News @ M-Media

Blog

  • လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    လူမျိုခံရမှုကို တစ်ဆင့်ချင်းတွန်းလှန်လာတဲ့ တိုင်းရင်းသားလူနည်းစုများ

    ဇူလိုင် ၁၁၊ ၂၀၂၀
    M-Media

    ကရင်အမျိုးသမီးများ၏ အကအလှ

    -မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ သူတို့ရဲ့ တိုင်းရင်းသား ‘ဝိသေသနာမ’ ထည့်ခွင့်ရသွားပြီး ဒါဟာ ဆယ်စုနှစ်ချီရှိခဲ့တဲ့ ‘ဗမာဇာတ်သွင်းမှု’ တိုက်ဖျက်ရေး သေးငယ်တဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ယူဆနေကြပါတယ်။

    လူဝင်မှုကြီးကြပ်ရေးရုံးက “မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ရုံးသွားသူတိုင်း တွေ့မြင်ကြရမှာပါ။

    ‘တိုင်းရင်းသားလူမျိုး’ စာရင်းမှာ မပါဝင်တဲ့သူတွေကို နိုင်ငံသား စီစစ်ရာမှာ စေ့စပ်သေချာစေဖို့ လူဝင်ကြီးကြပ်ရေး ဝန်ထမ်းတွေကို သတိပေးတဲ့ ဆောင်ပုဒ်လို့ ယေဘူယျအားဖြင့် ရှုမြင်ကြပါတယ်။

    ဒါပေမယ့် အစိုးရရဲ့ ဗမာဗဟိုပြုပေါ်လစီတွေအောက် ဆယ်စုနှစ်များစွာ မိမိတို့ စာပေယဉ်ကျေးမှုတွေ ဝါးမျိုဖျက်ဆီးခံနေရတယ်လို့ ခံစားနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေကတော့ ဒီဆောင်ပုဒ်ကရည်ရွယ်တဲ့ အခြားအဓိပ္ပါယ်တစ်ခုကို စိုးရိမ်နေကြပါတယ်။

    ဇန်နဝါရီလအစောပိုင်းမှာ မွန်နဲ့ ကရင်ပြည်နယ်အစိုးရတွေက ဗမာမဟုတ်တဲ့လူမျိုးတွေရဲ့ အမှတ်သညာထုတ်ဖော်ခွင့်ကို အားပေးတဲ့ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မွန်၊ ကရင်နဲ့ ပအို့လူမျိုးတွေဟာ ကလေးတွေကို ကျောင်းအပ်တဲ့အခါ၊ နိုင်ငံသားစီစစ်ရေးကဒ် လျှောက်တဲ့အခါ၊ သန်ခေါင်းစာရင်းမှာ လူထပ်တိုးတဲ့အခါ ဗမာ ဝိသေသနာမဖြစ်တဲ့ ‘ဦး’၊ ‘ဒေါ်’ ‘မောင်’ တွေအစား သူတို့ရဲ့ ရိုးရာ ဝိ​ေသသနာမတွေ ထည့်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

    “ဒါဟာ အခြေခံအခွင့်အရေးပဲ ရှိပါသေးတယ်။ နောက်ထပ်တိုက်ယူရမယ့် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်” လို့ မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ အထွေထွေအတွင်းရေးမှူး အသက် ၅၈ နှစ်အရွယ် နိုင်မွန်ရာဇာက ပြောပါတယ်။

    ပြည်နယ်အစိုးရတွေရဲ့ ဒီကြေငြာချက်ကို တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပြီး လူနည်းစုတွေရဲ့ ယဉ်​ကျေးမှုအခွင့်အရေးကို အလေးထားတဲ့ တွေ့ရခဲအရွေ့တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    NLD အစိုးရဟာ ထောက်ခံမှုအဓိကရတဲ့ လူများစုဗမာတွေရဲ့အကြိုက်ကို လိုက်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ရှုမြင်ပြီး NLD ကို တစ်စိုက်မတ်မတ် ဝေဖန်တာတွေလည်း ရှိပါတယ်။

    ဝေဖန်အခံအရဆုံးလို့ ဆိုရမယ့် ကိစ္စတစ်ခုကတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်ခုကို လွတ်လပ်ရေးခေါင်းဆောင် ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကကိစ္စ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေက သူတို့ခေါင်းဆောင်အမည် ဒါမှမဟုတ် သူတို့ရဲ့ ယဉ်ကျေးမှု အမှတ်သညာတစ်ခု ဂုဏ်ပြုမှည့်ခေါ်ဖို့ အလိုရှိကြပြီး ဒီအမည်ပေးမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွေ စိုက်ထူမှုကြောင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေဖက်က ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိလာခဲ့ပါတယ်။ ဗမာခေါင်းဆောင်ကို ဂုဏ်တင်လွန်းပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို လစ်လျူရှုကြတယ်လို့ သူတို့က ထောက်ပြကြပါတယ်။

