News @ M-Media

Blog

  • ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ကိုဗစ်ရောဂါလက္ခဏာမပြသည့် လူနာများအကြောင်း သိကောင်းစရာ (၅) ချက်

    ဇွန် ၁၃၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံဝူဟန်မြို့မှာ Covid-19 ပြန့်နှံ့လာတဲ့ အချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းက ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေဟာ ဒီရောဂါအကြောင်း ပိုမို သိရှိနားလည်အောင် ကြိုးစားလာခဲ့ကြပါတယ်။

    ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပေမယ့ ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကနေတစ်ဆင့် ပြန်လည် ကူးစက်မှုရှိတာကို တွေ့လာရပါတယ်။

    ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြသူတွေကို Asymptomatic လူနာတွေလို့ခေါ်ပြီး သူတို့နဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ သိကောင်းစရာ ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ Asymptomatic ဆိုတာဘာလဲ?

    လူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပေမယ့် ကျန်းကျန်းမာမာရှိနေပြီး ရောဂါလက္ခဏာ မပြတာမျိုးကို Asymptomatic လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်စမှာ ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှာ ပြလာတာကို Pre-symptomatic လို့ခေါ်ပါတယ်။ Asymptomatic နဲ့ Pre-symptomatic တို့ဟာ မတူညီပါဘူး။

    Pre-symptomatic လူနာတွေဟာ ဗိုင်းရပ်စ်ကူးစက်ပြီး ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ကြပြီး အများစုက ၅ ရက်နေ ၆ ရက်အတွင်းမှာ လက္ခဏာပြတာ ဖြစ်ပါတယ်။

    Covid-19 နဲ့ ရောဂါလက္ခဏာတွေက ဖျားတာ၊ မောပမ်းနွမ်းနယ်တာ၊ ချောင်းခြောက်ဆိုးတာတွေဖြစ်ပြီး တစ်ချို့လူနာတွေကတော့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာ၊ လည်​ချောင်းနာတာ၊ ဝမ်းလျောတာ၊ ပါးစပ်ပျက်တာတွေ ဖြစ်တတ်ကြပါတယ်။

    ၂။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ် ပြန့်နှံ့လား?

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများစုက ရောဂါပြန့်နှံနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။

    WHO ကလည်း Asymptomatic လူနာတွေထံကနေ Covid-19 ပြန့်နှံ့နိုင်တယ်လို့ အတည်ပြုထားပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပြန့်နှံ့နိုင်လဲဆိုတာကို သုတေသနလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    မြောက်အမေရိက ပါကစ္စတန်ဆရာဝန်များအသင်း APPNA ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ နာဟစ် အွတ်စမာနီက Asymptomatic လူနာတွေကို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အသေအချာ စောင့်ကြည့်တာမျိုး မလုပ်ဘဲ၊ သူတို့တွေကနေတစ်ဆင့် ရောဂါ ပြန့်နှံ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၃။ Asymptomatic လူနာတွေထံကနေ ဘယ်လိုပြန့်နိုင်သလဲ?

    ရောဂါလက္ခဏာပြတဲ့လူနာတွေလိုပဲ Asymptomatic လူနာတွေရဲ့ တံတွေးထွေးတာ၊ ချောင်းဆိုတာ၊ နှာချေတာတွေ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ရောဂါကူးစက်နိုင်ပါတယ်။

    အခြားသူတွေကို တိုက်ရိုက်ထိတွေ့တာ၊ ဗိုင်းရပ်စ်ရှိသူတွေ ထိတွေ့ကိုင်တွယ်ထားတဲ့ အရာ၀တ္ထုတွေကို ထိတွေ့ကိုင်တွယ်တာတွေကနေတစ်ဆင့်လည်း ကူးစက်ပါတယ်။

    “နှာခေါင်းကိုပွတ်မယ်၊ ပါးစပ်ကိုကိုင်မယ်၊ မျက်လုံးကို ပွတ်မယ်။ နောက်ပြီး အခြားအရာတွေကို သွားကိုင်မယ်။ ခင်ဗျားမှာ ဗိုင်းရပ်စ်ရှိနေရင် ဒီလိုနည်းလမ်းနဲ့လည်း ဗိုင်းရပ်စ်က ပြန့်ပွားနိုင်ပါတယ်” လို့ ကယ်လီဖိုးနီးတက္ကသိုလ်က ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ အန်နီ ရီမိုအင်က ပြောကြားခဲ့ပါတယ်။

    ၄။ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု နည်းလား?

    ဒီလူတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှု များလား၊ နည်းလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သုတေသနလုပ်ဖို့ လိုအပ်ပါတယ်။

    WHO ကတော့ Asymptomatic လူနာတွေထံကနေ ရောဂါကူးစက်မှုဟာ ရောဂါလက္ခဏာပြတဲ့ လူနာတွေထံက ကူးစက်မှုလောက် မများဘူးလို့ ပြောကြားထားပါတယ်။

    ဒေါက်တာ အွတ်စမာနီကလည်း ဒီအချက်ကို သဘောတူပြီး ကူးစက်မှုဟာ ဗိုင်းရပ်ဝင်ရောက်မှု ပမာဏနဲ့ ဆက်နွယ်နေမယ်ဆိုရင် ဗိုင်းရပ်စ်ရှိပြီး ရောဂါလက္ခဏာမပြတဲ့ Asymptomatic လူနာတွေထံကနေ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ နည်းနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၅။ ဘယ်လိုကာကွယ်မလဲ?

    ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နည်းက ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မ​​ကြာခဏ လက်ဆေးတာ၊ နေအိမ်တွေကို အမြဲတမ်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောတာ၊ လူများတဲ့နေရာတွေကိုသွားရင် နှာခေါင်းစည်း တပ်သွားတာတွေ ဖြစ်ပါတယ်။

    ဖြစ်နိုင်ရင် တစ်ခြားသူတွေနဲ့ ခပ်ခွာခွာနေထိုင်ဖို့သင့်ပြီး လက်မဆေးဘဲနဲ့ မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တွေိကို မကိုင်မိစေဖို့ သတိပြုရပါမယ်။

    Ref: Aljazeera

  • အမေရိကန်နှင့် ဥရောပနိုင်ငံများကဲ့သို့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရန် အိန္ဒိယရှိ ဟိန္ဒူဇာတ်နိမ့်များ တောင်းဆို

    အမေရိကန်နှင့် ဥရောပနိုင်ငံများကဲ့သို့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရန် အိန္ဒိယရှိ ဟိန္ဒူဇာတ်နိမ့်များ တောင်းဆို

    ဇွန် ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်နဲ့ ဥရောပတို့မှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေသလို အိန္ဒိယနိုင်ငံအနေနဲ့လည်း ရာစုနှစ်ချီရှိနေတဲ့ ဇာတ်ခွဲခြားမှုစနစ် ပပျောက်ရေး လုပ်ဆောင်ဖို့ ဟိန္ဒူဇာတ်နိမ့်တွေက တိုက်တွန်း ဆော်ဩလာကြပါတယ်။

    ဇွန်လအစောပိုင်းက လူမည်းအမျိုးသား ဂျော့ဖလွိုက် ရဲလက်မှာ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ဆန္ဒပြမှုတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပေါ်နေပြီး ဥရောပနိုင်ငံတွေမှာလည်း ဒီလိုဆန္ဒပြမှုတွေ လုပ်ဆောင်လာပါတယ်။

    အဲဒီနောက်ပိုင်း အမေရိကန်က ပြည်နယ်တွေနဲ့ ဥရောပနိုင်ငံတစ်ချို့မှာ လူမျိုးရေးခွဲခြားမှုနဲ့ သက်ဆိုင်တဲ့ ရုပ်တုတွေ၊ အမှတ်အသားတွေကို ဖြိုချတာ၊ ဖယ်ရှားတာ၊ လူမျိုးရေးခွဲခြားမှုကို ထိထိရောက်ရောက်တားဆီးနိုင်ဖို့ ဥပဒေတွေကို သုံးသပ်ဆွေးနွေးတာတွေ လုပ်ဆောင်လာကြပါတယ်။

    အိန္ဒိယမှာ ရာစုနှစ်ချီ ခွဲခြားဖယ်ကျဉ်ခြင်း ခံခဲ့ရတဲ့ ဟိန္ဒူဇာတ်နိမ့် (ဒါလစ်) တွေကလည်း လူမျိုးရေးခွဲခြားမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ထောက်ခံပြီး အိန္ဒိယနိုင်ငံအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သင့်ပြီလို့ ထောက်ပြခဲ့ကြပါတယ်။

    “သူတို့လိုပဲ ကျွန်တော်တို့ ခွဲခြားဆက်ဆံမှုဒဏ်ကို ခံစားရတာကြောင့် သူတို့နဲ့အတူ တစ်သားတည်းရှိတယ်လို့ ပြောလိုပါတယ်” လို့ နယူးဒေလီ ဂျဝါဟာလာနေရူးတက္ကသိုလ်က ဒါလစ်အဖွဲ့အစည်း Birsa Ambedkar Phule Students Association ရဲ့ ဥက္ကဌ အွမ်ပရာကက်ရှ် မာဟာတိုက ပြောကြားခဲ့ပါတယ်။

    ဟိန္ဒူဘာသာရဲ့ အမျိုးဇာတ်ခွဲခြားမှု စနစ်အရ ဇာတ်မြင့်မျိုးနွယ် ၄ ခုရှိပြီး ဒါလစ်တွေကို ဇာတ်မြင့်မျိုးနွယ် ၄ ခုနဲ့ ထိတွေ့ယှက်နွယ်လို့မရတဲ့ ဇာတ်နိမ့်မျိုးရိုးအဖြစ် သတ်မှတ်ထားတာပါ။

    ဒါလစ်တွေဟာ များသောအားဖြင့် သုဘရာဇာ၊ မိလ္လာရှင်းလုပ်ငန်း၊ အမှိုက်သိမ်းလုပ်ငန်း စတဲ့အလုပ်တွေသာ လုပ်ကိုင်ခွင့်ရပြီး ဇာတ်မြင့်တွေရဲ့ အကြမ်းဖက်မှု၊ ခွဲခြားမှု၊ အနိုင်ကျင့်မှု၊ စော်ကားမှုတွေကို နှစ်ပေါင်းထောင်ချီ ခံလာခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သန်း ၁၃၀၀ ကျော်တဲ့ လူဦးရေမှာ ဒါလစ်တွေက ၄ ပုံ ၁ ပုံ ရှိနေပါတယ်။

    အိန္ဒိယဟာ ၁၉၅၅ မှာ အမျိုးဇာတ်ခွဲခြားမှုစနစ်ကို တရားဝင် ပိတ်ပင်ခဲ့ပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာတော့ ယနေ့အချိန်အထိ ဆက်လက် ရှိနေပါတယ်။

    မာဟာတိုက ဒါလစ်တွေ နေ့စဉ်နေ့တိုင်း ခံစားနေရတဲ့ ခွဲခြားဆက်ဆံမှုတွေကို ကျန်တဲ့ပြည်သူလူထုက ဝန်ခံဖို့လိုပြီး ဒါမှသာ ပြုပြင်ပြောင်းလဲရေးကိစ္စကို စတင်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကိုကြည့်ပြီး အသိတရားရမယ်လို့ မိမိတို့က မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    လူမည်းများထံမှ သင်ခန်းစာယူ

    ဒါလစ်အမျိုးသမီးအရေး လှုပ်ရှားနေသူ ရုသ် မာနိုရာမာကလည်း အာဖရိကန်-အမေရိကန်တွေရဲ့ ခွဲခြားဆက်ဆံခံရမှုကနေ မိမိတို့ဒါလစ်တွေက အများအပြား သင်ယူနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အိန္ဒိယက သမရိုးကျအမြင်တွေကို တွန်းလှန်ဖို့၊ ဒါလစ်တွေအပေါ်မှာ သမိုင်းနဲ့ချီရှိနေတဲ့ ဖိနှိပ်မှုတွေအကြောင်းကို ဆွေးနွေးအဖြေရှာဖို့ အခုအချိန်ဟာ အချိန်ကောင်းပါပဲ။ Covid-19 ကပ်ရောဂါ ကာလမှာတောင်မှ ဒါလစ်တွေကို ဇာတ်ခွဲခြားပြီး အကူအညီမပေးတာမျိုးတွေကို မြင်တွေ့နေရဆဲပါ”

    ကိုဗစ်ကြောင့် လှုပ်ရှားသွားလာမှု ကန့်သတ်တဲ့ အိန္ဒိယနိုင်ငံမှာ ဒါလစ်တွေဟာ အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရပြီး အကူအညီတွေကို ဇာတ်မြင့်တွေအပြီး နောက်ဆုံးမှရတာ၊ အကူအညီမပေးနိုင်ဘူးလို့ ငြင်းဆန်ခံရတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

    နိုင်ငံအတွင်းက ဒါလစ်တွေ၊ လူနည်းစုတွေရဲ့ ဘ၀တွေလည်း အရေးပါပြီး၊ ဇာတ်ခွဲခြားမှုစနစ်ဟာ လူမျိုးရေးခွဲခြားမှုစနစ်မှာပါဝင်တယ်ဆိုတာကို ဝန်ခံရေး ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကိုလည်း ဒါလစ်တွေက လုပ်ဆောင်နေပြီး အနည်းဆုံး လူ ၃၀၀ လောက် ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။

    Ref: Aljazeera

  • မဒီနာမှ ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီ အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်မည်

    မဒီနာမှ ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီ အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်မည်

    ဇွန် ၁၁၊ ၂၀၂၀
    M-Media

    -တမန်တော် မုဟမ္မဒ် ဆောက်လုပ်ခဲ့တဲ့ မဒီနာက ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီဝတ်ကျောင်းတော် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က အတည်ပြုလိုက်ပါတယ်။

    မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်သာသနာမှာ ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

    အခုစီမံကိန်းသစ်မှာ ဗလီနဲ့ ဗလီပရဝုဏ်အတွင်းက အသံစနစ်၊ လျှပ်စစ်စနစ်တွေ​နဲ့ အခြားအစိတ်အပိုင်း အဆင့်မြှင့်တင်တာတွေ ပါဝင်မှာဖြစ်ပါတယ်။ မဒီနာမြို့ အုပ်ချုပ်ရေးမှူးက အခု အဆင့်မြှင့်တင်မယ့် လုပ်ငန်းမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမယ်လို့ Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

    Ref: Saudigazeete

  • သီးနှံဖျက်ကျိုင်းကောင်များကို ပါကစ္စတန်က အကျိုးရှိအောင် အသုံးချနေ

    သီးနှံဖျက်ကျိုင်းကောင်များကို ပါကစ္စတန်က အကျိုးရှိအောင် အသုံးချနေ

    ဇွန် ၁၁၊ ၂၀၂၀
    M-Media

    -ကောက်ပဲသီးနှံတွေကို ကိုက်ဖျက်စားသောက်တတ်တဲ့ ကျိုင်းကောင်တွေကို ဖမ်းဆီးကာ ကြက်အစာအဖြစ် ဖန်တီးအသုံးပြုတဲ့နည်းလမ်းကို ပါကစ္စတန်အစိုးရ အကောင်အထည်ဖော်နေပါတယ်။

    အခုနှစ် ပါကစ္စတန်နိုင်ငံ တစ်ချို့ဒေသတွေမှာ ကျိုင်းကောင်အုပ်တွေ ဝင်ရောက်ပြီး ကောက်ပဲသီးနှံတွေကို ဖျက်ဆီးမှုဟာ ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး ဖြစ်နေကာ လယ်သမားတွေလည်း ရုန်းကန်နေရပါတယ်။

    ပါကစ္စတန်အစိုးရက ကျိုင်းကောင်တွေကို ဖမ်းဆီးကာ ကြက်အစာအဖြစ်အသုံးပြုတဲ့အစီအစဉ်ကို ဂျုံအဓိကထွက်တဲ့ ပန်ဂျပ်ပြည်နယ်မှာ ဖော်ဖော်ဝါရီလက စတင်ခဲ့ပြီး လယ်သမားတွေအနေနဲ့ ကျိုင်းကောင်တွေကို ဖမ်းဆီးဖို့လည်း တိုက်တွန်းအားပေးနေပါတယ်။

    အစိုးရဟာ ကျိုင်းကောင်အသေတစ်ကီလိုကို ရူပီး ၂၀ (ဒေါ်လာ ၁၂ ပြား) ပေးဝယ်နေပြီး ကြက်အစာကုမ္ပဏီ Hi-Tech Feeds ကို ပြန်သွင်းပါတယ်။ ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ လယ်သမားတွေဟာ ကျိုင်းကောင် တန် ၂၀ လောက်ကို ဖမ်းဆီးကာ အစိုးရထံသွင်းနိုင်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ပါကစ္စတန်အစိုးရဟာ ဒီအစီအစဉ်ကို နိုင်ငံက အခြားပြည်နယ်တွေမှာ တိုးချဲ့ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

    ဒီအစီအစဉ်ကြောင့် Hi-Tech Feeds ကုမ္ပဏီ ကြက်စာထုတ်လုပ်မှု ကုန်ကြမ်းရဲ့ ၁၀ ရာခိုင်နှုန်းကို ကျိုင်းကောင်တွေနဲ့ အစားထိုးနိုင်နေပြီ ဖြစ်ပါတယ်။

    “ကြက်အစာနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ အသားစားကြက်မွေးမြူရေးမှာ ကျိုင်းကောင်တွေကို အစာအဖြစ်အသုံးပြုဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်” လို့ ကုမ္ပဏီမန်နေဂျာ မိုဟာမက် အက်သာရ်က ပြော​က​ြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ အကောင့်အသေးစိတ်ကို Facebook က ထုတ်ပြန်ရေး နိုင်ငံတကာရှေ့နေများက ကန်တရားရုံးတစ်ခုကို လျှောက်ထား

    မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ အကောင့်အသေးစိတ်ကို Facebook က ထုတ်ပြန်ရေး နိုင်ငံတကာရှေ့နေများက ကန်တရားရုံးတစ်ခုကို လျှောက်ထား

    ဇွန် ၁၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

    -မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ နိုင်ငံတကာခုံရုံးမှာ တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေတွေက မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပို့စ်တွေ၊ ဆက်သွယ်ပြောကြားမှုတွေကို Facebook က ထုတ်ပြန်ရေး ဆုံးဖြတ်ပေးဖို့ အမေရိကန် ခရိုင်တရားရုံးတစ်ခုကို လျှောက်ထားလိုက်ပါတယ်။

    ၁၉၄၈ ခုနှစ် သဘောတူညီချက်အရ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ တိုင်ကြားမှုကို နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်အခြေစိုက် နိုင်ငံတကာ ခုံသမာဓိရုံးက လက်ခံစစ်ဆေးနေတာပါ။

    Facebook ပေါ်မှာ အမုန်းစကားပြန့်နှံမှုဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေက ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    Facebook ကတော့ အမုန်းစကားတွေကို ဟန့်တားနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်ပြည်ထောင်စု ကိုလံဘီယာခရိုင်တရားရုံးကို ဂမ်ဘီယာနိုင်ငံက ဇွန်လ ၈ ရက်နေ့ လျှောက်ထားမှုမှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ “Facebook စာမျက်နှာမှာ လွှင့်တင်ထုတ်ပြန်ခဲ့တဲ့၊ draft အဖြစ်ထားတဲ့ စာရွက်စာတမ်းတွေ၊ ဆက်သွယ်ပြောဆိုမှုတွေအားလုံး” ထုတ်ပြန်ပေးရေး Facebook ကို တိုက်တွန်းဖို့ တောင်းဆိုထားပါတယ်။

    Facebook ကလည်း ဂမ်ဘီယာနိုင်ငံရဲ့ ဒီတောင်းဆိုချက်ကို သိရှိပြီး တည်ဆဲဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ သုံးသပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အချက်အလက်တွေထုတ်ပြန်ပေးရေး တောင်းဆိုခံရတဲ့ မြန်မာအာဏာပိုင်တွေရဲ့ Facebook အကောင့်တွေထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အကောင့်လည်း ပါဝင်ပါတယ်။

    မြန်မာစစ်တပ်က အရာရှိတွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ Facebook က ဖယ်ရှားခဲ့တဲ့ အကောင့် ၂၀ လောက်ရဲ့ အသေးစိတ်အချက်အလက်​တွေ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုမှုမှာ ပါဝင်ပါတယ်။

    မြန်မာအာဏာပိုင်တွေရဲ့ Facebook က ပို့စ်တွေဟာ ရိုဟင်ဂျာတွေအပေါ် “လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက် ရှိခဲ့တယ်ဆိုတာအတွက် အထောက်အထား ဖြစ်လာနိုင်တယ်” လို့ ဂမ်ဘီယာရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေမှာ အဆိုးဝါးဆုံး ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကျူးလွန်သူတွေဟာ ရိုဟင်ဂျာလူမျိုးစုကို ‘အကုန်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ’ ဖျက်ဆီးသုတ်သင်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိခဲ့တယ်ဆိုတာကို ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။

    နိုင်ငံတကာ ခုံသမာဓိရုံးကတော့ အမှု ကြားနာမှုမပြီးမချင်း ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ အခြား အကြမ်းဖက်မှုတွေကနေ မြန်မာနိုင်ငံက ကာကွယ်ပေးရထားရမယ်လို့ အမိန့်ပေးခဲ့ပါတယ်။

    Ref:Reuters