News @ M-Media

Blog

  • အီရန် သမ္မတနှင့် ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ အံ့အားသင့်ဖွယ် လေယာဥ်ပျက်ကျသေဆုံး

    အီရန် သမ္မတနှင့် ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ အံ့အားသင့်ဖွယ် လေယာဥ်ပျက်ကျသေဆုံး

    မေ ၁၉၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ- အီရန်သမ္မတနှင့် နိုင်ငံခြားရေး၀န်ကြီး)

    -သမ္မတ အီဘရာဟင် ရိုင်စီနဲ့ နိုင်ငံခြားရေး၀န်ကြီး အမီရ်အဘ်ဒိုလာဟင်တို့ဟာ နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရဟတ်ယာဥ်ပျက်ကျ သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ 

    လူ ၉ ဦးလိုက်ပါသွားတဲ့ Bell Textron ရဟတ်ယာဥ်ဟာ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ရာသီဥတု ဆိုးရွားနေတဲ့အချိန် ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

    လေယာဥ်ပျက်ကျရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ 

    အသက် ၆၃ နှစ်အရွယ် ရိုင်စီဟာ ၂၀၂၁ ခုနှစ်မှာ သမ္မတအဖြစ် ထပ်မံ ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။ အီရန်နဲ့ အနောက်နိုင်ငံတွေအကြား စေ့စပ်ဆွေးနွေးရေးမှာ သဘောထား တင်းမာသူအဖြစ် ထင်ရှားပါတယ်။ 

    နိုင်ငံခြားရေး၀န်ကြီး အမီရ် အဘ်ဒူလာဟင်ဟာ အတွေ့အကြုံကြွယ်၀တဲ့ သံတမန်တစ်ဦးဖြစ်ပြီး ဒေသတွင်း ရန်ဖက် ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး အဆင်ပြေအောင် မကြာသေးခင်ကပဲ ဆောင်ရွက်ထားနိုင်သူ ဖြစ်ပါတယ်။ 

    အီရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသေဆုံးသွားရင် ဒုတိယသမ္မတက အာဏာရယူရမှာဖြစ်ပြီး အဲဒီနောက် ရက် ၅၀ အတွင်း ရွေးကောက်ပွဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ ဒုတိယသမ္မတ မိုဟာမက် မွခ်ဘာရ်က ယာယီသမ္မတအဖြစ် တာ၀န်ထမ်းဆောင်နေပြီး၊ အစိုးရကလည်း နှောင့်နှေး ကြန့်ကြာမှုမရှိ ဆက်လက်လည်ပတ်သွားမယ်လို့ အီရန်အစိုးရက ထုတ်ပြန်ပါတယ်။ 

    Ref : Reuters 

  • မလေးရှားတွင် အလ်ကိုင်းဒါး သစ္စာခံအဖွဲ့က ရဲစခန်းကို အံ့အားသင့်ဖွယ် တိုက်ခိုက်

    မလေးရှားတွင် အလ်ကိုင်းဒါး သစ္စာခံအဖွဲ့က ရဲစခန်းကို အံ့အားသင့်ဖွယ် တိုက်ခိုက်

    မေ ၁၇၊ ၂၀၂၄

    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်ခံခဲ့ရသည့် ရဲစခန်း)

    -အလ်ကိုင်းဒါးသစ္စာခံ အစွန်းရောက်အဖွဲ့တစ်ခုက ရဲစခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့၀င် ၂ ဦး သေဆုံးခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း စင်ကာပူနဲ့ကပ်နေတဲ့ ဂျိုဟိုးပြည်နယ်မှာ မေလ ၁၇ ရက်နေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့တာပါ။ 

    Jemaah Islamiyah(JI) လို့ခေါ်တဲ့ အစွန်းရောက်အဖွဲ့က လူ ၂ ဦးဟာ အူလူတီရမ်မြို့က ရဲစခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က အမှုတစ်ခုအကြောင်း လာရောက်မေးမြန်းတဲ့ ပုံစံမျိုးနဲ့ ၀င်လာခဲ့တာပါ။   

    ရဲတပ်ဖွဲ့၀င်နှစ်ဦးက အမှုကိစ္စအကြောင်း ရှင်းပြနေစဥ်မှာ အစွန်းရောက်အဖွဲ့က နောက်ထပ်အဖွဲ့၀င်တွေဟာ ရဲစခန်းနောက်ဖက်ကနေ အုပ်စုလိုက် ၀င်လာပြီး ဓားရှည်တွေနဲ့ ၀င်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ 

    ရဲတပ်ဖွဲ့တစ်ဦး ဓားခုတ်ခံရကာ သေဆုံးခဲ့ပြီး၊ သေဆုံးသွားတဲ့ ရဲထံက ခြောက်လုံးပြူးကို ဓားသမားတစ်ဦးက ယူပြီး ပစ်ခတ်တာကြောင့် နောက်ထပ် ရဲတပ်ဖွဲ့၀င်တစ်ဦး သေဆုံးခဲ့ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း အစွန်းရောက်အဖွဲ့၀င်တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ရဲ့ အိမ်ကို ၀င်ရောက်စီးနင်း ရှာဖွေရာမှာ JI အဖွဲ့နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ တွေ့ခဲ့ရတယ်လို့ မလေးရဲချုပ် ရာဇာရွတ်ဒင်း ဟူစိန်က ပြောပါတယ်။ 

    ဂျိုဟိုးပြည်နယ်အတွင်းမှာ နေထိုင်တဲ့ JI အဖွဲ့၀င်တွေကိုလည်း မလေးရှားရဲတပ်ဖွဲ့က ညတွင်းချင်း ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။ 

     JI အဖွဲ့ဟာ အိုစမာဘင်လာဒင် တည်ထောင်ခဲ့တဲ့ အလ်ကိုင်းဒါးကို သစ္စာခံတဲ့ အဖွဲ့ တစ်ခုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွေက အရှေ့တောင်အာရှတစ်လွှားမှာ အင်အားကောင်းခဲ့ပါတယ်။ 

    ၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားက ဘာလီကမ်းခြေ ဗုံးခွဲတိုက်ခိုက်မှုအပါအ၀င် ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ချို့ကို JI အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

    အဖွဲ့ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ချို့ဟာ မလေးရှားနိုင်ငံက ဖြစ်ပြီး အဖွဲ့၀င်တွေဟာ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ဖြစ်ပါတယ်။  

    အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က JI ကို အကြမ်းဖက်အဖွဲ့ စာရင်းသွင်းပြီး နှိမ်းနှင်းခဲ့ကြပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်း အနောက်ဖက်ကမ်းတွင် ၇ လအတွင်း အစ္စရေးက လူ ၅၀၀ ကျော် သတ်ဖြတ်ထား

    ပါလက်စတိုင်း အနောက်ဖက်ကမ်းတွင် ၇ လအတွင်း အစ္စရေးက လူ ၅၀၀ ကျော် သတ်ဖြတ်ထား

    မေ ၁၇၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – မေလ ၁၆ ရက်နေ့က သတ်ဖြတ်ခံရသူတစ်ဦး၏ စျာပန)

    -ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာမှာ ၇ လအတွင်း လူ သုံးသောင်းခွဲကျော် သတ်ဖြတ်ထားတဲ့ အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း လူ ၅၀၀ ကျော် သတ်ဖြတ်ထားပါတယ်။ 

    အစ္စရေးရဲ့ ဂါဇာတစ်ကျော့ပြန်လူသတ်ပွဲဟာ အောက်တိုဘာ ၇ ရက်နေ့က စတင်တာပါ။ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးဟာ အဲဒီအချိန်ကစပြီး ပါလက်စတိုင်းတွေကို သတ်ဖြတ်မှု တိုးမြှင့် ပြုလုပ်လာပါတယ်။ 

    အနောက်ဖက်ကမ်းဟာ ဟားမက်စ်အဖွဲ့ မရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ 

    မေလ ၁၆ ရက်နေ့ အနောက်ဖက်ကမ်း တူလ်ကမ်မြို့မှာ အသက် ၂၀ ကျော်အရွယ် ပါလက်စတိုင်းအမျိုးသား ၃ ဦးကို အစ္စရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ပါတယ်။ 

    ၇ လကျော်အတွင်း အစ္စရေးတပ်ဖွဲ့တွေနဲ့ တရားမ၀င်အခြေချနေထိုင်သူ ဂျူးအစွန်းရောက်တွေ သတ်ဖြတ်မှုကြောင့် အနောက်ဖက်ကမ်းမှာ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅၀၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။ 

    ၂၀၂၂ ခုနှစ်အတွင်း အနောက်ကမ်းမှာ ပါလက်စတိုင်း ၁၅၄ ဦးကို အစ္စရေးတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေက သတ်ဖြတ်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် မတိုင်ခင် သတ်ဖြတ်ခံရသူအရေအတွက်က ၁၉၉ ဦး ရှိပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်း ထောက်ခံသူများကို နှိမ်နှင်းရန် ကန်အာဏာပိုင်များအား ငွေကြေးဖြင့် ဂျူးသူဌေးများက ဖိအားပေးခဲ့

    ပါလက်စတိုင်း ထောက်ခံသူများကို နှိမ်နှင်းရန် ကန်အာဏာပိုင်များအား ငွေကြေးဖြင့် ဂျူးသူဌေးများက ဖိအားပေးခဲ့

    မေ ၁၇၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဆန္ဒပြမှုကို နှိမ်နှင်းသည့် မြင်ကွင်းတစ်ခု)

    -ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို နှိမ်နှင်းရေး ဂျူးသူဌေးတွေက အမေရိကန် အာဏာပိုင်တွေကို ငွေကြေးနဲ့ ဖိအားပေးခဲ့ကြတယ်လို့ Washington Post သတင်းစာက ဖော်ပြပါတယ်။ 

    WhatsApp မှာ ဂျူးသူဌေးတွေ ဒီကိစ္စအတွက် တိုင်ပင်ဆွေးနွေးမှု မှတ်တမ်းတွေ ပေါက်ကြားလာပြီး Washington Post သတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။ 

    ပါလက်စတိုင်းတွေကို စာနာရေး ကျောင်းသားလှုပ်ရှားမှု စတင်ခဲ့တဲ့ ကိုလံဘီယာ တက္ကသိုလ်က ကျောင်းသားတွေကို နှိမ်နှင်းဖို့ အတွက် နယူးယောက်မြို့တော်၀န် အဲရစ် အဒမ်ကို ငွေကြေးလှူဒါန်းဖို့၊ ပုဂ္ဂလိက ထောက်လှမ်းရေးတွေကို ငွေပေးငှားပြီး ကျောင်းသားတွေကို ရှင်းလင်းဖို့ ဂျူးသူဌေးတွေက စီစဥ်ခဲ့ကြတာပါ။ 

    ဆွေးနွေးမှုမှာ ပါ၀င်တဲ့ ဂျူးသူဌေးတစ်ယောက်က မြို့တော်၀န် အဒမ်ကို ကန်ဒေါ်လာ ၂၁၀၀ လှူဒါန်းခဲ့တယ်လို့ ၀ါရှင်တန်ပို့စ် သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ဥပဒေအရ နိုင်ငံရေးသမားတစ်ယောက်ကို အများဆုံး လှူဒါန်းနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။ 

    အခြားဂျူးသူဌေးတွေကလည်း ကျောင်းသားတွေကို နယူးယောက် ရဲတပ်ဖွဲ့က ရင်ဆိုင်ရာမှာ ကူညီနိုင်ဖို့အတွက် ပုဂ္ဂလိက ထောက်လှမ်းရေးအဖွဲ့တွေကို သူတို့ငွေကြေးနဲ့ ငှားရမ်းအသုံးပြုဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ 

    ဒီကမ်းလှမ်းမှုကို မြို့တော်၀န် အဒမ်က လက်ခံခဲ့တယ်လို့ ဆွေးနွေးမှုမှာ ပါ၀င်သူ ဂျူးသူဌေးတစ်ယောက်က ၀ါရှင်တန်ပို့စ်ကို ပြောပါတယ်။ ကျောင်းသားလှုပ်ရှားမှုကို ကိုင်တွယ်ရာမှာ ပြင်ပ လက်နက်ကိုင်အဖွဲ့တွေကို အသုံးပြုခြင်း မရှိဘူးလို့ နယူးယောက်အာဏာပိုင်တွေက ထုတ်ပြန်ထားတာပါ။ 

    ဂျူးသူဌေးတွေက တက္ကသိုလ်ဥက္ကဌနဲ့ နယူးယောက်အာဏာပိုင်တွေကို အခြားနည်းလမ်းတွေနဲ့ ဖိအားပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

    ကိုလံဘီယာတက္ကသိုလ်မှာ အစ္စရေးရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီတက္ကသိုလ်က စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ အမေရိကန်နိုင်ငံတစ်၀ှမ်းက တက္ကသိုလ်တွေဆီ ပြန့်နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အင်အားသုံး နှိမ်နှင်းမှု၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    တက္ကသိုလ်တစ်ချို့မှာတော့ ဆန္ဒပြမှုတွေ အခုအချိန်အထိ ရှိနေပါသေးတယ်။ 

    ပါလက်စတိုင်းထောက်ခံသူ ကျောင်းသားတွေကို နှိမ်နှင်းဖို့ အမေရိကန်အာဏာပိုင်တွေကို ငွေးကြေးနဲ့ ဖိအားပေးရေး ကြိုးပမ်းခဲ့ကြတဲ့ သူဌေးတွေထဲမှာ Starbucks စီအီးအိုဟောင်း Howard Schultz၊ Dell ကုမ္ပဏီကိုတည်ထောင်သူ စီအီးအို Michael Dell၊ Pershing Square Capital Management ကုမ္ပဏီကို တည်ထောင်သူ Bill Ackman၊ Thrive Capital လုပ်ငန်းတည်ထောင်သူ Joshua Kushner၊ အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ သားမက်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေး Jared Kushner တို့ ပါ၀င်ပါတယ်။ 

    မုန့်လုပ်ငန်း Kind LLC ကို တည်ထောင်သူ Daniel Lubetzky၊ Third Point ငွေကြေးလုပ်ငန်းကို တည်ထောင်သူ Daniel Loeb၊ ဘီလီယံနာသူဌေး Len Blavatnik နဲ့ အိမ်ခြံမြေသူဌေး Joseph Sitt တို့ကလည်း ဧပြီလ ၂၆ ရက်နေ့ နယူးယောက်မြို့တော်၀န် အဒမ်နဲ့ အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ အစည်းအ၀ေးကို သူတို့ တက်ရောက်ခဲ့တယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ 

    Ref: Washington Post

  • မြန်မာကိစ္စ သက်ဆင်၀င်ပါမှု သမီးဖြစ်သူ ဖေထုံတန် ၀င်ရှင်း

    မြန်မာကိစ္စ သက်ဆင်၀င်ပါမှု သမီးဖြစ်သူ ဖေထုံတန် ၀င်ရှင်း

    မေ ၁၆၊ ၂၀၂၄

    M-Media 


    -မြန်မာနိုင်ငံက မတည်ငြိမ်မှုကိစ္စတွေမှာ ဖခင်ဖြစ်သူ ၀င်ပါမှုဟာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ ထိုင်းအာဏာရ ဖွေထိုင်းပါတီခေါင်းဆောင် ဖေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ 

    ဖေထုံတန်ဟာ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့ သမီးဖြစ်ပါတယ်။ 

    သက်ဆင်ဟာ မကြာသေးခင်က NUG၊ KIA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    ဒီသတင်းကြောင့် ထိုင်းနိုင်ငံရေးလောကမှာ သက်ဆင်ကို ၀ေဖန်မှုတွေ ရှိလာခဲ့ပြီး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ကော်မတီက စုံစမ်းမှုတွေ လုပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

    ကော်မတီဥက္ကဌ ရန်ဆီမန် ရိုမီက ထိုင်းအစိုးရမှာ ဘာ၀ာာ၀န်မှ မယူထားတဲ့ သက်ဆင်အနေနဲ့ မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ မူ၀ါဒအပေါ် ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    သက်ဆင်ရဲ့ သမီး ဖေထုံတန်က ဖခင်ဟာ ထိုင်းနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံကို စိုးရိမ်တဲ့အတွက် လုပ်ဆောင်ခဲ့တာလို့ ကာကွယ်ပြောဆိုပါတယ်။ 

    “နိုင်ငံရပ်ခြားမှာ ၁၇ နှစ်လောက် နေခဲ့ရပေမယ့် အဖေဟာ ထိုင်းလူမျိုးတွေကို ဂရုစိုက်နေတုန်းပါ။ ကူညီနိုင်တာတွေ ကူညီချင်သူပါ”

    သက်ဆင် သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ချိန် (၂၀၀၁-၂၀၀၆) နယ်စပ်ဒေသ မူးယစ်ဆေး၀ါး နှိမ်နှင်းရေးမှာ မြန်မာစစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုဟာ အခုအချိန်အထိ ရှိနေသေးတယ်လို့လည်း ဖေထုံတန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    သက်ဆင်နဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံမှုအတွင်း ဘယ်လိုရလဒ်မျိုး ထွက်လာလဲဆိုတာ မသိရှိဘဲ၊ ဖခင်နဲ့လည်း မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။ 

    မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကတော့ သက်ဆင်ဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြား၀င်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး မိမိတို့ဖက်က ငြင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    Ref: The Nation