    တိုင်းရင်းသားတွေရဲ့ ဝိသေသနာမကို အစိုးရက အသိအမှတ်ပြုမှုဟာ ဗမာကြီးစိုးမှု လျော့ချရေး ခြေလှမ်းငယ်တစ်ခုသာ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗမာကြီးစိုးရေးဟာ ဗမာမဟုတ်တဲ့ လူမျိုးတွေရဲ့ အမှတ်သညာ၊ ဘာသာစာပေကို ဖိနှိပ်ရေးအတွက် ပညာရေး၊ ဘာသာရေး၊ ဥပဒေနဲ့ အုပ်ချုပ်ရေးကနေတစ်ဆင့် ဆယ်စုနှစ်ချီ တစ်ဖက်လှည့်နဲ့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ဗမာဇာတ်သွင်းမှုလို့ သူတို့က ခေါ်ပါတယ်။

    အခုလို အသိအမှတ်ပြုခဲ့မှုကြောင့် မွန်အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အမည်ရှေ့မှာ ‘မင်း’၊ ‘မီ’ ထည့်ခွင့်၊ သက်ကြီးအမျိုးသားတွေရဲ့ အမည်ရှေ့မှာ ‘နိုင်’ ထည့်ခွင့်၊ ပိုးကရင်တွေနဲ့ ပအို့အမျိုးသမီးတွေမှာ ‘နန်း’ သုံးခွင့်၊ ပအို့အမျိုးသားတွေ ‘ခွန်’ သုံးခွင့်၊ စကော ကရင်အမျိုးသမီးတွေမှာ ‘နော်’၊ ကရင်အမျိုးသားအားလုံးမှာ ‘စော’ သုံးခွင့် ရမှာဖြစ်ပါတယ်။

    ဝိသေသနာမ

    တိုင်းရင်းသားလူမျိုးစုတွေဟာ အစိုးရစာရွက်စာတမ်းတွေမှာ များသောအားဖြင့် ဗမာ ဝိသေသနာမဖြစ်တဲ့ ‘မ’ တို့ ‘မောင်’ တို့သုံးဖို့ ဖိအားပေးခံရလေ့ရှိပါတယ်။ စစ်အာဏာရှင်စနစ်အောက် ဖမ်းဆီးထောင်ချမှာ ကြောက်တဲ့အတွက် မပြောရဲကြဘူးလို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ စောအေးမြက ပြောပါတယ်။

    စစ်အာဏာရှင်တွေဟာ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အမည်ခံအရပ်သားအစိုးရကို၂၀၁၁ ခုမှာ အာဏာလွှဲပေးခဲ့သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ကတိတဲ့ ၂၀၁၆ ခုနှစ်မှာ NLD အစိုးရ အာဏာရခဲ့ပေမယ့် ဒီအမွေဆိုးတွေက ဆက်လက်တည်ရှိနေတယ်လို့ စောအေးမြက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် မော်လမြိုင်မှာ ကားလိုင်စင်လျှောက်တဲ့အချိန် ကရင်ဝိသေသနာမ ထည့်တာကို အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပြီး ဗမာဝိသေသနာမ ဖြစ်တဲ့ ‘မောင်’ အသုံးပြုမှ လိုင်စင်ထုတ်ပေးတဲ့အဖြစ်အပျက်ကို သူက ထောက်ပြပါတယ်။

    ဗမာဝိဝေသနာမသာထည့်ဖို့ ဘယ်သူက ညွှန်ကြားလဲလို့ ​မေးမြန်းစုံစမ်းရာမှာ တာဝန်ရှိဝန်ထမ်းတွေက နောက်ထပ်ဌာနတစ်ခုကို လက်ညှိုးထိုးပြီး အဲဒီကိုသွားမေးတဲ့အခါမှာလည်း ခေါင်းရှောင်တယ်လို့ စောအေးမြက ပြေ​ာပါတယ်။

    စင်ကာမှာအလုပ်လုပ်နေတဲ့ ကရင်မိသားစုတစ်ခုကလည်း မြန်မာသံရုံးမှာ မွေးစာရင်းလုပ်တဲ့အခါ ဗမာဝိသေသနာမကိုသာ အသုံးပြုဖို့ ညွှန်ကြားခံရတယ်လို့ ဆိုပါတယ်။

    “ဒါကို ဗမာဇာတ်သွင်းတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်တို့ ရှုမြင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တွေကို ဝါးမျိုးဖို့ကြိုးစားတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ပေါ်လစီတစ်ခုပါ။ တိုင်းရင်းသားလူမျိုးတွေ ကြုံရတာကိုကြည့်ရင် ဗမာဝိသေသနာမနဲ့ အမည်တွေ မှည့်ခေါ်ရေး ကျွန်တော်တို့ကို ဖိအားပေးဖို့ ပေါ်လစီတစ်ခု ရှိနေတယ်ဆိုတာ မြင်ရပါတယ်။ ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ်တဲ့ ပေါ်လစီတစ်ခုပါ” လို့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောကြားခဲ့ပါတယ်။

    တိုင်းရင်သားအမည်နဲ့ ဝိသေသနာမတွေကို အသုံးမပြုနိုင်ရေး နောက်ထပ်ဖိအားတစ်ခုက ခွဲခြားဆက်ဆံမှု ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။

    ဗမာဝိသေသနာမမပါတဲ့ တိုင်းရင်းသားဘွဲ့ရတွေ အစိုးရအလုပ် လျှောက်တဲ့အခါ အပယ်ခံရပြီး ဗမာလူမျိုးကိုသာ ဦးစားပေးတာမျိုး၊ အလုပ်ခန့်ရင်လည်း ရာထူးတိုးဖို့ ခက်တာမျိုးတွေ ရှိနေတယ်လို့ နိုင်မွန်ရာဇာက ပြောပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားမိဘတွေဟာ သူတို့ကလေးငယ်တွေကို ဗမာအမည်ပေးပြီး ဗမာဝိသေသနာမသုံးရတာ ဖြစ်ပါတယ်။

    “တိုင်းရင်းသားတွေကို ရာထူးတိုးမပေးတာ အထူးသဖြင့် စစ်တပ်မှာ ဒါမျိုးတွေရှိတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ကျွန်တော်တို့ လူမျိုးတင်မကဘဲ အခြားတိုင်းရင်းသားတွေရဲ့ အမှတ်သညာတွေပျောက်မှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”

    ကိုယ်စားပြုခွင့်ရရေး တိုက်ပွဲဝင်

    ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင်ရွက်လာခဲ့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် လူးနည်းစု ခေါင်းဆောင်တွေဟာ သူတို့ယူဆထားတဲ့ ဗမာဇာတ်သွင်းရေးကို တွန်းလှန်ဖို့နဲ့ သူတို့လူမျိုးကို အသိအမှတ်ပြုမှု၊ အလေးထားမှုပိုရဖို့ ပိုမိုအားထုတ် လုပ်ဆောင်လာနိုင်ကြပါတယ်။

    လမ်းအမည်တွေကို မွန်စာနဲ့ရေးတာလို အရင်က ပိတ်ပင်ထားတဲ့ အမှတ်သညာထုတ်ဖော်ခွင့်မျိုး ပြန်တွေ့လာရတယ်။ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာဆိုရင် မွန်လူမျိုးအမှတ်သညာ ဟင်္သာငှက်ကို ဗမာအမှတ်သညာလို့ ယူဆရတဲ့ နေရာတွေမှာ အစားထိုးလာပါတယ်။ မွန်ကလေးငယ်တွေကလည်း မွန်အမည်တွေ မှည့်လာကြပြီး၊ လူငယ်တွေကိုလည်း ကိုယ့်လူမျိုးအချင်းချင်းသာ လက်ထက်ဖို့ အားပေးလာကြပါတယ်။

    အချို့နယ်ပယ်တွေမှာတော့ တက်ကြွလှုပ်ရှားသူတွေ မျှော်လင့်ထားသလို အစိုးရပေါ်လစီအပြောင်းအလဲဟာ မြန်မြန်ဆန်ဆန်မရှိဘဲ နှေးကွေးပါတယ်။

    နိုင်မွန်ရာဇာဟာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ မွေးဖွားပြီး စစ်အာဏာရှင်လက်ထက်မှာ ကြီးပြင်းခဲ့သူပါ။ စစ်အာဏာရှင်တွေဟာ ကလေးတွေကို ဗမာဝိသေသနာမတွေ အသုံးပြုဖို့ ဖိအားပေးရုံသာမက၊ မွန်နဲ့ အခြားတိုင်းရင်းသား စာ​ပေ၊ ဘာသာစကားတွေကို စာသင်ကျောင်းတွေနဲ့ ပြည်သူလူထုကြား အသုံးမပြုနိုင်အောင်လည်း ဖိနှိပ်ခဲ့ပါတယ်။

    ဒါ့ကြောင်ပဲ ‘မွန်ပြည်သစ်ပါတီ’ ရဲ့ အဓိကပေါ်လစီတွေထဲကတစ်ခုဟာ မွန်ဘာသာစကား သင်ကြားရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဖြစ်လာတာပါ။ မွန်ပြည်သစ်ပါတီဟာ အစိုးရကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွေကတည်းက မွန်စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ပညာရေးဥပဒေအရ တိုင်းရင်းသားဘာသာစကားတွေကို စာသင်ကျောင်းတွေမှာ တစ်ဖြည်းဖြည်း ထည့်သွင်းသင်ကြားလာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး တိုင်းရင်းသား ဘာသာစကား သင်ကြားရေး အကူဆရာတွေကို ခန့်အပ်တာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးက သင်ရိုးညွှန်းတမ်းမှာ တိုင်းရင်းသား ဘာသာစာပေ သင်ကြားဖို့ ထည့်သွင်းတာတွေ လုပ်ဆောင်လာကြပါတယ်။

    ဒါပေမယ့် အစိုးရအုပ်ချုပ်ရေးနဲ့ လူထုကြားက အချို့နယ်ပယ်တွေမှာတော့ ပညာရေးကဏ္ဍမှာလို သိသိသာသာတိုးတက်မှုမျိုး မရှိဘူးလို့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက စောဒကတက်ကြပါတယ်။

    တရားဝင်နိုင်ငံရေးမှာ ကိုယ်စားပြုခွင့်ကန့်သတ်ခံရမှုကိုလည်း တိုင်းရင်းသားတွေက ကြုံတွေ့နေရပါတယ်။

    ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၀.၁ ရာခိုင်နှုန်းရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခွင့်ရပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်လို လူမျိုးအမည်နဲ့ မှည့်ခေါ်တဲ့ ပြည်နယ်တွေ၊ ဓနုနဲ့ ပအို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ မှည့်ခေါ်ခြင်းခံရတဲ့ တိုင်းရင်းသားတွေက ဒီလိုဝန်ကြီးမျိုး ခန့်အပ်ခွင့် မရှိပါဘူး။

    ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်းအရ လူဦးရေ ၅၁၄၀၀ ရှိတဲ့ လူမျိုးစုတွေဟာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ခန့်အပ်ခွင့်ရမှာဖြစ်ပြီး မွန်ခေါင်းဆောင်တွေက ရန်ကုန်မှာရှိတဲ့ မွန်လူဦးရေဟာ ဒီပမာဏကို အလွယ်တကူ ကျော်လွန်နိုင်တယ်လို့ မှတ်ယူခဲ့ကြပါတယ်။

    ရန်ကုန်အခြေစိုက် ‘မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း’ က လွန်ခဲ့တဲ့ ၆ နှစ် လူဦးရေစာရင်းကောက်တဲ့အချိန် ရန်ကုန်မှာ မွန်လူမျိုး ၁ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် ၄၅၀၀၀ သာ တွေ့ခဲ့ပြီး အဲဒီအထဲက ၁၅၀၀ လောက်သာ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ မွန်လို့ ရေးသားထားပါတယ်။ နိုင်ငံသားစီစစ်ရေးကဒ်ပြားမှာ ကိုင်ဆောင်သူရဲ့ လူမျိုး၊ ဘာသာ အမည်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

    ကျန်တဲ့မွန်လူမျိုးတွေကတော့ သူတို့ကဒ်ပြားမှာ ဗမာလို့အရေးခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလို လူဦးရေနည်းတာဟာ အစိုးရအုပ်ချုပ်ရေးယန္တရားက ခွဲခြားဆက်ဆံမှုစနစ် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဗမာလို့အရေးခံတဲ့ မွန်တွေကိုယ်တိုင်က သူတို့ရဲ့ ဇာတိသမိုင်းကို သိရှိမှု အားနည်းလို့ ဖြစ်ပါတယ်။

    ဒီအနေအထားကြောင့်ပဲ မန္တလေးတိုင်းဒေသကြီးမှာ ကရင်တွေ တိုင်းရင်းသားရေးရာဝန်ကြီး မရခဲ့ဘူးလို့ စောအေးမြက ပြောပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ရှိရာမှာ ကရင်က ၅ ဦးပါဝင်ပြီး ရန်ကုန်၊ ဧရာ၀တီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

    တိုင်းရင်းသားအခွင့်အရေး ရရှိအောင် ကြိုးစားရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လားလို့ မေးမြန်းရာမှာ မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ပေါ်လစီပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ စောအေးမြက ပြောပါတယ်။

    “တိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်ရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေက ဘယ်လောက် အသုံးဝင်လဲဆိုတာ ဒီကိစ္စက ပြသနေပါတယ်”

    NLD အစိုးရက ၂၀၁၆ ခုနှစ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပြီး ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးလို့ ဝေဖန်ခံနေရပေမယ့် ဒီဖွဲ့စည်းမှုဟာ ခြေတစ်လှမ်းတိုးတာဖြစ်တယ်လို့ စောအေးမြက ပြောပါတယ်။

    အရင်က တိုင်းရင်းသားကိစ္စနဲ့ ကြုံလာတဲ့အခါ ​မြန်မာအာဏာပိုင်တွေဟာ ‘ဘော်လီဘော ပုတ်နေကြတယ်’ လို့ သူက ဆိုပါတယ်။

    “အခုဆိုရင် ကျွန်တော်တို့ သွားပြောစရာနေရာတစ်ခုရှိပြီပေါ့ဗျာ။ ဒါဟာ ပြောင်းလဲမှုလေးတစ်ခုပေါ့။ မြန်မာအစိုးရအောက်မှာ တိုင်းရင်းသားအခွင့်အရေး တိုက်ပွဲဝင်ရတာ လွယ်တဲ့အလုပ် မဟုတ်ဘူးဗျ။ နိုင်ငံရေးဖိအားပေါ်မူတည်တယ်။ ဒါ့ကြောင့် ကရင်တစ်ဦးတည်းက လုပ်လို့မရဘူး။ ။ တိုင်းရင်းသားအားလုံးပေါင်းပြီး အားကောင်းတဲ့လှုပ်ရှားမှုနဲ့ စုပေါင်းတောင်းဆိုဖို့ လိုအပ်ပါတယ်”

