News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    စပါးနည်းပြဟောင်း ပိုချက်တီနို ပရီးမီးယားလိဂ် ပြန်လာချင်နေ

    ဘောလုံးလောထဲ ပြန်လာဖို့အတွက် ဆန္ဒပြင်းပြနေပြီး အထူးသဖြင့် ပရီးမီးလိဂ်အသင်း တစ်ခုခုကို နည်းပြချင်တယ်လို့ စပါးနည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ပြောကြားလိုက်ပါတယ်။ စပါးကို ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းစာရင်းမှာ အဆက်မပြတ် ပါဝင်နိုင်အောင် လုပ်ဆောင်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်တာကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ထုတ်ပယ်ခံလိုက်ရတာပါ။ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ဆိုတာ ခက်ခဲပေမယ့်၊ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာကြောင့် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ပိုချက်တီနိုက ဆိုပါတယ်။

    ဘာကာတောင်ပံကစားသမား ဒမ်ဘီလီ ၆ လ နားရမည်

    ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား အသက် ၂၂ နှစ်အရွယ် အူစမာနီ ဒမ်ဘီလီဟာ ပြင်းထန်တဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ၆ လ အနားယူရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဒေါ့မွန်အသင်းကနေ ပြောင်းလာပြီးတဲ့နောက် ဒမ်ဘီလီဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး အခုရာသီမှာ ပွဲချိန်ပြည့် ၃ ပွဲသာ ကစားထားရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ပေါင်ဒဏ်ရာကြောင့် လေ့ကျင်ရေးအစီအစဉ်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။

    ဂျာမန်ကလပ်အသင်းတစ်ခု လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် ရန်ပုံငွေပေးမည်

    ဂျာမန်ဖလား ဟာသာဘာလင်နဲ့ ကစားတဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားအပေါ် ပရိတ်သတ်တွေက လူမျိုးရေးခွဲခြားမှုကြောင့် ဒဏ်တပ်ခံရတဲ့ ငွေ‌ကြေး တစ်စိတ်တစ်ပိုင်းကို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး အခမ်းအနားတစ်ခုအတွက် အသုံးပြုဖို့ ဂျာမန်ကလပ် ရှော်ကေးအသင်းက စီစဉ်နေပါတယ်။ ဂျာမန်ဘောလုံးအဖွဲ့ချုက်က ရှောလ်ကေးကို ယူရို ၅၀၀၀၀ ဒဏ်ရိုက်ခဲ့တာဖြစ်ပြီး အဲဒီအထဲက ၁၆၀၀၀ ကို လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲအတွက် သုံးရမှာပါ။ နောက်တစ်ခါ ပရိတ်သတ်တွေက ဒီလိုအပြုအမူတွေလုပ်ရင် ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဂျာမန်ဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ပါတယ်။

    Ref: BBC

  • IS နှင့်သွားပေါင်းသူများကို ပြန်မခေါ်ဟု အင်ဒိုနီးရှားထုတ်ပြန်

    IS နှင့်သွားပေါင်းသူများကို ပြန်မခေါ်ဟု အင်ဒိုနီးရှားထုတ်ပြန်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -အရှေ့အလယ်ပိုင်းကိုသွားပြီး IS အကြမ်းဖက်အဖွဲ့နဲ့ သွားပေါင်းသူတွေကို ပြန်ခေါ်မှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား အရေအတွက်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ၆၈၉ ဦး လောက် ရှိနေတာပါ။ အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်‌ကြီး မဟ်ဖဒ် အမ်ဒီက ဒီလူတွေဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “၂၆၇ သန်းသော အင်ဒိုနီးရှားပြည်သူတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူထားရတာပါ။ နိုင်ငံခြားက ဒီအကြမ်းဖက်သမားတွေ ပြန်ရောက်လာရင် အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးတစ်ခု ဖြစ်လာပါလိမ့်မယ်”

    သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံပြီးတဲ့နောက် မဟ်ဖဒ်ရဲ့ ဒီပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်၊ ၁၀ နှစ်အောက် ကလေးငယ်တွေကို ပြန်လည်ခေါ်ယူရေးအတွက်တော့ အစိုးရဟာ တစ်ဆင့်ချင်းစီ စဉ်းစားဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

    အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း IS အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး IS နဲ့သွားပေါင်းသူတွေကို ပြန်လည်လက်ခံသင့်လားဆိုတဲ့ ငြင်းခုံမှုတွေလည်း ရှိနေတာပါ။ သမ္မတ ဝီဒိုဒိုကတော့ အဲဒီသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ပြန်မခေါ်ချင်ဘူးလို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရင်ကြားစေ့ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အာဏာရှင်ဟောင်း ဘရှီးရ်ကို ဆူဒန်က ICC ထံ လွှဲပေးမည်

    ရင်ကြားစေ့ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အာဏာရှင်ဟောင်း ဘရှီးရ်ကို ဆူဒန်က ICC ထံ လွှဲပေးမည်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    ဆူဒန်အာဏာရှင်ဟောင်း အိုမာရ် အလ် ဘရှီးရ်

    -စစ်ရာဇဝတ်မှုအပါအဝင် စွဲချက်များစွာနဲ့ တရားစွဲခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ထံ လွှဲပြောင်းပေးသွားမယ်လို့ ဆူဒန်အာဏာပိုင်တွေက ပြောကြားလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရင်ကြားစေ့ရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့အခြေစိုက် ICC ဟာ ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်ကနေစ တင်တဲ့ ပဋိပက္ခအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘရှီးရ်နဲ့ သူရဲ့ အနီးကပ်အကြံပေး ၃ ဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် မိုဟာမက် ဟာဆန် အလ် တိုင်ရှေးက ICC ကနေ တရားစွဲဆိုထားသူတွေကို လွှဲပြောင်းပေးကာ တရားစီရင်ခိုင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆူဒန်အစိုးရနဲ့ သူပုန်အဖွဲ့တွေ နိုင်ငံတောင်ပိုင်း ဂျူဘာမြို့မှာ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့အချိန် ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။ တိုင်ရှေးက ဆွေးနွေးမှုတွေဟာ တရားမျှတရေးနဲ့ ရင်ကြားစေ့ရေး အဓိကထားပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးဖြစ်ထွန်းစေမယ့် လုပ်ငန်းစဉ် တော်တော်များများ ဖော်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါဖာရ်မှာဖြစ်ပွားတဲ့ ပဋိပက္ခအတွင်း လူပေါင်း ၃ သိန်းလောက် အသတ်ခံခဲ့ရပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    “ထိခိုက်ခံစားခဲ့ရသူတွေကို ဖေးမမပေးနိုင်ဘူးဆိုရင် တရားမျှတမှုကို မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဖျောက်ဖျက်လို့မရတဲ့ အမှန်တရား ဖြစ်နေလို့ပါပဲ။ ဒါဖာရ်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ဖြစ်ခဲ့ပါတယ်”

    အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ဟာ ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်စိုးခဲ့တာပါ။ ၂၀၁၈ နှောင်းပိုင်းကစလို့ ပြည်သူတွေက ဘရှီးရ်နှုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာတော့ ဆူဒန်စစ်တပ်က အာဏာသိမ်းကာ ဖြုတ်ချခဲ့ပါတယ်။ ဘရှီးရ်ဟာ ပြည်တွင်းမှာလည်း ခြစားမှုအပါအဝင် စွဲချက်ပေါင်းများစွာကို ရင်ဆိုင်နေရပါတယ်။

    Ref : Arab News

  • ဝူဟန်ဗိုင်းရပ်စ်ကို တရားဝင်အမည်ပေးပြီး ကမ္ဘာ့ခြိမ်းခြောက်မှုအဖြစ် WHO သတ်မှတ် (နောက်ဆုံးရ သတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်ကို တရားဝင်အမည်ပေးပြီး ကမ္ဘာ့ခြိမ်းခြောက်မှုအဖြစ် WHO သတ်မှတ် (နောက်ဆုံးရ သတင်းများ)

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀ (ည ၇ နာရီ)
    M-Media

    WHO ၏ Twitter ထုတ်ပြန်ချက်

    – တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားလာတဲ့ ‌ကိုရိုနာဗိုင်းရပ်စ်သစ်ကို COVID-19 လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင်အမည်ပေးလိုက်ပြီး လူသားထုပေါ် အကြီးအကျယ် ခြိမ်းခြောက်မှုရှိပေမယ့် တားဆီးနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတယ်လို့အကြီးအကဲ Tedros Adhanom Ghebreyesus က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    – အင်္ဂါနေ့က တရုတ်နိုင်ငံမှာ သေဆုံးသူ ၉၄ ဦးရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၁၁၃ ဦး ရှိလာပြီဖြစ်ပါတယ်။ ကူးစက်သူအရေအတွက်ကတော့ ၄၄၆၅၃ ဦး ရှိနေပါတယ်။

    – ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းမှားဖြန့်မှု ဥပဒေကိုအသုံးပြု နှိပ်ကွပ်မှုတွေကို ရပ်တန့်ဖို့ အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့က ဒေသတွင်း အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ အွန်လိုင်းသတင်းမှားဖြန့်ဝေမှုအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်များအဖွဲ့ကတော့ ဒီလို အရေးယူမယ့်အစား လူထုကို ကျန်းမာရေးအခြေအနေနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    – ရောဂါဖြစ်ပွားနေတဲ့ ဝူဟန်မြို့အပါအဝင် တရုတ်နဲ့ တိုက်ရိုက်လေကြောင်းပျံသန်းမှုရှိတာကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်နေသူ တွေ့ရသင့်တယ်ဆိုတဲ့ အမေရိကန် ဟားဗက်တက္ကသိုလ်က လေ့လာမှုကို အင်ဒိုအာဏာပိုင်တွေက ဝေဖန်လိုက်ပါတယ်။ တိုင်းပြည်မှာ အမြင့်ဆုံး တပ်လှန့်ထားပြီး၊ သင့်လျော်တဲ့ စမ်းသပ်ကိရိယာတွေ‌ ရှိနေကြောင်း ဟားဗတ်တက္ကသိုလ်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အင်ဒိုနီးရှားကို စော်ကားသလိုဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီး ပူထရန်တိုက ပြောကြားခဲ့ပါတယ်။

    – ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess ဇိမ်ခံသင်္ဘောမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ၃၉ ဦး ထပ်တွေ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၁၇၄ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ ခရီးသည်နဲ့ အမှုထမ်းပေါင်း ၃၇၁၁ ဦး ပါဝင်တာ ဖြစ်ပါတယ်။ ကျန်ရှိသူတွေကို အခန်းထဲမှာပဲ နေဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပြီး ကုန်းပတ်ပေါ်ကို အကန့်အသတ်နဲ့သာ ထွက်ခွင့်ပြုပါတယ်။

    Ref: Aljazeera

  • ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ

    ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်သို့ ရောက်ရှိ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -ရန်ုကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အနီရောင်အဆင့်ကို ရောက်ရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ထားကြဖို့ ရန်ကုန်လေထုအရည်အသွေးကို စောင့်ကြည့်နေတဲ့ Yangon Air Quality (YAQ) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    ရန်ကုန်အမေရိကန်တက္ကသိုလ်က ပညာရှင် ဒေါက်တာ ကာ့တ်ပေ့ဂျ်က၂၀၁၈ ခုနှစ်မှာ ဦးဆောင်ဖွဲ့စည်းပြီး အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ YAQ အဖွဲ့ဟာ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးကို အဆက်မပြတ်စောင့်ကြည့်ကာ ရလဒ်တွေကို Facebook စာမျက်နှာပေါ်မှာ အချိန်နဲ့တစ်ပြေးညီ လွှင့်တင်နေတာ ဖြစ်ပါတယ်။

    အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်း AQI ဟာ ၁၇၃ အထိ ရောက်လာပြီး ဒါဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့်ဖြစ်တယ်လို့ YAQ က ထုတ်ပြန်ခဲ့ပါတယ်။

    YAQ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မမြတ်ဖူးပွင့်ကျော်က ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ အမြဲတမ်း မနက်ပိုင်းမှာ အနီရောင်အဆင့်၊ ညနေပိုင်းမှာ လိမ္မော်ရောင်အဆင့် ရှိနေတယ်လို့ ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ AQI ၁၀၁ ကနေ ၁၅၀ အထိဟာ
    လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ထိခိုက်လွယ်တဲ့သူတွေမှာ ကျန်းမာရေးအန္တရာယ်‌တွေ ရှိလာနိုင်ပါတယ်။

    ၁၅၀ ကနေ ၂၀၀ ကတော့ အနီရောင်အဆင့်ဖြစ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကာ ထိခိုက်လွယ်တဲ့ သူတွေမှာ ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။ ၂၀၁ ကနေ ၃၀၀ အထိက ခရမ်းရောင်အဆင့်ဖြစ်ပြီး ပြီးခဲ့တဲ့လက ရန်ကုန်မှာ ဒီအဆင့်ကို တစ်ကြိမ် ရောက်ဖူးပါတယ်။ ၃၀၀ အထက်ဆိုရင်တော့ အန္တရာယ်ကြီးလွန်းတဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

    မမြတ်ဖူးပွင့်ကျော်က ပြည်သူတွေဟာ လေထုအရည်အသွေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပိုမိုရရှိနေပြီး အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းတပ်သင့်ကြောင်း၊ ကိုယ်ပိုင်ကားထက်စာရင် အများပြည်သူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုတာက လေထုညစ်ညမ်းမှုကို လျော့ကျစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူတွေသေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ လေထုညစ်ညမ်းမှုလည်း ပါဝင်နေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

    Ref: Irrawaddy