News @ M-Media

Blog

  • မွတ်စလင်များ တိုင်းပြည်ကို အကျိုးမပြုဟု အိန္ဒိယရှိ ထိပ်တန်း ဟိန္ဒူမဘသဘုန်းကြီးပြော

    မွတ်စလင်များ တိုင်းပြည်ကို အကျိုးမပြုဟု အိန္ဒိယရှိ ထိပ်တန်း ဟိန္ဒူမဘသဘုန်းကြီးပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၂၀
    M-Media

    ဟိန္ဒူမဘသဘုန်းကြီး ယိုဂီ အဒီယာနက်သ်

    -ဗြိတိန်ထံကနေ လွတ်လပ်ရေးရတဲ့အချိန် တိုင်းပြည်အတွင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ မွတ်စလင်တွေဟာ တိုင်းပြည်ကို ‘အကျိုးမပြုခဲ့ဘူး’ လို့ အိန္ဒိယမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဟိန္ဒူမဘသဘုန်းကြီး ယိုဂီ အဒီယာနက်သ်က ပြောကြားလိုက်ပါတယ်။

    အိန္ဒိယက ပြည်နယ်တစ်ချို့မှာ လာမယ့် စနေနေ့ကျရင် ရွေးကောက်ပွဲရှိနေတဲ့အချိန် အာဏာရ BJP ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ် အဒီယာနက်သ်ရဲ့ ဒီလိုပြောကြားမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယရဲ့ လူဦးရေအများဆုံး အူတာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ အဒီယာနက်သ်က ဗြိတိသျှထွက်သွားပြီး အိန္ဒိယ-ပါကစ္စတန် ကွဲတဲ့အချိန် အိန္ဒိယမှာဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းကို ဘီဘီစီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

    “ပါကစ္စတန်ဆိုပြီးဖြစ်လာတဲ့ ပိုင်းခြားရေးအစီအစဉ်ကို မွတ်စလင်တွေက ကန့်ကွက်ခဲ့သင့်ပါတယ်”

    အသက် ၄၇ နှစ်အရွယ် ဟိန္ဒူဘုန်းကြီးဟာ အရင်ကလည်း မွတ်စလင်တွေအပေါ် တိုက်ရိုက် စော်ကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အိန္ဒိယရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကို အင်အားအလွန်အကျွံသုံးနှိမ်နှင်းမှုအတွက်လည်း အဒီယာနက်သ်ရဲ့ အစိုးရက ဝေဖန်ခံနေရပါတယ်။ အူတာပရာဒက်ရှ်ပြည်နယ်မှာ လက်ရှိအချိန်အထိ ဆန္ဒပြသူ အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပါတယ်။

    အဒီယာနက်သ်က အိန္ဒိယမှာ လူတိုင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရှိပေမယ့်၊ မငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေ၊ အများပြည်သူလူထုကို ပြဿနာဖြစ်စေနိုင်တဲ့ ဆန္ဒပြမှုမျိုးကိုတော့ ခွင့်မပြုဘူးလို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံသားဥပဒေပြင်ဆင်ချက်အပေါ် ဆန္ဒပြတဲ့ မွတ်စလင်အမျိုးသမီးတွေကို ဒံပေါက်ကျွေးခဲ့တဲ့ ဒေလီဝန်ကြီးချုပ် အာရ်ဗင် ကီဂျ်ရီဝဲလ်ကိုလည်း သူက အင်တာဗျူးမှာ ထည့်သွင်းဝေဖန်ခဲ့ပါတယ်။

    ကီဂျ်ရီဝဲလ်ဟာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒေလီရွေးကောက်ပွဲမှာ BJP အပါအ၀င် အတိုက်အခံအားလုံကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သူ ဖြစ်ပါတယ်။

    “ကျုပ်တို့က ဒံပေါက်စားသူတွေမဟုတ်ဘူး။ မစ္စတာမိုဒီ ဝန်ကြီးချုပ်ဖြစ်လာပြီးကတည်းက အကြမ်းဖက်သမားတွေကို ဒံပေါက်အစား ကျည်ဆံတွေပဲ ကျွေးနေတာ” လို့ အဒီယာနက်သ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်မတ်လ အူတာပရာဒက်ရှ်ပြည်နယ်မှာ အာဏာရပြီးကတည်းက အဒီယာနက်သ်အစိုးရဟာ ပြည်သူတွေအပေါ် တရားလက်လွတ် သတ်ဖြတ်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး အဒီယာနက်သ်ကတော့ ဒါဟာ သူတို့ကို တိုက်ခိုက်ဖို့အတွက် ဝါဒဖြန့်သတင်းလွှင့်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀
    M-Media

    စပါးတွင် သိုးမည်တစ်ကောင်ကဲ့သို့ ခံစားခဲ့ရသည်ဟု အဲရစ်ဆန်ပြော

    စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ရတာဟာ စပါးအသင်းမှာ လေးစားတန်းဖိုးထားမခံခဲ့ရလို့ ဖြစ်တယ်လို့ စပါးကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန်က ပြောကြားလိုက်ပါတယ်။ စပါးအသင်းမှာ ၆ နှစ်ခွဲ ကစားခဲ့တဲ့ အဲရစ်ဆန်ဟာ စတာလင်ပေါင် ၁၆.၉ သန်းနဲ့ ပြီးခဲ့တဲ့လမှာ ရုတ်တရက်ပြောင်းရွှေ့ခဲ့တာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ရှုံ့းနိမ့်ခဲ့တဲ့ပွဲစဉ်အပါအဝင် အချိန်တော်တော်များများမှာ ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး သိုးမည်းတစ်ကောင်လို ခံစားရတာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၁၄ နှစ်အတွင်း FA ဖလား ပဉ္စမအဆင့်ကို ပထမဆုံးရောက်လာတဲ့ နယူးကာဆယ်

    ၁၄ နှစ်အတွင်း FA ဖလား ပဉ္စမအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တာဟာ အသင်းအတွက် အရေးပါတဲ့ အချိန်ကာလ ဖြစတယ်လို့ နယူးကာဆယ်နည်းပြ စတီဗ်ဘရုစ်က ပြောကြားလိုက်ပါတယ်။ မနက်က အောက်စဖို့ဒ်အသင်းနဲ့ပွဲမှာ မိနစ် ၈၀ အထိ ၂ ဂိုးပြတ်နဲ့ ဦးဆောင်ထားတဲ့ နယူးကာဆယ်ဟာ ၈၄ မိနစ်နဲ့ နာကျင်အချိန်ပိုတွေမှာ ချေပဂိုးပြန်ပေးခဲ့ရပြီး အချိန်ပိုမှာမှ အနိုင်ဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲဟာ မိုင်ပေါင်းများစွာဝေးတဲ့နေရာကနေ လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေအတွက် ကျေနပ်စရာ ဖြစ်ကြောင်း၊ မိမိတို့အတွက်လည်း ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်‌ကြောင်း စတိဗ်ဘရုစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မန်ယူကိုပြောင်းရွှေ့မှုအကြောင်း ဖွင့်ဟလာတဲ့ တိုက်စစ်မှူး အီဂဟာလို

    မန်ယူအသင်းမှာကစားဖို့ အလွန်စိတ်အားထက်သန်တဲ့အတွက် လုပ်ခလစာကို လျော့ယူခဲ့ပြီး လက်မှတ်ရေးထိုးပြီးတဲ့နောက် အိပ်မပျော်ဖြစ်ခဲ့ရတယ်လို့ မန်ယူကို အငှားနဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၃၀ အရွယ် နိုက်ဂျီးရီးယား တိုက်စစ်မှူး အိုဒီယွန် အီဂဟာလိုက ပြောကြးလိုက်ပါတယ်။ အရင်က ဝက်ဖို့ဒ်အသင်းမှာ ကစားခဲ့တဲ့ အီဂဟာလိုဟာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာကနေ ပြောင်းလာတာပါ။ မန်ယူအပြင် အခြား ဆက်သွယ်တဲ့ အသင်းအချို့ ရှိခဲ့ပြီး မန်ယူကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒီသတင်းကိုကြားပြီးတဲ့နောက် မိခင်ဖြစ်သူက ငိုကြွေးခဲ့ပြီး မိမိမွေးရပ်ဒေသမှာ ပါတီတွေ ကျင်းပပေးခဲ့ကြောင်း အီဂဟာလိုက ဆိုပါတယ်။

    Ref: BBC

  • တရုတ်နိုင်ငံအပြင်မှာ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    တရုတ်နိုင်ငံအပြင်မှာ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀ (ညနေ ၆ နာရီခွဲ)
    M-Media

    ဝူဟန်မြို့တွင် ဆေးရုံဆေက်လုပ်နေမှု မြင်ကွင်း

    – ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့မနက်အထိ ၄၉၀ ဦး ရှိလာခဲ့ပြီး ကူးစက်နေသူအရေအတွက်ကတော့ ၂၄၃၂၄ ဦး ရှိလာပြီဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ရောဂါပြန့်နှံ့မှု ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့မှာ ၁၀ ရက်အတွင်း ကုတင် ၁၀၀၀ နဲ့ ကုတင် ၁၆၀၀ ရှိတဲ့ ဆေးရုံနှစ်ခုကို အပြီးဆောက်လုပ်နိုင်ခဲ့ပြီး၊ ရောဂါပြန့်ပွားရာနေရာတွေမှာ နောက်ထပ် အရေးပေါ်ဆေးရုံတွေ ဆောက်လုပ်ဖို့လည်း တရုတ်က စီစဉ်ထားပါတယ်။

    – ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့နိုင်ငံပေါင်းဟာ ၂၀ ကျော်လာခဲ့ပြီး စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့မှာ တရုတ်နိုင်ငံကလာတာမဟုတ်ဘဲ ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    – ရောဂါသံသယရှိသူတွေကို သီးသန့်ခွဲထားနိုင်ဖို့အတွက် ပုဂ္ဂလိက သင်္ဘောတွေကို အသုံးပြုဖို့ ဂျပန်က စီစဉ်နေပါတယ်။ လက်ရှိမှာ လူ ၃၀၀ ကနေ ၅၀ လောက်အထိဆန့်မယ့် ဇိမ်ခံသင်္ဘောတစ်စီးကို တိုကျိုအနီးက ရေတပ်စခန်းနားမှာ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် ဒီအစီအစဉ်မှာ ကာယကံရှင်ရဲ့ဆန္ဒကို အလေးထားဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂျပန်ဟာ ဝူဟန်မြို့က သူ့နိုင်ငံသားတွေကို ၃ ကြိမ်ကြိမ်တိုင်တိုင် ပုဂ္ဂလိက လေကြောင်းလိုင်းတွေနဲ့ ပြန်လည်ခေါ်ယူခဲ့ပြီး နောက်ထပ် ခေါ်ယူမယ့် အစီအစဉ်လည်း ရှိနေပါတယ်။

    – လူ ၃၇၀၀ လောက် လိုက်ပါလာပြီး ယိုကိုဟားမားမြို့အနီး ရေပြင်မှာ ကျောက်ချခိုင်းထားတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘော Diamond Princess မှာ အနည်းဆုံး ၁၀ ယောက်လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ သင်္ဘော‌ပေါ် လိုက်ပါလာတဲ့ အသက် ၈၀ အရွယ် ခရီသည်တစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရတာကြောင့် ဟောင်ကောင်မှာ ဆေးကုသမှုခံယူဖို့ ဆင်းနေပြီးခဲ့နောက် ဒီသင်္ဘောဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပြီး ကူးစက်သူအရေအတွက် တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။

    – လူပေါင်း ၁၈၀၀ လောက် လိုက်ပါလာတဲ့ ကမ္ဘာလှည့် ဇိမ်ခံသင်္ဘောတစ်စီးမှာ အနည်းဆုံး လူ ၃၀ လောက် ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ဟောင်ကောင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်ဝမ်ကအဝင်မခံတဲ့ အဲဒီသင်္ဘောဟာ ဒီကနေ့မနက်က ဟောင်ကောင်ကို ရောက်ရှိလာခဲ့တာပါ။ တရုတ်ပြည်မကြီးက ခရီးသွား ၃ ဦးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အဲဒီသင်္ဘာပေါ်မှာ ရှိခဲ့ပေမယ့် လက်ရှိ ခရီးသည်တွေအားလုံးဟာ သူတို့နဲ့ ထိတွေ့ဆက်ဆံခဲ့ခြင်းမရှိဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

    Ref : Aljazeera, CNA

  • အစ္စလာမ်ကြောက်ရောဂါကို မွတ်စလင်ခေါင်းဆောင်များ မဖြေရှင်းနိုင်မှု ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်

    အစ္စလာမ်ကြောက်ရောဂါကို မွတ်စလင်ခေါင်းဆောင်များ မဖြေရှင်းနိုင်မှု ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀
    M-Media

    -ကမ္ဘာတစ်ဝှမ်းမှာ အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့မှုကို တားဆီးတိုက်ဖျက်ဖို့အတွက် မွတ်စလင်ခေါင်းဆောင်တွေက ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိဘူးလို့ မလေးရှားကို ရောက်ရှိနေတဲ့ ပါကစ္စတန်သမ္မတ အင်မရန်းခန်း ဝေဖန်ပြောကြားလိုက်ပါတယ်။

    ကွာလာလမ်ပူမြို့က နိုင်ငံတကာ အဆင့်မြင့် အစ္စလာမ့်ရေးရာလေ့လာမှုတက္ကသိုလ်က Vision for Regional Peace and Security ခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဟောပြောပွဲမှာ ဗြိတိသျှ-အိန္ဒိယ စာရေးဆရာ ဆလ်မန် ရက်ရှ်ဒီရေးသားတဲ့ အစ္စလာမ်အကြောင်း အပုပ်ချစာအုပ်ရဲ့ ရိုက်ခတ်မှုတွေကို အင်မရန်းခန်းက ထည့်သွင်းပြောဆိုခဲ့ပြီး ‌မွတ်စလင်ကမ္ဘာနဲ့ ခေါင်းဆောင်ပိုင်းက ‌ဒါတွေအပေါ် လစ်လျူရှုခဲ့တာကို ဝေဖန်ခဲ့ပါတယ်။

    ဒီလို ရှင်းပြနိုင်ခြင်းမရှိတာကြောင့် အစ္စလာမ်သာသနာဟာ သည်းခံမှုမရှိတဲ့ သာသနာ၊ အနောက်တိုင်း တနးဖိုးတွေနဲ့ ဆန့်ကျင်တဲ့ သာသနာလို့ မြင်ကြကြောင်း၊ အနောက်နိုင်ငံကလူတွေဟာ ဘာသာရေးကို မွတ်စလင်တွေ တန်ဖိုးထားသလို မထားတဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေကို သရော်လှောင်ပြောင်တဲ့ အစီအစဉ်တွေလည်း ရှိနေကြောင်း အင်မရန်းခန်းက ထောက်ပြခဲ့ပါတယ်။

    ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အနောက်တိုင်းခေါင်းဆောင်တွေက အစ္စလာမ်အခြေပြု အကြမ်းဖက်ဝါဒလို့ သုံးနှုန်းလာတာကို မွတ်စလင်ခေါင်းဆောင်တွေက ဆန့်ကျင်ကန့်ကွက်ခြင်း မရှိခဲ့ဘူးလို့လည်း ဝန်ကြီးချုပ်ခန်းက ဝေဖန်ခဲ့ပါတယ်။

    “အကြမ်းဖက်မှုက အစ္စလာမ်နဲ့ ဘာဆိုင်လို့လဲ။ ဒီလိုအသုံးနှုန်းမျိုးကို ကျွန်တော်တို့ မေးခွန်းမထုတ်ခဲ့သလို၊ အစ္စလာမ်နဲ့ မဆက်နွယ်အောင်လည်း မလုပ်နိုင်ခဲ့ပါဘူး”

    ‘အလယ်အလတ် အစ္စလာမ်’ ‘အစွန်းထွက်အစ္စလာမ်’ စသဖြင့် မွတ်စလင်ခေါင်းဆောင်တွေကိုယ်တိုင် သုံးနှုန်းနေတာဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့လည်း အင်မရန်းခန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေ၊ အထူးသဖြင့် မွတ်စလင်မဟုတ်တဲ့နိုင်ငံတွေမှာ နေထိုင်နေရတဲ့ မွတ်စလင်တွေ အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံတွေ့မှာကို ကျွန်တော် စိုးရိမ်ပါတယ်”

    Ref: Free Malaysia Today

  • အမေရိကန် ပြန်လည်ကြီးကျယ်လာပြီဟု နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်သမ္မတထရမ့်ပြော

    အမေရိကန် ပြန်လည်ကြီးကျယ်လာပြီဟု နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်သမ္မတထရမ့်ပြော

    ဖေဖော်ဝါရီ ၅၊ ၂၀၂၀
    M-Media

    -မိမိရဲ့ သက်တမ်း ၃ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာ ကျဆင်းနေမှုကို ဖယ်ရှားနိုင်ခဲ့ပြီး အမေရိကန်ဟာ ပြန်လည်ကြီးကျယ်လာခဲ့ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့ အောက်လွှတ်တော် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    မနေ့က အဲဒီမိန့်ခွန်းဟာ ထရမ့်ရဲ့ သမ္မတသက်တမ်းမှာ ၃ ကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းဖြစ်ပြီး သူ့ရဲ့ စီးပွားရေးပေါ်လစီ အောင်မြင်မှုကို အဓိကထား ပြောသွားခဲ့ပါတယ်။

    သူအာဏာစရကတည်းက စတော့ရှယ်ယာ ၇၀ ရာခိုင်နှုန်း မြင့်တက်လာတာ၊ လူမည်းတွေနဲ့ စပိန်စကားပြောသူတွေ အလုပ်လက်မဲ့နှုန်း သိသိသာသာကျဆင်းလာတာ၊ လုပ်ခလစာတွေ မြင့်တက်လာတာ၊ ရာဇဝတ်မှုကျဆင်းလာတွေကို ထရမ့်က ထောက်ပြခဲ့ပြီး တိုင်းပြည်ဟာ အရင်ကထက်ပိုမို တောင့်တင်းခိုင်မာလာခဲ့ပြီလို့ ဆိုပါတယ်။

    မိန့်ခွန်းမပြီးခင်လေးမှာ ရီပက်ဘလစ်ကန် အမတ်တွေက ‘နောက်ထပ်လေးနှစ်’ လို့ အော်ဟစ်ဂုဏ်ပြုခဲ့ပါတယ်။

    အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲတစ်ခုဖြစ်တဲ့ အာဖဂန်နစ္စတန်စစ်ပွဲကနေ စစ်သားတွေ ပြန်လည်ရုပ်သိမ်းမယ်လို့ ထရမ့်က မိန့်ခွန်းထဲမှာ ထပ်လောင်း အတည်ပြုခဲ့သလို၊ တာလီဘန်နဲ့ဆွေးနွေးမှုမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ဆိုပါတယ်။

    ထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်ပြီး အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။

    ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်အကြောင်း၊ အီရန်အပေါ် ဖိအားပေးထားမှုအကြောင်းတွေကို အကျဉ်းရုံး ပြောကြားခဲ့ပါတယ်။

    လွှတ်တော်ဥက္ကဌနှင့် ပြဿနာ

    နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမှုမှာ ထရမ့်ဟာ အောက်လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီနဲ့ အသံတိတ် ကတောက်ကဆ ဖြစ်ခဲ့ပါတယ်။

    မိန့်ခွန်းစာရွက်ပေးတဲ့အချိန် ပီလိုစီက လက်ဆန့်တန်းပေးမှုကို ထရမ့်က လက်မခံဘဲ လက်ဆွဲနှုတ်ဆက်ခြင်း မပြုခဲ့ပါဘူး။ အောက်လွှတ်တော်ဟာ ဒီမိုကရက်တွေကြီးစိုးတဲ့ နေရာဖြစ်ပြီး ပီလိုစီဟာ အမေရိကန်ရဲ့ ရွေးကောက်ခံ ဒီမိုကရက်အမတ်တွေထဲမှာ ဩဇာအကြီးဆုံးသူ ဖြစ်ပါတယ်။

    မိန့်ခွန်းအပြီး ပီလိုစီကလည်း ထရမ့်ရဲ့ မိန့်ခွန်းစာရွက်ကို ဆွဲဖြဲခဲ့ပါတယ်။ ပီလိုစီရဲ့ လက်ကမ်းပေးမှုကို ထရမ့်က ငြင်းပယ်တာဟာ လွှတ်တော်ဥက္ကဌကို မလေးမစားပြုမူတာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။

    သမ္မတအာဏာကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွဲချက်နဲ့ လွှတ်တော်မှာ တရားစွဲဆိုဖြုတ်ချဖို့ အောက်လွှတ်တော် ဒီမိုကရက်အမတ်‌တွေက ဆောင်ရွက်ခဲ့ပေမယ့် ထရမ့်က သူ့ရဲ့မိန့်ခွန်းမှာ ‌ဒီမိုကရက်အမတ်တွေကို တိုက်ရိုက် ဝေဖန်ပြောဆိုခဲ့ခြင်း မပြုခဲ့ပါဘူး။

    Ref: CNN, BBC