News @ M-Media

Blog

  • ဝီဂါများအား ကျွန်ပြုခိုင်းစေသည့် တရုတ်အထည်လုပ်ငန်းကို အမေရိကန် ပိတ်ပင်

    ဝီဂါများအား ကျွန်ပြုခိုင်းစေသည့် တရုတ်အထည်လုပ်ငန်းကို အမေရိကန် ပိတ်ပင်

    ဒီဇင်ဘာ ၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံအနောက်ပိုင်းက ဝီဂါမွတ်စလင်တွကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့ တရုတ်အစိုးရပိုင် အတည်လုပ်ငန်းက ပစ္စည်းတွေ တင်ပို့ခွင့်ကို အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ဒေသ လုံခြုံရေးဌာနက မနေ့မှာ ပိတ်ပင်လိုက်ပါတယ်။

    Xinjiang Production and Construction Corps (XPCC) လို့ အမည်ရတဲ့ အဲဒီလုပ်ငန်းကို တရုတ်စစ်တပ်က လုပ်ကိုင်နေတာဖြစ်ပြီး၊ နိုင်ငံအတွင်း အကြီးဆုံး ကုန်ထုတ်လုပ်ငန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဇူလိုင်လက XPCC ရဲ့ ဒေါ်လာပေးချေမှုအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

    အမေရိကန် နယ်စပ်ကုန်သွယ်မှုကို ကိုင်တွယ်ထားတဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကန်နသ် ဆူစီနီလီက ‘Made in China’ ဆိုတာဟာ ‘သတိထားရမယ့် တံဆိပ်’ ဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဒီပွဲတော်ကာလမှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအတွက် စျေးသက်သက်သာတဲ့ အဝတ်အထည်တွေ ဝယ်ကောင်းဝယ်ကြမှာပါ။ အဲဒါတွေ တရုတ်နိုင်ငံက လာတယ်ဆိုရင်တော့ ခေတ်သစ်ကမ္ဘာက အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲက ကျွန်ပြုမှုကနေ ထွက်လာတဲ့ ပစ္စည်းတွေလည်း ဖြစ်နိုင်ပါတယ်”

    ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံ အထည်ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရှိခဲ့တဲ့ XPCC အပေါ် ပြုလုပ်ထားတဲ့ အမေရိကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုဟာ ဒီလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေ၊ အဝတ်အထည်လုပ်ငန်းတွေအပေါ်မှာလည်း သက်ရောက်မှာ ဖြစ်ပါတယ်။

    စက်တင်ဘာလတုန်းက အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာနဟာ ရှင်ကျန်းဒေသက ထွက်တဲ့ အထည်အားလုံးနဲ့ ခရမ်းချဉ်သီးထွက်ကုန်အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်းက အမေရိကန်ရဲ့ ဒီပိတ်ပင်မှုဟာ သတင်းမှားတွေကို အခြေခံဆောင်ရွက်တာဖြစ်ပြီး၊ တရုတ်လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံကို ဖိနှိပ်လိုတဲ့ သတောမျိုးဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှာ ဝီဂါနဲ့ အခြားလူနည်းစု လူမျိုးတွေကို တရုတ်အစိုးရက ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်ဆောင်နေပြီး အနည်းဆုံး ဝီဂါ တစ်သန်းလောက်ကို အကျဉ်းစခန်းတွေထဲ ထည့်ထားတာ၊ လုပ်အားခေါင်းပုံဖြတ်တာတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့မီဒီယာတွေက ကျယ်ကျယ်ပြန်ပြန့် ဖော်ပြခဲ့ကြပါတယ်။

    တရုတ်ကတော့ ဒီသတင်းတွေကို တစ်စိုက်မတ်မတ် ငြင်းဆိုထားပါတယ်။

    Ref: Nikkei Asia

  • အမေရိကန်နှင့်ပေါင်းကာ ဩစတေးလျက အသံထက်မြန်သည့်ဒုံးကျည် ထုတ်လုပ်မည်

    အမေရိကန်နှင့်ပေါင်းကာ ဩစတေးလျက အသံထက်မြန်သည့်ဒုံးကျည် ထုတ်လုပ်မည်

    ဒီဇင်ဘာ ၂၊ ၂၀၂၀
    M-Media

    -အမေရိကန်နဲ့ ပူးပေါင်းပြီး အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဖန်တီးထုတ်လုပ်သွားမယ်လို့ ဩစတေးလျ ကာကွယ်ရေးဝန်ကြီးက မနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ တိုင်းပြည်ရဲ့ အကျိုးစီးပွား ခြိမ်းခြောက်ခံရမှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ တရုတ်နဲ့ ရုရှားတို့က အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ဖန်တီးထုတ်လုပ်နေတာ ဖြစ်ပါတယ်။

    ဩစတေးလျက အခုထုတ်လုပ်မယ့် ဒုံးကျည်ဟာ အသံထက် ၅ ဆ မြန်မှာဖြစ်ပြီး ခြေရာခံဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဩစတေးလျ ကာကွယ်ရေးဝန်ကြီး လင်ဒါရေနိုးလ်ဒ်က ဒီစီမံကိန်းဟာ မိမိတို့ရဲ့ ကာကွယ်ရေးစွမ်းအားကို ရုတ်ချည်းပြောင်းလဲစေမယ့် စီမံကိန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စီမံကိန်းအတွက် ဘယ်လောက်ကုန်ကျမယ်ဆိုတာနဲ့ ဘယ်တော့ အသုံးပြုနိုင်မယ်ဆိုတာကိုတော့ ဝန်ကြီးက ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အမေရိကန် ခေတ္တကာကွယ်ရေးဝန်ကြီး မီခေးလ် ကရတ်စီယို့စ်က စီမံကိန်းဟာ အနာဂတ် အသံထက်မြန်တဲ့ နည်းပညာ သုတေသနအတွက် အရေးပါပြီး၊ အမေရိကန်နဲ့ မဟာမိတ်တွေကို ဒီနယ်ပယ်မှာ ဦးဆောင်သူတွေ ဖြစ်လာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဩစတေးလျဟာ လတ်တလောမှာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်နေတာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စဖြစ်ခဲ့တဲ့ ကိုဗစ်ကပ်ရောကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးဖို့ ဩစတေးလျက တိုက်တွန်းခဲ့ပြီးတဲ့နောက် တရုတ်ဟာ ဩစတေးလျထုတ်ကုန်တွေအပေါ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

    ဩစတေးလျ စစ်သားတစ်ယောက်ဟာ အာဖဂန်ကလေးငယ်ရဲ့ လယ်ပင်းမှာ ဓားတင်ထားတဲ့ပုံစံ ဖန်တီးထားတဲ့ ပုံတုတစ်ပုံကို တရုတ်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ ဩစတေးလျတို့အကြား တင်းမာမှုဟာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူတွေက တရုတ်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ချထားပြီးပြီ ဒါမှမဟုတ် ချထားဖို့ နီးစပ်နေပြီလို့ သုံးသပ်ထားပါတယ်။

    Ref: Aljazeera

  • အီရန်သိပ္ပံပညာရှင် လုပ်ကြံခံရခြင်းက မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုဟာ ဆော်ဒီပြော

    အီရန်သိပ္ပံပညာရှင် လုပ်ကြံခံရခြင်းက မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုဟာ ဆော်ဒီပြော

    ဒီဇင်ဘာ ၂၊ ၂၀၂၀
    M-Media

    -အီရန်ရဲ့ ထိပ်တန်းနျူသိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒါ လုပ်ကြံခံရမှုဟာ မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ကုလဆိုင်ရာ ဆော်ဒီသံအမတ် အဘ်ဒူလာ အလ်-မူအဲလီမီက ပြောကြားလိုက်ပါတယ်။

    အီရန် ဒုံးကျည်စီမံကိန်းနဲ့ အရက်ဖက် နျူစီမံကိန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဖက္ကရီဇာဒါဟာ သောကြာနေ့က မြို့တော်တီဟီရန်အနီးမှာ လုပ်ကြံခံလိုက်ရတာပါ။ အီရန်ကတော့ ဒါဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်တာဝန်ရှိသူတစ်ချို့ကလည်း အစ္စရေးက လုပ်ကြံတာဖြစ်ကြောင်း ပြီးခဲ့တဲ့တစ်ပတ်က နယူးယောက်တိုင်းမ်စ်သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

    ရုရှားသတင်းဌာန RT နဲ့ အင်္ဂါနေ့က အင်တာဗျူးမှာ ကုလက ဆော်ဒီအမြဲတမ်းသံတမန် အလ်-မူအဲလီမီဟာ ဒီလုပ်ကြံမှုကို ရှုတ်ချခဲ့ပါတယ်။

    “မွတ်စလင် သိပ္ပံပညာရှင်တစ်ယောက်ကို ဆုံးရှုံးတာဟာ မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုတစ်ခုပါ”

    အီရန်အနေနဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး အလျင်စလို လက်တုန့်ပြန်မှုတွေ မလုပ်ဖို့လည်း အလ်-မူအဲလီမီက တိုက်တွန်းခဲ့ပါတယ်။

    ဖက္ကရီဇာဒါ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယူအေအီး၊ ဘာရိန်းတို့အပါအဝင် ပင်လယ်ကွေ့နိုင်ငံအားလုံးက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ ဒီရှုတ်ချမှုထဲမှာ ဆော်ဒီအာရေဗျ မပါဝင်တဲ့အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ခဲ့ပြီးတဲ့နောက် အလ်-မူအဲလီမီရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Alaraby

  • သမ္မတရွေးကောက်ပွဲတွင် ရလဒ်ပြောင်းလောက်သည့် မဲမသမာမှုမျိုး မတွေ့ဟု ကန်ရှေ့နေချုပ် ထုတ်ပြန်

    သမ္မတရွေးကောက်ပွဲတွင် ရလဒ်ပြောင်းလောက်သည့် မဲမသမာမှုမျိုး မတွေ့ဟု ကန်ရှေ့နေချုပ် ထုတ်ပြန်

    ဒီဇင်ဘာ ၂၊ ၂၀၂၀
    M-Media

    -၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ရလဒ်ပြောင်းလဲသွားစေမယ့် မဲမသမာမှုမျိုး မတွေ့ရဘူးလို့ အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် ဝီလီယံ ဘားရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    နိုင်ဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်က အနိုင်ရခဲ့ပေမယ့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က မဲမသမာမှုတွေ ရှိတယ်လို့ဆိုကာ အရှုံးကို လက်မခံပါဘူး။ ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ ပြည်နယ်တစ်ချို့မှာ ဒီကိစ္စအတွက် တရားရုံးကို တိုင်ကြားခဲ့ပေမယ့် သက်သေ ခိုင်ခိုင်လုံလုံ မပြနိုင်တာကြောင့် ပယ်ချခံခဲ့ရပါတယ်။

    မနေ့က AP သတင်းဌာနနဲ့ အင်တာဗျူးမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ သတင်းတွေ၊ တိုင်ကြားမှုတွေကို ရှေ့နေချုပ်ရုံးနဲ့ FBI က တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲနိုင်မယ့် မသမာမှု အထောက်အထားတွေ မတွေ့ခဲ့ဘူးလို့ ရှေ့နေချုပ် ဝီလီယံ ဘားရ်က ပြောကြားခဲ့ပါတယ်။

    ဘားရ်ဟာ သမ္မထရမ့်ရဲ့ အမာခံ မဟာမိတ်တစ်ဦး ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် အမေရိကန်ပြည်သူတွေဟာ မဲရုံတွေကို မသွားဘဲ စာတိုက်ကနေ မဲပေးမယ့် အနေအထားတွေ ရှိနေတာကြောင့် စာတိုက်ကပေးတဲ့ မဲတွေဟာ မသမာမှုတွေ ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲမတိုင်ခင် ဝီလီယံ ဘားရ်က ပြောကြားခဲ့ဖူးပါတယ်။

    ဒါ့အပြင် ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိတယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်လာရင် စုံစမ်းစစ်ဆေးဖို့လည်း နိုင်ငံတစ်ဝှမ်း ပြည်နယ်တွေက ရှေ့နေချုပ်တွေကို ပြီးခဲ့တဲ့လမှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

    ဝီလီယံဘားရ်က ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မရှိဘူးလို့ အခုလို တရားဝင်ထုတ်ပြောတကြောင့် ထရမ့်ရဲ့ စွပ်စွဲချက်တွေဟာ အရာမထင်တော့ဘဲ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကို အာဏာလွှဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။

    Ref: Aljazeera



  • ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေးကို ယူကေက ပထမဆုံး ထိုးခွင့်ပြု

    ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသည့် ကိုဗစ်ကာကွယ်ဆေးကို ယူကေက ပထမဆုံး ထိုးခွင့်ပြု

    ဒီဇင်ဘာ ၂၊ ၂၀၂၀

    M-Media


    – အမေရိကန်-ဂျာမန် ဆေးကုမ္ပဏီ Pfizer/BioNTech က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးက ပြည်သူတွေကို ထိုးနှံဖို့အတွက် ယူကေက ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။

    လူတစ်ယောက်ကို ၂ ကြိမ်ထိုးရမယ့် အဲဒီကာကွယ်ဆေးဟာ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ယူကေကျန်းမာရေးဝန်ကြီးဌာန MHRA က ကာကွယ်ဆေးဟာ အန္တရာယ်ကင်းပြီး လာမယ့် သီတင်းပတ်မှာ စတင်ထိုးနှံသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေဟာ လူဦးရေ သန်း ၂၀ အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကို မှာထားပြီး ဖြစ်ပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်း ကိုဗစ်အန္တရာယ်အရှိဆုံးသူတွေကို စတင်ထိုးနှံပေးသွားမှာပါ။

    ရောဂါကာကွယ်ဆေး ထုတ်လုပ်မှုဟာ သာမန်အားဖြင့် နှစ်ဆယ်ချီ ကြာလေ့ရှိပေမယ့် အခု ကိုဗစ်ကာကွယ်ဆေးကို ၁၀ လအတွင်း ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံးလည်း ဖြစ်ပါတယ်။

    ကာကွယ်ဆေးတွေ စထိုးပေးတော့မှာဖြစ်ပေမယ့် နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေထိုင်တာလို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ဆက်လက်လိုက်နာဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြည်သူတွေကို သတိပေးထားပါတယ်။

    Ref: BBC