News @ M-Media

Blog

  • ရမ်ဇာန်ဥပုသ်လအတွက် တူရကီလခြမ်းနီသို့ အိုဇေးလ်က ပေါင် ၈ သောင်းလှူဒါန်း

    ရမ်ဇာန်ဥပုသ်လအတွက် တူရကီလခြမ်းနီသို့ အိုဇေးလ်က ပေါင် ၈ သောင်းလှူဒါန်း

    မေ ၃၊ ၂၀၂၀
    M-Media

    -တူရကီက ချို့တဲ့သူ​တွေကို ရမ်ဇာဥပုသ်လအတွင်း အစားအသောက်တွေ ဝေငှ လှူဒါန်းနိုင်ဖို့အတွက် အာဆင်နယ်ကွင်းလယ်လူ မီဆု အိုဇေးလ်က ပေါင် ၈ သောင်း လှူဒါန်းခဲ့ပါတယ်။

    လူပေါင်း ၁၆၀၀၀ ကို အစားအသောက်တွေ ကျွေးမွေးနိုင်မယ့် အဲဒီငွေကြေးကို အိုဇေးလ်ဟာ တူရကီ လခြမ်းနီအဖွဲ့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

    “ညီအစ်ကို မီဆုကို ကျေးဇူးတင်ပါတယ်။ လိုအပ်နေသူတွေကို ကျွန်တော်တို့ အစားအသောက်တွေ ဝေပေးနိုင်တော့မှာပါ” လို့ တူရကီ လခြမ်းနီအဖွဲ့ တာဝန်ရှိသူ ကီရင်မ် ကီနစ်က ပြောကြားခဲ့ပါတယ်။

    လခြမ်းနီအဖွဲ့ဖြစ်တဲ့အတွက် တစ်နှစ်ပတ်လုံး လူတွေကို ကူညီနိုင်အောင် ပြင်ဆင်ထားရပြီး၊ ပရဟိတ လုပ်ငန်းတွေအတွက် လှူဒါန်းကူညီသူ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ကီနစ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    တူရကီနွယ်ဖွားဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ အိုဇေးလ်ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်က လိုအပ်နေသူတွေအတွက် မကြာခဏ ကူညီလှူဒါန်းသူတစ်ဦး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့မတ်လအတွင်း အိုဇေးလ်ဟာ မြန်မာနိုင်ငံက ခွဲစိပ်ကုသဖို့ လိုအပ်နေတဲ့ ကလေးငယ် ၄၀ အတွက် ငွေကြေး ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

    Ref: Daily Mail

  • ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    ကိုဗစ်တိုက်ဖျက်ရေး ဆော်ဒီက ပါလက်စတိုင်းကို ဒေါ်လာ ၂.၆ သန်းဖို့ ကူညီမည်

    မေ ၃၊ ၂၀၂၀
    M-Media

    ပါလက်စတိုင်း အနုပညာရှင်တစ်ဦး၏ အသိပညာပေး ဂရပ်ဖတီ

    -ပါလက်စတိုင်းနိုင်ငံရဲ့ ကိုရိုနာတိုက်ဖျက်ရေးမှာ အကူအညီဖြစ်စေဖို့အတွက် ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းတွေ လှူဒါန်းကူညီသွားမယ်လို့ ဆော်ဒီအစိုးရက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ပါလက်စတိုင်းမှာ ဧပြီလ ၃၀ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ၃၄၀ ရှိပြီး သေဆုံးသူက ၂ ဦးရှိပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ နိုင်ငံအတွင်း လူစုခွင့် ပိတ်ပင်ထားသလို၊ ရွေ့လျားသွားလာမှုကို တစိတ်တစ်ပိုင်း ကန့်သတ်မှု လုပ်ထားပါတယ်။

    ပါလက်စတိုင်းနယ်မြေတွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့က ပါလက်စတိုင်းပြည်သူတ​ွေဟာ အစ္စရေးရဲ့ နှစ်ပေါင်းများစွာ ကျူးကျော်မှု၊ ကန့်သတ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြပြီး အခု ဗိုင်းရပ်စ်ပြန့်နှံံမှုဒဏ်ကြောင့် အခြေအနေ ပိုမိုဆိုးရွားနေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေရဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် ဆော်ဒီဟာ ကန်ဒေါ်လာ ၂.၆ သန်း တန်ဖိုးရှိတဲ့ ဆေးပစ္စည်းအကူအညီတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒီအကူအညီဟာ ဆော်ဒီအစိုးရရဲ့ ပရဟိတအဖွဲ့ King Salman Humanitarian Aid and Relief Center (KSRelief) ကနေ ဆောင်ရွက်တာ ဖြစ်ပါတယ်။

    ဆော်ဒီဟာ Covid-19 တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ပြီးခဲ့တဲ့လမှာ ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပြီး၊ ဗိုင်းရပ်စ်ဒဏ် ခံစားနေရတဲ့ အခြားတိုင်းပြည်တွေကိုလည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။

    Ref: Alarabiya

  • ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    ကိုဗစ်အလွန် မလေးရှားတွင် စီးပွားရေးလုပ်ငန်းအများစု ပြန်ဖွင့်ခွင့်ရ

    မေ ၂၊ ၂၀၂၀
    M-Media

    -မေလ ၄ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်လုပ်ကိုင်ခွင့် ပေးတော့မယ်လို့ မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် မလေးရှားဟာ မတ်လ ၁၈ ရက်နေ့ကစလို့ တိုင်းပြည်ကို တံခါးပိတ်ခဲ့ပြီး နိုင်ငံအတွင်း ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက်​ ဒီအမိန့်ကို ၄ ကြိမ်အထိ သက်တမ်းတိုးခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

    မနေ့က ရုပ်သံကထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က မေလ ၄ ရက်နေ့က စတင်ပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်ခွင့်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ ကောက်ယူရရှိတဲ့ အချက်အလက်တွေ၊ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းတွေကို သတိကြီးကြီးထား ပြန်လည်ဖွင့်ခွင့်ပေးဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တင်းကြပ်တဲ့ ကျန်းမာရေးဆိုင်ရာ စံနှုန်းတွေကိုတော့ လိုက်နာရပါမယ်”

    လူအများကြီး စုဝေးရတဲ့ လုပ်ငန်းတွေ၊ အခမ်းအနားတွေ၊ အားကစားပြိုင်ပွဲတွေကို ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။ ဘာသာရေးအခမ်းအနားတွေကို လုပ်ခွင့်ပေးမှာ မဟုတ်သေးဘဲ၊ ရမ်ဇာန်ဥပုသ်လအကုန် ဝါကျွတ်အီးဒ်ပွဲတော်အတွက် ပြည်သူတွေ နေရပ်ပြန်တာကိုလည်း ခွင့်ပြေမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပြည်နယ်ကျော်ပြီး ခရီးသွားလာမှုကိုလည်း မလေးရှားက ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။

    မနေ့ကအထိ မလေးရှားနိုင်ငံမှာ Covid-19 ကူးစက်သူအရေအတွက် ၆၀၀၂ ဦး ရှိခဲ့ပြီး ၆၉.၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၁၇၁ ဦးက ​ပြန်လည်သက်သာသွားပြီ ဖြစ်ပါတယ်။​ ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ သိသိသာသာ ကျဆင်းသွားပြီး ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဟီရှမ် အဘ်ဒူလာက မိမိတို့ဟာ အကြီးအကျယ် ပြန့်နှံ့မှုကာလကို ကျော်လွန်ကာ ပြန်လည်ထူထောင်တဲ့ကာလကို ရောက်ရှိနေပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှုကန့်သတ်တဲ့ ကာလအတွင်း နိုင်ငံဟာ တစ်ရက်ကို ရင်းဂစ် ၂.၄ ဘီလီယံ ဆုံးရှုံးပြီး စုစုပေါင်း ၆၃ ဘီလီယံ ဆုံးရှုံးထားတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

    ခွင့်ပြုမယ့်လုပ်ငန်းတွေနဲ့ ဆက်လက်ပိတ်ပင်ထားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို National Security Council ဝဘ်ဆိုက်မှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    ကိုဗစ်ကုသရေးအတွက် အလားအလာရှိသည့် နည်းလမ်းတစ်ခုကို ယူအေအီး ဖော်ထုတ်

    မေ ၂၊ ၂၀၂၀
    M-Media

    -Covid-19 ကုသရေးမှာ အလားအလာရှိပြီး ထိရောက်နိုင်တဲ့ နည်းလမ်းတစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သိပ္ပံပညာရှင်တွေက ဖန်တီး ဖော်ထုတ်လိုက်ပါတယ်။

    Stem cell ထိုးသွင်းကုသတဲ့ နည်းလမ်းဖြစ်ပြီး Abu Dhabi Stem Cell စင်တာက သုတေသနပညာရှင်တွေနဲ့ ဆရာဝန်တွေပါတဲ့ အဖွဲ့က ဖော်ထုတ်ဖန်တီးခဲ့တာပါ။ လူနာရဲ့ သွေးထဲက stem cell တွေကို ထုတ်ပြီး အပြင်မှာ ဓာတ်ပြုလှုံဆော်ပေးကာ ခန္ဓာကိုယ်ထဲ ပြန်လည်ထိုးသွင်းရတာ ဖြစ်ပါတယ်။

    ယူအေအီးက ကိုဗစ်လူကာ ၇၃ ဦးရဲ့ အဆုတ်ထဲကို ထိုးသွင်းကုသပေးခဲ့ရမှာ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ကုသနေတဲ့ အခြားနည်းလမ်းတွေလို လူနာအပေါ် ​ ကြီးကြီးမားမားသက်ရောက်မှုမျိုးလည်း မရှိပါဘူး။ ကနဦး ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက် ၂ ပတ်တာကြာမြင့်မယ့် ကျယ်ပြန့်တဲ့ စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ယူအေအီးက စီစဉ်နေပါတယ်။

    Abu Dhabi Stem Cell စင်တာဟာ ဆဲလ်အသုံးပြု ကုသရေးမှာ နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှုပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Gulf News

  • ၃ ပတ်ကြာပျောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် လူမြင်ကွင်းထွက်လာ

    ၃ ပတ်ကြာပျောက်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် လူမြင်ကွင်းထွက်လာ

    မေ ၂၊ ၂၀၂၀
    M-Media

    -လူမြင်ကွင်းကနေ ရက်ပေါင်းအတော်ကြာ ပျောက်နေတဲ့အတွက် သေဆုံးသွားပြီလို့ သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မှာ လူမြင်ကွင်း ပြန်ထွက်လာပါတယ်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်လွှင့်တဲ့ သတင်းမှာ ကင်ဂျုံအွန်ဟာ ညီမဖြစ်သူ ကင်ယိုဂျွန်နဲ့အတူ မြို့တော်ပြုံယမ်းအနီး ဆွန်ချွန်ဒေသက ဘိလပ်မြေစက်ရုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ကင်ဟာ စက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သလို လူအုပ်ကြီးရဲ့ ချီးကျူးဩဘာပေးမှုကိုလည်း ရရှိခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။

    မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်ရဲ့ မွေးနေ့နှစ်ပတ်လည်အခမ်းအနားဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့ကစလို့ ကင်ဂျုံအွန်ကို လူမြင်ကွင်းမှာ မတွေ့ရတော့တာပါ။ ကင်ဟာ နှလုံးသွေးကြော ခွဲစိပ်ကုသမှု ခံယူနေရပြီး သေဆုံးပြီ ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    နိုင်ငံပိုင်သတင်းဌာနကတော့ ကင်ဟာ လူမြင်ကွင်းကို မထွက်ပေမယ့် နေ့စဉ်တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    တောင်ကိုရီးယားအစိုးရကလည်း ကင်ဂျုံအွန် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ကာလအတွင်း မြောက်ကိုရီးယားဘက်မှာ ထူးခြားတဲ့အခြေအနေမျိုး မတွေ့ရဘူးလို့ အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera