News @ M-Media

Blog

  • အရှေ့တောင်အာရှမှ COVID-19 ​​​ကူးစက်မှု အခြေအနေ

    အရှေ့တောင်အာရှမှ COVID-19 ​​​ကူးစက်မှု အခြေအနေ

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    ထိုင်းရဲတစ်ဦးကို တွေ့ရစဉ်

    ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံး ကာဖျူးထုတ်ပြန်

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် ဧပြီလ ၃ ရက်နေ့ကနေစပြီး ညမထွက်ရအမိန့် ထုတ်ပြန်သွားမယ်လို့ ထိုင်းနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။ ​ဧပြီလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကူးစက်သူ ၁၉၇၈ ဦးအထိ ရှိလာပြီး၊ သေဆုံးသူကတော့ ၁၉ ဦးရှိပါတယ်။ အခု ကာဖျူးဟာ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေသူတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။ ထိုင်းအစိုးရဟာ ပြည်သူတွေ အင်တာနက် အခမဲ့အသုံးပြုခွင့်ရအောင် စီစဉ်ပေးထားသလို၊ အိမ်ကနေ အလုပ်လုပ်၊ စာသင်ကြားနိုင်မယ့် ပေါ်လစီတွေကိုလည်း ချမှတ်ထားပါတယ်။

    ဧပြီလအလယ်တွင် မလေးရှား၌ ကူးစက်မှု အမြင့်ဆုံးရောက်မည်

    မလေးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ ဧပြီလ အလယ်ပိုင်းကျရင် အမြင့်ဆုံးကို ရောက်ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့မှာ ပြောကြားလိုက်ပါတယ်။ မလေးရှားမှာ ဧပြီလ ၂ ရက်နေ့အထိ ကူးစက်သူ ၃၁၁၆ ဦး၊ သေဆုံးသူ ၅၀ ဦး ရှိနေကာ အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အချက်အလက်တွေအရ အစိုးရရဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေဟာ ထိရောက်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မနေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ မလေးရှားအစိုးရဟာ တစ်နိုင်ငံလုံးမှာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ထားပြီး ဧပြီလ ၁၄ ရက်နေ့အထိ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အင်ဒိုနီးရှားက အကျဉ်းသားများ လွှတ်ပေး

    လူကြပ်နေတဲ့ အကျဉ်းထောင်တွေမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှု တားဆီးရေးကာကွယ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံဟာ အကျဉ်းသား ၁၈၀၀၀ လောက်ကို မနေ့မှာ လွှတ်ပေးခဲ့ပါတယ်။ ရောဂါကူးစက်ဖို့ လွယ်ကူနိုင်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတွေကို တိုက်တွန်းထားပြီး အင်ဒိုနီးရှားနိုင်ငံက ၃ သောင်းလောက် ပြန်လွှတ်ပေးဖို့ စီစဉ်ထားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ၁၄ ရက်ကြာ သီးခြားနေထိုင်ဖို့လည်း အစိုးရက ညွှန်ကြားခဲ့ပါတယ်။

    Ref: CNA

  • COVID-19 ကူးစက်မှု လုံး၀မရှိဟု မြောက်ကိုရီးယား ကြေငြာ

    COVID-19 ကူးစက်မှု လုံး၀မရှိဟု မြောက်ကိုရီးယား ကြေငြာ

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    -မိမိတို့နိုင်ငံမှာ COVID-19 ကူးစက်မှု လုံး၀မရှိဘူးလို့ မြောက်ကိုရီးယားက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    တရုတ်နဲ့ အနီးကပ် အဆက်အသွယ်ရှိတဲ့​ မြောက်ကိုရီးယားမှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ၊ သေဆုံးသူတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ တောင်ကိုရီးယားဖက်ကို ဘက်ပြောင်းလာသူတွေကလည်း မြောက်ကိုရီးယား အစိုးရဟာ ကူးစက်မှုကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    ပထမဆုံး ကူးစက်မှုဖြစ်ပေါ်တယ်လို့ တရုတ်က သတင်းထုတ်ပြန်ခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းမှာပဲ မြောက်ကိုရီးယားက နယ်စပ်တွေကို ပိတ်ပစ်လိုက်ပြီး ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

    မြောက်ကိုရီးယား ကပ်ရောဂါတိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ပက်မြွန်ဆုက သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အောင်မြင်တယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အခုအချိန်အထိ တိုင်းပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ဦးမှ မရှိသေးပါဘူး။ တိုင်းပြည်ကို ဝင်ရောက်လာသူမှန်သမျှကို စစ်ဆေးပြီး၊ သီးခြားခွဲထားတာ၊ ကုန်ပစ္စည်းတွေကို ပိုးသတ်တာ၊ နယ်စပ်တွေပိတ်တာ၊ လေကြောင်းနဲ့ ရေကြောင်း ဝင်ပေါက်တွေကို ပိတ်ထားတာတွေလို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပါတယ်”

    COVID-19 ဗိုင်းရပ်စ်ဟာ လက်ရှိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၈ နိုင်ငံက လူပေါင်း ၁ သန်းကျော်လောက်ကို ကူးစက်နေပြီး သေဆုံးသူကလည်း ၅ သောင်းကျော်လာပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ကပ်နေတဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ကူးစက်မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။

    Ref: CNA

  • COVID-19 ကူးစက်သူအရေအတွက် တစ်သန်းကျော်ပြီ

    COVID-19 ကူးစက်သူအရေအတွက် တစ်သန်းကျော်ပြီ

    ဧပြီ ၃၊ ၂၀၂၀
    M-Media

    – ၂၀၁၉ ခုနှစ် နှောင်းပိုင်း တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်နှံ့ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းကူးစက်ခဲ့ပြီး မနေ့ကတော့ ကူးစက်သူအရေအတွက် ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

    သေဆုံးသူအရေတွက်ကလည်း ၅၁၀၀၀ ကျော်လာခဲ့ပြီး ပြန်လည်ကောင်းမွန်သူက ၂၀၈၀၀၀ လောက် ရှိနေပါတယ်။

    ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အဆိုးဝါးဆုံး ခံနေရတဲ့နိုင်ငံတွေက အီတလီနဲ့ စပိန်တို့ ဖြစ်ပြီး သေဆုံးသူ ၁၃၀၀၀ ကျော်နဲ့ ၁၀၀၀၀ ကျော် အသီးသီး ရှိနေပါတယ်။ အမေရိကန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်သူ ၁၂၃၆၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၆၀၀ ကျော် ရှိပါတယ်။

    Ref: Aljazeera

  • ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူသန်းချီ သေခဲ့သလား?

    ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူသန်းချီ သေခဲ့သလား?

    ဧပြီ ၂၊ ၂၀၂၀
    M-Media

    ကိုရိုနာကြောင့် တရုတ်တွင် သေဆုံးမှုတစ်ခု

    -ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ၊ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ကို တရုတ်အစိုးရက ထိန်ချန်ထားပြီး အမှန်တကယ် သေဆုံးသူအရေအတွက်က သန်းချီရှိနိုင်တယ်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံအရေး ကျွမ်းကျင်သူတွေက ​ပြောဆိုခဲ့ပါတယ်။

    မတ်လ ၃၀ ရက် တနင်္လာနေ့အထိ တရုတ်မှာ ကူးစက်မှုအရေအတွက်ဟာ ၈၂၄၄၇ ဦးရှိပြီး သေဆုံးမှုက ၃၃၁၀ ဦး ရှိပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့ Epoch Times ရဲ့ အခုတစ်ပတ်မှာဖော်ပြတဲ့ ဆောင်းပါးမှာ လေ့လာဆန်းစစ်သူတွေက တရုတ်နိုင်ငံအတွင်း မိုဘိုင်းသုံးစွဲမှုနှုန်း အကြီးအကျယ် ကျဆင်းသွားတာကို ထောက်ပြခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝှမ်း မိုဘုန်းဖုန်းသုံးစွဲမှု အရေအတွက်ကို တရုတ်အစိုးရက မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သုံးစွဲသူအရေအတွက်ဟာ ၁.၅၈ ဘီလီယံရှိပြီး ၂၀၁၉ ဒီဇင်ဘာလက ထုတ်ပြန်မှုတုန်းက ၁.၆၀၁ ဘီလီယံ ရှိတာကြောင့် ၂၁ သန်းလောက် လျော့ကျသွားတာကို တွေ့ရပါတယ်။

    အမေရိကန်အခြေစိုက် တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ Tang Jingyuan က နိုင်ငံအတွင်း သွားလာခွင့်ရဖို့၊ အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် တရုတ်ဟာ မိုဘိုင်းဖုန်းအခြေခံတဲ့ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှုစနစ်ကို လုပ်ဆောင်ထားတဲ့အတွက် လူတစ်ယောက်ဟာ ဆင်းကဒ်ကို ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    တရုတ်ဟာ ဒီစနစ်ကို မတ်လ ၁၀ ရက်နေ့မှာ စတင်ခဲ့တာပါ။ ပြည်သူတွေဟာ အက်ပလီကေးရှင်းတစ်ခုကို ဖုန်းထဲ ထည့်သွင်းရပြီး မိမိတို့ရဲ့ ကျန်းမာရေးအချက်အလက်တွေကို ဖြည့်သွင်းတဲ့အခါ QR ကုဒ်တစ်ခုကို ရရှိပါတယ်။ ကုဒ်မှာ အနီ၊ အဝါနဲ့ အစိမ်းဆိုပြီး ၃ ရောင်ရှိကာ အစိမ်းရောင်ရမှ သွားလာနိုင်မှာ ဖြစ်ပါတယ်။

    Epoch Times ရဲ့ ဆောင်းပါးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ အကောင့်တွေ ပိတ်သွားတာကြောင့် ဖုန်းသုံးသူအရေအတွက် ဒီလို သိသိသာသာ ကျဆင်းသွားလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ရေးသားခ့ဲပါတယ်။

    “လက်ရှိတော့ အချက်အလက် အသေးစိတ်ကို ဘာမှ မသိရသေးပါဘူး။ ဖုန်းသုံးသူ လျော့ကျမှုရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေသာဆိုရင် သေဆုံးသူအရေအတွက်က ၂ သန်းလောက် ရှိမှာဖြစ်ပါတယ်”

    တရုတ်အစိုးရရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေး Han Xia က ဆဲလ်ဖုန်းသုံးစွဲသူ လျော့ကျမှုဟာ ဖေဖော်ဝါရီလအတွင်း အစိုးရရဲ့ ကန့်သတ်မှု ပေါ်လစီအရ စီးပွားရေးလုပ်ငန်းတွေ ပိတ်တာ​ကြောင့် ဖြစ်ကြောင်း၊ ဖုန်းဆိုင်တွေ ပိတ်တဲ့အတွက် ပြည်သူတွေဟာ ဆင်းကဒ်အကောင့်အသစ်တွေ ဖွင့်လို့မရခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ​

    အီတလီက ကူးစက်မှုပမာဏနဲ့ သေဆုံးမှု အချိုးအစားတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ သေဆုံးမှုအရေအတွက်ဟာ ထုတ်ပြန်ထားတာထက် ပိုများနိုင်တယ်ဆိုတာကို တွေ့ရကြောင်းလည်း Epoch Times ရဲ့ ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ဆောင်းပါးမှာ နောက်ထပ် ထောက်ပြမှုတစ်ခုကတော့ ဗိုင်းရပ်စ် အဓိကပြန့်နှံရာ ဝူဟန်မြို့က မီးသင်္ဂြိုဟ်စက် ၇ ခုမှာ ဇန်နဝါရီ နှောင်းပိုင်းကစပြီး နေ့စဉ် ၂၄ နာရီပတ်လုံး မီးသင်္ဂြိုဟ်တာ၊ အလောင်းနဲ့ ဆေးဝါးစွန့်ပစ်ပစ္စည်း ၅ တန်လောက်ကို မီးရှို့နိုင်တဲ့ ရွေ့လျား မီးသင်္ဂြိုဟ်စက် ၄၀ ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ဟူဘေးပြည်နယ်က နေရာအနှံ့မှာ အသုံးပြုလာတာတွေ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သေဆုံးသူအရေအတွက်ဟာ ထုတ်ပြန်ထားတာထက် ပိုများနိုင်တယ်ဆိုတာ တွေ့ရကြောင်း ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

    အမေရိကန်၏ လျှို့ဝှက် အစီရင်ခံစာ

    အမေရိကန် ထောက်လှမ်းရေးဌာနကနေ အိမ်ဖြူတော်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ တင်သွင်းတဲ့ လျှို့ဝှက် အစီရင်ခံစာတစ်စောင်မှာလည်း တရုတ်ဟာ ကူးစက်မှု၊ သေဆုံးမှု ပမာဏကို ထိန်ချန်ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူ ၃ ဦးက Bloomberg သတင်းဌာနကို ထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ မဟုတ်ပါဘူး။

