏ နဲ့ သည် နဲ့လွဲသွားရင်တောင် အမှတ်လျှော့တော့မှာပဲ ဆိုပြီးတွေးပူခဲ့ရတာ။ ဒီလို နားမထောင် ကြတဲ့ ပတ်ဝန်းကျင်မှာ အသားကျ လာတဲ့ ကျတော်တို့ဟာ နောင်တစ်ချိန်ကျတော်တို့ ကိုယ်တိုင် လူကြီးဖြစ်လာတဲ့အခါမှာလည်း သူများပြောတာကို နားမထောင်တတ်တော့ဘူး။ သူ့ရဲ့အမြင်ဟာ ဘယ်လိုလဲ။ သူနဲ့ကိုယ် နဲ့ ကြားထဲမှာ ဘာနားလည်မှု့လွဲနေလဲ ဆိုတာကို အဖြေရှာရမှန်းမသိတော့ဘူး။
    ဒီလို နားမထောင်တတ်တာဟာ ဆရာနဲ့ တပည့်တင်မဟုတ်ပါဘူး။ မိဘနဲ့သားသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကျတော်တို့ဆီမှာ သားသမီးက မိဘကို ပြန်ပြောတယ်ဆိုတာ အင်မတန်ရိုင်းတယ်လို့ သတ်မှတ်ထားကြတာမို့လား။ ကျတော်ကတော့ ဒီလိုသတ်မှတ်တာဟာ အခါခပ်သိမ်းမမှန်နိုင်ဘူးလို့ထင်တာပဲ။ မိဘကို ယဉ်ယဉ်ကျေးကျေး နှုတ်လှန်ထိုးတာမျိုး မဟုတ်ပဲ နဲ့ ကိုယ့်ခံစားချက်ကို ကိုယ့်အမြင်ကို ပြန်ပြောတာ ၊ ဖြေရှင်းတာ ဟာ မရိုင်းဘူး၊ ဒါဟာလုပ်သင့်တဲ့အလုပ်လို့ ကျတော်ကတော့ ယူဆတယ်။ လူကြီးတွေအနေနဲ့လည်း ကလေး တွေ ဘာခံစားနေရတာလဲ၊ သူ့ရဲ့အမြင်က ဘယ်လိုလဲ ဆိုတာကို သိအောင် လုပ်သင့်တယ် ဟု ထင်ပါသည်။ ငါပြောတဲ့အတိုင်းလုပ် မလုပ်ရင် ရိုက်လိုက်မယ်ဟဲ့၊ နှက်လိုက်မယ်ဟဲ့ ဆိုတာမျိုးကြီးမလုပ်သင့်ဘူးလို့ထင်တာပဲ။ လူကြီးတွေ ပြောလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ “အိုးထိန်းသည်ဟာ သူ့အိုးလေးတွေကို နစ်နာစေလိုတဲ့ စိတ်နဲ့ ရိုက်တာ မဟုတ်ဘူး၊ လှတဲ့၊ ကောင်းတဲ့ အိုးလေးတွေဖြစ်အောင် ရိုက်တာ” ။ ဒါပေမယ့် ခက်တာက သားသမီးတွေက အိုးမှ မဟုတ်တာ။ အိုးက ဘာခံစားချက်မှ မရှိဘူးလေ။ ကလေးတွေက ခံစားချက်ရှိကြတယ်မို့လား။ လုံးဝ မရိုက်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ရိုက်တိုင်း ကောင်းတာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
    နောက်ပြီး အမြဲတမ်း ငါပြောသလိုလုပ် မလုပ်ရင်ရိုက်မယ်၊ အပြစ်ပေးမယ် ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိညဏ်ကို ဖျက်စီးရာရောက်တယ်လို့ထင်ပါတယ်။ reward and punishment ဆိုတဲ့ သဘောကို လက်ခံပါတယ်။ ဒါပေမယ့် reward and punishment မလုပ်ခင်မှာ ကိုယ်လုပ်စေချင်တဲ့ အရာရဲ့ အကောင်းအဆိုးကို အရင် နားလည်အောင် ရှင်းပြရင်မကောင်းဘူးလား။ ဥပမာဗျာ စာမကျက်တဲ့ကလေးကို စာကျက်လာအောင အရင်ဆုံး အကျိုးသင့် အကြောင်းသင့် ရှင်းပြသင့်တယ်လို့ထင်ပါတယ်။ နောက်ပြီး ပညာသင်ရခြင်းရဲ့ ရည်ရွယ်ချက်က အရိုက်ခံရမှာ ကြောက်လို့၊ စာမေးပွဲကျ မှာ ဆိုးလို့ ဆိုတဲ့ အသိမျိုးဟာ ငယ်ငယ်တုန်းကဘာမှ မဖြစ်ပေမယ့် အသက်ကြီးလာတာ နဲ့အမျှ ဒီအသိဟာ မှားတယ်ဆိုတာ နားလည်လာဖို့လိုပါတယ်။
    ပညာသင်တာဟာ အရိုက်မခံရအောင်လည်း မဟုတ်သလို၊ စာမေးပွဲ မကျအောင်လည်း မဟုတ်ပါဘူး။ ပညာသင်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်က တစ်ယောက်ချင်းစီ ရဲ့ အနာဂတ် ဘ၀ကို ရင်ဆိုင်တဲ့နေရာမှာ လိုအပ်တဲ့ အသိပညာတွေ အတတ်ပညာတွေကို အသုံးချတတ်အောင်သင်ယူတာ ဖြစ်ပါသည်။ငါပြောသလိုလုပ်ရမယ်ဆိုတဲ့ အယူအဆ ဟာ ကလေးတွေရဲ့ ကိုယ်ပိုင်ခံစားချက်၊ ကိုယ်ပိုင်အမြင်ကိုလည်း ဖျက်စီးပစ်ရာ ရောက်ပါသေးတယ်။ ကျတော်တို့ ဘယ်လောက် ငါပြောသလိုလုပ် ဆိုတဲ့အယူအဆနဲ့ကျင့်သားရနေသလဲ ဆိုရင် ကျောင်းမှာ “ကျတော်၏အကြောင်း” စာစီစာကုံးမှာတောင် ကိုယ့်နာမည်၊ ကိုယ့်မိဘနာမည်ကို ထည့်မရေးရဲလောက်အောင်ကို ဖြစ်ခဲ့ကြပါတယ်။ ဆရာမ က ရှေ့က ရေးပြတဲ့အတိုင်း ကျတော့်နာမည် မောင်မောင်ဆို တစ်တန်းလုံး မောင်မောင်ပဲ၊ အဖေ နာမည် ဦးဘ ဆို တစ်တန်းလုံး ဦးဘ ပဲ။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ထင်ပါတယ်။ ကလေးတွေဟာ “ကျတော်၏အကြောင်း” စာစီစာကုံးလိုမျိုးမှာ ကိုယ့်အကြောင်းကို ကိုယ် လွတ်လွတ်လပ်လပ်ရေး ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ ရေးတတ်အောင်လည်း  လေ့ကျင့်ပေးသင့်တယ်လို့ထင်ပါတယ်။ ဒီအကျင့်ဟာ ကျတော်တို့ အထက်တန်းလို့ပြောတဲ့ ၁၀ တန်း အထိကို မပျောက်ပါဘူး။
    ဥပမာ… ကျတော်တို့ ၁၀ တန်းမှာ မိဘုရားဖွားစောနဲ့ သိင်္ခသူ့သမီး အကြောင်းသင်ရပါတယ်။ ကျတော်တွေ့ဘူးသမျှ စာအုပ်တွေရော၊ ဆရာတွေရောက မိဘုရားစော ကို မာနကြီးတဲ့ အမျက်စောင်မာန်ကြီးတဲ့ တရားမရှိတဲ့ မိန်းမကြီးလို့ သင်ကြရေးကြပြီး သိင်္ခသူ့သမီးကိုတော့ တရားသိတဲ့ ၊ လိမ္မာတဲ့ မိဘုရားတစ်ပါးလို့ ပြောကြတာပေါ့။ ကျောင်းသားတွေ အကုန်လုံးကလည်း ဒီလိုပဲ လိုက်ရေးကြတာပဲ။ စာအုပ်တွေရေးသလို ဆရာတွေသင်သလို မရေးပဲ မိဘုရားဘွားစောကို ထက်မြတ်တဲ့ မိဘုရားကြီးတစ်ပါးအနေနဲ့၊ သိင်္ခသူ့သမီးကိုတော့ ပျော့ညံ့တဲ့ မိန်းမ တစ်ယောက်အနေနဲ့ ဘယ်သူမှ မရေးကြပါဘူး။ တကယ် ဆို ရေးလို့ပြောလို့ရတာပဲ။ မိဘုရားဖွားစောဆိုတာ သမိုင်းမှာ အထင်ကရ မိဘုရားကြီးဖြစ်ပြီး သိင်္ခသူ့သမိးဆိုတာ သမိုင်းမှာ သူ့နာမည်တောင် မကျန်ရစ်တော့ဘူးမို့လား။ ကျတော်ပြောချင်တာက သမိုင်းကြောင်းကိုပြောချင်တာ မဟုတ်ပါဘူး။ ကျတော်တို့ ကျောင်းသားတွေရဲ့ ကိုယ့်အမြင်ကို ကိုယ် ထုတ်ဖော် မပြ ရဲတာ ၊ ပြရကောင်းမှန်းမသိတာကိုပြောချင်တာပါ။ဒီအကျင့်တွေဟာကိုယ့်နိုင်ငံထဲမှာ တင်နေလို့ ဘာမှ မဖြစ်ပေမယ့် သူများနိုင်ငံရောက်ပြီဆိုတာနဲ့ ဒုက္ခဖြစ်တော့တာပါပဲ။
    ဆရာမ ရှေ့ အော်ပေးတဲ့ မှတ်စုကိုပဲ လိုက်ရေးတတ်တဲ့ ကျတော်တို့ဟာ သူများနိုင်ငံမှာလည်း ကျောင်းသွားတက်ရော ဘာရေးလို့ရေးရမှန်းမသိ၊ ဘာကျက်လို့ ကျက်ရမှန်းမသိနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရတော့တာပါပဲ။ သူများနိုင်ငံတွေမှာ ကျောင်းသားတွေရဲ့ အမြင်၊ တွေးခေါ်မျော်မြင်တတ်မှု့ကို အရမ်း အလေးထားပါတယ်။ သူတို့ ပြောပြီးရင် What do you think? ဆိုတဲ့စကားကို အမြဲမေးလေ့ရှိပါတ.ယ်။ ဒီမေးခွန်းဟာ အစပိုင်းမှာတော့ ကျတော်တို့ဗမာ ကျောင်းသားတွေအတွက် အရမ်းကို အဖြေခက်တဲ့ မေးခွန်းပါပဲ။ ကျတော်တို့က မနေ့က ပေးထားတဲ့ မှတ်စုကို အလွတ်ကျက်ပြီး ပြန်တာလောက်ပဲ အကျွမ်းတ၀င်ဖြစ်ခဲ့ကြတာမဟုတ်လား။ နောက်ပြီး ကျောင်းသားတွေအချင်းချင်း အပြန်အလှန်အမြင်ချင်းဖလှယ်ရတဲ့ အချိန်လည်း ရှိပါသေးတယ်။ အဲလိုအချိန်မျိုးဆိုရင် ကျတော့်မှာ သေချင်စော်ကို နံ ပါလေရော။ နောက်မှ တဖြည်းဖြည်း အသားကျသွားတာ။

    အခုဆိုရင်ကျတော်တို့နိုင်ငံလည်းပညာရေးတိုးတက်အောင် ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့တော့ ပြင်ဆင်နေတာပါပဲ။ ပြင်ပါမှလည်း ဖြစ်မည်။ မဟုတ်ရင်တော့ ကျတော်တို့ နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဆိုတဲ့စကားနဲ့ အလှမ်းဝေးနေဦးမှာပါပဲ။

     

    လူမင်းဟန်

  • ဒီချုပ် မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပန်းသေးဗလီ ရပ်မိရပ်ဖများတွေ့ဆုံပွဲ

    မတ်လ ၂၀၊ ၂၀၁၂

    ၂၀.၃.၂၀၁၂ ခုနှစ်နေ့လည် ၂း၀၀တွင် မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် ပန်းသေးဗလီဝင်းအတွင်းရှိ မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် နှင့်တွေ့ဆုံမိတ်ဆက်ပွဲ တစ်ခုပြုလုပ်သွားခဲ့ပါတယ်။

    (ဦးအုန်းကြိုင် နှင့် ရပ်မိရပ်ဖများ ပွဲမစမှီမြင်တွေ့ရပုံ)

     

    မိတ်ဆက်ပွဲမစတင်ခင်မှာ မဲပေးမမှားဖို့အတွက် ပါတီလိုဂိုဘေးတွင် အမှန်ခြစ်ပုံများကိုလည်း ရပ်မိရပ်ဖ နှင့် မဲဆန္ဒရှင်များကို ယခုလို ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးခဲ့ပါတယ်

    (မဲပေးနည်းပညာပေး အစမ်းလုပ်နည်းများ သင်ကြားပေးနေစဉ်)

     

    ထို့နောက် ပန်းသေးဗလီဝင်းအတွင်းရှိ ရပ်ဖိရပ်ဖများက အလှုငွေများကို ဦးအုန်းကြိုင်အား ပေးအပ်ခဲ့ပါတယ်။

    (ရပ်မိရပ်ဖများမှ အလှုငွေပေးအပ်နေစဉ်)

     

    ထို့နောက် အစီအစဉ်များကို ကိုမျိုးနိင်ဝင်းမှ အခမ်းနားမှုးအဖြစ်တာဝန်ယူခဲ့ပြီး ပန်းသေးဗလီဝင်းအတွင်းနေထိုင်သော ဦးမောင်မောင်လေးမှ NLDပါတီအပေါ် သူတို့ရဲ့ အမြင်များ နဲ့ ရှေ့ဆက်လျှောက်လှမ်းသွားမယ့် NLD မူဝါဒများကို လက်ခံကြောင်း NLD ကိုပဲထောက်ခံသွားမှာဖြစ်တဲ့အကြောင်းပြောကြားသွားခဲ့ပါတယ်

    (ဦးမောင်မောင်လေး ပြောကြားနေပုံ)

     

    ထို့နောက်ဦးအုန်းကြိုင်မှ သူဖြတ်သန်းခဲ့ရသော အတွေ့ကြုံများကိုပြောကြားခဲ့ပြီး NLD ပါတီပေါ်မှာ သူ၏ ယုံကြည်ချက်များ နှင့် ပြည်သူတွေကို လွယ်လွယ်ဂတိမပေးကြောင်း ပြည်သူတွေကိုလွယ်လွယ်ဂတိပေးတာ နိင်ငံရေးသမားမဟုတ်ကြောင်း တို့ကိုပြောကြားသွားခဲ့ပါတယ်

    (ဦးအုန်းကြိုင်ပြောကြားနေပုံ)

     

    ထို့နောက် မဲဆန္ဒရှင်များ နဲ့ ရပ်မိရပ်ဖများအား NLD ပါတီမူဝါဒများအပေါ် နားမလည်တာများကို မေးမြန်းနိင်ပြီး ဦးအုန်းကြိုင်မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

    (မဲဆန္ဒရှင်များ၏မေးမြန်းနေပုံ)

     

    ထို့နောက် အလှုငွေလှုဒါန်းခဲ့သော ရပ်မိရပ်ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပြီး ညနေ ၄နာရီမှာ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။

    (ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်နေပုံ)

    (တတ်ရောက်လာသော ရပ်မိရပ်ဖများ နှင့် မဲဆန္ဒရှင်များ)

    Credit to CJMyanmar

  • အကြမ်းဖက် အမေရိကန်စစ်သား ကလေးငယ်(၉) ဦးအပါအဝင် အာဖဂန် ၁၆ ဦးအားပစ်သတ်

    အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာ မြို့မှာ အမေရိကန် စစ်သားတဉီးဟာ စိတ်ဖေါက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အိမ်တွေမှာ ရှိနေကြသူ အနည်းဆုံး ၁၆ ဉီး လောက် သေဆုံး သွားပါတယ်။အခု အဖြစ်အပျက်ဟာ ဒီကနေ့ မနက် အစောပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။အဲဒီနောက်မှာတော့ ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ စစ်သားဟာ အမေရိကန် စစ်တပ် အာဏာပိုင်တွေထံ လက်နက်ချခဲ့ပါတယ်။ အခုတော့သူ့ကို ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။အခု အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်မှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

    အာဖဂန်နဲ့ အမေရိကန် တပ်ဖွဲ့တွေ အကြား ဆက်ဆံရေး တင်းမာနေတဲ့အချိန်မျိုးမှာ အခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
    ဒီစစ်သား ဟာ ည သန်းခေါင်မှာ စစ်စခန်းကနေ ထွက်သွားပြီး အနီးက ရွာတဲ ဝင်သွားယင်း အာဖဂန် မိသားစု တွေ ကို သွေးအေးအေး နဲ့ ပစ်သတ်ခဲ့တါပါ။

    အာဖဂန်သမ္မတ ကတော့ စောစောပိုင်း က ဒီပစ်သတ်မှု ဟာ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိဘူး လို့ ပြောပါတယ်။ သေဆုံးသူတွေ ထဲမှာ ကလေး ၉ ဉီး ပါဝင်ပြီး ကန်ဒဟာ ပြည်နယ် ရှိ သူတို့နေအိမ်တွေ မှာ တနင်္ဂနွေနေ့တုန်း က ပစ်သတ် ခံရတါပါ။

    ပြစ်မှု ကျူးလွန်တဲ့ အမေရိကန် စစ်သား ကိုတော့ ဖမ်းထားလိုက်ပါပြီ။
    အမေရိကန်စစ်စခန်းတခုမှာ ပြီးခဲ့တဲ့လက ကိုရမ်ကျမ်းတွေကို မှားယွင်းပြီး မီးရှို့ခဲ့မှုအတွက် အာဖဂန်နိုင်ငံတလွှား အကြမ်းဖက် ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။

     

    Source- BBC

  • Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း

    Monitor News Journal မှာပါတဲ့ အငြိမ်းစား သံအမတ်ကြီး မဟာစည်သူ ဦးဖေခင် အကြောင်း

    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

    ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး)

    သမိုင်းဝင် ပင်လုံ စာချုပ်ကြီးကို ပြည်မ-တောင်တန်း ပူးပေါင်းရေးအတွက် (၁၂၊၂၊၁၉၄၇)ရက်မှာပဲ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီလို ပင်လုံ စိတ်ဓာတ်နဲ့ တိုင်းရင်းသားအားလုံး ချစ်ကြည် ရင်းနှီးစွာ ပြည်မ-တောင်တန်း ပူးပေါင်းပြီး လွတ်လပ်ရေး အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ အဖွဲ့ချုပ်ကြီးက မားမားမတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ အဖွဲ့ချုပ်ကြီးရဲ့ လုပ်ငန်းတာဝန် အချို့ကို နောက်တန်းကနေ အပင်ပန်း အဆင်းရဲခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးက ဦးဖေခင်(နောင်-သံအမတ်ကြီး) ဖြစ်ပါတယ်။ ဦးဖေခင်ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာကြရအောင်။

    (၂၇၊၈၊၁၉၁၂) ရက် ဖွားမြင်ခဲ့တဲ့ ပျော်ဘွယ်မြို့နယ် ဇာတိ ကိုဖေခင်ဟာ ဖခင်ဖြစ်သူက ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး အစ်ကိုကြီးဖြစ်သူ ရှေ့နေ ဦးဘသန်းရှိရာ တောင်ကြီးမြို့ကို ပြောင်းရွှေ့ နေထိုင်ပါတယ်။ တောင်ကြီးမြို့မှာ ABM ကျောင်း တက်စဉ် ကိုသန်းထွန်း (နောင်-ဗကပ)၊ ကိုဝင်း (နောင်-တက္ကသိုလ် လက်ရွေးစဉ်/ဘောလုံး)တို့နဲ့ ခင်မင်ခဲ့တယ်။ မန္တလေးမြို့ ကယ်လီကျောင်းက (၁၀)တန်း အောင်ပြီး ရန်ကုန် တက္ကသိုလ်ကို ရောက်လာခဲ့ပါတယ်။ ပဲခူးဆောင်မှာ နေထိုင်ရတော့ ကိုအောင်ဆန်း(နောင်-ဗိုလ်ချုပ်) နဲ့ မိတ်ဆွေ ဖြစ်ခဲ့တယ်။ ကိုနု၊ ကိုသန်းထွန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့နဲ့ ရင်းနှီးခဲ့တယ်။ B.A  ၀ိဇ္ဇာဘွဲ့ရပြီး B.L  ဥပဒေသင်တန်းကို တက်ရောက်ခဲ့တယ်။

    နိုင်ငံရေး နယ်ထဲ ရောက်လာပုံက

    ကိုဖေခင်ကို နိုင်ငံရေးနယ်ထဲ တွန်းပို့လိုက်တဲ့ ပထမဆုံး အကြောင်းအချက်က အင်္ဂလိပ်တို့ရဲ့ စစ်ပြီးခေတ် တောင်တန်းဒေသ စီမံကိန်းဖြစ်တယ်။ (မစ္စတာ စတီဗင်ဆင် ဦးဆောင် ရေးဆွဲခဲ့တယ်လို့ အဆိုရှိတယ်)။ အဲဒီမှာ မြန်မာပြည်မကို မလွှဲသာလို့ လွတ်လပ်ရေး ပေးရရင် ရှမ်း၊ ကချင်၊ ချင်း စတဲ့ တောင်တန်းဒေသကို ချွင်းချန်ထားဖို့ ဖြစ်တယ်။ နောက်ထပ် နှစ်(၃၀) ကြာမှ Dominion Status (ဒိုမီနီယံအဆင့်) တစ်ဝက်တစ်ပျက် လွတ်လပ်ရေး ပေးဖို့ စီမံကိန်း ဖြစ်တယ်။ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ အဲဒီ စီမကိန်းမှာ (၁) ပြည်မ အစိုးရ၊ (၂) တောင်တန်းဒေသ အစိုးရဆိုပြီး (၂)ဖွဲ့ ဖြစ်မယ်။ အဲဒါက နောက်ပိုင်းမှာ ဗိုလ်ချုပ်တို့လည်း လန်ဒန် အစည်းအဝေးမှာ ကန့်ကွက်ခဲ့တယ်။ အဲဒီ လျှို့ဝှက် စီမံကိန်းကို မျိုးချစ်စိတ်ရှိတဲ့ တောင်တန်းဒေသ ရုံးစာရေးကြီး ဦးညီပုနဲ့ မြန်မာ့အလင်း သတင်းထောက် ကိုစံအောင်တို့က ဦးဖေခင်ကို လျှို့ဝှက်ပြီး သတင်းပေးခဲ့တယ်။ ဦးဖေခင်လည်း တောင်ကြီးမှာ ဦးတင်ဧ၊ ဦးထွန်းမြင့် (လင်းခေး) စတဲ့ တိုးတက်တဲ့ ရှမ်းလူငယ်တွေကို အသိပေး တိုင်ပင်ခဲ့တယ်။

    ရှမ်းလူငယ်တွေ (နောင်အခါ- ရှမ်းပြည လွတ်လပ်ရေး အဖွဲ့ချုပ်-ရပလ) ကလည်း ဦးဖေခင်အား အဲဒီ လျှို့ဝှက်စီမံကိန်းကို ဖဆပလ အဖွဲ့ချုပ် လူကြီးတွေကို တင်ပြ အသိပေးဖို့ ရန်ကုန်ကို လွှတ်လိုက်တယ်။ အဖွဲ့ချုပ်က လူကြီးတွေလည်း ပြည်မ-တောင်တန်းဒေသ ကူးလူး ဆက်သွယ်ဖို့ ဦးဖေခင်ကိုပဲ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့မှာ တောင်တန်း ဒေသဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့တယ်။ (၁၇၊၁၊၄၆) ရက် ဖဆပလ အဖွဲ့ချုပ် ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံ (အလယ်ပစ္စယံ ညီလာခံ)မှာ ဦးဖေခင်က “နယ်ခြားဒေသများအား ပြည်မနဲ့ပူးပေါင်းရေး” အဆိုကို တင်နိုင်ခဲ့တယ်။ မန္တလေး- သခင်ဗသိန်း၊ မြစ်ကြီးနား- သခင်ကိုလေးနဲ့ ဗန်းမော်က ကိုထွန်းလှတို့က ထောက်ခံခဲ့တယ်။ Frontiet Crossong Act နယ်ခြား ဖြတ်ကျော်မှု တားဆီးရေး အက်ဥပဒေအရ ပေါ်ပေါ်ထင်ထင် မလာနိုင်လို့ လျှို့ဝှက်စွာ တက်ရောက်ကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်စတဲ့ ရှမ်းလူငယ်(၉)ဦးဟာ ဦးဖေခင်ရဲ့ ညီလာခံ အဆိုပြုချက်ကို စာဖြင့် ရေးသား ထောက်ခံခဲ့တာကို သခင်ဝတင်က ဖတ်ကြားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီက အစပြုလို့ ဦးဖေခင်ဟာ နိုင်ငံရေး နယ်ထဲကို ဝင်ရောက်ခဲ့ပြီပေါ့။

    ဗိုလ်ချုပ်နဲ့ သွားအတူ/လာအတူ

    ဘုရင်ခံ ဆားဟူးဘတ်ရန့်(စ်) အစိုးရ အဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ပိုင်ခွင့် အာဏာတွေ တိုးတက် ရရှိလာသောအခါ အရေးကြီးဆုံး လုပ်ဆောင်ခဲ့တာက တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်ခဲ့တာပဲ။ မြန်မာနိုင်ငံ၏ သမ္မတကြီး စဝ်ရွှေသိုက် ပြီးတော့ လွတ်လပ်ရေး အရ ယူမယ်ပေါ့။ ဗိုလ်ချုပ်ရဲ့ ပြည်နယ်ဒေသ အသီးသီးကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တိုင်း လိုလိုမှာ ဦးဖေခင် လိုက်ပါခဲ့ရတယ်။ နယ်ရှင် စော်ဘွားကြီးတွေ ရှမ်း လူငယ်တွေနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်က ဦးဖေခင်ကို သီးခြား စေလွှတ်လို့ သွားရတဲ့ ခရီးစဉ်တွေ ရှိတယ်။ ဗိုလ်ချုပ်နဲ့အတူ ကိုယ်ရေး အတွင်းဝန် ဗိုလ်ထွန်းလှ၊ လုံခြုံရေး အရာရှိ ဗိုလ်မင်းလွင်၊ ဓာတ်ပုံ သတင်းထောက် ဆရာပု (ဦးပုကလေး)နဲ့ ဒရိုင်ဘာ ကိုကျော်စိန်တို့နဲ့ ပြည်နယ် ခရီးစဉ်တွေ သွားတဲ့အခါ ဗိုလ်ချုပ်စီးတဲ့ ဝက်စလေ မော်တော်ကားကို ဦးဖေခင်က ကျွမ်းကျင်စွာ မောင်းနှင်ပေးတတ်လို့ ခရီးတွင်ခဲ့တာလည်း ရှိတယ်။ ဗိုလ်ချုပ်စားချင်တဲ့ ပလာတာနဲ့ ဆိတ်သားခပတ် ဟင်းတွေကိုလည်း ဦးဖေခင်က စီစဉ်ပေးခဲ့တယ်။

    ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည် ကိုးစားတဲ့ လူရင်းဖြစ်တာကြောင့် နယ်ရှင် စော်ဘွားကြီးတွေက ယုံကြည် ကိုးစားကြသလို ရှမ်းလူငယ်(ရပလ) တွေကလည်း အားကိုးတကြီး အရေးတယူ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မြောက် သိန္ဒီစော်ဘွားကြီး စဝ်ဟုန်ဖတို့ကလည်း စော်ဘွားများ အစည်းအဝေးရှိရင် ဦးဖေခင်ကို တက်ရောက်ဖို့ ချိန်းဆိုလေ့ ရှိတယ်။ တောင်တန်းဝန် စတီဗင်ဆင်ရဲ့ သွေးခွဲမှုတွေကိုလည်း ကနဦး သိမြင်ခဲ့ရလို့ ဗိုလ်ချူပ်ကို အစောဆုံး သတင်းပို့ခဲ့သူ ဖြစ်တယ်။

    လန်ဒန်အစည်းအဝေး မပျက်အောင်

    ဗိုလ်ချုပ်တို့ ဗြိတိသျှ နန်းရင်းဝန် (ဝန်ကြီးချုပ်) မစ္စတာ အက်တလီ ဖိတ်ကြားလို့ (၂၊၁၊၁၉၄၇)မှ (၂၊၂၊၁၉၄၇) အထိ သွားရောက်ခဲ့တဲ့ လန်ဒန် အစည်းအဝေးမှာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသေးတယ်။ တောင်တန်းဝန် စတီဗင်ဆင် သွေးခွဲခဲ့တယ်။ စော်ဘွားတွေ သီပေါမြို့အစည်းအဝေး ဆုံးဖြတ်ချက်အရ စော်ဘွား(၂)ဦးက လားရှိုးမြို့ကနေ ရန်ကုန်မြို့ ဘုရင်ခံထံ ကြေးနန်းရိုက်တယ်။ အောင်ဆန်းဟာ ရှမ်းပြည်ရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုတာ၊ ဘုရင်ခံက ရန်ကုန်က လန်ဒန်ကို အဲဒီ ကြေးနန်းစာကို (၂၊၁၊၄၇)ရက်မှာပဲ ပို့လိုက်တယ်။ လန်ဒန် အစည်းအဝေးမှာ ဝှက်ဖဲ တစ်ချပ်အနေနဲ့ ကိုင်ထားတဲ့ ကြေးနန်းကို ဗိုလ်ချုပ်တို့ကို သင့်တော်တဲ့ အချိန်ကျမှ အင်္ဂလိပ် အစိုးရက ထုတ်ပြတာ။ အဲဒီ ကြေးနန်း ထုတ်ပြပြီးတာနဲ့ အစည်းအဝေး ပျက်တော့မလို ဖြစ်တယ်။ (၂)ရက် အကြာမှာ တောင်ကြီးကနေ ဦးဖေခင်က လန်ဒန်မြို့အထိ ကြေးနန်း ပြန်ရိုက်တယ်။ ကြေးနန်းစာကို ဦးဖေခင်က ကိုယ်တိုင် စီကုံးခဲ့တယ်လို့ အဆိုရှိတယ်။ ရှမ်းလူငယ်တွေရဲ့ အကြံဉာဏ်ပေးမှု တစ်စိတ်တစ်ပိုင်းလည်း ပါနိုင်တယ်။ သံကြိုးစာက – “အောင်ဆန်းဟာ ရှမ်းပြည်နယ် အပါအဝင် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင် ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားများအတွက် အရေးဆိုရန် အကြွင်းမဲ့ ထောက်ခံကြောင်း တောင်ကြီးမြို့မှာ ကျင်းပသည့် လူထု အစည်းအဝေးပွဲကြီးက ထောက်ခံ ဆုံးဖြတ်ကြောင်း” လို့ တိကျစွာ ဖော်ပြခဲ့တယ်။ မူရင်း အင်္ဂလိပ်ဘာသာမှ ဆရာ တက္ကသိုလ် နေဝင်းက ဘာသာပြန်ပြီး သူရေးတဲ့ စာတစ်အုပ်မှာ ဒီအတိုင်း ဖော်ပြခဲ့တယ်။ တစ်ချက်ခုတ် (၃)ချက်ပြတ်တဲ့ ကြေးနန်းစာပါပဲ။ အကြံပေးသူ ရှမ်းလူငယ်များ၊ စီကုံးရေးခဲ့သူ ဦးဖေခင်နှင့် ကြေးနန်းစာကို သိမ်းဆည်း မှတ်တမ်းတင်ခဲ့သူ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကို ချီးမွမ်းကြရမယ်။

    ပင်လုံ အစည်းအဝေး မပျက်ရအောင်

    (၃၊၂၊၄၇) နေ့မှ (၁၂၊၂၊၄၇)နေ့ အထိ ကျင်းပတဲ့ ပင်လုံ အစည်းအဝေးကြီးဟာ (၁၀၊၂၊၄၇)ရက်မှာ အချင်းချင်း အပေးအယူ မမျှလို့ အစည်းအဝေး ပျက်တော့မလို ဖြစ်နေတယ်။ ဗိုလ်ချုပ်တို့ ရန်ကုန်ပြန်ရအောင် စိတ်ဆင်းရဲစရာတွေ ကြုံခဲ့ရတယ်။ ဦးဖေခင်ပဲ သူ့ရဲ့အစွမ်းအစကို အစွမ်းကုန် ထုတ်သုံးခဲ့ရတယ်။ ပွဲဈေးတန်း သွားပြီး ဗိုလ်ချုပ်တို့ ရန်ကုန် ပြန်ကြတော့မယ်လို့ သတင်း လွှင့်တယ်။ ရ.ပ.လ ဦးဆောင်တဲ့ ရှမ်းလူထုကြီးက ညီလာခံကြီးကို ထောက်ခံကြောင်း ဝိုင်းဝန်း ဆန္ဒပြကြတယ်။ စော်ဘွားတွေဟာ (၁)လူထုမပါဘဲ အုပ်ချုပ်လို့ မရဘူး၊ (၂) အင်္ဂလိပ်ရဲ့ ဒိုမီနီယံ လုံခြုံရေး ထီးရိပ်ထက် ပြည်မနဲ့ ပူးပေါင်း လွတ်လပ်ရေး ယူတာက စော်ဘွားအကျိုး/ လူထုအကျိုး တကယ်ရှိ မရှိဆိုတာ သဘော ပေါက်လာကြတယ်။ ကချင်၊ ချင်းစတဲ့ တိုင်းရင်းသား အားလုံး ပင်လုံစိတ်ဓာတ်ကို နှလုံးမူလို့ ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ ဦးဖေခင်ဟာ ပင်လုံမှာ အထူးပင်ပန်းစွာနဲ့ အားလုံး အဆင်ပြေအောင် အောက်ခြေမှ အစပြုပြီး စည်းရုံးပေးခဲ့ရတယ်။ ညီလာခံ တက်ရောက်ခဲ့တယ် ဖဆပလ ဝန်ကြီးတွေ၊ ရှမ်းလူငယ်တွေလည်း အထူး ကြိုးစားခဲ့တယ်။

    နိုင်ငံရေးတာဝန်များနဲ့ ဦးဖေခင်

    ဦးဖေခင်ဟာ ဖဆပလ အဖွဲ့ချုပ် ဗဟို အမှုဆောင် (တောင်တန်းဒေသ အတွင်းရေးမှူး) သာမက ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် သခင်နုရဲ့ အစိုးရ အဖွဲ့မှာလည်း ဝန်ကြီး တာဝန်တွေ ယူခဲ့ရတယ်။ လွတ်လပ်ရေးခေတ် တစ်လျှောက် (၂၅)နှစ်တိုင် သံအမတ်ကြီး တာဝန်နဲ့ ပါကစ္စတန်၊ ထိုင်း(ယိုးဒယား)၊ ဖိလစ်ပိုင်၊ လော၊ ကမ္ဘောဒီးယား၊ ကုလသမဂ္ဂ၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှား၊ ချက်ကိုစလိုဗက်၊ ပိုလန်၊မလေးရှား၊ စင်ကာပူနိုင်ငံတို့မှာ အမှုထမ်းခဲ့တယ်။ နိုင်ငံတော် သမ္မတကြီးက ပေးခဲ့တဲ့ မဟာသရေစည်သူဘွဲ့ ရရှိခဲ့တယ်။ (၁၉၇၂)ခုမှာ အနားယူပြီး ၈၁-R စုပေါင်းလမ်း၊ အင်းယားမြိုင်တွင် ဇနီး ဒေါ်မေမေခင်နဲ့ အေးချမ်းစွာ နေထိုင်ခဲ့တယ်။ နိုင်ငံဂုဏ်ရည် (ပထမအဆင့်)လည်း ရရှိခဲ့တယ်။(၁၉၈၉)ခုနှစ်မှာ မြန်မာ့ ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ရဲ့ စီစဉ်မှုအရ ရွှေတိဂုံ ညီလာခံနဲ့ ပင်လုံစာချုပ်မျိုးစေ့ စသော အခန်းဆက် ဟောပြောမှုကို ဦးဖေခင်က ပြုလုပ်ခဲ့တယ်။ ဦးစိုးညွန့် (ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့် စာနယ်ဇင်း)ရဲ့မေတ္တာ ရပ်ခံချက်အရ လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ/အင်္ဂလိပ်) သတင်းစာများမှာ အထက်ပါ ခေါင်းစဉ်များနဲ့ အခန်းဆက် ဆောင်းပါးများကို ဆရာကြီး ဦးဖေခင်က ရေးသားခဲ့တယ်။ ဆရာကြီးဟာ လန်ဒန် အစည်းအဝေးကိုတော့ လိုက်ပါခဲ့ခြင်း မရှိပေမယ့် (၁) ရွှေတိဂုံညီလာခံ၊ (၂) လန်ဒန် အစည်းအဝေး၊ (၃) ပင်လုံစာချုပ် ဆိုတဲ့ ခေါင်း စဉ်(၃)ခုက တစ်ဆက်တစ်စပ်တည်း ဖြစ်နေလို့ မြန်မာ့ လွတ်လပ်ရေးသမိုင်းရဲ့ အရေးအပါဆုံး အချက်ကြီးများမှာ ဦးဖေခင်ဟာ ထဲထဲဝင်ဝင် ဖြစ်ခဲ့ရတာကို သတိပြုမိပါတယ်။

    မှတ်ချက် –  (ဒိုမီနီယံ လွတ်လပ်ရေးဆိုတာ အင်္ဂလိပ် ဘုရင်မကြီးကို နိုင်ငံ အကြီးအကဲအဖြစ် အသိအမှတ် ပြုရမယ်။ ကာကွယ်ရေးမှာ အင်္ဂလိပ်က တာဝန်ယူမယ်။ အင်္ဂလိပ်အစိုးရရဲ့ မြန်မာပြည်မှာ ရှိတဲ့ ရင်းနှီး မြှုပ်နှံခဲ့တာကို လျော်ကြေး ပေးစရာမလိုဘဲ လက်ရောက် ရနိုင်မယ်လို့ ဂဠုန်ဦးစောက (၁၉၄၆)ခု ပထမ ပင်လုံ အစည်းအဝေးမှာ ဒိုမီနီယံ လွတ်လပ်ရေးလည်း ကျေးနပ်စရာလို့ နယ်ရှင် စော်ဘွားကြီးတွေကို ဆွယ်တရား ဟောခဲ့ဖူးတယ်။ ဖဆပလ အဖွဲ့ချုပ်ကတော့ အင်္ဂလိပ်နဲ့ ကာကွယ်ရေး ကိစ္စပါ အဆက်ဖြတ်ချင်လို့ လုံးဝ လွတ်လပ်ရေးကိုပဲ တောင်းဆိုခဲ့တယ်။)

    မိုးမြင့်ဝင်း (သိပ္ပံနှင့် နည်းပညာ)
    စာကိုး
    (၁)ကိုယ်တွေ့ပင်လုံ(မဟာသရေစည်သူ-ဦးဖေခင်) နိုင်ငံဂုဏ်ရည်(ပထမအဆင့်)
    (၂)တိုင်းရင်းသား လူမျိုးများ အရေးနှင့် (၁၉၄၇) အခြေခံဥပဒေ (ပထမတွဲ)
    မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

    By Monitor News Journal