News @ M-Media

Blog

  • ကိုရန် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်

    အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရန်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောပါတယ်။

    အဖြစ်အပျက်နဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ နိုင်ငံအရှေ့ပိုင်းမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ တယောက်ရဲ့ပစ်ခတ်မှုကြောင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားခဲ့ကြောင်းလည်း NATO တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

    Nangarhar ပြည်နယ်မှာရှိတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ စစ်စခန်း တခုရဲ့ပြင်ပမှာ ကြာသပတေးနေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ မူဆလင်တွေ အထွဋ်အမြတ်ထားရာ ဘာသာရေးကျမ်းစာကို စော်ကား ဖျက်ဆီးတယ်ဆိုပြီး နိုင်ငံခြား ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ကြဖို့ တာလီဘန်တွေက ကြာသပတေးနေ့ အစောပိုင်းမှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

    အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတဲ့ အာဖဂန် ကိုယ်စားလှယ်အဖွဲ့ကတော့ အာဖဂန်လူထုအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားကြဖို့၊ ဆန္ဒပြပွဲတွေအပေါ် ရန်သူတွေက အခွင့်ကောင်းယူတာမျိုး မဖြစ်စေဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။

    ဆန္ဒပြပွဲတွေ အင်္ဂါနေ့က စတင်ဖြစ်ပွားချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့ပြီးလည်း ဖြစ်ပါတယ်။

     

    Copy From VOA

  • Myanmar Newsweek ပါ ဦးဖေခင်အကြောင်း

    ၂၃-၂-၂၀၁၂က ထုတ်ဝေခဲ့တဲ့ Myanmar News Week ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၁၉)မှာဖော်ပြခဲ့သော အငြိမ်းစားသံအမတ်ကြီး ဦးဖေခင် အကြောင်း

    အငြိမ်းစားသံအမတ်ကြီးဟောင်း ဥိးဖေခင်(ပင်လုံစာချုပ်ဖြစ်မြောက်ရေး အထူးဆောင်ရွက်ခဲ့သူ)
    နောက်တန်းတွင် ယာဘက် ဒုတိယမြောက်ရပ်နေသူသည် ဦးဖေခင်ဖြစ်သည်။

  • ၈၈မျိုးဆက် ကျောင်းသားများ စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံ သွားမည်။

     

    ” ၈၈မျိုးဆက် ကျောင်းသားများ စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံ သွားမည်။”

    စစ်ဘေးသင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ထံသွားမည့် ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများ ခရီးစဉ်အကြောင်းကို ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး နှင့် လေယာဉ်မထွက်ခွာမီ တွေ့ ဆုံ မေးမြန်းမှုမှာ…..

    P – အစ်ကိုတို့သွားမယ့် မြစ်ကြီးနား ခရီးစဉ်အကြောင်းလေး သိပါရစေ။
    ကိုမြအေး – ခရီးစဉ်က မြစ်ကြီးနားမှာ မနက်ဖြန် ၂၄ ရက်နေ့မှာ လုပ်မယ့် ဘာသာပေါင်းစုံ ပွဲပေါ့ ဗျာ မြစ်ဆုံစီမံကိန်း ရပ်သွားပြီးတော့မှ ကျေးရွာတွေ အနေထိုင် မပျက်ပြန်ပြီးနေလို့ ရမယ့် အခြေနေဖြစ်တဲ့ အတွက်ကြောင့် ဘာသာပေါင်းစုံ ကနေပြီးတော့မှ ကျေးဇူးတင်တဲ့ အနေ နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲပေါ့ဗျာ အဲဒီလုပ်တဲ့ပွဲကို ကျွန်တော်တို့သွားတက်မှာ ပါ။ ဒေသခံတွေ ဖိတ်ကြားတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ၂၄ ရက်နေ့မှာ တက်မှာပါ။ ဒီနေ့တော့ လေဆိပ်ကနေကိုအခုထိမထွက်ရသေးဘူး။

    P – အစ်ကိုတို့ ၁နာရီ၄၅ မိနစ်မှာ ထွက်မယ် ထင်တယ်။
    ကိုမြအေး – ဟုတ်ပါတယ်။

    P – အစ်ကိုစစ်ဘေးသင့်ဒုက္ခသည်တွေကို လှူဒါန်းဖို့ ကိစ္စကရော….
    ကိုမြအေး – စစ်ဘေးသင့် ဒုက္ခသည်တွေကို လှူဖို့တန်းဖို့ကို ကျွန်တော်တို့ကိုနာရေး ကူညီမှု အသင်း က သိန်း ၁၀၀ အပါအ၀င် အားလုံးပေါင်း သိန်း ၁၁၀ ကျွန်တော်တို့ကို လှူမှာ ဖြစ်ပါတယ်။ အဲဒီသိန်း ၁၁၀ ကို မြစ်ကြီးနား ရောက်တဲ့ အခါမှာ စစ်ဘေး သင့်ဒေသတွေ အဲဒီမှာ ရှိတဲ့ ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့မှ ကျွန်တော်တို့က ဘယ်သူတွေ ကို လှူရင် သင့်တော်မလဲ ဆိုတာ အဲဒါဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်မှာပါ။ ဘာလို့ ဆိုတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီး စစ်ဘေး ဒုက္ခသည်တွေ မှာလည်း လိုအပ်တဲ့ စခန်းနဲ့ မလိုအပ်တဲ့ စခန်းတွေ ရှိတဲ့အတွက် ကျွန်တော်တို့က အဲဒါတွေလည်း မသိဘူး ဆိုတော့ အဲဒီက ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ ကျွန်တော်တို့လုပ်မှာပါ။

    P – အစ်ကိုတို့ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
    ကိုမြအေး – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်

    Credit to Popular Myanmar News Journal

  • မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်

    နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။

    လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ ပြီးတော့ သူတို့တိုက်မှာ သေဒဏ်၊ ကြိုးလွတ် အကျဉ်းသားသုံးဆယ်ကျော်ရှိသည်။ ဒီတော့ အသင်းနှစ်သင်းအတွက် လူအင်အားက ပူစရာမလို။ ကိုမြအေးဆီမှာ ဖူဆယ်ဘောလုံးသုံး၊ လေးလုံးကအမြဲ ရှိနေတတ်သည်။သူ့ကျန်းမာရေးအတွက် ထောင်မှ ဘောလုံးကစားခွင့်ပြုထားသည်။ သူ့အိမ်ကလည်း လိုအပ်တာအားလုံး ပို့ပေးသည်။ ရသည့် Space မှာပျော်အောင် နေတတ်သူ။

    သူကကော်ဖီနှင့် ဆေးလိပ်တော့ အတော်ကြိုက်သည်။ တစ်နေ့လုံးမိုးလင်းမှ မိုးချုပ်ကော်ဖီကို တစွတ်စွတ်သောက် နေတတ်သည်။ တစ်နေ့လုံး သူသောက်သည့်အရေအတွက်က ၁၀ ခွက်နှင့် ၁၅ ခွက်ကြား ရှိသည်။ ဘောလုံးမကစားသည့်အချိန်တွေဆိုလျှင် ကော်ဖီလေးသောက်လိုက်၊ သီချင်းလေး ရေးလိုက်။ သူကသီချင်းနှင့် ပတ်သက်ပြီးတော့လည်း အစဉ်အလာရှိသူဖြစ်သည်။ ၁၉၈၈ ခုနှစ်ကသူရေးခဲ့သော ‘ကမ္ဘာမကြေဘူးဟေ့’ သီချင်းသံကကို ကျွန်တ်ာတို့ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့သော်လည်း မမေ့နိုင်ကြသေး။ ခုလည်းသူ့ဆီမှာ သီချင်းပုဒ်ရေ ၅၀ လောက် စုဆောင်းမိနေပြီ။


    ဗိုလ်လုပွဲမကစာခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့် တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူက အရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ် . . .


    ဘောလုံးကစားခြင်းကတော့ သူ့အတွက် အတော်ကောင်းပါသည်။ သူပျော်ရွှင်နေ၍လား။ အားကစား လုပ်နေ၍လား မပြောတတ်။ တောင်ကြီးကိုရောက်လာကတည်းက ထူမတ်လာသည်။ လန်းဆန်းလာသည်။ သူက ဘယ်အလုပ်မဆို စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်တတ်သူ။ ဒီတော့ ဘယ်အရာမဆို ပိုအားကုန် ပိုအား စိုက်ထုတ်ရသည်။ ကျွန်တော်တို့က နေပူ၍သာယာသောနေ့တစ်နေ့တွင် ဘောလုံးကစားမည်ဟု တစ်ခွန်းတည်း ပြောသွားသည်။ သူစီစဉ်ရသည့် အလုပ်တွေကအဆင့်ဆင့်။ တစ်ထောင်လုံးမှ ဖူဆယ်ဘောလုံး ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သည့် လူတွေကိုစုရသည်။ ပြီးတော့ အဆောင်ပေါင်းစုံမှ ထိုလူတွေဘောလုံး ကစားခွင့်ရအောင် Main Jail နှင့် သွားရောက်ညှိနှိုင်းရသည်။ နှစ်ကြီးဆောင်၊ ထောင်ကျဆောင်၊ ဆေးရုံ၊ မီးဖိုနှင့် အလုပ်ကြီးမှဘောလုံးသမားများကို အကြောင်းကြားရသည်။

    ထိုဘောလုံးသမားတွေ ဘောလုံးကစားပြီး သောက်ဖို့ အချိုရည်၊ စားစရာနှင့်လို အပ်လျှင် နံနက်စာပါ ကြက်သားချက်ပြီးကျွေးသည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးကန်ဖိနပ်မှအစ ဘောလုံးကန်အင်္ကျီအထိ သူ့ဆီမှာ အားလုံးရသည်။

    ဒါပေမယ့် ဘောလုံးကစားနေချိန်မှာတော့ သူ့ဆီမှာ Diplomacy မရှိ။ အနိုင်အရှုံး ရလဒ်အတွက် ကျားကုတ်ကျားခဲ ကစားသည်။ သူက နောက်သို့တစ်လက်မမှ မဆုတ်။ ပြိုင်ဘက်အပေါ် ကြင်နာသနားစိတ် လုံးဝမရှိ။  ဘောလုံးပွဲပြီးရင်တော့ အားလုံးဟေးလားဝါးလား။ ဤသို့ ဘောလုံး အပေါ် ရူးသွပ်သူ ကိုမြအေးအတွက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ရောက်ရှိလာခဲ့ပါသည်။ တကယ်တော့ ထောင်တွင်းဘောလုံးပြိုင်ပွဲဆိုတာ ကျွန်တော်တို့တွေနှင့် သိပ်မသက်ဆိုင်လှပါ။ ဒီပွဲက အဆောင်နေအကျဉ်းသားများအတွက် ရည်ရွယ် ကျင်းပပေးခြင်းဖြစ်သည်။ သီးသန့်အကျဉ်းသားတွေနေထိုင်သည့် တိုက်မှလွဲ၍ ကျန်အဆောင်တွေအား လုံးဘောလုံးအသင်း ဖွဲ့စည်းခွင့်ရှိသည်။ ပြိုင်ပွဲဝင်ခွင့်ရှိသည်။ သို့သော် ထောင်ပိုင်ကြီး၏ လူသားချင်းစာနာမှုအရ တိုက်မှဘောလုံးအသင်းတစ်သင်း ပြိုင်ပွဲဝင်ခွင့်ပေးသည်။ သို့သော် ကျွန်တော်တို့ အုပ်စုကိုတော့ ကစားခွင့်မပေး။ ထိခိုက်ဒဏ်ရာရမှာစိုး၍ ဖြစ်သည်။ ဒီတော့လည်း ဖြစ်ပါသည်။ ကျွန်တော်နှင့်ဂျင်မီက ဒိုင်လူကြီးလုပ်သည်။ ကိုမြအေးက တိုက် ၂ အသင်းကို မန်နေဂျာနည်းပြလုပ်သည်။ သူက တိုက်တွင်နေထိုင်ရသည့် အကျဉ်းသားအစိတ်၊ သုံးဆယ်ထဲမှ ဖူဆယ်ကစားတတ်သူ ငါးယောက်အား အတော်အားစိုက်ရွေးရသည်။ တခြားအသင်းတွေက လူ ၁၅၀၊ ၂၀၀လောက်အစုတွေထဲက တစ်သင်းဖွဲ့ရတာ သိပ်လွယ်သည်။ ပြီးတော့အသင်းတွေက တောင့်တင်းအားကောင်းသည်။ ကိုမြအေး၏အသင်းက အားနည်းချိနဲ့သည်။

    ဒီမှာ ကိုမြအေး၏အစွမ်းကို မြင်တွေ့ခွင့်ရသည်။ သူက သူ့အသင်းသားငါးယောက်ကို နီးနီးကပ်ကပ် ရင်းနှီးခင်မင်အောင် အတူတူစားခိုင်းသည်။ အတူတူနေခိုင်းသည်။ အားဆေးတွေတိုက်သည်။ တိုက်ရှေ့ကွက်လပ်တွင် ပယ်နယ်တီကန်လေ့ ကျင့်စေသည်။ သူက သူ့လူတွေကို အသင်းအပင်းစိတ်ဓာတ်သွင်းပေးသည်။ Discussion ဆွေးနွေးညှိနှိုင်း၍ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ချမှတ်သည်။ ကျွန်တော်တို့အမြင်ကတော့ လူသုံးဆယ် ထဲက ရွေးထားသောအသင်းက လူနှစ်ရာထဲကရွေးထားသော အသင်းလောက်မကောင်းဟု။ တကယ်ကစားတော့လည်း တိုက်အသင်းကို မည်သူကမှ အထင်မကြီးပါ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတာက BMI ဆေးရုံအသင်း။

    ထိုအသင်းမှာ တောင်ကြီးလက်ရွေးစင်တွေဖြစ်သည့် ချီးလူးတို့၊ တီးတီးတို့ ပါသည်။ တိုက်အသင်းကအုပ်စုမှာ ကစားတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ။ အားလုံးစိုးရိမ်နေသည့်ကြားမှ ဆီမီးဖိုင်နယ်မှာ တိုက်က BMI နှင့်တွေ့သည်။ ကိုမြအေးက သူ့လူတွေဖြစ်သည့် ဇော်မိုးဌေး၊ တေဇာ၊ အပုလေး တို့ကို စိတ်ဓာတ်မြှင့်တင်ပေးသည်။ ကွင်းဘေးကနေ နည်းဗျူဟာကိုအနီး ကပ်ညွှန်ကြားနေသည်။ ရလဒ်က အားလုံးမထင်ထားသည့် ရလဒ်လေးဂိုး တစ်ဂိုးဖြင့် လက်ရှိချန်ပီယံအသင်းကို နိုင်သွားသည်။

    တစ်ဖက်အုပ်စုက ရှုံးပွဲမရှိ ပေးဂိုးမရှိ ကစားထားသော အဆောင် ၃ က ဗိုလ်လုပွဲ တက်လာသည်။ အဆောင် ၃ က ပအို့ဝ်တိုင်းရင်းသားတွေ။ လူကောင် ထွားသည်။ ခံစစ် ကျစ်လစ်သည်။ ဗိုလ်လုပွဲ မကစားခင် တစ်ရက်အလိုမှာ လွတ်ငြိမ်းချမ်းသာ အမိန့်တစ်ခုလာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျသွားသည်။ သို့သော် သူကအရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ရုပ်ရော စိတ်ရော ဘောလုံးပွဲထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်။ သူ့အနားသွားပြီး နိုင်ငံရေးအခြေအနေတွေ ပြောတော့လည်း သူကစကားဖြတ်ပြီး သူ့အသင်းအကြောင်းပဲ ထုံမွှမ်းနေသည်။ သူ့လူတွေအကြောင်းပဲ ပြောသည်။
    ဗိုလ်လုပွဲတွင် အသင်းသစ်ဖြစ်သည့် တိုက်အသင်းက အားငယ်စရာ။ အဆောင် ၃ က အားပေးသူတွေ ပြည့်နှက်နေသည်။ ဒါပေမယ့် ကိုမြအေးက သူ့လူတွေကို ကွင်းဘေးကနေ အနီးကပ် ညွှန်ကြားကြီးကြပ်သည့်ပွဲ။ ချိန်ခွင်လျာက တဖြည်းဖြည်း ပြောင်းလာသည်။ ပွဲပြီးရန် ငါးမိနစ်အလိုတွင် တိုက်အသင်းရှေ့တန်းမှ တေဇာက အနိုင်ဂိုးသွင်းယူပြီး ဗိုလ်စွဲသွားသည်။ ဒီဘောလုံးပွဲကို အကြောင်းပြု၍ ဘ၀အတွက် နည်းဗျူဟာများ ကျွန်တော်တို့ ရရှိခဲ့ပါသည်။ သူက လူထူးလူဆန်းတစ်ယောက်။ နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သူ။ လွန်ခဲ့သောနှစ်ပေါင်း ၂၃ နှစ်ကျော်က သူ့လက်ရာ သီချင်းသံလေးကို ကျွန်တော်ကြားယောင်နေမိသည်။ သီချင်းအမည်က ‘ကမ္ဘာမကြေဘူး ဟေ့’

    ”လာပါလေ XXX ညီအစ်ကိုတွေ XXX ခရောင်းတောလမ်း ကိုနင်းဖြတ်မယ် XXX မြန်မာပြည်ကယ်တင်မယ် XXX တို့ရဲ့ လက်တွေမြဲကြစေ XXX ရာဇ၀င်မှာ XXX အစဉ်အလာပါ XXX သမဂ္ဂဟာကြီးမြတ်ပေ XXX တော်လှန်စဉ် XXX အချိန်အခါမှာ XXX တပ်ဦးကနေ XXX ဦးဆောင်ခဲ့တယ်လေ XXX ဒါ XXX တို့တိုင်းပြည် XXX။

     

    Credit to Eleven

  • ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပါမစ်အတုဟု ဆိုကာ ပျက်ခဲ့ရ

    ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်သွားကြောင်းသိရှိရသည်။

    “ ကျနော်တို့ ခန်းမသွားငှားတော့ ပါမစ်ရမှ စရံငွေယူမယ်ပြောတယ် ၊ ပြောတော့နောက်ရက် ပါမစ်ရတော့ စရံငွေနဲ့ ပါမစ်ကို ခန်းမကိုသွားပေးပါတယ် ။ သူတို့ကိုယ်တိုင် လက်ခံယူထားပါတယ်။ ခု ပွဲနီးမှ ပါမစ်ကအတု ဖြစ်တယ် ခန်းမ မပေးနိုင်ပါဘူး ဆိုပြီးငြင်းလိုက်တာပါ `ဟု ပွဲစီစဉ်သူ ဦးမောင်မောင်က ဖြေကြားခဲ့သည်။

    ဦးမောင်မောင်အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအဖွဲ့ကို မေးမြန်းခဲ့ကြောင်း ပြောသည်။

    `ကျနော်တို့ကို ပါမစ်ချထားပေးတဲ့ တိုင်းဒေသကြီးအဖွဲ့ကိုပြန်မေးတော့လဲ ဖုန်းဆက်ပြောတာ တရားမ၀င်ဘူး ၊သူတို့ဖက်ကလဲ ပွဲကိုမပိတ်ဘူးလို့ပြောတယ်” ဟု ဦးမောင်မောင်က ဖြေကြားသည်။

    အဆိုပါပွဲတွင် မကြာသေးခင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသော မစိုးရိမ်တိုက်သစ်မှ ဆရာတော်ရှင်ဝီရသူဦးဆောင်ပြီး ဘာသာကြီး လေးခု ငြိမ်းချမ်းညီညွတ်ရေးအတွက် ဆုတောင်းပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

    “ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့ တကယ်တမ်း ကြတော့ စိတ်ငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး ၊ အခက်အခဲတွေ အများကြီးရှိပါတယ် ၊ မိသားစုငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး ၊ အဲဒီလိုပါပဲ ရပ်ကွက်တစ်ခုလုံး တစ်မြို့လုံး တိုင်းပြည်တစ်ခုလုံး ငြိမ်းချမ်းဖို့လဲ မလွယ်ပါဘူး`ဟု ဆရာတော်က မိန့်သည်။

    ဆရာတော်သည် အဆိုပါ ဆုတောင်းပွဲအတွက် လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်ကတည်းကပင် မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း မိန့်သည်။
    `ဒီငြိမ်းချမ်းရေးဆုတောင်းပွဲလေးဖြစ်ဖို့အတွက် ဦးဇင်းလွန်ခဲ့တဲ့ ၂၀၀၀ခုနှစ်ကစပြီး အိပ်မက်တွေ မက်ခဲ့တာပါ ၊ အဲဒီတုန်းကလဲ ဦးဇင်း
    အမျိုးမျိုးတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ် ၊ အဲဒီခေတ်က တောင်းဆိုတုန်းက မဖြစ်နိုင်ဘူးဆိုပြီး ဦးဇင်းကို ဒီလိုပွဲမျိုးစီစဉ်မပေးခဲ့ပါဘူး ၊
    ဦးဇင်းက ဘာလို့ မဖြစ်နိုင်ရမှာလဲ အစ္စရေးနဲ့ ပါလက်စတိုင်းတောင်မှ ကျည်ဆံကြားထဲမှာငြိမ်းချမ်းရေး ဆွေးနွေးကြသေးတာ ၊ ဦးဇင်းတို့က ဘာသာတရား လက်ကိုင်ထားတဲ့သူတွေပါ ဘာသာရေးသမားတွေပါ တရားသမားတွေပါ ငြိမ်းချမ်းရေးဆွေးနွေးလို့ ဖြစ်ကိုဖြစ်ရမယ်`ဟု ဆရာတော်က ဆက်လက်မိန့်မှာသည်။

    ယခုပွဲအတွက် သာသနာရေးရာအဖွဲ့အစည်းများ ၊ အုပ်ချုပ်ရေးအဖွဲ့များမှ တရားဝင် တားဆီးပိတ်ပင်မှုမျိုး မရှိကြောင်း မီဒီယာများမှမေးမြန်းမှုများကို ရှင်ဝီရသူက ဈေးချိုဟိုတယ်ရှေ့လမ်းမပေါ်တွင် ဖြေကြားသွားသည်။

    “၁၁ရက်နေ့မနက်က ခရိုင်သာသနာရေးဌာနကဖုန်းဆက်တယ် ၊ ဖုန်းဆက်တော့ ဦးဇင်းက ဒီအကျိုးအကြောင်း လေးပြောပြလိုက်တယ် တိုင်းဝန်ကြီးရဲ့ စာကိုဖတ်ပြလိုက်တော့ သူတို့ကြားထားတာတော့တဲ့ ခွင့်ပြုချက်မကျဘူးလို့ကြားထားတယ်တဲ့ ၊ ဦးဇင်းက စာဖတ်ပြတယ် ၊ စာကခွင့်ပြုချက်ကြတယ်ဆိုတော့ သူတို့လဲ ဘာမှဆက်မ ပြောတော့ပါဘူး ၊ တားမြစ်တာတော့ မရှိပါဘူး ၊ ဦးဇင်းကို တရားဝင်စာထုတ်ပြီး ကန့်ကွက်တာမျိုးမရှိသလို ၊ ပွဲအတွက် ကြိုးစားနေတဲ့ မွတ်စလင်ဘာသာဝင်တွေ ဒါဦးဇင်းရဲ့ ညီနောင်တွေပဲ ၊သူတို့ကိုလဲ စာထုတ်ပြီး ကန့်ကွက်တာ မရှိပါဘူး ”ဟု ရှင်ဝီရသူကပြောသည်။

    ယခုလိုပွဲပျက်သွားသည့်အတွက် ဆုတောင်းပွဲမလုပ်ဖြစ်သော်လဲ ရှင်ဝီရသူမှငြိမ်းချမ်းရေးအတွက် ဆုတောင်း ပေးခဲ့ပြီး မစိုးရိမ်ကျောင်းတိုက်သို့ ပြန်လည်ထွက်ခွာသွားသလို ငြိမ်းချမ်းရေးဆုတောင်းပွဲ ပွဲတက်ရန် လာရောက်ခဲ့ကြသော ရဟန်းသံဃာများ ဘာသာပေါင်းစုံမှလူများ အေးချမ်းစွာ ပြန်သွားခဲ့ကြသည်။

    မင်းမင်းလတ်(ရွှေမြစ်မခ-မန္တလေး)