News @ M-Media

Blog

  • အကူအညီလက်ခံရန် စောင့်နေသူများကို အစ္စရေးက ပစ်သတ်

    အကူအညီလက်ခံရန် စောင့်နေသူများကို အစ္စရေးက ပစ်သတ်

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၄

    M-Media 


    -ဂါဇာကမ်းမြှောင်မြောက်ပိုင်းက ကုလရဲ့ ကူညီထောက်ပံ့မှုတွေကို ရယူဖို့ စောင့်ဆိုင်းနေတဲ့ ပါလက်စတိုင်းလူအုပ်ကို အစ္စရေးက သေနတ်နဲ့ ပစ်တာကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ 

    ဂါဇာစီးတီးမြို့ အနောက်ပိုင်းမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့က ဖြစ်ပွားတဲ့ အဲဒီအဖြစ်အပျက်အတွင်း ရာနဲ့ချီတဲ့ ပါလက်စတိုင်းပြည်သူတွေ ကျည်ကွယ်ရာကို ပုန်းရှောင်တာ၊ သေနတ်မှန်ပြီး သေဆုံး၊ ဒဏ်ရာရတာ စတဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာခဲ့ပါတယ်။  

    တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြပါတယ်။ 

    “ကလေးတွေကို ကျွေးမွေးချင်လို့ ဂျုံလေးဘာလေး ရလိုရငြား အများနည်းတူ သွားခဲ့တာပါ။ ဒါပေမယ့် သေနတ်နဲ့ အပစ်ခံလိုက်ရပါတယ်။ ဗုံးတွေနဲ့လည်းပစ်သလို၊ တင့်ကားတွေလည်း ကျွန်တော်တို့ဆီကို ဦးတည် မောင်းလာခဲ့ပါတယ်” လို့ ပါလက်စတိုင်းတစ်ဦးက ပြောပါတယ်။ 

    ကုလရဲ့ အကူအညီပေးရေး ထရပ်ကားတွေနား သွားရောက်တန်းစီသူတွေကို အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် ဂါဇာမှာ လူပေါင်း ၂၉၀၀၀ လောက် သေဆုံးထားပါတယ်။

    Ref: Aljazeera

  • သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    သြစတေးလျရှိ အထင်ကရနေရာတွင် မိုးကြိုးပစ်၍ လူ ၄ ဦး သေဆုံး

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၄

    M-Media 


    -သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က နာမည်ကျော် အဆောက်အဦး Sydney Opera House နားမှာ မိုးကြိုးပစ်တဲ့အတွက် လူ ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

    ဆစ်ဒနီမှာ ဖေဖော်၀ါရီ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ မိုးသက်မုန်တိုင်းတွေ ကျရောက်နေတာပါ။ မုန်တိုင်းကြောင့် အိမ်ခြေတစ်သောင်းလောက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ 

    မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း ဆစ်ဒနီမှာ မိုးကြိုးပစ်ခတ်မှုပေါင်း ၇၅၀၀၀ လောက် ရှိခဲ့ပါတယ်။ 

    Sydney Opera House နားက ပန်းခြံမှာ မိုးကြိုးပစ်မှုအတွင်း အသက် ၃၆ နှစ်အရွယ် စုံတွဲနဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးတို့အပါအ၀င် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ 

    ဒဏ်ရာရသူကတော့ ၄ ဦး ရှိခဲ့ပါတယ်။ 

    Ref: Reuters 

  • ပေါင်မုန့်တစ်လုံးအတွက် ကျည်ဆံကို အန်တုနေရပြီဖြစ်တဲ့ ပါလက်စတိုင်းများ

    ပေါင်မုန့်တစ်လုံးအတွက် ကျည်ဆံကို အန်တုနေရပြီဖြစ်တဲ့ ပါလက်စတိုင်းများ

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၄

    M-Media 

    -အစ္စရေးရဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေကို ခံနေရတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်မှု အခြေအနေဟာ အလွန်အမင်း ဆိုးရွားလာနေပါတယ်။ 

    လူဦးရေ ၂ သန်းကျော်ရှိတဲ့ ဂါဇာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် ၈၅  ရာခိုင်နှုန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။ 

    စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေး၀ါး၊ လောင်စာ စတဲ့ အသက်ရှင်ရပ်တည်ရေး အခြေခံလိုအပ်ချက်တွေ မရအောင် အစ္စရေးက လုပ်ဆောင်ထားပြီး နိုင်ငံတကာပေးတဲ့ အကူအညီတွေ မ၀င်ရောက်နိုင်အောင်လည်း ကန့်သတ်မှုတွေ ပြုလုပ်နေပါတယ်။ 

    အကူအညီတွေမရတဲ့အတွက် သွားရောက်တောင်းဆိုတဲ့ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။ 

    ဖေဖော်၀ါရီ ၁၈ ရက်နေ့က ဂါဇာစီးတီးမြို့ကို ရောက်လာတဲ့ ကုလရဲ့ အကူအညီပေးရေး ထရပ်ကားတွေနားကို အပြေးအလွှား သွားရောက်တန်းစီတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့ပြီး ဒီအဖြစ်အပျက် ဗီဒီယိုဟာ အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ 

    “ဂျုံနည်းနည်းလောက်များ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထရပ်ကားတွေဆီကို သူတို့လာကြပါတယ်။ မိသားစုအတွက် နည်းနည်းပါးပါးလောက်ရဖို့ သူတို့ရဲ့ အသက်တွေကို စတေးပြီး လာကြရတာပါ။ ကျွန်တော်တို့မှာ လုံး၀ ဇီးရိုးပဲ။ စားဖို့ ဘာမှမရှိဘူး။ ဆာလောင်မွတ်သိပ်ပြီး သေကြရတော့မှာပါ”လို့ ပါလက်စတိုင်း အမျိုးသားတစ်ဦးက ပြောပါတယ်။ 

    “အမှိုက်ပုံတွေကိုသွားပြီး ရှာစားရတဲ့အခြအနေအထိ ရောက်နေပါပြီ” 

    ငါးဖမ်းသားများလည်းမလွတ်

    ဂါဇာကမ်းရိုးတန်းမှာ ငါးရှာထွက်တဲ့ လှေငယ်တွေကို အစ္စရေးစစ်သင်္ဘောတွေက ပစ်ခတ်တဲ့ ဗီဒီယိုမှတ်တမ်းတွေလည်း ပေါ်ထွက်လာပါတယ်။ 

    အောက်တိုဘာ ၇ ရက် တစ်ကျော့ပြန်လူသတ်ပွဲမစခင် အစ္စရေးဟာ ပါလက်စတိုင်း တံငါလှေတွေ ဂါဇာ ကမ်းရိုးတန်းကနေ ၃၇ ကီလိုမီတာထက် ကျော်ပြီး မသွားဖို့ ကန့်သတ်ပိတ်ဆို့ထားတာပါ။ 

    အခုဆိုရင် ငါးဖမ်းသင်္ဘောတွေ ကမ်းကခွာလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

    ပါလက်စတိုင်းတွေ စားနပ်ရိက္ခာ ရှာဖွေစားသောက်လို့မရအောင် အစ္စရေးက လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 

    ဂါဇာမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး ငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ကြုံတွေ့ရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

    ဂျုံတောင်မရှိ 

    ဂါဇာမြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာဆိုရင် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဂျုံတောင် မရှိတော့ပါဘူး။ 

    “ဂျုံဆို မရှိတော့ဘူး။ ဂျုံတစ်အိတ်ကို ဒေါ်လာ တစ်ထောင်ကျော်ဖြစ်နေပြီ” လို့ ဂျုံစက်ထောင်ထားသူ ပါလက်စတိုင်းအမျိုးသားတစ်ဦးက ပြောပါတယ်။ 

    နိုင်ငံတကာက ဖိအားတွေပေးနေပမယ့် အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဆီ အကူအညီတွေ ၀င်ရောက်ခွင့် မပေးပါဘူး။ 

    ဆေးရုံ၊ လူနေအိမ်၊ စာသင်ကျောင်းတွေအပါအ၀င် ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်ဦးတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာ၏ ဒုတိယအကြီးဆုံး ဆေးရုံ မလည်ပတ်နိုင်တော့

    အစ္စရေးလက်ချက်ကြောင့် ဂါဇာ၏ ဒုတိယအကြီးဆုံး ဆေးရုံ မလည်ပတ်နိုင်တော့

    ဖေဖော်၀ါရီ ၁၈၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံထားရသည့် ပါလက်စတိုင်းများ)

    -အစ္စရေးစစ်တပ်ရဲ့ သီတင်းပတ်ချီ ပိတ်ဆို့ဖြတ်တောက်မှုနဲ့ ၀င်ရောက်တိုက်ခိုက်မှုတွေကြောင့် ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့မှာရှိတဲ့ Nasser ဆေးရုံ လည်ပတ်မှု လုံး၀ရပ်ဆိုင်းသွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

    Nasser ဆေးရုံဟာ ဂါဇာကမ်းမြှောင်က ဒုတိယအကြီးဆုံး ဆေးရုံလည်း ဖြစ်ပါတယ်။ 

    “ဆေးရုံထဲမှာ လူနာတွေကို စောင့်ရှောက်ကုသဖို့ ၀န်ထမ်း ၄ ဦးသာ ကျန်ပါတော့တယ်” လို့ ဆေးရုံ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အလ်-ကွဒ်ရာက ပြောပါတယ်။ 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း အစ္စရေးတပ်ဖွဲ့တွေဟာ ကျန်းမာရေး၀န်ထမ်းတွေကို ဆေးရုံထဲ ၀င်ခွင့်မပေးဘူးလို့ ပြောပါတယ်။ 

    “မိတ်ဖက်အဖွဲ့တွေနဲ့အတူ ဆေးရုံ၀န်းထဲ၀င်ကာ လောင်စာဆီ ပေးနိုင်ခဲ့ပေမယ့် လူနာတွေရဲ့အခြေအနေတွေနဲ့ အဓိကဆေး၀ါး လိုအပ်ချက်တွေကို ကြည့်ရှုစစ်ဆေးဖို့အတွက် WHO အဖွဲ့ဟာ ဆေးရုံအဆောက်အဦးထဲ ၀င်ခွင့်မရခဲ့ပါဘူး” လို့ အဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

    ဆေးရုံထဲမှာ လူနာ ၂၀၀ လောက်ရှိပြီး အဲဒီအထဲက အနည်းဆုံး ၂၀ ဟာ အခြားဆေးရုံတွေကို ရွှေ့ပြောင်းကုသဖို့ လိုအပ်နေသူတွေ ဖြစ်တယ်လို့လည်း Tedros က ပြောပါတယ်။ 

    “ရွှေ့ပြောင်းကုသခွင့်ဟာ လူနာတိုင်းရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ နှောက်နှေးကြန့်ကြာနေတာမျိုးဟာ လူနာအသက်ဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဆေးရုံထဲ၀င်ပြီး လူနာတွေကို ကုသခွင့် ပေးရမှာ ဖြစ်ပါတယ်” 

    Nasser ဆေးရုံကို အစ္စရေးက သီတင်းများစွာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ကာ ဆေးရုံထဲအထိ ၀င်ရောက်အကြမ်းဖက်ခဲ့ပါတယ်။ အစ္စရေးလက်ချက်ကြောင့် ဆေးရုံမှာ လျှပ်စစ်နဲ့ အောက်ဆီဂျက်ပြတ်တောက်ပြီး သေဆုံးရတဲ့လူနာဟာ ၃ ရက်အတွင်း ၅ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ ပါလက်စတိုင်းပြည်သူ ၁၂၇ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီး၊ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အသတ်ခံရသူဦးရေဟာ ၂၈၉၈၅ ဦး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ရေဒီယိုနှင့် လျှပ်စစ်သံလိုက်လှိုင်း ဆက်သွယ်မှုတိုင်းကို ဖမ်းယူနိုင်မည့် နည်းပညာသစ် တရုတ်ရရှိ

    ရေဒီယိုနှင့် လျှပ်စစ်သံလိုက်လှိုင်း ဆက်သွယ်မှုတိုင်းကို ဖမ်းယူနိုင်မည့် နည်းပညာသစ် တရုတ်ရရှိ

    ဖေဖော်၀ါရီ ၁၈၊ ၂၀၂၄
    M-Media

    -ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်းအသုံးပြု ဆက်သွယ်မှုတိုင်းကို ဖမ်းယူနှိမ်နှင်းနိုင်မယ့် စစ်ဖက်သုံး နည်းလမ်းတစ်ခုကို တရုတ်သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ဒီနည်းပညာကြောင့် အနာဂတ်စစ်ပွဲတွေမှာ ရန်သူတွေဟာ ဘယ်လိုနည်းလမ်းနဲ့မှ လျှို့၀ှက်ဆက်သွယ်၊ ထောက်လှမ်းမှုတွေ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

    လျှပ်စစ်သံလိုက်လှိုင်းတွေကို အချိန်နဲ့တစ်ပြေးညီ လျင်လျင်မြန်မြန်ဖမ်းယူဖော်ထုတ်နိုင်တဲ့ အဲဒီနည်းလမ်းကို ဘေဂျင်းနည်းပညာတက္ကသိုလ် Beijing Institute of Technology က ပရော်ဖက်ဆာ ယန်ကိုင်နဲ့အဖွဲ့က ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီနည်းသစ်ကို အသုံးပြုမယ့် ကိရိယာဟာ သေးငယ်အစွမ်းထက်ပြီး၊ စွမ်းအင်အသုံပြုမှုလည်း နည်းပါးတယ်လို့ ယန်ကိုင်က ဆိုပါတယ်။

    စစ်ပွဲလို အခြေအနေမျိုးမှာ ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်း အသုံးပြု ဆက်သွယ်မှုတွေကို တစ်ချိန်တည်း ကြားဖြတ်ဖမ်းယူဖို့ဆိုရင် အလွန်များပြားတဲ့ အချက်အလက်တွေကို ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ အရင်က ယူဆထားခဲ့ကြတာပါ။

    ယန်ကိုင်ဦးဆောင်တဲ့ တရုတ်သိပ္ပံပညာရှင်တွေဟာ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ချစ်ပ်ပြားအသစ်တွေ တီထွင်ခဲ့ပါတယ်။ အဲဒီချစ်ပ်ပြားတွေကနေ အချက်အလက်တွေကို ဖမ်းယူကာ အလွှာငယ်လေးတွေအဖြစ် ခွဲထုတ်ပြီး ကွန်ပျူတာဆီကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

    ရေကြီယိုကြိမ်နှုန်း ၄၀ မဂ္ဂါဟက်ဇ်အောက်နဲ့ ၁၆၀ မဂ္ဂါဟက်ဇ်အထက်ဆိုရင် အရင်က ဖမ်းယူထောက်လှမ်းလို့ မရနိုင်ပေမယ့် တရုတ်ပညာရှင်တွေရဲ့ အခုနည်းသစ်က ဒီကန့်သတ်ချက်ကိုပါ ချိုးဖျက်နိုင်မှာပါ။

    ရေဒီယိုနဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ စစ်ထုတ်တဲ့နည်းလမ်းကိုလည်း ပရော်ဖက်ဆာ ယန်ကိုင်တို့အဖွဲ့က ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ သင်္ချာဆိုင်ရာ နည်းလမ်းသစ်တစ်ချို့ တီထွင် အသုံးပြုထားတဲ့အတွက် ကိုယ့်ဘက်က အသုံးပြုနေတဲ့ ရေဒီယိုလှိုင်းတွေ ထိခိုက်မှာကို မစိုးရိမ်ရတော့ပါဘူး။

    အရက်ဖက်၊ စစ်ဖက်၊ ရန်သူ၊ မိတ်ဆွေ စသဖြင့် အချက်ပြစနစ်တွေကို တစ်ချိန်တည်း ဖမ်းယူခွဲခြမ်းစိတ်ဖြာရာမှာ လက်ရှိ ရှိနေတဲ့ နည်းပညာဆိုင်ရာ အခက်အခဲကိုလည်း ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြုပြီးဖြေရှင်းခဲ့တယ်လို့ ယန်ကိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်နဲ့ တရုတ်တို့အကြား အီလက်ထရောနစ်စစ်ပွဲ အားပြိုင်မှုမှာ အခုနည်းပညာကြောင့် တရုတ်ဖက်က နှာတစ်ဖျားသာသွားတယ်လို့လည်း ဆိုနိုင်ပါတယ်။

    Ref: South China Morning Post