News @ M-Media

Blog

  • သာသနာရေးဝန်ကြီးဌာနက ယခုနှစ် ဟဂ်ျခွဲတမ်း စုစုပေါင်း ၅၀၀၀ ဦးရေ ခွင့်ပြုမည်။

    အသစ်ထပ်မံရရှိသော ဟဂ်ျခရီးခွဲတမ်း ၁၂၀၀ အတွက် ဟဂ်ျခရီးသွားအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများ

    ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    သာသနာရေးဝန်ကြီးဌာန
    (ဝန်ကြီးရုံး)
    ကြေညာချက်(၃/၂၀၁၁)
    နေပြည်တော်၊ ၁၃၇၃ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
    (၂၀၁၁ခုနှစ်၊ ဇွန်လ ၂၃ရက်)

    ၁။ သာသနာရေးဝန်ကြီးဌာနအပါအဝင် မူလဟဂ်ျအကျိုးဆောင်လုပ်ငန်းကုမ္ပဏီများအတွက် ဟဂ်ျခွဲတမ်း ၃၈၀၀ ရရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသားဟာဂျီလောင်းများသွားရောက်ရန် ဟဂ်ျခွဲတမ်း ၅၀၀၀ အထိတိုးမြှင့်ပေးမည်ဖြစ်သောကြောင့် ယခုနှစ်အတွက် ဟဂ်ျခွဲတမ်း ၁၂၀၀ ပိုမိုရရှိမည်ဖြစ်ပါသည်။

    ၂။ ထို့​ကြောင့် ၂၀၁၁ခုနှစ်၊ ဟဂ်ျဘုရားဖူးရာသီအတွက် ပိုမိုရရှိထားသော ဟဂ်ျခွဲတမ်း ၁၂၀၀ ကို မြန်မာနိုင်ငံရှိ မည်သည့်ဟဂ်ျခရီးသွားလုပ်ငန်းကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ဟဂ်ျဝန်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီး လျှောက်ထားမည့် ခရီးသွား ကုမ္ပဏီများအနေဖြင့် ဟာဂျီများခေါ်ဆောင်ခွင့်ပြုမိန့်ကဒ်(မိုနာဇင်)ရရှိရေးကိုလည်း တစ်ပါတည်းရယူ ဆောင်ရွက်ရန်လိုအပ်ပါသည်။
    ၃။ သို့ဖြစ်ပါ၍ အသစ်ထပ်မံရရှိသောဟဂ်ျခွဲတမ်း ၁၂၀၀ အတွက်လျှောက်ထားလိုသော မည်သည့် ဟဂ်ျခရီးသွားကုမ္ပဏီများမဆို အရေအတွက်ကန့်သတ်ချက်မရှိ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဟဂ်ျ ဝန်ကြီးဌာနသို့ ဟဂ်ျသွားရောက်ရမည့်အချိန်ကာလအမီ အချိန်တွက်ချက်၍ လျှောက်လွှာများပေးပို့ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

    http://www.mora.gov.mm/newsview.ASPX?nid=19

  • အဟ်မဒ်ဒီနီဂျတ် စစ်ဗိုလ်ချုပ်တစ်ဦးအား ရေနံဝန်ကြီးအဖြစ် အမည်တင်သွင်း

    အီရန်သမ္မတသည် တော်လှန် ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ရုစ်တမ် ကာစင်မီ    အားအီရန်နိုင်ငံ၏  ရေနံဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်။

    ကာစင်မီ သည် ရေနံနှင့်ဓါတ်ငွေအခန်းကဏ္ဍတွင် အဆက်အသွယ်ကောင်းများစွာရှိသော စက်မှု လုပ် ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် ခတမ်အန်ဘီယာ ၏ အကြီးအကဲဖြစ်သည်။

    သူသည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ခံစာရင်းဝင်ဖြစ်သည့်အပြင်  လွန်ခဲ့သော နှစ်က ဥရောပ ယူနီယံ၏ ကန့်သတ်ချုပ်ချယ်မှုခံထားရသော တော်လှန်ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးခြောက်  ဦးအနက် တစ်ဦး ဖြစ်သည်။ ထိုကန်သတ်မှုအရ ကာစင်မီ သည် ဥရောပတိုက်အတွင်း ခရီးသွားခွင့်မရှိသောကြောင့် ၎င်းအနေဖြင့် ဗီယင်နာတွင် ကျင်းပသော (၃) လ ပတ် အိုပက် အစည်းအဝေးသို့ တက်ရောက်ရန် မဖြစ်နိုင်ပေ။

    အီရန်သမ္မတ အဟ်မဒ်ဒီနီဂျတ် သည် မေလက ရေနံဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဇွန်လ    တွင်၎င်းနှင့်နီးစပ်  သော အဟာမဒ် အာလီအာဘာဒီ အား ယာယီရေနံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အာလီအာဘာဒီ သည် ရေနံကဏ္ဍတွင် အတွေ့အကြုံနည်းပါး၍ ယခင်က အားကစားဆိုင်ရာတာဝန်ရှိသူဖြစ် သည်။ ယခင်က လာဘ်စားမှု စွပ်စွဲချက်များခံခဲ့ရဖူးသူ တစ်ဦး ဖြစ်သည်။

    အဟ်မဒ်ဒီနီဂျတ်သည် အာလီအာဘာဒီအား အမြဲတန်းဝန်ကြီး အဖြစ်ခန့်အပ်ရန် မျော်လင့်သော်လည်း မကြာသေးမီက ပါလီမန် အမတ်များစွာကဝေဖန်ရှုတ်ချသည်။

    နိုင်ငံတကာပိတ်ပင်ကန့်သတ်သတ်မှုများကြောင့် အီရန်နိုင်ငံ၏  ရေနံထုတ်လုပ်မှုလုပ်ငန်းကို မကြာခင် လများက ပိုမို ဖိအားပေးခံခဲ့ရသည်။  အီရန်နိုင်ငံ၏ အဓိက ဖေါက်သည်နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယသည် တီဟီရန်သို့ပေးရန်ရှိသော ဒေါ်လာသန်းပေါင်းများစွာကို ဘဏ်လုပ်ငန်းဆိုင်ရာကန့်သတ် ချုပ်ချယ်မှုကြောင်း  မပေးဆပ်နိုင်ဘဲရှိနေခဲ့သည်။ အီရန်နိုင်ငံက အိန္ဒိယသိုရေနံတင်ပို့မှု ဖြတ်တောက်မည်ဟု ခြိမ်းခြောက်သည့်အခါ ၎င်းတို့က ဆော်ဒီမှ ရေနံကို ပိုမိုဝယ်ယူခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

    ပိတ်ပင်ကန့်သတ်မှုသည် ရေနံအခန်းကဏ္ဍတွင် အီရန်၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်စွမ်းကို  ထိခိုက်နစ်နာစေပြီး ကာစင်မီ အား ၀န်ကြီးအဖြစ် ခန့်အပ်မှုကြောင့် အနာဂါတ်တွင် အီရန်အနေဖြင့် ပြည်တွင်း ကန်ထရိုက်တာများအပေါ် ပို၍မှီခိုရန် ဆောင်ရွက်လာမည်ဟု ယူဆနိုင်သည်။

    အာဟမဒ်ဒနီဂျတ်သည် အားကစားနှင့်လူငယ် ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့်၊သတ္တုတွင်း ၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဌာတို့အတွက် ၀န်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းထားပြီးပါလီမန်၏ အတည်ပြုချက်စောင့်နေသည်။

    ( source Aljazeera)

  • မွတ်ဆလင် (ရမသွာန်) ဥပုသ်လ (ဓါတ်ပုံအက်ဆေး)

    သန်းပေါင်းများစွာသော မွတ်ဆလင်များ ဥပုသ်လမြတ်ကို ဆင်ယင်ကျင်းပနေကြစဉ်

    ရာမဒန် RAMADAN မှာ အစ္စလန် ပြက္ခဒိန်တွင် ၉ လမြောက်ဖြစ်ပါသည်။ နေထွက်မှ နေ၀င်သည်အထိ နေ့စဉ်ပင် သန်းပေါင်းများစွာသော မွတ်ဆလင်များ အစားရှောင်ကြဉ်ခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြုလုပ်ကြသည်။  Ramanda ဥပုသ်အစမှာ လ အခြေအနေပေါ်တွင် မူတည်ပြီး (များသောအားဖြင့် သြဂုတ်လ ၁ ရက်နေ့) နှစ်စဉ် အပြောင်းအလဲ ရှိသည်။ ၀ါထွက်ချိန် ညနေခင်း Iftar ချိန်တွင် မိသားစုများ၊ ရပ်ရွာအတွင်း စုစည်းပြီး စွန်ပလွန်သီး တစ်လုံး စတင်စားသုံးခြင်းဖြင့် အစားအတူတူ စားသုံးကြပါသည်။ တမန်တော် မိုဟာမက်အချိန်ကတည်းက စတင်ခဲ့သည်ဟု ဆိုပါသည်။

    မောက္ခပညာရေးမဂ္ဂဇင်း ပရိသတ်များအတွက် ဗဟုသုတအလို့ငှါ ကမ္ဘာတ၀ှမ်းမှ ဓါတ်ပုံများကို စုစည်း တင်ပြလိုက်ပါသည်။

    (၁) အင်ဒိုနီးရှားရှိ မွတ်ဆလင်တစ်ဦး မှန်ပြောင်းမှတဆင့် လကို ကြည့်ရှုနေစဉ် ဇူလိုင် ၃၁ ရက်။ (မွတ်ဆလင် ဥပုသ်လမှာ သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပါသည်။)
    (၂) ကိုင်ရိုမြို့ al-Azhar ဗလီကျောင်းတွင်  Taraweh ၀တ်ပြုဆုတောင်းနေစဉ် – ဥပုသ်လမြတ် အစ
    (၃) မွတ်ဆလင် ဥပုသ်လအတွက် Jerusalem မြို့ al-Aqsa ဗလီကျောင်းခြံဝင်း အတွင်း ပြင်ဆင်နေကြသော ပါလက်စတိုင်းများ (မွတ်စလင်းများအတွက် အထွတ်အမြတ်ထားရာ ကမ္ဘာကျော်ဗလီ)
    (၄) ပါကစ္စတန် လယ်သမားများ စွန်ပလွန် သစ်သီးများ စတင်စုဆောင်းစဉ်။ နေ့စဉ် ဥပုသ်ထွက်ချိန်တွင် သုံးဆောင်ကြမည့် စွန်ပလွန်သစ်သီး ထွက်သည့် ကမ္ဘာ့ နံပါတ် ၄ နေရာရှိသည်
    (၅) နိုင်ဂျီးရီးယား အမျိုးသမီးများ ၀ါဝင်နေ့တွင် ရောင်းချရန် အစားအစာများ ပြင်ဆင်ချက်ပြုတ်နေစဉ်
    (၇) စွန်ပလွန်သီးများကို ၀ါမ၀င်မီတွင် ရောင်းချနေသည့် ဆော်ဒီနိုင်ငံသားများ
    (၇) ဥပုသ် ပထမနေ့တွင် ပေါင်မုန့်ဝယ်ယူနေကြသည့် တူနစ်ရှားများ
    (၈) ဗလီကျောင်းတက်ရန် ပြင်ဆင်နေကြသော ဖိလစ်ပိုင် လှပျိုဖြူများ
    (၉) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော ပါလက်စတိုင်းလူငယ်လေး
    (၁၀) ဥပုသ်မထွက်မီ အစားမသုံးဆောင်မီ ဘုရားရှိခိုးဆုတောင်း ၀တ်ပြုနေသော ပါကစ္စတန်များ
    (၁၁) ဂျာကာတာမြို့မှ အမျိုးသမီးများ စုပေါင်းဝတ်ပြုနေကြစဉ်
    (၁၂) ကိုရမ်ကျမ်းစာ ဖတ်ရှုနေသော မလေးရှားလူငယ်
    (၁၃) ၀ါဝင်နေ့တွင် ဘုရားမရှိခိုးမီ အနားယူစောင့်ဆိုင်းနေသော အင်ဒိုနီးရှားများ
    (၁၄)Strasbourg မြို့ ဗလီကျောင်းတွင် တက်ရန်တန်းစီနေသော လူငယ်လေးများ
    (၁၅) အချိုမုန့်များ ပြင်ဆင်နေသော အာဖဂန်တစ်ဦး
    (၁၆) ပဲရစ်မြို့ အချို့မုန့်ဆိုင်
    (၁၇) လစ်ဗျားသူပုန်တစ်ဦး ၀ါမထွက်မီ ဆုတောင်း ၀တ်ပြုနေစဉ်
    (၁၈) ပထမနေ့ ၀ါထွက်ချိန်တွင် ဂုဏ်ပြု အမြောက်ပစ်ဖေါက်နေသော ယီမင်တစ်ဦး
    (၁၉) အစိုးရဆန့်ကျင်သော ဆန္ဒပြသမားများ ၀ါထွက်ချိန် စုပေါင်းစားသောက်ကြစဉ်
    (၂၀) ပထမနေ့ ၀ါထွက်ပွဲစုပေါင်း ကျင်းပနေသော တူရကီများ – မြို့တော်ဝန်မှ တမြို့လုံးကို အခမဲ့ ကျွေးမွေးစဉ်
    (၂၁) ဥပုသ်လမြတ်ကို မီးရှုးမီးပန်းဖြင့် ဆင်ယင်ကျင်းပနေသော ပါလက်စတိုင်းလူငယ်လေး
    (၂၂) ကက်ရှမီးယားနယ်များ ဆုတောင်းဝတ်ပြုနေစဉ်
    (၂၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တါင် ၀ါဖြေရန် အစားအသောက်များ ၀ယ်ယူနေကြစဉ်
    (၂၄) လော့အိန်ဂျလိစ်မြို့ King Fahad ဗလီကျောင်းမှ မွတ်ဆလင်အမျိုးသမီးများ စုပေါင်း၍ ပထမနေ့ ၀ါထွက် စားသုံးကြစဉ်
    (၂၅) မောစကိုမြို့ ဗလီကျောင်း

    မူရင်း မောက္ခ

  • ပိုးသတ်ဆေး (antibiotic) အားမလေးစား…… ဆေးယဉ်ပါးမယ်သတိထား

    ကျွန်တော် ပိုးသတ်ဆေး (antibiotic) ယဉ်ပါးလာတဲ့ ပြဿနာ အကြောင်း လေး ပြောပြချင်ပါတယ် ၊ ဒီ post တင်ရ တဲ့ ရည်ရွယ်ချက် က ပြည်သူတွေအတွက် စေတနာ သီးသန့် ဖြစ်ကြောင်း ဦးစွာ အသိပေးအပ်ပါတယ်။

    ဖျားတယ်၊ နေမကောင်းဘူးဆေးခန်းသွားပြတယ်ပေါ့ ဗျာ ၊ ဆရာဝန် ကစစ်ဆေးတော့  အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေ့ ရှိတော့  ဒီပိုးကို နိုင်လောက်တဲ့ ဆေး အများသိတဲ့ AMOXICILLIN ပေါ့  ပေးလိုက်တယ်ဗျ၊ ဒီပိုးသတ်ဆေး က 250mg ,500mg ဆို ပြီး ၂မျိုးလာတယ် ဗျ၊ ဆေး ကို တော့  လူနာရဲ့ ကိုယ်အလေးချိန် ကို ကြည့် ပြီး နောက်၊အသက်အရွယ် ကိုလည်းကြည့် တယ်၊နောက် ဘာရောဂါတွေဖြစ်ဖူးလည်းမေး တယ်၊(တချို့ ရောဂါတွေကမတည့် တဲ့ ဆေးတွေရှိတယ်ဗျ) ၊ပြီးမှ ဆေးကို ဘယ်လောက်mg သောက်ရမယ်၊တစ်နေ့ ဘယ်နှစ်လုံးသောက်ရမယ်  ဘယ်နှစ်ရက်သောက်ရမယ်၊ ဆေးနဲ့  မတည့် ဘဲ ယားယံတာတို့ ၊ဝမ်းသွားတာတို့ ၊စသည့် ဖြင့် ပေါ့ လေရှိရင် ပြန်လာပါလို့ မှာလိုက်တယ် ၊ဆေးကို လည်း ဘယ်နှစ်လုံးကုန်အောင်သောက်ရမယ် ဆိုတာ သေချာမှာရ တယ်၊ ဘာကြောင့် လဲ၊?

    ကျွန်တော့် အကျင့် အတိုင်း နည်းနည်းအရစ်ရှည် ပြီးရှင်းမယ်ဗျ နော့ သည်းခံကြပါ။  ပိုးသတ်ဆေးဆိုတာ တခြားဆေးနဲ့ မတူဘူးဗျ ၊ သူက course (ဆေးပတ်လည်အောင်) သောက် မှ အကျိုးရှိ တာ မဟုတ်ရင် ဆေးယဉ်ပါးမှု ဆိုတဲ့ ပြဿနာ ကြုံတွေ့ ပြီကော၊ဥပမာ – ဆရာဝန် က 500mg ကို တစ်နေ့ နှစ်လုံး ၊၅ရက် အတွက်၊ (၁၀)လုံး သောက်ရမယ်ဆို ပြီးပြောလိုက် တယ်၊ လူနာ ကလည်း တသွေမတိမ်း လိုက်နာပြီး (၃) ရက်မှာ အဖျားကျတော့  (၆)လုံးပဲ ကုန်သေးတယ် ၊ ဆေးကို ရပ်လိုက်ေ၇ာ ၊ပြဿနာ က အခု ထိမှာ မဟုတ် ဘူးဗျ ၊နောက် တစ်ခါနေမကောင်းဖြစ်ပြီး ဖျားမှ ထိ မှာ၊ အရင် တစ်ခါနေ မကောင်း ဖြစ် တုံးက ဆေး ကို course(အပတ် လည်အောင်) ပြည့် အောင်မသောက်တော့  ပိုးက သေရမလို မသေရမလို နဲ့  ၊နောက် ပိုးတွေက သိပ်လည်တယ်ဗျ၊ သူတို့ ကို သူတို့  (antibiotic) ဒဏ်ခံနိုင်အောင် အမျိုးမျိုး ပုံပြောင်းတတ်ကျ တယ်။ ကဲ ….. အခု ဆရာဝန် က အရင်သောက်ဖူးတဲ့ ဆေးပေးပြီ၊ ပိုးအတူတူ သူကို့ ကို နိင် လောက်တဲ့ ဆေးအတူတူ ပဲနော်၊ ဆေးမတိုးတော့ ဘူး ၊ ပိုးကဆေးကိုမကြောက်တော့ ဘူး သူကဆေးဒဏ်ခံနိင်အောင် သူ့ ကိုသူ ပြင်ဆင်ပြီးပြီ။အဲ ဒီတော့  အဖျားမကျဘူး ၊ဆိုတော့  နောက် ထပ်အားပြင်းတဲ့ ပိုးသတ်ဆေးတစ်မျိုး စဉ်းစား ရပြီ၊ဈေးလည်းပို၊ကြီးမယ် ဆေးဒဏ်လည်းပို ခံရမယ်၊ခက် တာက ‘ပိုး’ ဆိုတာ တစ်ဦးကို တစ်ဦးကူးတဲ့ သဘောရှိတော့  ၊ကိုယ်စီရောက်လာတဲ့ ပိုးကဆေးယဉ်ပြီးသား ပိုးဆို ရင် ကိုယ်ကံဆိုးတာပဲ ပေါ့  ၊ ဒါကြောက်အောင် ခြောက်နေတာ မဟုတ်ဘူးဗျ၊ တကယ်ကိုစေတနာ နဲ့ အသိပေးတာပါ။

    နောက် တခုက ဆေးခန်းမသွားဘဲ ကိုယ်ဘာသာကိုယ် ဆေးဝယ်သောက် တာ ၊ဒါကို ကျွန်တော် မှားတယ် လည်းမပြောသလို ၊မှန်တဲ့ ဘက် ကလည်း မနေဘူးဗျ ၊ လူတိုင်းကို့ အခက်အခဲ နဲ့ ကိုယ် ကို ၊ဆေးခန်းသွားဖို့ အခက်အခဲရှိတော့  ၊ပြီးခဲ့ တဲ့ နေ မကောင်းဖြစ် တုန်းက သောက်တဲ့  ဆေးကဒ် အကုန်ကို သိမ်းထားပြီး ၊ အခု ကိုယ်နေမကောင်းဖြစ်ရင်ပဲဖြစ် ၊ သူများနေမကောင်းဖြစ်ရင် ပဲဖြစ်ဖြစ်၊ ဒီဆေးကောင်းတယ်ဆိုပြီး ဝယ်သောက်ကြ ရော၊ ခက်တာက ဖျားတာခြင်းတော့ တူပါရဲ့ ၊အရင်တစ်ခါက အသက်ရှုလမ်းကြောင်းပိုးဝင်တာ အခုက ဆီးပိုးဝင်တာ ၊ပိုးမတူတော့  နိုင်တဲ့ ပိုးသတ်ဆေးမတူ ဘူး ၊AMOXILCILLIN က ဆီးပိုးမနိင် ဘူးဗျ၊ နောက် သူနဲ့ တည့် တဲ့ ဆေးကိုယ်နဲ့ တည့် ချင်မှတည့် မယ်၊ သူ500mg သောက်ရပေမယ့်  ကိုယ် 250mg ပဲသောက်ချင် သောက်ရမယ်၊ သူ(၅) ရက် သောက်ရပေ မယ့်  ကိုယ် (၇) ရက် သောက်ချင်သောက်ရမယ် ၊ သောက်ရင်လည်း course (ဆေးပတ်လည်)ပြည့် အောင် သောက်ရမယ် ၊မဟုတ်ရင်ဆေးယဉ် ဦးမယ်၊ ကဲ …….  ဒီလို ပြဿနာ တွေ က ရှိ ပြန် ရော။

    အရေးကြီးတာ နောက်တခု က ၊ဆေးရဲ့ ဘေးတွက်ဆိုးကျိုး တွေလေ၊ကျွန်တော် ဆေးနဲ့ ဘေး ဆို တဲ့ post တစ်ခု တင်ဖူး ပါတယ် ။ ပိုးသတ်ဆေး လည်း ဘေးထွက်ဆိုကျိုးတွေရှိ တယ် ဗျ ၊ ကျောက်ကပ် မကောင်းရင် ပေးလို့ မရတာရှိ တယ် ၊ ဆေးမတည့် ရင် ပေးလို့ မရတာရှိတယ်၊ ကိုယ်ဝန်ဆောင်တွေမှာပေး လို့ မရတာရှိတယ် (တချို့ ဆေးတွေကိုယ်ဝန်ဆောင်မိခင်ကိုပေးမိ လို့ မွေး လာတဲ့ ကလေး ကိုယ်လက်အဂ်ါ မစုံ တာ ၊ ကျန်းမာရေးချို့ တဲ့  တာ တွေ ရှိ တယ် ဗျ)။

    နောက်ဆုံး ပြောချင်တာကတော့  ပိုးသတ်ဆေးကို နေ မကောင်းဖြစ်တိုင်း ဘာလာလာ ကိုယ့် သဘောနဲ့ ကိုယ် မသောက်ဖို့ နဲ့  ဆရာဝန် မဟုတ်တောင် တတ်သိ နားလည် တဲ့ သူ ကို မေးမြန်းစေချင်ပါတယ်၊ ဆေး ကို course ပြည့် အောင် (ဆေးပတ်လည်အောင်) သောက် ဖို့ လို တယ်နော့ ၊၊၊၊၊။။။။။။။။။။။။။။။

    လိုအပ်ချက်များရှိနိုင်ကြောင်းပါ

    အကြံပေးပါ လို့  ၊။။။။

    Dr .Luqman

  • ရခိုင်ပြည်နယ်က မူစလင်တွေ ခရီးသွားခွင့် ကန့်သတ်ချက် ရုပ်သိမ်းပေးလိုက်ပြီ

    ရခိုင်ဘုရင်လက်ထက်တွင် ကမန်အမျိုးသားများသည်လေးသည်တော်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသည်။

    ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ကျောက်နိမော် စတဲ့မြို့နယ်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ခွင့်ရသူ အစ္စလာမ် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာခရီးသွားလာခွင့်ကို ၁၉၉၄ ခုနှစ်က စလို့ ပိတ်ပင်ထားခဲ့ရာကနေ ၂၀၁၁ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ထောက်ခံစာ မယူဘဲ ခရီသွားလာခွင့်ကို စပြီး ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်ပြီး လွတ်လပ်စွာသွားလာခွင့်မရဘဲ ပိတ်ပင်ထားမှုကို အစိုးရသစ်တက်လာပြီး  နောက်ပိုင်းမှာ ဒေသခံတွေက နိုင်ငံသားအခွင့်အရေးပေးဖို့အတွက် ဇွန်လအတွင်းမှာ တင်ပြတောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလို ခရီးသွားလာခွင့်တွေမှာ ခွင့်ပြုချက်မယူဘဲ သွားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတဦးပြောပြတာကတော့ –

    “အခုသွားလာခွင့်ရတာက စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နိမော်၊ သံတွဲ။ နေပြည်တော်အစိုးရက ဘယ်လိုအကြောင်းပြသလဲတော့ ကျနော်တို့ မသိရပါဘူး။ ကျနော်တို့ ဒီ ရက် ၂၀ လောက်မှာ ပြည်နယ်မှာ အစည်းအဝေးခေါ်တယ်လို့ ကျနော်တို့ သိရတယ်။ ခရိုင်အဆင့် အရာရှိတွေ အစည်းအဝေးပေါ့နော်။ အဲဒီအစည်းအဝေးမှာ ပြည်နယ်မှူးက ခရိုင်အဆင့်အရာရှိတွေကို နေပြည်တော်ရဲ့ ညွှန်ကြားချက်ကို ဖတ်ပြတယ်လို့ပြောတယ်ခင်ဗျ။ အဲဒီအထဲမှာ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေကို လွတ်လပ်စွာခရီးသွားလာခွင့် ပေးတယ်၊ ပုံစံလေး ယူဆောင်ခွင့် လုံးဝမပြု ဆိုတဲ့ဟာကို ကျနော်တို့ သိရပါတယ်။”

    အမျိုးသား လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်ပါတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မင်းဟာ ရခိုင်ပြည်နယ်တွင်းမှာပဲ အခုလို နိုင်ငံသားစိစစ်ရေးကဒ်ပြားကို မမှန်မကန် လုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ သူ အပါအ၀င် မိသားစုတစုလုံးဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ရပါတယ်။

    ဒီလို လွတ်လပ်စွာခရီးသွားလာခွင့်တွေ  ခွင်ပြုလိုက်ပြီဆိုတာကြောင့် သူ့ကို ဖမ်းဆီးထားမှုကို ပြန်လည် လွှတ်ပေးသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သူဟာ မတရားသဖြင့် ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

    “သူတို့က နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှိလျက်သားနဲ့ဖြစ်တာ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ သူက အရွေးချယ်ခံရတယ်။ အရေးချယ်ခံရပြီးနောက်ပိုင်းမှာ သူတို့က ရန်ကုန်ကို မိသားစုလိုက်ပြောင်းသွားတယ်ဗျ။ ပြောင်းသွားပြီးတော့မှ သူတို့ရဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေက ဘယ်လိုရတာလဲ၊ ရန်ကုန်ကိုဘယ်လို ရောက်တာလဲပေါ့ဗျာ စသည်ဖြင့် အပြစ်မရှိအပြစ်ရှာပြီးတော့ အဲဒီလိုမျိုး သူတို့ကို ဖမ်းပြီးတော့ မိသားစုတွေ တော်တော်များများက ထောင်ထဲကို ရောက်ကုန်တယ်ဗျ။ အရင်တုန်းက လူ့အခွင့်အရေးဆုံးရှုံးပြီးတော့ ဒီလိုမျိုး ထောင်ထဲကိုရောက်နေတဲ့ မူစလင်တွေရှိတယ်။ ခရီးသွားလာခွင့်မရဘဲနဲ့ ခရီးသွားလို့ ထောင်ထဲရောက်နေတဲ့ မူစလင်တွေရှိတယ်။ ဒီဟာတွေကို နည်းမျိုးစုံနဲ့ဖမ်းထားတာတွေကို ကျနော်တို့က ဖော်ထုတ်ပြီးတော့ လူ့အခွင့်အရေးလမ်းကြောင်းနဲ့ လက်ရှိနိုင်ငံတော်အစိုးရဆီမှာ တင်ပြနိုင်တယ်ဆိုရင်တော့ အခွင့်အရေးတခုခုတော့ ရနိုင်လိမ့်မယ်လို့ ကျနော် မြင်တယ်လေ။”

    ရန်ကုန် စီးပွားရေးတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ရန်ကုန် ပညာရေးတက္ကသိုလ်ကပါ ဘီအီးဒီဘွဲ့ ရခဲ့တဲ့ ဦးကျော်မင်းဟာ လက်ထောက် မြို့နယ် ပညာရေးမှူး၊ အလယ်တန်း ကျောင်းအုပ်ကြီး စတဲ့ နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဒီလို တာဝန်တွေယူခဲ့တဲ့ ဦးကျော်မင်းကို မြန်မာအစိုးရက နိုင်ငံသားစိစစ်ရေးကဒ်ကို အကြောင်းပြု ဖမ်းဆီးပြီး ထောင်ဒဏ် ၄၇ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်းခွဲအပြင် အပြစ်ဒဏ်တွေချပြီး မိသားတစုလုံးဘ၀ပျက်တဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ ရွေးကောက်ပွဲမလုပ်ခင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးရေး ကာလတုန်းက နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ဖို့ အခွင့်အလမ်းမရရှိခဲ့တဲ့ ဒေသခံတွေကို အဖြူရောင် ယာယီမဲထည့်ဖို့ ကဒ်တွေလုပ်ပေးခဲ့ဖူးပါတယ်။

    ဒီကဒ်တွေကို ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက်တုန်းကလည်း လုပ်ပေးခဲ့ပြီး ဒေသခံတွေကို ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာခွင့်တွေ ရမယ်ဆိုတဲ့ ကတိတွေကို အာဏာပိုင်တွေက ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီကဒ်တွေနဲ့ ပညာရေး ကျန်းမာရေး အခွင့်အလမ်းတွေ မရရှိခဲ့တာကြောင့် ဒီကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထည့်သွင်းစဉ်းစားပေးစေချင်တယ်လို့ ဆိုပါတယ်။

    “နိုင်ငံသားလဲဖြစ်တယ်။ တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာတဲ့သူတွေလဲ ဖြစ်တယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် နိုင်ငံသားကဒ်တွေ မလုပ်ခဲ့ဘဲနဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ မဲပေးတဲ့အချိန်တွေမှာ အဖြူကဒ်တွေ ထုတ်ပေးထားတာတွေရှိတယ်။ သူတို့က ဒီကိစ္စကို ဘာမှ ပြန်ပြီးတော့ လဲလှယ်ပေးခြင်းလဲ မရှိဘူး။ ဒီအဖြူကဒ်တွေ ကိုင်ဆောင်ထားတာကိုယ်က မည်သည့်နိုင်ငံသားလို့ မသတ်မှတ်ရလို့ သူတို့ကဒ်ထဲမှာပါတာက တကြောင်း၊ နောက်တခုက ပညာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ အများကြီးပဲ ကျနော်တို့ တွေ့ရတယ်။ ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ကျနော်တို့ အများကြီး ကြုံတွေ့ရတယ်။ အဲဒီတော့ ဒါတွေကိုလဲ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြန်ပြီးတော့ အရေးတယူနဲ့ ပြန်လည် လဲလှယ်ပေးနိုင်မယ်ဆိုရင် နိုင်ငံသားအခွင့်အရေးတွေဟာ ပိုပြီးတော့ ခံစားရလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။”

    နိုင်ငံသားစိစစ်ရေးကဒ် ရရှိဖို့အတွက် ငွေကြေးအကုန်အကျခံပြီး မလုပ်နိုင်သူတွေ၊ လုပ်ခွင့်မရသူတွေ၊ နိုင်ငံသား စိစစ်ရေးကဒ်ရှိပြီး ခရီးသွားလာခွင့် ပိတ်ပင်ခံရသူတွေ အနေနဲ့ ကျန်းမားရေး အခြေအနေ ဆိုးရွားတဲ့အခါ မြို့ကြီးတွေကိုသွားပြီး ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့အဖြစ်တွေ၊ အထူးသဖြင့် ပညာရေးလိုလားတဲ့ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ် ဆက်တက်ခွင့်မရတာ၊ ဘွဲယူလို့မရတာတွေ စတဲ့ ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုအခါမှာတော့ နိုင်ငံသားစိစစ်ရေးကဒ်တွေ ကိုင်ဆောင်ထားပြီး လွတ်လပ်စွာ သွားလာခွင့်တွေ ရပြီဆိုတဲ့အတွက် အစိုးရသစ်လက်ထက်မှာ နိုင်ငံသားအခွင့်အရေးတချို့ ရရှိလာပြီလို့ ယူဆသူတွေလဲ ရှိလာပါတယ်။

    VOA သတင်းမှ ကူးယူပါသည်။