News @ M-Media

Blog

  • COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    COVID-19 ကြောင့် စပိန်တွင် တစ်ရက်တည်း လူ ၈၀၀ သေဆုံး

    မတ် ၂၉၊ ၂၀၂၀
    M-Media

    -စပိန်နိုင်ငံမှာ မနေ့ကတစ်နေ့တည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၈၃၈ ဦးသေဆုံးခဲ့ပြီး တစ်ရက်တာအတွင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။

    သေဆုံးသူစုစုပေါင်းဟာ ၆၅၂၈ ဦး ရှိလာပြီး အီတလီပြီးတဲ့နောက် ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံရတဲ့နိုင်ငံ ဖြစ်လာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၇၈၇၉၇ ဦး ရှိနေပါတယ်။

    စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က လှုပ်ရှားသွားလာမှု ကန့်သတ်ထားတာကို ပိုမိုတင်းကြပ်သွားမယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကန့်သတ်မှုဟာ ဧပြီလ ၉ ရက်နေ့အထိ သက်တမ်းရှိမှာဖြစ်ပါတယ်။

    Ref: Aljazeera, The Star

  • အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    အိန္ဒိယတွင် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံး

    မတ် ၂၈၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆစ်ခ်ဘုန်းကြီးတစ်ပါး ကွယ်လွန်ပြီးတဲ့နောက် အနည်းဆုံး လူတစ်သောင်းခွဲလောက်ကို အိန္ဒိယက ရောဂါ​ခြေချုပ်ချကာ သီးခြားခွဲထား စောင့်ကြည့်နေပါတယ်။

    အသက် ၇၀ အရွယ် ဆစ်ခ်ဘုန်းကြီး ဘာလ်ဒက်ဗ်ဆင်းဟာ ဗိုင်းရပ်စ်ပြန့်နှံ့ရာ အီတလီနဲ့ ဂျာမနီနိုင်ငံတို့ကနေ ​မကြာသေးမီက ပြန်လာခဲ့သူပါ။ အစိုးရက ​သီးခြားနေထိုင်ဖို့ ညွှန်ကြားမှုကို ဆင်းနဲ့ အနီးကပ်လူယုံ ၂ ဦးတို့က နားမထောင်ဘဲ ပန်ဂျပ်ပြည်နယ်က ရွာတွေကို လှည့်လည်ပြီး တရားဟောခဲ့ပါတယ်။

    အဲဒီခရီးစဉ်အတွင်းမှာပဲ ဆင်းဟာ နေထိုင်မကောင်းဖြစ်ကာ ကွယ်လွန်ခဲ့တာပါ။ ဆင်းနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူ ၁၉ ဦးမှာလည်း ဗိုင်းရပ်စ်ရှိနေကြောင်း တွေ့ခဲ့ရပြီး နောက်ထပ် ၂၀၀ ကျော်ကိုလည်း စစ်ဆေးထားပါတယ်။ ​ဆင်းသွားခဲ့တဲ့ ရွာ ၁၅ ရွာကို အာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားပြီး လူပေါင်း ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားလောက်ကို စောင့်ကြည့်နေပါတယ်။

    အိန္ဒိယဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကစလို့ နိုင်ငံကို ၃ ပတ်ကြာ တံခါးပိတ်ခဲ့ပြီး၊ ပြည်သူတွေ လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ထားပါတယ်။ နိုင်ငံအတွင်း ကူးစက်သူအရေအတွက်ဟာ ၉၁၈ ဦးရှိပြီး သေဆုံးသူက ၂၀ ရှိနေပါတယ်။

    Ref: Aljazeera

  • COVID-19 ကြောင့် အီတလီတွင် သေဆုံးသူ ၉၀၀၀ ကျော်ပြီ

    COVID-19 ကြောင့် အီတလီတွင် သေဆုံးသူ ၉၀၀၀ ကျော်ပြီ

    မတ် ၂၈၊ ၂၀၂၀
    M-Media


    • အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့ကတစ်ရက်တည်း သေဆုံးသူ ၉၁၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၉၁၃၄ ဦး ရှိလာပြီ​ ဖြစ်ပါတယ်။

    အစိုးရကျန်းမာရေးဌာန တာဝန်ရှိသူ ဆီလ်ဗီယို ဘရူဆာဖာရိုက လက်ရှိခြေအနေဟာ အဆိုးဆုံးအဆင့်ကို မရောက်သေးဘဲ ဒီအန္တရာယ်ကို မဖြတ်ကျော်နိုင်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ​ပေမယ့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုနှုန်း လျော့ကျခဲ့တယ်လို့ သူက ဆိုပါတယ်။

    အီတလီမှာ တစ်နိုင်ငံလုံး လှုပ်ရှားသွားလာမှုကို ကန့်သတ်ထားပြီး ဧပြီလ ၃ ရက်နေ့ သက်တမ်းကုန်မယ့် အဲဒီအမိန့်ကို ဆက်လက် သက်တမ်းတိုးဖို့လည်း ရှိနေပါတယ်။

    မနေ့က အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၅၉၅၉ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၈၆၄၉၈ ဦး ရှိလာတာ ဖြစ်ပါတယ်။ အီတလီဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: CNA

