News @ M-Media

Blog

  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် ပါလက်စတိုင်းတစ်ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာကမ်းမြှောင်မှာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က နယ်စပ်ခြံစည်းရိုးအနီးမှာ မနေ့က ဖြစ်ပွားခဲ့တာပါ။ အစ္စရေးစစ်တပ်ကတော့ နယ်စပ်ခြံစည်းရိုးအနားမှာ ဗုံးထောင်တယ်လို့ သံသရှိသူ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူဟာ ၂၇ နှစ်အရွယ် မိုဟာမက် အလီ အလ်-နအင်း ဆိုသူ ဖြစ်ပါတယ်။

    ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာတဲ့ ဗီဒီယိုမှာတော့ အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းတစ်ဦးရဲ့ ရုပ်အလောင်းကို ဘူဒိုဇာနဲ့ ခြံစည်းရိုးနား ဆွဲယူနေတာကို မြင်ရသလို၊ ရုပ်အလောင်းကို ပြန်လည်ဆွဲယူတဲ့ ပါလက်စတိုင်းတွေထဲက ၂ ဦးလည်း အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

    ပါလက်စတိုင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PIJ က ဒီဗီဒီယိုဟာ အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ပြနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကမ်းမြှောင်ကို အုပ်စိုးနေတဲ့ ဟားမက်စ်အဖွဲ့က ဒီအဖြစ်အပျက်ဟာ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ဖော်ပြနေပြီး ဗီဒီယိုမှတ်တမ်းတင်ထားနိုင်တဲ့အတွက် အများက သိရှိရတာဖြစ်ကြောင်း မှတ်တမ်းမတင်ထားနိုင်တဲ့ ဒီလိုအဖြစ်အပျက်တွေ ရာနဲ့ချီ ရှိနေကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    တောင်ကိုရီးယား၊ အီတလီနှင့် အီရန်တို့တွင် COVID-19 ကူးစက်မှု စိုးရိမ်ဖွယ်ရာ မြင့်တက် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၀ (ည ၈ နာရီ)
    M-Media

    တောင်ကိုရီးသမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ကို အမြင့်ဆုံးအဆင့် တပ်လှန့်ကြောင်း ကြေငြာနေစဉ်
    • စနေနေ့က လူ ၃ ဦး ထပ်မံသေဆုံးကာ ၁၆၉ ဦး ကူးစက်ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားအစိုးရက ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး အမြင့်ဆုံးအဆင့် တပ်လှန့်လိုက်ပါတယ်။ ရောဂါကူးစက်သူအရေအတွက်ဟာ စုစုပေါင်း ၆၀၂ ဦးရှိလာပြီး တရုတ်နိုင်ငံအပြင်ဘက်မှာ အများဆုံးကူးစက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူကတော့ ၅ ဦးအထိ ရှိလာပါတယ်။ ရောဂါအဓိကပြန့်နှံ့ရာ နိုင်ငံတောင်ပိုင်း ဒယ်ဂူးမြို့က ချွန်ဒိုခရိုင်ကို သောကြာနေ့မှာ အထူး စောင့်ကြည့်ဇုန်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သမ္မတ မွန်ဂျယ်အင်က တိုင်းပြည်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိနေပြီး အာဏာပိုင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို မတွန့်မဆုတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    • အီတလီနိုင်ငံမြောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲံတာကြောင့် မြို့တစ်ချို့ကို ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ပိတ်ထားလိုက်သလို၊ စီးရီးအေ ဘောလုံးပွဲ တစ်ချို့၊ စီးရီးဘီ ဘောလုံးပွဲတွေနဲ့ အ‌ခြား အားကစားပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။ အီတလီမှာ ကူးစက်မှုဟာ နိုင်ငံရပ်ခြားကို သွားရောက်ရာကနေတစ်ဆင့် ဖြစ်ပွားတာမျိုးမဟုတ်ဘဲ အာဏာပိုင်တွေကတော့ ရောဂါကူးစက်မှုအကြောင်းအရင်းကို သိရှိဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ကူးစက်သူအရေအတွက်တော့ ၁၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
    • အီရန်နိုင်ငံမှာတော့ သေဆုံးသူအရေအတွက်ဟာ ၇ ဦးအထိ ရှိလာခဲ့ပြီး ကူးစက်မှုကတော့ ၅၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေ အနုပညာပွဲတွေအားလုံးကို အာဏာပိုင်တွေက ပိတ်ပင်လိုက်သလို၊ အီရတ်ကို ဘုရားဖူးသွားမယ့်ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းကာ အီရတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက် ၅ ခုကိုလည်း ပိတ်ထားလိုက်ပါတယ်။ လူ ၂ ဦးသေဆုံးခဲ့တဲ့ ကွမ်မြို့နဲ့ အနီးအနားက အာရက်မြို့တွေမှာတော့ စာသင်ကျောင်းတွေကိုပါ ပိတ်ထားပါတယ်။
    • တရုတ်သမ္မတ ရှီကျင့်ဖျင်က COVID-19 ဗိုင်းရပ်စ် ပြန့်နှံ့မှုဟာ ခေတ်သစ်တရုတ်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့က ရောဂါကူးစက်မှုဟာ ၆၄၈ ဦး ရှိခဲ့ကာ ၉၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးမှု စုစုပေါင်း ၂၃၄၅ ဦးရှိကာ ကူးစက်သူကတော့ ၇၆၂၈၈ ဦး ရှိနေပါတယ်။
    • အစ္စရေးဟာ တောင်ကိုရီးယားကလာတဲ့ ခရီးသွား ၂၀၀ လောက်ကို စစ်စခန်းတစ်ခုမှာ သီးခြားခွဲထားစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကနေ ပြန်လာတဲ့သူတွေအားလုံးကိုလည်း ၂ ပတ်ကြာ သီးသန့်ထားစောင့်ကြည့်ဖို့ အဲဒီနိုင်ငံတွေက ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့လည်း အစ္စရေးက အမိန့်ထုတ်ပြန်ထားပါတယ်။
    • ယိုကိုဟားမားမြို့နားမှာ ရပ်နားထားတဲ့ Diamond Princess ကမ္ဘာလှည့်ခရီးသွားသင်္ဘောကနေ ဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးက တောင်းပန်လိုက်ပါတယ်။ အသက် ၆၀ ကျော်အရွယ် အဲဒီအမျိုးသမီးကို တိုချီဂီပြည်နယ်မှာ ထပ်မံစစ်ဆေးမှုအတွင်း ဗိုင်းရပ်စ်ပိုးရှိကြောင်း တွေ့ခဲ့ရတာပါ။ လူ ၃၇၀၀ ကျော်ပါဝင်ပြီး အနည်းဆုံး ၆၀၀ ကျော်လောက် ကူးစက်မှုရှိနေတဲ့ အဲဒီသင်္ဘောက လူရာချီကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဆင်းခွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဓားနဲ့ထိုးသူကို ခွင့်လွှတ်သည်ဟု လန်ဒန်ဗလီမှ မုအ်ဇင်ပြော

    ဓားနဲ့ထိုးသူကို ခွင့်လွှတ်သည်ဟု လန်ဒန်ဗလီမှ မုအ်ဇင်ပြော

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀
    M-Media

    ဓားထိုးခံရသူ ရာဖတ် မဂ်လဒ်

    -မိမိကို ဓားနဲ့ထိုးသူကို ခွင့်လွှတ်တယ်လို့ လန်ဒန်ဂျာ‌မေဗလီဝတ်ကျောင်းတော်ရဲ့ မုအ်ဇင် နိဗ္ဗာန်ဆော်က ပြောကြားလိုက်ပါတယ်။

    အသက် ၇၀ ကျော်အရွယ် ရာဖတ် မဂ်လဒ်ဟာ ကြာသာပတေးနေ့က ဗလီထဲမှာ အသက် ၂၉ နှစ်အရွယ် လူဖြူအမျိုးသား ဒန်နီယဲလ် ဟော်တွန်ရဲ့ ဓားနဲ့ထိုးခြင်းကို ခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ကြောင် မဂ်လဒ်တစ်ယောက် လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ ရသွားခဲ့ပြီး ဆေးကုသမှု ခံခဲ့ရပါတယ်။ တိုက်ခိုက်သူကိုတော့ ဝတ်ပြုဖို့လာသူတွေက ၀ိုင်းဖမ်းကာ ရဲလက်အပ်ခဲ့ပါတယ်။

    မနေ့က ဆေးရုံကနေဆင်းကာ သောကြာနေ့ဝတ်ပြုဖို့ ဗလီကိုပြန်လာတဲ့ မဂ်လဒ်က တိုက်ခိုက်ခဲ့သူကို ခွင့်လွှတ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စကော့တလန်ယာ့ဒ် စုံထောက်အဖွဲ့က ဒီအဖြစ်အပျက်ကို အကြမ်းဖက်မှုမဟုတ်ဘဲ ရိုးရိုးဓားထိုးမှုအဖြစ်နဲ့သာ စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်ခဲ့သူ ဒန်နီယဲလ် ဟော်တွန်ဟာ အပြင်းအထန်နာကျင်စေမှု၊ ချွန်ထက်တဲ့လက်နက် ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    ‌လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းဟာ သောကြာနေ့က လန်ဒန်ဂျာမေဗလီကို သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ပြီး လန်ဒန်ပြည်သူတွေအနေနဲ့ သတိဝိရိယရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC

  • ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းတွင် မြန်မာနိုင်ငံ ထည့်သွင်းခံရ

    ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းတွင် မြန်မာနိုင်ငံ ထည့်သွင်းခံရ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀
    M-Media

    -နိုင်ငံတကာ ငွေ‌ကြေး‌ဆိုင်ရာ စောင့်ကြည့်အဖွဲ့ Financial Action Task Force (FATF) က မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းထဲ ထည့်သွင်းလိုက်ပြီး၊ ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးမှာ ပိုမို အားထုတ်ကြိုးပမ်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    သောကြာနေ့က ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံမှာ grey list ထဲ ပါဝင်ခဲ့တာပါ။ ဒါဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းကို ပိုမိုအားထုတ်ဆောင်ရွက်ဖို့ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။

    အခုတစ်ပတ် FATF ရဲ့ အစည်းအဝေးကို မြန်မာအစိုးရကိုယ်စားပြုပြီး တက်ရောက်ခဲ့တဲ့ ဦးကျော်ဝင်းသိန်းက မြန်မာနိုင်ငံအ‌နေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းကို မဟာဗျူဟာလုပ်ငန်းစဉ် ချမှတ်ကာ အသေးစိတ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေတွေ ပြဌာန်းတာ၊ ငွေကြေးလွှဲပြောင်းမှုအတွက် စည်းမျဉ်းအသစ်တွေ ချမှတ်တာ အပါအဝင် မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ပဲရစ်မှာ အခြေစိုက်တဲ့ FATF အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ငွေကြေးခဝါချမှုကြောင့် အဓိက နယ်ပယ်တွေမှာ အန္တရာယ်ရှိနေတာမျိုးကို မြန်မာနိုင်ငံက နားလည်မှုအားနည်းတယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

    ရာဇဝတ်မှုတွေကနေ ငွေကြေးအကျိုးအမြတ် အကြီးအကျယ်ရှာဖွေမှုနဲ့ ငွေကြေးအမြောက်အများ ခဝါချမှု အန္တရာယ်ကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတယ်လို့ ၂၀၁၈ ခုနှစ်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ FATF က ဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်ဒေသတွေမှာ နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းတွေဟာ အချိန်အတော်ကြာကတည်းက လှုပ်ရှားကာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုကို လုပ်ဆောင်နေကြတာပါ။ ‌လက်နက်မှောင်ခိုရောင်းချမှု၊ တရားမဝင် ကျောက်စိမ်းတူးဖော်မှု၊ သစ်ခုတ်မှုတွေဟာ မှောင်ခိုဂိုဏ်းတွေအတွက် ငွေရပေါက်ရလမ်း ဖြစ်နေတယ်လို့လည်း FATF က ဆိုပါတယ်။

    နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ငွေကြေးခဝါချမှုကို တိုက်ဖျက်ရေးလုပ်ငန်းမှာ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းမှာ ငွေကြေးဆိုင်ရာ ထောက်လှမ်းဖော်ထုတ်မှု လုပ်ဆောင်ဖို့၊ ရာဇဝတ်မှုတွေကနေ ရရှိတဲ့ငွေကြေးတွေကို ပိုမိုတိတိကျကျ သိမ်းဆည်းဖို့ သောကြာနေ့ အစီရင်ခံစာမှာ FATF က တိုက်တွန်းခဲ့ပါတယ်။

    FATF ရဲ့ grey list မှာ နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး အရှေ့တောင်အာရှက မြန်မာနဲ့ ကမ္ဘောဒီးယားတို့သာ ပါဝင်တာဖြစ်ပါတယ်။

    Ref; Bangkok Post

  • တောင်ကိုရီးယားနှင့် အီရန်တို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာ (နောက်ဆုံးရသတင်းများ)

    တောင်ကိုရီးယားနှင့် အီရန်တို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်သူ မြင့်တက်လာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၀ (ည ၈ နာရီ ခွဲ)
    M-Media

    – တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်သူအရေအတွက်ဟာ သောကြာနေ့ တစ်ရက်တည်းမှာတင် ၈၇ ဦး ရှိခဲ့ကာ စုစုပေါင်း ၄၃၃ ဦးရှိလာပြီး သေဆုံးသူကလည်း ၂ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အများစုဟာ နိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ဒယ်ဂူမြို့မှာဖြစ်ပြီး ကျောင်းတွေပိတ်ထားသလို လူစုလူဝေးကို ရှောင်ကျဉ်ကျဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

    – အစ္စရေးနဲ့ လက်ဘနွန်တို့မှာ ဗိုင်းရပ်စ်ကူးစက်နေသူတွေကို သောကြာနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီရန်နိုင်ငံမှာလည်း မနေ့က ကူးစက်မှု ၁၀ ခု ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂၈ ဦးရှိလာကာ သေဆုံးသူ ၅ ဦးအထိ ရှိလာပါတယ်။ အီရတ်နိုင်ငံကို ဘုရားဖူးသွားရောက်တဲ့ ခရီးစဉ်ကို အီရန်အာဏာပိုင်တွေက ရပ်ဆိုင်းလိုက်ပါတယ်။ ကူဝိတ်နိုင်ငံက နိုင်ငံတကာ ခရီးသွားတွေ၊ ဝင်ထွက်ခွင့်ပေးထားတဲ့ အီရန်နိုင်ငံသားတွေ၊ အပြင်ရောက်နေတဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီး အမြင့်ဆုံးအဆင့် တပ်လှန့်ထားပါတယ်။

    – အီတလီနိုင်ငံမှာ COVID-19 ဗိုင်းပ်စ်ကြောင့် ပထမဆုံးအကြိမ် လူ ၂ ဦးသေဆုံးခဲ့ပြီး အာဏာပိုင်တွေက နိုင်ငံမြောက်ပိုင်း မြို့ ၁၀ မြို့မှာ စာသင်ကျောင်းတွေ၊ ဘားတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်ရာနေရာတွေကို ပိတ်ထားလိုက်ပါတယ်။

    – အရှေ့အလယ်ပိုင်း နိုင်ငံတစ်ချို့နဲ့ တောင်ကိုရီးယားတို့မှာ ကူးစက်မှုကွင်းစက်ဟာ ရှင်းရှင်းလင်းလင်း မရှိတဲ့အတွက် ဗိုင်းရပ်စ်ပြန့်နှံ့မှုနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ ကူးစက်မှုတွေထဲမှာ ၈၀ ရာခိုင်နှုန်းက ပျော့ပြီ၊ ၂၀ ရာခိုင်နှုန်းက စိုးရိမ်ရတဲ့အနေအထားရှိကာ ၂ ရာခိုင်နှုန်းလောက်သာ သေဆုံးမှုရှိတယ်လို့လည်း သူကဆိုပါတယ်။

    – ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းတဲ့ အမေရိကန်သန်းကြွယ်သူဌေး ဘီလ်ဂိတ်ကို ‌တရုတ်သမ္မတရှီကျင့်ဖျင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သောကြာနေ့က ကူးစက်သူအရေအတွက်ဟာ သိသိသာသာ ကျဆင်းသွားပြီး ၃၉၇ ဦးသာ ရှိပါတယ်။ သေဆုံးသူကတော့ ၁၀၉ ဦးရှိခဲ့ပြီး စုစုပေါင်း ၂၃၄၅ ဦး ရှိလာတာပါ။ စုစုပေါင်း ကူးစက်သူအရေအတွက်က ၇၆၂၈၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။

    – ဗိုင်းရပ်စ်ပိုး အဓိကပြန့်နှံ့ရာ ၀ူဟန်မြို့က ကျန်းမာရေးဝန်ထမ်းတွေကို ထားဖို့အတွက် တရုတ်က ကမ္ဘာလှည့်ခရီးသွားသင်္ဘော ၇ စီးကို မှာယူထားပြီး Blue Whale သင်္ဘောက ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ သင်္ဘော ၇ စီးမှာ လူပေါင်း ၁၄၆၉ ဦး နေထိုင်‌နိုင်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – COVID-19 ဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ)