News @ M-Media

Blog

  • ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့

    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”

    ၂၀၁၁ ခုနှစ် ဟာဂ်ျရာသီတွင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်သည် ယခင့် ယခင်နှစ်များထက် ယခုနှစ်ဟာဂ်ျခရီးစဉ်တွင် ဟာဂ်ျခရီးစဉ်အကျိုးဆောင်များ၏ အဆင်မပြေမှု့များရှိခဲ့ပါသဖြင့် ဗီဇာ မရရှိလိုက်၍ သွားခွင့်မရရှိသူများ ၊ ဗီဇာရရှိထားသော်လည်း လေယာဉ်ပျံ အခက်အခဲကြောင့် လိုက်ပါခွင့် မရရှိသူများ၏ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများနှင့် ရုပ်ပိုင်း(ငွေကြေး)ဆိုင်ရာ နစ်နာဆုံးရှုံးမှုများကို ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “ဟာဂ်ျ ခရီးစဉ်စောင့် ကြည့်ကူညီရေးအဖွဲ့” ကို စုစည်းဖွဲ့စည်းပြီးဖြစ်ကြောင်းသိရပါသည်။
    အဆိုပါအဖွဲ့တွင် အငြိမ်းစားအရာရှိကြီးများ ဥပဒေပညာရှင်များ ဆေးပညာရှင်များ သာသနာ့ပညာရှင်များနှင့် တတ်သိပညာရှင်များဖြင့် စုပေါင်း ဖွဲ့စည်းထားကြောင်းနှင့် ယခုနှစ် ဟာဂ်ျ ခရီးစဉ်အတွင်း နစ်နာခဲ့ကြသောသူများအတွက် စုစည်းထားပါသည်။ ဟာဂ်ျခရီးစဉ်နှင့်ပါတ်သက်သော အရေးကိစ္စများကို တတ်စွမ်းသရွေ့ ကူညီပေးသွားမည်ကြောင်းနှင့် အကျိုးအမြတ်ကို မမျှော်ကိုးပဲ မိမိရပ်ရွာ ဒေသရှိ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာဆုံးရှုံးသည့်သူများကို ကူညီပေးလိုသူများအနေဖြင့် ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖွဲ့ခွဲများ ဖွဲ့စည်းသွားရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    နောက်လာမည့် ဟာဂ်ျခရီးစဉ်များတွင် ယခုနှစ်လိုအဖြစ်မျိုး ထပ်မံကြုံတွေ့မှု မရှိစေရန် ပြဿနာအရင်းအမြစ်ကို ရှာဖွေ၍ စနစ်ကျသော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းပါဝင်လိုသူများအနေဖြင့် လည်းကောင်း ၊ အကူအညီရယူလိုသူများအနေဖြင့် လည်းကောင်း

    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖုန်း 09-91039055 ၊ 09-91000723 ၊ 09-2009110 ၊ 09-73192119 ၊ Email: [email protected] သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

    ယနေ့ 12-11-2011 စနေနေ့ နံနက် ၉း၃၀ နာရီ တွင် Tiptop Intenartonal Education Service Provider ကျင်းပပြုလုပ်သော
    “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့”၏ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နစ်နာသူများအတွက် အကူအညီပေးနိုင်ရန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ငယ်များ ဖွဲ့စည်းပြီးသည့်နောက်တွင် သောကြာနေ့က မန္တလေးမြို့ဗလီကြီးများတွင်၏ ကြော်ငြာသင်ပုန်းများတွင် “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” ဖွဲ့စည်းပြီးစီးကြောင်း ကြေငြာခဲ့ရမှာ ယခုနှစ် ဟာဂ်ျခရီးစဉ်အတွင်း နှစ်နာခဲ့ကြသူများ တစ်ဖွဲဖွဲ လာရောက်၍ မိမိတို့၏ နစ်နာမှုများကို ထုတ်ဖော်ပြောပြကြပါသည်။ “ဟာဂ်ျခရီးစဉ်စောင့်ကြည့်ကူညီရေးအဖွဲ့” မှ တာဝန်ရှိသူများမှလည်း မိမိတို့ အကောင်းဆုံးဖြစ်စေရန် နစ်နာသူများကိုယ်စား စဉ်းစားလုပ်ကိုင်သွားမှာဖြစ်ကြောင်း အားပေးနှစ်သိမ့်ပြီး မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်သွားမည်ကို ဥပဒေ အကြံပေးအဖွဲ့အနေဖြင့် စီစဉ်နေပါကြောင်းပြောကြားပြီး လာရောက် တိုင်တန်းကြသောသူများအားလည်း အချက်အလက်ဖြည့်ပေးရမည့်ပုံစံဖေါင်များ မနက်ဖြန်တွင် လာရောက်ထုတ်ယူပေးကြရန် ပြောကြားပြီး အကောင်းဆုံးဖြစ်စေရေးအတွက် အားလုံး ညီညီညွတ်ညွတ်ပူးပေါင်း လုပ်ဆောင်သွားကြဖို့လိုအပ်ကြောင်း ပြောခဲ့သည်ဟု သတင်းရရှိပါသည်။

    အောက်က Attach ဖိုင်ကို  ဆွဲပြီး Print ထုတ်ပြီးဝေဌနိုင်ပါတယ်။ ဖိုင်ကတော့ ဒီနှစ်ဟဂ်ျသွားရာမှာ အကြောင်းကြောင်းအမျိုးမျိုးကြောင့်ကျန်ခဲ့သူများ ဖြည့်ရန်ဖြစ်ပါတယ်။

    Download လုပ်ရန်

     form.pdf

  • မက္ကာ ဘုရားဖူး ၁၀၀၀ ခန့် လေကြောင်းလိုင်းကြောင့် ခရီးစဉ်ပျက်

    ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့သို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံရှိ အစ္စလမ် ဘာသာဝင် ၁၀၀၀ နီးပါး လေကြောင်းလိုင်း အခက်အခဲကြောင့်ရန်ကုန်လေဆိပ်တွင် တရက်တာ နေထိုင်ခဲ့ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သတင်းရသည်။


    ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ ဘုရားဖူးများ(ဓာတ်ပုံ – khaledsafi.com)

    အဆိုပါ ဘုရားဖူး ၉၉၈ ဦးသည် ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့ နံနက်မှစတင်ကာ ကြာသပတေးနေ့ နံနက်တိုင် လေယာဉ်ကွင်း အတွင်း စားသောက်၊ နေထိုင်မှု အခက်အခဲများဖြင့် ညအိပ်စောင့်ခဲ့ကြောင်း၊ သို့သော် လေယာဉ်မလာရောက်သည့်အတွက် ခရီးစဉ် ကို ဖျက်သိမ်းခဲ့ရကြောင်း ဘုရားဖူးများက ဧရာဝတီသို့ ပြောသည်။

    Gulf လေကြောင်းလိုင်းနှင့် Mansik လေကြောင်းလိုင်းတို့ကို ခရီးသွားကုမ္ပဏီများက စုပေါင်း ငှားရမ်းထားသော်လည်း ငှားရမ်းခနှုန်း ညှိနှိုင်းမရသောကြောင့် လေယာဉ်မလာခြင်း ဖြစ်ကြောင်း သိရသည်။

    ဘုရားဖူးအဖွဲ့ဝင် ပြည်မြို့မှ ဦးတင်ဝင်းက“လေဆိပ်မှာ တနေ့နဲ့တည အစားအသောက်၊ သောက်ရေအထိ အားလုံးအခက်အခဲ ဖြစ် ခဲ့ရတယ်၊ ဘယ် အစ္စလမ်ဘာသာရေး အဖွဲ့ကမှ လာပြီးမကူညီဘူး၊ ခရီးသွား ကုမ္ပဏီတွေကလည်း ရှောင်နေတယ်၊ ရန်ကုန်က လူတွေ ကူညီလို့သာ စားရသောက်ရတာ”ဟု ပြောသည်။

    မြန်မာနိုင်ငံမှ တနှစ်လျှင် အစ္စလမ်ဘာသာဝင် ဦးရေ ၅၀၀၀ ခန့် နှစ်စဉ်သွားရောက် ဘုရားဖူးခွင့် ပြုထားရာ မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ် အဖွဲ့မှ ဦးစီးကာ City World ၊ ချို ဘရားသား၊ ရှား ဘရားသား၊ သားသား၊ နာနီပါး၊ မဟာရွှေ၊ ဟာဂျီဝလီ စသည့်  ခရီးသွားကုမ္ပဏီ ၂၂ ခုက လူတဦးလျှင် ကျပ် သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အတွင်း အခကြေးငွေယူကာ ပို့ဆောင် ပေးနေခြင်းဖြစ် သည်။

    ဘုရားဖူးအဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၇၂နှစ် အရွယ် ဦးသန်းရွှေကလည်း“အသက်ကြီးတော့ ဘာသာရေးကျင့်စဉ် တခုကို ပြင်းပြင်းပြပြ လိုချင်တာပါ၊ ဟာ့ဂ်ျ ကိုယ်စားလှယ် ခရီးသွားကုမ္ပဏီတွေက ခပ်လွယ်လွယ်လုပ်လိုက်တော့ ယုံကြည်ချက်ကို ထိခိုက် တယ် လို့ ခံစားရတယ်”ဟု ဆိုသည်။

    လာမည့်နှစ်တွင်လည်း ဆော်ဒီအာရေဗျ နိုင်ငံ ဟာ့ဂ်ျ ခရီးစဉ် သွားလိုသော်လည်း မြန်မာနိုင်ငံရှိ မည်သည့် ဟာ့ဂ်ျ ခရီးသွားကိုယ်စားလှယ်များကို ယုံကြည်၍ လုပ်ကိုင်ရမည်ကို မသိတော့ကြောင်း ဦးသန်းရွှေက ပြောသည်။

    အစ္စလမ် ဘာသာတွင် ဟာဂျီ ဆိုသည်မှာ ဘုရားသခင်၏ အိမ်တော်သို့ သွားရောက်လည်ပတ်သည့် ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရပြီး ဥပုသ်လ၏ သတ်မှတ်ထားသည့် ၅ ရက်အတွင်း မက္ကာသို့ သွားရောက်ကာ ဟာ့ဂ်ျ ၀တ်ပြုကျင့်စဉ်ကို အောင်မြင်စွာ ပြုလုပ်မှသာ ဟာဂျီ တဦးအဖြစ် ရယူနိုင်သည့်အတွက် ဟာ့ဂ်ျ ခရီးစဉ်သွားရောက်လိုကြကြောင်း သိရသည်။

    အဆိုပါ ဘုရားဖူးခရီးစဉ် ဖျက်သိမ်းခဲ့ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ရှား ဘရားသား ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတဦးက ဘုရားဖူးခရီးစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဟာဂျီ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော ပုဂ္ဂိုလ်တချို့တွင် တာဝန်ရှိကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် ခရီးသွား ၁၀၀ ကျော်ထံမှ လက်ခံထားသည့် ငွေကြေးများကို အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း၊ ယခုအဖြစ်အပျက်နှင့် ပတ်သက် ၍ စိတ်မကောင်းဖြစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

    အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြုထားသည့် အစ္စလမ် သာသနာရေးကောင်စီသို့ ဆက်သွယ်မေးမြန်းသော် လည်း ဆက်သွယ်၍ မရရှိပေ။

    Source_ ဧရာဝတီ

  • အစ္စလာမ်ဓမ္မဗိမာန်၏ LCCI စာရင်းကိုင် ပညာဒါနသင်တန်း

    ယနေ့ခေတ်ကာလမြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာကျင့်သုံးလာသည်နှင့်အမျှ စာရင်းကိုင်၊စာရင်းအင်းပညာရပ်ရဲ့ အရေးပါမှုကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒီလိုအချိန်ကာလမှာ လူငယ်တိုင်းအဖို့ စာရင်းကိုင်ပညာအခြေခံကို နားလည်ဖို့ လိုအပ်လာပါပြီ။ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုလိုသူတွေအဖို့လည်း LCCI, UK၇ဲ့ စာ၇င်းကိုင်ဒီပလိုမာစာမေးပွဲLevel1+2 ကနေတဆင့် အဆင့်ဆင့်တက်လှမ်းသွားနိုင်ပါတယ်။ အခုအခါမှာ အစ္စလာမ်ဓမ္မဗိမာန်က မွတ်စလင်မ်လူငယ်များအတွက် LCCI Level1+2 အဆင့် စာရင်းကိုင်နှင့် စာရင်းရေးအတတ်ပညာအထောက်အကူပြုသင်တန်းကို နိုဝင်ဘာလ(12)ရက်မှ စတင်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။

    သင်ကြားပို့ချပေးမယ့်ဆရာကတော့ ဆရာအလ်ဟားဂ်ျဦးသိန်း၊ B.A(Eco), C.P.A, HGP, R.L

    Dip in Adult Audit Training Specialist

    ညွှန်ကြားရေးမှူး(ငြိမ်း)၊ ရန်ကုန်တိုင်းစာရင်းစစ်ရုံးဖြစ်ပါတယ်။

    သင်တန်းမှာ မည်သည့်အခကြေးငွေမှ ပေးသွင်းရန်မလိုအပ်ဘဲ ပညာဒါနအဖြစ် စေတနာဖြင့် ပို့ချပေးသွားပါမယ်။ ဒါကြောင့်မွတ်စလင်မ်လူငယ်များအနေဖြင့် စာရင်းကိုင်ပညာအခြေခံကို ဒီလိုလေ့လာနိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ အချိန်ကို အကျိုးရှိရှိအသုံးချလျက် တက်ရောက်လေ့လာသင့်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

    သင်တန်းစတင်မည့်နေ့ – 12-11-2011

    သင်တန်းအချိန်          – နေ့လည် 12:30 – 4:00(အပတ်စဉ်စနေနှင့် တနင်္ဂနွေ)

    သင်တန်းနေရာ          – အစ္စလာမ်ဓမ္မဗိမာန်၊ အမှတ်(၂၀၀/၂၀၆)၊ ပထမထပ်၊

    ရတနာမြိုင်ကွန်ဒို၊ မင်္ဂလာမွန်ဈေးရှေ့။

    ၁၃၅-လမ်းနှင့် စက်ရုံလမ်းထောင့်၊

    မင်္ဂလာတောင်ညွန့်မြို့နယ်

    ဆက်သွယ်ရန်ဖုံးအမှတ်- 01-206100

    ဒီသင်တန်းကို စိတ်ပါဝင်စားသူများအနေနဲ့ သောကြာနေ့မှအပ နေ့စဉ်ရုံးချိန်အတွင် အထက်ပါလိပ်စာမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။

  • အမျိုးသားနေ့နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    နိုဝင်ဘာ-၁၀ ၂၀၁၁

    M-Media

    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ

    အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တားတက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ်ကို မသင်ယူနိုင်ရန် ဟန့်တားသော ဥပဒေဖြစ်သည်။

    ထိုဥပဒေသစ်ကို ပြုပြင်ရန် ဂျီ -စီ-ဘီ-အေ ခေါ် မြန်မာပြည်လုံးကျွတ်အသင်းကြီးက တောင်းဆိုမေတ္တာရပ်ခံခဲ့သော်လည်း လက် ထောက်ဘုရင်ခံ ဆားရယ်ဂျီနယ်ကရက်ဒေါက်က လက်မခံဘဲ လျစ်လျူရှုခဲ့ပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

    ပထမအကြိမ် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီး၏ ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦး၏ အမည်စာရင်းကို ခရစ်နှစ် ၁၉၇၀ ပြည့်နှစ် (မြန်မာနှစ် ၁၃၃၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) နိုဝင်ဘာလ ၂၃ ရက် တနင်္လာနေ့တွင်ကျရောက်သော နှစ် ၅၀ ပြည့် ရွှေရတုအမျိုးသားနေ့တွင် ရွှေတိဂုံစေတီတော်၏ရင်ပြင်တော် စနေထောင့်၌ ကျောက်စာတိုင်စိုက်ထူ၍ ကမ္ပည်းရေးထိုး သမိုင်းမှတ်တမ်းတင်ခဲ့သည်။

    ‘ဤနေရာကားမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကော လိပ်ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း။” ကျောင်းသားကြီး ၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

    ၁။ ဘခင်

    ၂။ ဘိုးကွန်း

    ၃။ ဘဦး

    ၄။ အောင်ဒင်

    ၅။ ထွန်းဝင်း

    ၆။ ဖေသိန်း

    ၇။ ဘရှင် (သံတွဲ)

    ၈။ ဘရှင် (ထားဝယ်)

    ၉။ ကေ-ညီပိတ်

    ၁၀။ လှတင်

    ၁၁။ မောင်ဧ

    အထက်ဖော်ပြပါ ဆောင်းပါးအပိုင်းမှာ Eleven ဂျာနယ်မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။ ဆောင်းပါး အပြည့်အစုံကိုLink ကိုနှိပ်ပြီးဖတ်ရှုနိုင်ပါသည်။

    ———————————————————————————————

    ကိုဘရှင် (သံတွဲမှာ ) အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်ဖြစ်၏။

    တက္ကသိုလ်သပိတ်ခေါင်းဆောင်များတွင် အစ္စလာမ်ဘာသာဝင်တစ်ဦး ပါဝင်သကဲ့သို့ ယင်းကို အားပေးထောက်ခံသည့်အဖွဲ့အစည်းများတွင်လည်း ကာလိဖတ်ကော်မတီ( KHILAFAT COMMITTEE) နှင့် မွတ်စလင်မ်အဖွဲ့ (Muslim League) ဟူသည့် မွတ်စလင်မ် အဖွဲ့အစည်းများလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်ကို အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်း အကျဉ်းချူပ်စာအုပ်တွင် ဤသို့ တွေ့ရပါသည်။

    အားပေးသူများ

    ယင်းသို့ ဆုံးဖြတ်သည့် အတိုင်း မြန်မာနိုင်ငံ ကာလိဖတ်ကော်မတီ၊ မွတ်စလင်လိအစရှိသော အိန္ဒိယအမျိုးသားအသင်းများအဖွဲ့နှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များသည် သပိတ်စခန်းသို့ လာရောက်အကူအညီပေးကြသည်။ (ညွှန်းပြီး စာ-၂၄၈)

    ထူးခြားချက်မှာ အမျိုးသားကျောင်းများ ထူထောင်ကြဟု လှုံဆော်ခဲ့သည်မှာလည်း မွတ်စလင်တို့ပင်ဖြစ်သည်။ အိန္ဒိယလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သော မစ္စတာ အဘစ်ထရပ်ဂျီ (အဗ္ဗားဆ်သွဗ်ဂျီ) ကလည်း သပိတ်စခန်းသို့ လာရောက်၍ကျောင်းသားများ ၊ အချိန်အလဟဿမဖြစ်စေရန် အမျိုးသားကျောင်းများ စတင်တည်ထောင်ရေးကို တိုက်တွန်းသည်။

    ယူနီဗာစီတီ သပိတ်မှောက် အတ္တုပတ္တိ ဦးဖိုးကွန်း၊ စာ -၉၁ တိုးတက်ရေးမဂ္ဂဇင်း၊ ၁၉၅၃ နိုဝင်ဘာလ(၁) နံပါတ် ၂၆)

    တက္ကသိုလ်ပညာရှိပါက ရာထူးကြိးကြီး ရနိုင်သည့် ခေတ်ကြီးတွင် အမျိုးသားရေး ဇာတိမာန်ဖြင့် ရေသာခိုအချောင်မလိုက်ဘဲ မိမိတက်လမ်းကို အနစ်နာခံကာ ကျောင်းထွက်ခဲ့ကြသည့် ကျောင်းသား အများအပြားတွင် မွတ်စလမ်ကျောင်းသားလည်း ပါဝင်ခဲ့သည်။

    သပိတ်မှောက်ကောင်စီ ကျောင်းသား အစည်းဝေး(၁၉၂၀ ဒီဇင်ဘာ ၂၀) ဆုံးဖြတ်ချက်အရ အာဏာပိုင်တို့၏ အပြုအမူများကို မကျေနပ်ကြောင်း ဆန္ဒပြသည့် အနေဖြင့် ထိုနေ့ပင် ကျောင်းမှ နုတ်ထွက်ကြသည့် ကျောင်းသူ/သား စုစုပေါင်း (၅၀၄) ယောက်တွင် မွတ်စလင်မ် ကျောင်းသား/သူ အများအပြားပါရှိခဲ့သည်ကို အမည်နာမ နှင့် တကွ တွေ့ရသည်။ (ညွှန်းပြီး စာ -၃၀၄-၃၀၉)

    နယ်ချဲ့တို့ ကြိုးကိုင်ထားသည့် ပညာရေးကား အမျိုးသား တက်လမ်းကို ပိတ်ပင်ရာသာ ကျသည်။ ဤအတွက် တိုင်းရင်းသား ယူနီဗာစတီ ပေါ်ပေါက်လာရေးကို ကြိုးပမ်းချက်ထားခဲ့ကြသည်။ “ အစ္စလာမ်ဘာသာဝင် SAS ထရပ်ဂျီမှာ မြန်မာတိုင်းရင်းသား ယူနီဗာစတီ သိပ္ပံ ကျောင်းတော်ကြီး ပေါ်ပေါက်ရေးမှာ အမျိုးသားကောင်စီ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့သည်။”

    နယ်ချဲ့တို့၏ ဘုန်းတော်ဘွဲ့ အမျိုးသား သီချင်းကို မဆိုရန် ကန့်ကွက်ခဲ့တာလည်း မွတ်စ်လင်မ်ပါ။

    ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီး ပထမဆုံးအစည်းအဝေးတွင် ဦးထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသား သီချင်းကို တက္ကသိုလ် သမဂ္ဂအဆောက်အအုံတွင် မဆိုကြရန် စိတ်လက်မာန်ပါ အဆိုတင်သွင်းကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သခင်ဘသောင်းနှင့် MA ရရှိဒ်တို့က လက်ဆွဲနှုတ်ဆက်ခဲ့ရသည်။

    ဤ ကိစ္စနှင့် ပတ်သက်ပြီး သင်္ချာဌာနမှ မစ္စတာ ဒီဂျေစလော့က သူအားအလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှု့ခဲ့ပေ။ “ မိမိတွင် အလုပ်နှင့် ပတ်သက်သည့် ပြစ်ချက်မရှိ ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်၊ အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝင့် စွာ ချေပပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံးဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

    စာရေးဆရာ ဝါးခယ်မ မောင်မင်းနိုင် ပြုစုတဲ့ မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ် စာမျက်နှာ(၁၉-၂၀)မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

     

    • မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ စာအုပ် Download ယူရန်။ Click Here
  • ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစုတွင်မီးလောင်

    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက် ကုလားစုတွင် နိုဝင်ဘာလ (၁)ရက်နေ့  ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိုက်ခံအိမ် (၄) လုံးအပါအ၀င် အိမ်ခြေ (၉၂) အိမ်နှင့် ရခိုင်စုမှ ငါးအ၀ယ်ဒိုင်တစ်လုံးပါ မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

     

    ကျောက်နီမော် တောင်ပိုင်းရပ်ကွက် ကုလားစု၊ အရှေ့တောင်ဘက်ခြမ်း၊ ရတနာလမ်းနေ (မ——)သည် ရွှေပုဇွန်ခြောက်လုပ်ရန် ပုဇွန်အိုးပြုတ်ထားခဲ့ပြီး ဗီဒီယို ကြည့်နေစဉ် မီးဖိုချောင်မှ မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်းသိရ သည် အဆိုပါ  မီးလောင်မှုမှာ နိုဝင်ဘာလ(၁)ရက် ည (၁၁) နာရီမှ စတင်လောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာလ (၂)ရက်နေ့ ညဥ့်သန်းခေါင်ကျော် (၃)နာရီ ခွဲ အချိန်မှသာ မီးလောင်မှုရပ်တန့်သွားပြီး ၄င်းရပ်ကွက်နေထိုင်သူ အများ စုမှာ မူဆလင်ဘာသာဝင်များဖြစ်ပြီး လူနေအိမ်များထူထပ်သည့် အတွက် မီးလောင်ကျွမ်းမှု အချိန်ကြာမြင့်ခဲ့ ခြင်းဖြစ်ကြောင်းဒေသခံတဦးမှ ပြောသည်။မီးလောင်မှုဖြစ်ပွားနေစဉ် အနီးပတ်ဝန်းကျင်မှ ရပ်ကွက်သူ ရပ်ကွက် သားများ ရောက်လာကြပြီး အနီးဆုံး နေရာဖြစ်သည့် ပင်လယ်ကမ်းခြေမှ ရေများကိုရေစုပ်စက်များဖြင့် စုပ်တင်ကာရရာ ပစ္စည်းများဖြင့် ၀ိုင်းဝန်း ငြီမ်းသတ်ခဲ့ကြသော်လည်း လေတိုက်နှုန်း အနည်းငယ် ပြင်းထန်နေသည့် အတွက် မီးလောင်ကျွမ်းသည့် အချိန်ပိုမိုကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် အိမ်များတွင်နေထိုင်သည့် လူဦးရေကို စာရင်းကောက်ယူနေပြီး ယခုအခါ ယာယီနေထိုင်ရန်အတွက် နေရာထိုင်ခင်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းမှ စီစဉ်ဆောင်ရွက် နေကြောင်း သိရှိရပါသည်။ ရမ်းဗြဲမြို့နှင့် ၂၄ မိုင်အကွာ ကျောက်နီမော်တိုက်နယ်မှ စံပြ၊ ရခိုင်စု ၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ရွာသာယာ ၊ကျောက်ထရန်၊ ရွှေပြည်သာ၊ စသည့်ရပ်ကွက်များတွင် ယခင်  ၁၉၉၇ ခု၊ နှစ်က တစ်ကြိမ် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်ခြေအများအပြားဆုံးရှုံးပျက်စီးခဲ့ကြောင်း ကျောက်နီမော်တိုက်နယ် ရခိုင်စုနေသူတဦးမှ ပြောပြပါသည်။

    လက်ရှိအခြေအနေမှာ ကျောက်ဖြူမြို့၊ ရမ်ဗြဲမြို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရောက်ရှိနေပြီး မီးဘေးအန္တရာယ် ကြုံတွေ့နေရသူများအား ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

     

    Credit Eleven