News @ M-Media

Blog

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    AI နည်းပညာကို ဆေးဘက်ဆိုင်ရာအတွက် ပထမဆုံး အသုံးပြုမည်

    ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ ဆေးဝါးကို အလုပ်တစ်ခုကို အကြိမ်ကြိမ်လုပ်တတ်တဲ့ စိတ်ကစဉ့်ကလျားရောဂါ OCD အတွက် လူသားတွေမှာ စမ်းသပ်အသုံးပြုဖို့ ရှိနေပြီး ဆေးဘက်ဆိုင်ရာမှာ AI နည်းပညာကို ပထမဆုံးအသုံးပြုမှုလည်း ဖြစ်ပါတယ်။ အခုဆေးကို ဗြိတိန်နဲ့ ဂျပန်ဆေးကုမ္ပဏီတွေက ပူးပေါင်း ဖန်တီးတာပါ။ သာမန်ဆေးဝါးတွေ ဖန်တီးထုတ်လုပ်မယ်ဆိုရင် လူသားတွေမှာ စမ်းသပ်နိုင်ဖို့ ၅ နှစ်လောက် ကြာနိုင်ပေမယ့် AI နဲ့ ထုတ်တဲ့ဆေးကတော့ ၁၂ လသာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အရင်က လူနာတွေကို စမ်းသပ်စစ်ဆေးတာ၊ လူနာရဲ့ အချက်အလက်တွေကို ‌စူးစမ်းတာတွေမှာ AI နည်းပညာကို အသုံးပြုခဲ့ပေမယ့် ဆေးဝါး ထုတ်လုပ်မှု့တော့ ပထမဆုံး ဖြစ်ပါတယ်။

    နေစူးစမ်းရေး အာကာသယာဉ် နောက်တစ်ပတ်တွင် လွှတ်တင်မည်

    နေရဲ့ အလုပ်လုပ်ပုံကို အသေးစိတ်စူးစမ်းနိုင်ဖို့အတွက် ဥရောပအာကာသအေဂျင်စီရဲ့ အာကာသယာဉ်လွှတ်တင်မယ့် အစီအစဉ်ဟာ အဆင်သင့်ဖြစ်နေပြီး ဖေဖော်၀ါရီ ၉ ရက်နေ့မှာ လွှတ်တင်ဖို့ ရှိနေပါတယ်။ Solar Obiter ဆိုတဲ့ အာကာသာယာဉ်ဟာ နေရဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ သဘောတရားကို သိပ္ပံပညာရှင်တွေ နားလည်နိုင်ရေး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ အာကာသယာဉ်ဟာ နေရဲ့ ပတ်လမ်းမှာလှည့်ပတ်ကာ မျက်နှာပြင်၊ အမှုန်တွေ၊ သံလိုက်စက်ကွင်းတွေကို လေ့လာမှာ ဖြစ်ပါတယ်။

    စကော့လူမျိုး အမျိုးသမီးသိပ္ပံပညာရှင်ကို ဂုဏ်ပြုလိုက်တဲ့ ဂူးဂဲလ်

    စကော့လူမျိုး အမျိုးသမီးသိပ္ပံပညာရှင် မေရီ ဆိုမာဗီလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ယူကေရဲ့ Home Page မှာ ဂူးဂဲလ်က ဆိုမာဗီလ်ရဲ့ ကာတွန်းပုံ လွှင့်တင်ခဲ့ပါတယ်။ ဆိုမာဗီလ်ဟာ ၁၉ ရာစုက အကြီးကျယ်ဆုံး ‌ဘာသာရပ်ဆိုင်ရာ စာရေးဆရာတွေထဲက တစ်ဦးဖြစ်ပြီး သူမရဲ့ နာမည်ကြီး သိပ္ပံဆိုင်ရာ စာအုပ်တွေဟာ နောက်ထပ် အမျိုးသမီး သိပ္ပံပညာရှင်တွေ ပေါ်ထွက်လာရေး လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဂူးဂဲလ်က ရေးသားဖော်ပြခဲ့ပါတယ်။ စကော့တလန်ငွေ စတာလင်ပေါင် ၁၀ တန်မှာလည်း ဆိုမာဗီလ်ရဲ့ပုံကို ဂုဏ်ပြုရိုက်နှိပ်ထားပါတယ်။ ၁၇၈၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ ဆိုမာဗီလ်ရဲ့ ယူကေ နက္ခတဗေဒအဖွဲ့ရဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့ဝင် ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေး၊ မဲပေးခွင့်ရရေး၊ ပညာသင်ကြားခွင့်ရရေးအတွက်လည်း သူမဟာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါတယ်။ ၁၈၇၂ ခုမှာ ဆိုမာဗီလ် ကွယ်လွန်ခဲ့ပါတယ်။

    ယူကေက Huawei ကိုလက်ခံမှု အန္တရာယ်ကို ဖိတ်ခေါ်မှုဖြစ်နိုင်

    တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို ဗြိတိန်က 5G ကွန်ယက် ကန်ထရိုက်ပေးလိုက်တာဟာ အန္တရာယ်တစ်ခု ဖန်တီးလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။ 5G ကို Huawei နဲ့ လုပ်ဆောင်ဖို့ ၂ ကြိမ်တိုင်တိုင် တုံ့ဆိုင်းမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းနဲ့ ယူကေက ပါဝင်ခွင့်ပေးခဲ့တာပါ။ ယူကေနိုင်ငံခြားရေးဝန်ကြီးက ဒါဟာ ၂ နိုင်ငံစလုံးအတွက် ကောင်းမွန်မှုလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ပွမ်ပီယိုက အမေရိကန်ဟာ ယုံကြည်ရတဲ့ ကွန်ယက်တွေကနေတစ်ဆင့်သာ သတင်းအချက်အလက် မျှဝေသွားမယ်လို့ ဆိုပါတယ်။ Huawei က တရုတ်အစိုးရအတွက် သူလျှိုလုပ်ငန်းလုပ်ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားတာ ဖြစ်ပါတယ်။

    Ref: BBC, VOA

  • ဆိုမာလီယာနိုင်ငံတွင် ကျိုင်းကောင်အရေးပေါ်အခြေအနေ ကြေငြာ

    ဆိုမာလီယာနိုင်ငံတွင် ကျိုင်းကောင်အရေးပေါ်အခြေအနေ ကြေငြာ

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    -ကျိုင်းကောင်အုပ်တွေက ကောက်ပဲသီးနှံတွေကို ဖျက်ဆီးမှု မြင့်တက်လာတာကြောင့် ဆိုမာလီယာနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    ဆိုမာလီကျန်းမာရေးဝန်ကြီးဌာနက ကျိုင်းကောင်တွေရဲ့ ကောက်ပဲသီးနှံ ဖျက်ဆီးမှုဟာ နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလှုံမှု ဆိုးရွားနေတဲ့အခြေအနေအပေါ် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့‌ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ လုံခြုံရေး မတည်ငြိမ်မှုကြောင့် လယ်ယာတွေကို လေယာဉ်နဲ့ ပိုးသတ်ဆေးဖျန်းဖို့ မဖြစ်နိုင် ဖြစ်နေတာပါ။

    အခုလို အရေးပေါ်အခြေအနေကြေငြာကာ ကျိုင်းကောင်နှိမ်နှင်းဖို့ ကြိုးစားပေမယ့် ကောက်ပဲသီးနှံရိပ်သိမ်းတဲ့ရာသီ စတင်တဲ့ ဧပြီလလောက်မှ အခြေအနေက ပိုမိုကောင်းမွန်မယ့်အနေအထားရှိနေပါတယ်။

    ဆိုမာလီနဲ့ အီသီယိုးပီးယားတို့လို့ အာဖရိကအရှေ့ခြမ်းနိုင်ငံတွေမှာ ကျိုင်းကောင်တွေက ကောက်ပဲသီးနှံဖျက်ဆီးမှုဟာ အခုနှစ်မှာ ပိုမိုဆိုးဝါးလာပြီး ကင်ညာနိုင်ငံမှာဆိုရင် နှစ်ပေါင်း ၇၀ အတွင်း အဆိုးဝါးဆုံးအနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ အရေးပေါ်အခြေအနေ ကြေငြာထားတာကတော့ ဆိုမာလီယာတစ်နိုင်ငံတည်းသာ ရှိပါတယ်။

    ကုလရဲ့ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) က အာဖရိကဦးချိုဒေသမှာ ကျိုင်းကောင်ပြဿနာ ဖြေရှင်းရေး ကူညီပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဇန်နဝါရီလမှာ တိုက်တွန်းခဲ့သလို ဇွန်လမှာ အခြေအနေက အဆ ၅၀၀ လောက် ပိုမိုဆိုးဝါးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ယီမင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် ကျိုင်းကောင်အုပ်တွေဟာ ယီမင်နိုင်ငံကနေတစ်ဆင့် အခြား အာဖရိကနိုင်ငံတွေကို ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ကျိုင်းကောင်အုပ်တွေ လေယာဉ်အင်ဂျင်ထဲဝင်ကာ စက်ချို့ယွင်းတာကြောင့် ဒီဇင်ဘာလအတွင်း အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

    Ref: BBC

  • ထိုင်းတွင် ဆေးအရောဖြင့် ဝူဟန်ဗိုင်းရပ်စ်ကို ပျောက်ကင်းစွာ ကုသနိုင် (နောက်ဆုံးရသတင်းများ)

    ထိုင်းတွင် ဆေးအရောဖြင့် ဝူဟန်ဗိုင်းရပ်စ်ကို ပျောက်ကင်းစွာ ကုသနိုင် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀ (ညနေ ၅ နာရီခွဲ)
    M-Media

    ဝူဟန်မြို့တွင် ၁၀ ရက်အတွင်း အပြီးဆောက်ခဲ့သည့် ကုတင် ၁၀၀၀ ဆန့် ဆေးရုံ

    – မနေ့ကတစ်နေ့တည်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၇ ဦး ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူအရေအတွက် ၃၆၁ ဦး ကျော်လာပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူစုစုပေါင်းက ၁၇၂၀၅ ဦး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

    – ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူအရေအတွက်ဟာ ၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ ဗိုင်းရပ်ရှိနေတဲ့ တရုတ်သက်ကြီးရွယ်အိုတစ်ဦးကို အဖျားနဲ့ HIV ပျောက်ဆေးတွေ ပေါင်းစပ်တိုက်ခဲ့ရာမှာ သိသာတဲ့ တိုးတက်မှုကို ပြသခဲ့ပြီး ၄၈ နာရီအကြာမှာတော့ ဗိုင်းရပ်စ် လုံး၀ ပျောက်ကင်းသွားတယ်လို့ ထိုင်းဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

    – ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အမေရိကန်က အကြောက်တရားတွေ ဝါဒဖြန့်နေကာ ထိရောက်တဲ့ ကူညီထောက်ပံ့မှုမျိုး မလုပ်ဘူးလို့ တရုတ်နိုင်ငံက စွပ်စွဲပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ အမေရိကန်သံရုံးက ဝန်ထမ်းတစ်ချို့ကို ပြန်ခေါ်တာ၊ တရုတ်ခရီးသွားအားလုံးကို ပြည်ဝင်ခွင့်ပိတ်တာတွေကို တရုတ်က ထောက်ပြခဲ့ပါတယ်။ အခြားနိုင်ငံတွေက အဲဒီလိုလုပ်ဆောင်ခြင်း မရှိပါဘူး။

    – ဗိုင်းရပ်စ်ကူးစက်မှု ထိန်းသိမ်းနိုင်ရေး တရုတ်နဲ့ကပ်နေတဲ့နယ်စပ်ကို ပိတ်ပေးဖို့အတွက် ဟောင်ကောင် ကျန်းမာရေး ဝန်ထမ်းတွေက မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၁၅ ဦး ရှိနေပြီး အကုန်လုံးက တရုတ်ပြည်ကနေ ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဆန္ဒပြဖို့ ရှိနေပါတယ်။

    – ရောဂါပြန့်ပွားရာ ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့မှာ ဆေးရုံပေါင်း ၂၇ ခုကို ကိုရိုနာဗိုင်းရပ်စ်သစ် ကုသနိုင်အောင် တရုတ်က စီစဉ်ခဲ့ပါတယ်။ အရင်က ဆေးရုံ ၇ ခုမှာသာ ကုသနိုင်တာ ဖြစ်ပါတယ်။ ရောဂါကူးစက်နေသူတွေကို သီးသန့်ထား ကုသနိုင်ဖို့အတွက် ဆေးရုံကြီး ၂ ခုကို တရုတ်က ပြီးခဲ့တဲ့တစ်ပတ်မှာ စတင်တည်ဆောက်ခဲ့ပြီး ကုတင် ၁၀၀၀ ပါတဲ့ ဆေးရုံဟာ တနင်္လာနေ့မှာ စတင်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

    – ပြီးခဲ့တဲ့ ၂ ပတ်အတွင်း တရုတ်နိုင်ငံသွားဖူးတဲ့သူတွေအပေါ် ပြည်ဝင်ခွင့်ပိတ်မှုကို အမေရိကန်အပြင် ဩတေးလျ၊ နယူးဇီလန်၊ အစ္စရေးတို့က ပြုလုပ်ခဲ့ကြပြီး နိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံမသွားဖို့လည်း တိုက်တွန်းထားပါတယ်။ မွန်ဂိုလီးယား၊ ရုရှားနဲ့ နီပေါတို့ကလည်း တရုတ်နဲ့ကပ်နေတဲ့ သူတို့ရဲ့နယ်စပ်တွေကို ပိတ်ထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗြိတိန်၊ ရုရှားနဲ့ ဆွီဒင်တို့မှာ ဗိုင်းရပ်ကူးစက်မှု တွေ့ရတာကြောင့် ဝူဟန်ဗိုင်းရပ်စ် ပြန့်နှံ့တဲ့နိုင်ငံဟာ စုစုပေါင်း ၂၄ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera

  • ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ပါလက်စတိုင်းအရေး ထရမ့်၏အဆိုပြုချက်ကို OIC က အရေးပေါ် ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးဖို့အတွက် အစ္စလာမ့်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ဒီကနေ့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပဖို့ ရှိနေပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုနဲ့ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ဂျစ်ဒါမှာပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ၂ ရက်တာ ကြာငြမ့်မှာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့အစီအစဉ်ဟာ အချိန်အလွန်ကြာနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာဖြစ်ပြီး ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့်အစီအစဉ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်က ဒါဟာ ‘ရာစုနှစ်ရဲ့ သဘောတူညီချက်’ (Deal of the Century) လို့ လည်း သမုတ်ခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ‌OIC က နိုင်ငံခြားရေးဝန်ကြီအဆင့် ပြုလုပ်မယ့် ဒီအရေးပေါ်အစည်းအဝေးမှာ ထရမ့်အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး မိမိတို့အဖွဲ့ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးသွားမယ်လို့ ‌Twitter စာမျက်နှာမှာ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

    အီရန်က ဒီအစည်းအဝေးကို မိမိတို့မတက်ရောက်နိုင်အောင် ဆော်ဒီအာရေဗျက တားမြစ်ခဲ့တယ်လို့စွပ်စွဲခဲ့ပြီး အိမ်ရှင်ဆိုတဲ့ အခြေအနေကို တစ်လွဲအသုံးချနေတယ်လို့ OIC အဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဝူဟန်ဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားတွင် ပထမဆုံး သေဆုံးမှုဖြစ် (နောက်ဆုံးရသတင်းများ)

    ဝူဟန်ဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားတွင် ပထမဆုံး သေဆုံးမှုဖြစ် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၊ ၂၀၂၀ (ည ၇ နာရီခွဲ)
    M-Media

    (Photo – ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပြန့်နှံ့မှု)

    – တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံပြင်ပမှာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။

    – တရုတ်နိုင်ငံမှာတော့ ဒီရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၀၄ ဦး ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးမှုနဲ့ ကူးစက်မှုဟာ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ အတည်ပြုနိုင်တဲ့ ကူးစက်သူအရေအတွက်ဟာ တရုတ်နိုင်ငံမှာ ၁၃၄၈၀ လောက် ရှိလာပြီ ဖြစ်ပါတယ်။

    – ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ အစာ‌ခြေစနစ်ကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ ‌ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။ လူနာတွေအသုံးပြုတဲ့ အိမ်သာခုံတွေ၊ ဝမ်းနမူနာတွေကို ပညာရှင်တွေက စစ်ဆေးရာမှာ ဒီလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်သစ်ကူးစက်တဲ့ လူနာတော်တော်များများဟာ ပုံမှန်ရောဂါလက္ခဏာဖြစ်တဲ့ အဖျားထက် ဝမ်းသွားတာမျိုးကို ပိုပြီးခံစားရတယ်လို့လည်း ဆိုပါတယ်။

    – မက္ကဆီကိုနိင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နေသူကို မောင်းပို့ခဲ့ဖူးတဲ့ ယာဉ်မောင်း ၂ ဦးနဲ့ ထိတွေ့နိုင်တယ်လို့ ယုံကြည်ရတဲ့ အကောင့် ၂၄၀ လောက်ကို အငှားယဉ်ဝန်ဆောင်မှုကုမ္ပဏီ Uber က ယာယီပိတ်ပစ်လိုက်ပါတယ်။ အဲဒီယာဉ်မောင်း ၂ ဦးကို ရှာဖွေဖို့အတွက် မက္ကဆီကိုအာဏာပိုင်တွေက Uber ထံကနေ အချက်အလက်တွေ တောင်းယူခဲ့ပါတယ်။

    – အိုမန်၊ ဆော်ဒီ၊ အင်ဒိုနီးရှားတို့က တရုတ်နိုင်ငံနဲ့ လေကြောင်းခရီးစဉ်ကို ရပ်ဆိုင်းလိုက်သလို၊ တောင်ကိုရီးယားကလည်း ရောဂါဗဟိုချက်ဖြစ်တဲ့ ဟူဘေးပြည်နယ်က လာရောက်သူ‌တွေကို ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ တရုတ်နိုင်ငံသားအားလုံးကို ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။ ယူကေ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်နဲ့ အခြားနိုင်ငံတွေကလည်း ဝူဟန်မြို့ကနေ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူနေပါတယ်။

    – ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေ၊ သတင်းတုတွေကို ဖယ်ရှားသွားမယ်လို့ Facebook က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ အစွန်းချွတ်ဆေး ဒါမှမဟုတ် အရက်ပြင်းပြင်းသောက်ရင် ကိုရိုနာဗိုင်းရပ်စ် သေတယ်ဆိုတာအပါအဝင် ကာကွယ်ရေး၊ ကုသရေးနဲ့ပတ်သက်တဲ့ သတင်းမှားတွေ၊ သတင်းတုတွေ တော်တော်များများဟာ ဆိုရှယ်မီဒီယာတွေနဲ့ အင်တာနက် ပလက်ဖောင်းတွေပေါ်မှာ အခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လာနေတာ ဖြစ်ပါတယ်။ Google နဲ့ Twitter တို့ကလည်း ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖယ်ရှားသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    – ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် စျေးကွက်ကမောက်ကမဖြစ်မှုကို ထိန်းညှိဖို့အတွက် တရုတ်ပြည့်သူ့ဘဏ် (POBC) က တနင်္လာနေ့ကျရင် ယွမ် ၁.၂ ထရီလီယံ (ဒေါ်လာ ၁၇၃ ဘီလီယံ) စျေးကွက်ထဲထည့်မယ်လို့ ကြေငြာလိုက်ပါတယ်။

    Ref: Aljazeera