News @ M-Media

Blog

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    ပြဿနာအားလုံးဖြေရှင်းနိုင်သည့် ရော်နယ်ဒိုဟု ဂျူဗင်တပ်စ်နည်းပြ ချီးကျူး

    တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ ကစားသမား ဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ မောင်ရီဇီယို ဆာရီက ပြောကြားလိုက်ပါတယ်။ အခုတစ်ပတ် ပါးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုဟာ ၂ ဂိုးစလုံး သွင်းပေးခဲ့သလို ‌အသင်းရဲ့ခံစစ်အတွက်လည်း ကူညီပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုလည်း အဲဒီပွဲမှာ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလက်ရှိ စီးရီးအေကို ဦးဆောင်နေပြီး ဆာရီက ရော်နယ်ဒိုကို ချီးကျူးခဲ့ပေမယ့် အသင်းလိုက်ကစားပုံအတွက် စိတ်ပျက်ရတယ်လို့‌ ပြောဆိုခဲ့ပါတယ်။

    ကစားသမားများ၏ အပြုအမူကြောင့် မန်ယူကို FA က တရားစွဲ

    လီဗာပူးလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲမှာ ကစားသမားတွေ ဒိုင်လူကြီးကို ၀ိုင်းအုံစောဒကတက်မှုအတွက် မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုထားပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဖာမီနို ဒုတိယဦးဆောင်ဂိုး သွင်းယူမှုမှာ နောက်ခံလူ ဗန်ဒိုက်ဟာ ဂိုးသမား ဒီဂီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ မန်ယူကစားသမားတွေက ကွင်းလယ်ဒိုင် ခရေ့ဂျ် ပေါ်ဆန်ကို စောဒကတက်ခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ကြည့်ကာ ဂိုးပေးမှုကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း မန်ယူကစားသမားတွေဟာ ကစားသမားကျင့်ဝတ်နဲ့ မညီတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တယ်လို့ဆိုကာ FA က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူဟောင်းဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က ဗန်ဒိုက်ဟာ ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်မှုမရှိဘဲ မန်ယူကစားသမားတွေရဲ့ ဖိအားကြောင့် ဒိုင်လူကြီးက ဂိုးမပေးခဲ့တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    နေးမာလက်သစ်ဟု နာမည်ကြီးနေသူကို ရီးယဲလ်ခေါ်ယူ

    ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်မှူး ရီနီ ဂျီးဆက်စ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ကန်ဒေါ်လာ ၃၃ သန်းနဲ့ မနေ့မှာခေါ်ယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဆောင်းရာသီမှာ စျေးအကြီးဆုံးပေးပြီး ခေါ်ယူမှုလည်းဖြစ်ပါတယ်။ နေးမာလက်သစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျီးဆက်စ်ဟာ ဖလာမင်ဂိုအသင်းကြီးနဲ့ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြကာ အသင်းနဲ့အတူ အမှတ်ပေးဖလား၊ ရှုံထွက်ဖလားတွေကို ရရှိခဲ့ပါတယ်။ ရီးယဲလ်ဟာ အလားအလာရှိတဲ့ လူငယ်သွေးသစ် ကစားသမားတွေအတွက် ဘရာဇီးလ်စျေးကွက်ကို အဓိကထားပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘရာဇီးလ်လူငယ်ကစားသမား အနည်းဆုံး ၃ ဦးအထိ ခေါ်ယူထားပါတယ်။

    Ref: Goal, BBC

  • ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ခရစ်ယာန်ကက်သလစ်တက္ကသိုလ်တို့ သဘောတူစာချုပ်ချုပ်

    ကမ္ဘာ့မွတ်စလင်လိဂ်နှင့် ခရစ်ယာန်ကက်သလစ်တက္ကသိုလ်တို့ သဘောတူစာချုပ်ချုပ်

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    MWL အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အလ်ဒူလ်ကရင်မ် အလ်-အီဆာ

    -ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ဘာသာစကားဆိုင်ကာ ဖလှယ်မှု၊ ပူးပေါင်ဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာ့မွတ်စလင်လိဂ် (MWL) က ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ကက်သလစ်တက္ကသိုလ် (UCSC) နဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    MWL အဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အလ်ဒူလ်ကရင်မ် အလ်-အီဆာဟာ UCSC ရဲ့ ဖိတ်ကြားမှုကြောင့် ရောမမြို့ကို ရောက်ရှိနေစဉ် ဒီသဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။

    သဘောတူညီချက်မှာ ‌UCSC တက္ကသိုလ်က အာရဘီဘာသာစကားသင်ကြားမှုအစီအစဉ် တိုးတက်စေရေး၊ အာရပ်နဲ့ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေ တိုးတက်စေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားဖို့ ပါဝင်ပါတယ်။ UCSC တက္ကသိုလ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာရဘီဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ သင်ကြားမှုတွေကို ပိုမို လုပ်ဆောင်လာခဲ့တာပါ။