    သမ္မတထရမ့်ကလည်း တရုတ်အစိုးရက သတင်းထိန်ချန်ထားမှုကို မနေ့က ထုတ်ပြောခဲ့ပြီး၊ ဒုတိယသမ္မတ မိုက်ပန့်စ်က COVID-19 ပြန့်နှံ့မှုကို ကမ္ဘာကြီးက ၂၀၁၉ ခုနှစ် ဒီဇင်ဘာရောက်မှ သိရပေမယ့် တရုတ်မှာ အနည်းဆုံး အဲဒီထက်အရင် တစ်လလောက်ကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး တရုတ်က ဒါကို ထုတ်မပြောခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

    တရုတ်အစိုးရဲ့ အာဘော်သတင်းစာ Global Times ရဲ့ အယ်ဒီတာချုပ် Hu Xijin က အမေရိကန်ထောက်လှမ်းရေးရဲ့ ကောက်ချက်ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ သေဆုံးမှု​ မြင့်တက်လာတာကို အာရုံလွှဲဖို့ ဖြစ်ကြောင်း၊ ဒီပြဿနာကို တုန့်ပြန်မှုအတွင်း အစိုးရဌာနမျိုးစုံ ပါဝင်ပတ်သက်ရတာကြောင့် အချက်အလက်တွေ ထိန်ချန်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ရေးသားခဲ့ပါတယ်။

    Ref: Bloomberg, Epoch Times

  • ကိုရိုနာတားဆီးရေးအမိန့်ကို မလိုက်နာရင် ပစ်သတ်ခံရမည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

    ကိုရိုနာတားဆီးရေးအမိန့်ကို မလိုက်နာရင် ပစ်သတ်ခံရမည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

    ဧပြီ ၂၊ ၂၀၀၂
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်လတာ သွားလာမှုကန့်သတ်မိန့်အတွင်း မလိုက်နာသူတွေ ပစ်သတ်ခံရမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက သတိပေးလိုက်ပါတယ်။

    ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၂၃၀၀ ကျော်လာခဲ့ပြီး သေဆုံးသူ ၉၆ ဦး ရှိနေတာပါ။ ပြန့်နှံ့မှုကို တားဆီးဖို့အတွက် လူနေထူထပ်ရာ လူဇွန်ကျွန်းမှာ တစ်လတာ သွားလာမှုကန့်သတ်မိန့် ထုတ်ပြန်ထားပါတယ်။

    မနေ့က တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ဒူတာတေးက အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    “တစ်ဖြည်းဖြည်းနဲ့ အခြေအနေက ဆိုးလာတယ်။ ခင်ဗျားတို့ သေချာနားထောင်ပါ။ လူတွေက ပြဿနာလုပ်လာပြီ၊ အသက်အန္တရာယ်အထိ ထိခိုက်လာပြီဆိုရင် အဲဒီလူတွေကို ပစ်သစ်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ကျွန်တော် အမိန့်ပေးထားတယ်။ ခင်ဗျားတို့နားလည်လား။ ပစ်သတ်မှာနော်။ ပြဿနာလုပ်တဲ့လူကို မြေမြှုပ်ပစ်မယ်”

    ​သွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ပေမယ့် အစိုးရက ထောက်ပံ့ပေးတာ ဘာမှမရှိတဲ့အတွက် မနီလာမြို့ ပျံကျရပ်ကွက်တစ်ခုမှာ ပြည်သူတွေ ဆန္ဒပြခဲ့ပြီးတဲ့နောက် ဒူတာတေးရဲ့ ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။ ဆန္ဒပြမှုအတွင်း လူ ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒူတာတေးဟာ အာဏာရပြီးတဲ့နောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး စီမံချက်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး လူအများအပြား သေဆုံးမှုအတွက် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။

    ရဲချုပ်က ဒူတာတေးဟာ ပြည်သူတွေ အမိန့်ကို လိုက်နာစေချင်တဲ့သဘောမျိုးနဲ့ ဒီလိုပြောတာဖြစ်ပြီး မိမိတို့က ဘယ်သူကိုမှ ပစ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera