News @ M-Media

Blog

  • နိုဝင်ဘာမတိုင်ခင် ဘုရင်ဖြစ်ရေး ဆော်ဒီအိမ်ရှေ့မင်းသားက ရည်မှန်းထားသည်ဟု သတင်းထွက်

    နိုဝင်ဘာမတိုင်ခင် ဘုရင်ဖြစ်ရေး ဆော်ဒီအိမ်ရှေ့မင်းသားက ရည်မှန်းထားသည်ဟု သတင်းထွက်

    မတ် ၁၂၊ ၂၀၂၀
    M-Media

    -တော်၀င်အသိုင်းအဝိုင်းက ထိပ်တန်းပုဂ္ဂိုလ်တစ်ချို့ကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ လတ်တ​လော ဖမ်းဆီးမှုဟာ လာမယ့်နိုဝင်ဘာလ G20 ထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် ဘုရင်ဖြစ်လာရေး ရည်မှန်းချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ နီးစပ်တဲ့ ရင်းမြစ်တွေကို ကိုးကားပြီး Middle East Eye သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဘင် ဆလ်မန်ဟာ ဦးလေးဖြစ်သူ မင်းသား အဟ်မဒ် ဘင် အဘ်ဒူလ် အဇစ်၊ အိမ်ရှေ့မင်းသားဟောင်း အစ်ကိုဝမ်းကွဲ မင်းသား မိုဟာမက် ဘင် နာယက်ဖ်တို့အပါအဝင် တော်ဝင်အသိုင်းအဝိုင်းက ဩဇာရှိသူ တစ်ချို့ကို အာဏာသိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ​ပြီးခဲ့တဲ့တစ်ပတ် သောကြောနေ့က စတင်ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

    ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရက တရားဝင် ထုတ်ပြန်ရှင်းလင်းတာမျိုး မရှိသေးပါဘူး။ ဘုရင်ဆလ်မန် သေဆုံးသွားတာကြောင့် အိမ်ရှေ့မင်းသားက အရိုက်အရာဆက်ခံဖို့ ကြိုးစားတယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် ​နိုင်ငံခြား သံတမန်တွေကို ဘုရင် ဆလ်မန်က လက်ခံတွေ့ဆုံတဲ့ ဓာတ်ပုံတွေ တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ချို့က ဘင် ဆလ်မန်ဟာ ဖခင်ကွယ်လွန်ချိန်အထိ မစောင့်ဘဲ လာမယ့် နိုဝင်ဘာလ ရီယာ့ဒ်မှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ဘုရင်ဖြစ်လိုတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ထုံးတမ်းစဉ်လာအရ ဘုရင် ဆလ်မန်ရဲ့ ညီဖြစ်သူ ထီးနန်းဆက်ခံမှာကြောင့် ဖခင်မကွယ်လွန်ခင် အရိုက်အရာကို ဆက်ခံတာက ပိုပြီး တရား၀င်မယ်လို့ အိမ်ရှေ့မင်းသားက မှတ်ယူနေတာ ဖြစ်ပါတယ်။

    ဘင် ဆလ်မန်ရဲ့ ဘုရင်ဖြစ်ရေး စီမံကိန်းဟာ ၂၀၁၇ ခုနှစ်က ညီအစ်ကိုဝမ်းကွဲ မိုဟာမက် ဘင် နာယက်ဖ်ကို အိမ်ရှေ့မင်းသားနေရာကနေ ဖယ်ရှားတဲ့အချိန်ကတည်းက စတင်ခဲ့တာပါ။

    ပူးပေါင်းဖို့စည်းရုံး

    ဘုရင်ဆလ်မန်ရဲ့ တစ်ဦးတည်းသောညီအရင်း မင်းသား အဟ်မဒ်ကို မဖမ်းဆီးခင် သူ့ရဲ့ဘုရင်ဖြစ်ရေး စီမံကိန်းကို ထောက်ခံဖို့ ဘင် ဆလ်မန်က ခေါ်ယူပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

    ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား၊ တော်ဝင်မိသားစုက ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အဲဒီဆွေးနွေးမှုမှာ အဟ်မဒ်က သူ့အနေနဲ့ ဘုရင်ဖြစ်လိုတဲ့ဆန္ဒမျိုး မရှိပေမယ့် ဒီအစီအစဉ်ကို မထောက်ခံနိုင်ကြောင်း အခြား ဘုရင်ဖြစ်ထိုက်သူတစ်ဦး ဘုရင်ဖြစ်ရေးကိုသာ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

    မင်သားအဟ်မဒ်နဲ့ တော်ဝင်မိသားစုက လူတစ်ချို့ အာဏာသိမ်းဖို့ကြံတယ်ဆိုတဲ့ သတင်းတွေလည်း မဟုတ်ဘူးလို့ ရင်းမြစ်တွေက ဆိုပါတယ်။ မင်းသားဟာ ဘုရင်အရိုက်အရာ ဆက်ခံမယ့်သူကို အတည်ပြုရွေးချယ်ပေးရတဲ့ Allegiance Council က အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

    နိုင်ငံခြား အမဲလိုက်ခရီးစဉ်ကနေ ပြီးခဲ့တဲ့ တစ်ပတ် ကြာသာပတေး​နေ့ကမှ ပြန်ရောက်လာတဲ့ မင်းသား အဟ်မဒ်ကို သောကြာနေ့မနက် နန်းတော်မှာလာတွေ့ဖို့ ဘုရင် ဆလ်မန်က ဖိတ်ကြားခဲ့ပြီး သွားတွေ့တဲ့အချိန်မှာပဲ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

    ထောက်ခံမှုကျဆင်း

    ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အွမ္မရာဘုရားဖူး ခရီးသွားတွေနဲ့ ပြည်ပခရီးသွားတွေအပေါ် ဆော်ဒီအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်မှုအပေါ် ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

    Tanturah Winter ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Persian Night ဂီတပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း မတ်လ ၅ ရက်နေ့မှာ ကျင်းပခွင့်ပြုခဲ့တာကို ထောက်ပြပြီး ဆော်ဒီအစိုးရရဲ့ ခရီးသွားလာမှု ပိတ်ပင်တာဟာ တစ်ခြားရည်ရွယ်ချက် ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အာဏာဆုပ်ကိုင်ရေး ဆောင်ရွက်မှုဟာ ၂၀၁၇ ခုနှစ်ကတည်းက စတင် ပေါ်ပေါက်ခဲ့တာပါ။ အဲဒီအချိန်က ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ တော်ဝင်အသိုင်းအ၀ိုင်းကလူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

    ငယ်ရွယ်ပြီး ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ မင်းသားတစ်ပါးရဲ့ ဆောင်ရွက်ချက်ဆိုပြီး ဒီကိစ္စမှာ ဘင် ဆလ်မန်ဟာ တော်တော်များများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဘင် ဆလ်မန်ရဲ့ လုပ်ရပ်တွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ တိုးတက်မှုရအောင် မဆောင်ရွက်နိုင်တာတွေကြောင့် အခုတစ်ကြိမ်ကြိုးပမ်းမှုမှာတော့ ဘင် ဆလ်မန်ဟာ ထောက်ခံမှုကျဆင်းလာမယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    Ref: MIddle East Eye

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    မတ် ၁၁၊ ၂၀၂၀
    M-Media

    အက်သလက်တီကိုနှင့်ပွဲတွင် အမှားခံလို့မရဟု လီဗာပူးလ်နည်းပြ ပြော

    ဒီကနေ့ည အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲဒုတိယအကျော့မှာ အမှားခံလို့မရဘဲ အကောင်းဆုံးပုံစံတွေကို ပြသဖို့ ယာဂန်ကလော့ပ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပထမအကျော့ အဝေးကွင်းမှာ ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဝက်ဖို့ဒ်နဲ့ ချယ်ဆီးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ကလော့ပ်က ဒီကနေ့ညပွဲမှာ တိုက်စစ်ကို ကောင်းမွန်စွာ ကစားကာ အခွင့်အရေးတွေကို ဖန်တီးဖို့ လိုအပ်ပြီး ခံစစ်ကလည်း ဘယ်တုန်းကမှနဲ့မတူတဲ့ပုံစံမျိုးဖြစ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    အမှားမပြင်နိုင်၍ ချန်ပီယံလိဂ်က ထွက်ရသည်ဟု မော်ရင်ဟိုဝန်ခံ

    ပြီးခဲ့တဲ့ပွဲတွေက အမှားတွေကို ထပ်လုပ်မိခဲ့တာကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရခြင်းဖြစ်တယ်လို့ စပါးအသင်းနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။ ပထမကျော့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးထားတဲ့ ဂျာမန်ကလပ် Leipzig ကို ဒီကနေ့မနက် ဒုတိယအကျော့မှာ ၃ ဂိုးပြတ်နဲ့ ထပ်ရှုံးခဲ့တာပါ။ Leipzig အသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကမှ တည်ထောင်ထားတဲ့အသင်း ဖြစ်ပါတယ်။ မော်ရင်ဟိုကတော့ ဒီပွဲမှာ ပြိုင်ဘက်ဟာ အရမ်းကောင်းလွန်းနေပြီး နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ​မော်ရင်ဟိုဟာ ပြိုင်ပွဲအားလုံးမှာ ပြီးခဲ့တဲ့ ၆ ပွဲဆက်တိုက် အနိုင်မရခဲ့ဘဲ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် အနိုင်မရမှု အရှည်ကြာဆုံးကာလလည်း ဖြစ်ပါတယ်။

    စီးရီးအေပြိုင်ပွဲကို ရပ်ဆိုင်း၊ ချန်ပီယံဘွဲ့အတွက် ရှုံးထွက်ကစားရမည့်ပုံစံရှိနေ

    နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံ့နေတာကြောင့် စီးရီးအေတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ စီးရီးအေပြိုင်ပွဲတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ် FIGC က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ချုပ်ဥက္ကဌ ဂါဘရီယဲလ်လီ ဂရာဗီနာက လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုကို အဆုံးအဖြတ်လို့မယူဘဲ ချန်ပီယံဘွဲ့၊ ဥရောပဝင်ခွင့်နဲ့ တန်းဆင်းဇုန်အတွက် ရှုံးထွက်ပွဲစဉ်တွေကစားဖို့ အဆိုပြုခဲ့ပါတယ်။ ရာသီပြီးဆုံးဖို့ ၁၂ ပွဲကျန်ရှိနေချိန်မှာ ဂျူဗင်တပ်စ်အသင်းဟာ ရမှတ် ၆၃ မှတ်ရရှိထားပြီး ဒုတိယနေရာက လာဇီယိုကို ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

    ကိုရိုနာစိုးရိမ်မှုကြောင့် မန်စီးနှင့် အာဆင်နယ်ပွဲကို ရွှေ့ဆိုင်း

    ဒီကနေ့ညမှာ ကစားဖို့ရှိနေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် အန္တရာယ်​ကြောင့် ရွှေ့ဆိုင်းလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ယူရိုပါလိဂ်ပြိုင်ပွဲ ဂရိကလပ် အိုလံပီယာကော့စ်ပိုင်ရှင် အသက် ၅၂ နှစ်အရွယ် မာရီနာကစ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့သတင်း​ ပေါ်ထွက်လာပြီးနောက် အာဆင်နယ်ပွဲကို အခုလို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ် အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ်ကစားစဉ်မှာ မာရီနာကစ်ဟာ အာဆင်နယ်ကစားသမား တော်တော်များများနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ အဲဒီကစားသမားတွေကို လက်ရှိမှာ သီးသန့်ခွဲထား စောင့်ကြည့်နေတယ်လို့ အာဆင်နယ်အသင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မာရီနာကစ်ဟာ အင်္ဂလန် ချန်ပီယံရှစ် ဘောလုံးအသင်း နောတင်ဟမ်ဖောရက်စ်ရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

    Ref: BBC, Goal

  • မတ်စ်ဂျစ်ဒ်ဟရမ် ဗလီတွင် လမ်းညွှန် Touchscreen ဘုတ်များ အသုံးပြုမှုကို ရပ်ဆိုင်း

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီတွင် လမ်းညွှန် Touchscreen ဘုတ်များ အသုံးပြုမှုကို ရပ်ဆိုင်း

    မတ် ၁၁၊ ၂၀၂၀
    M-Media

    -မက္ကာနဲ့ မဒီနာမှာရှိတဲ့ မြင့်မြတ်ရာနေရာတွေကို လာရောက်ကြတဲ့ ခရီးသွားတွေ အလွယ်တကူ လမ်းကြောင်းရှာဖွေနိုင်ရေး ထားရှိပေးထားတဲ့ Touchscreen လမ်းညွှန်ဘုတ်တွေကို အာဏာပိုင်တွေက အသုံပြုးခွင့် မပေးတော့ပါဘူး။

    ဆော်ဒီအာဏာပိုင်တွေဟာ COVID-19 ဗိုင်းရပ်စ်ပိုး ပြန်နှံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်လုပ်ဆောင်ခဲ့တာပါ။ အွမ္မရာဘုရားဖူးခရီးစဉ်ကို ယာယီပိတ်ထားလိုက်သလို၊ မက္ကာက မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်တွေကိုလည်း ပိုးသတ်သန့်ရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြင့်မြတ်ရာနေရာတွေ နေ့စဉ်သန့်ရှင်းမှု လုပ်ငန်းကိုလည်း အကြိမ်ရေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

    မြင့်မြတ်ရာနေရာတွေ လုံခြုံရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အလီ ဘင် ဟာမစ် အလ်-နာဖီက Touchscreen လမ်းညွှန်ဘုတ်တွေ အသုံးပြုခွင့် ရပ်ဆိုင်းလိုက်တာဟာ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးကာကွယ်ရေး၊ လာရောက်လည်ပတ်သူအတွက် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေး ဆောင်ရွက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကြီးမားတဲ့ တီဗီစခရင်နဲ့ အချက်အလက်တွေ ပြသတာလို ဒစ်ဂျစ်တယ်လမ်းညွှန်စနစ်တွေကိုတော့ ဆက်လက်ထားရှိသွားမယ်လို့ သူက ဆိုပါတယ်။

    ဆော်ဒီအရေဗျမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၂၁ ဦး ရှိလာပြီး သေဆုံးမှုတော့ မရှိသေးပါဘူး။

    Ref: Arab News

  • COVID19 ဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားတွင် ပထမဆုံး လူသေဆုံးမှုဖြစ်

    COVID19 ဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားတွင် ပထမဆုံး လူသေဆုံးမှုဖြစ်

    မတ် ၁၁၊ ၂၀၂၀ (ညနေ ၄ နာရီခွဲ)
    M-Media

    (ပုံ – မတ် ၁၁ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ပြန့်နှံ့မှု အနေအထား)
    • အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်နေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး မနေ့က သေဆုံးခဲ့ပြီး ဒါဟာ COVID19 ဗိုင်းရပ်စ်ကြောင့် နိုင်ငံအတွင်း ပထမဆုံး လူသေဆုံးမှုလည်း ဖြစ်ပါတယ်။ သေဆုံးသူဟာ နိုင်ငံခြားသားဖြစ်ပြီး သွေးတိုး၊ ဆီးချိုရောဂါ အခံရှိကာ ဆေးရုံမတက်ခင်ကတည်းက စိုးရိမ်ရတဲ့အနေအထားမှာ ရှိခဲ့တာလို့ အစိုးရက ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်နေသူအရေအတွက် ၂၆ ဦး ရှိနေပါတယ်။
    • ဗီယက်နမ်နိုင်ငံမှာတော့ ကူးစက်သူအရေအတွက်ဟာ ၃၅ ဦးရှိလာပြီး ၁၆ ဦးက လုံး၀ ပျောက်ကင်းသွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဆိုက်ရောက်ဗီဇာပေးမှုကို ရပ်ဆိုင်းလိုက်ပြီး တောင်ကိုရီးယား၊ အီတလီနဲ့ ဟောင်ကောင်နိုင်ငံသားတွေအပေါ် ဗီဇာကင်းလွတ်ခွင့် ပြုထားမှုကိုလည်း ပျယ်ဖျက်လိုက်ပါတယ်။
    • တူရကီမှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦးကို ပထမဆုံး တွေ့ခဲ့ရပြီး၊ တောင်အမေရိက ဘိုလီဗီးယားနိုင်ငံက ပထမဆုံး ကူးစက်မှု ၂ ခုကို တွေ့မြင်ခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပနားမားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူတစ်ဦး မနေ့က သေဆုံးခဲ့ပြီး ဒါဟာ အလယ်အမေရိကမှာ ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။ ပနားမားမှာ ကူးစက်နေသူက ၈ ဦး ရှိနေပါတယ်။
    • ဗိုင်းရပ်စ်စတင်ပြန့်နှံ့ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ တစ်ချို့ စီးပွားရေးလုပ်ငန်းတွေ၊ စျေးဆိုင်တွေကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ပြည်နယ်ကလူတွေ အပြင်ထွက်တာကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ မနေ့က တရုတ်နိုင်ငံမှာ ကူးစက်မှုဟာ ၂၄ ခုသာရှိခဲ့ပြီး သေဆုံးသူကတော့ ၂၂ ဦး ရှိပါတယ်။ ကူးစက်သူအများစုဟာ အီတလီနဲ့ အမေရိကန်တို့ကို သွားရောက်ပြီး ပြန်လာကြသူတွေ ဖြစ်ပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂၄၂ ခု ရှိခဲ့ပြီး စုစုပေါင်း ကူးစက်မှု ၇၇၅၅ ခု ရှိနေပြီ ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆ ဦးရှိခဲ့ပြီး စုစုပေါင်း ၆၀ အထိ ရှိလာတာပါ။ အာဏာပိုင်တွေက နေ့စဉ်ကူးစက်မှုနှုန်း ကျဆင်းနေပေမယ့် နိုင်ငံရဲ့ အခြားနေရာတွေကို ပြန့်နှံ့လာမယ့်အန္တရာယ် ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
    • ဂျပန်နိုင်ငံမှာ မနေ့က ကူးစက်မှု ၅၉ ခု ရှိခဲ့ပြီး ဒါဟာ တစ်ရက်တာအတွင်း အများဆုံး ကူးစက်မှုဖြစ်ပါတယ်။ စုစုပေါင်း ကူးစက်နေသူအရေအတွက်ဟာ ၁၂၇၈ ဦး ရှိလာခဲ့ပြီး သေဆုံးသူကတော့ ၁၉ ဦး ရှိလာပါတယ်။
    • ယူကေအစိုးရက အငယ်တန်း ကျန်းမာရေးဝန်ကြီး အသက် ၆၂ နှစ်အရွယ် နာဒင်း ဒိုရီမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ ဒိုရီဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လွှတ်တော်အမတ်တော်တော်တော်များများနဲ့ တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တည့်ခင်းတဲ့ ဧည့်ခံပွဲတစ်ခုကိုလည်း သွားရောက်ခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂနိုင်ငံတွေဟာ မနေ့က ဗီဒီယိုအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ကာကွယ်တားဆီးရေးလုပ်ငန်းအတွက် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ ဥရောပမှာ အီတလီနိုင်ငံဟာ ဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် တစ်နိုင်ငံလုံးကို တံခါးပိတ်ထားရပြီး အခြားဥရောပနိုင်ငံတွေမှာလည်း​ ပြန့်နှံ့နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂဟာ ထိထိရောက်ရောက် မဆောင်ရွက်ဘူးဆိုပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
    • အမေရိကန်မှာ COVID19 ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ မနေ့က တစ်ထောင်ကျော်သွားပြီဖြစ်ပါတယ်။ သေဆုံးသူက ၂၈ ဦး ရှိလာပါတယ်။ သံသယရှိသူတွေ စမ်းသပ်စစ်ဆေးမှုကို အရင်က ပြည်ထောင်စုအဆင့် ဆောင်ရွက်ရာကနေ အခုအချိန်မှာတော့ ပြည်နယ်အဆင့်ဆောင်ရွက်ဖို့ အစိုးရက ခွင့်ပြုပေးထားပါတယ်။ စမ်းသပ်စစ်ဆေးမှု၊ ကာကွယ်ကုသမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • နောက်ရွေးကောက်ပွဲမတိုင်ခင် မုဟ်ယစ်ဒင်အစိုးရကို ဖြုတ်ချနိုင်တော့မည်မဟုတ်ဟု မဟာသီယာမိုဟာမက် ဖွင့်ဟ

    နောက်ရွေးကောက်ပွဲမတိုင်ခင် မုဟ်ယစ်ဒင်အစိုးရကို ဖြုတ်ချနိုင်တော့မည်မဟုတ်ဟု မဟာသီယာမိုဟာမက် ဖွင့်ဟ

    မတ်​ ၁၁၊ ၂၀၂၀
    M-Media

    ဝန်ကြီးချုပ်ဟောင်း မဟာသီနှင့်အတူ တွေ့ရသည့် လက်ရှိဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင် (ဝဲ)

    -ဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင် ဦးဆောင်တဲ့ လက်ရှိအစိုးရကို လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်းပြီး ဖြုတ်ချဖို့ မဖြစ်နိုင်တော့ဘူးလို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့လအတွင်း ဝန်ကြီးချုပ် မဟာသီဦးဆောင်တဲ့ အာဏာရညွန့်ပေါင်းအဖွဲ့ PH အတွင်း အာဏာအားပြိုင်မှုကြောင့် မဟာသီ ရာထူးက နှုတ်ထွက်ရာကနေ အစိုးရပြိုလဲခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း မုဟ်ယစ်ဒင် ယာစင်ကို ဘုရင်က ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

    လွှတ်တော်အမတ်နေရာ အများစုရထားတဲ့ အတိုက်အခံ နိုင်ငံရေးညွန့်ပေါင်းအဖွဲ့ PH ဟာ လွှတ်တော်ပြန်စတဲ့အခါ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်း ဖြုတ်ချဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် မလေးသတင်းစာ Sinar Harian နဲ့ အင်တာဗျူးမှာ မဟာသီက ဒီအစီအစဉ် အောင်မြင်ဖို့ လမ်းမမြင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

    ” လွှတ်တော်နေရာအများစုဖြစ်တဲ့ ၁၁၄ နေရာ ကျွန်တော်တို့ ရထားပေမယ့် အခုဆိုရင် ဒီထက်နည်းသွားနိုင်ပါတယ်။ အယုံအကြည်မရှိအဆို အောင်မြင်မှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူက ကျွန်တော့်လူတွေကို သူ့ဘက်ပါအောင် ခေါ်သွားလို့ပါ”

    ပုံမှန်လွှတ်တော်အစည်းအဝေးမှာ မတ်လ ၉ ရက်နေ့မှာ စတင်ဖို့ရှိပေမယ့် ဝန်ကြီးချုပ် မုဟ်ယစ်ဒင်က ၂ လနောက်ဆုတ်ခိုင်းထားပါတယ်။ မုဟ်ယစ်ဒင်ဟာ ၂၀၁၈ ခုနှစ်က အာဏာလက်လွှတ်ခဲ့ရတဲ့ UMNO ပါတီ၊ အစ္စလာမ့်မစ် PAS ပါတီတို့နဲ့ ပူးပေါင်းထားပြီး သူ့ရဲ့ အစိုးရအဖွဲ့မှာလည်း ဒီပါတီနှစ်ခုကလူတွေ အများစု ပါဝင်နေတာပါ။

    မဟာသီက မုဟ်ယစ်ဒင်အစိုးရဟာ လာမယ့် အထွေထွေရွေးကောက်ပွဲအထိ သက်ဆိုးရှည်လိမ့်မယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အခု သူက အစိုးရဖြစ်သွားပြီ။ လူတော်တော်များများကို မက်လုံးပေးခေါ်ထားလို့ရပါပြီ။ ကျွန်တော့်ကိုထောက်ခံသူတစ်ချို့ ဝန်ကြီးတွေဖြစ်လာတာကို ကျွန်တော်တွေ့တယ်။ သူတို့ ဘက်ပြောင်းသွားကြတာပါ”

    နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု၊ ခြစားမှုတွေနဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ အခုလို အစိုးရ အပြောင်းအလဲဖြစ်လာဖို့အတွက် စီစဉ်ညွှန်ကြားခဲ့တယ်လို့လည်း မဟာသီက စွပ်စွဲခဲ့ပါတယ်။

    Ref: CNA