News @ M-Media

Blog

  • ကိုဗစ်မရှိကြောင်း ဆေးစာအတုထုတ်ပေးသည့် ဆေးခန်းပိုင်ရှင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ကိုဗစ်မရှိကြောင်း ဆေးစာအတုထုတ်ပေးသည့် ဆေးခန်းပိုင်ရှင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    ဇူလိုင် ၁၇၊ ၂၀၂၀
    M-Media

    ဖမ်းဆီးခံရပြီးနောက် တွေ့ရသည့် မိုဟာမက် ရှာဟဒ် (လယ်)

    -Covid-19 ရလဒ် ထောင်နဲ့ချီ လိမ်လည်ထုတ်ပေးခဲ့တဲ့ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    အသက် ၄၃ နှစ်အရွယ် မိုဟာမက် ရှာဟဒ်ဆိုသူ အဲဒီ ဆေးရုံပိုင်ရှင်ဟာ ၉ ရက်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံကို ဝင်ရောကဖို့ ကြိုးစားစဉ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တာပါ။

    ရှာဟဒ်ပိုင်တဲ့ ဆေးခန်းနှစ်ခုဟာ ဆေးစစ်တဲ့သူ အနည်းဆုံး ၆၅၀၀ လောက်ကို ကိုဗစ်မရှိကြောင်း ဆေးစာအတု တ်ပေးခဲ့သလို၊ အစိုးရစားရိတ်နဲ့ အခဲမဲ့ဆေးစစ်တဲ့ အစီအစဉ်မှာလည်း ပြည်သူတွေထံကနေ ငွေထပ်တောင်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အာရှစ် ဘီလားက ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ရလဒ်လိမ်လည်ထုတ်ပေးမှုအတွက် ဖမ်းဆီးခံရသူဟာ ရှာဟဒ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတွေကို အမှန်တကယ် စမ်းသပ်စစ်ဆေးမှုမရှိဘဲ ကိုဗစ်မရှိကြောင်း ဆေးစာထုတ်ပေးခဲ့တဲ့ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင်တစ်ဦးကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၁၉၃၅၀၀ ဦး ရှိနေပြီး သေဆုံးသူကတော့ ၂၄၅၇ ဦး ရှိနေပါတယ်။ အခုလို လိမ်လည်မှုတွေကြောင့် လူတွေကို ကိုဗစ်စစ်ဆေးဖို့ တိုက်တွန်းရာမှာ အတားအဆီးတွေ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

    Ref: CNN

  • ကမ္ဘာ့ပျားရည်တင်ပို့မှုတွင် အီရန်က ထိပ်တန်းစာရင်း၌ ရပ်တည်

    ကမ္ဘာ့ပျားရည်တင်ပို့မှုတွင် အီရန်က ထိပ်တန်းစာရင်း၌ ရပ်တည်

    ဇူလိုင် ၁၇၊ ၂၀၂၀
    M-Media

    -အီရန်ဟာ ကမ္ဘာပေါ်မှာ ပျားရည်ထုတ်လုပ်တင်ပို့မှု၊ ပျားမွေးမြူမှု စတုတ္တအများဆုံး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အီရန်ရဲ့ ပျားရည်တင်ပို့မှု ပမာဏဟာ မက်ထရစ်တန် ၁၁၂၅၀၀ ရှိခဲ့ပြီး တစ်နှစ်အတွင်း တင်ပို့မှု ၂၄ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

    အီရန်စိုက်ပျိုးရေးဝန်ကြီးဌာနက အကြီးတန်းတာဝန်ရှိသူဖြစ်ပြီး ပျားမွေးမြူရေးစီမံကိန်းရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဖာရ်ဟဒ် ဂက်ဖာရီက နိုင်ငံမှာ ပျားမွေးမြူရေးလုပ်ငန်း အရေအတွက်ကလည်း တိုးတက်လာခဲ့ပြီး စုစုပေါင်း ၉၈၀၀၀ လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပျားရည်အပြင် ပျားနဲ့ပတ်သက်တဲ့ အခြားထုတ်ကုန်တွေ အီရန်က တင်ပို့နိုင်မှုလည်း မြင့်တက်လာခဲ့ပါတယ်။

