News @ M-Media

Blog

  • တစ်ပတ်အတွင်း ကျန်းမာရေးဆိုင်ရာ သတင်းများ

    တစ်ပတ်အတွင်း ကျန်းမာရေးဆိုင်ရာ သတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    The ultrastructural morphology exhibited by the 2019 Novel Coronavirus (2019-nCoV), which was identified as the cause of an outbreak of respiratory illness first detected in Wuhan, China, is seen in an illustration released by the Centers for Disease Control and Prevention (CDC) in Atlanta, Georgia, U.S. January 29, 2020. Alissa Eckert, MS; Dan Higgins, MAM/CDC/Handout via REUTERS

    ဝူဟန်ဗိုင်းရပ်စ် ကုသဆေး ကမ္ဘာ့ပညာရှင်များ အပြင်းအထန်ရှာဖွေနေ

    တရုတ်နိုင်ငံကနေစတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉ ခုလောက်မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကာကွယ်ဆေး၊ ကုသဆေးတွေကို ကမ္ဘာ့သိပ္ပံပညာရှင်တွေက အပြင်းအထန် ရှာဖွေဖော်ထုတ်နေပါတယ်။ တရုတ်တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကုဒ် (genetic code) ကို ထုတ်ပေးနိုင်တဲ့အတွက် ဘယ်ကနေစတင်တယ်၊ ဘယ်လိုပုံပြောင်းပြီး၊ ဘယ်လိုဖွံ့ဖြိုးလာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နေပြီ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု ဆန်ဒီယေဂိုက သိပ္ပံပညာရှင်တွေဟာ DNA အမျိုးအစားသစ်တစ်ခုကို အသုံးပြုကာ INO-4800 ဆိုတဲ့ ကာကွယ်ဆေးတစ်မျိုးကို ဖန်တီးနေပြီး လာမယ့်နှစ် နွေရာသီလောက်မှာ လူသားတွေကိုစမ်းသပ်ကာ အောင်မြင်မယ်ဆိုရင် အခုနှစ်နှောင်းပိုင်းလောက်မှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုဟာ အဲဒီအချိန်လောက်မှာ ပျောက်ကွယ်သွားနိုင်ပေမယ့် နောက်ထပ် အဲဒီလိုဗိုင်းရပ်စ်မျိုး ပြန့်နှံမှုအတွက် ကြိုတင်ကာကွယ်ဆေးမျိုး ဖြစ်လာဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    စိတ်ဖိစီးမှုပျောက် စပရေးရှုဆေးကို ယူကေကျန်းမာရေးအဖွဲ့ ကန့်ကွက်

    စိတ်ဖိစီးမှုကို ပျောက်စေပြီး နာရီပိုင်းအတွင်း စိတ်ဓာတ်တက်ကြွမှုကိုဖြစ်စေတဲ့ စပရေးရှုဆေးဟာ စျေးနှုန်းအရရော၊ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရပါ မကောင်းဘူးလို့ ယူကေ ကျန်းမာရေးစောင့်ကြည့်အဖွဲ့ NICE က ပြောကြားလိုက်ပါတယ်။ ကက်တမင်းလို ဓာတုပစ္စည်းသုံးထားတဲ့ အဲဒီရှူဆေးကို ယူကေမှာ စမ်းသပ်နေပြီး တစ်ခါအသုံးပြုဖို့အတွက် ပေါင်တစ်သောင်းလောက် ပေးရတာပါ။ စပရေးဟာ နာရီပိုင်းအတွင်း စိတ်ဖိစီးမှုကို ပြေပျောက်စေပေမယ့် ရေရှည်အကျိုးရှိမလားဆိုတာ မသေချာဘူးလို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။

    အပြစ်ပေးခြင်းထက်၊ ချီးကျူးခြင်းက ကျောင်းသားများအတွက် ပိုမိုကောင်းမွန်

    မူလတန်းကျောင်းတွေမှာ ဆရာတွေက အပြစ်ပေးတဲ့အစား၊ ချီးကျူးတဲ့စနစ်ကို ပိုမိုအသုံးပြုတာဟာ ကလေးတွေ ကျောင်းစာအပေါ် အာရုံစူးစိုက်မှုကို အထောက်အကူဖြစ်စေသလို၊ ကလေးတွေရဲ့ အပြုအမူတွေကိုလည်း ကောင်းမွန်စေတယ်လို့ အမေရိကန် Brigham Young တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။ ပညာရေးစနစ်မှာ အပြစ်ပေးတာမျိုး ရှိသင့်ပေမယ့်၊ ချီးကျူးတာနဲ့ယှဉ်ရင် ၃ ချိုး ၁ ချိုး၊ ၄ ချိုး ၁ ချိုးလောက်သာ ရှိသင့်တယ်လို့လည်း သုတေသန ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ လေ့လာမှုကို အမေရိကန် ပြည်နယ် ၃ ခုက မူလတန်းကျောင်း ၁၉ ခုမှ ၃ နှစ်‌ကြာ ဆောင်ရွက်ခဲ့ပြီး မူကြိုကနေ ၆ တန်းအထိတက်တဲ့ အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးငယ်ပေါင်း ၂၅၃၆ ဦးကို ‌စောင့်ကြည့်မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN,BBC

    mmHelthNews

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်ကလေးများကို မြန်မာသင်ရိုးဖြင့် စာသင်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးကို ချဲ့ထွင်ပြီး မြန်မာသင်ရိုးညွှန်းတန်းနဲ့ ပုံမှန် အတတန်းပညာသင်ကြားရေး ကုလနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ သိရပါတယ်။

    ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်တွေဟာ လက်ရှိမှာ ကုလ ဒုက္ခသည်အေဂျင်စီ UNICEF က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၁၅၀၀ လောက်မှာ အခြေခံပညာရေးကို သင်ယူနေရတာ ဖြစ်ပါတယ်။

    ဧပြီလမှာစတင်မယ့် အစီအစဉ်အသစ်အရ ကလေးတွေဟာ ၅ တန်းကနေ ၈ တန်းအထိ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရတော့မယ်လို့ ကုလကထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ကုလဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး မဟ်ဘူးဘ် အလမ် တာလွက်ဒါက ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာပညာရေးစနစ် သင်ပေးဖို့အတွက် ကုလရဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဘာသာစကားနဲ့ သင်ပေးမယ်။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း သွားမယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် သူတို့ ရမှာမဟုတ်သလို၊ ဘင်္ဂါလီစာကိုလည်း သူတို့ မဖတ်တတ်ပါဘူး။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ ရေရှည်နေရမယ့်အနေအထားမျိုး မရှိတဲ့အတွက် ပြည်တော်ပြန်တဲ့အခါ မြန်မာလူ့အဖွဲ့အစည်းနဲ့ အသားကျရေး အခုဆောင်ရွက်မှုက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်”

    မြန်မာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားမယ့် ရှေ့ပြေးအစီအစဉ်မှာ ရိုဟင်ဂျာကလေးငယ် တစ်သောင်းလောက် ပါဝင်မယ်လို့ ကုလက ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်တန်းပေးမှုကိုလည်း ကုလက စတင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးငယ် ၄ သိန်းလောက်ရှိပြီး သူတို့ ပုံမှန်ပညာရေးရရှိဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလာဒေ့ရှ်အစိုးရကို အရင်ကတည်းက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    Ref: The Diplomat

  • ဗလီအကြမ်းဖက်မှု ထောက်ခံသူကို ရုရှားက ထောင်ချ

    ဗလီအကြမ်းဖက်မှု ထောက်ခံသူကို ရုရှားက ထောင်ချ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -၂၀၁၉ ခုနှစ် မတ်လက နယူးဇလန်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ထောက်ခံတဲ့ အမျိုးသားတစ်ဦးကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးထောင်ချလိုက်ပါတယ်။

    ဆိုက်ဘေးရီးယားဒေသက အသက် ၄၉ နှစ်အရွယ် တက္ကဆီယာဉ်မောင်းတစ်ဦးဖြစ်ပြီး နယူးဇီလန်က ဗလီတွေကို အကြမ်းဖက်မှုဟာ ထောက်ခံကြောင်းပြောကြားကာ၊ ဒီလိုလုပ်ရပ်တွေ လုပ်ဆောင်ဖို့ တိုက်တွန်းဆော်ဩခဲ့တယ်လို့ ရုရှားသတင်းဌာန Interfax က ရုရှားအာဏာပိုင်တွေရဲ့ပြောကြားမှုကို ကိုးကားပြီး မနေ့က ဖော်ပြထားပါတယ်။

    ရုရှားအစိုးရနဲ့ အမတ်တစ်ချို့ကို လက်နက်ကိုင်ဖြုတ်ချဖို့လည်း သူက လှုံ့ဆော်ခဲ့ပါတယ်။ ဆိုက်ဘေးရီးယား တရားရုံးက ဒီအမျိုးသားကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခွင့်ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်မတ်လက နယူးဇီလန်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော် ၂ လုံးကို လူဖြူအစွန်းရောက်တစ်ဦးက ဝင်ရောက် ပစ်ခတ်မှုအတွင်း ဝတ်ပြုသူ ၅၁ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    လက်ရှိမှာ အဲဒီ လူဖြူအစွန်းရောက် အမျိုးသားဟာ လူသတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင် ခံထားရပါတယ်။

    Ref: Interfax

  • ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ပါကစ္စတန်ကို ၁၀ ရက်အတွင်း ချေမှုန်းနိုင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်ပြော

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    -ပါကစ္စတန်ကို ၁၀ ရက်အတွင်း ခေျမှုန်းနိုင်တဲ့စွမ်းအားမျိုး အိန္ဒိယမှာ ရှိနေပြီလို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ဗြိတိသျှထံကနေ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၇ ခုနှစ်ကစလို့ စစ်ပွဲ ၃ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အပြန်အလှန် လေကြောင်းတိုက်ပွဲနဲ့စတုတ္ထမြောက်စစ်ပွဲ ဖြစ်ပွားလုအထိ ဖြစ်ခဲ့ပါတယ်။

    “ပါကစ္စတန်ဟာ ၃ ကြိမ်တိုင်တိုင်ရှုံးခဲ့တယ်။ ကျွန်တော်တို့စစ်တပ်ဟာ ပါကစ္စတန်ကို ချေမှုန်းဖို့ ၇ ရက်ကနေ ၁၀ ရက်ထက် ပိုမကြာပါဘူး” လို့ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ဖက်အရာရှိတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ်မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နိုင်ငံသားဥပဒေကို အငြင်းပွားဖွယ်ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှု၊ စီးပွားရေးကျဆင်းမှု၊ လာမယ့်လနယူးဒေလီမှာလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲမှာ ရှုံ့းနိမ့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့် မိုဒီဦးဆောင်တဲ့ အိန္ဒိယအစိုးရဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။

    အိန္ဒိယရဲ့ ပြောင်မြောက်တဲ့စွမ်းရည်နဲ့ ကျွမ်းကျင်လိမ္မာမှုတွေဟာ သစ်လွင်တဲ့အတွေးအခေါ်တွေကလာပြီး ၂၀၁၆ ခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ်က ပါကစ္စတန်နိုင်ငံထဲအထိဝင်ပြီး စစ်သွေးကြွတွေကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်တာဟာ ဒီအတွက် အထောက်အထား ဖြစ်တယ်လို့လည်း မိုဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ကက်ရှ်မီးယားမှာ ပါကစ္စတန်နဲ့ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အိန္ဒိယတိုက်လေယာဉ်တစ်စီး ပစ်ချခံလိုက်ရပြီး လေယာဉ်မှူးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ပါကစ္စတန်က နောက်ပိုင်းမှာ လေယာဉ်မှူးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

    ပြိုင်ဘက် ၂ နိုင်ငံဟာ ၁၉၄၇၊ ၁၉၆၅နဲ့ ၁၉၇၁ ခုနှစ်တွေမှာ ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ဖူးပါတယ်။ မိုဒီက ပါကစ္စတန်ဟာ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက စစ်သွေးကြွကို ပံ့ပိုးကူညီကာ တစ်ဆင့်ခံစစ်ပွဲ ဖော်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • တရုတ်နိုင်ငံက ဒေသအားလုံးကို ကိုရိုနာဗိုင်းရပ်စ်သစ် ရောက်ရှိ (နောက်ဆုံးရသတင်းများ)

    တရုတ်နိုင်ငံက ဒေသအားလုံးကို ကိုရိုနာဗိုင်းရပ်စ်သစ် ရောက်ရှိ (နောက်ဆုံးရသတင်းများ)

    ဇန်နဝါရီ ၃၀၊ ၂၀၂၀ (‌နေ့လည် ၂ နာရီ ခွဲ)
    M-Media

    မလေးရှားလေဆိပ်မှ ဝူဟန်သတိပေးဆိုင်းဘုတ်
    • တိဘက်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်သူတစ်ဦးကို တွေ့ရှိရတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး၊ တရုတ်ပြည်မကြီးက ဒေသအားလုံးကို ရောဂါ ပြန့်နှံ့ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့အထိ အတည်ပြုထားတဲ့ ကူးစက်မှုအရေအတွက်ဟာ ၇၇၁၁ ခု ရှိလာပြီး သေဆုံးသူအရေအတွက်ကလည်း ၁၇၀ အထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ရောဂါပိုး ရောက်ရှိ ကူးစက်နေပြီ ဖြစ်ပါတယ်။
    • ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အချို့နိုင်ငံတွေမှာ ရောဂါကူးစက်ပြန့်နှံ့မှုဟာ စိုးရိမ်စရာကောင်းနေပြီး နောက်ထပ် ကျယ်ပြန့်သွားမယ့် အလားအလာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ WHO ဟာ ဒီကနေ့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။
    • ဩစတေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ်ပိုးပုံတူကို ဖန်တီးနိုင်ခဲ့ပြီး ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဆက်လက်ရှာဖွေသွားဖို့ ရှိနေပါတယ်။
    • ဝူဟန်မြို့ကနေ ကယ်ထုတ်လာတဲ့ နိုင်ငံသား ၂၀၀ နီးပါးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကင်းစင်းတယ်လို့ အမေရိကန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီလူတွေဟာ မနေ့က ကယ်လီဖိုးနီးယားပြည်နယ်က စစ်စခန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်သစ် တိုက်ဖျက်ရေး သမ္မတ ရှီကျင့်ဖျင်ရဲ့ ညွှန်ကြားမှုတွေကို အကောင်အထည်ဖော်ရာမှာ နှောင့်နှေးမှု၊ လစ်ဟာမှုတွေရှိတဲ့ အာဏာပိုင်တွေကို အရေးယူသွားမယ်လို့ တရုတ်ဗဟိုကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (CCDI) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းမှာ ငွေကြေးနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ အလွဲသုံးစားလုပ်မှုတွေကိုလည်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
    • မလေးရှားနိုင်ငံမှာ ရောဂါပိုးကူးစက်နေသူအရေအတွက်ဟာ ၈ ဦးအထိ မြင့်တက်လာခဲ့ပြီး လူအားလုံးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ဝူဟန်ဗိုင်းရပ်စ်အကြောင်း သတင်းမှားဖြန့်ဝေမှုအတွက် ပြည်နယ် ၃ ခုမှာ လူ ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
    • ဝူဟန်ဗိုင်းပ်ရပ်စ် တားဆီးကာကွယ်ရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး အိမ်ထောင်စုတစ်စုကို နှာခေါင်းစည်း ၄ ခုစီ ပေးဝေသွားဖို့ စင်ကာပူအစိုးရက စီစဉ်နေပါတယ်။ ဒီနှာခေါင်းစည်းတွေကို လိုအပ်တဲ့အခါမှ အသုံးပြုဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
    • ရောဂါအဓိကကူးစက်ဖြစ်ပွားရာ ဝူဟန်မြို့မှာ မြန်မာနိုင်ငံက ကျောင်းသား ၆၃ ဦး ရှိနေပြီး သူတို့ကို သီးသန့်လေယာဉ်နဲ့ ပြန်လည်ခေါ်ယူသွားမယ်လို့ မြန်မာအစိုးရက ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြန်ရောက်လာတဲ့သူတွေကို စနစ်တကျ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း မြန်မာအာဏပိုင်တွေက ဆိုပါတယ်။

    Ref: BBC, Aljazeera