    ဒေါက်တာ အလ်-အီဆာက ခရစ်ယာန်နဲ့ အစ္စလာမ်ကမ္ဘာတို့အကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ အမြောက်များရှိခဲ့ပြီး ဒီဆက်ဆံရေးပိုမိုခိုင်မာအောင် MWL နဲ့ ဗာတီကန်တို့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြောင်း၊ အပြန်အလှန်လေးစားမှုကို အခြေပြီး ပူးပေါင်းဆောင်ရွက်မှု ထပ်မံမြှင့်တင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

    MWL အနေနဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တစ်ခုကို စတင်ထားတယ်လို့လည်း အလ်-အီဆာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    UCSC ဟာ ဥရောပက အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ခရစ်ယာန်ကက်သလစ်တက္ကသိုလ်လည်း ဖြစ်ပါတယ်။

    Ref: Arab News

  • ကင်ဆာအားလုံး ကုသနိုင်မည့် နည်းလမ်းတစ်ခု လူ့ကိုယ်ခံစွမ်းအားတွင် တွေ့ရှိ

    ကင်ဆာအားလုံး ကုသနိုင်မည့် နည်းလမ်းတစ်ခု လူ့ကိုယ်ခံစွမ်းအားတွင် တွေ့ရှိ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -လူသားတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကနေ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဟာ ကင်ဆာရောဂါအားလုံးကို ပျောက်ကင်းစေမယ့် အလားအလာ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    ကိုယ်ခံစွမ်းအားစနစ် (Immune System) ဆိုတာ ခန္ဓာကိုယ်အတွင်း ကူးစက်ရောဂါတွေ ဝင်ရောက်မှုကို တားဆီးကာကွယ်တဲ့ စနစ်လို့ လူသိများပြီး ဒီစနစ်ဟာ ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

    ယူကေနိုင်ငံ ကာဒစ်ဖ်တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ခုရဲ့ လေ့လာဆန်းစစ်မှုမှာ ကိုယ်ခံစွမ်းအားစနစ်က အစိတ်အပိုင်းသစ်တစ်ခုကို တွေ့ရှိခဲ့ရပြီး ဓာတ်ခွဲခန်းအတွင်း ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အခြားကင်ဆာတွေကို ဖျက်ဆီးပေးနိုင်တာ တွေ့ခဲ့ရပါတယ်။

    ပညာရှင်တွေဟာ ဒီတွေ့ရှိချက်ကို Nature Immunology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ လက်ရှိ လူသားတွေမှာ စမ်းသပ်ရခြင်း မရှိသေးပေမယ့် အောင်မြင်နိုင်မယ့်အလားအလာကောင်းတွေ ရှိနေတယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    ဘာကိုတွေ့တာလဲ

    သိပ္ပံပညာရှင်တွေဟာ သွေးထဲက T-cell လို့ခေါ်တဲ့ ဆဲလ်တစ်မျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဆဲလ်ဟာ ခန္ဓာကိုယ်ထဲမှာ တိုက်ဖျက်ရမယ့် ရောဂါတွေရှိလားဆိုတာ စောင့်ကြည်စကန်ဖတ်ပေးတဲ့ ဆဲလ်ဖြစ်ပါတယ်။ ဒီဆဲလ်ရဲ့ နောက်ထပ်ထူးခြားချက်က ကင်ဆာဆဲလ်တော်တော်များများကို ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။

    သိပ္ပံပညာရှင် ပရော်ဖက်ဆာ အန်ဒရူးဆီဝဲလ်က ‌အခုတွေ့ရှိမှုဟာ ကင်ဆာရောဂါအားလုံးကို ကုသနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အရင်က T-cell နဲ့ကုသတဲ့ ကင်ဆာကုထုံး ရှိပေမယ့် လူကီးမီးယားလို သွေးကင်ဆာမျိုးမှာပဲ ကုသလို့ရပြီး အကြိတ်ထွက်တဲ့ ကင်ဆာရောဂါမျိုးတွေမှာတော့ အောင်မြင်မှုမရပါဘူး။

    Ref: BBC

  • နျူလက်နက်မပြန့်ပွားရေးစာချုပ်မှ နှုတ်ထွက်မည်ဟု အီရန်ခြိမ်းခြောက်

    နျူလက်နက်မပြန့်ပွားရေးစာချုပ်မှ နှုတ်ထွက်မည်ဟု အီရန်ခြိမ်းခြောက်

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -နျူသ‌ဘောတူညီချက် ချိုးဖောက်တယ်ဆိုပြီး ဥရောပနိုင်ငံတွေက လုံခြုံရေးကောင်စီကို တိုင်တန်းရင် နျူလက်နက် မပြန့်ပွားရေးစာချုပ် (NPT) က နှုတ်ထွက်မယ်လို့ အီရန်နိုင်ငံက မနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အီရန်ဟာ စာချုပ်ပါအချက်တွေကို လိုက်နာမှု တစ်ဖြည်းဖြည်းနဲ့ လျှော့ချခဲ့ပါတယ်။

    စာချုပ်မှာ ပါဝင်နေတဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့က အီရန်ဟာ စာချုပ်ပါအချက်အလက်တွေကို ချိုးဖောက်တယ်လို့ဆိုကာ ပြီးခဲ့တဲ့တစ်ပတ်က တရားဝင် ကန့်ကွက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုကန့်ကွက်မှုကြောင့် လုံခြုံရေးကောင်စီအထိ ရောက်ကာ စာချုပ်ပျက်ပြယ်ပြီး ကုလက အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည် လုပ်ဆောင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ဥရောပတိုင်းပြည်တွေအနေနဲ့ ဒီလို လုပ်ဆောင်မယ်ဆိုရင် နျူလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ကနေနှုတ်ထွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၆၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ စတင်အသက်ဝင်တဲ့ NPT စာချုပ်မှာ နိုင်ငံပေါင်း ၁၉၀ ပါဝင်ပါတယ်။ စာချုပ်အရ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ကလွဲပြီး စာချုပ်ပါနိုင်ငံတွေ နျူလက်နက် ပိုင်ဆိုင်မှုကို တားမြစ်ထားပြီး အပြန်အလှန်အားဖြင့် ဓာတ်အားထုတ်လုပ်ဖို့လို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်သာ ခွင့်ပြုထားပါတယ်။

    ၂၀၁၅ ခုနှစ် အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့တဲ့ နျူသဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ နျူစီမံကိန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချရမှာဖြစ်ပြီး၊ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ စာချုပ်ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်ဟာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က စာချုပ်ပါ ဥရောပနိုင်ငံတွေအနေနဲ့ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် အီရန်ကလည်း စာချုပ်လိုက်နာမှုလျှော့ချတာကို ရပ်တန့်မှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ အခြားနည်းလမ်းကို ရွေးချယ်ရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    တရုတ်တွင်ပြန့်နှံ့နေသည့် အမည်မသိ အဆုတ်ရောင်ရောဂါ လူလူချင်းကူးစက်ပြီ

    ဇန်နဝါရီ ၂၁၊ ၂၀၂၀
    M-Media

    -အမည်မသိအဆုတ်ရောင်ရောဂါ လူလူချင်း ပထမဆုံး ကူးစက်မှုကို တွေ့ခဲ့ရတယ်လို့ တရုတ်နိုင်ငံက မနေ့မှာ အတည်ပြုပြောကြားလိုက်ပြီး တရုတ်နှစ်ကူးခရီးသွားရာသီမှာ ကမ္ဘာတစ်ဝှမ်း မြန်မြန်ဆန်ဆန် ပြန့်နှံ့လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုလည်း မြင့်တက်လာပါတယ်။

    နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ပင်လယ်စာစျေးကွက်ကနေ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ အခုအချိန်မှာတော့ တရုတ်နိုင်ငံက မြို့ကြီးတစ်ချို့နဲ့ အာရှနိုင်ငံ ၃ ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း တရုတ်နိုင်ငံတစ်ဝှမ်း ဒီရောဂါ ပြန့်နှံ့မှုပေါင်း ၁၄၀ ကျော်‌ ဖြစ်ပွားခဲ့ပြီး လူ ၂၁၆ ဦး ကူးစက်ခံနေရပါတယ်။ သေဆုံးသူကတော့ ဇန်နဝါရီ ၂၀ ရက်နေ့အထိ ၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင် အကြီးအကဲ ကျုံးနန်ရှာက နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်းပြည်နယ်မှာ လူ ၂ ဦးဟာ ဝူဟန်ကို သွားရောက်လည်ပတ်တဲ့ မိသားစုဝင်တွေထံကနေတစ်ဆင့် ကူးစက်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး လူနာတွေထံကနေ ကူးစက်ခဲ့တယ်လို့ မနေ့က နိုင်ငံပိုင် CCTV သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    လူလူချင်းကူးစက်မှုဟာ ရောဂါကို အလျင်အမြန် ပြန့်နှံ့စေနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒီရောဂါကို ‘နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေ’ အဖြစ် ကြေငြာရမလားဆိုတာ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အစည်းအဝေး ‌ခေါ်ယူဆွေးနွေးမှာဖြစ်ပါတယ်။

    လာမယ့်တစ်ပတ် တရုတ်နှစ်ကူး အားလပ်ရက်မှာ သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေ ခရီးသွားမှာကြောင့် ရောဂါပြန့်နှံမှု မြင့်တက်လာနိုင်ပြီး ဒါကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိတယ်လို့လည်း ကျုံးနန်ရှာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဝူဟန်ကပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီရောဂါလက္ခဏာတွေ့ရတယ်လို့ တောင်ကိုရီးယားနိုင်ငံက မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ထိုင်းနဲ့ ဂျပန်တို့ပြီးတဲ့နောက် ရောဂါရောက်ရှိလာတဲ့ တတိယမြောက် အာရှနိုင်ငံ ဖြစ်လာပါတယ်။

    Ref: AFP