News @ M-Media

Blog

  • ဂါဇာမှာ လူသတ်စံချိန်တင်လိုက်တဲ့ အစ္စရေး

    ဂါဇာမှာ လူသတ်စံချိန်တင်လိုက်တဲ့ အစ္စရေး

    ဖေဖော်၀ါရီ ၂၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ဂါဇာကမ်းမြှောင်မှ UNRWA ဆေးခန်းကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားမှု)

    -လက်နက်ကိုင် ပဋိပက္ခအတွင်း ကာကွယ်ပေးရမယ့်သူတွေကို အများဆုံးသတ်ဖြတ်တဲ့ မှတ်တမ်းဆိုးတစ်ခုကို အစ္စရေးက ရရှိသွားပါတယ်။

    ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ကစတဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃ သောင်းနီးပါး ရှိလာပြီဖြစ်ပါတယ်။

    ၅ လကျော်အတွင်း ကလေးငယ်တွေ၊ ဂျာနယ်လစ်၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ၊ ကုလရဲ့ အကူအညီပေးရေးလုပ်သားတွေကို အစ္စရေးရဲ့ သတ်ဖြတ်မှုဟာ ကမ္ဘာမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အများဆုံးဖြစ်တယ်လို့ ပါလက်စတိုင်းဆိုင်ရာ ကုလအကူအညီပေးရေးအဖွဲ့ UNRWA ရဲ့ ဖေဖော်၀ါရီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    UNRWA အဖွဲ့နဲ့ ၀န်ထမ်းတွေကို အစ္စရေးက နည်းမျိုးစုံနဲ့ နှောက်ယှက်၊ ဒုက္ခပေးနေတာကိုလည်း ထုတ်ပြန်ချက်မှာ အသေးစိတ် ရေးသားထားပါတယ်။

    အစ္စရေးဟာ UNRWA က ဖွင့်ထားတဲ့ အသက်မွေး၀မ်းကျောင်းသင်တန်းတွေကို ပိတ်ခိုင်းခဲ့ပြီး၊ ၁၉၅၂ ခုနှစ်မှာ ဂျော်ဒန်က ပေးထားတဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်က ရုံးခန်းနေရာအတွက် အစ္စရေးက ဒေါ်လာ ၄ ဒဿမ ၅ သန်း ဆက်ကြေးတောင်းပါတယ်။

    အရှေ့ဂျေရုစလင်မှာ ၇၅ နှစ်ကြာ လည်ပတ်ခဲ့တဲ့ UNRWA ရုံးချုပ်ကို အစ္စရေးက ပိတ်ခိုင်းတာ၊ အဖွဲ့ရဲ့ နိုင်ငံတကာ ၀န်ထမ်းတွေကို ဗီဇာရုပ်သိမ်းတာ၊ ကုလ အကူအညီပေးရေးလုပ်ငန်းအတွက် အခွန်သက်သာခွင့်ကို ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်တာ၊ ပါလက်စတိုင်းတွေဆီသွားမယ့် အကူအညီတွေကို အစ္စရေး အကောက်ခွန်က သိမ်းဆည်းတာ စသဖြင့် ပါလက်စတိုင်းတွေ အကူအညီမရဘဲ ဒုက္ခရောက်အောင် အစ္စရေးဖက်က လုပ်ဆောင်နေတာတွေကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    UNRWA အကြီးအကဲ ဖိလစ် လာဇာရီနီက အစ္စရေးရဲ့ ဒီလုပ်ရပ်တွေကိုကြည့်ရင် မိမိတို့အဖွဲ့ကို ဖျက်ဆီးရှင်းလင်းဖို့ ရည်ရွယ်တယ်ဆိုတာ ထင်ရှားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အောက်တိုဘာ ၇ ရက်နေ့က ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ အစ္စရေးထဲ၀င်ရောက်တိုက်ခိုက်မှုမှာ UNRWA ၀န်ထမ်းတွေ ပါ၀င်တယ်လို့ အစ္စရေးက စွပ်စွဲထားပြီး လက်ရှိအချိန်အထိ အထောက်အထား အတိအကျ မပြနိုင်သေးပါဘူး။

    အစ္စရေးရဲ့ ဒီစွပ်စွဲချက်ကြောင့် အမေရိကန်အပါအ၀င် အစ္စရေးမဟာမိတ်နိုင်ငံတွေက UNRWA ကို ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Aljazeera

  • ရာဖာရှိ ဗလီပျက်မှ သောကြာနေ့ ၀တ်ပြုမှုမြင်ကွင်း

    ရာဖာရှိ ဗလီပျက်မှ သောကြာနေ့ ၀တ်ပြုမှုမြင်ကွင်း

    ဖေဖော်၀ါရီ ၂၄၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ရာဖာမြို့က ဗလီ၀တ်ကျောင်းတော်ပျက်တစ်လုံးမှာ ပါလက်စတိုင်းတွေ သောကြာနေ့ ၀တ်ပြုဆုတောင်းနေကြတာကို ဖေဖော်၀ါရီ ၂၃ ရက်နေ့က မြင်တွေ့ရတာ ဖြစ်ပါတယ်။ 

    ဂါဇာက အခြားဗလီတွေလိုပဲ ဒီဗလီ၀တ်ကျောင်းတော်ဟာလည်း အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာစတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်း ၃ သောင်းနီးပါး အသတ်ခံထားရပြီး ကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦး ၈၅ ရာခိုင်နှုန်းလောက်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera

  • ခင်ပွန်းကို လုပ်ကြံပြီး သမ္မတနေရာယူဖို့ ကြိုးစားတဲ့ ဟေတီသမ္မတကတော်

    ခင်ပွန်းကို လုပ်ကြံပြီး သမ္မတနေရာယူဖို့ ကြိုးစားတဲ့ ဟေတီသမ္မတကတော်

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – သမ္မတ ဂျိုဗန်နဲလ် မိုစီနှင့်အတူ တွေ့ရသည့် သမ္မတကတော် မာတီနီ) 

    -အာဖရိက ဟေတီနိုင်ငံမှာ ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗန်နဲလ် မိုစီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွင်း သမ္မတကတော် ပါ၀င်ပတ်သက်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ပေါက်ကြားလာပါတယ်။ 

    ဒီလုပ်ကြံမှုအတွက် သမ္မတကတော် မာတီနီ မိုစီ၊ ၀န်ကြီးချုပ်ဟောင်း ကလော်ဒီ ဂျိုးဆက်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း လီယွန်ချားလ်စ် တို့အပါအ၀င် လူ ၅၀ လောက်ကို ဖမ်းဆီးကာ စုံစမ်းစစ်ဆေးဖို့ တရားရုံးက အမိန့်ပေးထားတဲ့ စာမျက်နှာ ၁၂၂ မျက်နှာပါ ရုံးစာတွဲကို ပြည်တွင်း မီဒီယာ AyiboPost က ဖေဖော်၀ါရီ ၁၉ ရက်နေ့မှာ ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။ 

    သမ္မတ ဂျိုဗန်နဲလ် မိုစီဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း သမ္မတအိမ်တော်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ လူကြံသူတွေဟာ လူ ၂၀ လောက်ပါတဲ့ ကိုလံဘီယာ ကြေးစားအဖွဲ့ပါ။ သမ္မတကတော် မာတီနီက ဒီအဖြစ်အပျက်မှာ ဒဏ်ရာရခဲ့ပါတယ်။ 

    တရားရုံးမှတ်တမ်းမှာ မာတီနီရဲ့ ထွက်ဆိုချက်တွေဟာ အကွဲအလွဲတွေများနေပြီး သံသယ၀င်စရာကောင်းနေတယ်လို့ ဖော်ပြပါတယ်။ 

    ၀န်ကြီးချုပ်ဟောင်း ဂျိုးဆက်နဲ့ ရဲချုပ်ဟောင်း လီယွန်ချားလ်စ်တို့ကိုတော့ လုပ်ကြံမှုမှာ ပါ၀င်ခဲ့ကြောင်း ခိုင်လုံတဲ့ ဆက်နွယ််မှု တွေ့ရတယ်လို့ တရားရုံးက ဆိုပါတယ်။ သတ်ဖြတ်မှုကို ဘယ်သူက ဦးဆောင်တယ်ဆိုတာနဲ့ ဘယ်သူက ငွေကြေးထုတ်ပေးတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ 

    မာတီနီဟာ ခင်ပွန်းဖြစ်သူကိုသတ်ပြီး သမ္မတနေရာကို ဆက်ခံဖို့ ရည်ရွယ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

    မာတီနီကတော့ သူမဟာ မတရားစွပ်စွဲ ဖမ်းဆီးခံရတာဆိုပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဂျိုးဆက်ကလည်း လက်ရှိ၀န်ကြီးချုပ် အရီယဲလ် ဟင်နရီဟာ တရားရေးစနစ်ကို အသုံးချပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    ဒီလုပ်ကြံမှုကိစ္စကို  တောင်ဖလော်ရီဒါမှာ စီစဥ်ခဲ့ကြောင်း တွေ့ရှိတဲ့အတွက် ဒီကိစ္စမှာ ပါ၀င်ပတ်သက်သူ ၁၁ ဦးကို အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာ စုံစမ်းစစ်ဆေးနေပါတယ်။ 

    အဲဒီအထဲက ၆ ယောက်က လုပ်ကြံရာမှာပါ၀င်ကြောင်း ၀န်ခံခဲ့ပြီး ပထမက မိုစီကို ပြန်ပေးဆွဲဖို့ စီစဥ်ခဲ့ပေမယ့် နောက်ဆုံးမှာ သတ်ဖြတ်ဖို့ အစီအစဥ်ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

    ဂျိုဗန်နဲလ် မိုစီ လုပ်ကြံခံရပြီးတဲ့နောက် သမ္မတကတော် မာတီနီလည်း သမ္မတဖြစ်ခွင့် မရခဲ့ပါဘူး။ နိုင်ငံတစ်၀ှမ်း လူဆိုးဂိုဏ်းတွေ ကြီးစိုးလာပြီး သတ်ဖြတ်မှုတွေလည်း မြင့်တက်လာပါတယ်။ 

    လက်ရှိမှာ အတိုက်အခံခေါင်းဆောင် အရီယဲလ် ဟင်နရီက ၀န်ကြီးချုပ်ရာထူးယူကာ တိုင်းပြည်ကို အုပ်စိုးနေပါတယ်။ 

    Ref: Reuters 

  • မြန်မာဖက်မှ တရားမ၀င် ၀င်လာသူများကို ထိုင်း၀န်ကြီးချုပ် သတိပေး

    မြန်မာဖက်မှ တရားမ၀င် ၀င်လာသူများကို ထိုင်း၀န်ကြီးချုပ် သတိပေး

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – ထိုင်း၀န်ကြီးချုပ် ဆီရက်သာ သာဗီဆင်)

    -ထိုင်းနိုင်ငံထဲ တရားမ၀င်၀င်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ဆီရက်သာ သာဗီဆင်က ဖေဖော်၀ါရီ ၂၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ 

    စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းပြီးနောက် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို ၀င်ရောက်ဖို့ ကြိုးစားမှု မြင့်တက်လာတဲ့အချိန် အခု သတိပေးချက် ထွက်ပေါ်လာတာပါ။ 

    “တရား၀င် ၀င်ရောက်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမ၀င် ၀င်လာမယ်ဆိုရင် ကျွန်တော်တို့ အရေးယူရလိမ့်မယ်။ လုံခြုံရေးအေဂျင်စီတွေနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ” လို့ ဆီရက်သာက ပြောပါတယ်။ 

    စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းဘက်၀င်ရောက်လာမှု မြင့်တက်လာတာကို ၀န်ကြီးချုပ်က ထောက်ပြခဲ့ပြီး၊ တရားမ၀င် ၀င်ရောက်လာသူတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှာကို ထိုင်းပြည်သူတွေ စိုးရိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။ 

    ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ၁ ရာခိုင်နှုန်းအောက်သာ ရှိပြီး ပတ်၀န်းကျင်နိုင်ငံတွေက အလုပ်သမား အများအပြား လိုအပ်နေကြောင်း၊ ဒါပေမယ့် တရား၀င်နည်းလမ်းတွေနဲ့သာ လာရောက်သင့်ကြောင်း ဆီရက်သာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Bangkok Post 

  • အကူအညီလက်ခံရန် စောင့်နေသူများကို အစ္စရေးက ပစ်သတ်

    အကူအညီလက်ခံရန် စောင့်နေသူများကို အစ္စရေးက ပစ်သတ်

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင်မြောက်ပိုင်းက ကုလရဲ့ ကူညီထောက်ပံ့မှုတွေကို ရယူဖို့ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်းလူအုပ်ကို အစ္စရေးက သေနတ်နဲ့ ပစ်တာကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ 

    ဂါဇာစီးတီးမြို့ အနောက်ပိုင်းမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့က ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက်အတွင်း ရာနဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေ ကျည်ကွယ်ရာကို ပုန်းရှောင်တာ၊ သေနတ်မှန်ပြီး သေဆုံး၊ ဒဏ်ရာရတာ စတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာခဲ့ပါတယ်။  

    တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြပါတယ်။ 

    “ကလေးတွေကို ကျွေးမွေးချင်လို့ ဂျုံလေးဘာလေး ရလိုရငြား အများနည်းတူ သွားခဲ့တာပါ။ ဒါပေမယ့် သေနတ်နဲ့ အပစ်ခံလိုက်ရပါတယ်။ ဗုံးတွေနဲ့လည်းပစ်သလို၊ တင့်ကားတွေလည်း ကျွန်တော်တို့ဆီကို ဦးတည် မောင်းလာခဲ့ပါတယ်” လို့ ပါလက်စတိုင်းတစ်ဦးက ပြောပါတယ်။ 

    ကုလရဲ့ အကူအညီပေးရေး ထရပ်ကားတွေနား သွားရောက်တန်းစီသူတွေကို အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် ဂါဇာမှာ လူပေါင်း ၂၉၀၀၀ လောက် သေဆုံးထားပါတယ်။

    Ref: Aljazeera