News @ M-Media

Blog

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    မတ် ၂၁၊ ၂၀၂၀
    M-Media

    ဥရောပဘောလုံးပြိုင်ပွဲများကို မေလလယ်တွင် ပြန်စရန် စီစဉ်

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် လက်ရှိရပ်ဆိုင်းထားတဲ့ ဥရောပ ဘောလုံးပြိုင်ပွဲတွေအားလုံးကို လာမယ့် မေလအလယ်ပိုင်းလောက် ပြန်စနိုင်ဖို့ မျှော်မှန်းထားတယ်လို့ စပိန်လာလီဂါ ကျင်းပရေးအဖွဲ့ ဥက္ကဌ ဂျာဗီယာတီဗက်စ်က ပြောကြားလိုက်ပါတယ်။ ယူရို ၂၀၂၀ ကို နောက်နှစ် ရွှေ့လိုက်တာကြောင့် ဥရောပနိုင်ငံတွေက ဘောလုံးပြိုင်ပွဲတွေ ဆက်လက်ကျင်းပဖို့ အချိန်ရသွားတာ ဖြစ်ပါတယ်။ တီဘက်စ်က ရပ်ဆိုင်းထားရတဲ့ အမှတ်ပေးပြိုင်ပွဲတွေ၊ ရှုံးထွက်ဖလားပြိုင်ပွဲတွေဟာ ၃၀ လောက်ရှိပြီး ပြန်လည်ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    ဆွစ်ကလပ်တစ်ခုက ကစားသမားကို ၉ ဦးကို တစ်ပြိုင်တည်းထုတ်ပယ်

    • ဆွစ်ဇာလန် ဆူပါလိဂ်ကလပ် FC Sion အသင်းဟာ ကစားသမား ၉ ဦးကို မနေ့က တစ်ပြိုင်တည်း ထုတ်ပယ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း လခလျော့ယူဖို့ ညှိနှိုင်းမှုကို လက်မခံတဲ့အတွက် ဒီလို ထုတ်ပယ်လိုက်တာပါ။ ထုတ်ပယ်ခံရသူတွေထဲမှာ အာဆင်နယ်ကစားသမားဟောင်း အဲလက်ဆောင်းနဲ့ ဂျိုဟန် ဂျိုရူး၊ ဖူလ်ဟမ် ကွင်းလယ်ကစားသမားဟောင်း ပက်ဂျ်တင် ကာဆာမီတို့ ပါဝင်ပါတယ်။ ဆွစ်ဇာလန်အစိုးရက လူ ၁၀၀၀ ထက် ပိုမစုရဘူးလို့ အမိန့်ထုတ်ပြန်ထားတာကြောင့် ဆူပါလိဂ်ကို မတ်လ ၁ ရက်နေ့ကတည်းက ရပ်ဆိုင်းထားပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရိုးမားအသင်းက စက်ပစ္စည်းနှင့် ငွေများ လှူဒါန်း

    စီးရီးအေကလပ် ရိုးမားအသင်းဟာ ရောမမြို့က ဆေးရုံတစ်ခုကို အသင်းမှာရှိနေတဲ့ အရေးပေါ် အသက်ရှူစက် ၃ ခုနဲ့ ကုတင် ၈ ခုကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပထမအသင်း ကစားသမားတွေနဲ့ နည်းပြတွေရဲ့ တစ်ရက်စာ လုပ်အားခ စုစုပေါင်း ယူရို ၄၆၀၀၀၀ ကိုလည်း ကိုရိုနာဗိုင်းရပ်စတိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ အီတလီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

    Ref: BBC

    #mmFootballNews

  • ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    ဥရောပနိုင်ငံများတွင် COVID-19 ကူးစက်မှု၊ သေဆုံးမှုအ​ရေအတွက် သိသိသာသာ မြင့်တက်လာ

    မတ် ၂၁၊ ၂၀၂၀
    M-Media

    – ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ပြန့်နှံ့ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွတ်ဟာ မတ်လ ၂၁ ရက်နေ့မှာ ၁၁၀၀၀ ကျော်လာခဲ့ပြီး ကူးစက်ခံရသူကတော့ ၂၇၇၀၀၀ ​ထောင်ကျော် ရှိလာပါတယ်။ အဲဒီအထဲမှာ ပြန်ကောင်းသွားသူကတော့ ၈၈၀၀၀ ကျော် ရှိ​ခဲ့ပါတယ်။

    – အီတလီမှာ မနေ့ကတစ်နေ့တည်း သေဆုံးသူ ၆၂၇ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ်ဒဏ်ခံရတဲ့ ၄ ပတ်အတွင်း တစ်နေ့တာ သေဆုံးမှု အမြင့်ဆုံးလည်း ဖြစ်ပါတယ်။ စုစုပေါင်းသေဆုံးသူ ၄၀၃၂ ဦးရှိလာပြီး ဗိုင်းရပ်စ်စပြန့်ရာ တရုတ်နိုင်ငံထက် ပိုများသွားတာပါ။

    – အီရန်နိုင်ငံမှာတော့ မနေ့က ၁၂၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ၁၅၅၆ ဦး ရှိလာတာပါ။ ကူးစက်သူအရေအတွက်ကတော့ ၂၀၆၁၀ ရှိလာပါတယ်။

    – ဥရောပနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု၊ သေဆုံးမှုတွေ မြင့်တက်လာပါတယ်။ စပိန်မှာ သေဆုံးသူ ၁၃၀၀ ကျော်လာသလို၊ နယ်သာလန်မှာလည်း မနေ့ကတစ်ရက်တည်း လူ ၃၀ သေဆုံးတာကြောင့် သေဆုံးသူ ၁၃၆ ဦး ရှိလာပါတယ်။ ကူးစက်ခံရသူတွေကတော့ စပိန်မှာ ၂၄၉၂၆ ဦးနဲ့ နယ်သာလန်မှာ ၃၆၃၁ ဦးဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာ သေဆုံးသူ ၅၆ ဦး၊ ကူးစက်သူ ၆၁၀၀ ရှိနေပြီး၊ ၅၂၁ ဦး ကူးစက်ခံထားရတဲ့ ဖင်လန်နိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဂျော်ဂျီယာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မယ့် အန္တရာယ်ကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေငြာလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံမှာ သေဆုံးသူက ၂ ဆတိုးတာ ၁၂ ဦးအထိ ရှိလာပြီး၊ ကူးစက်သူက ၁၂၈၀ အထိ ရှိလာပါတယ်။

    – အာဖရိကနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ၊ သေဆုံးမှုတွေ ဖြစ်လာပါတယ်။ ကွန်ဂိုနိုင်ငံမှာ မနေ့က ပထမဆုံး လူသေဆုံးမှုဖြစ်ခဲ့ပြီး ကူးစက်သူ ၅ ဦး ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၂၃ ဦး ရှိလာတာပါ။ ဘာကီနာဖာဆိုမှာ အစိုးရဝန်ကြီး ၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ၆၄ ဦးရှိလာတာပါ။ သေဆုံးသူကတော့ ၂ ဦး ရှိနေပါတယ်။ အာဖရိကတိုက် အစွန်က ကျွန်းနိုင်ငံငယ် မောရေးရှပ်စ်မှာလည်း မနေ့က ပထမဆုံး သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ အန်ဂိုလာနိုင်ငံမှာ ပထမဆုံး ကူးစက်သူ ၂ ဦးကို မနေ့မှာ တွေ့ခဲ့ရပါတယ်။

    – အရှေ့အလယ်ပိုင်းမှာတော့ ယူအေအီးနိုင်ငံမှာ မနေ့က ပထမဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ကူဝိတ်နိုင်ငံမှာ ကူးစက်သူ ၅ ဦး ပြန်ကောင်းသွားတာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂၇ ဦးသာ ရှိပါတော့တယ်။ အိုမန်နိုင်ငံမှာ မနေ့က ၄ ဦး ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်းကူးစက်သူ ၅၂ ဦး ရှိလာကာ ပြန်လည်သက်သာသူက ၁၃ ဦးရှိပါတယ်။

    – စင်ကာပူနိုင်ငံမှာ ထပ်မံကူးစက်ခံရသူ ၄၇ ဦးရှိပြီး စုစုပေါင်း ၄၃၂ ဦး ရှိလာတာပါ။ ဒီကနေ့မနက်က လူ ၂ ဦးသေဆုံးခဲ့ပြီး COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    – မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် စနေနေ့မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈ ဦးအထိ ရှိလာပါတယ်။ ကူးစက်မှုတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၅၃ ဦးရှိခဲ့ပြီး စုစုပေါင်းကူးစက်သူ ၁၁၈၃ ဦးအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

    – အင်ဒိုနီးရှားနိုင်ငံမှာ မနေ့က သေဆုံးသူ ၆ ဦးရှိပြီး၊ ကူးစက်ခံရသူကတော့ ၈၁ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၄၅၀ နဲ့ သေဆုံးသူ ၃၈ ဦးအထိ ရှိလာတာပါ။

    – ပါလက်စတိုင်းမှာ မနေ့က ထပ်မံကူးစက်သူ ၄ ဦးရှိပြီး စုစုပေါင်း ကူးစက်သူ ၅၂ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – မတ်လ ၂၁ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်မှု)

  • အီဂျစ်က နိုင်ငံတစ်ဝှမ်းရှိ ဗလီများကို ၂ ပတ်ကြာ ပိတ်ထားမည်

    အီဂျစ်က နိုင်ငံတစ်ဝှမ်းရှိ ဗလီများကို ၂ ပတ်ကြာ ပိတ်ထားမည်

    မတ် ၂၁၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – အီဂျစ်ရှိ ဆူလ်တန် ဟာဆန် ဗလီဝတ်ကျောင်းတော်)

    -နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ်ဘာသာရေးအဆောက်အဦးတွေကို မတ်လ ၂၁ ရက်နေ့က စတင်ကာ ၂ ပတ်ကြာ ပိတ်ထားမယ်လို့ အီဂျစ်အစိုးရက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    အီဂျစ်မှာ COVID-19 ကူးစက်နေသူ ၃၀၀ နီးပါး ရှိနေပြီး သေဆုံးသူက ၈ ဦး ရှိနေပါတယ်။ ကမ္ဘာ့အစောဆုံး ဗလီတွေထဲကတစ်ခုဖြစ်တဲ့ အလ်-အဇ်ဟာရ်ဗလီကို ယာယီပိတ်ထားမယ်လို့ မနေ့မှာ ကြေငြာခဲ့ပြီး နိုင်ငံတစ်ဝှမ်း တစ်ခြား ဗလီတွေကို ပိတ်ထားဖို့ မလုပ်ဆောင်တဲ့အတွက် အစိုးရကို ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

    ဗလီတွေပိတ်တာအပြင် သောကြာနေ့နဲ့ အခြား လူစုလူဝေး ဝတ်ပြုဆုတောင်းမှုတွေအားလုံးကိုလည်း အစိုးရက ယာယီ တားမြစ်လိုက်ပါတယ်။ ဗလီတွေမှာ နေ့စဉ် အာဇန် နိဗ္ဗာန်ဆော်မှု ပြုလုပ်သွားမှာဖြစ်ပြီး ‘အိမ်မှာပဲဝတ်ပြုကြပါ’ ဆိုတဲ့ စကားလုံးကို ထည့်သွင်းသွားမယ်လို့ အီဂျစ်သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လွန်ခဲ့ ၆ ရက်က အလ်-အဇ်ဟာရ် အစ္စလာမ်တက္ကသိုလ်ရဲ့ မွဖ်သီ အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က ဖသ်ဝါ ဓမ္မသတ်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကျန်းမာရေးပြဿနာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတဲ့ ဒီလိုအခိုက်အတန့်မှာ သောကြာနေ့ ဝတ်ပြုမှု၊ လူစုလူဝေးနဲ့ ဝတ်ပြုမှုတွေကို ယာယီ ရပ်ဆိုင်းထားနိုင်တယ်လို့ ​ဒီဓမ္မသတ်မှာ ဖော်ပြခဲ့ပါတယ်။

    အီဂျစ် ကော့ပတစ်ခရစ်ယာန်အသင်းတော်ကလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘုရားကျောင်းတွေကို နှစ်ပတ်တာပိတ်ကြောင်း သောကြာနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: Egypt Today

  • ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုကို မြန်မာရပ်ဆိုင်း

    ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုကို မြန်မာရပ်ဆိုင်း

    မတ် ၂၁၊ ၂၀၂၀
    M-Media

    ရန်ကုန်လေဆိပ်တွင်တွေ့ရသည့် မြန်မာလုပ်သားအချို့

    -ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေမှုကြောင့် နိုင်ငံရပ်ခြား အလုပ်သမားစေလွှတ် မှုကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

    ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူအေအီးတို့အပါအဝင် နိုင်ငံတော်တော်များများကို အစိုးရချင်း သဘောတူညီချက်နဲ့ မြန်မာအစိုးရက အလုပ်သမားတွေစေလွှတ်နေပြီး၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ကို အများဆုံး စေလွှတ်နေတာပါ။

    အခုလိုရပ်ဆိုင်းမှုမှာ အလုပ်သမားစေလွှတ်မှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း ထုတ်ပေးမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအောက်က အလုပ်သမား ဦးစီးဌာနအစီအစဉ်နဲ့ နိုင်ငံရပ်ခြားကို အလုပ်သမား ၂၇၃၃၀ ဦး စေလွှတ်ခဲ့ပြီး ၂၂၃၆၂ ဦးက ထိုင်း၊ ၄၁၄၅ ဦးက မလေးရှား၊ ၆၉၈ ဦးက ဂျပန်နိုင်ငံတို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု မရှိသေးဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နယ်စပ်ကနေ နိုင်ငံခြားသား ဝင်ရောက်မှုကို ကြာသာပတေးနေ့မှာ ပိတ်ပင်ခဲ့ပါတယ်။

    Ref: The Star

  • စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    စင်ကာပူတွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှုဖြစ်

    မတ် ၂၁၊ ၂၀၂၀
    M-Media

    -COVID-19 ကြောင့် စင်ကာပူနိုင်ငံမှာ ဒီကနေ့ လူ ၂ ဦး သေဆုံးခဲ့ပြီး ဒါဟာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

    သေဆုံးသွားသူ အသက် ၇၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား အမျိုးသမီးမှာ နာတာရှည် နှလုံးရောဂါနဲ့ သွေးတိုးရောဂါတို့ရှိပြီး မကြာသေးခင် ဗိုင်းရပ်စ်ပြန့်နှံ့ရာ ဒေသတွေကို သွားရောက်ခဲ့သူဖြစ်ပါတယ်။ အခြားတစ်ဦးက အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး နှလုံးရောဂါအခံရှိသူပါ။ မတ်လ ၁၃ ရက်​နေ့က စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။

    ကျန်းမာရေးဝန်ကြီး ဂန်ကင်ယုံက ဒီသတင်းကြောင့် စင်ကာပူနိုင်ငံသားတွေ စိတ်သောကရောက်ကြမယ်ဆိုတာ သိပေမယ့် ကြောက်ရွံ့မှုကို နေရာပေးစရာ မလိုဘူးလို့ ပြောကြာခဲ့ပါတယ်။

    စင်ကာပူမှာ COVID-19 ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၃၈၅ ဦးရှိပြီး အဲဒီအထဲက ၁၃၁ ဦးဟာ ဗိုင်းရပ်စ်ပျောက်ကင်းကာ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။

    Ref : CNA