News @ M-Media

Blog

  • တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    တူရကီနှင့် ဆီးရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    ဆီးရီးယားမှ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ဘ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်တွေနဲ့ တူရကီတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တင်းမာမှု မြင့်တက်လာပါတယ်။

    တနင်္လာနေ့က တက်ဖ်တာနက်ဇ်ဒေသမှာ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် တူရကီစစ်သား ၅ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရန်သူ့ပစ်မှတ် ၁၀၀ ကျော်ကို တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မိမိတို့တပ်ဖွဲ့တွေအနေနဲ့ လိုအပ်ရင် လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း တက်ဖ်တာနက်ဇ်မှာ ဆီးရီးယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၈ ဦး သေဆုံးပြီး၊ တူရကီရဲ့လက်တုန့်ပြန်မှုကြောင့် အနည်းဆုံး ဆီးရီးယားစစ်သား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

    တူရကီကတော့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ရရှိထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ပါ နယ်မြေမျဉ်းအနောက်ကို ပြန်ဆုတ်ဖို့ ဆီးရီးယားအစိုးရကို သတိပေးခဲ့ပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ဘ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းကစလို့ ထိုးစစ်အရှိန်မြှင့်လာတာပါ။ အီဒလစ်ဘ်မှာ တူရကီရဲ့ စစ်စခန်း တစ်ဒါဇင်လောက်လည်း ရှိနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀
    M-Media

    Twitter နှင့် Instagram က အကောင့်တစ်ချို့ကို ဟက်ကာများ သိမ်းပိုက်

    Twitter နဲ့ Instagram တို့မှာရှိနေတဲ့ Facebook ရဲ့ တရားဝင်အကောင့်တွေကို OurMine လို့ခေါ်တဲ့အဖွဲ့က သောကြာနေ့ နေ့လည်ပိုင်းမှာ ဖောက်ထွင်းရယူခဲ့ပါတယ်။ ဒီလို ရယူလိုက်တာဟာ ဆိုရှယ်မီဒီယာတွေရဲ့ ဆိုက်ဘာလုံခြုံရေး အားနည်းမှုတွေကို ပြသတာဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အမေရိကန်ဘောလုံးလိဂ် US National Football League က အသင်းတွေရဲ့ အကောင့်တွေကို OurMine အဖွဲ့က ဟက်ခဲ့ဖူးပါတယ်။ Twitter က Facebook အကောင့်ကို ဟက်ပြီးတဲ့နောက် ‘Facebook ဟာ ဖောက်ထွင်းလို့ရပေမယ့် Twitter ထက်တော့ လုံခြုံရေးပိုင်းမှာ ပိုသာတယ်’ လို့ ဒီအဖွဲ့က ရေးသားခဲ့ပါတယ်။ Facebook ရဲ့ မူရင်းဝဘ်ဆိုက်ကိုတော့ ဟက်နိုင်ခြင်း မရှိပါဘူး။ Twitter နဲ့ Instagram တို့ကလည်း သူတို့ရဲ့အကောင့်တွေ တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်ယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Huawei နှင့် တရုတ်အစိုးရတို့ ပတ်သက်မှုမရှိဟု သံအမတ်ပြော

    UK ရဲ့ 5G ကွန်ယက်မှာ Huawei ပါဝင်မှုကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားတွေဟာ ခြောက်လှန့်နေတာသာ ဖြစ်တယ်လို့ ယူကေဆိုင်ရာ တရုတ်သံအမတ် လျူရှောင်မင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူကေဟာ 5G ကွန်ယက်အတွက် Huawei ကို ကန်ထရိုက်ပေးထားပြီး ဝန်ကြီးဟောင်း ၄ ဦး အပါအဝင် ကွန်ဆာဗေးတစ်အမတ်တစ်ချို့ဟာ ဒါဟာ တိုင်းပြည်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ လွှတ်တော်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။ Huawei ဟာ ပုဂ္ဂလိကကုမ္ပဏီသက်သက်ဖြစ်ပြီး တရုတ်အစိုးရရဲ့ပတ်သက်မှု မရှိဘူးလို့ သံအမတ် လျူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ Huawei ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်လို့ အမေရိကန်က စွပ်စွဲထားပြီး မဟာမိတ်နိုင်ငံတွေအနေနဲ့ မပတ်သက်ဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

    iPhone သုံးသူများကို လှည့်စားသည့် Apple ဒဏ်ရိုက်ခံရ

    အရင်ကထွက်ထားတဲ့ iPhone အချို့မှာ စွမ်းဆောင်ရည်ကျဆင်းအောင် လုပ်ဆောင်ခဲ့မှုအတွက် ပြင်သစ် စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ DGCCRF က Apple ကုမ္ပဏီကို ယူရို ၂၅ သန်း ဒဏ်ရိုက်လိုက်ပါတယ်။ iPhone အသစ်တွေထွက်တဲ့အခါ လူတွေ ထပ်ဝယ်အောင်လို့ အဟောင်းတွေမှာ စွမ်းဆောင်ရည်ကျဆင်းအောင် Apple က လုပ်ဆောင်တယ်လို့ အချိန်အတော်ကြာကတည်းက သတင်းတွေထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Apple ကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဘတ္ထရီမနိုင်တဲ့အတွက် iPhone အဟောင်းတွေ ကြာရှည်ခံရေး လိုအပ်လို့လုပ်တာလို့ ဆိုပါတယ်။ DGCCRF က IOS ဗားရှင်းအမြင့်တွေကို Update လုပ်ရာမှာ iPhone တွေ စွမ်းဆောင်ရည်ကျဆင်းသွားနိုင်တယ်ဆိုတာကို Apple က အသုံးပြုသူတွေကို အသိမပေးခဲ့ဘဲ ဒါဟာ စီးပွားရေး လှည့်စားမှုတစ်ခုဖြစ်တဲ့အတွက် အပြစ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Apple က ဒဏ်ငွေပေးဖို့ သဘောတူခဲ့ပါတယ်။

    ရာနှုန်းပြည့် မောင်းသူမဲ့ကားကို အမေရိကန်တွင် ပထမဆုံး စမ်းသပ်မည်

    စတီယာတိုင်၊ ဂီယာ၊ လီဗာတို့လို လူသားတွေ ဝင်ရောက်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေ လုံး၀မပါတဲ့ မောင်းသူမဲ့ ပစ္စည်းပို့ယာဉ်တစ်ခုကို တက္ကဆက်ပြည်နယ်က လူသွားလမ်းပေါ်မှာ စမ်းသပ်ဖို့အတွက် အမေရိကန်အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။ အရင်က မောင်းသူမဲ့ကားတွေကို စမ်းသပ်ဖို့ ခွင့်ပြုရာမှာ လူသားဒရိုင်ဘာတစ်ဦး ပါဝင်ရပြီး‌ ရာနှုန်းပြည့်‌အော်တိုကားကို စမ်းသပ်ခွင့်ပြုတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ Nuro ကုမ္ပဏီက ထုတ်လုပ်ပြီး R2 လို့ အမည်ပေးထားတဲ့ အဲဒီ ပစ္စည်းပို့ကားဟာ တစ်နာရီကို ၂၅ မိုင်သွားနိုင်ပြီး စမ်းသပ်မှုအတွင်း ပို့ဆောင်ရေးဝန်ကြီးဌာနက အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ Nuro ကုမ္ပဏီက ဒီခွင့်ပြုချက်ဟာ မောင်းသူမဲ့ကားသမိုင်းမှာ မှတ်တိုင်သစ်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ဝူဟန်ဗိုင်းရပ်စ်နှိမ်နှင်းရေး ကုလအဖွဲ့ တရုတ်ကိုရောက်ရှိလာ (နောက်ဆုံးရသတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်နှိမ်နှင်းရေး ကုလအဖွဲ့ တရုတ်ကိုရောက်ရှိလာ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀ (ညနေ ၅ နာရီခွဲ)
    M-Media

    – ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ ၉၀၈ ဦး ရှိလာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့က ဦးဆောင်တဲ့ နိုင်‌ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့တစ်ခုဟာလည်း တရုတ်နိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မနေ့ကတစ်ရက်တည်း သေဆုံးသူ ၉၇ ဦးရှိပြီး ရောဂါ စတင်ပြန့်နှံ့ကတည်းက တစ်ရက်အတွင်း အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ကူးစက်နေသူအရေအတွက်ကတော့ ၄ သောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

    – ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ရေပြင်မှာ ကျောက်ချရပ်နားထားတဲ့ Diamond Princess ကမ္ဘာလှည့်ဇိမ်ခံသင်္ဘောမှာ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ အတည်ပြုနိုင်သူအရေအတွက်ဟာ ၁၃၆ ဦးအထိ ရှိလာပြီဖြစ်ပြီး ဂျပန်၊ အမေရိကန်၊ ဩစတေးလျ၊ ဖိလစ်ပိုင်၊ ကနေဒါနဲ့ ယူကရိန်းနိုင်ငံတို့က ဖြစ်ပါတယ်။

    – ယူကေက ကိုရိုနာဗိုင်းရပ်စ်သစ်ကို ပြည်သူ့ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွားခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါ့‌ကြောင့် အစိုးရဟာ ဗိုင်းရပ်စ်နှိမ်နှင်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အာဏာအသုံးပြုခွင့် ပိုမိုရရှိမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဝူဟန်မြို့နဲ့ ဟူဘေးပြည်နယ်ကို ရောဂါကူးစက်ရာနေရာအဖြစ် ယူကေကေ သတ်မှတ်လိုက်ပြီး နိုင်ငံအတွင်း ဆေးရုံ ၂ ရုံကိုလည်း ဝူဟန်ဗိုင်းရပ်စ် သီးသန့်ကုသရာ နေရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။

    – တရုတ်နိုင်ငံကို သွားရောက်ခဲ့ခြင်းမရှိတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တွေ့ရတာဟာ စိုးရိမ်စရာဖြစ်ပြီး နိုင်ငံအားလုံး ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောကြားလိုက်ပါတယ်။ အခု ကြုံတွေ့နေရတာတွေဟာ ‌ရေခဲတောင်ကြီးတစ်ခုရဲ့ ထိပ်ပိုင်းကို မြင်‌ရတာဖြစ်ပြီး၊ နိုင်ငံတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိကာ၊ အချက်အလက်တွေကို မချွင်းမချန်မျှဝေကြဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

    Ref: Aljazeera

  • တာတိုပစ် ဒုံးကျည်သစ်တစ်စင်းကို အီရန် ထုတ်ပြ

    တာတိုပစ် ဒုံးကျည်သစ်တစ်စင်းကို အီရန် ထုတ်ပြ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀
    M-Media

    -မျိုးဆက်သစ် အင်ဂျင်တွေကို သုံးထားပြီး ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ အသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ် ဒုံးကျည်အသစ်တစ်စင်းကို အီရန်က မနေ့မှာ ထုတ်ပြလိုက်ပြီး ဂြိုဟ်တု တစ်လုံးကိုလည်း လွှတ်တင်ခဲ့ပါတယ်။

    အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့ စီမံကိန်းကနေ ပေါ်ထွက်လာပြီး Raad-500 လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ဟာ တာတိုပစ်ဖြစ်ကာ မိုင် ၃၁၀ လောက်အထိ ရောက်ရှိနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ၁၂၄ မိုင်အထိသွားနိုင်တဲ့ Fateh-110 ဒုံးကျည်ထက် ပိုမိုပေါ့ပါးပြီး စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။

    အဲဒီဒုံးကျည်အသုံးပြုထားတဲ့ Simorgh ဒုံးပျံဟာ Zafar 1 ဆက်သွယ်ရေးဂြိုဟ်တုကို မနေ့ညပိုင်းက လွှတ်တင်ခဲ့ပေမယ့် ဂြိုဟ်တုဟာ လိုအပ်တဲ့အရှိန် မရတာကြောင့် ကမ္ဘာပတ်လမ်းထဲ မရောက်ခဲ့ပါဘူး။ အီရန် ဆက်သွယ်ရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် အဇာရီ ဂျာရိုမီက ယခု ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ပေမယ့် မိမိတို့ကို မရပ်တန့်နိုင်ကြောင်း၊ နောက်ထပ် အီရန်ရဲ့ ဂြိုဟ်တုတွေ လာတော့မာဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့မတိုင်ခင် ၁ ရက်မှာ အီရန်က အခုလို တာတိုပစ် ဒုံးကျည်သစ်ကို ထုတ်ပြလိုက်တာပါ။ အီရန်ဟာ တော်လှန်ရေးနှစ်ပတ်လည်နေ့တွေမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာသစ်တွေကို ထုတ်ပြလေ့ ရှိပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အီရန်ဟာ ကာကွယ်ရေးနယ်ပယ်မှာ ကိုယ့်ခြေထော်ပေါ်ကိုယ် ရပ်တည်ခဲ့ရပြီး တိုးတက်မှုတွေလည်း ရခဲ့ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် လေတပ်အင်အားတောင့်တင်းအောင် မလုပ်ဆောင်နိုင်တော့ဘဲ ကာကွယ်ရေးအတွက် ဒုံးကျည်စီမံကိန်းကို စတင်မယ်လို့ အီရန်က ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

    အမေရိကန်ကတော့ ဒီ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    Ref: Aljazeera

  • မှတ်ပုံမတင်ထားသည့် ဆင်းကဒ် ၆ သန်းကျော်ကို အစိုးရ ပိတ်သိမ်း

    မှတ်ပုံမတင်ထားသည့် ဆင်းကဒ် ၆ သန်းကျော်ကို အစိုးရ ပိတ်သိမ်း

    ဖေဖော်ဝါရီ ၈၊ ၂၀၂၀
    M-Media

    -မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ် ၆.၅၅ သန်းလောက်ကို ပိတ်ပစ်လိုက်တယ်လို့ မြန်မာအစိုးရရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    ကဒ်တွေထဲက လက်ကျန်ငွေ ကျန်သန်းပေါင်း ၁၅၀၀ ကျော်ကို နိုင်ငံတော် သဘာ၀ဘေး စီမံခန့်ခွဲရေးရန်ပုံငွေအဖွဲ့ကို လှူဒါန်းလိုက်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    တယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ ဆင်းကဒ်တွေကို နောက်ဆုံးရက်မတိုင်မီ မှတ်ပုံတင်ခြင်း မရှိတာကြောင့် ကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်ရိုက်သွားဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ ဆင်းကဒ်တွေ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးဖို့လည်း ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၅၀ လောက်ရှိပေမယ့် အဲဒီအထဲက ၃၀ ရာခိုင်နှုန်းလောက်သာ မှတ်ပုံတင်ထားကြတယ်လို့ MyTel ရဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ရှိသူ ဦးဇော်မင်းဦးက ပြောကြားခဲ့ပါတယ်။

    ဆင်းမ်ကဒ်တွေကို အလွယ်တကူ ဝယ်ယူလို့ရတဲ့တာကြောင့် မှတ်ပုံမတင်ထားတဲ့ကဒ်တွေနဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေလည်း ရှိနေပါတယ်။

    ဝန်ကြီးဌာနက လူတစ်ယောက်ကို ဆက်သွယ်ရေးကုမ္ပဏီစတ်ခုက ဆင်းမ်ကဒ် ၂ ခုစီသာ ကိုင်ဆောင်ခွင့်ရမှာဖြစ်ပြီး ဝယ်ယူပြီး ၆ လအထိ အသုံးပြုခြင်းမရှိတဲ့ ဆင်းကဒ်တွေကို ပိတ်သိမ်းမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    Ref: mmtimes