    ဂက်ဖာရီက နိုင်ငံအတွင်း ပျားမွေးမြူရေး လုပ်ငန်း၊ ဒီလုပ်ငန်းနဲ့ ဆက်စပ်တဲ့ ထုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ပိုမိုတိုးတက်စေဖို့ စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အီရန်ရဲ့ လယ်ယာထုတ်ကုန် တင်ပို့မှုပမာဏလည်း တိုးတက်လာခဲ့ပါတယ်။

    Ref: Press TV

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဇူလိုင် ၁၆၊ ၂၀၂၀
    M-Media

    ကိုဗစ်ကာကွယ်ဆေးအချက်အလက်များ ခိုးယူရန် ရုရှားဟက်ကာများ ကြိုးစား

    -ကိုဗစ်ကာကွယ်ဆေးအချက်အလက်တွေ ခိုးယူဖို့အတွက် ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့မှာရှိတဲ့ ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကာ ရုရှားဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    ယူကေရဲ့ နိုင်ငံတော် ဆိုက်ဘာလုံခြုံရေးစင်တာ(NCSC)က တိုက်ခိုက်မှုကို ရုရှားထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ APT29 အဖွဲ့က ပြုလုပ်တာလို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ကိုဗစ်ကာကွယ်ဆေး သုတေသနကို ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပါတယ်။ ဘယ်အဖွဲ့အစည်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရလဲဆိုတာနဲ့ ဟက်ကာတွေက ဘာတွေရသွားလဲဆိုတာကို NCSC က ထုတ်မပြောပါဘူး။

    ဟက်ကာတွေဟာ ဆော့ဖ်ဝဲယိုပေါက်တွေ၊ Malware တွေကနေတစ်ဆင့် ကွန်ပျူတာကွန်ယက်တွေထဲဝင်ရောက်ခဲ့ကြသလို၊ အသုံးပြုသူတစ်ချို့ရဲ့ Log in အချက်အလက်တွေကိုလည်း ရယူခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး NCSC က အခြား ကာကွယ်ဆေးဖော်နေတဲ့ အဖွဲ့အစည်းတွေကို သတိပေးထားပါတယ်။

    ကိုဗစ်ကြောင့် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု အစီအစဉ်များ ရပ်ဆိုင်း

    • Covid-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေမှာ ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ကာကွယ်ဆေး ထိုးနှံမှုပမာဏ သိသိသာသာ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုဟာ ပြည်သူ့ကျန်းမာရေးမှာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။

    ကိုဗစ်နောက်ဆက်တွဲ လှုပ်ရှားသွားလာမှု ကန့်သတ်တာ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးပစ္စည်း လုံလုံလောက်လောက် မရှိတာတွေကြောင့် အခုနှစ် ပထမ ၄ လပတ်အတွင်း ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၈၀​ လောက်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။

    ကာကွယ်ဆေး မထိုးရတာကြောင့် ဝက်သက်၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ရောဂါတွေ ကူးစက်သေဆုံးမှုကို ပိုမိုမြင်တွေ့ရလိမ့်မယ်လို့လည်း WHO က သတိပေးခဲ့ပါတယ်။

    ဆောင်းရာသီတွင် ကိုဗစ်ဒုတိယလှိုင်းကို ယူကေ ကြုံရဖွယ်ရှိနေ

    • လာမယ့်ဆောင်းရာသီ ယူကေမှာ Covid-19 ဒုတိယလှိုင်း ရိုက်ခတ်နိုင်ပြီး အဆိုးဆုံးအနေအထားမှာ လူပေါင်း တစ်သိန်းနှစ်သောင်းလောက် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    လက်ရှိ ယူကေမှာ ကိုဗစ်ကြောင့် ၄၄၈၃၀ ဦး သေဆုံးထားပြီးဖြစ်ပါတယ်။ ရောဂါ ပြန့်နှံ့ကူးစက်မှု အခြေအနေမကို သုံးသပ်ပြီး ယူကေ ဆေးသိပ္ပံအကယ်ဒီက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လာမယ့် ဆောင်းရာသီကာလအတွင်း ပြန့်နှံ့မှု ဘယ်လောက်ရှိနိုင်လဲဆိုတာ တိတိကျကျ တွက်ဆမရနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

