News @ M-Media

Blog

  • နိုင်ငံတော်အဆင့် ဟိန္ဒူတက္ကသိုလ်တစ်ခုကို အင်ဒိုနီးရှား ဖွဲ့စည်း

    နိုင်ငံတော်အဆင့် ဟိန္ဒူတက္ကသိုလ်တစ်ခုကို အင်ဒိုနီးရှား ဖွဲ့စည်း

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    -ဘာလီမြို့မှာရှိတဲ့ ဟိန္ဒူဓမ္မတက္ကသိုလ် Hindu Dharma State Institute (IHDN) ကို နိုင်ငံရဲ့ ပထမဆုံး ဟိန္ဒူတက္ကသိုလ်အဖြစ် သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

    I Gusti Bagus Sugriwa State Hindu University (UHN) လို့ အမည်ပေးမယ့် အဲဒီတက္ကသိုလ်ဟာ ဟိန္ဒူလူ့အဖွဲ့အစည်း အဆင့်မြင့်ပညာ ရရှိရေးကို ရည်ရွယ်ပြီး ဟိန္ဒူဓမ္မအပါအဝင်၊ နိုင်ငံရဲ့ အဆင့်မြင့်ပညာရပ်အားလုံးကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ လက်ရှိ IHDN ကျောင်းသားတွေဟာ UHN ကျောင်းသားတွေအဖြစ် တက္ကသိုလ်မှာ ဆက်လက်တက်ရောက်နိုင်မှာပါ။

    IHDN ရဲ့ ပါမောက္ခချုပ် I Gusti Ngurah Sudiana က အစိုးရက ဒီလိုအသိအမှတ်ပြုလိုက်တဲ့အတွက် အလွန် ဝမ်းမြောက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ ဓမ္မတက္ကသိုလ်ကို ၁၉၉၃ ခုနှစ်မှာ ဟိန္ဒူဘာသာရေးဆရာများ အကယ်ဒမီအဖြစ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်မှာ ဟိန္ဒူဓမ္မကောလိပ်၊ ၂၀၀၄ ခုနှစ်မှာ ဟိန္ဒူဓမ္မတက္ကသိုလ်အဖြစ် အဆင့်ဆင့်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

    သမ္မတဝီဒိုဒိုရဲ့ အခုအမိန့်ဟာ နိုင်ငံအတွင်းမှာရှိနေတဲ့ ဟိန္ဒူလူ့အဖွဲ့အစည်းအတွက် သမိုင်းဝင်ကာလတစ်ခု ဖြစ်တယ်လို့လည်း Sudiana က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေဖို့အတွက် ဘာလီက ဟိန္ဒူပညာရေးအသင်းအဖွဲ့အပေါ် သမ္မတ ဝီဒိုဒိုက အထူးအလေးထားတယ်ဆိုတာ ပြသလိုက်တာပါ။ ဒီအခြေအနေကို အသုံးပြုပြီး အနာဂတ် ဘာလီရဲ့ လူ့စွမ်းအားအရင်းအမြစ် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ‌ ဖြစ်ပါတယ်”

    Ref: The Star

  • ရန်ကုန်မြို့ဆင်ဖြေဖုံးတွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်သစ်တစ်ခု တည်ဆောက်မည်

    ရန်ကုန်မြို့ဆင်ဖြေဖုံးတွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်သစ်တစ်ခု တည်ဆောက်မည်

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    -ရန်ကုန်မြို့ ဆင်ခြေဖုံးမှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်သစ်တစ်ခု ဖော်ဆောင်ရေး ထိုင်းစက်မှုလက်မှုကုမ္ပဏီ Amata Corp နဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ဟာ ပြီးခဲ့တဲ့တစ်ပတ် နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ရန်ကုန်မြို့ အရှေ့မြောက်ပိုင်းက ၆၀၀ ဟက်တာရှိတဲ့ မြေနေရာပေါ်မှာ ဖော်ဆောင်မှာပါ။ ‌Amata Corp ဟာ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ပြီး စက်မှုဇုန်အတွက် မြေနေရာကို နှစ် ၇၀ အငှားလုပ်ပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

    Yangon Amata Smart and Eco City လိုအမည်ပေးထားတဲ့ အဲဒီစက်မှုဇုံရဲ့ ၇၅ ရာခိုင်နှုန်းကို စက်မှုလုပ်ငန်း လုပ်ဆောင်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက စီးပွားရေးဆိုင်ရာ အဆောက်အဦးတွေနဲ့ လူနေအိမ်တွေ ရှိမှာ ဖြစ်ပါတယ်။

    နောက်ထပ် ၅ နှစ်အတွင်း အကောင်အထည်‌ဖော်မယ့် အဲဒီစက်မှုဇုန်မှာ စက်ရုံ၊ အလုပ်ရုံပေါင်း ၁၂၀ ကနေ ၁၅၀ လောက်အထိ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ စီမံကိန်းမှာ မီဂါဝပ် ၆၀၀ ထွက်တဲ့ ဓာတ်အားပေးစနစ်လည်း ပါဝင်မှာဖြစ်ပြီး အပြည့်အ၀လည်ပတ်နိုင်တဲ့အခါ နိုင်ငံတော် ဓာတ်အားလိုင်းမှာ ဓာတ်အားပေါင်းထည့်နိုင်မှာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီတဲ့ စက်မှုဇုန်ဟာ ရန်ကုန်မြို့ဆင်ခြေဖုံးက ‌သီလဝါ အထူးစီးပွားရေးဇုန်တစ်ခုသာ ရှိပါတယ်။ အခု ထိုင်းကတည်ထောက်မယ့် စက်မှုဇုန်သစ်ဟာ သီလဝါထက် ၆၃၀ ဟက်တာ ပိုမိုကျယ်ဝန်းမှာ ဖြစ်ပါတယ်။

    စီမံကိန်းကို Amata ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ အလုပ်သမားဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှာပါ။ စီမံကိန်း ပထမအဆင့်ကို ဖေဖော်ဝါရီကနေ မတ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

    အခုစီးပွားရေးဇုန်သစ်ဟာ စားသုံးကုန်၊ လူသုံးကုန်နဲ့ စက်မှုလက်မှု ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ Amata က မျှော်လင့်ထားပြီး လက်ရှိမှာ ကုမ္ပဏီ ၂၀ လောက်က လာရောက်ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့မြောက်ဖက် လှည်းကူးက မြေနေရာ ၁၈၀ ဟက်တာပေါ်မှာ ကိုရီးယား-မြန်မာ စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့ ရှိနေပြီး၊ ရန်ကုန်မြို့ဆင်ခြေဖုံးဒေသအချို့မှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ရန်ကုန်မြို့သစ်နဲ့ စက်မှုဇုန်တစ်ခု ဆောက်လုပ်မယ့် အစီအစဉ်လည်း ရှိနေပါတယ်။

    Ref: Nikkei Asia

  • ဆလိုဗေးနီးယားနိုင်ငံတွင် ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်

    ဆလိုဗေးနီးယားနိုင်ငံတွင် ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    -နှစ်ပေါင်း ၅၀ ကြာ အခက်အခဲတွေ၊ ဆန့်ကျင်မှုတွေကို ကျော်ဖြတ်ခဲ့ရပြီးတဲ့နောက် ဆလိုဗေးနီးယားနိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို တနင်္ဂနွေနေ့က မြို့တော် လူဘယာနာမှာ ဖွင့်လှစ်ခဲ့ပါတယ်။

    ခရစ်ယာန်ကက်သလစ်အများစုဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံ ကွန်မြူနစ် ယူဂိုဆလားဗီးယားပြည်ထောင်စု အစိတ်အပိုင်း ဖြစ်နေတဲ့အချိန် ၁၉၆၀ ပြည့်နှစ်တွေကတည်းက အစ္စလာမ်ဘာသာဝင်တွေဟာ ဝတ်ပြုရာနေရာတစ်ခု ရရှိဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် တောင်းခဲ့ကြတာ ဖြစ်ပါတယ်။

    လွတ်လပ်တဲ့နိုင်ငံဖြစ်ပြီးတဲ့‌နောက် လွန်ခဲ့တဲ့ ၁၅ နှစ်ကမှ ခွင့်ပြုချက်ရခဲ့တာပါ။ ဒါပေမယ့် ဗလီတည်ဆောက်ဖို့ ဘဏ္ဍာရေးအခက်အခဲတွေ၊ လက်ယာသမားတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ၂၀၁၃ ခုနှစ်ရောက်မှ ဆောက်လုပ်ရေးလုပ်ငန်းကို စတင်နိုင်ခဲ့ပါတယ်။

    ဆလိုဗေးနီးယား အစ္စလာမ့်လူ့အဖွဲ့အစည်း အကြီးအကဲဖြစ်တဲ့ မွဖ်သီ နဒ်ဇက်ဂရာဘက်ဇ်က ယူဂိုဆလားဗီယား ပြည်ထောင်စုဝင် နိုင်ငံဟောင်းတွေထဲမှာ ဆလိုဗေးနီးယားဟာ နောက်ဆုံး ဗလီဝတ်ကျောင်းတော် ရှိလာတဲ့နိုင်ငံဖြစ်ပြီး ဒါဟာ တိုင်းပြည်အတွင်း အလှည့်အပြောင်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘက်စုံလွှမ်းခြုံမှုရှိ

    ဗလီဝတ်ကျောင်းတော်မှာ အဆောက်အဦး ၆ ခုပါဝင်ပြီး လူပေါင်း ၁၄၀၀ လောက် တစ်ပြိုင်တည်း ဝတ်ပြုနိုင်ပါတယ်။

    စာကြည့်တိုက်ပါဝင်တဲ့ သင်ကြားရေးစင်တာတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ ဘတ်စကတ်ဘော ကစားကွင်းတစ်ခု၊ ရှေ့ဆောင်အီမာမ်နဲ့ ဗလီအမှုထမ်းတွေ နေထိုင်နိုင်မယ့် အိမ်ယာတစ်ခုတို့ ပါဝင်ပြီး မင်နာရတ်မျှော်စင်က ၁၃၁ ပေ မြင့်ပါတယ်။ အဆောက်အဦးအားလုံးကို ကွန်ကရစ်၊ သစ်သားနဲ့ မှန်တို့ ပေါင်းစပ်ကာ ဗလီအတွင်းပိုင်းမှာပါဝင်တဲ့ အမိုးခုံးက အပြာရောင် ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ပေးခဲ့တဲ့ ဗိသုကာပညာရှင် မတက်ဂျ် ဘီဗက်က ဗလီကို အစ္စလာမ်နဲ့ ခေတ်ပြိုင် ဗိသုကာလက်ရာတွေ ပေါင်းစပ်တည်ဆောက်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆလိုဗေးနီးယားနိုင်ငံ လူဦးရေ ၂ သန်းရဲ့ ၂.၅ ရာခိုင်နှုန်းဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ ၂၀၀၂ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်ခေါင်စာရင်းအရ သိရပါတယ်။

    Ref: Arab News

  • သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    ၁၉၁၇ ခုနှစ်မှစ၍ ပါလက်စတိုင်းနိုင်ငံ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်ခံရမှုမြေပုံ

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချတယ်လို့ အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကြောင့် ထရမ့်ရဲ့ ဒီအစီအစဉ်ကို ဆွေးနွေးဖို့အတွက် OIC ဟာ မနေ့က ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့တာပါ။ အမေရိကန်အစိုးရက ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ဘယ်လိုပုံစံမျိုးမှာမဆို မပါဝင်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို OIC က တိုက်တွန်းခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ထားပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    ဂျူဗင်တပ်စ်မှာ ဂိုး ၅၀ ပြည့်သွားတဲ့ ရော်နယ်ဒို

    ၂၀၁၈ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဖီအိုရင်တီးနားကို ၃ ဂိုးပြတ်နဲ့နိုင်တဲ့ ဒီတစ်ပတ် စီးရီးအေပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲ ၇၀ နဲ့ ဒီစံချိန်ကို ရခဲ့တာပါ။ ၂၀၀၅ ခုနှစ်က တိုက်စစ်မှူး ထရာဇီဂေးရထားတဲ့ စီးရီး‌အေ ၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်း ရော်နယ်ဒိုက လက်ရှိမှာ ရရှိထားပါတယ်။ စီးရီးအေမှာ ရော်နယ်ဒိုဟာ ၁၉ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရှိနေပါတယ်။ ဂိုး ၅၀ ပြည့်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ Twitter စာမျက်နှာမှာ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။

    ချန်ပီယံလိဂ်ဖလားက ဂွါဒီယိုလာ၏ အောင်မြင်မှုကို ဆုံးဖြတ်မည်

    အသင်းကို ချန်ပီယံလိဂ်ရအောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင် ကျရှုံးသူအဖြစ် မှတ်ယူခံရလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မန်စီးတီးအသင်းကို ရောက်ပြီးကတည်းက ပရီးမီးယားလိဂ် ၂ ကြိမ်အပါအဝင် အဓိကဖလား ၅ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ နှစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကနေသာ ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အသင်းဟာ အလွန်ကို ကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ် မရတဲ့အတွက် ဝေဖန်ခံခဲ့ရတယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့တာဟာ ဂွါဒီယိုလာအတွက် နောက်ဆုံး ဖြစ်ပါတယ်။

    စတာလင်၏ ပြစ်ဒဏ်ကျူးလွန်မှုအပေါ် စိတ်မကွက်ဟု စပါးကွင်းလယ်လူပြော

    မိမိအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ စတာလင်အပေါ် စိတ်ကွက်တာမျိုးမရှိဘူးလို့ စပါးကွင်းလယ်လူ ဒယ်လီအလီက ပြောကြားလိုက်ပါတယ်။ စပါးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲ မိနစ် ၇၀ မှာ ဘောလုံးလုဖို့ ကြိုးစားရကာနေတစ်ဆင့် စတာလင်ဟာ ပြစ်ဒဏ်ကျူးလွန်မိတာဖြစ်ပါတယ်။ အလီဟာ အဲဒီဒဏ်ရာကြောင့် နောက်ပိုင်းမှာ လူစားလဲခဲ့ရပြီး အသေးစိတ်ကို စပါးအသင်းက ထုတ်ပြန်ခြင်း မရှိပါဘူး။ အလီက စတာလင်ဟာ အခြားသူတစ်ဦးဦးအပေါ် ရည်ရွယ်ပြီး ကျူးလွန်တတ်တဲ့ ကစားသမားမျိုး မဟုတ်တာကို သိရှိထားပြီး မိမိနဲ့လည်း ခင်မင်ရင်းနှီးတယ်လို့ ဆိုပါတယ်။

    Ref: BBC, Daily Mail