News @ M-Media

Blog

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    ကိုဗစ်သတင်းတုများကို ဆိုရှယ်မီဒီများ မဖယ်ရှားနိုင်သေး

    ကိုဗစ်သတင်းတုတွေကို ဆိုရှယ်မီဒီယာတွေက ထိထိရောက်ရောက် မဖယ်ရှားနိုင်ဘူးလို့ အွန်လိုင်းအမုန်းစကားစောင့်ကြည့်ရေးအဖွဲ့ Center for Countering Digital Hate က ပြောပါတယ်။ Covid-19 ပေါ်လာတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီး ကာကွယ်မှု၊ ကုသမှုတွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တာပါ။ ဒါတွေကိုဖယ်ရှားဖို့အတွက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက လုပ်ဆောင်ခဲ့ကြပေမယ့် သတင်းတု ၉၀ ရာခိုင်နှုန်းလောက်က ဒီအတိုင်းရှိနေသေးတယ်လို့ Center for Countering Digital Hate က ထောက်ပြခဲ့ပါတယ်။

    အိန္ဒိယမှ တရုတ်ဆန့်ကျင်ရေး App ကို ဂူးဂဲလ်ဖြုတ်ချ

    အိန္ဒိယက တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း Remove China Apps ကို ဂူးဂဲလ်က Play Store ကနေပြီး ဖယ်ရှားလိုက်ပါတယ်။ နယ်စပ်ပြဿနာကြောင့် တရုတ်နဲ့ တင်းမာနေတဲ့ အိန္ဒိယမှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်လာပြီး တရုတ်ထုတ်ဆော့ဖ်ဝဲတွေကို ရှင်းလင်းတဲ့ Remove China Apps လည်း လွန်ခဲ့တဲ့ ၂ ပတ်အရကစပြီး ထွက်လာပါတယ်။ အိန္ဒိယမှာ ဒီအက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲသူ ၄ သန်းလောက်ရှိခဲ့ပြီး ကြယ် ၅ ပွင့်ပေးသူက ၁ သိန်းကျော် ရှိပါတယ်။ အခြားအက်ပလီကေးရှင်းတွေကို သုံးလို့မရအောင် ဒါမှမဟုတ် ပျက်အောင်လုပ်တဲ့ ဆော့ဖ်ဝဲတွေကို Play Store က တင်ခွင့်မပေးပါဘူး။ တရုတ်ဆန့်ကျင်ရေး အက်ပလီကေးရှင်း ဖြုတ်ချမှုနဲ့ပတ်သက်ပြီး ဂူးဂဲလ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လုသွားသည့် iPhone များကို ပြန်လာပေးရန် Apple က သတိပေး

    အမေရိကန်မှာ ဆိုင်တွေကနေ လူယူခံလိုက်ရတဲ့ iPhone တွေကို ပြန်လာပေးဖို့အတွက် Apple က သတိပေးလိုက်ပါတယ်။ လူမည်းအမျိုးသားတစ်ဦး ရဲလက်မှာသေဆုံးမှုနောက်ဆက်တွဲ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုအတွင်း လူအုပ်က ဆိုင်တွေ၊ ဂိုထောင်တွေကို ဖောက်ထွင်းကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့ကြပါတယ်။ Apple စတိုင်းတွေကနေ ယူဆောင်သွားတဲ့ iPhone တွေမှာတော့ စက်ကို ပိတ်လိုက်ကာ၊ တည်နေရာကိုခြေရာခံပြီး အာဏာပိုင်တွေဆီ သတင်းပေးသွားမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် ပြန်လည်ပေးဖို့တိုက်တွန်းကြောင်း သတိပေးစာတွေ ရောက်နေတာကို ဆိုရှယ်မီဒီယာမှာ မျှဝေနေကြပါတယ်။ Apple က ဒီသတင်းကို အတည်မပြုသလို၊ iPhone တွေရဲ့ တည်​နေရာအတိအကျကို ရဲတပ်ဖွဲ့ထံ ပေးပြီးပြီလားဆိုတာကိုလည်း မဖြေခဲ့ပါဘူး။

    Ref: BBC, CNN

  • ဗျောက်အိုးနာနတ်သီးစားပြီး သေဆုံးခဲ့ရသည့် ဆင်မအမှုကို အိန္ဒိယက စုံစမ်းစစ်ဆေးနေ

    ဗျောက်အိုးနာနတ်သီးစားပြီး သေဆုံးခဲ့ရသည့် ဆင်မအမှုကို အိန္ဒိယက စုံစမ်းစစ်ဆေးနေ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    -​ ဗျောက်အိုးတွေထည့်ထားတဲ့ နာနတ်သီးကိုစားပြီး သေဆုံးသွားတဲ့ ဆင်မအမှုကို စုံစမ်းစစ်ဆေးသွားမယ်လို့ အိန္ဒိယနိုင်ငံက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ဇီးရှိနေတဲ့ ဆင်မတစ်ကောင်ဟာ ဗျောက်အိုးထည့်ထားတဲ့ နာနတ်သီးတစ်လုံးကို စားပြီးတဲ့နောက် ပါးစပ်ထဲမှာ ဗျောက်အိုးတွေပေါက်ကွဲကာ သေဆုံးခဲ့ပါတယ်။

    နှာမောင်းနဲ့ ပါးစပ်မှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အနာသက်သာစေဖို့ အဲဒီဆင်မလေး ချောင်းထဲမှာ နာရီအတော်ကြာရေဆင်းစိမ်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန်ံနှံသွားခဲ့ပါတယ်။

    နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အားကစားသမားတွေအပါအဝင် အိန္ဒိယပြည်သူတွေဟာ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့အတွက် အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    အိန္ဒိယ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ပရာကက်ရှ် ဂျာဗာဒက်ကာက ဗဟိုအစိုးရဟာ ဒီကိစ္စကို အလေးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့က ဆင်းရဲတဲ့ဒေသတွေမှာ နေအိမ်တွေ၊ လယ်ယာတွေကို တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်ကနေ ကာကွယ်ဖို့အတွက် နာနတ်သီးလို အသီးအနှံတွေထဲမှာ မီးရှုးမီးပန်းတွေ၊ ဗျောက်အိုးတွေထည့်ကာ စိုက်ခင်းတွေမှာ ချထားလေ့ရှိပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း ကီရာလာပြည်နယ်မှာ ဒီလိုအဖြစ်အပျက်မျိုးတစ်ခု ဖြစ်ခဲ့ဖူးပြီး ဆင်မတစ်ကောင်ဟာ ပါးစပ်မှာ ပြင်းထန်တဲ့ဒဏ်ရာတွေရကာ သေဆုံးခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း တောဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း လူ၂၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီကာလအတွင်း ဆင်ပေါင်း ၅၁၀ လောက် သေဆုံးခဲ့ပြီး ဓာတ်လိုက်ပြီးသေဆုံးတာက ၃၃၃ ကောင်၊ အမဲလိုက်မှုနဲ့ အစာအဆိပ်ကြောင့် သေဆုံးမှုက အကောင် ၁၀၀ ကျော် ရှိပါတယ်။

    Ref: CNA

  • မွတ်စလင်ပညာရေးစင်တာများကို အစိုးရက ထောက်ပံ့ပေးရန် ထိုင်းတရားရုံးချုပ် ဆုံးဖြတ်

    မွတ်စလင်ပညာရေးစင်တာများကို အစိုးရက ထောက်ပံ့ပေးရန် ထိုင်းတရားရုံးချုပ် ဆုံးဖြတ်

    ဇွန် ၅၊ ၂၀၂၀
    M-Media

    မြို့တော်ဘန်ကောက်မှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    -ဘန်ကောက်မြို့အတွင်းက မွတ်စလင်တွေတည်ထောင်ထားတဲ့ ပညာရေးစင်တာတွေကို အစိုးရက ငွေကြေးထောက်ပံ့ပေးဖို့ ထိုင်း အုပ်ချုပ်ရေးဆိုင်ရာတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

    မွတ်စလင်ပညာရေးစင်တာတွေဟာ ၂၀၁၃ ခုနှစ်ကစလို့ အစိုးရရဲ့ထောက်ပံ့မှုတွေ မရတော့ပါဘူး။ မြို့တော်ဘန်ကောက်မှာ စာသင်ကျောင်းတွေ တော်တော်များများ ဖွင့်လှစ်ထားတဲ့ မွတ်စလင်ဖောင်ဒေးရှင်း Tarbiyatul Foundation က အစိုးရထံကနေ ထောက်ပံ့ကြေး ရရှိဖို့အတွက် ၂၀၁၃ ခုနှစ်မှာ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးချုပ်ကို အသနားခံစာ တင်သွင်းခဲ့ပါတယ်။

    တရားရုံးချုပ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ အခြေခံပညာကျောင်းတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုကို ရရှိခံစားပိုင်ခွင့်ရှိပြီး ဒီအတွက် ဘန်ကောက်မြို့က မွတ်စလင်ပညာရေးစင်တာအားလုံးကို တစ်လအတွင်း ငွေကြေးထောက်ပံ့ပေးရမယ်လို့ ဒီဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

    ထိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ မလေးလူမျိုးတွေဖြစ်ပြီး နိုင်ငံတောင်ပိုင်းက ပြည်နယ် ၄ ခုမှာ အခြေစိုက်နေထိုင်ကြပါတယ်။

    ဒီကနေ့ ထိုင်းပြည်နယ်တွေဖြစ်နေတဲ့ ပတ္တာနီ၊ ယာလာ၊ နာရာသီဝပ်နဲ့ မလေးရှားမြောက်ပိုင်းတွေဟာ ၁၃ ရာစုကတည်းကစလို့ မလေးဘုရင့်နိုင်ငံ (Pattani Kingdom) အဖြစ် တည်ရှိခဲ့တာပါ။ ဒီဒေသတွေကို ထိုင်းဘုရင်တွေက အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့ကြပြီး ၁၇၈၅ ခုနှစ်မှာတော့ လုံး၀ သိမ်းပိုက်နိုင်ခဲ့ကာ ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    Ref : Bangkokpost

  • ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ထရမ့်တရားစွဲခံရ

    ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုဖြင့် ထရမ့်တရားစွဲခံရ

    ဇွန် ၅၊ ၂၀၂၀
    M-Media

    အိမ်ဖြူတော်အနီးရှိ ဘုရားကျောင်းတွင် သမ္မာကျမ်းစာအုပ်ကိုင်၍ ဓာတ်ပုံရိုက်နေသော ထရမ့်

    -အိမ်ဖြူတော်ရှေ့က ဆန္ဒပြမှုကိုဖြိုခွဲရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုလိုက်ပါတယ်။

    မင်နီယာပိုလစ်မြို့မှာ လူမည်းအမျိုးသား ဂျော့ဖလွိုက် ရဲလက်မှာ သေဆုံးခဲ့မှုနောက်ဆက်တွဲအဖြစ် မြို့တော် ဝါရှင်တန်အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာ တစ်ပတ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

    တနင်္လာနေ့ အိမ်ဖြူတော်ရှေ့က ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်တွေက ရာဘာကျည်ဆံတွေ၊ ငရုပ်ရည်ဗုံးတွေ၊ မီးခိုးဗုံးတွေသုံးကာ ဖြိုခွဲခဲ့ပါတယ်။ အိမ်ဖြူတော်နားက ခရစ်ယာန်ဘုရားကျောင်းကို ထရမ့်သွားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေက လမ်းရှင်းပေးခဲ့တာပါ။

    ဆန္ဒပြသူတွေကို ဖြိုခွင်းတာဟာ မှန်ကန်တယ်ဆိုတဲ့သဘောနဲ့ ထရမ့်ဟာ အဲဒီဘုရားကျောင်းရှေ့မှာ သမ္မာကျမ်းစာအုပ်ကိုင်ကာ ဓာတ်ပုံရိုက်ခဲ့ပြီး ဒီအတွက်လည်း ဝေဖန်မှု ခံနေရပါတယ်။

    အမေရိကန် နိုင်ငံသားအခွင့်အရေးဆိုင်ရာ သမဂ္ဂ (ACLU) နဲ့ အခြားလူ့အခွင့်အရေးအဖွဲ့တွေက ဒီအဖြစ်အပျက်အတွင်း သမ္မတထရမ့်နဲ့ အခြား အစိုးရထိပ်တန်းအရာရှိတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဆန္ဒထုတ်ဖော်မှုဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    “သူတို့နဲ့အမြင်မတူတဲ့အတွက် ဆန္ဒပြသူတွေအပေါ် ရာဇဝတ်မှုမြောက်တဲ့ ပေါ်တင်တိုက်ခိုက်မှုဟာ ကျွန်တော်တို့တိုင်း​ပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေကို ယိမ်းယိုင်သွားစေတာပါပဲ” လို့ ACLU ရဲ့ ဥပဒေဆိုင်ရာ တာဝန်ရှိသူ စကော့ မိုက်ကယ်မန်းက ပြောကြားခဲ့ပါတယ်။

    ဂျော့ဖလွိုက်ကို ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ရဲတွေဟာ လူသတ်မှု၊ ကြံရာပါမှုတွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    အမေရိကန်ရှေ့နေချုပ် ဘီလ်ဘားရ်က အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ဖြိုခွင်းမှုဟာ သမ္မတထရမ့် ဘုရားကျောင်းသွားတဲ့ကိစ္စနဲ့ ပတ်သက်မှုမရှိဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: AFP

  • လက်ဆေးစက်ထွင်သည့် ၉ နှစ်ကလေးကို ကင်ညာသမ္မတ ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်

    လက်ဆေးစက်ထွင်သည့် ၉ နှစ်ကလေးကို ကင်ညာသမ္မတ ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်

    ဇွန် ၄၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေမယ့် သစ်သား လက်ဆေးစက်တစ်ခု တီထွင်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကင်ညာသမ္မတက ဂုဏ်ပြုဆု ချီးမြှင့်လိုက်ပါတယ်။

    နိုင်ငံအနောက်ပိုင်း ဘွန်ဂိုမာပြည်နယ် မွတ်ကဝါရွာက စတီဖင် ဝါမူကိုတာဟာ ဗိုင်းရပ်စ်တားဆီးရေး နည်းလမ်းတွေကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒီလက်ဆေးစက်ကို တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။

    စတီဖင်ရဲ့ ထီထွင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကင်ညာသမ္မတက တနင်္လာနေ့မှာ Presidential Order of Service ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဒီလို ဂုဏ်ပြုခံရတဲ့အတွက် အရမ်း ဝမ်းသာမိတယ်လို့ စတီဖင်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်အခု စက်နှစ်လုံးကို တီထွင်ထားပြီး၊ နောက်ထပ်လည်း ထပ်ပြီး တီထွင်ချင်ပါသေးတယ်”

    ဆပ်ပြာအဆီနဲ့ ရေကိုသုံးကာ လက်ဆေးရတဲ့ စတီဖင်တီထွင်ထားတဲ့စက်ဟာ သစ်သားနဲ့ပြုလုပ်ထားပြီး ခြေနင်းနဲ့ အသုံးပြုရတာဖြစ်ပါတယ်။ လက်နဲ့ ထိတွေ့ကိုင်တွယ်ရခြင်း မရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်ချေကို လျော့ချနိုင်မှာဖြစ်ပါတယ်။

    စတီဖင်ရဲ့ဖခင်ဟာ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်ကာ အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး သားဖြစ်သူရဲ့တီထွင်ဖန်တီးမှုမှာလည်း ပါဝင်ကူညီပေးခဲ့ပါတယ်။ စတီဖင်တီထွင်ထားတဲ့စက် အသုံးပြုပုံကို အွန်လိုင်းပေါ်လွှင့်တင်ခဲ့ရာမှာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေအကြား အလျင်အမြန်ပြန့်နှံ့သွားခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိခဲ့ပါတယ်။

    စတီဖင်ဟာ အရွယ်ရောက်လာတဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ဆန္ဒပြင်းပြနေပြီး သူနေထိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပညာတော်သင်ဆု ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ညာနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် နှစ်ထောင်ကျော်နဲ့ သေဆုံးသူ ၆၉ ဦး ရှိနေပါတယ်။

    Ref: BBC