  • တမီလ်လူမျိုးများအား လည်လှီးသတ်ဖြတ်ခဲ့သည့် စစ်ဖက်အရာရှိကို သီရိလင်္ကာက လွတ်ငြိမ်းချမ်းသာခွင့်ပေး

    တမီလ်လူမျိုးများအား လည်လှီးသတ်ဖြတ်ခဲ့သည့် စစ်ဖက်အရာရှိကို သီရိလင်္ကာက လွတ်ငြိမ်းချမ်းသာခွင့်ပေး

    မတ် ၂၇၊ ၂၀၂၀
    M-Media

    တမီလ်လူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် တပ်ကြပ်ကြီး
    ဆူနီးလ် ရတ္တနာယာကီ (လယ်)

    -တမီလ်လူမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် သေဒဏ်ကျနေတဲ့ စစ်တပ်အရာရှိတစ်ဦးကို သီရိလင်္ကာသမ္မတက မနေ့မှာ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။

    လွတ်မြောက်လာသူဟာ တပ်ကြပ်ကြီး ဆူနီးလ် ရတ္တနာယာကီဖြစ်ပြီး နိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ၂၀၀၀ ခုနှစ်က တမီလ်လူမျိုး ၈ ဦးကို လည်လှီးသတ်ဖြတ်ပြီး အလောင်းတွေကို အိမ်သာကျင်းထဲ ပစ်ချ ဖျောက်ဖျက်ခဲ့သူပါ။ သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ် အပါအဝင် ကလေးငယ် ၄ ဦး ပါဝင်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒီသတ်ဖြတ်မှုဟာ ‘မီရူဆူဗီလ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု’ လို့ နာမည်ကျော်ပါတယ်။

    ၁၃ နှစ်ကြာ စစ်ဆေးပြီးခဲ့တဲ့နောက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တရားရုံးချုပ်က ဆူနီးလ်ကို ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အယူခံဝင်ခဲ့ပေမယ့်လည်း တရားရုံးချုပ်က ထပ်မံပယ်ချခဲ့ပါတယ်။

    ဒီလိုအရေးယူမှုဟာ ဆယ်စုနှစ်ချီကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်မှာ သီရိလင်္ကာစစ်တပ်ရဲ့ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ရှားပါးတဲ့ အရေးယူမှု ဖြစ်ပါတယ်။

    ဒါပေမယ့် လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ဆူနီးလ်ကို လွှတ်ပေးဖို့အတွက် တရားရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့တဲ့လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ​ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အငြိမ်းစား စစ်တပ်အရာရှိဟောင်းဖြစ်တဲ့ ဂိုတာဘာယာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အာဏာရခဲ့တာပြီး အစ်ကိုဖြစ်သူ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

    မာဟင်ဒါသမ္မတဖြစ်စဉ်က ဂိုတာဘာယာဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၃၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ တမီလ်ခွဲထွက်ရေးလှုပ်ရှားမှုကို နှိမ်နှင်းခဲ့ပါတယ်။ နောက်ဆုံးအဆင့် နှိမ်နှင်းမှုအတွင်း သီရိလင်္ကာစစ်တပ်ဟာ တမီလ်လူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး တမီလ်အရပ်သား အနည်းဆုံး ၄ သောင်းလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

    သေဒဏ်ချမှတ်ခံထားရတဲ့ စစ်သားဟောင်းတစ်ယောက်ကို ဂိုတာဘာယာက အခုလို လွှတ်ပေးမှုအတွက် လူ့ခွင့်အရေးအဖွဲ့ Amnesty International က ရှုတ်ချလိုက်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်​တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    Ref: Aljazeera

  • COVID-19 ကူးစက်သူအရေအတွက် သန်းဝက်ကျော်ပြီ

    COVID-19 ကူးစက်သူအရေအတွက် သန်းဝက်ကျော်ပြီ

    မတ် ၂၇၊ ၂၀၂၀
    M-Media

    မတ်လ ၂၇ ရက်နေ့အထိ နိုင်ငံအလိုက် ကူးစက်မှုအနေအထား

    -ကမ္ဘာပေါ်မှာ COVID-19 ကူးစက်သူ အရေအတွက်ဟာ သန်းဝက်ကျော် ၅၃၁၀၀၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၈၆၀၀၀ လောက်ရှိနေပြီး ဒါဟာ နိုင်ငံအလိုက် အများဆုံးပါ။

    ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၂၄၀၅၄ ဦးရှိနေပြီး ပြန်လည်ကောင်းမွန်သူအရေအတွက်ကတော့ ၁၂၂၀၀၀ကျော် ရှိနေပါတယ်။ သေဆုံးမှုနှုန်းအမြင့်ဆုံးက အီတလီနိုင်ငံဖြစ်ပြီး စုစုပေါင်း ၈၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

    ကူးစက်မှု ဒုတိယအများဆုံးက တရုတ်ဖြစ်ပြီး ၈၁၇၈၂ ဦး ရှိနေတာပါ။ အီတလီက ကူးစက်မှုမှာ တတိယနေရာလိုက်နေပြီး ၈၀၅၈၉ ဦး ရှိပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေဟာ လှုပ်ရှားသွားလာမှုကန့်သတ်တာ၊ နယ်စပ်တွေပိတ်တာ၊ နိုင်ငံကို တံခါးပိတ်တာတွေ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။

    Ref: Aljazeera