News @ M-Media

Blog

  • ဖားကန့်မြို့ ဆိုင်းတောင်ရွာမှ မြန်မာမွတ်စလင်မ်တို့၏ ဝတ်ပြုဆောင် အကြမ်းဖက်ဖျက်ဆီးခံရ

     

    မြစ်ကြီးနား ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာတွင်ဖြစ်သော အဖြစ်အပျက်မှာ၁၉၉၄ ခုနှစ်တွင်ထရံကာသွပ်မိုး ဖြင့် အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်မ်များအတွက် ၀တ်ပြုဆောင်တည်ဆောက်ဝတ်ပြုခဲ့ပါသည်။
    ၁၈နှစ်ခန့်ကြာပြီဖြစ်၍ သစ်များထရံများပျက်စီးသဖြင့်ပြုပြင်ရန် စီစဉ်ခဲ့ပါသည်။ပေ၃၀-၄၀ ၀န်းကျင်အဆောင်ဖြစ်ပါသည်။ယခုနှစ်ပိုင်းတွင်ဘုန်းတော်ကြီးကျောင်းဆွမ်းစားဆောင် ကျပ်သိန်း၂၀၀၀တန်ကို ခွင့်ပြုမိန့်မပါဘဲ တည်ဆောက်ထားပြီးဖြစ်ပါသည်။ မြေနေရာအားလုံးသည် ကျောက်လုပ်ကွက်မြေများဖြစ်ပါသည်။ ဂရံမြေ ၊ သာသနာ့မြေများမဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်များ၏ပြုပြင်မှုကိုသာ ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြခိုင်းသဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင်ပျက်စီးပုံကို တင်ပြခဲ့ပါသည်။

    ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာရေးအဆောက်အဦများလည်း တင်ပြမှုမရှိဘဲ အသစ်လဲဆောက် ၊ အဟောင်းလည်းပြုပြင်ကြသဖြင့် အစ္စလာမ်ဝတ်ပြုဆောင်ကိုပြုပြင်ခဲ့ပါသည်။ ၂၀-၁-၂၀၁၂ နေ့တွင် စတင်ပြင်ဆင်ပြီးဖေဖော်ဝါရီလလည်တွင်ပြီးခဲ့ပါသည်။ ၇-၄-၂၀၁၂နေ့ ( စနေနေ့ ) တွင်ထိုဝတ်ပြုဆောင်တွင် ဆက်လက်ဝတ်ပြု ခြင်းမပြုရန် ဖားကန့်(မ.ရ.အ)ဦးငြိမ်းထွန်းကျော် ညွှန် ကြားချက်အရပိတ် ခဲ့ရပါသည်။
    ၁၂-၄-၂၀၁၂ နေ့တွင်၎င်းဝတ်ပြုဆောင်ဝင်းအတွင်းကို ညနေ ၆း၃၀ မှစတင်ကာ မြို့ဦးတောရကျောင်း ဘုန်းကြီးနှင့်အတူ သင်္ကန်းဝတ် ၁၂ပါး၊ NLD ပါတီဝင်များမှ ကိုကျော်မြင့်၊ကိုသန်းဇော်လတ်၊ကိုလှမင်းတို့ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြေစာရင်း၊ စည်ပင် အသီးသီးလာရောက်ကာ အင်အားနည်းသူကို အင်အားသုံးကာ ဖျက်ဆီးပစ်ခဲ့ပါသည်။ အပြင်ဘက်တွင်သင်္ကန်းဝတ် အပါး ၁၀၀ခန့်နှင့်အခြားပြည်သူများလည်းပါဝင်ပါသည်။ ည၁၀း၀၀ခန့်တွင် စစ်သားများရောက်လာကာ စောင့်ကြည့်ပေးသော်လည်း ဖျက်ဆီးနေမှုကိုတားဆီးခြင်းလုံးဝမရှိဘဲ ည ၂း၀၀ လောက်မှသာလျှင်ဖျက်ဆီးခြင်းကိုရပ်ပါသည်။ ဝတ်ပြုဆောင်မှာ လုံးဝ ပျက်စီးသွားကြောင်းသိရှိရပါတယ်။

    အစ္စလာမ်ဘာသာဝင်များဘက်မှ လူချင်းခိုက်ရန်မဖြစ်စေရန် သတိထားရှောင်တိမ်းခဲ့ပါသည်။ (၁၃-၄-၂၀၁၂) သောကြာနေ့တွင် ဖားကန့်မြို့ပေါ်ရှိ ဗလီ ၊လုံးခင်းဗလီများကိုပါ ဖျက်ဆီးပစ်မည်ဟု ပြောသဖြင့် ပိတ်ထားရကြောင်းသိရှိရပါတယ်။
    ယခုလိုဖြစ်ရပ်မျိုးဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြေခံဥပဒေပါ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်ရာကြပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ အကြိမ်ပေါင်းများစွာ ပြည်သူလူထုကို အသိပေး ကတိပေး ပြောကြားခဲ့သာ rule of law ကို စိန်ခေါ်ရာလဲ ရောက်ပါတယ်။ ဥပဒေမဲ့ အကြမ်းဖက် လုပ်ဆောင်ခဲ့သူ အားလုံးကို အရေးယူပေးပြီး အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်မ်တို့၏ နိုင်ငံသားအခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပေးဖို့ လုပ်ဆောင်ပေးဖို့ မိမိတို့ M-Media မှ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့အား သိရှိစေရန် တင်ပြအပ်သည်။

    သတင်းအချက်အလက်များကို FB-LWT page မှ ယူပါသည်။

    ဓါတ်ပုံကို ကချင်သတင်းဌာနမှ ကူးယူတင်ပြသည်။

  • ကံမမြို့တွင် မြန်မာမွတ်စလင်မ်တို့၏ ပိုင်ဆိုင်မှုများနှင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးလုယက်ခံနေရ

    ကံမမြို့တွင် မြန်မာမွတ်စလင်မ်တို့၏ ပိုင်ဆိုင်မှုများနှင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးလုယက်ခံနေရ

    မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော်တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြောင်း ကာယကံမြောက် ကျူးလွန်ခံရသူ ဦးညီညီလွင်နှင့် ဦးမောင်မောင်နီတို့ကပြောကြားသည်။ ဖျက်ဆီးသူများသည် (၁၃.၄.၂၀၁၂) ညတွင် ကံမမြို့အနီး၊ ရေနံသာရွာနေ အစ္စလာမ်ဘာသာဝင်ဦးသိန်းလွင်၏နေအိမ်ကိုလည်းဆက်လက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

    “ဟာဂျီမ ဒေါ်ဝါ၀ါရဲ့နေအိမ်ကိုဖျက်ဆီးတယ်၊ အမျိုးသားတွေကဖျက်တယ်၊ အမျိုးသမီးတွေက ပစ္စည်း တွေကိုသယ်ကြတယ်၊ ရွှေ ၇၀ ကျပ်သားနဲ့ ငွေသား ကျပ်ငွေ သိန်း ၈၀ လောက် ပါသွားတယ်ဟု သရက်မြို့သို့ တိမ်းရှောင်နေရသူ ဦးညီညီလွင်က ပြောကြားသည်။

    “ဗလီကိုလည်းဖျက်တယ်၊ ဘာမှအကောင်းမကျန်အောင်ကိုဖျက်တာ၊ တိုင်ကပ်နာရီတောင် မချန်ဘူး´´ဟု ဦးညီညီလွင်က ဆက်လက်ပြောကြားသည်။

    ယခုကဲ့သို့ ဖျက်ဆီးခံရမှုသည် ယခင်နှစ်များစွာကတည်းက ပြိုင်ဘက်မရှိ စက်လှေလိုင်စင်ရနေသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများထံမှ ယခုနှစ်တွင် ဟာဂျီမ ဒေါ်ဝါ၀ါက အဆိုပါလိုင်စင်ကို ၃၂၇ သိန်းဖြင့် လေလံအောင်ခဲ့ရာမှ စတင်မြစ်ဖျားခံခြဲ့ခင်းဖြစ်ကြောင်း သိရသည်။

    “စက်လှေတွေကို ဒီနှစ်ဧပြီလဆန်းပိုင်းကစပြီး ဆွဲခွင့်ရတယ်၊ ဒါပေမယ့် သူတို့က တစ်ပတ်လောက် သူတို့ကိုငှားပါဦးဆိုလို့ အငှားပေးလိုက်ရတယ်´´ဟု ဟာဂျီမဒေါ်ဝါ၀ါနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြား သည်။

    ထိုသို့စက်လှေကို ကြံ့ခိုင်ရေးက နောက်ခံပေးထားသည့် ဦးဝမ်းတို့က ရက်ပြည့်သည့်နောက်တွင် ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယခုအခါ လေလံဖိုးငွေပြန်ပေးရန် သိမ်းယူထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။ “ဆက်မငှားဘူးဆိုတော့ ငါတို့ကို စက်လှေလိုင်စင်ပြန်မပေးရင် ကုလား-ဗမာ အဓိကရုံးဖြစ်သွား မယ်လို့ ကံမမြို့နယ်၊ ကြံ့/ဖွံ့ပါတီမှ အမတ်ဦးဝင်းနိုင်ကပြောတယ်´´ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက် ပြောကြားသည်။

    ထို့ကြောင့် ဟာဂျီမ ဒေါ်ဝါ၀ါက စက်လှေလိုင်စင်လေလံဖိုးငွေနှင့် အထွေထွေကုန်ကျစရိတ်တန်ဖိုးဖြင့် စက်လှေလိုင်စင်ကို ကြံ့/ဖွံ့ပါတီ ကျောထောက်နောက်ခံပေးထားသည့်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ရ သည်။

    သင်္ကြန်အကျနေ့ညတွင် ဒေသခံနှစ်ဦးက ကံမမြို့သို့ရောက်ရှိလာသည့် အစ္စလာမ်ဘာသာဝင်ဧည့်သည် တစ်ဦးကို စတင်ထိုးကြိတ်မှုပြုခဲ့ကြပြီး အဆိုပါပြစ်မှုကို အစ္စလာမ်ဘာသာဝင်များက ကံမမြို့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းက ပထမ သတင်းပေးတိုင်ကြားချက် (FIR)ဖွင့်ခွင့် (အမှုဖွင့်ခွင့်) မပေးခဲ့ကြောင်း ကိုယ်တိုင်သွားရောက်တိုင်တန်းခဲ့သူတစ်ဦီးက ပြောကြားသည်။

    ထိုညတွင် ဒေသခံများက အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများကို ဖျက်ဆီး လုယက်ခဲ့ကြသည်။ ၀ူဇူကန်က ရေပိုက်ခေါင်းတွေကို ရိုက်ချိုးတယ်။ ဗလီအိမ်သာတံခါးကိုဖျက်တယ်၊ ဗလီ ရေကန်ကိုဖေါက်ပစ်တယ်။ ဂျနာဇာစင်ကိုလည်း ဖျက်တယ်၊ ဗလီမှန်တွေကိုခွဲတယ်´´ဟု ဦးညီညီလွင်က ပြောကြားသည်။ ကံမမြို့တွင် ကိုဂျဗာား၊ ဟာဘီလေး၊ ဇေဇေဦး၊ ဦးပီရှိုး၊ ဦးညီညီလွင်၊ ဟာဂျီမ ဒေါ်ဝါ၀ါ၊ ကိုရာဂျားကုန်စုံဆိုင်၊ ဦးအီစွတ်၊ ဦးအောင်မိုးလွင်တို့၏နေအိမ်နှင့် ပိုင်ဆိုင်မှုများ သင်္ကြန်အကျနေ့ညတွင် ဖျက်ဆီး ခံရသည်။

    ယခုအချိန်ထိ ဖျက်ဆီးလုယက်သူများကို ဖမ်းဆီးထိန်းသိမ်းကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက် မရှိသေးပေ။ ဖျက်ဆီးလုယက်သူများသည် သင်္ကြန်အကြတ်(ပထမနေ့)ညတွင် ကိုဂျဗား၊ ဟာဘီလေးတို့၏ ဓါတ် ဆီဆိုင်များကို ထပ်မံဖျက်ဆီးခဲ့ပြီး အဆိုပါညတွင် ကံမမြို့နှင့် ၈-မိုင်အကွာ ရေနံသာရွာမှ ဦးသိန်းလွင် (ဟာဂျီမ ဒေါ်ဝါ၀ါ၏အစ်ကို)၏အိမ်ကိုလည်း ထပ်မံဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

    ဖျက်ဆီးခံရသူတစ်ဦး

    credit -http://taqwaone.wordpress.com/

  • ဟီဂျက်ဘ် ပိတ်ပင်တဲ့ ဥပဒေအတွက် ပြည်နယ်အစိုးရကို  နိုင်ဂျီးရီးယား မွတ်စ်လင်မ်များတရားစွဲမည်။

    ဟီဂျက်ဘ် ပိတ်ပင်တဲ့ ဥပဒေအတွက် ပြည်နယ်အစိုးရကို နိုင်ဂျီးရီးယား မွတ်စ်လင်မ်များတရားစွဲမည်။

    Muslim lawyers plan to sue the Lagos government on banning hijab at schools နိုင်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံး ပြည်နယ် လာဂို့စ်ရဲ့ ကျောင်းတွေမှာ အမျိုးသမီးတွေ ဟီဂျက်ဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ မွတ်စလင်မ် ရှေ့နေတွေ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

    နိုင်ဂျီးယားနိုင်ငံ မွတ်စ်လင်မ် ရှေ့နေများအသင်း (MULAN) မှ တာဝန်ရှိသူ အီရှက် (Barrister Adesina Ishaq) က မွတ်စ်လင်မ် မိန်းကလေးငယ်တွေကို ကျောင်းသို့ ဟီဂျက်ဘ် ၀တ်ဆင်ခွင့် မပြုခြင်းအပါအ၀င် မွတ်စ်လင်မ်တွေအပေါ် အကျိုးသက်ရောက်စေတဲ့ ဆုံးဖြတ်ချက်တွေကြောင့် လာဂို့စ်ပြည်နယ်အစိုးရနဲ့ တရားရုံးမှာ ထိပ်တိုက်ရင်ဆိုင်ဖို့လမ်းကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ OnIslam.net သို့ ပြောပါတယ်။

    “ကျွန်တော်တို့ဟာ ကိုယ့်ဘာသာဝင်တွေ အများစု ရှိတဲ့ အရပ်ဒေသမှာတောင် ကျွန်တော်တို့ ရပိုင်ခွင့်တွေကို ဆုံးရှုံးနေရပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ရင် သူတို့ အာဏာပိုင်တွေဟာ မွတ်စ်လင်မ်တွေနဲ့ ဆန့်ကျင်ဘက် လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။”

    ပြည်နယ်အစိုးရဟာ ကျောင်းသို့ ဟီဂျက်ဘ် ၀တ်ဆင်ခြင်းကို ခွင့်မပြုတော့တာ ဖြစ်ပြီး ဒီဥပဒေဟာ အခြားပြည်နယ်အချို့မှာလည်း ပြဌာန်းထားပြီး ဖြစ်ပါတယ်။ အီရှက်က သူတို့အဖွဲ့အစည်းဟာ အစိုးရနဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပြီး ဖြစ်ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ ဆိုပါတယ်။

    “အစ္စလာမ်ဘာသာဝင် မိန်းကလေးတွေအနေနဲ့ ကျောင်းဂိတ်ဝထိ ၀တ်ဆင်ခွင့်ရှိပြီး ကျောင်းရောက်တာနဲ့ တပြိုင်နက် ဦးခေါင်းအကာအကွယ်ကို ချွတ်ရမယ် လို့ သူတို့က ပြောပါတယ်”

    “ဒါဟာ ကျွန်တော်တို့ ဘာသာရဲ့ မလုပ်မနေ လုပ်ရမယ့် ၀တ္တရားကို စော်ကားသလို ဖြစ်နေတာကြောင့် တရားရုံးထိတက်ပြီး ဒီကိစ္စကို အဖြေရှာရမှာပါ” လို့ သူက ပြောပါတယ်။အီရှက်က ဒီဥပဒေကို “မတရားဖိနှိပ်ခြင်းနဲ့ လူမျိုးရေးခွဲခြားမှု” လို့ အမည်တပ်ခဲ့ပြီး အစိုးရအနေနဲ့ ပြန်လည် စေ့စပ်ညှိနှိုင်းဖို့အတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ဆိုပါတယ်။

    ဟီဂျက်ဘ် ပိတ်ပင်တဲ့ ဥပဒေကို ပြင်သစ်နိုင်ငံက ၂၀၀၄မှာ စတင် ပြဌာန်းခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်ကစလို့ အခြားနိုင်ငံတွေကလည်း အသုံးပြုလာကြတာဖြစ်ပါတယ်။

    နိုင်ဂျီးရီးယားနိုင်ငံရဲ့ စုစုပေါင်းလူဦးရေး သန်း၁၄၀မှာ အစ္စလာမ်ဘာသာဝင်က ၅၅%၊ ခရစ်ယာန်ဘာသာဝင်က ၄၀%ထိ ဖြစ်ကြပြီး နိုင်ငံရဲ့ အဓိက ဘာသာနှစ်ခုဟာ အကြောင်းအရာများစွာအပေါ်မှာ အငြင်းပွားမှုတွေ ခဏခဏ ပေါ်ပေါက်နေပါတယ်။

    Ref: http://www.onislam.net/english/

    မင်းဝေယံ မြန်မာလိုဆီလျော်အောင် ဘာသာပြန်ပါသည်။

  • လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဟာဂျီမပျဉ်းမနားဒေါ်ပု

    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာဇာတိ ဖြစ်သည်။ အဖ ပွဲစားကြီးဦးဘမြ အမိ ဒေါ်ခင်စီတို့မှ သက္ကရာဇ် ၁၂၆၈ (၁၉၀၆ ) ခုနှစ်တွင် ဖွားမြင်သည်။ ငယ်နာမည် မရွှေပု ဖြစ်သည်။ ၁၂၈၈ ခုနှစ်တွင် စိန်ရွှေကုန်သည် ဦးစံလှနှင့် အိမ်ထောင်ကျသည်။ ပျဉ်းမနားသို့ ရွှေ့ပြောင်း၍ စိန်ရွှေရတနာရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းဖြင့် နေထိုင်ခဲ့သည်။ ဒေါ်ပုသည် စိန်ရွှေရတနာ လုပ်ငန်း၌ကျွမ်းကျင်သည်။ ရတနာများကိုမြင်လျှင် အရည်အသွေးအဆင့်အတန်းကို ချက်ချင်းမှန်ကန်တိကျစွာ အကဲဖြတ်နိုင်စွမ်း ရှိသည်။

    ဒေါ်ပုသည် ဆက်ဆံမှုပြေပြစ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ကြောင့် ရတနာရောင်းဝယ်မှုတွင် အများကအားကိုး အားထားပြုကြသည်။ ဒေါ်ပုကို ပျဉ်းမနားမြို့သူမြို့သားများက စိန်ရွှေရတနာလုပ်ငန်းတွင် ကျွမ်းကျင်သောကြောင့် စိန်မပုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။

    ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းစဉ်ရဲဘော် သုံးကျိပ်ဝင်များမှ အရာရှိအရာခံ အကြပ်တပ်သားများသည် ဒေါ်ပု နှင့် အကျွမ်းတ၀င်ရှိကြသည်။ မိခင်ပမာအမေပုဟု ခေါ်ကြသည်။ ဒေါ်ပုသည် ပျဉ်းမနားမြို့နယ် အာရှလူငယ်အစည်းအရုံး၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပျဉ်းမနား၌ ရှိနေစဉ်ကာလ၌ တပ်မတော်အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ အကူအညီပေးခဲ့သည်။

    ၁၉၄၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သည် ဦးစံလှ ကွယ်လွန်ပြီးနောက် ပျဉ်းမနား မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း ၌ ထွန်းနေရောင် ကုမ္ပဏီကို တည်ထောင်သည် ။ ၁၉၆၁ မှ ၁၉၆၈ ခုနှစ်အထိ ဘုရင်မ နိုင်လွန်ဇာ နှင့် အထည်စက်ရုံ တစ်ရုံ တည်ထောင် ဖွင့်လှစ်ခဲ့သည် ။ ဒေါ်ပုသည်၁၉၅၁ ခုနှစ်တွင် ဟဂ်ျပြုလုပ်ခဲ့သည်။

    ၁၉၇၂ ခုနှစ်တွင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ အစ္စလာမ့်ရှေ့ဆောင်ကျောင်း ကလေးရိပ်သာများအတွက် ငွေကျပ်(၈)သိန်းကျော် လှူဒါန်းသည်။ ထို့အပြင် ဗလီဝတ်ကျောင်းအတွက်လည်းကောင်း၊ ရန်ကုန်မြို့ဇီဝကလမ်း (ဇဖရ်ရှားလမ်း)ဇဖရ်ရှားဒရ်ဂါဝတ်ကျောင်းတော် နှင့် အမျိုးသမီးဝတ်ပြုဆောင်ကိုလည်းကောင်း၊ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မွတ်စလင်အမျိုးသမီးရိပ်သာနှင့် ကျောင်းဆောင်အတွက် လိုအပ်သော မွမ်းမံပြင်ဆင်မှုများကိုလည်းကောင်း ပြုလုပ်လှူဒါန်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံဝင်းအတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့သည်။ လှူဒါန်းပွဲအခမ်းအနား ဖိတ်ကြားစာကို ဖော်ပြပါမည်။

    ၇၈၆
    ဇေယျတု သဗ္ဗ မင်္ဂလာ
    ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကု ဌာန အဆောင်အဦး ပေးအပ်လှူဒါန်းပွဲ ဖိတ်ကြားစာ

    လူကြီးမင်းရှင့်-
    လူမျိုးမရွေး ဘာသာမရွေး ကုသနိုင်ရန်ရည်ရွယ်၍ သိန်း(၃၀)ကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့သော ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကုဌာန အဆောက်အဦးကို ပြည်သူလူထုကိုယ်စား ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးထံ ပေးအပ်လှူဒါန်းမည့် အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပါရန် ဖိတ်ကြားအပ်ပါသည်။

    ကျင်းပမည့် နေ့ရက် – ၅-၁၀-၇၉ (သောကြာနေ့)
    ကျင်းပမည့် အချိန် – နံနက် (၉) နာရီ
    ကျင်းပမည့်နေရာ – ရန်ကုန်ပြည်သူ့ဆေးရုံကြီး
    (လမ်းမတော် ၀င်ပေါက်)

    ဟာဂျီမ ပျဉ်းမနားဒေါ်ပု (ရန်ကုန်)

    ထို့အပြင် ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆေးရုံဝင်းအတွင်းတွင် သိန်း(၂၀)တန် အထွေထွေ အရေပြားနှင့် ကာလသားရောဂါကုဌာန အဆောက်အအုံကိုပန္နရိုက်အုတ်မြစ်ချ လှူဒါန်းခဲ့သည်။ ထို့အပြင် ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက် အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံအတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

    ဒေါ်ပုသည် ပျဉ်းမနားမြို့နယ်အသင်း၏ နာယကကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည် ကြီးများအသင်း တွင် အမှုဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် အစိုးရမှ နိုင်ငံခြားသို့ စီးပွားရေးမစ်ရှင်စေလွှတ်ရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။

    ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် အစ္စလာမ်မစ်ဒအ်ဝတ်ညီလာခံသို့ ဆရာချယ်၊ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်တို့နှင့်အတူ တက်ရောက်ခဲ့သည်။

    ၁၉၈၁ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော်က ပထမဆုံးအကြိမ်ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ဓနအင်အားဖြင့် များစွာပါဝင်လှူဒါန်းခဲ့သူ ဖြစ်သည်။

    ဟာဂျီမဒေါ်ပုသည် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နာယက၊ အီးဒ်ဆွလာသ်ဗဟိုကော်မတီ နာယက၊ ဟစ်ဂျရီ ၁၅ ရာစု ကြိုဆိုရေးဗဟိုကော်မတီ (အ-ဟ-က)နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

    ကန်တော်ကလေး ကဘရ်စတာန် (မွတ်စလင်မ်သုဿန်) ရှိ ဟာဂျီမ ပျဉ်းမနားဒေါ်ပု၏ ကဘရ် (မြှုပ်နှံထားရာနေရာ)

    ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ။

    ရေးသားသူ …မောင်သန်းဝင်း(မြန်မာစာ)

     

    ဟာဂျီမဒေါ်ပုနှင့်ဆရာချယ်တို့ ၂ . ၅ . ၁၉၈၁ တွင်မုတ္တမမြို့ရေးစုရပ်ရှိ မြို့မဗလီကြီးဝန်းအတွင်း အစ္စလာမ်အမျိုးသမီးဝတ်ပြုဆောင် ကိုဖွင့်လှစ်ပေးခဲ့စဉ်

                          ဟာဂျီမဒေါ်ပုမှအမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲတွင်အမှာစကားပြောကြားနေပုံ

             အမျိုးသမီးဝတ်ပြုဆောင်ဖွင့်ပွဲမှ ဟာဂျီမဒေါ်ပု  ဗလီကြီးဥက္ကဌ  အဗ္ဖဒလ်မာလစ်နှင့်   ဆရာချယ်  နိုင်ငံဂုဏ်ရည်ပထမအဆင့်

  • မလေးရှားတွင် ပထမအကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပမည်

    ခိုင်မောင်ဦး (မလေး)
    ———————
    မလေးရှား ရခိုင်အသင်းပေါင်းချူပ်ကြီး MAO(Malaysia Arakan Organization) မှကြီးမူး၍ ပထမဆုံး အကြိမ်မလေးရှားနိုင်ငံ ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကြီးကို ဧပြီ ၁၃ ရက်နေ့တွင် စည်းကား သိုက်မြိုတ်စွာ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။

     

    စင်္ကာပူတွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲ မြင်ကွင်း

    ယခုကဲ့သို့  ရခိုင်းရိုးရာသင်္ကြန်ပွဲတော်ကို မလေးရှားနှိင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပရန် စီစဉ်ရသည့် ရည်ရွယ်ချက်နှင့် ပက်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုစိုးထွန်းက ယခုကဲ့သို့ ပြောသည်။

    “ပြောရရင်တော့ဗျာ။ ကျွန်တော်တို့  ရခိုင်ပြည်ကနေ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားကိုရောက်လာကြတယ်။ မလေးရှားကို ရောက်လာပေမယ့် ကိုယ့်ရပ် ကိုယ်ဒေသကို လူတိုင်းက လွမ်းနေကြပါတယ်။ ဒီလို သင်္ကြန်ဆို ပိုလွမ်းနေကြရပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ တစ်နေ့  အလုပ်တွေနဲ့ ဘဲ လူတွေက ပိနေကြတော့ ဒီလို သင်္ကြန်အချိန်အခါမှာ စိက်အပန်း ဖြေနိုင်ဖို့နဲ့ ကိုယ်ရိုးရာ ကိုယ်ယဉ်ကျေးမူတွေကို ထိန်းသိမ်းစောင့်ရှောက် ဖေါ်ထုတ်ဖို့ ရည်ရွယ်ပြီး မလေးမှာ ရခိုင်သင်္ကြန်ကို ခုလို ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

    မလေးရှား ရခိုင်ရိုးရာသင်္ကြန်ကို မြန်မာသက္ကရာဇ် ၁၃၇၄ တန်းခူးလဆုတ် (၇ ) ရက်သောကြာနေ့ ၊ ခရစ် သက္ကရာဇ် ဧပြီလ ၁၃ ရက်နေ့ တစ်နေ့တည်း ဆရမ်းဘန်း Port Dickson ကမ်းခြေတွင် နံနက် ၈နာရီမှ စတင်၍ ညနေ ၆နာရီ အထိ ကျင်းပ သွားမည် ဖြစ်သည်။

    ” နောက်ပြီး ဒီလို့  နိုင်ငံမျိုးမှာ ဒီလို တက်ညီ လက်ညီနဲ့ ခုလို ရခိုင်သင်္ကြန်ကို ကျင်းပနိုင်ရေး အတွက် အခွင့်ရေးရဖို့  ဆိုတာ သိပ် မလွယ်ဘူး။ အခုလို့ မလေးရှားမှာ တစ်ယောက်နဲ့ တစ်ယောက် အကြားမှာ ကွဲပြားမူ ဖြစ်နေချိန်မှာ လုပ်ရတာ ပိုမလွယ်ကူပါဘူး။ ဒါပေမယ့် အမျိုးသားရေး စိတ်ဓါတ်နဲ့ ကိုယ့် ရိုးရာ ကိုယ့်ယဉ်ကျေးမူကို ဖေါ်ထုတ်တဲ့ ပွဲမို့ အားလုံး ပူးပေါင်း ပါဝင်ပြီး ပျော်ရွှင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

    ကိုယ်ရိုးရာ ကိုယ့်ယဉ်ကျေးမူ အစဉ်အလာများကို ဖေါ်ထုတ်ခြင်းဖြင့် မိမိတို့၏ ယဉ်ကျေးမူ အစဉ်အလာများကို တန်ဘိုး ထားနားလည် လာပြီး မိမိတို့ ရခိုင်လူမျိုးတွေအကြား စုစု စည်းစည်း ဖြစ်လာနိုင်ပြီး အမျိုးသား သွေးစည်း ညီညွက်ရေးကိုလည်း တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ကိုစိုထွန်းက နိရဉ္စရာသို့ ပြောသည်။

    ပထမအကြိမ် မလေးရှား နိုင်ငံ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် လာရောက်သူများ အားလုံး ပျော်ရွှင်နိုင်ရန် အတွက် ရခိုင်ရိုးရာ သင်္ကြန်အကများ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာလွန်ဆွဲပွဲနှင့် ရခိုင်သီချင်းဆိုပြိုင်ပွဲများကို အားဖြည့်ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

     

    နိရဉ္စရာ မှ ကူးပါသည်။

     

    မလေးရှားနိုင်ငံရှိ လူဦးအများစုမှာ အစ္စလာမ်သာသနာကိုးကွယ်သော နိုင်ငံဖြစ်ပြီး ကျန်သော ဘာသာများကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင်ပြုထားသော မွတ်စလင်မ် နိုင်ငံဖြစ်သည်။ မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား သန်းကျော်ရှိပြိး KL တမြို့ထဲတွင်ပင် မြန်မာဘုန်းတော်ကြီးကျောင်းပေါင်း ၅၀ ကျော်ရှိကြောင်းသိရှိရသည်။