News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    ဘရာဇီးလ်ဂန္တဝင်ကစားသမား ပီလီ၏ စံချိန်တစ်ခုကို မက်ဆီချိုးဖျက်

    မနေ့က ရီးယဲလ် ဗယ်လာဒိုလစ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းပေးခဲ့တဲ့ မက်ဆီဟာ ကလပ်အသင်းတစ်ခုတည်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ဘရာဇီးလ်ဂန္တဝင်ကစားသမား ပီလီရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ပီလီဟာ ဆန်းတို့စ်အသင်းမှာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ၁၉ ရာသီကစားခဲ့စဉ်အတွင်း ၆၄၃ ဂိုး သွင်းယူခဲ့ပြီး မက်ဆီကတော့ ၂၀၀၅ ခုနှစ်ကနေစပြီးအခုအချိန်အထိ ဘာစီလိုနာအတွက် ၆၄၄ ဂိုး သွင်းထားနိုင်တာ ဖြစ်ပါတယ်။

    မက်ဆီဟာ ဩဂုတ်လတုန်းက အသင်းကထွက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ နည်းပြ ရော်နယ်ဒိုကိုးမန်းက မက်ဆီဟာ အသင်းမှာ ပျော်ရွှင်နေပြီး ဒီလို ဖန်တီးမှုကောင်းတဲ့ ကစားသမားမျိုးဟာ အသင်းအတွက် အရေးပါတယ်လို့ မနေ့ကပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ဥက္ကဌဟောင်းကို ရာဇဝတ်မှုဖြင့် ဖီဖာက တရားစွဲ

    ဇူးရစ်ချ်မြို့က အရှုံးပြခဲ့တဲ့ ဘောလုံးပြတိုက်မှာ စီမံခန့်ခွဲမှုအမှားတွေရှိတယ်လို့ဆိုကာ ဥက္ကဌဟောင်း ဆပ်ဘလတ္တာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ရာဇဝတ်မှုနဲ့ ဇူးရစ်ချ်မြို့မှာ တိုင်ကြားလိုက်ပါတယ်။

    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဖွင့်လှစ်ခဲ့တဲ့ ဒီပြတိုက်အတွက် ဘလတ္တာလက်ထက်က ဒေါ်လာ သန်း ၁၄၀ သုံးစွဲခဲ့ရာမှာ မလျော်မကန်သုံးမှုတွေ ပါခဲ့တယ်လို့ လက်ရှိ ဖီဖာ ဘဏ္ဍာရေးအဖွဲ့က ပြောပါတယ်။

    ဒီပြတိုက်ဟာ စဖွင့်တဲ့နှစ်မှာပဲ ဒေါ်လာ သန်း ၅၀ ရှုံးခဲ့ပြီး နောက်ပိုင်းမှာ ပိတ်ဖို့အထိတောင် စီစဉ်ခဲ့တာပါ။ ဘလတ္တာရဲ့ရှေ့နေကတော့ ဖီဖာရဲ့ ဒီစွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    အသက် ၈၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘလတ္တာဟာ UEFA ဥက္ကဌ မိုက်ကယ် ပလာတီနီကို ဒေါ်လာ ၂.၂၄ သန်း ပေးမှုမှာ မသမာမှုရှိခဲ့ကြောင်း တွေ့ရပြီးနောက် ဘောလုံးလောကကနေ ၆ နှစ် ပိတ်ပင်ခံထားရပါတယ်။

    စီးရီးအေ ပထမဆုံးအရှုံးအတွက် ပီယာလိုက ကစားသမားများကို အပြစ်တင်

    ကစားသမားတွေဟာ ပွဲအပေါ် အာရုံစူးစိုက်မှုမရှိဘူးလို့ ဂျူဗင်တပ်စ်နည်းပြ ​အန်ဒရီယာ ပီယာလိုက ဝေဖန်ပြောကြားလိုက်ပါတယ်။

    ဂျူဗင်တစ်ပ်ဟာ မနေ့က ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ဒါဟာ အခုနှစ် စီးရီးအေ ပထမဆုံး ရှုံးပွဲဖြစ်သလို၊ ​၂၀၁၁ ခုနှစ်နောက်ပိုင်း အိမ်ကွင်း အဆိုးဝါးဆုံး ရှုံးနိမ့်မှုပါ။

    ပီယာလိုကတော့ ကစားသမားတွေဟာ လာတော့မယ့် ခရစ္စမတ်အားလပ်ရက်ကိုပဲ အာရုံရောက်နေပြီး ရှုံးနိမ့်မှုအတွက် မိမိတို့မှာသာ အပြစ်ရှိတယ်လို့ ဆိုပါတယ်။

    Ref: Goal, BBC

  • တရုတ်ဒဏ်ခံနေရသည့် တိဘက်ပြည်သူများဖက်မှ အမေရိကန်၏ ရပ်တည်မှုကို တိဘက်နိုင်ငံရေးခေါင်းဆောင် ကြိုဆို

    တရုတ်ဒဏ်ခံနေရသည့် တိဘက်ပြည်သူများဖက်မှ အမေရိကန်၏ ရပ်တည်မှုကို တိဘက်နိုင်ငံရေးခေါင်းဆောင် ကြိုဆို

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -တိဘက်ဒေသရဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကို ရွေးချယ်ခွင့်ဟာ တိဘက်ပြည်သူတွေဆီမှာပဲရှိတယ်ဆိုတဲ့ အမေရိကန်ရဲ့ ဥပဒေမူကြမ်းကို အဝေးရောက် တိဘက်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် Lobsang Sangay က ကြိုဆိုလိုက်ပါတယ်။

    တရုတ်ဟာ တိဘက်ဒေသကို ၁၉၅၀ ပြည့်နှစ်က စစ်တပ်နဲ့ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ တိဘက်ဒေသဟာ တရုတ်နိုင်ငံမှာ ဖိနှိပ်ချုပ်ချယ်မှုအခံရဆုံး ဒေသတွေထဲက တစ်ခု ဖြစ်လာပါတယ်။

    ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်တော်လှန်ရေးကို ဦးဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၅၉ ခုနှစ်မှာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒလိုင်းလားမားကို တရုတ်အစိုးရက အန္တရာယ်ရှိတဲ့ ‘ခွဲထွက်ရေးသမား’ အဖြစ် ရှုမြင်နေတာပါ။

    အမေရိကန်လွှတ်​တော်ဟာ တနင်္လာနေ့က တိဘက်နဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။

    အဲဒီမူကြမ်းထဲမှာ တိဘက်ဒေသရဲ့ အဓိကမြို့ လာရှာမှာ အမေရိကန်ကောင်စစ်ဝန်ရုံး တည်ဆောက်ရေး၊ တိဘက်က သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး စတာတွေ လုပ်ဆောင်ဖို့၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တရုတ်အစိုးရ ဆွေးနွေးရေးကိစ္စတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို ဒလိုင်းလာမားနေရာကို ဆက်ခံမယ့် တိဘက်ရဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်ကို ရွေးချယ်ခွင့်ဟာ တိဘက်ပြည်သူတွေမှာပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။

    တိဘက်ဒေသ အဝေးရောက်အစိုးရအဖွဲ့ CTA ရဲ့ ဝန်ကြီးချုပ် Lobsang Sangay က အမေရိကန်ရဲ့ ဒီဥပဒေမူကြမ်းဟာ သမိုင်းဝင်ဆောင်ရွက်ချက် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီမူကြမ်းအတည်ပြုမှုဟာ တိဘက်ကိစ္စက အမေရိကန်ရဲ့ ဦးစားပေးတစ်ခုအဖြစ် ရှိနေတယ်၊ ဒလိုင်းလားမားနဲ့ CTA ကို ဆက်လက်ထောက်ခံနေအုံးမယ်ဆိုတာ ပြတ်ပြတ်သားသား ပြောလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါဟာ တိဘက်လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်”

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ဟာ မိမိတို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး အခုမူကြမ်းကို ဥပဒေအဖြစ် အတည်ပြုမယ်ဆိုရင် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စေလိမ့်မယ်လို့ အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေအ​ပေါ် ဖိနှိပ်ညှင်းပမ်းတဲ့ ပုံစံအတိုင်း တိဘက်က ဗုဒ္ဓဘာသာဝင်တွေကိုလည်း တရုတ်အစိုးရက ဖိနှိပ်မှုတွေ လုပ်နေတာပါ။

    ဒါ့အပြင် တိဘက်လွင်ပြင်ဒေသက ရေအရင်းအမြစ်တွေကိုလည်း တရုတ်အစိုးရက မတော်မတရား သုံးစွဲနေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

    ဒလိုင်းလာမားကိုဆက်ခံမယ့် တိဘက်ဒေသရဲ့ ဗုဒ္ဓဘာသာ​ခေါင်းဆောင်ကို မိမိတို့ကသာ ခန့်အပ်ခွင့်ရှိတယ်လို့ တရုတ်အစိုးရက ပြောထားပါတယ်။

    Ref: Reuters

  • ဆိုမာလီယာမှာ အမေရိကန်စစ်သားများ စတင်ဆုတ်ခွာ

    ဆိုမာလီယာမှာ အမေရိကန်စစ်သားများ စတင်ဆုတ်ခွာ

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -ဆိုမာလီယာမှာချထားတဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ပြန်လည်ခေါ်ယူဖို့အတွက် လေယာဉ်တင်သင်္ဘော USS Makin Island ဟာ ဆိုမာလီယာကို ရောက်ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဌာနက မနေ့မှာ ထုတ်ပြန်ပါတယ်။

    အလ်-ရှာဘတ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ ချထားတဲ့ တပ်ဖွဲ့တွေကို ပြန်ခေါ်တော့မယ်လို့ သမ္မတထရမ့်က ပြောကြားကြီး ၁၆ ရက်အကြာမှာ ဒီသင်္ဘော ရောက်လာတာပါ။

    အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်က ဆိုမာလီယာကနေ ပြန်ခေါ်မယ့် စစ်သားတွေကို အာဖရိက အခြားနေရာတွေမှာ ချထားမှာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး၊ မဟာမိတ်တွေကို ကူညီရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    ဆိုမာလီယာက ဆုတ်ခွာမယ့် ကန်စစ်သား ၇၀၀ ဟာ ကင်ညာ ဒါမှမဟုတ် ဒီဘောက်တီတို့မှာ ချထားမှာဖြစ်ပြီး အလ်-ရှာဘတ်ကို ဆက်လက် ဖိအားပေး တိုက်ခိုက်စေမှာ ဖြစ်ပါတယ်။

    သမ္မတထရမ့်ဟာ ဇန်နဝါရီလအလယ်မတိုင်ခင် အာဖဂန်နစ္စတန်နဲ့ အီရတ်တို့က တပ်ဖွဲ့ဝင် ၂၅၀၀၀ လောက် လျှော့ချဖို့လည်း အမိန့်ပေးထားပါတယ်။

    Ref: AFP

  • OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင်များ ဝေဖန်

    OIC အဖွဲ့ တရုတ်နဖားကြိုးထိုးခံနေရဟု ကန်မွတ်စလင်များ ဝေဖန်

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media


    -ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်ညှင်းပမ်းရာမှာ OIC အဖွဲ့က ပူးပေါင်းကူညီပေးနေတယ်လို့ အမေရိကန်မှာရှိတဲ့ မွတ်စလင်အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာ၀င်တွေ ဖိနှိပ်ညှင်းပမ်းခံရမှုတွေအတွက် ဝေဖန်ထောက်ပြမှုတွေ လုပ်လေ့ရှိပါတယ်။

    ဒါပေမယ့် တရုတ်အစိုးရက နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ဝီဂါမွတ်စလင်တွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပတ်သက်ပြီး OIC က လုံး၀ ဝေဖန်မှု မပြုပါဘူး။

    လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစု အနည်းဆုံး ၁ သန်းလောက် အကျဉ်းစခန်းတွေထဲမှာ ဖမ်းဆီးခံထားရပြီး တရုတ်အစိုးရရဲ့ ဘာသာရေးအကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြောထားပါတယ်။

    တရုတ်နိုင်ငံကို OIC ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ‘တရုတ်အစိုးရက နိုင်ငံသားမွတ်စလင်တွေအပေါ် စောင့်ရှောက်မှုအတွက် ချီးကျူးတယ်’ လို့ ဖော်ပြထားပါတယ်။

    Council on American-Islamic Relations အပါအဝင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများအဖွဲ့က OIC ဟာ တရုတ်ရဲ့ နဖားကြိုးထိုးမှုကို ခံနေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဝေဖန်ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်ကမ္ဘာရဲ့ စီးပွားရေးချက်ကောင်းကို တရုတ်က ကိုင်ထားပြီး ဝီဂါအရေး နည်းနည်းလေးဟလိုက်တာနဲ့ အကျဉ်ခံရမှာကို မွတ်စလင်နိုင်ငံတွေက ကြောက်နေတယ်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမေရိကန်မွတ်စလင် စာရေးဆရာနဲ့ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ အိုမာရ် ဆူလိုင်မန်က ပြောကြားခဲ့ပါတယ်။

    တစ်ချို့မွတ်စလင်နိုင်ငံတွေဟာ ပါလက်စတိုင်းကိစ္စမျိုးမှာ အသံထွက်ပေးပေမယ့်လည်း ဝီဂါကိစ္စဆိုရင်တော့ ခိုလှုံလာတဲ့သူတွေကိုပါ ပြန်ပို့ပြီး ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုနေတယ်လို့လည်း ဆူလိုင်မာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    တရုတ်ဟာ Belt and Road စီမံကိန်းနဲ့အတူ မွတ်စလင်ဖိနှိပ်ရေး ပေါ်လစီကိုလည်း နိုင်ငံရပ်ခြားကို တင်သွင်းလာလိမ့်မယ်လို့ အမေရိကန်က ဝီဂါအရေးတက်ကြွလှုပ်ရှားသူ ရုစ်ဟန် အဘတ်စ်က ပြောကြားခဲ့ပါတယ်။

    “တရုတ်ဟာ ငွေနဲ့ပေါက်ပြီး မတရားလုပ်တဲ့မှတ်တမ်း တော်တော်များများ ရှိပါတယ်။ ဝီဂါတွေကို လူမျိုးတုန်းအောင် လုပ်နေတာဟာ ပြည်တွင်းရေးမဟုတ်ပါဘူး။ ဒါဟာ လူသားထုအရေးပါ”

    Ref: Aljazeera

  • ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ပုံပြောင်းကိုဗစ်နဲ့ လက်ရှိကာကွယ်ဆေးတွေ အဆင်ပြေပါ့မလား?

    ဒီဇင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -နိုဝင်ဘာနှောင်းပိုင်းလောက်ကတည်းက ဗြိတိန်မှာ ပြန့်နှံခဲ့တဲ့ ပုံပြောင်းကိုဗစ်ဗိုင်းရပ်စ်ဟာ တောင်အာဖရိမှာ တွေ့လာရသလို၊ အမေရိကန်မှာလည်း ရှိနေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    B.1.1.7 လို့ အမည်ပေးထားတဲ့ အဲဒီပုံပြောင်းကိုဗစ်ဟာ ဗီဇမျိုးစိတ် ၉ ကြိမ်အထိ ပြောင်းလဲသွားတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပိုမိုပြန့်နှံလွယ်ပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုအချိန်အထိဆိုရင် ပုံပြောင်းမှု အကြိမ်ထောင်ချီ ရှိနေပြီ ဖြစ်ပါတယ်။

    အင်္ဂလန်မှာစတွေ့ရတဲ့ ပုံပြောင်းဗိုင်းရပ်စ်ဟာ မူလဗိုင်းရပ်စ်၊ တစ်ခြားပုံပြောင်းဗိုင်းရပ်စ်တွေထက် သေဆုံးနိုင်ချေပိုမြင့်လား၊ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေက ဒီပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ပါ့မလားဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

    Pfizer ဆေးအတွက် ၆ ပတ်ခန့်ကြာနိုင်

    လက်ရှိ နာမည်ကြီးနေတဲ့ Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေးကို တီထွင်သူ အူရ် ဆာဟင်က သူတို့ကာကွယ်ဆေး ပုံပြောင်းကိုဗစ်အတွက်ပါ အလုပ်ဖြစ်မလားဆိုတာကို သိရဖို့ နှစ်ပတ် လေ့လာရမယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ ကာကွယ်ဆေးဟာ ပုံပြောင်းကိုဗစ်ကိုပါ ကာကွယ်နိုင်မလားဆိုတာ လက်ရှိအချိန်မှာ မသိရသေးပါဘူး။ သိပ္ပံနည်းကျဆိုရင်တော့ ကာကွယ်ဆေးက ထုတ်ပေးတဲ့ ကိုယ်ခံစွမ်းအားက ပုံပြောင်းကိုဗစ်ကိုပါ ခုခံနိုင်စွမ်းရှိတယ်လို့ ပြောလို့ရပါတယ်”

    ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု၊ လူတွေမှာ စမ်းသပ်မှု၊ ခွင့်ပြုချက်ရဖို့ အစိုးရထံ တင်ပြမှု အားလုံးပေါင်းရင် Pfizer-BioNTech ကာကွယ်ဆေးကို ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြုနိုင်မလားဆိုတာ သိရဖို့ ၆ ပတ်လောက် ကြာနိုင်တယ်လို့လည်း ဆာဟင်က ဆိုပါတယ်။

    AstraZeneca အလုပ်ဖြစ်နိုင်တယ်

    ဗြိတိသျှဆေးကုမ္ပဏီ AstraZeneca က သူတို့ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ပုံပြောင်းဗိုင်းရပ်စ်ကိုပါ ကာကွယ်နိုင်ဖွယ်ရှိတယ် ရိုက်တာသတင်းဌာနကို အီးမေးလ်နဲ့ ဖြေကြားခဲ့ပါတယ်။

    “AZD1222 မှာ SARS-CoV-2 ဗိုင်းရပ်စ်က စပိုက်ပရိုတိန်း(spike protein) ရဲ့ ဗီဇမျိုးစိတ် ပါဝင်ပါတယ်။ ပုံပြောင်းဗိုင်းရပ်စ်အသစ်မှာတွေ့ရတဲ့ ဗီဇမျိုးစိတ် ပြောင်းလဲသွားပေမယ့် စပိုက်ပရိုတိန်းရဲ့ ပုံသဏ္ဍာန်ကတော့ ပြောင်းလဲသွားပုံ မပေါ်ပါဘူး”

    AZD1222 ကိုဗစ်ကာကွယ်ဆေးဟာ စပိုက်ပရိုတိန်း ပုံသဏ္ဍာန်အမျိုးမျိုးကို ကာကွယ်နိုင်အောင် ဖန်တီးထားတဲ့အတွက် ပုံပြောင်းဗိုင်းရပ်စ်ကို သတ်ပစ်နိုင်လိမ့်မယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။

    Ref: CNA, Mraket Watch