News @ M-Media

Blog

  • ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    မတ် ၂၁၊ ၂၀၂၀
    M-Media

    – ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ပြန့်နှံ့ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွတ်ဟာ မတ်လ ၂၁ ရက်နေ့မှာ ၁၁၀၀၀ ကျော်လာခဲ့ပြီး ကူးစက်ခံရသူကတော့ ၂၇၇၀၀၀ ​ထောင်ကျော် ရှိလာပါတယ်။ အဲဒီအထဲမှာ ပြန်ကောင်းသွားသူကတော့ ၈၈၀၀၀ ကျော် ရှိ​ခဲ့ပါတယ်။

    – အီတလီမှာ မနေ့ကတစ်နေ့တည်း သေဆုံးသူ ၆၂၇ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ်ဒဏ်ခံရတဲ့ ၄ ပတ်အတွင်း တစ်နေ့တာ သေဆုံးမှု အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ စုစုပေါင်းသေဆုံးသူ ၄၀၃၂ ဦးရှိလာပြီး ဗိုင်းရပ်စ်စပြန့်ရာ တရုတ်နိုင်ငံထက် ပိုများသွားတာပါ။

    – အီရန်နိုင်ငံမှာတော့ မနေ့က ၁၂၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၁၅၅၆ ဦး ရှိလာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၂၀၆၁၀ ရှိလာပါတယ်။

    – ဥရောပနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု၊ သေဆုံးမှုတွေ မြင့်တက်လာပါတယ်။ စပိန်မှာ သေဆုံးသူ ၁၃၀၀ ကျော်လာသလို၊ နယ်သာလန်မှာလည်း မနေ့ကတစ်ရက်တည်း လူ ၃၀ သေဆုံးတာကြောင့် သေဆုံးသူ ၁၃၆ ဦး ရှိလာပါတယ်။ ကူးစက်ခံရသူတွေကတော့ စပိန်မှာ ၂၄၉၂၆ ဦးနဲ့ နယ်သာလန်မှာ ၃၆၃၁ ဦးဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာ သေဆုံးသူ ၅၆ ဦး၊ ကူးစက်သူ ၆၁၀၀ ရှိနေပြီး၊ ၅၂၁ ဦး ကူးစက်ခံထားရတဲ့ ဖင်လန်နိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မယ့် အန္တရာယ်ကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေငြာလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံမှာ သေဆုံးသူက ၂ ဆတိုးတာ ၁၂ ဦးအထိ ရှိလာပြီး၊ ကူးစက်သူက ၁၂၈၀ အထိ ရှိလာပါတယ်။

    – အာဖရိကနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ၊ သေဆုံးမှုတွေ ဖြစ်လာပါတယ်။ ကွန်ဂိုနိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့ပြီး ကူးစက်သူ ၅ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၂၃ ဦး ရှိလာတာပါ။ ဘာကီနာဖာဆိုမှာ အစိုးရဝန်ကြီး ၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ၆၄ ဦးရှိလာတာပါ။ သေဆုံးသူကတော့ ၂ ဦး ရှိနေပါတယ်။ အာဖရိကတိုက် အစွန်က ကျွန်းနိုင်ငံငယ် မောရေးရှပ်စ်မှာလည်း မနေ့က ပထမဆုံး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ အန်ဂိုလာနိုင်ငံမှာ ပထမဆုံး ကူးစက်သူ ၂ ဦးကို မနေ့မှာ တွေ့ခဲ့ရပါတယ်။

    – အရှေ့အလယ်ပိုင်းမှာတော့ ယူအေအီးနိုင်ငံမှာ မနေ့က ပထမဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကူဝိတ်နိုင်ငံမှာ ကူးစက်သူ ၅ ဦး ပြန်ကောင်းသွားတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂၇ ဦးသာ ရှိပါတော့တယ်။ အိုမန်နိုင်ငံမှာ မနေ့က ၄ ဦး ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်းကူးစက်သူ ၅၂ ဦး ရှိလာကာ ပြန်လည်သက်သာသူက ၁၃ ဦးရှိပါတယ်။

    – စင်ကာပူနိုင်ငံမှာ ထပ်မံကူးစက်ခံရသူ ၄၇ ဦးရှိပြီး စုစုပေါင်း ၄၃၂ ဦး ရှိလာတာပါ။ ဒီကနေ့မနက်က လူ ၂ ဦးသေဆုံးခဲ့ပြီး COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    – မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် စနေနေ့မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈ ဦးအထိ ရှိလာပါတယ်။ ကူးစက်မှုတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၅၃ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်သူ ၁၁၈၃ ဦးအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

    – အင်ဒိုနီးရှားနိုင်ငံမှာ မနေ့က သေဆုံးသူ ၆ ဦးရှိပြီး၊ ကူးစက်ခံရသူကတော့ ၈၁ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၄၅၀ နဲ့ သေဆုံးသူ ၃၈ ဦးအထိ ရှိလာတာပါ။

    – ပါလက်စတိုင်းမှာ မနေ့က ထပ်မံကူးစက်သူ ၄ ဦးရှိပြီး စုစုပေါင်း ကူးစက်သူ ၅၂ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – မတ်လ ၂၁ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်မှု)

  • အီဂျစ်က နိုင်ငံတစ်ဝှမ်းရှိ ဗလီများကို ၂ ပတ်ကြာ ပိတ်ထားမည်

    အီဂျစ်က နိုင်ငံတစ်ဝှမ်းရှိ ဗလီများကို ၂ ပတ်ကြာ ပိတ်ထားမည်

    မတ် ၂၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – အီဂျစ်ရှိ ဆူလ်တန် ဟာဆန် ဗလီဝတ်ကျောင်းတော်)

    -နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ်ဘာသာရေးအဆောက်အဦးတွေကို မတ်လ ၂၁ ရက်နေ့က စတင်ကာ ၂ ပတ်ကြာ ပိတ်ထားမယ်လို့ အီဂျစ်အစိုးရက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    အီဂျစ်မှာ COVID-19 ကူးစက်နေသူ ၃၀၀ နီးပါး ရှိနေပြီး သေဆုံးသူက ၈ ဦး ရှိနေပါတယ်။ ကမ္ဘာ့အစောဆုံး ဗလီတွေထဲကတစ်ခုဖြစ်တဲ့ အလ်-အဇ်ဟာရ်ဗလီကို ယာယီပိတ်ထားမယ်လို့ မနေ့မှာ ကြေငြာခဲ့ပြီး နိုင်ငံတစ်ဝှမ်း တစ်ခြား ဗလီတွေကို ပိတ်ထားဖို့ မလုပ်ဆောင်တဲ့အတွက် အစိုးရကို ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    ဗလီတွေပိတ်တာအပြင် သောကြာနေ့နဲ့ အခြား လူစုလူဝေး ဝတ်ပြုဆုတောင်းမှုတွေအားလုံးကိုလည်း အစိုးရက ယာယီ တားမြစ်လိုက်ပါတယ်။ ဗလီတွေမှာ နေ့စဉ် အာဇန် နိဗ္ဗာန်ဆော်မှု ပြုလုပ်သွားမှာဖြစ်ပြီး ‘အိမ်မှာပဲဝတ်ပြုကြပါ’ ဆိုတဲ့ စကားလုံးကို ထည့်သွင်းသွားမယ်လို့ အီဂျစ်သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လွန်ခဲ့ ၆ ရက်က အလ်-အဇ်ဟာရ် အစ္စလာမ်တက္ကသိုလ်ရဲ့ မွဖ်သီ အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဖသ်ဝါ ဓမ္မသတ်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးပြဿနာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတဲ့ ဒီလိုအခိုက်အတန့်မှာ သောကြာနေ့ ဝတ်ပြုမှု၊ လူစုလူဝေးနဲ့ ဝတ်ပြုမှုတွေကို ယာယီ ရပ်ဆိုင်းထားနိုင်တယ်လို့ ​ဒီဓမ္မသတ်မှာ ဖော်ပြခဲ့ပါတယ်။

    အီဂျစ် ကော့ပတစ်ခရစ်ယာန်အသင်းတော်ကလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘုရားကျောင်းတွေကို နှစ်ပတ်တာပိတ်ကြောင်း သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: Egypt Today

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုကို မြန်မာရပ်ဆိုင်း

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုကို မြန်မာရပ်ဆိုင်း

    မတ် ၂၁၊ ၂၀၂၀
    M-Media

    ရန်ကုန်လေဆိပ်တွင်တွေ့ရသည့် မြန်မာလုပ်သားအချို့

    -ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေမှုကြောင့် နိုင်ငံရပ်ခြား အလုပ်သမားစေလွှတ် မှုကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

    ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူအေအီးတို့အပါအဝင် နိုင်ငံတော်တော်များများကို အစိုးရချင်း သဘောတူညီချက်နဲ့ မြန်မာအစိုးရက အလုပ်သမားတွေစေလွှတ်နေပြီး၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ကို အများဆုံး စေလွှတ်နေတာပါ။

    အခုလိုရပ်ဆိုင်းမှုမှာ အလုပ်သမားစေလွှတ်မှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း ထုတ်ပေးမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအောက်က အလုပ်သမား ဦးစီးဌာနအစီအစဉ်နဲ့ နိုင်ငံရပ်ခြားကို အလုပ်သမား ၂၇၃၃၀ ဦး စေလွှတ်ခဲ့ပြီး ၂၂၃၆၂ ဦးက ထိုင်း၊ ၄၁၄၅ ဦးက မလေးရှား၊ ၆၉၈ ဦးက ဂျပန်နိုင်ငံတို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု မရှိသေးဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နယ်စပ်ကနေ နိုင်ငံခြားသား ဝင်ရောက်မှုကို ကြာသာပတေးနေ့မှာ ပိတ်ပင်ခဲ့ပါတယ်။

    Ref: The Star

  • စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    မတ် ၂၁၊ ၂၀၂၀
    M-Media

