News @ M-Media

Blog

  • ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄)

    တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူ

    ၁၉၃၀ ပြည့်နှစ်မတိုင်မီက တက္ကသိုလ်ကျောင်းသားများသည် ပါမောက္ခကို Professor တက္ကသိုလ်ကို့ University ဟု အင်္ဂလိပ်လို ခေါ်ခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ်ရောက်သောအခါတွင် ဆရာကြီးသခင်ဘသောင်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်သုံးဝေါဟာရများကို မြန်မာပြန်ဆိုသည်။ ဆွေးနွေးတိုင်ပင်ပြန်ဆိုသူများတွင် ထိုစဉ်က ပါဋ္ဌိကထိက ဆရာကြီး အဟ်မဒ်ကာစင်မ် ပါဝင်ခဲ့သည်။

    အင်္ဂလိပ်ခေတ်၌ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် ပါဋ္ဌိ ပထမပြန်စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် ပါဋ္ဌိဘာသာ ပညာရေးအဖွဲ့တစ်ခုဖွဲ့ပေးထားသည် ထိုအဖွဲ့၌ အစိုးရခန့်အဖွဲ့ဝင်အဖြစ် ပါမောက္ခအဟ်မဒ်ကာစင်သည် ဦးလူဖေဝင်း၊ ဒေါက်တာသိမ်းမောင်၊ ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်၊ ဦးဘရုပ်တို့နှင့်အတူ ပါဝင်ခဲ့သည်။

    ဆရာကြီးအဟ်မဒ်ကာစင်သည် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံသုတေသနအသင်းတွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အသင်း၏ နာယကမှာ ပြည်ထောင်စုမြန်မာနိုင်ငံ ဝန်ကြီးချုပ် သခင်နုဖြစ်ပြီး ဥက္ကဌမှာ ခန်ဆာဟစ် Aကာစင်B.A ဖြစ်သည်။ ဒုတိယဥက္ကဌမှာ ဆရာကြီး ဦးဖေမောင်တင်နှင့် ဂျီအိပ်ခ်ျ လုစ် တို့ဖြစ်သည်။

    ဆရာကြီးအဟ်မဒ်ကာစင်သည် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်ဆိုရန်အတွက် ၁၉၄၈ ခု၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကုရ်အာန်ဘာသာပြန် စာပေပရိယတ္တိ ကော်မတီတွင် ပါဝင်ခဲ့သည်။ ကုရ်အာန်ဘာသာပြန်ဌာနကို ကြီးကြပ်အုပ်ချုပ်၍ ကော်မတီစတင်ဖွဲ့စည်းသည့် ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ကွယ်လွန်သည့် ၁၉၅၄ ခု နိုဝင်ဘာ ၂၂ ရက်နေ့အထိ ဘာသာပြန်စာမူ တည်းဖြတ်ရေးအဖွဲ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘာသာပြန်စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။ ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူ၊ ပါဋ္ဌိနှင့် အင်္ဂလိပ်စာပေတို့တွင် ကျွမ်းကျင်သည်။ ကုရ်အာန်ဘာသာပြန်ဆိုမူနှင့် ပတ်သက်၍ အများဆုံး အကြံဥာဏ်ပေးခဲ့သည်။

    ထို့အပြင် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီဘာသာစကားနှင့်စပ်လျဉ်းသည့် ပထမဆုံးအဘိဓာန်ကြီးဖြစ်သော “ကုရ်အာန်ကျမ်းတော်ကြီး အရဗီ၊ အင်္ဂလိပ်၊ မြန်မာအဘိဓါန်” (၁၉၄၁)ကိုလည်း ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ထိုအဘိဓာန်ကို ဒေါက်တာ ဟာဂျီ အဗ္ဗဒူလ်ဂဖူရ်(ခ)ဦးဘချို၊ မော်လဝီ မုဟမ္ဓဒ် ရဟမတွလ္လာဟ်ဆပ်၊ မော်လဝီ အဗ္ဗဒူရာမန်နဒ်ဝီဆပ်တို့က ဘာသာပြန်ဆိုသည်။ စင်္ကာပူမြို့ အငြိမ်းစား တရားသူကြီး အလ်ဟာဂ်ျဟာဖိဇ် ဂိုလာမ်ဆာရ်ဝါရ(M.A)အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီ-အင်္ဂလိပ်အဘိဓါန်ကို အခြေခံပြီး မြန်မာပြန်ဆို ဖြည့်စွက်ပြုစုခြင်းဖြစ်သည်။ ထိုအဘိဓာန်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခ ဆရာကြီးခါန်ဆာဟစ်ဘ် အဟ်မဒ် ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်ဟု ဖော်ပြထားသည်။

    ဆရာကြီးသည် ၁၉၂၃ ခု နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့သည်။ ပညာရေးလောက၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ပါဋ္ဌိဌာန၌ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

  • လူငယ်များနှင့် စိတ်ကျရောဂါ

    Depression( စိတ်ကျရောဂါ) ဆိုတာ ခုခောတ်မှာ ရေပန်းစားတဲ့ရောဂါလို့ပဲ ပြောရမလားတော့မသိဘူး။တက်သစ်စ လူငယ်တွေမှာ တစ်ခုခုဆို “ငါတော့ depression ၀င်နေပြီထင်တယ်ကွာ”” စိတ်ညစ်လိုက်တာ..” “ငါကဘာမှအသုံးမကျတဲ့လူပါ..သေတာမှကောင်းဦးမယ်” စတဲ့စကားတွေက အတော်ပဲ ရေပန်းစားလာပါတယ်။ ပါးစပ်က ပြောရုံပြောရင်တော့ ပြဿနာမရှိဘူးပေါ့ဗျာ။

    အဓိက ပြဿနာကတော့ စိတ်ညစ်စိတ်ပျက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့မကြိုးစားတော့ပဲ မလုပ်သင့်တာတွေ လုပ်မိတဲ့အခါပါပဲ။ လူငယ်ဆိုတဲ့အသက်အရွယ်မှာ ကိုယ်စိတ်ထင်တာ ဖြစ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ ဥာဉ်လေးတွေရှိနေတတ်တော့ စိတ်ညစ်လာတဲ့အခါ မလုပ်သင့်တာတွေလုပ်မိရင်း မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။

    ဒီလို ပြောနေလို့ ကျွန်တော်က လူကြီးလားဆိုတော့ မဟုတ်ပါဘူး ..ကျွန်တော်ကိုယ်တိုင်လဲ ဒီလူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေကြောင့်  တဇွတ်ထိုးလုပ်မိရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာတွေကိုမြင်မိတဲ့အခါ ..လူငယ်အချင်းချင်းတကယ်ကိုနှမျောမိပါတယ်၊ အခိုက်အတန့်ခဏလေးမှာ ပေါ်လာတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ကိုယ့်စိတ်ညစ်တာတွေ အဆုံးသတ်သွားမယ်ဆိုပြီး  ဘ၀ကိုအဆုံးသတ်သွားတာတွေတွေ့ရင် ခံစားရတဲ့လူက သူ့ခံစားချက်နဲ့သူဆိုပေမယ့် ကိုယ့်အနေနဲ့ကမဖြစ်သင့်ဘူးဆိုပြီး ရင်လဲနာမိတယ်၊ဒေါသလဲထွက်မိတယ်ပေါ့ဗျာ။ ဒါနဲ့ဒီစာလေးကို ရေးဖြစ်သွားတာပါ။

     

    လူတွေကို ဒုက္ခပေးလေ့ရှိတဲ့ စိတ်ကျရောဂါ (သို့) Depression

    စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှစ်ခုစလုံးပါဝင်ပတ်သတ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စိတ်ကျရောဂါ (Depression) တစ်ခုထဲကတင် တခြားသော စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြသနာ အတော်များများကိုဖြစ်စေနိုင်ပါတယ်။ စိတ်ကျရောဂါ (Depression) ကြောင့် ကိုယ်ရဲ့ လုပ်နေကျ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးမှုတွေဖြစ်လာတတ်တယ်၊ အရမ်းဆိုးလာတဲ့အခါမျိုးမှာ လောကမှာ နေရတာ အဓိပ္ပါယ်မရှိဘူးလို့ထင်လာတဲ့အထိ ဖြစ်လာစေပါတယ်။ စိတ်ကျရောဂါဟာ သာမန် နေမကောင်းဖြစ် ဆေးသောက် ပျောက်သွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး သူက အချိန်ယူပြိး ကုရတဲ့ရောဂါမျိုးဖြစ်ပါတယ်။

    ဘယ်လိုရောဂါလက္ခဏာမျိုးတွေ တွေ့ရတတ်လဲ?

    Depression ရဲ့ရောဂါလက္ခဏာ တစ်ချို့ကတော့….

    (1)  အမြဲဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်နေတတ်ခြင်း

    (2)  ပြဿနာ အသေးအမွှားကိုပင် စိတ်တိုင်းမကျ စိတ်ညစ်ညူးနေတတ်ခြင်း

    (3)  လုပ်နေကျ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း

    (4)  အိပ်မပျော်ခြင်း (သို့) အအိပ်လွန်ခြင်း

    (5)  အစားသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း

    (6)  စကားပြောဆိုခြင်း၊လှုပ်ရှားခြင်း၊တွေးခေါ်ခြင်းများ နှေးကွေးလာခြင်း

    (7)  ဆုံးဖြတ်နိုင်စွမ်းများ ကျဆင်းလာခြင်း

    (8)  ပင်ပန်းလွယ်ခြင်း၊ ခွန်အားများကုန်ခန်းနေသည်ဟု ခံစားရခြင်း

    (9)  မိမိကိုယ်ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူး ဟု ခံစားလာရခြင်း

    (10)  ပြင်းထန်စွာခေါင်းကိုက်ခြင်း ကိုယ်လက်နာခြင်းများ ခံစားလာရခြင်း

    (11)  ဘ၀ကို အဆုံးသတ်ပစ်ဖို့  မကြာခဏတွေးတောပြောဆိုလာခြင်း စတဲ့ လက္ခဏာတွေ ကို ခံစားလာရတတ်ပါတယ်။ ဒီလက္ခဏာတွေက ယေဘုယျအားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

    ဘာကြောင့် စိတ်ကျရောဂါ(Depression) ဖြစ်ရလဲ?

    စိတ်ကျရောဂါဟာ ဘယ်အရင်းအမြစ်ကြောင့်ဖြစ်ရတယ်ဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေတော်တော်များများမှာတော့ ဦးနှောက်ထဲမှာရှိတဲ့ ဓာတုဗေဒဖြစ်စဉ်တွေ ပြောင်းလဲတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ့။ တစ်ချို့ thyroid ဟော်မုန်း မညီမျှတဲ့အခါ အမျိုးသမီးတွေ သွေးဆုံးချိန်(Menopause)တွေမှာလဲ စိတ်ကျရောဂါကိုဖြစ်စေနိုင်ပါတယ်။ နောက်ထပ် အရေးပါတဲ့တစ်ချက်ကတော့ ရုတ်တရတ် ချစ်ခင်ရတဲ့လူ အားကိုးအားထားပြုရတဲ့လူတွေကို ဆုံးရှုံးသွားရတဲ့အခါ၊ ကိုယ့်အတွက် အသက်တမျှ အရေးပါတဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးရတဲ့အခါ ရည်မှန်းချက်ကြီးကြီးထားပြီးမှ အကုန်ပျက်စီးသွားရတာ ဖျက်ဆီးခံရတာ  စတဲ့ လက်ရှိဘ၀အခြေအနေ ပြောင်းလဲမှုတွေကလဲ စိတ်ကျ ရောဂါကိုဖြစ်စေနိုင်ပါတယ်။

     

    စိတ်ကျရောဂါ (Depression) ဟာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ?

     

    Depression ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် အဓိက အားဖြင့်တော့ အသက်နှစ်ဆယ် နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ စိတ်ကျရောဂါ ဖြစ်နိုင်စွမ်းက အမျိုးသားတွေထက် နှစ်ဆပိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးထု တော်တော်များများဟာ စိတ်ခံစားမှုလွယ်တတ်ကြလို့ပါ။ ဖြစ်တတ်တဲ့ အခြေအနေတွေကတော့…..

    (1)   ကိုယ့်မိသားစုဝင်ထဲမှာ ဒါမှမဟုတ်နီးစပ်ရာမှာ စိတ်ကျရောဂါ ခံစားနေရတဲ့လူရှိခြင်း

    (2)  အမျိုးသမီး ဖြစ်နေခြင်း

    (3)  ငယ်ရွယ်စဉ်အခါက စိတ်အနာတရဖြစ်ခဲ့ဖူးခြင်း

    (4)  မိသားစုဝင်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သွားခဲ့သူများရှိခဲ့ဖူးခြင်း

    (5)  စိတ်ဖိစီးမှုများသော ပတ်ဝန်းကျင်တွင်ရှင်သန်နေရခြင်း

    (6)  လူမှုဆက်ဆံရေးတွင် အားနည်းခြင်းနှင့် အပေါင်းအသင်းမိတ်ဆွေနည်းပါးခြင်း

    (7)  ကုသရန်ခက်ခဲသော ရောဂါများခံစားနေရခြင်း

    (8)  အရက် (သို့မဟုတ်) ဆေးစွဲနေခြင်း

    (9)  အလွန်အမင်း ဆင်းရဲချို့တဲ့လာခြင်း

    (10) မိမိသောက်သုံးနေသော ဆေးများမှ ဘေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ကျရောဂါ ခံစားလာရခြင်း တို့ပဲ ဖြစ်ပါတယ်။

    စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲ ပြသနာများ

    (1)  မူးယစ်ဆေးဝါးများ စွဲလာခြင်း

    (2)  အလွန်အမင်းစိတ်ပူပန်ခြင်း စိတ်ဖိစီးတစ်နေ့တစ်ခြားများလာခြင်း

    (3)  နှလုံးရောဂါနှင့် အခြားသော ရောဂါများဖြစ်လာခြင်း

    (4)  မိသားစုနှင့်ပတ်ဝန်းကျင်တွင် မကြာခဏ အချင်းများခြင်း

    (5)  မိမိချစ်သူခင်သူများနှင့် တဖြည်းဖြည်းဝေးကွာလာခြင်း

    (6)  တစ်ယောက်တည်းအထီးကျန်တတ်လာခြင်းနဲ့

    (7)  ဘ၀ကိုအဆုံးသတ်သည် အထိ ဖြစ်ခြင်း  စတဲ့ ပြဿနာတွေအထိ ဆိုးရွာလာနိုင်ပါတယ်။

    စိတ်ကျရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ?

    Depression မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာရယ် ဖြစ်လာရင်တော့ ဘယ်လိုမျိုးကိုယ့်ကိုယ်ကိုယ်ပြုပြင်နေထိုင်သင့်တယ်ဆိုတာတွေက စိတ်ကျရောဂါကို အတတ်နိုင်ဆုံးနဲ့အဆိုးဆုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကတော့ မိမိကိုယ်တိုင် ခံစားလာရတဲ့အခါ ဒါမှမဟုတ် မိမိပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်က စိတ်ကျရောဂါလိုမျိုးခံစားလာရတဲ့အခါမျိုးတွေမှာ အဆိုးရွားဆုံးဖြစ်မလာအောင် ထိန်းချုပ်ကူညီပေးဖို့အတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။

     

    (1)  ကိုယ်လုပ်ကိုင်နေတဲ့အလုပ်နဲ့ နေထိုင်မှု ဘ၀ပုံစံညီမျှအောင်ကို ညှိယူပါ ( work-life balance)

    (2)  လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ စိတ်ပိုင်းဆိုင်ရာ အနားပေးမှုတွေကို မကြာခဏ ပြုလုပ်ပေးပါ။ ဒါတွေက ကိုယ့်မှာစိတ်ကျရောဂါဖြစ်နေရင်တောင် ရောဂါလက္ခဏာနဲ့ ခံစားနေရတာတွေကို သက်သာသွားစေပါတယ်။

    (3)  အရက်သောက်ခြင်း အိပ်ဆေးများအလွန်အမင်းသောက်သုံးခြင်း၊ ဆေးဝါးသုံးစွဲခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

    (4)  အိပ်ရေး၀၀အိပ်ပါ။ စိတ်ညစ်ညူးလာတဲ့အခါ စိတ်ပျက်လာတဲ့အခါတွေမှာ အိပ်မရတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမျိုးတွေ အိပ်ဆေးတွေ မူးယစ်ဆေးဝါးတွေရဲ့အကူအညီကို ယူပြီးအိပ်ပျော်အောင်ကြိုးစားတာထက် ပုံမှန်အတိုင်း အိပ်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားယူကြည့်ပါ၊ ဥပမာ မအိပ်ခင် စိတ်ငြိမ်အောင် တရားထိုင်ခြင်း၊ နွားနို့သောက်ခြင်း  အစရှိတာလေးတွေနဲ့ မိမိစိတ်ညစ်ညူးမှုကို ထိန်းချုပ်နိုင်အောင် နဲ့အိပ်စက်ချိန်ကိုမထိခိုက်အောင်ကြိုးစားကြည့်ပါ။

    (5)  မိမိအားလပ်တဲ့အချိန်လေးတွေမှာ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ မိမိနှစ်သက်တဲ့ အားကစားတစ်ခုခု ပြုလုပ်ခြင်း အစရှိတဲ့ အလေ့အကျင့်လေးများရအောင် မိမိကိုယ်ကိုယ် ပြုပြင်ပေးပါ။

    (6)  စိတ်ညစ်လာတဲ့ အထီးကျန်တယ်လို့ခံစား၇တဲ့အခါ သူငယ်ချင်းတွေ မိမိခင်မင်ရင်းနှီးသူတွေနဲ့ မကြာခဏစကားပြောပေးပါ။ မိမိမှာရှိတဲ့အခက်အခဲတွေကို တိုင်ပင်ကြည့်ပါ။ ဒီနည်းဟာ စိတ်ကျရောဂါမှာ အတော်လေးအထောက်အကူပြုတဲ့နည်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျရောဂါခံစားနေရတဲ့လူတွေတော်တော်များများဟာ အပြင်ပန်းက ကြည့်ရင် သီးသန့်ဆန်နေတတ်ပေမယ့် သူတို့ရဲ့စိတ်ထဲမှာ သူတို့ကို ဂရုစိုက်မဲ့ ခံစားချက်ကိုနားလည်ပေးမဲ့ ခင်မင်ရင်းနှီးတဲ့လူတွေကိုတောင့်တနေမိတတ်ပါတယ်။

    (7)  ကိုယ်နဲ့ လိုက်လျောညီထွေရှိမဲ့ ကိုယ်တကယ်လုပ်ဆောင်နိုင်မဲ့ ရည်မှန်းချက်မျိုးထားပြီးလုပ်ဆောင်ပါ။ မိမိမလုပ်နိုင်တဲ့အရာကို မျှော်မှန်းမိတဲ့အခါ အလိုဆန္ဒကြီးမားလာပြီး မရတဲ့အခါမှာ စိတ်ကျရောဂါ ကိုဖြစ်စေနိုင်ပါတယ်။

    (8)  ဒေါသထွက်လာတာ စိတ်ညစ်လာတာ ၀မ်းနည်းလာတတ်တဲ့အခါမျိုးတွေမှာဆိုရင် စာအနေနဲ့ချရေးပစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်ရေး ဒိုင်ယာရီလိုပုံစံမျိုးပဲဖြစ်ဖြစ် ထားကြည့်ပြိးရေးကြည့်ပါ။ ဒါဟာ စိတ်ထွက်ပေါက်ရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

    (9)  တစ်ယောက်တည်း သီးသန့်ခွဲထွက်နေတာမျိုးမလုပ်ပါနဲ့။ နီးစပ်ရာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုနဲ့ပဲ အမြဲ နီးနီးကပ်ကပ် နေပါ။ အခက်အခဲတွေကို တိုင်ပင်ပြီး အတူတူဖြေရှင်းပါ။

    (10)   အစားအသောက်မှန်မှန်စားခြင်း၊ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သေချာ ဂရုစိုက်ပါ။

    (11)  အချိန်ကို စီစဉ်ကျနစွာ ခွဲဝေသုံးစွဲတတ်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့အရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။

    (12) စိတ်ညစ်ညူးနေတဲ့အခါမျိုးတွေ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ မိမိဘ၀အတွက်အရေးကြီးမဲ့ ဆုံးဖြတ်ချက်မျိုးတွေ လုပ်ခြင်းကို ရှောင်ကြဉ်ပါ။စိတ်ဓာတ်ကျနေတဲ့အချိန်မှာ လူတစ်ယောက်ဟာ ပုံမှန် အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါဘူး။ အဲ့ဒီအချိန် ဆုံးဖြတ်ချက်ဟာ မှားယွင်းနေတတ်ကြပါတယ်။

    စိတ်ကျရောဂါဆိုတာ  ကိုယ်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်နဲ့  ဘ၀အခြေအနေပေါ် မူတည်ပြီးဖြစ်ပေါ်လာတတ်တဲ့ အရာဆိုတော့ ကာကွယ်ထားလို့မရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိတဲ့အခါ၊ စိတ်ဓာတ်ကျနေချိန် ထပ်ပြီိးဆိုးရွားမလာအောင် ထိန်းချုပ်နည်းလေးတွေ  လုပ်သင့်လုပ်ထိုက်တာလေးတွေ  ကိုယ့်ဦးနှောက်ထဲမှာ မှတ်မိနေတတ်တဲ့အခါမှာ ဆိုးရွားမလာအောင်  ထိန်းထားရာကနေ  တဖြည်းဖြည်းပျောက်သွားအောင်အထိ ကုသလို့ရပါတယ်။

    လူဆိုတာကိုယ်တိုင်လက်တွေ့ကြုံနေရတာမဟုတ်တဲ့အခါကျရင် သိပ်ပြီးစိတ်မ၀င်စားကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ပြီးတဲ့အခါ … မိမိကိုယ်တိုင်ပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က လူတွေပဲဖြစ်ဖြစ် စိတ်ကျရောဂါခံစားလာရတဲ့အခါ ဒါမှမဟုတ် ခံစားနေရတယ်လို့ သတိပြုမိတဲ့အခါ အဆိုးရွားဆုံးအခြေအနေထိမဖြစ်အောင် ၀ိုင်းဝန်းကာကွယ်ပေးနိုင်ကြပါစေ။

     စူးရှအိမ် (12:15am, 27/11/2011, Sunday)

  • ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏  ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်

    ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်

     

    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ 

    “ … ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး၏ ပထမဆုံးဖြစ်သော ညီလာခံကို မန္တလေးမြို့တွင် စတင်ကျင်းပရန် နေ့ရက်များပင် ကန့်သတ်ပြီးခဲ့ပြီ။

    … မန္တလေးမြို့၌ နွေရာသီအတွင်း ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကျင်းပ ကြလေပြီ။ မစ္စတာရာရှစ်အား ဥက္ကဋ္ဌ၊ ကိုအောင်ဆန်းအား အတွင်းရေးမှူးအဖြစ် ရွေးချယ်ကြ၏။

    “ …မာလိန်မှူး ကိုနု နှင့် ပဲ့ကိုင် ကိုအောင်ဆန်း တို့ ခေါင်းဆောင်သော သပိတ်ကရ၀ိတ်ဖောင် တော်ကြီးသည် မြန်မာပြည်တခွင် ပြဲပြဲစင်အောင် အနှံ့အပြား ရွက်တိုက်ခဲ့၏။ အနယ်နယ်က ကျောင်းသားများပါ သပိတ်မှောက်ကြ၏။ သပိတ်အင်အား တစ်နေ့တခြား တိုးတက်ကြီးမားခဲ့၏။ ရှေးက သပိတ်မျိုးမဟုတ်၊ အကြံသစ်ဥာဏ်သစ် ခြေလှမ်းသစ်များနှင့် တိုက်ပွဲကို ဆင်နွှဲကာ အရေးဆိုလျက်ရှိ၏။ ဤအချင်းအရာများကို ကြည့်ခြင်းအားဖြင့် ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုအုန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုထွန်းအုန် တို့ ကြံရည်ဖန်ရည် ပေါ်လွင်စေ၏။ အစိုးရစုံထောက်ကိုပင် တုံ့ပြန်စုံထောက်၍ ဘုရားစောင်းတန်းမှ နှင်ထုတ်ခဲ့၏။ တက္ကသိုလ်အာဏာပိုင်တို့၏ အကြံအစည်ကို ညဥ့်တွင်းချင်း သိနိုင်ခဲ့၏။ ကျောင်းသားတို့၏ စိတ်ဓာတ်အမြဲ တက်ကြွစေခဲ့၏ ။” (ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တ၊ ရဲဘော်စာအုပ်တိုက်၊ ၁၉၅၁ နိုဝင်ဘာ၊ တည်းဖြတ်သူ သခင်ကိုယ်တော်မှိုင်း၊ စာ ၅၄ )

    “ .. နောက် သည်နှစ်ပြီးတော့ ၁၉၃၅-၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်း ရွေးကောက်ပွဲလုပ် ကြသည်။ သည်ရွေးကောက်ပွဲမှာကိုအောင်ဆန်းတို့ ကိုကျော်ငြိမ်းတို့ ကိုသိန်းဖေ တို့ စီမံချက်တိုက်တွန်း ချက်အရ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် အရွေးခံတယ်။ ကိုအောင်ဆန်း တို့၊ ကိုကျော်ငြိမ်းတို့၊ ကိုသိန်းဖေ တို့ မစ္စတာ ရာရှစ်တို့က အမှုဆောင်လူကြီးများအဖြစ် ၀င်ပြီး အရွေးခံတယ်။ အားလုံး ကျွန်တော်တို့ လူချည်းပဲရပါတယ်။ ( ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ကြေကွဲဝမ်းနည်းကြောင်း အဆို သခင်နု တင်သွင်းခဲ့စဉ်က ပြောစကားမှ စာ ၂၀၂ )

    ဒုတိယအကြိမ်၊ ကျောင်းသားသပိတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် စတင်ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂတို့နှင့်ပတ်သက်၍ တင်ပြလိုပါသည်။

    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဦးနု-ဥက္ကဋ္ဌ၊ အမ် အေ ရာရှစ် ဒု-ဥက္ကဋ္ဌ၊ ဦးအောင်ဆန်း-အတွင်းရေးမှူး၊ ဦးအုန်း – ငွေထိန်း၊ အမှုဆောင်များအဖြစ် ဦးသီဟန်၊ ဦးထွန်းတင်၊ ဦးဘခက်၊ ဦးထွန်းအုံ၊ ဦးသာလှ တို့ အရွေးချယ်ခံရသောနှစ်ပင်ဖြစ်ပါသည်။

    တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အိုးဝေမဂ္ဂဇင်းထုတ်ဝေရေးတွင် ဦးအောင်ဆန်း အား တာဝန်ခံ အဖြစ် ပေးအပ်ခံရသည်။ တက်္ကသိုလ်၏ မျက်မှောက်ရှုပ်ထွေးပွေလီမှုများကို လှောင်ပြောင်ထိုးနှက်သည့်  ( Hell Hound of Large ) “ငရဲခွေးကြီး လွတ်နေပြီ ” ဆောင်းပါးရှင်အား ဖော်ထုတ်ပေးရန် ကျောင်းအုပ်ကြီး မစ္စတာ ဒီဂျေ စလော့ဒ် ၏ မေးမြန်းချက်ကို ငြင်းဆိုခဲ့သော ဦးအောင်ဆန်းအား တက္ကသိုလ်မှ ထုတ်ပယ်ပစ်လိုက်သည်။

     

    အိုးဝေ ဦးညိုမြ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ္တအကျဉ်းချုပ်မှ ကောက်နုတ်ချက်

    (၁၉၃၅)ခုနှစ်တွင် ကိုအောင်ဆန်း က တက္ကသိုလ်သမဂ္ဂအဖွဲ့၌ အယ်ဒီတာလုပ်ရန် ကျွန်တော့်ထံ လာရောက်စည်းရုံး၏။ ကျွန်တော် က အိုင်အေ မအောင်သေး၍ ထိုနှစ်အဖို့ သူပင် အယ်ဒီတာလုပ်ပါ။ ရှေ့နှစ်ခါမှ လုပ်ပါရစေဟု အပေးအယူ မျှတသွား၏။

    ထိုသို့ သူနှင့်ကျွန်တော် ပူးတွဲမိရာမှ သမဂ္ဂ မဂ္ဂဇင်း၌ (ငရဲခွေးကြီး လွတ်ပြေးနေပြီ) ဟူသော ဆောင်းပါးပါရှိကာ မဂ္ဂဇင်းထွက်ပေါ်ချိန်၌ ၁၉၃၆ ခု၊ ရန်ကုန်တက္ကသိုလ်သပိတ် ဖြစ်ပွားရလေသည်။

    ထိုနှစ်က ကျောင်းသားလောကတွင် လှုပ်ရှားမှုများရှိရာ သခင်တို့၏ နိုင်ငံရေးလှုံ့ဆော်မှုများလည်း ရှိ၏။ တက်္ကသိုလ်၌လည်း အလိုတော်ရိကျောင်းသားများနှင့် သမဂ်္ဂအုပ်စုတို့၏ ပဋိပက်္ခများလည်း ရှိ၏။ ကျောင်းတက်ချိန်၌ တက်သူ၊ မတက်သူများ နာမည်ခေါ်ချိန်တွင် အင်္ဂလိပ်လို Present Sir (ရှိပါသည်ခင်ဗျား)ဟု ဆိုရမြဲဖြစ်ရာ ကျောင်းသားတစ်ဦးက (Sir ဆာ)ဟူသော စကားလုံးကို ချန်လှပ်ခဲ့သည်ဆိုကာ ကျောင်းထုတ်၏။ ထို့နောက် ကောလိပ်ကျောင်း၌ ကြေညာချက်များ ကပ်ထားသော သင်ပုန်းမှ စက္ကူကို ဖြုတ်သည်ဆိုသော ကျောင်းသားကိုလည်း ကျောင်းထုတ်ပစ်ပြန်၏။ ကျောင်းလခ ပေးရန် နောက်ကျသူများအတွက် အလိုတော်ရိအုပ်စုဝင်မဟုတ်လျှင် ဒဏ်ရိုက်ခံရ၏။

    ထိုနှစ်က သမဂ္ဂဥက္ကဋ္ဌမှာ ဦးနု ဖြစ်လေသည်။ သူ့ကိုလည်း နိုင်ငံရေးမိန့်ခွန်းများဟောပြောသည် ဆိုကာ ကျောင်းထုတ်ပြန်၏။ အကြောင်းကြောင်းကြောင့် ကျောင်းထုတ်ခံရသူများ များပြားလာရာ ဥက္ကဋ္ဌ ဦးနု ကို ထုတ်ခြင်းဖြင့် ကျောင်းသားသမဂ္ဂကို ဖိနှိပ်လိုကြောင်း ထင်ရှားလာတော့၏။

    သမဂ္ဂဥက္ကဋ္ဌ ကိုနု နှင့် ကိုရာရှစ်

              ဤတွင် သမဂ္ဂအာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်း၌ တာဝန်ခံထုတ်လုပ်သူများမှာ ကိုအောင်ဆန်း နှင့် ကျွန်တော်ဖြစ်နေ၏။ သမဂ္ဂ၏ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ရသူများဖြစ်၍ သူနှင့် ကျွန်တော် အနေဖြင့် တစ်နည်းတစ်ဖုံ ထိရောက်စွာ တုံ့ပြန်ရန်မှာ ရှောင်လွှဲ၍ မဖြစ်တော့ချေ။ စာပေအရေးအသား၌ ကိုအောင်ဆန်း က ကျွန်တော့်ကို အားကိုသည်ဖြစ်၍ ထို “ ငရဲခွေး ပေးစာ ” ကို ကျွန်တော်ပင်ရေးသား ပါသည်။

    ထိုစာကိုရေးသားရာ၌ မည်သူ့ကိုမျှ မတိုင်ပင်ဘဲ သန်းခေါင်အချိန် ကျွန်တော်၏ သထုံဆောင် အခန်း၌ တံခါးပိတ်ရေးသားခဲ့သည်။ ယခင် မိမိရေးသားသော စာပေကဗျာစသည်တို့ကို ရေးပြီးလျှင် ဟိုဆရာ၊ ဒီဆရာ ပြကာ ဝေဖန်ချက်တောင်းခံလေ့ရှိ၏။ သို့သော် ယခုတစ်ကြိမ်၌ကား မည်သူ့ကိုမျှ မပြချေ။ အန္တရာယ်ရှိသော စာပေဖြစ်၍ နောင်အခါ အမှုအခင်းဖြစ်သော် ဆရာများ၊ သူငယ်ချင်းများကို မထိခိုက်စေလို၍ ဖြစ်သည်။

    ထိုဆောင်းပါးကို အယ်ဒီတာထံပေးစာအသွင်၊ ခပ်တိုတိုပင် အင်္ဂလိပ်ဘာသာဖြင့် ရေးလိုက်သည်။ ထိုခေတ်ကဗျာများမှာ စာမေးပွဲကျရှုံးသူများ၊ သခင်ပေါက်စများ၊ နောင်ရေးအလားအလာကင်းမဲ့သူများ စသည်ဖြင့် အာဏာပိုင်တို့က ပုတ်ခတ်ဝါဒဖြန့်လေ့ရှိသဖြင့် မြန်မာဘာသာနှင့်သာမက အင်္ဂလိပ်လိုလည်း ရေးတတ် ဆဲတတ်ပါသည်ဆိုသောအချက်ကို သိစေရန်ဖြစ်သည်။ အင်္ဂလိပ်ကျောင်းအုပ်ကြီးအနေဖြင့် မြန်မာလိုရေးလျှင် သူတစ်ပါးက ဘာသာပြန်ပေးရာတွင် လိုတိုးပိုလျှော့လုပ်မည်စိုးရိမ်၍လည်း အင်္ဂလိပ်လို ရေးလိုက်ခြင်းဖြစ်၏။

    ထိုစာမှာ ပုဂံကျောက်စာကဲ့သို့ ကျိန်ဆဲစာသဘောမျိုးဖြစ်သည်။ ငရဲပြည်ကို အုပ်စိုးသော ယမမင်း က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ “ အ၀ီစိမှ ခွေးနက်ကြီးတစ်ကောင် လွတ်ပြေးကြောင်း နောက်ဆုံး သတင်းအရ တက္ကသိုလ်နယ်မြေသို့ ရောက်ရှိသောင်းကျန်းနေသည်ဟုဆိုကြောင်း၊ ခွေးနက်ကြီး၏ ပုံပန်း သဏ္ဍာန်ကို အများသိနိုင်အောင် ရာဇ၀တ်ကောင် ကြေညာသကဲ့သို့ ဖော်ပြပါရှိ၏။ ထိုခွေးကို တွေ့ရှိက အ၀ီစိသိုက ပြန်လည်ကန်ချလိုက်ပါ ” ဟု တိုက်တွန်းထား၏။

    အိုးဝေမဂ္ဂဇင်း၌ ထိုဆောင်းပါး ပါရှိလာသောအခါ ကျောင်းအုပ်ကြီး ဒေါက်တာဆလော့က ကိုအောင်ဆန်းကို ခေါ်ယူကာ ရေးသူတရားခံ၏ အမည်ကို ဖော်ထုတ်ခိုင်း၏။ ကိုအောင်ဆန်းက အယ်ဒီတာတို့သည် စာရေးသူ၏ အမည်ကို ဖွင့်ပြောရိုးထုံးစံမရှိဟု ပြန်ပြော၏။ ဤတွင် သူ့ကိုလည်း ကျောင်းမှ ထုတ်လိုက်၏။ ဤသို့ဖြင့် (၁၉၃၆)ခုနှစ် တက်္ကသိုလ်သပိတ်ကြီးပေါ်ခဲ့သည်။

    ၁၉၃၅ ခု၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ (၂)နာရီမှစ၍ တက်္ကသိုလ်သမဂ်္ဂကျောင်းဆောင်တွင် ကျောင်းသား(၇၀၀)ကျော် စုဝေးရောက်ရှိနေကြသည်။ “ ကျောင်းသားများ၏ ဆန္ဒက မကျေနပ်၊ နှုတ်မှ ဖွင့်ဟကာ ဒီလို ငုံ့ခံနေလို့ မဖြစ်ဘူး လက်ရဲဇက်ရဲဖြစ်လာသည်။ အလိုတောရိတွေကို အာဏာပိုင်က မျက်နှာသာပေးတယ် ” စသဖြင့် တီးတိုးပြောသူက ပြော ကြမ်းပြင်ထိုင်သူ ထိုင်၊ မတ်တတ်ရပ်သူ ရပ်၊ ဦးနု က သဘာပတိမလုပ်၊ ဦးအောင်ဆန်း နှင့် ပရိသတ်အလည်တွင် ထိုင်နေပါသည်။

    မစ္စတာ ရာရှစ်၏ အခန်းကဏ္ဍကို အိုးဝေဂျာနယ်၊ ၁၅-၂-၁၉၇၁ ဗိုလ်ခင်မောင်ကလေး ရေးသား ခဲ့သော “ တက္ကသိုလ် ခြောက်ချားခဲ့သော နေ့ ” ဆောင်းပါးမှ ဖော်ပြရပါသော် …

    “ ဒုတိယဥက္ကဋ္ဌ ကိုရာရှစ် ( ဘိုင်ရှစ် ) က သဘာဝတိလုပ်၍ ကိုသီဟန်(အတွင်းရေးမှူး)က အတွင်းရေးမှူး လုပ်သည်။

    ကိုရာရှစ် က အစည်းအဝေးခေါ်ရခြင်း၏ အကြောင်းကို အင်္ဂလိပ်စကားနှင့် အကျယ်တ၀င့်ရှင်းပြ သည်။ ကျောင်းသားများ၏ လက်ခုပ်သံသည် တဖျောင်းဖျောင်း။

    ကိုရာရှစ် က ကျောင်းသားများသည် ကိုနု အား ကျောင်းထုတ်လိုက်သည်ကို သိပြီးဖြစ်ကြသည်။ ကိုအောင်ဆန်း ကိုလည်း စာမေးပွဲမလုပ်မီ မတ်လလောက်၌ ကျောင်းထုတ်လိမ့်ဦးမည်ဟု အခိုင်အလုံ သိရှိထားရသည်။ နောက်ထပ်လည်း သမဂ္ဂအမှုဆောင်လူကြီး ၃-၄ ဦးကို ကျောင်းထုတ်လိမ့်မည်ဟု သတင်းကြားရသည်။ ထို့ကြောင့် ကျောင်းသားများသည် ကျွန်တော်တို့ အမှုဆောင်များကဲ့သို့ပင် စာမေးပွဲများကို မဖြေကြရန်တိုက်တွန်းသည်။ သို့သော်လည်း ဤအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ပြောသည်။

    ကိုခင်မောင်လေး က ကျောင်းအုပ်ကြီး မစ္စတာစလော့ ၏ ပြုမူချက်များသည် အလွန်ပင် နာကျည်းစရာကောင်းသည်။ ကျွန်တော်တို့သည် လူညံ့တွေမဟုတ်။ သံမဏိများ ဖြစ်ကြသည်။ ကျွန်တော်တို့ သံမဏိစိတ် ရှိကြသည်ဖြစ်ကြောင်းကို ယခုပြကြရမည်ဟု ပြောလိုက်သည်။ သြဘာသံကြီး သည် ဆူညံသွားသည်။

    ကိုစိန်တိုး က ကိုနုနှင့် ကိုအောင်ဆန်းကို ကျောင်းမှထုတ်လိုက်သည့်အတွက် ကျောင်းအုပ်ကြီး မစ္စတာစလော့အား ကျေးဇူးတင်ကြောင်း အဆိုကို တင်သွင်းသည်။

    ကိုဘဟန် က ထောက်ခံလိုက်သည်။

    ကိုလှဖေ (ဗိုလ်လက်ျာ) က ကျောင်းအုပ်ကြီး၏ ပြုမူချက်များသည်ကျောင်းသားများကိုသာမက မြန်မာပြည်ကိုပါ စော်ကားရာကျသည်။ ကျောင်း၌ ဆက်နေ၍ ကျေးဇူးမရှိ သပိတ်မှောက်ကြပါဟု အဆိုတင်သွင်းသည်။

    ကိုအောင်မြင့် က ထောက်ခံလိုက်သည်။

    အစည်းအဝေးသည် ဆူညံနေသည်။ (စထရိုက် စထရိုက် သပိတ်မှောက် သပိတ်မှောက် )ဟု အသံများ ပေါ်လာသည်။

    ကိုကျော်ငြိမ်း (ဒုတိယ၀န်ကြီးချုပ်ဟောင်း) က သူသည် သူ၏ မျှော်လင့်ချက်များကို စွန့်ပစ်လျက် ကျောင်းမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သူကဲ့သို့ပင် ကျောင်းသားများသည် ကျောင်းမှ ထွက်ခွာ ကြရန် အဆိုပြုလိုက်သည်။

    ကိုလှဖေက ထောက်ခံသည်။ အစည်းအဝေးသည် ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ သပိတ်မှောက် သပိတ်မှောက် ဟူသော အသံများ ပို၍ညံလာသည်။

    ကိုလှဖေ သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကပင် သမဂ္ဂအလုပ်အမှုဆောင်များအား သူသည် အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ စာမေးပွဲကို မဖြေဆိုဘဲ ကိုယ်ချင်းစာသပိတ်မှောက်မည်ဟု ကတိပေး ထားပြီးဖြစ်သည်။

    ကိုသာလှ က သူသည် အလွန်ဆင်းရဲသည်။ သူ့အား သူ၏ ဦးလေး က ကျောင်းထား၍ ကျောင်းနေရပါသည်။ သူသည် ကျောင်းမှ ထောက်ပံ့ကြေးကိုလည်း တောင်းခံနေရသေးသည်။ သူ၏ ဘ၀ရည်မှန်းချက်ကို စွန့်လွှတ်၍ စာမေးပွဲကို သူသပိတ်မှောက်လိုက်ပါပြီဟု မျက်ရည် တရွှဲရွှဲနှင့် ဇာတ်ကြောင်းလှန်သည်။

    သပိတ်မှောက် သပိတ်မှောက်အသံများသည် နားကွဲလုမတတ်။

    ကိုစိုးမြင့် (မိုးညို)က ယနေ့သည် ဒုတိယအမျိုးသားနေ့ဖြစ်သည်ဟု ပြောသည်။

    ကိုနုသည် (ညီအစ်ကိုမောင်နှမတို့ထံ)အစချီ၍ ကျွန်တော့်ကို ကျောင်းထုတ်၍ ယခုကဲ့သို့ ဆူပူကြ သည်မှာ ထန်းသီးကြွေခိုက် ကျီးနားလိုက်တဲ့သဘောလောက်သာဖြစ်တယ်။ ပဲစားတွေ ကုလားတွေလို့ခေါ် ပေမဲ့ ကုလားများသည် ဘီအေဘွဲ့များ အိုင်စီအက်စ်ရာထူးများကို ပြန်အပ်ကြသည်။ စွန့်လွှတ်ကြသည်။ ကျွန်တော်သည် ဘီအေဘွဲ့ကိုသာ ပြန်အပ်နိုင်သဖြင့် ရှက်စရာပင်ကောင်းသေးသည်။ အိနိ္ဒယပြည် ဘုရင်ခံချုပ်ဟောင်း (လော့အာဝင်)က အိနိ္ဒယပြည်သည် ကျွန်သက်ရှည်ရှည်နှင့် နေသွားရန်အတွက် ပညာရေးဌာနသို့ အုပ်ချုပ်ရေးဌာနကဲ့သို့ အုပ်ချုပ်ရမည်။ ပညာသင်ကြားရေးကို စရိတ်ကြီးကြီးထားရမည်ဟု ပြောသွားသည်။ ဒီအချက်ရှိနေသမျှကာလပတ်လုံး သပိတ်မှောက်ဖို့ အဆိုတင်ရမှာပဲ ဟု ကိုနု က ပြောလိုက်သည်။ အစည်းအဝေးသည် အုတ်အုတ်ကျက်ကျက်နှင့် သပိတ်မှောက် သပိတ်မှောက် ဟု အော်သံများသည် ပဲ့တင်ထပ်မျှ ဖြစ်သည်။

    အချို့ကျောင်းသားများသည် နောက်လေးလှေကားမှ ပြန်ကြရန် လုပ်ကြသည်။ နောက်ဖေးပေါက် လှေကား၌ ကိုထွန်းအုန်၊ ကိုဘဆက်နှင့် အမာခံကျောင်းသားအချို့ရှိသည်။ သူတို့က “ ကျွန်တော်တို့ကို နင်းပြီးမှ ဆင်းသွားကြဗျာ ” ဟု ပြော၍ လှေကားထိပ်၌ ထိုင်ချလိုက်ကြသည်။

    ဘတ်စ်ကားတာဝန်ခံ ကိုသိန်းဖေ အား ကိုအုန်း က လက်တို့လိုက်သဖြင့် ကမာရွတ်ဂါတ်တဲအနီး ပြည်လမ်းမပေါ်သို့ တန်းစီ၍ ရပ်ထားသော ဘတ်စ်ကားများသည် သမဂ္ဂအဆောက်အဦးရှေ့သို့ မောင်းလာကြပြီးလျှင် စီတန်း၍ ရပ်ထားကြသည်။

    သဘာပတိ ကိုရာရှစ်က ထ၍ “ သပိတ်မှောက်ရန် တင်သွင်းထားသည့် အဆိုကို ပြန်၍ စဉ်းစားကြရန် ” သုံးကြိမ်ပြောသည်။ ကျွန်တော်သည် ဒေါသတကြီး ထိုင်ရာမှ ရုတ်ခနဲထိုင်လိုက်ပြီးလျှင်   “ ဟေ့ ရာရှစ်၊ မင်းစကားကို ရုပ်သိမ်း၊ မကြားချင်ဘူးကွာ ” ဟု ပြောရင်းက ကျောင်းသားများဘက်သို့ လှည့်၍ “သပိတ်မှောက်အဆိုကို ဘယ်လို သဘောထားပါသလဲ ” ဟု မေးလိုက်သည်။ ကျောင်းသားများ သည် “စထရိုက် စထရိုက်၊ သပိတ်မှောက် သပိတ်မှောက် ” ဟု ပြန်အော်ကြသည်။

    ကိုရာရှစ်က သပိတ်မှောက်ရန်အဆိုကို ပြန်၍ စဉ်းစားကြပါဟု တိုက်တွန်းလိုက်ခြင်းသည် ကျောင်းသားများ၏ စိတ်ကို ဆွပေးလိုက်ခြင်းဖြစ်သည်။ ကျောင်းသားများ၏ စိတ်ဓတ်ကို ပြင်းထန်လာအောင် လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများအား အကဲစမ်းလိုက်ခြင်းဖြစ်သည်။ကျွန်တော်က ထိုအခါက ကိုရာရှစ်၏ ရည်ရွယ်ချက်ကို မရိပ်စားမိ။ ဒေါသတကြီးနှင့်ထ၍ သူ့အား ရင့်ရင့်သီးသီး ပြောလိုက်မိသည်။ သူ၏ စိတ်ဓာတ်စစ်ဆင်ရေးသည် အလွန်ထိရောက်သည်။

    သပိတ်မှောက်ပြီးနောက် ၁၅ ရက်ခန့်ကြာသည့်အခါ၌ ကျွန်တော်သည် ကိုရာရှစ် အား တောင်းပန်စကား ပြောကြားသည်။ ကိုရာရှစ် က “ ပြီးတာပြီးပါတော့၊ ကျွန်တော် ခင်ဗျားကို စိတ်မဆိုးပါဘူး ” ဟု ပြန်ပြောလေသည်။

    အစည်းအဝေးသည် တရုံးရုံးနှင့် တဝေါဝေါဖြစ်နေစဉ် ကျောင်းသားတစ်ယောက်သည် သမဂ္ဂအစည်းအဝေးခန်းမ အရှေ့ဘက် ပြတင်းပေါက်ကို လက်ညှိုးထိုး၍ “ အင်းလျားကျောင်းသူများ လာနေပြီ၊ စနတိုရီယန် (ကျောင်းသားဆေးရုံ) ရှေ့လမ်းမပေါ် ရောက်နေပြီ။ သမဂ္ဂအစည်းအဝေးတက်ဖို့ လာနေကြပြီ ” ဟု အော်ပြောသည်။

    ကျောင်းသူများကား အင်းလျားဆောင်မှ သမဂ္ဂကိုယ်စားလှယ်များ ဖြစ်ကြသည်။ ပဲခူး မခင်မြ (ကထိကပညာရေးတက္ကသိုလ်)၊ ခြင်းကြားမမကြီး (ဦးထွန်းအုန် ၏ ဇနီး)၊ မအမာ (လူထု)၊ မသိန်းကြည် (ပုသိမ်)တို့နှင့်အတူ ကျောင်းသူ(၁၅)ယောက်ခန့်သည် အစည်းအဝေးတက်ရန်လာကြသည်။

    “ မိန်းကလေးတွေတောင်ပါနေရင် ယောက်ျားတွေက ဘာသတိ္တကြောင်နေတာလဲ၊ ထဘီဝတ်ကြဟေ့၊ စထရိုက်၊ စထရိုက်” ဟု အော်ကြရင်းက ကျောင်းသားအချို့သည် ကိုနု အား ပုခုံးနှင့်ထမ်း၍ ချသွားကြသည်။ ကိုရာရှစ် အား ကျောင်းသားအချို့သည် ချိုင်းကြားမှ မပြီး ၀ိုင်း၍ အောက်သို့ ခေါ်သွားကြသည်။ ကိုရာရှစ်သည်အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း အနိုင်နိုင်ပြောကြားလိုက်နိုင်သည်။

    အင်းလျားကျောင်းသူများသည် သမဂ္ဂရှေ့သို့ ရောက်လာကြသည့်အခါ၌ ကျောင်းသားများသည် လက်ခုပ်များတီး၍ ကြိုကြသည်။ အင်းလျားကျောင်းသူများကလည်း သပိတ်မှောက်ကြမည်ဖြစ်ကြောင်း ပြော၍ကားပေါ်သို့ တက်ကြသည်။

    ထိုကျောင်းသူများအတွက် ကားတစ်စီးသက်သက်ပေးခဲ့သည်။ ကားအစီး(၃၀)နှင့် မလောက်၍ ကိုထွန်းအုန် နှင့် ကိုထိန်ဝင်း (တိုးတက်ရေးမဂ္ဂဇင်း)တို့သည် ကမာရွတ်ဂါတ်တဲအနီးမှစောင့်၍ အင်းစိန် ဘတ်စ်ကား(၄)စီးကို ငှားရသည်။ ကားများပေါ်သို့ ကျောင်းသူကျောင်းသားများ တက်ကြပြီးနောက်       “ ဘာစတီ၊ ဘာစတီ၊ စထရိုက်၊ စထရိုက် ” ဟု နားကွဲမတတ်အော်ကြလျက် အဓိပတိရှိ ကျောင်းအုပ် ဆရာကြီးအိမ်သို့ မောင်းသွားကြသည်။ ကျောင်းအုပ်ဆရာကြီးမရှိဟု အော်ပြီးနောက် အနီးရှိ အင်းလျား ကျောင်းဆောင်အထဲသို့ မခင်မြ၊ မမကြီး၊ မအမာ၊ မသိန်းကြည် တို့ ၀င်သွားကြပြီးလျှင် နောက်ထပ် အင်းလျားကျောင်းသူ(၂၀)ခန့် ခေါ်လာခဲ့သည်။

    ကားတန်းကြီးသည် အင်းဝကျောင်းဆောင်ရှေ့လမ်းမှ ထွက်ခဲ့ကြသည်။ ဓာတုဗေဒပေါမောက္ခ မစ္စတာ ပီးကောက် ၏ ဇနီးသည် သူမ၏ အိမ်မြက်ခင်းပေါ်၌ ကျောင်းသား ၄-၅ ဦးတို့နှင့်အတူ လ္ဘက်ရည်သောက်နေသည်။ သပိတ်မှောက်ကျောင်းသားများက ထိုကျောင်းသားများအား သပိတ် မှောက်ကြရန် လှမ်း၍ အော်သည်။

    မစ္စစ်ပီးကောက်က သူမအား သပိတ်မှောက်ကျောင်းသားများက လှောင်ပြောင်သရော်ကြသည်ဟု သတင်းလွှင့်သေးသည်။ သူမနှင့်အတူ လ္ဘက်ရည်သောက်နေကြသော မြန်မာကျောင်းသား ၂၀ ဦးသည် နောက် ၂ ပတ်ခန့်ကြာမှ သပိတ်စခန်းသို့ ရောက်လာကြသည်။ ထိုအချိန်၌ ရန်ကုန်တက္ကသိုလ်ကျောင်း ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးဖြစ်သည်။

    ကားတန်းရှည်ကြီး တက်္ကသိုလ်ကို တစ်ပတ်လှည့်၍ “ တက္ကသိုလ်၊ တက္ကသိုလ်၊ သပိတ်မှောက်၊ သပိတ်မှောက်” ဟု အော်ဟစ်ရင်း မြို့ထဲဘက်သို့ ထွက်လာခဲ့သည်။

    အချိန်သည်ကား နေ၀င်ဆည်းဆာ၊

    တပေါင်းလဆန်း ၅ ရက် လသည် အနောက်ဘက်၌ နီနီရဲရဲ တိမ်တောက်နေသည့်ကြားမှ ထွက်ပေါ်လျက်။

    တက်္ကသိုလ်နယ်မြေသည်ကား အသံများတိတ်လျက်။

    သပိတ်မှောက်ခေါင်းဆောင်တို့သည် သပိတ်စခန်းတစ်ခုလုံး စာရွက်ကြီးများပေါ်၌ လှုံ့ဆော်သော စာများကိုရေး၍ ကပ်ထားကြသည်။ ထိုအခါက ရေးထားသောစာများတွင်

    “ ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ ”

    “ ဆာရယ်ဂျီနယ် ကရက်ဒေါက် ပြန်သွား ” စသည်တို့ ပါဝင်ပေသည်။

    ထို့အပြင် ကျောင်းသားများ မတက်ရန် လှုံ့ဆော်သည့်ကြော်ငြာစာများကိုလည်း မြို့တွင်းအနှံ့ ကပ်ထားကြ၏။ သပိတ်မှောက်ခေါင်းဆောင်တို့သည် မိမိတို့လုပ်ဆောင်မှုနှင့် ကြိုးပမ်းချက်များကို ပြည်သူတို့ အမှန်အကန်သိရှိရန်နှင့် ရှေ့လုပ်ငန်းများကို အစဉ်သဖြင့် ထုတ်ပြန်ကြေညာနိုင်ရန် ပြန်ကြားရေးဌာနတစ်ခုလည်း ဖွင့်လှစ်ထားသည်။ မြို့မိမြို့ဖ ပြည်သူများကလည်း သပိတ်စခန်းသို့ အသီးသီးလာရောက်အားပေးကြ၏။ ထိုစဉ်က ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်အသီးသီးတို့ကလည်း လာရောက်၍ ကျောင်းသားများကို ကူညီကြသည်။

    ဒေါက်တာမောင်မောင် (နိုင်ငံတော်သမ္မတဟောင်း-ကွယ်လွန်)၏ ရေးသားချက်မှ လုပ်ဖော်ကိုင်ဖက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မစ္စတာ ရာရှစ်အပေါ် သဘောထား

    ၁၉၅၆ခုနှစ်ထုတ် Gardian မဂ္ဂဇင်းတွင် ဒေါက်တာမောင်မောင်က ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အကြောင်းနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်ကို အောက်ပါအတိုင်း မြန်မာဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

    “ … ၁၉၃၆ ခုနှစ် သပိတ်ကြီးသည် မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုတွင် ထူးခြားထင်ရှား သော သမိုင်းမှတ်တမ်းတစ်ခုပင် …။ ဦးနု က အဆိုပါသပိတ်ကြီးကို စေ့ဆောင်ခဲ့သူ စိတ်ကူးအကောင် အထည်ဖော်ပေးခဲ့သူ အဓိက ပုဂ်္ဂိုလ်ဆိုငြားအံ့။ အမ်အေရာရှစ် သည် ယင်းကို စုစည်းဖွဲ့စည်းပေးခဲ့သူ ယင်းကို အနက်အဓိပ္ပါယ်ရှိစေခဲ့သူနှင့် အသက်ဝင်လှုပ်ရှားစေခဲ့သူတည်း။

    ကိုနု က လူထုကြီးအား မျက်ဝန်းအား လင်းလက်တောက်ပသွားအောင် ဒေါသူပုန်ထသွားအောင် မျက်ရည်တွေတွေ စီးကျလာအောင် မိန့်ခွန်းချွေလာသူဆိုငြားအံ့။ ကိုရာရှစ်သည် သပိတ်ကြီး၏ နေ့စဉ်ကိစ္စအရပ်ရပ်ကို စုစည်းပေးခဲ့သူဖြစ်၏။ ခံစားမှုကြောင့် ကနဦး ၀ုန်းကနဲ စိတ်ဓာတ်တက်ကြွသွား အပြီးနှင့် သွေးအေးသွားအပြီးဝယ် အားသစ်ထပ်လောင်းပေးခဲ့သူတည်း။ ကျောင်းသားထုကြီးကိုသာမက မြန်မာပြည်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို ညှိုးရော်အောင်ပြုခဲ့သည့် အကြမ်းဖက်သက်သက် သင်္ကေတအသွင် တက္ကသိုလ်သပိတ်အား နာမ်နှိမ်မှုကို မိုးကြိုးသွားတမျှ အင်အားနှင့် ဆန့်ကျင်ခဲ့သူ တည်း။ သပိတ်မှောက်သူတို့ ငိုက်မှေးနေသည့် သန်ခေါင်းယံမှာ တက္ကသိုလ်ဥပဒေကို ဖတ်ကြားတင်ပြခဲ့ သူတည်း။

    ထိုဆောင်းပါးတွင်ပင် ဆက်လက်ရေးသားထားခဲ့သည်ကား …

    ဤအတွက် သမိုင်းပညာရှင်တို့အနေနှင့် သပိတ်ကြီး၏ တန်ဖိုးကို မိမိတို့ဆန္ဒရှိရာနှင့်အညီ သတ် မှတ်၍ရ၏။ လှုပ်ရှားမှုကြီးဟုပဲဆိုဆို လှုပ်ရှားမှုလေးဟုပင်သတ်မှတ်သတ်မှတ် ယင်းလှုပ်ရှားမှု၏ အစဟု ပြောပြော အဆုံးဟုထင်ထင် အမျိုးသားရေးလှုပ်ရှားမှုသမုဒ်ပြင်ထင်က လှိုင်းတစ်ခုရယ်သို့ဆိုဆို မိမိတို့ သန်ရာ သန်ရာဆို၍ရ၏။ အစဉ်တဆက် အမြော်အမြင်ရှိရှိရော အကြိတ်အနယ်ရော ငြင်းခုံကြ၍ရ၏။ သို့တိုင် သူတို့တတွေ တညီတညွတ်တည်းဆိုနိုင်သည့် အချက်ကတော့ “ ကိုရာရှစ် သည် သပိတ်ကြီး၏ အသက်ဝိညာဉ်ဆိုသည့် အချက်ပင်ဖြစ်သတည်း။ ”

    သပိတ်အပြီးမှာ အမ်အေရာရှစ်၏ ဂုဏ်သတင်းက ပို၍ကျော်စောသွားခဲ့၏။ သစ္စာရှိရှိ မိတ်ကောင်းဆွေကောင်းများ ရှိသွားခဲ့ရ၏။

    ထို့ကြောင့်ပင် ဦးနု ၏ ကိုယ်ရေးမှတ်တမ်းတွင် “ … ကျွန်ုပ်သည် မြန်မာနိုင်ငံကို ချစ်သူကို ချစ်၏။ ရိုးသားဖြောင့်မတ်သူကို ချစ်၏ … ကျွန်ုပ်က အသင်(အမ်အေရာရှစ်)ကို ချစ်၏။ လေးစား၏။ အသင့်နောက်ကို လိုက်၏ ” ဟု လည်းကောင်း လူမျိုးရေးအစွဲကြီးသူ ဦးကျော်ငြိမ်းက ကျတော့ သပိတ်စခန်းများသည် ကုလားနှင့် ဗမာတို့ကို စုစည်းသွားစေရာဖြစ်၏ဟုလည်းကောင်း


    ( ဗိုလ်ချုပ် ) အောင်ဆန်းက ကျတော့ …

    M.A. San မှ M.A.Rashid သို့ဟူ၍ အစချီရေးသားရာမှာ ကျွန်ုပ်တို့နှစ်ဦး နာမည်အစချင်းတူ၏။ တခြားတူတာတွေလည်း ရှိသေး၏။ အသင်အသိပင်။ တက္ကသိုလ်သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့တွင် အတူတွဲပြီး နှစ်ဦးသားတူတွဲ လှုပ်ရှားကြ၏။ သေသည့်ထိတိုင် လက်တွဲမပျက် ရှိကြမည့်သူများပင်။”

    From M.A. San

    To M.A. Rashid

    but

    No M.A. after our names

    This is one point of resemblance

    between us – but many others too

    which you know of course.We

    two have been together on the Union E.C

    and perhaps will have to do so till our death.”

    ဟုလည်းကောင်း ဆိုခဲ့ကြခြင်းဖြစ်သည်။

    ဦးရာရှစ် ထံ စာရေးသားတိုင်း ဗိုလ်ချုပ်အောင်ဆန်း က  ချစ်ခင်ရပါသော (ဘိုင်ကြီး) နောင်တော်ကြီး “ ရှစ် ” (My Dear Bhai Shid) ဆိုပြီး အစချီရေးသားလေ့ရှိမြဲဟူ၏။ ဘိုလိန်းလမ်းရှိ အမ်အေရာရှစ် အိမ်သို့ လာရောက်လည်ပတ်ပြီး ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးကို ဆန့်ကျင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးလေ့ရှိခဲ့၏။

    ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။

    ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က အိနိ္ဒယလွတ်လပ်ရေး ကြိုးပမ်းခဲ့သူ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူနှင့် ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ခဲ့သူ မစ္စတာ ဂျဝါဟလာလ်နေရူး ထံ ဦးရာရှစ် ကို တွေ့အောင်ရှာပြီး မြန်မာနိုင်ငံကို ပြန်လွှတ်ပေးဖို့ စာရေးသားပန်ကြားခဲ့၏။

    ဦးရာရှစ် ပြန်ရောက်လာပြီဟု သတင်းရခဲ့သည့်အတွက် ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းက ဘုရင်ခံ ကောင်စီ အစည်းအဝေးတစ်ခုကိုပင် ဗိုလ်ချုပ်က ရွှေ့ဆိုင်းပစ်ခဲ့၏။ သူ၏ အတွင်းဝန်ရုံးတွင် အမ်အေရာရှစ် နှင့်တွေ့ဆုံရန် ဖြစ်၏။

    ဂျပန်ခေတ်တစ်လျောက် မိဘများနှင့်အတူ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ဦးရာရှစ်အား ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင်ဗိုလ်ချုပ်အောင်ဆန်းက အိန္ဒိယနိုင်ငံခေါင်းဆောင် ဂျဝါဟလာလ်နေရူးထံမှတစ်ဆင့် ဆက်သွယ်စေကာ တိုင်းပြည်တည်ထောင်ရေးအတွက် မရမကပြန်လည်ခေါ်ယူခဲ့သည်။

    ဦးရာရှစ်သည် ၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကကြီးဖြစ်ခဲ့သည်။ ရန်ကုန်တက်္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့၏ ဥက္ကဋ္ဌအဖြစ် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထမ်းရွက်ခဲ့သူဖြစ်၏။ ၁၉၃၆ ခုနှစ်၊ သပိတ်ကြီးအပြီးမှာ တက်္ကသိုလ်ကောင်စီကို အုပ်ချုပ်ခဲ့သော ပထမဆုံးသော ကျောင်းသားများ ကိုယ်စားလှယ်လည်းဖြစ်ခဲ့၏။ ဗမာနိုင်ငံလွတ်လပ်ရေးရပြီးချိန်အထိတိုင် နှစ်များစွာ ဤတာဝန်ကို ထမ်းရွက်သွားခဲ့သည်။ မန်္တလေးတက္ကသိုလ်၏ ပထမဆုံးသော ကောင်စဲလာလည်း ဖြစ်ခဲ့၏။

    ကျွန်ုပ် တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း၊ ဒဂုန်တာရာ၊ ၁၈-၁-၁၉၄၇ ဂျာနယ်ကျော်၊ အတွဲ(၁)၊ အမှတ်(၃)တွင် ဗိုလ်ချုပ်အောင်ဆန်း က မစ္စတာ ရာရှစ် အပေါ် ဘယ်လောက်အထိ လေးစား တန်ဖိုးထားခဲ့ပုံကို ဤသို့တွေ့ရ၏။

    “ … နှစ်ကိုကား အသေအချာမမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲမှထ၍ ဝေဖန်စကားများ ထပြောကြ၏။ သို့ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သာ အပြစ်တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်း သည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင်ထွက် စသောအသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်းဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက်ရှိသည်။ ”

    ဦးရာရှစ်သည် ရန်ကုန်မြို့ ရန်ဒေးရီးယားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ရာ တစ်နိုင်ငံလုံး ပထမရခဲ့သူဖြစ်၏။

    ဤသို့ပင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ရာမှာလည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပထမအဆင့်ရရှိခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ရေးဆွဲပေးခဲ့၏။

    ဦးရာရှစ်သည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့်အမှုတွင် ကျောင်းသားများဘက်က အမှုလိုက် ပေးခဲ့သော ၀တ်လုံတော်ရကြီးဖြစ်၏။ ဖဆပလအဖွဲ့ကြီးတွင် ထိပ်တန်း ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့၏။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ် ဦးနု အစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ၀န်ကြီးတာဝန်ယူခဲ့၏။ ကျန်ဌာနများတွင် လူအဆင့်ဆင့်ပြောင်းလဲခဲ့သော်လည်း ဤဌာနမှ သူက ရေရှည်တာဝန်ယူသွားခဲ့ရသည်။ ၁၉၆၁ ခုနှစ် ဂျီနီဗာနိုင်ငံတကာ အလုပ်သမားကွန်ဖရင့်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ဗမာနိုင်ငံကုန်သွယ်ရေးသမဂ္ဂ၏ ဖခင်ကြီးအဖြစ်နှင့်ပါ ဂုဏ်သတင်းကြီးခဲ့သူဖြစ်၏။

    ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။

    ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလတွင် တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိစဉ်တွင် ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

    ဦးရာရှစ်သည် သရက်မြို့ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာ Captain N.A. Khan ၏သမီး ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေနှင့် နှစ်ဦးသဘောတူ မေတ္တာမျှကာ လက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေသည် ပါရမီဖြည့်ဖက်ကောင်းဖြစ်ပြီးလူမှုဖွံ့ဖြိုးရေး အစီအစဉ်များတွင် တက်ကြွစွာ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ရန်ကုန်ဆေးရုံကြီးနှင့် အခြားဆေးရုံများ၏ ဦးဆောင်ညွှန်ကြားသူ ဘုတ်အဖွဲ့ဝင်၊မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး သွေးလှူဒါန်းခြင်းများ မြန်မာနိုင်ငံတွင် တွင်ကျယ်အောင်မြင်စေရန် ဦးဆောင် ဆော်သြခဲ့သူလည်း ဖြစ်သည်။၁၉၅၀ကျော်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံး သွေးလှူဘဏ်ပေါ်ပေါက်စေရေး ဦးဆောင်ဦးရွက် ပြုခဲ့သည်။ထိုစဉ်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာကောင်စီ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ်တွင် ရန်ကုန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှေက်ရေးဆေးခန်း ၃ခုကို ဦးစီးထောက်ပံ့ပေးခဲ့သည်။ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးခန်း(ဘားလမ်း)နှင့်ဇိနသ်အစ္စလာမ် မွတ်စလင်မ် ယောက်ျားလေးများ ဂေဟာတို့ကိုလည်း ဦးဆောင်ခဲ့သည်။

    လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီးတစ်ဦးဖြစ်သူ ဦးရာရှစ်သည် ၁၉၇၈ ခုနှစ် တွင် သားဖြစ်သူ ဦးဘီလာလ်ရာရှစ်ရှိရာ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့သို့သွာရောက်လည်ပတ်စဉ်တွင် ဆီးကျိတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ထိုမြို့တွင်ပင် မြှုပ်နှံခဲ့၏။

     

    နိုင်ငံတော်ဝန်ကြီးချူပ် ဦးနု နှင့် ၀န်ကြီးဦးရာရှစ်

     

    မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်အားထားရာမိတ်ဆွေကြီးဦးရာရှစ်အိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ် ၁၉၅၀ခုနှစ်ကျော်က လာရောက် လည်ပတ်စဉ်က၊ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ဦးရာရှစ်၊ ဘေးတွင် ဦးရာရှစ်၏ဇနီး ဒေါ်ဖာတီမာရာရှစ်၊ ဦးရာရှစ်၏ ညာဖက်တွင် အဆိုတော် ဦးအံ့ကြီး၊ ဦးရာရှစ်၏နောက်ဖက်တွင် ဦးအံ့ကြီး၏ ဇနီးတို့အား အတူတွေ့ရစဉ်။

    Mr. Tommy Ezdani (ကလောမြို့NLD ကိုယ်စားလှယ်၊ ၀န်ကြီး ဦးရာရှစ်၏တူ) ကဒေါ်အောင်ဆန်းစုကြည်အား စင်မြင့်ထက်မှ ကြိုဆို မိတ်ဆက်ပေးစဉ် (၁၉၉၀ ခုနှစ်)



    မှတ်ချက်။        ။ဆရာ ၀ါးခယ်မ မောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်မှ အဓိက ကူးယူဖော်ပြပါသည်။ ဦးရာရှစ်၏သားဖြစ်သူ ဦးဘီလာလ်ရာရှစ်(Bilal Raschid)၏ U M. A. RASCHID  : A FOUNDING FATHER OF INDEPENDENT BURMA နှင့် အခြားစာအုပ်စာတမ်းများ၊ မှတ်တမ်းများအားလည်း ကိုးကားဖြည့်စွက်ထားပါသည်။

     

    ကျော်မိုးအောင်

  • ဟဂ်ျ ခရီးစဉ် စောင့်ကြည့် ကူညီရေးအဖွဲ့ နစ်နာသူများ အတွက် ခြေလှမ်းစ

    ရန်ကုန်၊ နိုဝင်ဘာ ၂၅

     မက္ကာရွှေမြို့တော်သို့ ဟဂ်ျ လုပ်ရန် သွားရောက်ကြမည့် ဟာဂျီလောင်းများ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်တွင် မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြစဉ်

    ယခုနှစ် ဟတ်(ဂ်ျ)ခရီးစဉ် သွားရောက်ခွင့် မရဘဲ ဆုံးရှုံး နစ်နာခဲ့ရသူများကို ချိတ်ဆက် ကူညီ ဆောင်ရွက်ပေးနိုင်ရန် ဟတ်(ဂ်ျ)ခရီးစဉ် စောင့်ကြည့် ကူညီရေး အဖွဲ့ခွဲများ အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မန္တလေး အဖွဲ့ ဥက္ကဋ္ဌ ဟာဂျီ ဦးမောင်မောင်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။
    ”မန္တလေးနဲ့ ရန်ကုန်က ဖွဲ့ပြီးပြီ။ တခြားဒေသတွေက ဒီလို ဟတ်(ဂ်ျ) ခရီးစဉ်သွားခွင့် မရလိုက်ဘဲ နစ်နာသူတွေကို ကူညီနိုင်အောင် ဧရာဝတီတို့၊ တနင်္သာရီတို့ မှာလို အဖွဲ့ခွဲတွေ ဖွဲ့နိုင်အောင် လုပ်သွားပါမယ်” ဟု ၄င်းက ပြောသည်။
    ၂ဝ၁၁ ခုနှစ် ဟတ်(ဂ်ျ)ရာသီတွင် မြန်မာနိုင်ငံမှ လူ ၂ဝဝဝ ခန့် ဟတ်(ဂ်ျ)ခရီးစဉ် သွားရောက်ခွင့် မရခဲ့ဘဲ လူ ၁၂ဝဝ မှာ ဗီဇာရပြီး ဖြစ်သော်လည်း လေယာဉ်မလာသည့် အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
    ”ဟတ်(ဂ်ျ)ခရီးသွားတွေကို အေဂျင်စီတွေ နိုင့်ထက်စီးနင်း ပြုနေတာ ကြာပါပြီ။ နိုင်ငံတော်ကသွားဖို့ ခွင့်ပြု ပေးထားတဲ့ကြားက ကျွန်တော်တို့က ပြဿနာ တွေနဲ့ဆိုတာ မျိုး ဖြစ်မှာစိုးလို့ ကြိတ်ခံနေကြရတာပါ။ အခုလို ပွင့်လင်းလာတဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်လာချိန်မှာတော့ ဒီလိုနေလို့ မဖြစ်တဲ့အတွက် အဖွဲ့ဖွဲ့ခဲ့တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းဆိုသည်။
    အဖွဲ့အနေဖြင့် မည်သည့်အဖွဲ့အစည်း လက်အောက်ခံမှ မဟုတ်ဘဲ နစ်နာ သူများဘက်မှ ကူညီသွားရန် ရည်ရွယ်၍ ပေါင်းစုထားသော အဖွဲ့ဖြစ်သောကြောင့် ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုဘဲ အဖွဲ့ဝင်များ၏ စုပေါင်း စိုက်ထုတ်ငွေဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းကပြောသည်။
    ”အခုက နစ်နာသူတွေရဲ့ ကိုယ်ရေး အချက်အလက်နဲ့ ကုန်ကျခဲ့ တာတွေကို တင်ပြဖို့အတွက် ဖောင်တွေ ဝေနေပါတယ်။ ၅ဝဝ ကျော်ပါပြီ။ ကျွန်တော်တို့ဆီတော့ ဖောင် ၂ဝ လောက် ပြန်ရောက်နေပါပြီ” ဟု ၄င်းက ပြောသည်။
    ဟတ်(ဂ်ျ)ခရီး သွားလို သူများနေဖြင့် ရာသီမတိုင်မီ ငါးလခန့် ကြို၍ သက်ဆိုင်ရာ အေဂျင်စီများထံ ငွေကြိုသွင်းကာ စောင့်ဆိုင်းခဲ့ ရကြောင်း တစ်ဦးလျှင် ဒေါ်လာ ၃၂ဝဝ မှ ၁၂ဝဝဝ အထိ သွင်းထားရ သူများလည်း ရှိသောကြောင့် သွားလာခွင့် မရခြင်းအတွက် ဆုံးရှုံးမှုများကြောင်း သိရသည်။
    ”အေဂျင်စီတချို့က ငွေပြန်မအမ်းဘူး။ ရှောင်နေကြတယ်။ တချို့ က အရစ်ကျ ခွဲပေးတယ်။ တချို့ကတော့ ငွေလျှော့ပေးတယ်။ အမှန်ဆို ဆော်ဒီက ဟတ်(ဂ်ျ)ဗီဇာကို အခမဲ့ ပေးတာပါ။ ဒီမှာတော့ဒေါ်လာ ၁၂ဝဝ၊ ၁၄ဝဝ လောက် ဈေးပေါက်နေတယ်။ ဘာပဲဖြစ်ဖြစ် အဖွဲ့ကို ဆက်သွယ်ကြပါ။ မဆက်သွယ်ရင်တော့ ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့ရမှာ မဟုတ်ပါဘူး” ဟု ၄င်းက ထပ်မံပြောသည်။
    အဆိုပါ အဖွဲ့တွင် အငြိမ်းစားအရာရှိကြီးများ၊ ဥပဒေ ပညာရှင်များလည်း ပါဝင်ဖွဲ့စည်းထားသောကြောင့် ပြဿနာများကို စနစ်တကျ စီမံခန့်ခွဲ သွားမည် ဖြစ်ပြီး နစ်နာ သူများ အနေဖြင့် မန္တလေး ဖုန်း ဝ၉-၉၁၃၉ဝ၅၅၊ ဝ၉-၉၁ဝဝဝ၇၂၃ နှင့် ရန်ကုန် ဖုန်း ဝ၉-၇၃၁၁၁၂၁၁ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
    ဟတ်(ဂ်ျ)ခရီးစဉ်မှာ အစ္စလာမ် ဘာသာဝင်များ၏ အလေးအမြတ်ပြုရာ ခရီးတစ်ခုဖြစ်ပြီး ဆော်ဒီနိုင်ငံ အနေဖြင့် နှစ်စဉ်ကမ္ဘာ့ နိုင်ငံအလိုက် ဟတ်(ဂ်ျ) ဗီဇာများကို ခွဲတမ်း သတ်မှတ်ပေးခြင်း ဖြစ်သည်။ ယခုနှစ် မြန်မာနိုင်ငံအတွက် ဗီဇာ ၈ဝဝဝ ရရှိခဲ့သော်လည်း ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူမှာ ၅ဝဝဝ သာ ရယူခဲ့ခြင်း ဖြစ်ကြောင်း လည်း ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
    ”ဒီမှာသွားချင်တာ လူ ၇ဝဝဝ လောက်ရှိမယ်။ ဒါပေမဲ့ ဗီဇာက ၅ဝဝဝ ပဲရတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဘူး။ အဲဒီတော့ ဈေးကို လိုသလို ရောင်းနေကြတာပေါ့” ဟု ၄င်းက ပြောသည်။
    အဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှ အစ္စလာမ် ဘာသာဝင်များ၏ ဟတ်(ဂ်ျ) ခရီးစဉ် ဆုံးရှုံးရမှုများကို ဆော်ဒီမှ တာဝန်ရှိသူများထံ တင်ပြနိုင်ရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

    အောင်ခွန်းဆက်

    Credit to  http://popularmyanmar.com/mpaper/archives/32149

  • နိုင်ငံဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်း ပညာရှင် ပီကင်းပြန် ဦးဘသိန်း

    နိုင်ငံဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်း ပညာရှင် ပီကင်းပြန် ဦးဘသိန်း

    ၁၃၄၄-ခု၊ (၄၄)ကြိမ်မြောက် ၀ါဆိုခြင်းပွဲ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီး၊ အရှေ့ ၄၅-တာကွင်း၌ ဒုတိယ၀ါဆိုလပြည့်နေ့ညနေ (၃း၂၀)နာရီအချိန်တွင် “ပသီ”ခြင်းအဖွဲ့ ခြင်းယိုင် အလှခတ် ကစားနေစဉ်
    (၁-ဦးဘသိန်း(ပီကင်းပြန်)၊ ၂-ဦးခလေး၊ ၃-ဦးအေးမောင်၊ ၄-ကိုစလေမံ၊ ၅-ကိုခင်မောင်၊ ၆-ကိုဗိုလ်ကြီး)
    (25.7.72-ခု)

    ခြင်းဦးဘသိန်းကို မန္တလေးမြို့ ၈၄-လမ်း လက်ဆည်ကန်ရပ်၊ ချင်းတွင်း ကုန်သည်ကြီး ဦးဖိုးသက်၊ ဒေါ်အိတို့မှ ၁၉၁၆-ခု ဇွန်လ ၂၉ ရက် ကြာသပတေးညတွင် မွေးဖွားသည်။ မွေးချင်းများအနက် ဆဋ္ဌမမြောက်ဖြစ်သည်။ သာသနာဘွဲ့မှာ မုဟမ္မဒ်ကာစင် ဖြစ်သည်။
    ငယ်စဉ် ကျောင်းသားဘ၀မှစ၍ ခြင်းခတ်ဝါသနာ ပါသည်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းတွင် ၁၉၃၄-ခု အဋ္ဌမတန်းအထိ ပညာဆည်းပူးခဲ့သည်။ ၁၉၄၂-ခု ဒုတိယကမ္ဘာစစ်တွင် စဥ့်ကိုင်မြို့နယ် ဟင်းငူရွာသို့ မိသားစု စစ်ပြေးသောအခါ ဦးဘသိန်းသည် ခြင်းလုံးများကိုပါ သယ်ယူသွားသည်။ စစ်ပြေးဘ၀နှင့်ပင် ဟင်းငူရွာ ဗုံးအိုးရွာ၊ ဒေါ်နခြံရပ်တို့တွင် ခြင်းခတ် မပြတ်ခဲ့ပေ။

    ဦးဘသိန်းသည် ၁၉၅၂ မှ ၁၉၆၀ ပြည့်နှစ်အထိ မန္တလေးခရိုင် ခြင်းခတ်အသင်း၊ မန္တလေးဝါဆိုခြင်းခတ်အသင်းတို့တွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆-ခု ရန်ကုန်မြို့ အိုလံပစ်ပွဲတော်၊ ၁၉၅၆ ခုနှစ်နှင့် ၁၉၅၇ ခုနှစ် ခရိုင်ပေါင်းစုံ တံခွန်စိုကပြိုင်ပွဲ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ဦးဘသိန်းပါဝင်ကစားသော မန္တလေးခရိုင် ခြင်းအသင်းက ပထမ တံခွန်စိုက်ရခဲ့သည်။

    ၁၉၅၆-ခု ရန်ကုန်အောင်ဆန်းကွင်း၊ ၁၉၅၉-ခု တောင်ကြီး မြို့၊ ၁၉၆၀ ပြည့်နှစ် ရန်ကုန်မြို့၊ ၁၉၆၂-ခု မြင်းခြံမြို့တို့၌ ကျင်းပသည့် ခြင်းလုံးညီလာခံသို့ ဦးဘသိန်းသည် မန္တလေးခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်မှစ၍ မြို့ရွာအသီးသီး၌ ကျင်းပသောခြင်းပွဲများသို့သွားရောက်ပြီး ခြင်းပွဲဒိုင်အဖြစ် ဆောင်ရွက်ပေးသည်။ ၀ိုင်းဖွဲ့အမှတ်ခတ် ပြိုင်ပွဲနှင့် ၀ိုင်းဖွဲ့အလှခတပြိုင်ပွဲနှစ်မျိုးတွင် ပရိသတ်ကြားအောင် မျိုးအော်၍ အမှတ်ပေးမဖြစ်သော အလှခတပြိုင်ပွဲသည် ပရိသတ် မကျေနပ်မှုရှိသည့်အခါ အငြင်းပွားရမြဲဖြစ်သည်။ ထို့ကြောင့် အလှခတ်ပြိုင်ပွဲ ကို ရုပ်သိမ်းပေးရန်အထိ အဖွဲ့ချူပ်က ခရိုင်များသို့ အကြံတောင်းခံခဲ့ရသည်။

    ဦးဘသိန်းက ၁၉၆၀ ပြည့်နှစ် ရန်ကုန်အောင်ဆန်းကွင်းတွင် ကျင်းပသည့် ခြင်းညီလာခံ၌ မန္တလေး၊ ခရိုင်ခြင်းအဖွဲ့ကို အလှခတ်စေပြီး ကိုယ်တိုင်အော်၍ အမှတ်ပေးသည့် မူစနစ်ကိုတင်ပြခဲ့ရာ အဖွဲ့ချူပ်က လက်ခံအတည်ပြုပြီး ယနေ့တိုင် ဦးဘသိန်းတီထွင်သောစနစ်ဖြင့် အမှတ်ပေးလျက်ရှိသည်။ ၁၉၅၉-ခုနှစ် မန်းရာပြည့်ပွဲတော်ကြီးကို ရာပြည့်ကွင်း၌ ၁၀ ညကျင်းပခဲ့ရာ မန္တလေးခရိုင် ချင်းအဖွဲ့မှ အလှခတ်ပွဲများဖြင့် ဖြေဖျော်သည်။

    ခရိုင်အတွင်းရေးမှူး ဦးဘသိန်းသည် မြန်မာနိုင်ငံတွင် ခြင်းခတ်ကွက် ခတ်ဟန်များကို အသံချဲ့စက်ဖြင့် ပထမဦးဆုံး သရုပ်ဖော်စကားပြောပေးခဲ့သူဖြစ်သည်။
    ၁၉၆၀-ပြည့် အောက်တိုဘာလတွင် တရုတ်မြန်မာနယ်နိမိတ် သတ်မှတ်ရေး အောင်ပွဲကျင်းပရာ မြို့တော်ပီကင်းတွင် လူထု တစ်သိန်းကျော်ရှေ့ ဦးဘသိန်းအပါအ၀င် လက်ရွေးစင် ၆-ဦး တို့ ခြင်းယိုင်အလှပြ ကစားခဲ့ကြသည်။ တရုတ်ပြည် ပီကင်း၊ ရှင်ယန်း၊ နန်ကင်း၊ ရှန်ဟဲ၊ဟန်ချို၊ ကွမ်တုံ၊ ကူမင်းမြို့ကြီး များ၌ ၃၈-ရက်ကြာ နေထိုင်ပြီး မြန်မာ့ရိုးရာခြင်းယိုင်အလှ ခတ်ပြခဲ့ကြသည်။

    ခြင်းဦးဘသိန်းသည် အားကစားသာမက အဟောအပြော အရေးအသား၌လည်း အောင်မြင်သည်။ စာပေလောကသို့ ၁၉၅၇-ခုနှစ်ထုတ် လူထုဂျာနယ်မှစ၍ ၀င်ရောက်ခဲ့သည်။ လူထုဂျာနယ်တွင် ခြင်းလုံး၊ မြန်မာ့ ကိုယ်ပိုင်အားကစားဆောင်းပါးများကို ၄-လ ဆက်တိုက် ရေးသားတင်ပြခဲ့သည်။ ဗဟိုစည်သတင်းစာ၌ ဆောင်းပါး ၃-ပုဒ်၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ဆောင်းပါး ၃-ပုဒ်၊ လူထု၌ ၂-ပုဒ်၊ ဟံသာဝတီ ၌ ၁၀-ပုဒ်၊ မန္တလေး ရွှေသွေး၊ တံခွန်၊ ရှုမ၀၊ ဖြူနီညိုပြာ၊ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံမဂ္ဂဇင်း စသည့် မဂ္ဂဇင်း၊ စာစောင်များတွင် ဆောင်ပါး ပေါင်း ၅-ပုဒ် ရေးသားသည်။

    ၁၉၆၄-ခုနှစ်တွင် မြန်မာ့ခြင်းခတ်နည်းတစ်ရာ စာအုပ်ကို ဦဘိုကြီးနှင့် တွဲဖက်ရေးသား ထုတ်ဝေသည်။ ၁၉၇၀-ပြည့်နှစ် မေလ မန္တေ လးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် ခန်း မ၌ ကျင်း ပသော ကွန်သာသာယာ စာတမ်း ဖတ်တွင် ဦး ဘသိန်းး သည် မြန်မာ့ာ့  ခြင်းးလုံးးသမိုင်း စာတမ်း ကို ဖတ်ကြားခဲ့သည်။ ခြင်းနှင့်ပတ်သက်သော သမိုင်းဝင်ပစ္စည်းများ၊ ဓာတ်ပုံများပါ ပြသခဲ့ သည်။
    သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက သဘောကျ၍ နောက်တစ်လအကြာ ဇွန်လတွင် မန္တလေးတက္ကသိုလ် အားကစား၌ ယင်းစာတမ်းဖတ်ပွဲနှင့် ပြပွဲကို ထပ်မံကျင်းပခဲ့သည် ။
    ၁၉၇၇-ခုနှစ် မန္တလေးဟံသာဝတီသတင်းစာတိုက် ဘိုးဝဇီရာ ခန်းမ၌ မြန်မာ့ရိုးရာခြင်းပညာ စာတမ်းဖတ်ခြင်း၊ ခြင်းပညာ စာအုပ်အမျိုးမျိုးနှင့် ဓာတ်ပုံများပြသခြင်း၊ အမျိုးသားအမျိုးသမီး ခြင်းဝိဇ္ဇာများနှင့် လက်တွေ့ခတ်ပြခြင်းတို့ဖြင့် ခြင်းပညာကို ရှင်းလင်းပြသခဲ့သည်။ ၁၉၇၅-ခု အုတ်တန်းရပ် ဂရိတ် ဗုဒ္ဓဘာသာခြင်းလုံး အသင်းကြီး၏ ရွှေရတုသဘင်၊၁၉၇၈-ခု ဘုရားကြီးး ၄၅ တာတွင် ကျင်း ပသော ၀ါဆြိုခင်း ပွဲရွှေရတုသဘင်တို့တွင် ခြင်းသမိုင်းဟောပြောပွဲများနှင့် ပြပွဲများ ကျင်းပပေးခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်ဖြင့် စာပေဗိမာန် စာမူဆု သုတပဒေသာ (၀ိဇ္ဇာပညာရပ်) ပထမဆုကို ဆွတ်ခူး ရရှိခဲ့ပါသည်။
    မြန်မာ့ခြင်းလုံးသမိုင်းစာအုပ်တွင် ၁။ ခြင်းလုံး၏မူလအစ၊ ၂။ အညောင်းပြေမှ ဖျော်ဖြေမှုသို့၊ ၃။ ဖျော်ဖြေမှုမှ အားကစားသို့။ ၄။စစ်ပြီးခေတ် ခြင်းလုံးလောက၊ ၅။ မြန်မာ့ခြင်းလုံးနှင့် ပြည်ပခရီး၊ ၆။ ခြင်းခတ်ပညာ တိုးတက်လာခြင်း၊ ၇။ ခြင်းခတ်ပညာ ဆုတံဆိပ်နှင့် ဘွဲ့တံဆိပ်များ၊ ၈။ တပ်မတော်နှင့် ကျောင်းပေါင်းစုံ ခြင်းခတပြိုင်ပွဲများ၊၉။ ပြည်သူ့ရဲတပ်ဖွဲ့ ခြင်းခတပြိုင်ပွဲများ၊ ၁၀။ ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်းများ၊ ၁၁။ ပြိုင်ပွဲစည်းမျဉ်းဥပဒေများ၊ ၁၂။ ခြင်းလောက၏ ရှေ့ဆောင်များဟူ၍ အခန်း ၁၂ ခန်းဖြင့် ခြင်းပညာကို သာမကဆက်စပ်ရာရာကို သုတေသနပြု တင်ပြထားသည်။ စာအုပ်ရှေ့ပိုင်းတွင်ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၏ အမှာ၊ ခြင်းလုံး အဖွဲ့ချူပ် နာယကကြီးဦးအောင်တိုး၏အမှာနှင့် စာရေးသူ၏အမှာတို့ ပါရှိသည်။ နောက်ဆက်တွဲအဖြစ် ခြင်းလုံးဝေါဟာရ ရှင်းလင်းချက်၊ ခြင်းလုံး ရက်စွဲစဉ် သမိုင်းကျမ်းကိုးစာရင်းများပါ ပါရှိသည်။ ပညာရပ်ကို နှံ့စပ်ပိုင်နိုင် ရရုံမျှမက ကျမ်းပြုတင်ပြဟန်လည်း စနစ်တကျ ရှိလှသည်။
    သုတေသီပညာရှင်ကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က-‘ခြင်းဦးဘသိန်းသည် သာမန်ခြင်းဝါသနာပါသူမျှ မဟုတ်ဘဲ သုတေသီစိတ် ပြင်းပြသူတစ်ဦး ဖြစ်သည့် အားလျော်စွာမိမိစိတ်ဝင်စားသော ခြင်းလုံးသမိုင်းကို မြန်မာစာပေနှင့် နိုင်ငံခြားမှတ်တမ်းများမှ မွှေနှောက်ရှာဖွေ သုတေသနပြုကာ တင်ပြထားပေသည်။

    ထို့ကြောင့် ခြင်းဦးဘသိန်း၏ သမိုင်းအထောက်အထားများသည် လက်လှမ်းမီသမျှ အလွန်ပင် ပြည့်စုံလှပေသည်။ အမရပူရမြို့တည် နန်းတည် ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက် ၁၁၅၃-ခုနှစ် အမိန့်တော်အရ ခြင်းပွဲကို ပီပီပြင်ပြင် မှတ်တမ်းတင်ထားခြင်းကို ဖော်ပြထား ရှိပေသည်။ ဦးဘသိန်း ခြင်းဝါသနာမှာ သူမတူအောင်ဖြစ်ကြောင်းကိုခြင်းလုံးသမိုင်းက သက်သေပြနေပါသည်’ ဟူ၍ နိဒါန်းတွင် ဖော်ထုတ်ချီးကျူးးထားပါသည်။

    ဦးဘသိန်းသည် မြန်မာမှုကို မြတ်နိုးသည့် မြန်မာ မွတ်စလင်ကြီးဖြစ်သည်။ မြန်မာမှုအနုပညာနှင့်ပတ်သက်၍ နိုင်ငံကို အကျိုးပြုခဲ့သည်။
    ထို့ကြောင့် ဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကပင်- ‘ခြင်းဦးဘသိန်းသည် မန္တလေးသားဖြစ်သည်။ တိုင်းရင်းသား မြန်မာ မွတ်စလင်အမျိုးသားဖြစ်သည်။ သို့တစေ တကယ့် မြန်မာ့စိတ် မြန်မာ့ဟန်နှင့် နေထိုင်သူ ဖြစ်သည်။ မြန်မာစာပေ၊မြန်မာအနုပညာကို လေးစားသည်။ ခြင်းလုံးနှင့်ပတ်သက်သော
    စာဟူသမျှ ရှာကြံသည်။ ဖတ်သည်။’ဟုလည်းကောင်း၊’တစ်ဖန် ၁၉၆၉-ခုနှစ်တွင် ပုံနှိပ်သော ဆဋ္ဌမတန်း၊ မြန်မာဖတ်စာသင်တွင် သရေခေတ္တရာမှ ရသောငွေခြင်းလုံးနှင့် စပ်လျဉ်းပြီး ဘောဘောကြီးစေတီ ဌာပနာမှမဟုတ်ကြောင်း၊ ၁၉၂၆ ခုနှစ် ပြည်ခရိုင်မှော်ဇာမြို့နယ် ခင်ဗကုန်းမှရသောခြင်းလုံးဖြစ်ကြောင်း၊ ၁၅-၃-၇၀ နေ့ထုတ် ဟံသာဝတီသတင်းစာတွင်လည်း ကျောင်းသူကျောင်းသားများအတွက် အမှန်ကို ပြုပြင်ပေးရန် တင်ပြခဲ့လေသည်။ ပညာရေးဌာနသို့လည်း အခါအားလျော်စွာ အကြံပြုသည်သာ’ဟု လည်းကောင်း သုံးသပ်တင်ပြခြင်းဖြစ်သည်။ ဦးဘသိန်းသည် ခြင်းခတ် ပညာရှင်သာမက သုတေသီကြီးလည်း ဖြစ်ကြောင်း ထင်ရှားပါသည်။

    ဦးဘသိန်းသည် ၁၉၈၂-ခုနှစ် အမရပူရ ရတနာဂူခြင်းပွဲ၊ အိမ်တော်ရာခြင်းပွဲတို့တွင် ခြင်းသမိုင်း ဟောပြောပွဲများနှင့် ခင်းကျင်းပြသပွဲများကို ဦးဆောင် ကျင်းပပေးခဲ့သည်။ ခြင်းပညာ မတိမ်ကောစေရန်၊ တည်တံ့ထွန်းကားစေရန် မိမိ၏ခြင်းပညာကို မိမိ၏သမီးလေးအား ဆက်ခံစေသည်။
    ၁၉၇၅-ခုနှစ်တွင် ကျင်းပသည့် ၄၅-ကြိမ်မြောက် ၀ါဆိုခြင်းပွဲမှ အစပြု၍ ခြင်းဦးဘသိန်း၏ သမီး ၁၁-နှစ်အရွယ် ပဉ္စမတန်းကျောင်းသူခင်အေးမူသည် ခြင်းကို ခြေဖျားနှင့်တော့လျက် ကြိမ်ကွင်းကလေးများဖြင့် အလှခတ်ကစားပြခဲ့သည်မှ စတင်ပြီး ခြင်းလုံးလောကသို့ ၀င်ရောက်လာသည်။ နိုင်ငံခြား၌ ခတ်ကစားကြသော ယိုးဒယားခြင်းလုံး၊ စင်္ကာပူနိုင်ငံတွင်ခတ်ကစားသော အပေါက်မပါသည့် ခြင်းလုံး၊ တရုတ်ပြည်နှင့် ကမ္ဗောဒီးယားပြည်တွင် ခတ်ကစားကြသည့် ကြက်တောင် စသည်တို့ကိုလည်း ခတ်ကစားပြသည်။

    ရွှေမန်းသူခင်အေးမူအမည်ကိုခံယူလျက် ခြင်း လုံး ဖိတ်ပွဲများ လက်ခံ၍ ၀ိုင်းဖွဲ့ခတ်ကစားခြင်းနှင့် တစ်ပင်တိုင်ခတ်ပါ ပူးတွဲခတ် ကစားပါသည်။ ၁၉၈၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ် လက်ရွေးစင်းခြင်းအဖွဲ့တွင်ပါဝင်၍ ပြိုင်ပွဲများနှင့် အလှခတ်ပွဲများ၌ ခတ်သားတစ်ဦးအဖြစ်ဖြင့် အမျိုးသားများနှင့်အတူ ခတ်ကစားပါသည်။ တိုင်းရင်းသူမွတ်စလင် အမျိုးသမီးများမှ ပထမဦးဆုံး ပေါ်ထွက်သော မြန်မာ့ရိုးရာခြင်းလုံး ကစားမယ်လေး ဖြစ်ပါသည်။

    ပီကင်းပြန် ခြင်းဦးဘသိန်းသည် ၁၉၈၀ ပြည့်နှစ် အကြိမ် (၅၀) မြောက် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ (ရွှေရတုသဘင်) ကျင်းပရေးနှင့် ဟစ်ဂျရီ ၁၄၀၀ ပြည့်၊ ၁၅-ရာစု အကြို ပူးတွဲဆင်ယင် ကျင်းပရေး ဗဟိုကော်မတီပြပွဲဆပ်ကော်မတီ၌ ခင်းကျင်းပြသသော အစ္စလာမ့်အနုပညာ ယဉ်ကျေးမှု လက်ရာပစ္စည်းများ၌ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာပေများပြပွဲတွင် အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
    စွယ်စုံထူးချွန်သော ပညာရှင်ကြီး ဦးဘသိန်းသည် ၁၉၉၃-ခု ဇွန်လ၁၆-ရက် ဗုဒ္ဓဟူးနေ့ နံနက်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသည်။ ဇနီးဒေါ်သက်တင်မှာ ခြင်းဦးဘသိန်း မကွယ်လွန်မီက ဆုံးပါးသွားသဖြင့် သားသမီး (၃) ဦး ကျန်ရစ်ခဲ့သည်။


    ပါမောက္ခဒေါက်တာအောင်ဇော်ရေးသားပြုစုသော တိုင်းရင်းမွတ်စလင်မ်စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ-၂ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။