News @ M-Media

Blog

  • အင်ဒိုနီးရှားတွင် COVID-19 ကူးစက်မှု တစ်နေ့တာ စံချိန်တင်မြင့်တက်

    အင်ဒိုနီးရှားတွင် COVID-19 ကူးစက်မှု တစ်နေ့တာ စံချိန်တင်မြင့်တက်

    မတ် ၁၈၊ ၂၀၂၀
    M-Media

    (ဓာတ်ပုံ – အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မြင်ကွင်း)
    • အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၅၅ ဦးရှိခဲ့ပြီး ဒါဟာ တစ်ရက်အတွင်း စံချိန်တင်ပမာဏလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကူးစက်သူစုစုပေါင်း ၂၂၇ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၁၉ ဦး ရှိလာပါပြီ။ ဗိုင်းရပ်စ်ပျောက်ကင်းပြီး ဆေးရုံကနေဆင်းရသူကတော့ ၁၁ ဦး ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မနေ့က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်ကူးစက်နေတာကို တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်က ၆၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မနေ့က ၃၅ ဦး ထပ်မံကူးစက်ခဲ့ပြီး စုစုပေါင်း ကူးစက်သူအရေအတွက်က ၂၁၂ ဦး ရှိလာတာပါ။ အဲဒီအထဲမှာ ၄၂ ဦးက ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။
    • အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦးကို မနေ့က တွေ့ခဲ့ရတာကြောင့် ပြည်နယ် ၅၀ စလုံးကို ပြန့်နှံ့သွားပြီဖြစ်ပါတယ်။ ဒီပြဿနာကြောင့် စီးပွားရေးအခက်တွေ့နေတဲ့ မိသားစုတွေထဲ ငွေကြေးထောက်ပံ့မှု ပြုလုပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
    • အီရန်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၈၅၃ ဦး ရှိလာခဲ့ပြီး ကူးစက်သူအရေအတွက်ကတော့ ၁၄၉၉၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်ကူးစက်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၈၅၀၀၀ လောက်ကိုလည်း အကျဉ်းထောင်တွေထဲကနေ လွှတ်ပေးလိုက်ပါတယ်။
    • ဂျော်ဒန်နိုင်ငံမှာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးဖို့အတွက် မနေ့က အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တစ်နိုင်ငံလုံးကို တံခါးပိတ်ပြီး သွားလာလှုပ်ရှားမှုကို ကန့်သတ်ခဲ့ပါတယ်။ ကူးစက်သူ ၃၃ ဦး ရှိနေတဲ့ အိုမန်နိုင်ငံမှာ ကုန်စုံဆိုင်နဲ့ ဆေးဆိုင်ကလွဲလို့ ရှော့ပင်းမောလ်တွေ၊ စားသောက်ဆိုင်တွေ၊ အလည်အပတ်နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေအားလုံးကို မနေ့မှာ ပိတ်ပစ်လိုက်ပါတယ်။ ကာတာနိုင်ငံမှာလည်း ကူးစက်သူအရေအတွက်ဟာ ၄၄၂ ဦးအထိ ရှိလာခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးဆိုင်ကလွဲလို့ အားလုံးကို ပိတ်ထားလိုက်ပါတယ်။
    • COVID-19 ပြန့်နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဥရောပသမဂ္ဂနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်တွေကို ပိတ်ထားလိုက်ပါတယ်။ ဥရောပဟာ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့တဲ့ အဓိကနေရာဖြစ်လာခဲ့ပြီး အီတလီက ဒီဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတာပါ။ အီတလီမှာ ကူးစက်သူအရေအတွက်ဟာ ၃၁၅၀၆ ဦး ရှိလာပြီး သေဆုံးသူကတော့ ၂၅၀၃ ဦး ရှိလာပါတယ်။ ဥရောပသမဂ္ဂဥက္ကဌ Ursula von der Leyen က လက်ရှိမှာ ဒီဗိုင်းရပ်စ်က ရန်သူသဘောမျိုးဖြစ်လာပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ကာကွယ်တားဆီးရေး အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။မလေးရှားမှာ နိုင်ငံသား ၁၅၀၀၀ လောက်နဲ့ နိုင်ငံခြားသား ၁၀၀၀ လောက် တက်ရောက်တဲ့ အစ္စလာမ်ဘာသာရေးအခမ်းအနားကနေတစ်ဆင့် ဗိုင်းရပ်စ် ပြန့်နှံ့မှုဒဏ်ကို အရှေ့တောင်အာရှနိုင်ငံတွေက လတ်တလော ခံစားနေရပါတယ်။
    • WHO ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Poonam Khetrapal Singh က ဗိုင်းရပ်စ်ပြန့်နှံ့ရာ နေရာအသစ်တွေကို တွေ့နေရပြီး ဒီအတွက် မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုန့်ပြန်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ မလေးရှားနိုင်ငံဟာ ဗိုင်းရပ်စ်ပြန့်နှံ့မှုဏ်ကို အကြီးအကျယ်ခံစားနေရပြီး မတ်လ ၁၇ ရက်နေ့အထိ ကူးစက်သူ ၇၀၀ နီးပါး သေဆုံးသူ ၂ ဦး ရှိနေကာ တစ်နိုင်ငံလုံးကိုလည်း ၂ ပတ်ကြာ တံခါးပိတ်ထားပါတယ်။
    • ဂျပန်နိုင်ငံ Fujifilm Holdings ကုမ္ပဏီကထုတ်လုပ်တဲ့ တုပ်ကွေးပျောက်ဆေးဟာ COVID-19 ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိတယ်လို့ တရုတ်အစိုးရက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ Favipiravir ဆေးအမျိုးအစားဖြစ်ပြီး Avigan အမည်နဲ့ ရောင်းချတဲ့ အဲဒီဆေးကို တရုတ်နိုင်ငံ ဂွမ်ဒုန်းပြည်နယ် ရှန်ဇန်းဆေးရုံမှာ စမ်းသပ်ခဲ့ပြီး ဒီဆေးထိုးနှံခဲ့တဲ့ လူနာတွေဟာ တစ်ခြားလူနာတွေထက် ဗိုင်းရပ်စ်မြန်မြန်ဆန်ဆန် ကင်းစင်သွားတာကို တွေ့ခဲ့ရပါတယ်။ အဲဒီဆေးကို ၂၀၁၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာပါ။ တရုတ် ဇီ၀နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစင်တာရဲ့ သိပ္ပံဌာန ညွှန်ကြားရေးမှူး Zahang Zinmin က ဒီဆေးဟာ အန္တရာယ်အလွန်ကင်းပြီး ကုသမှုမှာလည်း ထိရောက်တယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Nikkei Asian

    #mmHelthNews

  • COVID19 က မိမိတို့ခေတ်ကို အဆုံးအဖြတ်ပေးမည့် ပြဿနာဟု WHO သတိပေး (နောက်ဆုံးရသတင်းများ)

    COVID19 က မိမိတို့ခေတ်ကို အဆုံးအဖြတ်ပေးမည့် ပြဿနာဟု WHO သတိပေး (နောက်ဆုံးရသတင်းများ)

    မတ် ၁၇၊ ၂၀၂၀ (နေ့လည် ၂ နာ ရီခွဲ)
    M-Media

    (ဓာတ်ပုံ – ​မတ်လ ၁၇ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့မှု အခြေအနေ)

    – COVID19 ဟာ လက်ရှိကာလကို အဆုံးအဖြတ်ပေးမယ့် ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပြီး သံသယရှိသူအားလုံးကို စစ်ဆေးဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၁၆၈၀၀၀ ကျော်လောက် ကူးစက်နေပြီး သေဆုံးသူက ၆၆၁၀ ဦး ရှိနေတာပါ။ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် အမေရိကန်၊ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း တံခါးပိတ်တာတွေ ပြုလုပ်နေကြပါတယ် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီကပ်ရောဂါကို မျက်လုံးမှိတ်ပြီး ဖြေရှင်းလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    – ဖိလစ်ပိုင်မှာ မြို့တော်မနီလာရှိရာ လူဇုန်ကျွန်းကို တံခါးပိတ်လိုက်ပြီး ပြည်တွင်းလေယာဉ်ခရီစဉ်တွေအားလုံးကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ မလေးရှားနိုင်ငံကလည်း တစ်နိုင်ငံလုံးကို မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တံခါးပိတ်လိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ကူးစက်သူအရေအတွက် ၃၃ ဦး ရှိလာပြီးတဲ့နောက် တစ်နိုင်ငံလုံးကို တံခါးပိတ်စောင့်ကြည့်သွားမယ်လို့ သမ္မတ မာဒူရိုက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဟောင်ကောင်ကတော့ နိုင်ငံထဲဝင်ရောက်လာတဲ့ ဘယ်သူ့ကိုမဆို ၁၄ ရက် သီးသန့်ထား စောင့်ကြည့်သွားမယ်လို့ မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကလည်း နိုင်ငံခြားသားတွေအတွက် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

    – ထိုင်းနိုင်ငံမှာ မနေ့က လူ ၃၀ ထပ်မံကူးစက်ခဲ့ပြီး အဲဒီအထဲက ၁၁ ဦးဟာ လက်ဝှေ့အားကစားပွဲကနေ ဆက်နွယ်ကူးစက်သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ ကူးစက်သူအရေအတွက်ဟာ ၁၇၇ ဦး ရှိလာပါပြီ။ ကမ္ဘောဒီးယားမှာလည်း ကူးစက်မှုဟာ ၂၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    – တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မနေ့က အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီနဲ့ ဖုန်းပြောဆိုခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဆေးဝါးပစ္စည်းတွေကို ထပ်ပို့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီဟာ ဥရောပမှာ အဆိုးဝါးဆုံး ကူးစက်ပြန့်နှံ့နေတဲ့နိုင်ငံဖြစ်ပြီး ရှီက ဒီရောဂါဟာ မိမိတို့ ၂ နိုင်ငံစလုံးအတွက် ပြင်းထန်တဲ့ စမ်းသပ်မှုဖြစ်ကြောင်း၊ အီတလီရဲ့ အရေးပေါ်လိုအပ်ချက်တွေကိုလည်း နားလည်ပါကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    – တောင်ကိုရီးယားမှာ မနေ့က ထပ်မံကူးစက်သူ ၈၄ ဦးသာရှိခဲ့ပြီး ၃ ရက်ဆက်တိုက် ၁၀၀ အောက် ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကူးစက်မှုစုစုပေါင်း ၈၃၂၀ ဦးရှိပြီး သေဆုံးသူအရေအတွက်ကတော့ ၈၁ ဦး ရှိလာပါတယ်။ ကူးစက်သူတွေထဲမှာ ၁၄၀၁ ဦးက ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။

    – တရုတ်နိုင်ငံမှာ မနေ့က ထပ်မံကူးစက်သူ ၂၁ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ ၂၀ က နိုင်ငံရပ်ခြားကနေ ကူးစက်လာသူတွေဖြစ်ပါတယ်။ သေဆုံးသူကတော့ မနေ့က ၁၃ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်က ၃၂၂၆ ဦး ရှိလာတာပါ။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်မှု ၈၀၈၈၁ ခု ရှိခဲ့ပြီး၊ ဗိုင်းရပ်စ်ပျောက်ကင်းကာ ​ဆေးရုံကဆင်းသွားသူတွေလည်း အတိုင်းအတာတစ်ခုအထိ ရှိနေပါတယ်။

    – ဩစတေးလျမှာ ဗိုင်းရပ်စ်ကူးစက်နေတဲ့ ဟောလီးဝုဒ်မင်းသား တွမ်ဟန့်နဲ့ ဇနီးဖြစ်သူ ရီတာဝီလ်ဆင်တို့ဟာ မနေ့က ဆေးရုံကနေဆင်းပြီး အိမ်တစ်လုံးမှာ သီးသန့်နေထိုင်ကာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ အသက် ၆၃ နှစ်အရွယ် တွမ်ဟန့်ဟာ ဗိုင်းရပ်စ်ကူးစက်နေကြောင်း ပထမဆုံးကြေငြာခဲ့တဲ့ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။

    Ref: Aljazeera

  • COVID-19 ပြန့်နှံ့မှုကြောင့် မလေးရှားက တစ်နိုင်ငံလုံးကို ၂ ပတ်ကြာ တံခါးပိတ်

    COVID-19 ပြန့်နှံ့မှုကြောင့် မလေးရှားက တစ်နိုင်ငံလုံးကို ၂ ပတ်ကြာ တံခါးပိတ်

    မတ် ၁၆၊ ၂၀၂၀
    M-Media

    တိုင်းပြည်ကို တံခါးပိတ်ကြောင်း ကြေငြာနေသည့် ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်

    -နိုင်ငံတစ်ဝှမ်း COVID-19 ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တိုင်းပြည်ကို ၂ ပတ်ကြာ တံခါးပိတ်သွားမယ်လို့ မလေးရှားနိုင်ငံက ဒီကနေ့ညပိုင်းမှာ ကြေငြာလိုက်ပါတယ်။

    မလေးရှားမှာ ​COVID-19 ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သိသိသာသာ မြင့်တက်လာခဲ့တာပါ။ မတ်လ ၁၆ ရက်နေ့အထိ ကူးစက်နေသူအရေအတွက် ၅၅၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်အတွင်း ၂၀၀ ကျော် ကူးစက်နေတာကို တွေ့ခဲ့ရပြီး အားလုံးနီးပါးဟာ အခုလအစောပိုင်း ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးက အစ္စလာမ်ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွယ်ပတ်သက်နေသူတွေဖြစ်ပါတယ်။

    ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က လက်ရှိ အစိုးရရဲ့ ဦးစားပေးလုပ်ငန်းဟာ နောက်ထပ်ပြန့်နှံ့မှုမဖြစ်အောင် တားဆီးဖို့ ဖြစ်တာကြောင့် မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ​လှုပ်ရှားသွားမှု ကန့်သတ်မိန့် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အခုလို တိုင်းပြည်ကို တံခါးပိတ်လိုက်တာကြောင့် ဘာသာရေး၊ လူမှုရေးအခမ်းအနားတွေ လုပ်ဆောင်လို့ရမှာမဟုတ်တော့သလို ကျောင်းတွေ၊ အလုပ်တွေ၊ ရုံးတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ ဘာသာရေးအဆောက်အဦးတွေ အားလုံးလည်း ပိတ်ထားရမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားတွေကို ပြည်ပထွက်ခွင့် ပြုမှာမဟုတ်သလို၊ နိုင်ငံခြားသားတွေကိုလည်း တိုင်းပြည်အတွင်း ပေးဝင်မှာမဟုတ်ပါဘူး။ မရှိမဖြစ်လိုအပ်တဲ့ ဌာနတွေကလွဲလို့ အစိုးရဌာနတွေအားလုံးကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။

    COVID-19 ဗိုင်းရပ်စ် ကူးစက်မှု ရုတ်တရက် မြင့်တက်လာတာကြောင့် မလေးရှားပြည်သူတွေဟာ အခြေခံစားသောက်ကုန်တွေ အလုအယက် ဝယ်ယူလာကြပြီး စူပါမားကတ်တွေမှာ ပစ္စည်းပြတ်လပ်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။

    Ref: Malay Mail

  • COVID-19 ကာကွယ်ဆေး အမေရိကန်တွင် စတင်စမ်းသပ်

    COVID-19 ကာကွယ်ဆေး အမေရိကန်တွင် စတင်စမ်းသပ်

    မတ် ၁၆၊ ၂၀၂၀
    M-Media

    -လတ်တလော ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ COVID-19 အတွက် ကာကွယ်ဆေးကို အမေရိကန်မှာ ဒီကနေ့ စတင်စမ်းသပ်တော့မယ်လို့ သိရပါတယ်။

    ဒီကာကွယ်ဆေးကို အမေရိကန် အမျိုးသား ကျန်းမာရေးအင်စတီကျု National Institutes of Health နဲ့ Moderna Inc ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးထားတာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက စမ်းသပ်မှုကို ဆီယက်တဲလ်မြို့က သုတေသနစင်တာတစ်ခုမှာ ပြုလုပ်မှာဖြစ်ပြီး ငယ်ရွယ်သူ ၄၅ ဦးက စေတနာ့ဝန်ထမ်း စမ်းသပ်ခံမယ်လို့ Fox News ကို ပြောကြားခဲ့ပါတယ်။

    စမ်းသပ်ခံမယ့်သူတွေမှာ COVID-19 ဗိုင်းရပ်စ်မရှိဘဲ အခု စမ်းသပ်မှုဟာ ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိကိုသာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုအောင်မြင်ရင် နောက်ထပ် စမ်းသပ်မှုတွေပြုလုပ်မှာဖြစ်ပြီး ထိုးနှံလို့ရတဲ့ ကာကွယ်ဆေးအဖြစ် အတည်ဖြစ်ဖို့အတွက် ၁ နှစ်ကနေ ၁ နှစ်ခွဲအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    COVID-19 ကူးစက်မှု အလွန်မြင့်မားနေတဲ့အချိန် ကမ္ဘာတစ်ဝှမ်း သုတေသနအဖွဲ့တွေဟာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။

    အမေရိကန်က ပြည်နယ် ၄၉ ခုမှာ ကူးစက်သူအရေအတွက်ဟာ ၃၀၀၀ အထိရှိလာပြီး သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ကာ တစ်နိုင်ငံလုံး ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေငြာထားရပါတယ်။

    Ref: Fox News

  • အစိုးရတာဝန်ရှိသူ ၃၀၀ နီးပါးကို ခြစားမှုစွဲချက်ဖြင့် ဆော်ဒီဖမ်းဆီး

    အစိုးရတာဝန်ရှိသူ ၃၀၀ နီးပါးကို ခြစားမှုစွဲချက်ဖြင့် ဆော်ဒီဖမ်းဆီး

    မတ် ၁၆၊ ၂၀၂၀
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    -လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့​ အစိုးရဝန်ထမ်း ၃၀၀ နီးပါးကို ဆော်ဒီက ဖမ်းဆီးလိုက်ပြီး အဲဒီအထဲမှာ စစ်ဖက် ထိပ်တန်းအရာရှိတွေလည်း ပါဝင်ပါတယ်။

    ဆော်ဒီအမျိုးသား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (​Nazaha) ရဲ့ မနေ့ကညပိုင်း ထုတ်ပြန်ချက်မှာ ဆော်ဒီရီယဲလ် ၃၇၉ သန်း (ဒေါ်လာ ၁၀၁ သန်း) တန်ဖိုးရှိတဲ့ ခြစားမှု၊ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေအတွက် လူ ၂၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ဖော်ပြထားပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ Nazaha ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တော်၀င်အသိုင်းအဝိုင်းက မင်းသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးပါတယ်။ အဲဒီဖမ်းဆီးမှုအတွင်း အချို့က အလွဲသုံးစား လုပ်ထားတာတွေကို ပြန်လျော်ပေးဖို့ သဘောတူတဲ့အတွက် လွှတ်ပေးခဲ့ပြီး တစ်ချို့ကိုတော့ တရားစွဲဆိုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် ဒါဟာ အိမ်ရှေ့မင်းသား အာဏာကို စုစည်းနိုင်အောင် လုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ နောက်ပိုင်းမှာ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

    အခုဖမ်းဆီးမှုအတွင်း ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ချုပ် ၁ ဦးနဲ့ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စစ်ဖက်က အရာရှိ ၈ ဦး၊ တရားသူကြီး ၂ ဦး၊ မြို့တော်ရီယာ့ဒ်က Almaarefa တက္ကသိုလ် တာဝန်ရှိသူ ၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ Nazaha ဟာ နာမည်တွေ ထုတ်မပြောခဲ့သလို အသေးစိတ်အချက်အလက်တွေကိုလည်း မထုတ်ပြန်ခဲ့ပါဘူး။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အခုလအစောပိုင်းမှာ ဘုရင် ဆလ်မန်ရဲ့ညီ အဟ်မဒ် ဘင် အဘ်ဒူလ် အဇစ်၊ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ်တို့အပါအဝင် တော်ဝင်အသိုင်းအဝိုင်းက ဩဇာရှိသူတစ်ချို့ကို ဖမ်းဆီးခဲ့တယ်လို့ အနောက်တိုင်း မီဒီယာတွေက ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆော်ဒီအစိုးရက တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။

    အိမ်ရှေ့မင်းသားဟာ လာမယ့်နိုဝင်ဘာ G20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ဘုရင်ဖြစ်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့လည်း မီဒီယာတစ်ချို့က ဖော်ပြခဲ့ကြပါတယ်။

    Ref: Aljazeera