    -COVID-19 ကြောင့် စင်ကာပူနိုင်ငံမှာ ဒီကနေ့ လူ ၂ ဦး သေဆုံးခဲ့ပြီး ဒါဟာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    သေဆုံးသွားသူ အသက် ၇၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသမီးမှာ နာတာရှည် နှလုံးရောဂါနဲ့ သွေးတိုးရောဂါတို့ရှိပြီး မကြာသေးခင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ အခြားတစ်ဦးက အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး နှလုံးရောဂါအခံရှိသူပါ။ မတ်လ ၁၃ ရက်​နေ့က စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီး ဂန်ကင်ယုံက ဒီသတင်းကြောင့် စင်ကာပူနိုင်ငံသားတွေ စိတ်သောကရောက်ကြမယ်ဆိုတာ သိပေမယ့် ကြောက်ရွံ့မှုကို နေရာပေးစရာ မလိုဘူးလို့ ပြောကြာခဲ့ပါတယ်။

    စင်ကာပူမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၃၈၅ ဦးရှိပြီး အဲဒီအထဲက ၁၃၁ ဦးဟာ ဗိုင်းရပ်စ်ပျောက်ကင်းကာ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။

    Ref : CNA

  • COVID-19 ကပ်ရောဂါအတွင်း ပြည်သူများလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည်ဟု ဆော်ဒီဘုရင် အာမခံ

    COVID-19 ကပ်ရောဂါအတွင်း ပြည်သူများလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည်ဟု ဆော်ဒီဘုရင် အာမခံ

    မတ် ၂၁၊ ၂၀၂၀
    M-Media

    -လက်ရှိရင်ဆိုင်နေရတဲ့ COVID-19 ပြဿနာကို ရင်ဆိုင်တွန်းလှန်နိုင်ရေး လိုအပ်တာတွေအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး၊ ပြည်သူတွေအတွက် ဆေးဝါး၊ အစားအသောက်နဲ့ နေထိုင်ရေးလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးသွားမယ်လို့ ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ်က ပြောကြားလိုက်ပါတယ်။

    ဆော်ဒီမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၂၇၄ ဦးအထိ ရှိလာပြီး၊ သေဆုံးမှုတော့ မရှိသေးပါဘူး။ ဗိုင်းရပ်စ်ပြန့်နှံ့မှု တားဆီးရေးလုပ်ငန်းကိုလည်း အစိုးရက တိုးမြှင့်လုပ်ဆောင်လာပြီး ပြည်တွင်း လေကြောင်းလိုင်း၊ ရထားလိုင်း၊ ကာလိုင်းနဲ့ တက္ကဆီပြေးဆွဲမှုတွေကိုလည်း ၁၄ ရက် ပိတ်ထားပါတယ်။

    ကြာသာပတေးနေ့ ရုပ်သံကပြောကြားတဲ့ မိန့်ခွန်းမှာ ဘုရင်ဆလ်မန်က ဒီကပ်ရောဂါကို တွန်းလှန်နိုင်ဖို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအားလုံးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဘုရားသခင်ရဲ့ အကူအညီ၊ ဒီအခက်အခဲတွေကို မဆုတ်မနစ် ကြံ့ကြံ့ခံရင်ဆိုင်သွားမယ်ဆိုတဲ့ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ထပ်ပိုးကာ ကျွန်တော်တို့ လုပ်နိုင်တာအားလုံး အပြည့်အ၀လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရစဉ်အတွင်း ပြည်သူလူထုရဲ့ အင်အား၊ ကြံ့ကြံ့ခံရင်ဆိုင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ၊ သက်ဆိုင်ရာ အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အစိုးရရဲ့ ရည်မှန်းချက်တွေ၊ လုပ်ဆောင်ချက်တွေ အောင်မြင်ရေးမှာ အရေးပါတဲ့၊ အထောက်အကူဖြစ်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးကို ဦးထိပ်ပန်ဆင်ကာ အစိုးရက ဘေးအန္တရာယ်ကင်းအောင် အဓိကထား လုပ်ဆောင်ပေးနေပါတယ်”

    နိုင်ငံသားတွေ၊ တိုင်းပြည်အတွင်းမှာ ရှိနေသူတွေရဲ့ ကျန်းမာရေးအပြင် အစားအသောက်၊ ဆေးဝါး၊ နေရေးထိုင်ရေး လိုအပ်ချက်တွေအားလုံးကို အစိုးရက ဖြည့်ဆည်းပေးသွားမယ်လို့လည်း ဘုရင်ဆလ်မန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အစိုးရဝန်ထမ်းတွေ၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ဘုရင်က ကျေးဇူးတင်ခဲ့ပြီး၊ မကြာခင်ရင်ဆိုင်ရမယ့် အခြေအနေဟာ လက်ရှိအနေအထားထက် ပိုမိုခက်ခဲလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဒေသမှာ အီရန်နိုင်ငံဟာ ဗိုင်းရပ်စ် အဆိုးဝါးဆုံး ကူးစက်ပြန့်နှံ့ရာနေရာဖြစ်နေပြီး အခြားနိုင်ငံတွေမှာလည်း ကူးစက်သ၊ သေဆုံးသူတွေ မြင့်တက်လာနေပါတယ်။

    Ref: Alarabiya