    အေးတဲ့ရာသီမှာ ဗိုင်းရပ်စ်ဟာ ပိုကြာကြာရှင်သန်နိုင်ပြီး၊ လူတွေဟာ အိမ်ထဲမှာပဲ အနေများတာကြောင့် ကူးစက်နိုင်ချေကလည်း ပိုမို မြင့်မားလိမ့်မယ်လို့ ဆိုပါတယ်။

    ယူကေကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်အပြင်၊ အခြား ရာသီပေါ်ရောဂါတွေကြောင့် ဖိအားတွေများလာနိုင်ပြီး အဆိုးဆုံးအခြေအနေ မဖြစ်အောင် အခုအချိန်ကတည်းက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့လည်း အစီရင်ခံစာမှာ ိဖော်ပြခဲ့ပါတယ်။

  • ဝီဂါဒေသဖြစ်သည့် ရှင်ကျန်းပြည်နယ်ကို လာကြည့်ရန် ကန်ကို တရုတ် ဖိတ်ခေါ်

    ဝီဂါဒေသဖြစ်သည့် ရှင်ကျန်းပြည်နယ်ကို လာကြည့်ရန် ကန်ကို တရုတ် ဖိတ်ခေါ်

    ဇူလိုင် ၁၆၊ ၂၀၂၀
    M-Media

    ရှင်ကျန်းပြည်နယ်မြို့တော် အွမ်ရူကီမှ မြင်ကွင်း

    -ရှန်ကျန်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိ၊ မရှိ လာရောက်ကြည့်ရှုဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို ဖိတ်ခေါ်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံအနောက်ပိုင်း ရှန်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြားလူမျိုးငယ် အနည်းဆုံး ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲ ထည့်ထားပြီး ဖိနှိပ်ညှင်းပမ်းမှုတွေ ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ တရုတ်ဖက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ အကျဉ်းချုပ် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်းက ရှင်ကျန်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘဲ၊ ဒါတွေကို လာကြည့်ဖို့အတွက် ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကို ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် တရုတ်အနေနဲ့ အမေရိကန်ရဲ့နေရာကို ယူဖို့ မကြိုးစားသလို၊ စိန်ခေါ်မှာလည်းမဟုတ်ကြောင်း အမေရိကန်အနေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ ပေါ်လစီကို ဓမ္မဓိဌာန်ကျကျ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းကြောင်း ဟွာချွမ်ယင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရှင်ကျန်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားသလို၊ ထိုင်ဝမ်ကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း တရုတ်နဲ့ အမေရိကန်တို့အကြား အခုသီတင်းပတ်တွေအတွင်း တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေးကို အစောဆုံး လာမယ့်လလောက် ထုတ်ဝေဖြန့်ချီသွားမယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အစိုးရရဲ့ ဆေးဘက်ဆိုင်ရာအသင်း Gamalei Institute of Epidemiology and Microbiology က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ Sechenov တက္ကသိုလ်ရဲ့ စမ်းသပ်မှုဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

    တက္ကသိုလ်ရဲ့ သုတေသနအကြီးအကဲ Smolyarchuk က ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ပြီး၊ အန္တရာယ်ကင်းတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်လို့ ရုရှားပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    Gamalei အသင်းရဲ့ ဒါရိုက်တာ Alexander Gintsburg က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြည်တွင်းမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေက လာမယ့်စက်တင်ဘာမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ ပြော​ကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို အဆင့် ၁၊ ၂၊ ၃ အဖြစ် သတ်မှတ်ထားပြီး ဒီ ၃ ဆင့်စလုံးမှာ အန္တရာယ်ကင်းမှု၊ ထိရောက်မှုရှိမှသာ အမြောက်အများ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

    Gamalei အဖွဲ့က ထုတ်လုပ်တဲ့ အခုကာကွယ်ဆေးဟာ အဆင့် ၁၊ ၂ စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဩဂုတ်လ ​တတိယအဆင့် စမ်းသပ်မှု အောင်မြင်ရင် ကိုဗစ်ကာကွယ်ဆေးအဖြစ် ကမ္ဘာကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်​ဆေး စမ်းသပ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်ဝှမ်း ဖြန့်ချီမှု မရှိသေးပါဘူး။

    Ref: Times Now