    လူဝင်မှုကြီးကြပ်ရေးရုံးမှာ ‘ကမ္ဘာတည်သ၍ မြန်မာပြည်တည်ရှိရမည်’ ဆိုတဲ့ ဆောင်ပုဒ်တစ်ခုလည်း ရှိနေပါတယ်။

    တိုင်းပြည်တည်တံ့ခိုင်မြဲရေး ခိုင်မာတဲ့သဘောထားကို ဖော်ပြထားတာမျိုး ဖြစ်ပေမယ့် တိုင်းရင်းသားတွေထက် ဗမာလူမျိုးကိုသာ ပိုပြီး ရည်ညွှန်းပုံ ရပါတယ်။ တိုင်းရင်းသားတွေအတွက်ကတော့ သူတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲဟာ နိုင်ငံတကာစင်မြင့်မှာ တိုက်နေရတာမျိုးမဟုတ်ဘဲ တိုင်းပြည်ရဲ့ နယ်နမိတ်အတွင်းမှာ တိုက်နေရတာမျိုးပါ။

    “မြန်မာနိုင်ငံတည်သ၍ ငါတို့ရဲ့ စာပေယဉ်ကျေးမှု တည်ရှိရမည်” ဆိုတဲ့ တိုက်ပွဲမျိုး ဖြစ်ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် Call me Mi: Ethnic groups celebrate honorifics victory ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည့် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ။)

  • ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်သည့် တရုတ်ထိပ်တန်း တာဝန်ရှိသူများကို ကန်အရေးယူ

    ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်သည့် တရုတ်ထိပ်တန်း တာဝန်ရှိသူများကို ကန်အရေးယူ

    ဇူလိုင် ၁၀၊ ၂၀၂၀
    M-Media

    ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် ချင်ချွမ်ဂို
    • နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါတွေနဲ့ အခြားလူမျိုးစုငယ်တွေကို ဖိနှိပ်ညှင်းပမ်းမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေကို အမေရိကန်အစိုးရက အင်္ဂါနေ့မှာ ထပ်မံ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

    အရေးယူခံရသူတွေက ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချင်ချွမ်ဂိုနဲ့ အခြား ကွန်မြူနစ်ပါတီ အကြီးတန်းတာဝန်ရှိသူ ၃ ဦး​ ဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက လူ့အခွင့်အရေးချိုးဖောက်သူတွေကို ပစ်မှတ်ထားတဲ့ Global Magnitsky Act အက်ဥပဒေအရ အမေရိကန်အစိုးရက အခုလို ပိတ်ဆို့ အရေးယူခဲ့တာပါ။ ဥပဒေအရ အရေးယူခံရသူတွေရဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ ပြည်ဝင်ခွင့်ပိတ်တာတွေ လုပ်မှာအပြင်၊ ဒီလူတွေနဲ့ မဆက္ဆံဖို႔ အမေရိကန်နိုင်ငံသားတွေကို တားမြစ်မှာ ဖြစ်ပါတယ်။

    ချင်ချွမ်ဂိုဟာ ရှင်ကျန်းပြည်နယ် ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အမေရိကန်က အမည်ပျက်စာရင်းသွင်းတဲ့ ကွန်မြူနစ်ပါတီတာဝန်ရှိသူတွေထဲမှာ ရာထူးအကြီးဆုံး ဖြစ်ပါတယ်။ ရှန်ကျန်းပြည်နယ်ဟာ ဝီဂါမွတ်စလင်တွေနဲ့ အခြား လူနည်းစုတွေ ဖိနှိပ်ညှင်းပမ်းမှုကို အဓိကခံရတဲ့ ဒေသပါ။

    ဝီဂါနဲ့ အခြားလူမျိုးစု အနည်းဆုံး ၁ သန်းလောက်ကို တရုတ်အစိုးရက အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းထားပြီး ညှင်းပမ်းနေတယ်လို့ ကမ္ဘာ့မီဒီယာတွေ အဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    “တရားလက်လွတ်ဖမ်းဆီးတာ၊ အဓမ္မ လုပ်အားခိုင်းစေတာ၊ ဘာသာရေးဖိနှိပ်တာ၊ အဓမ္မ သားကြောဖြတ်တာ၊ မြုံအောင်လုပ်တာ စတဲ့ ရှင်ကျန်းက လူမျိုးစုငယ်တွေအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှင်းပမ်းနေတာတွေကို ကမ္ဘာကြီးက ဆန့်ကျင်ကြဖို့ အမေရိကန်က တိုက်တွန်းဆော်ဩပါတယ်” လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး ဒီအရေးယူမှုဟာ ‘နောက်နေတာ’ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ရှင်ကျန်းကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ကျိုဟိုင်လင်၊ ရှင်ကျန်း ပြည်သူ့လုံခြုံရေးဗျူရို ဒါရိုက်တာနဲ့ အထွေထွေအတွင်းရေးမှူး ဝမ်မင်ရှန်း၊ ဗျူရိုရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဟိုလျိုးတို့လည်း အရေးယူခံရတဲ့စာရင်းမှာ ပါဝင်ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ချမ်ချွမ်ဂို၊ ကျိုဟိုင်လင်းနဲ့ ဝမ်မင်ရှန်းတို့ကို ဗီဇာကန့်သတ္မႈ ထပ်လုပ်ခဲ့ပြီး သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အမေရိကန်ဝင်ရောက်ခွင့်ကို တားဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချွမ်ချွန်ဂိုဟာ တိဘက်ဒေသကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်တာ အုပ်ချုပ်မှုအတွင်း တိဘက်ပြည်သူတွေ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေအပေါ် ဖိနှိပ်ညှမ်းပမ်းမှုလုပ်တာ၊ တိဘက်က ကမ္ဘာ့အကြီးဆုံး ဘုန်းကြီးကျောင်းကို ဖြိုဖျက်တာ စတဲ့လုပ်ရပ်တွေ လုပျခဲ့တဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် ရှင်ကျန်းပြည်နယ်ကို တာဝန်ယူရတဲ့အချိန်မှာတော့ တိဘက်မှာ ၅ နှစ်တာ ဖိနှိပ်မှုစနစ်ကို တစ်နှစ်တည်းနဲ့ အကောင်အထည်ဖော်ခဲ့ပါတယ္။

    Ref: Aljazeera

  • နိုင်ငံရေးဩဇာကြီးသည့် ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက်တွေ့

    နိုင်ငံရေးဩဇာကြီးသည့် ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက်တွေ့

    ဇူလိုင် ၁၀၊ ၂၀၂၀
    M-Media

    သေဆုံးသွားသည့် ဆိုးလ်မြို့တော်ဝန် ပက်ဝွန်ဆွန်

    -တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်ရဲ့ သက်တော်ရှည်မြို့တော်ဝန် ပက်ဝွန်ဆွန်းဟာ မနေ့က ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် မြို့မြောက်ပိုင်းက တောထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ ရှိခဲ့ပါတယ်။

    ဖခင်ပျောက်ဆုံးသွားကြောင်း ပက်ရဲ့ သမီးဖြစ်သူက ကြာသာပတေးနေ့ညနေ ၅ နာရီလောက်မှာ တိုင်ကြားခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ ပက်ရဲ့ဖုန်းကို နောက်ဆုံးခြေရာခံနိုင်ခဲ့တဲ့ ဆိုးလ်မြို့မြောက်ပိုင်းက ဘူဂက်တောင်မှာ ရှာဖွေခဲ့ကြတာပါ။

    အင်အား ၆၀၀ ကျော်နဲ့ ၇ နာရီလောက်ရှာဖွေခဲ့ပြီးတဲ့နောက် ပက်ရဲ့အလောင်းကို တွေ့ရှိခဲ့ပါတယ်။ အသတ်ခံရတယ်ဆိုတဲ့လက္ခဏာ၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့ မှတ်ချက်မျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပက် ပျောက်ဆုံးသွားမှု အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဆိုးလ်မြို့အခြေစိုက် SBS သတင်းဌာနက ပက်ဟာ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင်လုပ်မှုနဲ့ အတွင်းရေးမှူးတစ်ယောက်ရဲ့ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုကို ခံထားရတယ်လို့ ဖော်ပြခဲ့ပါတယ်။

    မြို့တော်ခန်းမမှာ အလုပ်အလုပ်တဲ့ အမျိုးသမီး ဝန်ထမ်းတစ်ချို့ကိုလည်း ပက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုရှိခဲ့တယ်လို့ တိုင်ကြားတဲ့ အတွင်းရေးမှူးက ထွက်ဆိုခဲ့ကြောင်း SBS သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အခြား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ MBC က ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ​ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရတဲ့ ပက်ဟာ ၃ ကြိမ်ဆက်အရွေးခံရတဲ့ ပထမဆုံး ဆိုးလ်မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ပါတယ်။ သမ္မတ မွန်ဂျယ်အင်ရဲ့ ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။

    Ref: Aljazeera

  • Covid-19 ကူးစက်မှုနည်းလမ်းသစ်အကြောင်း သိကောင်းစရာ (၅) ချက်

    Covid-19 ကူးစက်မှုနည်းလမ်းသစ်အကြောင်း သိကောင်းစရာ (၅) ချက်

    ဇူလိုင် ၉၊ ၂၀၂၀
    M-Media

    -လူ့ခန္ဓာကိုယ်ကနေထွက်ပြီး လေထဲမှာ လွင့်မျောနိုင်တဲ့ အမှုန်စက် (Aerosol) ကနေတစ်ဆင့် Covid-19 ကူးစက်နိုင်တယ်လို့ နိုင်ငံ ၃၂ နိုင်ငံက သိပ္ပံနဲ့ သုတေသနပညာရှင် ၂၃၉ ဦး တနင်္လာနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အင်္ဂါနေ့မှာ ဒီကိစ္စကို အတည်ပြုခဲ့ပါတယ်။

    အမှုန်စက်နေ ကိုဗစ်ကူးစက်မှုနဲ့ ပတ်သက်တဲ့ အသိကောင်းစရာ ၅ ချက်ကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    ၁။ လေကတစ်ဆင့် ကူးစက်မှုဆိုတာ ဘာလဲ?

    Covid-19 ရောဂါဟာ ပါးစပ်နဲ့ နှာခေါင်းကနေ ထွက်ပြီး အောက်ကို အလျင်အမြန်ကျတဲ့ အရည်စက် (Droplet) တွေကနေ ကူးစက်တတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရင်က ထုတ်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် သိပ္ပံပညာရှင်တွေ၊ သုတေသန ပညာရှင်တွေက လူတွေ အော်ဟစ်တာ၊ သီချင်းဆိုတာမျိုးကနေ ထွက်လာပြီး လေထဲမှာ လွင့်မျောနိုင်တဲ့ အမှုန်စက် (Aerosol) တွေကနေတစ်ဆင့် ကူးစက်တဲ့ အထောက်အထားတွေ တွေ့လာရတယ်လို့ တစ်စိုက်မတ်မတ် ထောက်ပြလာကြပါတယ်။

    ၂။ အရည်စက် (Droplet) နဲ့ အမှုန်စက် (Aerosol) ဘာကွာလဲ?

    ချောင်းဆိုးတာ၊ နှာချေတာကနေထွက်တဲ့ Droplet တွေဟာ အချင်း ၅ မိုက်ခရိုမီတာကနေ ၁၀ မိုက်ခရိုမီတာအထိ ရှိပြီး ၃ ပေကနေ ၆ ပေ အကွာအဝေးထိသာရောက်ကာ အောက်ကိုကျတာ​ပါ။ အချင်း ၅ မိုက်ခရိုနီတာထက်သေးတဲ့ Aerosol အမှုန်လေးတွေကတော့ ၆ ပေကျော်တဲ့ အကွာအဝေးအထိ လေထဲမှာ လွင့်မျောသွားနိုင်ပါတယ်။

    ယူကေက ဆေးဝါးဇီ၀ဗေဒပညာရှင် စတီဖနီဒန်ဆာက Droplet နဲ့ Aerosol နှစ်ခုစလုံးမှာပါတဲ့ ကိုရိုနာဗိုင်းရပ်ဟာ ဓာတ်ခွဲခန်းအတွင်းမှာ ၃ နာရီလောက် အသက်ရှင်တာကိုတွေ့ရပြီး အပြင်မှာတော့ အပူချိန်၊ စိုစွတ်မှုတွေ၊ ခရမ်းလွန်ရောင်ခြည်၊ လေထဲက အခြားအမှုန်တွေနဲ့ ထိတွေ့မှု စတဲ့အခြေအနေတွေအပေါ် မူတည်ပြီး ရှင်သန်ချိန် အပြောင်းအလဲရှိနိုင်တယ်လို့ ဆိုပါတယ်။

    “Aerosol တွေဟာ အခန်းအတွင်းမှာတောင် ၆ မီတာ (၁၈ ပေ) လောက်အထိ မျောပါနိုင်ပါတယ်။ အပြင်မှာ လေတိုက်တာတွေ ဘာတွေနဲ့ဆိုရင် ဒီထက်တောင်ပိုပြီး ဝေးဝေးရောက်နိုင်ပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်နိုင်လဲဆိုတာက Aerosol ရဲ့ အရွယ်အစားအပေါ် မူတည်ပါတယ်”

    ၃။ လေထဲကနေ Covid-19 ဘယ်လိုကူးလဲ?

    အရည်စက် (Droplet) လိုပဲ အမှုန်စက် (Aerosol) တွေကလည်း အသက်ရှုတာ၊ စကားပြော၊ ရယ်မောတာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ သီချင်းဆိုတာ၊ အော်ဟစ်တာ စတဲ့အခြေအနေတွေကနေ ထွက်တက်ပါတယ်။

    အသက်ရှုတာကနေထွက်တဲ့ အမှုန်စက်လောက်က ဝေးဝေးမသွားနိုင်ပေမယ့် အော်ဟစ်တာ၊ သီချင်းဆိုတာ၊ ​ချောင်းဆိုတာနဲ့ နှာချေတာမျိုးလို အခြေအနေမျိုးတွေကနေထွက်လာရင် ပိုဝေးဝေးရောက်နိုင်တယ်လို့ ဒန်ဆာက ပြောပါတယ်။

    “အမှုန်စက် တစ်စက်လောက်မှာ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်မျိုး မပါဝင်ပေမယ့် အသက်ရှုရာကနေ အမှုန်စက်တွေ များလာတဲ့အချိန် ပါးစပ်၊ နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းတွေမှာ အမှုန်စက်တွေ သွားစုပြီး ကူးစက်နိုင်ပါတယ်”

    အမှုန်စက်ကနေ ကူးစက်မှုဟာ လူနာတွေနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ကျန်းမာရေး​ဝန်ထမ်းတွေအတွက် ကူးစက်နိုင်မှုအန္တရာယ်လည်း ပိုမိုမြင့်တက်လာစေပါတယ်။

    ၄။ အမှုန်စက်​ကြောင့် ကူးစက်မှုအတိုင်းတာ ဘယ်လောက်ရှိလဲ?

    အမှုန်စက် (Aerosol) ကနေတစ်ဆင့် ကူးစက်မှုဟာ ဘယ်လောက်အတိုင်းအတာအထိ ရှိနိုင်လဲဆိုတဲ့မေးခွန်းအတွက် လက်ရှိမှာ အဖြေမရှိသေးပါဘူး။

    အရည်စက် (Droplect) တွေကနေတစ်ဆင့်သာ ကိုဗစ်ကူးစက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အချိန်အတော်ကြာ လက်ခံခဲ့ပေမယ့် အမှုန်စက် (Aerosol) ကနေ ကူးစက်မှု အထောက်အထားတွေကို အများအပြားတွေ့လာရကြောင်း အခုတစ်ပတ်မှာ ဝန်ခံခဲ့ပါတယ်။

    WHO ရဲ့ ကူးစက်ရောဂါထိန်းချုပ်တားဆီးရေး နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲ ဘန်နီဒက်တာ အလီဂရန်ဇီက လူများတဲ့နေရာတွေ၊ အလုံပိတ်အ​ဆောက်အဦးတွေ၊ လေဝင်လေထက် သိပ်မကောင်းတဲ့ နေရာတွေမှာ အမှုန်စက်တွေကနေတစ်ဆင့် ကူးစက်နိုင်ချေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၅။ ဘယ်လိုကာကွယ်မလဲ?

    နှာခေါင်းစည်း အမြဲတမ်းတပ်တာ၊ လူတွေနဲ့ ခပ်ခွာခွာနေတာ စတဲ့ အလေ့အကျင့်တွေကို အမြဲတမ်း ကျင့်သုံးသွားရမယ်လို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

    အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလိုင်းတွေကို လူများတဲ့နေရာတွေကို ရှောင်ရှားဖို့ လိုအပ်သလို၊ ကျောင်းတွေ၊ ရုံးတွေနဲ့ ဆေးရုံတွေမှာ လေဝင်လေထွက်ကောင်းအောင်လုပ်တာက ကူးစက်မှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ လေဝင်လေထွက်ကောင်းအောင် မလုပ်နိုင်တဲ့ နေရာတွေမှာတော့ လေစစ်ဇကာတွေ၊ လေသန့်စင်စက်တွေ ထားရှိဖို့လည်း ပညာရှင်တွေက အကြံပြုထားပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းအား ထပ်ကျူးကျော်မည့်အစ္စရေး၏လုပ်ရပ်ကို နိုင်ငံ ၄ နိုင်ငံက သတိပေး

    ပါလက်စတိုင်းအား ထပ်ကျူးကျော်မည့်အစ္စရေး၏လုပ်ရပ်ကို နိုင်ငံ ၄ နိုင်ငံက သတိပေး

    ဇူလိုင် ၉၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်းဒေသအား ဂျူးများက ကျူးကျော်သိမ်းပိုက်မှု အဆင့်ဆင့်

    -ကျူးကျော်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကို ပိုင်နက်ထဲ ထပ်မံသွတ်သွင်းမယ်ဆိုရင် ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ထိခိုက်လိမ့်မယ်လို့ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျော်ဒန်တို့က အစ္စရေးကို သတိပေးလိုက်ပါတယ်။

    မဟာဗျူဟာကျတဲ့ ဂျော်ဒန်ချိုင့်ဝှမ်းဒေသ အပါအဝင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နယ်မြေ ၃၀ ရာခိုင်နှုန်းလောက်ကို ဇူလိုင် ၁ ရက်နေ့မှာ ပိုက်နက်ထဲထည့်သွင်းဖို့ နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရအဖွဲ့က စီစဉ်ထားတာပါ။ ဒီသိမ်းပိုက်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုတဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အစ္စရေးအစိုးရက ဇူလိုင် ၁ ရက်နေ့မှာ ဘာမှမထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်တာဝန်ရှိသူတွေနဲ့ အစ္စရေးလုံခြုံရေး အကြီးအကဲတွေအကြား ဆွေးနွေးမှုတွေ ဆက်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ပိုင်နက်ထဲ သွတ်သွင်းတာမျိုးဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့ အုတ်မြစ်ကို ထိခိုက်စေလိမ့်မယ်လို့ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးတွေ အင်္ဂါနေ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ဒီပြဿနာမှာ ပါဝင်တဲ့သူတွေက သဘောတူတာမျိုးမဟုတ်ဘဲနဲ့ ၁၉၆၇ ခုနှစ်တုန်းက ရှိတဲ့ နယ်နိမိတ် အပြောင်းအလဲလုပ်တာကို ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ အစ္စရေးရဲ့ ဒီခြေလှမ်းဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာဖြစ်ပြီး မျှတပြည့်စုံတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာလည်း အဓိကအဟန့်အတား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်”

    နိုင်ငံတကာဥပဒေကို အခြေခံတဲ့ နှစ်နိုင်ငံတည်ရှိရေးမူကိုသာ မိမိတို့က လက်ခံပြီး အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်နက်ထဲသွတ်သွင်းမယ့် အစ္စရေးရဲ့ လုပ်ရပ်ဟာ မိမိတို့နဲ့ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera