News @ M-Media

Blog

  • ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဂျော့ဖလွိုက်ကို ရဲအရာရှိက သတ်ခဲ့သည်ဟု မင်နီယာပိုလစ်ရဲချုပ် ဝန်ခံ

    ဇါန် ၂၅၊ ၂၀၂၀
    M-Media

    ဖလွိုက်ဒေသဆုံးသည်အထိ လည်ပင်းကို ဒူဖြင့်ထောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ချူဗင်း

    -လူမည်းအမျိုးသား ဂျော့ဂျ်ဖလွိုက်သေဆုံးမှုဟာ လူတ်သတ်ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တမင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မင်နီယာပိုလစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲက မီဒါရီယာ အေရာဒွန်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။

    ဂျော့ဖလွိုက်သေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်တဲ့ရဲတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး၊ ရဲတပ်ဖွဲ့အတွင်း ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

    ဖလွိုက်ကို သေဆုံးတဲ့အထိ ဒူးနဲ့ လည်ပင်းကိုထောက်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရက်ချူဗင်းနဲ့ ဖမ်းဆီးမှုမှာ ပါ၀င်တဲ့ အခြားရဲတပ်ဖွဲ့၀င် ၃ ဦးဟာ လက်ရှိမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

    အခင်းဖြစ်ပွားရာ မင်နီယာပိုလစ်မြို့ရဲ့ ရဲချုပ် မီဒါရီယာ အေရာဒွန်ဒိုရဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ဒဲရက်ချူဗင်းဟာ ဖလွိုက် အသက်ရှူကြပ်နေသာ သိသိကြီးနဲ့ လုပ်​​ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မစ္စတာ ဂျော့ဂျ်ဖလွိုက် ဆိုးဆိုးရွားရွားသေဆုံးမှုဟာ လေ့ကျင့်မှု အားနည်းလို့ မဟုတ်ပါဘူး။ လေ့ကျင်မှုကောင်းခဲ့တယ်။ (ရဲအရာရှိ) ချူဗင်းဟာ သူ့လုပ်ရပ်ကို သူသိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဘာဖြစ်နေလဲဆိုတာ သိကြပါတယ်။ တစ်ယောက်က တမင် အသက်ရှုကြပ်အောင် လုပ်ပြီး နောက်လူတွေကလည်း ဒါကို မတားကြပါဘူး။ ဒါဟာ လူသတ်မှုဖြစ်ပြီး လေ့ကျင့်မှုအားနည်းတာကြောင့် မဟုတ်ပါဘူး”

    ဒီလိုအနေအထားမျိုးနဲ့ ဖမ်းဆီးတဲ့အခါ အသက်ရှုကြပ်ပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားအသိပေးဖို့ ၂၀၁၃ ခုနှစ်က အကြံပြုချက်ကို မင်နီယာပိုလစ်ရဲဌာနက အပြည့်အ၀ လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း ရဲချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • ပါလက်စတိုင်းအား ထပ်သိမ်းရေး အစ္စရေး၏ အစီအစဉ်သစ်က ကမ္ဘာ့လုံခြုံရေးကို ထိခိုက်လာနိုင်

    ပါလက်စတိုင်းအား ထပ်သိမ်းရေး အစ္စရေး၏ အစီအစဉ်သစ်က ကမ္ဘာ့လုံခြုံရေးကို ထိခိုက်လာနိုင်

    ဇွန် ၂၅၊ ၂၀၂၀
    M-Media

    လုံခြုံရေးကောင်စီ အစည်းအ၀​ေးတွင် တွေ့ရသည့် ပါလက်စတိုင်း ကိုယ်စားလှယ်များ

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ အစိတ်အပိုင်းတစ်ချို့ကို ပိုင်နက်ထဲထည့်သွင်းမယ့် အစ္စရေးရဲ့ အစီအစဉ်ကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို အန္တရာယ်ရှိစေပြီး၊ မတည်ငြိမ်မှုဟာ ဒေသအပြင်ဖက်အထိ ​ေရာက်သွားနိုင်တယ်လို့ အဖွဲ့ဝင် ၂၂ နိုင်ငံပါတဲ့ အာရပ်လိဂ်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    အစ္စရေးဟာ အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဇူလိုင်လ ၁ ရက်နေ့ရောက်ရင် ပိုင်နက်ထဲ သွတ်သွင်းဖို့ စီစဉ်ထားတာပါ။

    ကုလ လုံခြုံရေးကောင်စီရဲ့ မနေ့က အရေးပေါ်အစည်းအဝေးမှာ အာရပ်လိဂ်ရဲ့ အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘ်ဒူလ် ဂီအစ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာလုံခြုံရေးကို ထိခိုက်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    “အစ္စရေးရဲ့ ဒီနယ်မြေသွတ်သွင်းရေးအစီအစဉ်ကိုသာ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာ ဒီကနေ့ရနေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ဆီးစေရုံသာမက အနာဂတ် ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကိုလည်း ပျက်ဆီးစေပါလိမ့်မယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရေးကို ပါလက်စတိုင်းတွေ ယုံကြည်တော့မှာမဟုတ်သလို၊ အာရပ်တွေကိုယ်တိုင် ဒေသတွင်းငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားမှု လျော့ကျသွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်”

    ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က အစ္စရေးအနေနဲ့ ဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပြီး၊ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို အကြီးအကျယ် ချိုးဖောက်တာဖြစ်ကြောင်း၊ နှစ်နိုင်ငံတည်ရှိရေး မျှော်မှန်းချက်ကို ပျက်ဆီးစေပြီး ညှိနှိုင်းဆွေးနွေးမှုပြန်စရေး ဖြစ်နိုင်ခြေတွေ အဆုံးသတ်သွားနိုင်ကြောင်း အဖွင့်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

    ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲအပါအဝင် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေအားလုံးကလည်း အစ္စရေးရဲ့ အစီအစဉ်ကို ရပ်ဆိုင်းဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ လက်ရှိအဖွဲ့ဝင်နဲ့ နောက်ပိုင်းမှာ အဖွဲ့ဝင်ဖြစ်လာတော့မယ့် ဥရောပနိုင်ငံ စုစုပေါင်း ၆ နိုင်ငံက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အစ္စရေးရဲ့ ဒီလုပ်ရပ်ကို မိမိတို့က အသိအမှတ်ပြုမှာမဟုတ်သလို မိမိတို့နဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ နယ်မြေ ၃၀ ရာခိုင်နှုန်းကို အစ္စရေးက ပိုင်နက်ထဲထည့်သွင်းမယ့် အစီအစဉ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုထားတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပါလက်စတိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချထားပါတယ်။

    Ref: Alarabiya

  • အာရပ်စော်ဘွားများနိုင်ငံတစ်ခုလုံးကို ပိုးသတ်သန့်စင်မှု ပြီးစီး

    အာရပ်စော်ဘွားများနိုင်ငံတစ်ခုလုံးကို ပိုးသတ်သန့်စင်မှု ပြီးစီး

    ဇွန် ၂၅၊ ၂၀၂၀
    M-Media

    ဒူဘိုင်းမြို့တစ်နေရာ

    -Covid-19 တားဆီးကာကွယ်ရေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးသတ်သန့်စင်မှု လုပ်ငန်း ပြီးစီးသွားပြီလို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာခဲ့ပြီး ​ရွေ့လျားသွားလာမှု ကန့်သတ်ချက်အားလုံးကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။

    တစ်နိုင်ငံလုံး ပိုးသတ်သန့်စင်မှုကို မတ်လ ၂၆ ရက်နေ့က စတင်ခဲ့တာပါ။ နိုင်ငံအတွင်းက အဆောက်အဦးအားလုံး၊ အများပြည်သူ သယ်ပို့ဆောင်ရေးယာဉ်အားလုံး၊ လမ်းတံတားအားလုံး၊ အများပြည်သူနဲ့ သက်ဆိုင်ရာနေရာအားလုံးကို ပိုးသတ်ခဲ့ပါတယ်။

    ယူအေအီး အရေးပေါ်အခြေအနေနဲ့ သဘာ၀ဘေးအန္တရာယ်ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆအစ်ဖ် အလ် ဒါဟီရီက ပြည်သူ့ကျန်းမာရေး ဘေးအန္တရာယ်ကင်းစေဖို့အတွက် လူစုလူဝေးလုပ်တာ၊ မိသားစုလိုက် ခရီးထွက်တာတွေကို ရှောင်ရှားဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပြီး အဆောက်အဦးတေွကိုလည်း ထပ်မံပိုးသတ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    စုစုပေါင်း ကိုရိုနာဗိုင်းရပ်စက်သူအရေအတွက်ဟာ ယူအေအီးမှာ ၃၄၄၀၅ ဦး ရှိနေပါတယ်။

    Ref: Alarabiya

  • အိန္ဒိယတွင် ကိုရိုနာကူးစက်မှု သိသိသာသာ မြင့်တက်နေ၍ စစ်တပ်ကို အကူအညီတောင်း

    အိန္ဒိယတွင် ကိုရိုနာကူးစက်မှု သိသိသာသာ မြင့်တက်နေ၍ စစ်တပ်ကို အကူအညီတောင်း

    ဇွန် ၂၅၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ မြင့်တက်လာတာကြောင့် ထပ်တိုးလာတဲ့ ကုသရေးစင်တာတွေမှာ ကူညီစီမံပေးဖို့ အိန္ဒိယအစိုးရက စစ်တပ်ကို ပန်ကြားလိုက်ပါတယ်။

    မနေ့ကတစ်နေ့တည်း ကူးစက်သူ ၁၆၀၀၀ လောက် ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းကူးစက်သူအရေအတွက ၄၅၆၀၀၀ ကျော်လာခဲ့ပြီ​ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်၊ ဘရာဇီးလ်နဲ့ ရုရှားတို့ပြီးနောက် ကိုဗစ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာတာပါ။

    ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို မတ်လမှာ ထုတ်ပြန်ခဲ့ပေမယ့် ပြီးခဲ့တဲ့လကစလို့ တစ်ဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းခဲ့ပြီး ကူးစက်မှုတွေလည်း မြင့်တက်လာခဲ့တာပါ။

    လူဦးရေ သန်း ၂၀ လောက်ရှိတဲ့ မြို့တော်ဒေလီဟာ ကူးစက်မှုအချက်အခြာနေရာဖြစ်နေပြီး ဆေးရုံတွေ မလုံလောက်တာကြောင့် ဝတ်ပြုရာနေရာတွေ၊ ရထားတွဲတွေကိုပါ သီးခြားခွဲထားရေး၊ စောင့်ကြည့်ကုသရေး နေရာအဖြစ် လုပ်ဆောင်ထားရပါတယ်။

    ပြည်ထဲရေးဝန်ကြီး အေမစ်ရှားက Covid-19 ကာကွယ်ကုသရေးမှာ ပါဝင်လုပ်ဆောင်ပေးဖို့အတွက် စစ်တပ်ကို အသေးစိတ်အချက်အလက်တွေ​ ပေးထားတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဇူလိုင်လကုန်မှာ ကူးစက်သူအရေအတွက်ဟာ ၅ သိန်း ၅ သောင်းလောက် ရှိလာလိမ့်မယ်လို့လည်း ဒေလီအစိုးရက ခန့်မှန်းထားပါတယ်။

    Ref: CNA

  • GPS ကို ယှဉ်မည့် လမ်းပြစနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို တရုတ် လွှတ်တင်

    GPS ကို ယှဉ်မည့် လမ်းပြစနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို တရုတ် လွှတ်တင်

    ဇွန် ၂၄၊ ၂၀၂၀
    M-Media

    -အမေရိကန်ရဲ့ ​ဂြိုဟ်တုလမ်းပြစနစ် GPS ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် ဂြိုဟ်တုလမ်းပြစနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို တရုတ်က မနေ့မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    အမေရိကန်လေတပ်က ကိုင်တွယ်ထိန်းချုပ်တဲ့ GPS စနစ်အပေါ် မှီခိုမှုကို လျှော့ချပြီး BDS လို့ခေါ်တဲ့ ကိုယ်ပိုင် ဂြိုဟ်တုလမ်းပြစနစ်တစ်ခုကို ဖန်တီးဖို့အတွက် တရုတ်နိုင်ငံဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက စတင်ကြိုးစားခဲ့တာပါ။

    BDS စနစ်အတွက် ပထမဆုံး ဂြိုဟ်တု Beidou-1 ကို ၂၀၀၀ ပြည့်နှစ်မှာ စတင်လွှတ်တင်ခဲ့ပြီး၊ မနေ့က လွှတ်တင်တဲ့ Beidou-3 ဂြိုဟ်တုဟာ ဒီစနစ်အတွက် လွှတ်တင်တဲ့ ၃၅ လုံးမြောက်နဲ့ နောက်ဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဖြစ်ပါတယ်။

    လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ လောက်ဟာ ကားလမ်းကြောင်းစနစ်လို BDS နဲ့ဆက်နွယ်နေတဲ့ လမ်းပြစနစ်တွေကို အသုံးပြုနေပါတယ်။ အသုံးပြုတဲ့နိုင်ငံ အများစုဟာ တရုတ်ရဲ့ Belt and Road စီမံကိန်းမှာ ပါဝင်တဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

    လက်ရှိမှာ အမေရိကန်က GPS၊ ရုရှားက GLONASS၊ ဥရောပက Galileo စတဲ့ ဂြိုဟ်တုလမ်းပြစနစ်တွေကို အသုံးပြုနေပြီး တရုတ်ရဲ့ BDS က ဒီလမ်းပြစနစ်တွေနဲ့ အပြိုင် ဖြစ်လာမှာဖြစ်ပါတယ်။

    ဗြိတိန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ Royal United Services Institute for Defence and Security Studies က သုတေသနပညာရှင် အလက်ဇန်ဒရား စတစ်ကင်းက အရပ်ဖက်မှာတော့ BDS ဟာ GPS နဲ့ Galileo ထက် ပိုကောင်းနိုင်မှာ မဟုတ်ပေမယ့်၊ ကာကွယ်ရေးဖက်မှာ သုံးသပ်ဖို့ စောသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters