News @ M-Media

Blog

  • တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးသတင်းများ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
    M-Media

    အနာဂတ်ကလေးများအတွက် ကောင်းမွန်သည့်နိုင်ငံ ကမ္ဘာပေါ်တွင် မရှိသေး

    အနာဂတ်မှာ ကလေးငယ်တွေ ကျန်းမာစွာ ရှင်သန်ကြီးပြင်းနိုင်မယ့် အနေအထားတစ်ခု၊ ကောင်းမွန်တဲ့ သဘာဝပတ်၀န်းကျင် အခြေအနေတစ်ခုကို ကမ္ဘာ့ ဘယ်နိုင်ငံကမှ ဖန်တီးမပေးနိုင်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲတာ၊ အသင့်စား စားစရာတွေ အန္တရာယ်ရှိစွာ စားလာတဲ့အထိ ကြေငြာတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်လာကြတာတွေက အနာဂတ်ကလေးငယ်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ ပညာရေး၊ အဟာရ ရရှိရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလှုံရေး စတာတွေအပါအဝင် ကလေးငယ်တွေ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်မယ့် အနေအထားတွေကို WHO က စာရင်းကောက် ပြုစုခဲ့တာ ဖြစ်ပါတယ်။

    ပဋိဇီ၀ဆေးသောက်မှုနှင့် ပုံမှန်မဟုတ်သောကလေးမွေးဖွားမှု ဆက်စပ်မှုရှိနေ

    ကိုယ်ဝန်ဆောင် ပထမ ၃ လအတွင်း အဖျားပျောက်ဆေး၊ ယားနာပျောက်ဆေးနဲ့ ပင်နီစီလင်တို့လို အမြဲသုံး ပဋိဇီ၀ဆေးတွေ မှီဝဲတာဟာ ပုံမှန်အခြေအနေမဟုတ်တဲ့ကလေး မွေးလာနိုင်တဲ့အန္တရာယ် ပိုများတယ်လို့ လန်ဒန်ကောလိပ်ကပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ၁၉၉၀ ကနေ ၂၀၁၆ ခုနှစ် အတွင်း ယူကေမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် တစ်သိန်းကျော်ကို လေ့လာခဲ့တာပါ။ ဒါပေမယ့် ပဋိဇီ၀ဆေးက သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုထိခိုက်လဲဆိုတာတော့ လေ့လာမှုမှာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒီတွေ့ရှိချက်ဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ဆရာဝန်တွေအကြား ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုရွေးချယ်နိုင်ခွင့်ရလိ့မ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။ ပဋိဇီ၀ဆေးတွေ လုံး၀မသောက်တာကလည်း အန္တရာယ်ရှိစေတယ်လို့ ဆိုပါတယ်။

    ၀ူဟန်ဗိုင်းရပ်စ် လူနာအချို့ကို အမေရိကန်ရှိ နောက်ဆုံးပေါ်ဆေးရုံတွင် ကုသမည်

    အီဘိုလာ၊ ဆားစ်၊ မျောက်ကျောက်ရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်က ဆေးရုံ UNMC မှာ လက်ရှိပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စတင်ကုသဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုက်ကပ်ထားတဲ့‌ ကမ္ဘာလှည့်သင်္ဘောက ဗိုင်းရပ်စ်ကူးစက်နေသူ ၁၃ ဦးကို UNMC မှာ ကုသမှာဖြစ်ပြီး ပထမဆုံးလူနာကို စစ်ဆေးမှုပြုလုပ်ဖို့အတွက် ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ UNMC မှာ ကမ္ဘာ့အဆင့်မြင့်ဆုံး ကရိယာတွေ၊ သီးသန့် လေအေးပေးစနစ်တွေတပ်ဆင်ထားကာ၊ အထူးလေ့ကျင့်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ရှိယူတဲ့ ကုတင် ၁၀ လုံးပါ သီးသန့်ခန်းတစ်ခုရှိပြီး လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ထူးခြားဆန်းပြားတဲ့ ရောဂါတွေကို အဲဒီနေရာမှာ စမ်းသပ်ကုသခဲ့တာ ဖြစ်ပါတယ်။

    Ref : BBC, CNN

  • COVID-19 ဗိုင်းရပ်ကြောင့် အီရန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်ပါ သေဆုံးသူရှိလာ (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်ကြောင့် အီရန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်ပါ သေဆုံးသူရှိလာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀ (‌ည ၉ နာရီခွဲ)
    M-Media

    တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်မှု အများဆုံးဖြစ်နေသည့် Diamond Princess ဇိမ်ခံသင်္ဘေ
    • တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဆက်လက်မြင့်တက်နေပြီး ဗုဒ္ဓဟူးနေ့မှာ ၁၁၄ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၁၁၈ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်မှုက တစ်ရက်အတွင်း ၁၇၄၉ မှု ရှိခဲ့ပြီး စုစုပေါင်း ၇၄၅၇၆ ဦး ရှိလာတာပါ။
    • အီရန်နိုင်ငံက ဘာသာရေးအထွဋ်အမြတ်နေရာ ကွမ်မြို့မှာ မနေ့က COVID-19 ဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၂ ဦး တွေ့ရှိခဲ့တာကြောင့် အီရန်ကျန်းမာရေးအာဏာပိုင်တွေက ကွမ်မြို့မှာပြုလုပ်မယ့် ဘာသာရေး စုရုံးဝတ်ပြုမှုအားလုံးကို ရပ်ဆိုင်းဖို့ တိုက်တွန်းလိုက်ပါတယ်။ အီရန်မှာ ရောဂါကူးစက်နေတယ်လို့ အတည်ပြုနိုင်သူ ၅ ဦးရှိလာပြီး အဲဒီအထဲက ၂ ဦးဟာ သေဆုံးသွားပြီဖြစ်ပါတယ်။
    • COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတစ်ဦး သေဆုံးသွားတယ်လို့ တောင်ကိုရီးယားနိုင်ငံက ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရောဂါကူးစက်နေသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၁၀၄ ဦးအထိ ရှိလာပါတယ်။ ကြာသာပတေးနေ့တစ်နေ့တည်းမှာပဲ ကူးစက်မှု ၅၃ ခုရှိခဲ့တာပါ။ နိုင်ငံအလယ်ပိုင်းက လူ ၂ သန်းခွဲလောက်ရှိတဲ့ ဒယ်ဂူးမြို့မှာ အဖြစ်အများဆုံးဖြစ်နေပြီး မြို့တော်ဝန်က လူတွေ မြို့ပြင်မထွက်ဖို့ တိုက်တွန်းထားပါတယ်။
    • ရောဂါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အမှားတွေ ပြန့်နှံ့တာက တိုက်ဖျက်ရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ ရောဂါစတင်ရာ ၀ူဟန်မြို့က အထူးဓာတ်ခွဲခန်း Wuhan Institute of Virology က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အင်တာနက် ကောလဟာတွေကိုသာ နယ်ပယ်စုံကလူတွေက အာရုံစိုက်နေကြ‌ပြီး ရှေ့တန်းမှာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို အကြီးအကျယ် ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဗိုင်းရပ်စ်ပိုး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်နေတယ်လို့ လာအိုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
    • ယိုကိုဟားမားမြို့မှာ ရှိနေတဲ့ Diamond Princess ဇိမ်ခံသင်္ဘောက ရောဂါကူးစက်နေသူ သက်ကြီးရွယ်အို ၂ ဦး သေဆုံးသွားတယ်လို့ ဂျပန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ လူပေါင်း ၃၇၀၀ လောက် လိုက်ပါလာတဲ့ အဲဒီသင်္ဘောမှာ ရောဂါကူးစက်နေသူ ၆၂၁ ဦး ရှိနေပြီး တရုတ်နိုင်ငံပြင်မှာ အများဆုံး ကူးစက်မှုလည်းဖြစ်ပါတယ်။

    Ref: Aljazeera

  • ဂျာမနီတွင် လူဖြူအစွန်းရောက်တစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ဂျာမနီတွင် လူဖြူအစွန်းရောက်တစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -ဂျာမနီနိုင်ငံ အနောက်ပိုင်းက မြို့တစ်မြို့မှာ လူဖြူအစွန်းရောက်တစ်ဦးက ရှီရှားဆိုင်နှစ်ခုကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အစွန်းရောက်ဝါဒ အဆိပ်အတောက် ပြန့်နှံ့လာမှုအတွက် သတိပေးလိုက်ပါတယ်။

    ပစ်ခတ်မှုဟာ Hanau မြို့ မြို့လယ်ကောင်၊ အဲဒီနေရာနဲ့ ၂ ကီလိုမီတာလောက်ဝေးတဲ့ နေရာတွေမှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးရာမှာ ကြာသာပတေးနေ့မနက်အစောပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ သေဆုံးလျက်ရှိတာကို တွေ့ခဲ့ရပါတယ်။

    သေနတ်ပစ်အားကစားသမားတစ်ဦးဖြစ်တဲ့ သေနတ်သမားဟာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင် ရရှိထားသူလည်း ဖြစ်ပါတယ်။‌ ဒီလိုလုပ်ဆောင်ရခြင်းနဲ့ပတ်သက်ပြီး သေနတ်သမားက စာနဲ့ ဗီဒီယို ချန်ထားခဲ့တယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဒါကို ရှာဖွေနေဆဲဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

    အစိုးရရှေ့နေတွေက ပစ်ခတ်မှုမှာ လူဖြူအစွန်းရောက်ဝါဒ လှုံ့ဆော်မှုတွေရှိတာကို တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က Hanau မြို့က ဒီပစ်ခတ်မှုမှာ လူမျိုးရေးခွဲခြားမှု လှုံ့ဆော်ချက်တွေ ပါဝင်နေတယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

    “လူမျိုးရေးခွဲခြားမှုဆိုတာ အဆိပ်အတောက်ပါ။ အမုန်းတရားဆိုတာလည်း အဆိပ်အတောက်ပါပဲ။ ဒီလိုအဆိပ်အတောက်တွေ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။ ဒီ စပ်ဆုပ်ဖွယ်ရာ သတ်ဖြတ်မှုအတွက် နည်းလမ်းအားလုံးသုံးပြီး စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်”

    ဝန်ကြီးချုပ်မာကဲလ်ရဲ့ Christian Democrats (CDU) ပါတီ အကြီးအကဲ Annegret Kramp-Karrenbauer ကလည်း လူ‌မျိုးခြားကြောက်ရောဂါဟာ ဂျာမနီမှာ ကြီးထွားလာတဲ့ ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သေဆုံးသွားသူတွေထဲမှာ တူရကီလူမျိုးတွေ ပါဝင်တယ်လို့ တူရကီနိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    ပေါ့ဘာအတွက် မန်ယူက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ လိုချင်နေ

    • အခုနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ရှိတဲ့ ကွင်းလယ်လူ ပေါ့ဘာအတွက် မန်ယူအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ လောက် လိုချင်နေတယ်လို့ သတင်းထွက်လာပါတယ်။ ပေါ့ဘာဟာ မန်ယူမှာ နောက်ထပ် စာချုပ်တစ်နှစ်သာ ကျန်တော့ပြီး ရီးယဲလ်မက်ဒရစ်က ပေါင် သန်း ၅၀ နဲ့ခေါ်ယူချင်နေတာပါ။ အပြောင်းအရွှေ့ကိစ္စအတွက် ပေါ့ဘာအေးဂျင့် ရိုင်အိုလာက မန်ယူနည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံချင်နေပြီး ပေါ့ဘာရဲ့ညီဖြစ်သူ မာသီယက်စ်ကလည်း သူ့အကိုဟာ ချန်ပီယံလိဂ်ကစားရဖို့နဲ့ ဖလားတွေရဖို့အတွက် မန်ယူကနေ ထွက်ချင်နေတယ်ဆိုတာ လူတိုင်းသိတယ်လို့ ပြောကြားထားပါတယ်။

    လူကျွံဘောဥပဒေပြင်ရန် အာဆင်ဝင်းဂါးအကြံပြု

    ဘောလုံးကစားနည်းမှာ VAR ဒိုင်လူကြီး ရှိလာတဲ့အတွက် လူကျွံဘောစည်းကမ်းကို အနည်းငယ် လျော့ပေါ့ပေးသင့်တယ်လို့ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအားကစားနည်းတိုးတက်ရေးအကြီးအကဲ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။ လက်ရှိစည်းမျဉ်းအရ ခန္ဓာကိုယ်က ဂိုးသွင်းနိုင်တဲ့ ဘယ်လိုအစိတ်အပိုင်းမျိုးမဆို နောက်ဆုံးနောက်ခံလူရဲ့အရှေ့ကို ထွက်နေရင် လူကျွံတယ်လို့ သတ်မှတ်တာပါ။ ဝင်းဂါးက ‌ဒါဟာ နှာခေါင်းအစိတ်အပိုင်းလေး ထွက်နေရင်တောင် လူကျွံဘောအဖြစ် သတ်မှတ်ခံရမယ့်အနေအထားမျိုး ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဝင်းဂါးဟာ ဘောလုံးဥပဒေတွေကို သတ်မှတ်ပြဌာန်းနေတဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ (ifab) မှာလည်း နေရာတစ်နေရာ ရရှိထားပါတယ်။

    ပြင်သစ်ဘောလုံးပွဲတစ်ခုတွင် ငယ်ပါကို ကိုက်မှုဖြစ်

    ပြိုင်ဘက်ကစားသမားရဲ့ ငယ်ပါကို ကိုက်ခဲ့တဲ့ ဘောလုံးသမားတစ်ဦးကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ၅ နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း လူဇင်ဘတ်နဲ့ကပ်နေတဲ့ နယ်စပ်က အပျော်တမ်းဘောလုံးပြိုင်ပွဲတစ်ခုမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ SC Terville အသင်းနဲ့ AS Soetrich အသင်းတို့က ကစားသမား ၂ ဦးဟာ ပွဲချိန်အတွင်း စကားများရာကနေ ပွဲအပြီး အဝတ်လဲခန်းနဲ့ ကားပါကင်မှာပါမှာ ထိုးကြိတ်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Terville ကစားသမားတစ်ဦးက ဒီရန်ပွဲကို ဖြန်ဖြေရာမှာ Soetrich ကစားသမားက ငယ်ပါကို ကိုက်လိုက်တာ ဖြစ်ပါတယ်။ ကျူးလွန်သူဟာ ၅ နှစ်ပွဲပယ်ပြစ်ဒဏ်အပြင် ယူရို ၂၀၀ ဒဏ်ငွေပါ ပေးဆောင်ခဲ့ရပါတယ်။

    Ref: BBC

  • ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူရှိသည့် သင်္ဘောမှ လူများ ဆင်းခွင့်ပေးသည့် ဂျပန်လုပ်ရပ် ဝေဖန်ခံနေရ (နောက်ဆုံး ရသတင်းများ)

    ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူရှိသည့် သင်္ဘောမှ လူများ ဆင်းခွင့်ပေးသည့် ဂျပန်လုပ်ရပ် ဝေဖန်ခံနေရ (နောက်ဆုံး ရသတင်းများ)

    ဖေဖော်ဝါရီ ၁၉၊ ၂၀၂၀
    M-Media

    • ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်္ဂါနေ့က တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၆ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၂၀၀၄ ဦး ရှိလာပြီဖြစ်ပါတယ်။ ကူးစက်မှုက ၁၇၄၉ ခုရှိခဲ့ပြီး ၇၄၁၈၅ ဦး ရှိလာတာဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားတဲ့ ၀ူဟန်မြို့က ဆေးရုံအုပ်လည်း ဒီရောဂါကြောင့်ပဲ တနင်္လာနေ့မှာ သေဆုံးသွားခဲ့ပါတယ်။
    • ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှု နောက်ဆက်တွဲအဖြစ် မြို့တွေကို တံခါးပိတ်ထားတာ၊ သွားလာမှု ကန့်သတ်ထားတာတွေကြောင့် တရုတ်နိုင်ငံဒေသတစ်ချို့က HIV ရောဂါ ဝေဒနာရှင်တွေဟာ လိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်တာ၊ လိုအပ်တဲ့ ကုသမှုတွေ မရတာ စတာတွေကို ကြုံတွေ့နေရတယ်လို့ UNAIDS အဖွဲ့က ပြောကြားလိုက်ပါတယ်။
    • ဟူဘေးပြည်နယ်က ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးလုပ်ငန်းမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ တရုတ်ဒုတိယဝန်ကြီးချုပ် ဆွန် ချွန်လန်က ပြောကြားခဲ့ပြီး အခြေအနေက ဆက်လက်ဆိုးရွားနေတုန်းပဲလို့ ဆိုပါတယ်။
    • နိုင်ငံအလယ်ပိုင်း ကွမ်မြို့မ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂ ဦးကို ပထမဆုံးတွေ့ရတယ်လို့ အီရန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အီရန်နိုင်ငံသားလား၊ တစ်ခြားနိုင်ငံသားလာဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ရောဂါကူးစက်‌နေတယ်လို့ သံသယရှိသူ တစ်ချို့ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်သူအရေအတွက်ဟာ အင်္ဂါနေ့တစ်ရက်တည်းမှာ ၃ ပုံ ၂ ပုံအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်းကူးစက်သူ ၅၁ ဦးအထိ ရှိလာပြီလို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့မတိုင်ခင်အထိ ၃၁ ဦးအထိ ရှိနေတာပါ။ ကူးစက်သူ ၂၀ မှာ ၁၆ ဦးက တောင်ပိုင်း ဒယ်ဂူးမြို့မှာ ဖြစ်ပါတယ်။
    • ဗိုင်းရပ်စ်ကူးစက်နေသူတွေရှိနေတဲ့ Diamond Princess ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောက ခရီးသည်ရာချီ‌ လွှတ်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်လိုက်ပါတယ်။ လူ ၃၇၀၀ ရှိတဲ့ အဲဒီသင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်သူဟာ အနည်းဆုံး ၅၄၂ ဦးရှိနေတာပါ။ ဂျပန်အာဏာပိုင်တွေကတော့ စစ်ဆေးပြီး ရောဂါပိုးမရှိသူတွေကို သင်္ဘောပေါ်ကနေ ဆင်းခွင့်ပေးခဲ့တာပါ။ အမေရိကန်ကတော့ ဂျပန်ရဲ့ ဒီလုပ်ရပ်ဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    Ref: Aljazeera